ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (33)
----------------------- unicode/ zawgyi
"ဆင်းခဲ့လေ...
ဘာလုပ်နေတာလဲ... "
မောင် ခေါ်လာတာက အိမ်ကိုမဟုတ်ဘဲ ကွန်ဒိုကို ဖြစ်နေတာကြောင့် လဆန်းညို စဉ်းစားတွေဝေနေတုန်းမှာပဲ
ကားကိုဒရောသောပါးရပ်ပစ်လိုက်တဲ့ မောင်က ကားတခါးဖွင့်ကာ ကိုယ့်ကိုအတင်းဆွဲချနေပြန်သည်
မောင့်အပြုအမူတွေက ရိုင်းစိုင်းကြမ်းတမ်းမှန်းသိပေမယ့်...
လဆန်းညို မောင့်နောက်သို့ အသာတကြည်လိုက်သွားပေးလိုက်ပြီး
အခန်းထဲ ရောက်ရုံသာရှိသေးသည်...
"မင်းက မိန်းမတွေနဲ့ ပတ်သက်ချင်တယ်ပေါ့...
ငါက မင်းကို ချစ်လွန်းလို့ မင်းဆန္ဒအကုန်ဖြည့်ဆည်းပေးနေတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မြင့်နေပုံပဲ...
နောက်ကို ဘယ်မိန်းမနဲ့မှ ပတ်သက်ချင်စိတ်မရှိအောင် လုပ်ပေးမယ်"
ကိုယ့်လက်နှစ်ဖက်ကို နောက်ပြန်ချုပ်ပြီး ကိုယ့်မျက်နှာကို နံရံနဲ့ဆွဲကပ်ပစ်လိုက်တဲ့ မောင့်ကြောင့် လဆန်းညိုသည်းခံစိတ်ကုန်သွားရတာက မောင့်အပြုအမူကြောင့်မဟုတ်ဘဲ.....
မောင်ပြောလိုက်တဲ့ စကားတွေကြောင့်ပါ...
"တော်တော့မောင်...
မင်း စိတ်ဆိုးနေမှန်းသိလို့ ငါသည်းခံပေးနေတာ... ဒီလို စော်ကားခံဖို့ မဟုတ်ဘူး "
လဆန်းညို မောင့်လက်ထဲက ရုန်းဖယ်မိရင်း ပြောလိုက်မိပေမယ့် မောင်က ဟက်ခနဲ ရယ်ချလိုက်ပြီး
"စော်ကားမခံချင်ရင်
အစကတည်းက ကောင်းကောင်းနေသင့်တယ် "
အေးတိအေးစက် လေသံနဲ့အတူ မောင့်လက်တွေက တင်းကြပ်စွာချုပ်နှောင်ထားမြဲ
မောင်က စကားဆုံးတာနဲ့ သူ့ခန္ဓာကိုယ်နဲ့ နံရံကြားမှာကိုယ့်ကိုဖိညှပ်ထားပြီး
မောင့်လက်တစ်ဖက်က ကိုယ်အင်္ကျီကို ဆွဲဖြဲပစ်လိုက်တာကြောင့်ကြယ်စေ့တွေပါ ကြမ်းပြင်ပေါ် လွှင့်စင်သွားရပြီ...
"မောင် ဘာလုပ်တာလဲ "
မောင့်အပြုအမူကြမ်းကြမ်းတွေက အနိုင်ကျင့်နေသလိုမို့ လဆန်းညို မေးလိုက်မိတော့
"ငါ့ကိုပဲ ကြိုက်တတ်အောင် သင်ပေးမလို့ "
ပြောပြောဆိုဆို ကြယ်စေ့မရှိတော့တဲ့ ရှပ်အင်္ကျီကို ပခုံးသားတွေပေါ်အောင်ဆွဲချလိုက်ပြီး
ဂုတ်ကို စုပ်ယူနမ်းလိုက်တဲ့ မောင့်အနမ်းမှာ ပျော်ဝင်မိမတတ်ဖြစ်သွားပေမယ့်...
"ဖယ်စမ်းပါ ..."
လဆန်းညို ရုန်းဖယ်နေပေမယ့် မောင့်လက်တဖက်တည်းနဲ့ ချုပ်ကိုင်ထားမှုကိုတောင် မလူးလွန့်သာ...
