ဗီလိန်မလေးရဲ့ စုတ်ချက်
မူရင်းစာရေးသူ - 리티티
ဘာသာပြန်သူ - Marilee
****
အခန်း ၄၅
တစ်နည်းပြောရရင် ဗိုင်အိုလတ် အခုအချိန်အထိ ဘေးကင်းနေတယ်ဆိုတာက သူ ကံကောင်းနေတဲ့အတွက်ကြောင့်မဟုတ်သလို သူ့ပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေက လူကောင်းတြွေဖစ်နေလို့လည်း မဟုတ်ဘူးဆိုပါတော့။
နောက်ကွယ်ကနေ တစ်စုံတစ်ယောက်က အခြေအနေကို ထိန်းချုပ်ပေးနေတယ်ဆိုတဲ့ သိသာတဲ့ အကြောင်းရင်းကြောင့်ပါပဲ။ အခုအချိန်အထိ ပြဿနာတစ်စုံတစ်ရာမရှိဘဲ အပြင်မှာ လှည့်ပတ်သွားလာနိုင်တယ်ဆိုတာ အဲ့ဒီတစ်ခုတည်းသော အကြောင်းကြောင့်ပါပဲ။
"...ကျွန်မ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး စဉ်းစားလိုက်ပါဉီးမယ်။"
"စဉ်းစားရုံမစဉ်းစားနဲ့။"
"..."
ဗိုင်အိုလတ်ရဲ့မျက်လုံးတွေ ရိုအန်းဆီ ကျရောက်သွားတော့တယ်။
ဗိုင်အိုလတ်ရဲ့ အဲ့ဒီမျက်ဝန်းတွေနောက်ကွယ်မှာ မကျေနပ်တဲ့အကြည့်တွေ သိသိသာသာ ထင်ထင်ရှားရှားကြီး ပါဝင်နေတာတောင် ရိုအန်းက ဒီအတိုင်း ဘာမှမဖြစ်သလို ပြုံးလိုက်တယ်။
တိုးချဲ့အိမ်တော်မှာပဲ နေရတဲ့အတွက် မွန်းကျပ်ရမယ်ဆိုရင်တောင် ဗိုင်အိုလတ်အတွက် ဒါက မလွှဲမရှောင်သာတဲ့ကိစ္စပါ။
"နင် အပြင်ထွက်ချင်တယ်ဆိုရင် တရားဝင်ခွင့်ပြုချက်ရအောင်တောင်းလေ။ အဲ့ဒီလိုမှပဲ နင့်အတွက် ကိုယ်ရံတော်တွေ ပိုပြီးတာဝန်ချပေးလို့ရမှာ။"
"သခင်လေးက အားလုံးကို သိနေတဲ့အတိုင်းကို ပြောနေတော့တာပဲ။"
"ဒါပေမဲ့ ငါ အကုန်သိနေတာပဲမဟုတ်ဘူးလား။"
"လေးစားသမှုနဲ့ပြောရရင် သခင်လေးက စိတ်ပျက်စရာဖြစ်နေပါတယ်။ နဂိုကတင် မုန်းစရာကောင်းလှပြီကို စိတ်ပျက်စရာကောင်းအောင်နေတော့ ပိုဆိုးတာပေါ့။"
"အာ အဲ့ဒါတော့ ပြဿနာပဲ။ အဲ့ဒါက..."
စကားပြောနေတုန်းမှာ အပြောင်အပြက်စကားတွေချည်း တစ်ဖက်သတ် ထွက်လာတော့တယ်။ ဗိုင်အိုလတ်က ရိုအန်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်တယ်။ 'သခင်လေးပဲ ကျွန်မကို တောင်းပန်ချင်တယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား' ဆိုပြီး မေးဖို့ပြင်လိုက်ပြီးမှ မမေးတော့ဖို့ ဆုံးဖြတ်လိုက်တယ်။
ဗိုင်အိုလတ်ကို တောင်းပန်ရမဲ့သူတစ်ယောက်အနေနဲ့ဆိုရင် ရိုအန်းရဲ့အပြုအမူက အင်မတန်ကို မျက်နှာပြောင်လွန်းလှတယ်လေ။
သူ့ဉီးနှောက်ထဲမှာ တကယ်ပဲ ဘာတွေများတွေးနေပါလိမ့်။ ရိုအန်းရဲ့မျက်နှာထားက ထုံးစံအတိုင်း ဖတ်လို့မရတဲ့ မျက်နှာထားမို့ သူ့ရဲ့ရည်ရွယ်ချက်ကို တီးခေါက်မိဖို့ဆိုတာ ခက်ခဲလှပါတယ်။
ဗိုင်အိုလတ်တစ်ယောက် ရိုအန်း ဘာတွေတွေးနေမလဲဆိုတာကို ဆက်ပြီးခန့်မှန်းနေတုန်းမှာ သူတို့နှစ်ယောက်ကြားက တိုတောင်းလှတဲ့ တွေ့ဆုံမှုလေး အဆုံးသတ်သွားတော့တယ်။
သူ့မျက်နှာကြည့်ရတာ တော်တော်လေး ပင်ပန်းနေပုံထောက်ရင် အလုပ်များနေတယ်ဆိုတဲ့စကားက အလိမ်အညာဖြစ်ဟန်မတူပါဘူး။ မကြာခင်မှာ ရိုအန်းတစ်ယောက် ဖိနပ်သစ်တစ်ရန် ချန်ထားခဲ့ပြီး တိုးချဲ့အိမ်တော်ကနေ ပြန်သွားပါတော့တယ်။ အဲ့ဒါကတော့ ဒီနေ့အတွက် သူ ယူလာခဲ့တဲ့ ဗိုင်အိုလတ်အတွက် လက်ဆောင်ပါပဲ။
ရူးရူးမိုက်မိုက် သုံးဖြုန်းသူတစ်ယောက်ရဲ့ နောက်ထပ်ဝယ်ယူလာတဲ့ ပစ္စည်းပေါ့။
****
ပတ်သက်ဆက်ဆံရေးဆိုတဲ့အရာက တော်တော့်ကို အထိမခံတဲ့အရာပါ။ ပျက်စီးသွားတုန်းကလို ပြန်ပြင်ရတာလည်းလွယ်ရင် ဘယ်လောက်များကောင်းလိုက်မလဲလေ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဆက်ဆံရေးတစ်ခု ပျက်စီးသွားပြီဆိုတာနဲ့ ပြန်ပြင်ဖို့ခက်ခဲလှပါတယ်။
ပန်းကန်ပြားတစ်ချပ်ရဲ့ ကွဲကြေသွားတဲ့ အပိုင်းအစတွေကို ပြန်ဆက်လို့ရမယ်ဆိုရင်တောင် ဆက်ရာတွေက တော်တော်လေး သိသာနေမယ်မဟုတ်လား။
ဒီသဘောက ဗိုင်အိုလတ်နဲ့ ရိုအန်းရဲ့ ဆက်ဆံရေးတစ်ခုတည်းအတွက်သာ သုံးလို့ရတာမဟုတ်ပါဘူး။
"အများကြီးလုပ်ခဲ့တာပဲ ဟင်။ ငါ ဘာလို့ ဒါတွေတစ်ခုမှ မသိခဲ့တာလဲ။"
စာရွက်စာတမ်းတွေ