မောင့်အနမ်းတွေက ပခုံးနဲ့ဂုတ်ပေါ်တင် မဟုတ်တော့ဘဲ ကိုယ့်နားထဲကိုတိုးဝင်လာတဲ့ မောင့်လျှာဖျားမှာ ...
"အ "
နားရွက်တွေကို နှုတ်ခမ်းနဲ စုပ်ယူလိုက် လျှာတစ်ခုလုံးထိုးသွင်းလိုက်နဲ့ အရိုင်းဆန်စွာ စိတ်ကြိုက်ဆော့ကစားနေတဲ့ မောင့်လက်ထဲမှာ လဆန်းညို မျောပါသွားတော့မလို့ပါပဲ...
"ဒီအချိန်လေးပြီးသွားရင် ဘယ်မိန်းမကိုမှ မင်း စိတ်ဝင်စားတော့မှာမဟုတ်ဘူး... ငါ့အောက်မှာပဲ တစ်သက်လုံးနေချင်သွားလိမ့်မယ်"
လေသံတိုးတိုးနဲ့ပြောလာတဲ့ မောင့်စကားကြောင့်
လဆန်းညို အားကုန်ရုန်းထွက်လိုက်မိတာက...
ဒါက ချစ်လို့နမ်းနေတာမှ မဟုတ်ဘဲ...
"တော်လိုက်တော့ မောင်"
"ဘာလို့လဲ... "
တားလိုက်မိတဲ့ကိုယ့်စကားကို မောင်က နှုတ်ခမ်းစွန်းတစ်ဖက်မြောက်တတ်အောင် မဲ့ပြုံးပြုံးပြီးပြန်မေးလိုက်တာက အထင်းသေးမှုအပြည့်နဲ့...
"မောင် ဘာလုပ်နေတာလဲဆိုတာရော မောင်သိရဲ့လား...
မောင်အခုလုပ်နေတာတွေက ငါ့ကိုချစ်လို့မှမဟုတ်ဘဲ...
ငါ့ကို အထင်သေးစော်ကားဖို့ အတွေးနဲ့လေ"
လဆန်းညို ကြေကွဲဝမ်းနည်းစွာ ပြောလိုက်မိပေမယ့်..
"ဟွန့် ...အထင်သေးစော်ကားတယ်တဲ့လား...
မင်းက စော်ကားတဲ့သူပဲဖြစ်ချင်ပုံရတယ်
စော်ကားခံရမှာတော့ သေအောင်ကြောက်နေတာပဲ "
မောင်ကတော့ တလွဲအဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ပါ ...
"မောင် ဘာတွေပြောနေတာလဲ
ငါပြောတာ အဲ့လိုအဓိပ္ပါယ်မဟုတ်ဘူးလေ ...
မောင်ကရော ငါနဲ့အတူနေရတာကို စော်ကားခံရတယ်လို့ တကယ်ပဲတွေးနေတာလား...
မောင်မလိုချင်ဘဲနဲ့ ငါ့ဆန္ဒဖြည့်ဆည်းဖို့သက်သက် ကြိုးစားနေပေးခဲ့တာလား "
ပြောလာတဲ့ စကားတွေက လမ်းကြောင်းလွဲသွားပြီမှန်း သိပေမယ့်...
အခုလောလောဆယ်ပြဿနာထက် ကိုယ်နဲ့အတူရှိချိန်တလျှောက်လုံမှာ မောင့်ခံစားချက်အမှန်က ဘယ်လိုရှိနေတယ်ဆိုတာကို လဆန်းညို သိချင်သွားရပြီ...
မောင်က သူ့အနားမှာ ကိုယ်ရှိနေဖို့ သူ့စိတ်ဆန္ဒမပါဘဲ လိုက်လျောနေခဲ့တာများလား ....
"မင်း စကားလမ်းကြောင်းမလွှဲနဲ့ညို...
ငါအခုပြောနေတာ ငါ့အကြောင်းမဟုတ်ဘူး...
မင်း ရှုပ်ချင်နေတဲ့ ကိစ္စကိုပြောတာ "
မောင်ကတော့ ကိုယ်လိုချင်တဲ့အဖြေကို ပေးမလာဘဲ...
စွပ်စွဲမြဲတိုင်းသာ စွပ်စွဲနေဆဲ...
"ငါဘာတွေ ရှုပ်နေလို့လဲ မောင်...
အလုပ်တစ်ခုတည်း လုပ်ဖြစ်သွားတာက တိုက်ဆိုင်မှုလေ ...
ရုံးဆင်းချိန်တူလို့ ကားမှတ်တိုင်မှာ ကားအတူစောင့်မိတာနဲ့ ငါကပွေရှုပ်တဲ့လူဖြစ်သွားရောလား "
လဆန်းညို စိတ်ကို အောက်ဆုံးထိလျော့ချလိုက်ပြီး သေချာရှင်းပြနေပေမယ့်...
မောင်ကတော့ နားဝင်ပုံမရ...
"မင်း ငါဖုန်းခေါ်နေတာကို လျစ်လျူရှုပြီး အဲ့မိန်းမနဲ့ ရယ်မောနေတယ်...
ငါမကြိုက်ဘူးလို့ပြောထားတဲ့အရာကို မင်းလုပ်နေတာလေ"
အသေးအမွှားကိစ္စလေးကို အသေအကြေဆုပ်ကိုင်ပြီး ပြဿနာရှာနေတဲ့ မောင့်ကို လဆန်းညို ရှင်းပြချင်စိတ်မရှိတော့...
"ဖုန်းအသံတိုးထားမိပါတယ်လို့ ငါ အထပ်ထပ်အခါခါပြောခဲ့ပြီးသားပါ...
ငါ့မှာ ဆက်ပြောစရာ စကားမရှိတော့ဘူး "
လဆန်ညို စိတ်ဆင်းရဲစွာပြောပြီး ကျောခိုင်းဖို့ ပြင်လိုက်တော့လည်း မောင်ကအလွှတ်မပေးဘဲ...
"မင်း ငါ့ရှေ့က ထွက်မသွားနဲ့!!!"
နေရာမှာတင် တောင့်တောင့်ကြီးရပ်ပြီး အော်နေတဲ့မောင်က...
ဘာဖြစ်ချင်နေတာလဲ...
ဆက်ပြောနေလျှင်လည်း ဒီစကားတွေကိုပဲ အဆုံးကနေ အစပြန်ရောက်အောင် အထပ်ထပ်ပြန်ကျော့နေတော့မှာကို လဆန်းညို တွေးယူလို့ရနေပြီမို့...
မောင် မကောင်းတဲ့ အကြံတွေနဲ့ တဇွတ်ထိုးလုပ်မလာခင်
ခဏတဖြုတ်တော့ ရှောင်နေလိုက်ဖို့ စဉ်းစားကာ
ကျောခိုင်းထွက်လာတာက ဧည့်ခန်းနယ်နိမိတ်မှ မဆုံးသေး...
"ဒုန်း ဒုန်း ဒုန်း ! !!!"
မောင်က သူ့အကျင့်ဆိုးကို အကောင်ထည်ဖော်လိုက်လေပြီ
"မောင်!!!"
လဆန်းညို နံရံကို လက်သီးနဲ့ တဒုန်းဒုန်းမြည်အောင် ထိုးနေတဲ့ မောင့်အနားကို ပြန်ပြေးသွားလိုက်ပေမယ့်....
"မင်း ငါ့နားမလာနဲ့ "
မျက်ထောက်နီကြီးနဲ့ အော်နေတဲ့မောင့်ပုံစံက ကျောချမ်းစရာ...
လဆန်းညို စိတ်ဆင်းရဲရလွန်း၍ မတ်မတ်ရပ်ချင်စိတ်တောင် မရှိတော့ဘဲ ကြမ်းပြင်ပေါ်ငုတ်တုတ်ထိုင်ချမိရင်း..:
"ဘာမဟုတ်တဲ့ကိစ္စလေးနဲ့...
မင်းဘာဖြစ်နေတာလဲ မောင်...
တော်ပါတော့ကွာ...
တော်ပါတော့ ငါတောင်းပန်ပါတယ် "
ကိုယ့်ကိုယ်ကိုယ် ငိုနေမိမှန်းတောင် လဆန်းညို မသိတော့ပေမယ့်
"ညို "
မောင့်ရဲ့ ပင်ကိုအသံပြန်ပေါ်လာတာကြောင့် မော့ကြည့်လိုက်မိမှ
ကိုယ့်အမြင်အာရုံက မှုန်ဝါးနေပြီ....
"ညို မောင့်ကြောင့် ငိုနေတာလား ...
မငိုပါနဲ့ ညိုရ...
မောင် အမှားလုပ်မိသွားတာ...
မောင် နောက်မလုပ်တော့ပါဘူး မငိုပါနဲ့.."
ကိုယ့်ရှေ့ဒူးထောက်ချပြီး ပြောလာတဲ့မောင်က ကိုယ့်ကိုယ်လုံးကို သိမ်းကြုံးဖက်ထားသေးတာမို့ လဆန်းညို မောင့်ရင်ဘတ်မှာ မျက်နှာအပ်ထားမိရင်း...
"ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် ထပ်မလုပ်ပါနဲ့တော့...
ငါရူးလိမ့်မယ်.."
မောင် သူ့ကိုယ်သူ နာကျင်အောင်လုပ်လိုက်တာက ကိုယ့်ကြောင့်ဆိုတဲ့အသိနဲ့... ရူးမတတ်ခံစားရတာ တကယ်ပါပဲ...
နူးနူးညံ့ညံ့ငြင်ငြင်သာသာနဲ့ အေးဆေးလေးချစ်နေချင်တဲ့ အချစ်တစ်ခုက... မောင့်စိတ်နဲ့ဆို ဖြစ်နိုင်ပါတော့မလား...
မဖြစ်နိုင်ဘူးဆိုလျှင်တောင် မောင့်ကို မစွန့်လွှတ်နိုင်တာကလည်း အသေအချာကြီးမို့....
ငါ ဘာလုပ်ရမှာလဲ မောင်...
ငြိမ်သက်တိတ်ဆိတ်သွားတဲ့ ဧည့်ခန်းထဲမှာ ကိုယ့်ကို တင်းတင်းကြပ်ကြပ်ဖက်ထားဆဲရှိတဲ့ မောင်ကရော...
ဘာတွေ တွေးနေမှာပါလိမ့်...
တကယ် မှားသွားတယ်လို့ တွေးနေတာပဲလား...
ကိုယ့်မျက်ရည်ကို မြင်လို့ သူ့ဒေါသတွေကို ခေတ္တ ဆိုင့်ငံ့ထားခြင်းပဲလား...
သေချာတာတစ်ခုကတော့ ခုနလေးတင် မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့ မောင့်အပြုအမူတွေက မောင့်စိတ်အတွင်းထောင့်တစ်နေရာမှာ ပုန်းအောင်းနေဆဲရှိတဲ့ အရိပ်မည်းကြီးရဲ့ လှုံ့ဆော်မှုကြောင့်ပဲဖြစ်နိုင်ပါတယ်...
-------------------------------------------------
"ညို"
".... .... ...."
"မောင် တောင်းပန်ပါတယ်...
ညိုက တခြားမိန်းမရှေ့မှာ ရယ်နေတာတွေ့လိုက်ရတော့ မောင့်ရင်ထဲ ဘယ်လိုဖြစ်သွားမှန်းမသိလိုက်ဘူး ... နောက်ဒီလိုမဖြစ်အောင် မောင် ဆင်ခြင်ပါ့မယ် "
".... .... ...."
မောင့်လက်ကို ဆေးလိမ်းပေးနေတဲ့ လဆန်းညိုကို မောင်က စကားတွေ တတွတ်တွတ်ပြောနေပေမယ့်
လဆန်းညို ဘာမှပြန်မပြောမိ....
"ညို မောင့်ကို အရမ်းစိတ်ဆိုးနေတာလား ဟင် "
ကြယ်စေ့မရှိတော့တဲ့ ကိုယ့်အင်္ကျီရင်ဘတ် ဟပြဲကိုကြည့်ပြီး မောင်က သူ့လုပ်ရပ်အတွက် စိတ်မလုံသလို မေးနေပြန်သည်...
လဆန်းညို ဆေးလိမ်းပေးနေတာကို လက်စသတ်လိုက်ပြီး...
"ငါ စိတ်မဆိုးပါဘူး ...
စိုးရိမ်နေမိတာပါ...
မောင်နဲ့ငါ့ကြားမှာ ပြဿနာတွေရှိလာမှာကို စိုးရိမ်နေမိတာ.....
ပြဿနာဖြစ်ခဲ့ရင်လည်း မောင်က ငါ့ကြောင့်နဲ့ ကိုယ့်ကိုယ်ကိုယ်ထိခိုက်အောင်ထပ်လုပ်မှာကို စိုးရိမ်နေမိတာ...
ငါကြောက်တယ် မောင်...
မင်းက သိပါ့မလားမသိပေမယ့်...
ကိုယ်ချစ်ရတဲ့လူက ကိုယ့်ကြောင့်ထိခိုက်ဒဏ်ရာရတာကို ငါထပ်မကြည့်နိုင်ဘူး...
အဲ့လိုထပ်မဖြစ်အောင် ဘယ်လိုဖြေရှင်းရမယ်ဆိုတာကိုလည်း မသိတော့ လမ်းပျောက်သွားသလို ခံစားရတယ် "
"စိတ်မပူပါနဲ့ ညိုရဲ့ ...
အခုလို ထပ်မဖြစ်အောင် မောင်ဆင်ခြင်မှာပါ"
ဖြေသိမ့်ပေးသလိုပြောလာတဲ့ မောင့်စကားက ကိုယ့်ရင်ထဲက ပူပင်သောကကို နဲနဲလေးမှလျော့ပါးမသွားစေပါ...
ဆင်ခြင်မယ်လို့ ပြောနေတဲ့မောင့်အခြေအနေက သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းရှိနေတာမှ မဟုတ်ဘဲ ...
လဆန်းညို နားထဲမှာတော့ ဦးမြတ်လွန်းလျှံစကားကိုရော မောင့်အဖေပြောခဲ့ဖူးတဲ့ စကားတွေကိုပါ...
အထပ်ထပ်ပြန်ကြားယောင်နေမိရင်း...
"ငါ ရုံးချုပ်ကနေ အလုပ်ထွက်လိုက်တော့မယ်.. "
"ဟာ မဟုတ်တာ ညိုရာ ...
ညို အဲ့အလုပ်ကို သဘောကျတယ်ဆိုတာ မောင်သိနေတာပဲ...
ညို စိတ်အားထက်သန်နေတဲ့အရာကို မောင့်ကြောင့်နဲ့ လက်မလွှတ်လိုက်ပါနဲ့..
မောင်အဲ့လို မဖြစ်ချင်ဘူး "
မောင်ခုနက လုပ်လိုက်တဲ့ အပြုအမူတွေနဲ့ အခုပြောနေတဲ့စကားက ဘယ်လိုမှအပ်စပ်ခြင်းမရှိပေမယ့်...
မောင် အပိုလုပ်ပြီးပြောနေခြင်းမဟုတ်တာကိုတော့ လဆန်းညို သေချာခံစားနေမိပြန်တယ်..
ဒီစကားတွေက မောင့်ဆန္ဒအစစ်အမှန်ဆိုတာကိုလည်း လဆန်းညို သိခဲ့ပြီးသားပင်...
မောင်က ကိုယ့်ကို အရမ်းချစ်ပြီး ကိုယ်ဆန္ဒရှိသမျှအရာတွေကို ဖြည့်စွမ်းပေးချင်စိတ်ရှိတဲ့လူတစ်ယောက်ဆိုတာ လဆန်းညို အသိ ...
ဒါပေမယ့်လည်း အဲ့ဒါတွေအားလုံက ပုံမှန်စိတ်ရှိနေချိန်မှာပါပဲ....
ကိုယ်နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ဝင်လာရင်တော့... မောင်က တခြားတစ်ယောက်လို ဖြစ်သွားလိမ့်ဦးမယ်ဆိုတာ လဆန်းညို မျက်ဝါးထင်ထင်မြင်ပြီးသွားပြီမို့....
"အခုချိန်မှာ ငါပြင်းပြင်းပြပြ တောင့်တနေမိတာက မောင်နဲ့ အဆင်ပြေဖို့တစ်ခုတည်းပါ...
အခုလို နောက်တစ်ကြိမ် ထပ်ဖြစ်မှာကို ငါမလိုချင်တော့ဘူး မောင်... "
"မောင်ကတိပေးပါတယ် ညိုရာ...
နောက်ထပ် မဖြစ်စေရပါဘူး...
ဖေဖေက ညို့ကို အများကြီးမျှော်လင့်နေတာ ညို့အနာဂတ်ကို မောင့်ကြောင့် ရိုက်မချိုးလိုက်ပါနဲ့...
ညို အလုပ်စဝင်တဲ့နေ့က ပြောခဲ့သလိုမျိုး ညို့အတွက် မောင်က အရာရာကို ရင်ဆိုင်နိုင်စေတဲ့အားအင်ပဲ ဖြစ်ချင်တာပါ ....
ညိုအခုလို ဆုံးဖြတ်လိုက်ရင် မောင် တစ်သက်လုံးနောင်တရနေတော့မှာ "
သူ့ကြောင့်နဲ့ ကိုယ့်အနာဂတ်ပျက်စီးသွားမှာကို မောင်က ထိတ်လန့်တုန်လှုပ်သလို ပြောနေပြန်သည်
ကိုယ်သာ အလျင်စလိုဆုံးဖြတ်လိုက်ပြန်လျှင်လည်း မောင်က နောင်တရနေဦးတော့မည်
ဘယ်လိုနည်းလမ်းနဲ့ဖြေရှင်းမှ ဒီပြဿနာကိုအဆုံးသတ်နိုင်မလဲဆိုတာ မသိတော့တာမို့ လဆန်းညို ကြမ်းပြင်ပေါ်ထိုင်နေလျက်ကပဲ မောင့်ပေါင်ပေါ် ခေါင်းအပ်ထားမိရင်း ငြိမ်သက်နေမိပြီ...
မကြာသေးခင်ကမှ ရှိနေခဲ့တဲ့ အဆင်ပြေချောမွေ့ခြင်းတွေက ဘယ်ဆီရောက်သွားခဲ့ပြီလဲ...
မောင့်ရဲ့ လက်ရှိအခြေအနေအတိုင်းသာဆို ကိုယ်က လူမှုဆက်ဆံရေးနယ်ပယ်ကကို ဖယ်ခွာနိုင်မှဖြစ်လိမ့်မည် ...
အဲ့လို ဆုံးဖြတ်လိုက်ပြန်လျှင်လည်း မောင်က ကိုယ့်ကိုမြင်နေတဲ့တလျှောက်လုံး နောင်တရနေနိုင်ပြန်သည်...
မောင့်ရဲ့အစွန်းနှစ်ဘက်ရှိတဲ့ စိတ်အခြေအနေနဲ့ အဆင်ပြေနိုင်မယ့် ဆုံးဖြတ်ချက်က ဘာဖြစ်လောက်မလဲ...
လဆန်းညို ခေါင်းခြောက်အောင် တွေးနေမိပေမယ့်...
"မောင်ခုနက ပြောတဲ့စကားတွေကိုလည်း အတည်မယူပါနဲ့ ညို...
မောင် ဒေါသထွက်နေလို့ ပြောမိပြောရာ ပြောလိုက်မိတာပါ...
ညို့ဆီက ရတဲ့အရာအားလုံးကို မောင်အရမ်းသဘောကျတာပါ...
ပြီးတော့ ညိုဖြစ်နေလို့လည်း မက်မောနေမိတာ...
မောင် ညို့ကို သည်းခံနေရတာမျိုးမဟုတ်ဘူးနော်...
ညို့စိတ်ထဲ စနိုးစနောင့်မဖြစ်ပါနဲ့....
မောင်က အရမ်းပျော်နေခဲ့တာပဲရှိတာ"
သူပြောခဲ့တဲ့စကားတွေကြောင့် ကိုယ်အတွေးများခဲ့ရတာကိုသိပုံနဲ့ မောင်က ဖြေရှင်းနေပြီး...
သူ့ပေါင်ပေါ် မေးတင်ထားတဲ့ ကိုယ့်ပခုံးစွန်းကို ငုံ့နမ်းနေပြန်သည်...
ဒီတစ်ကြိမ် မောင့်အနမ်းကတော့ သိမ်မွေ့စွာတပ်မက်ခြင်းတွေနဲ့မို့ လဆန်းညို ကျေနပ်စွာ မျောပါသွားမိရင်း ...
-------------------------------------------------
ဘလော့ဖ် (blove)
22.12.23/ 2:09pm
to part 34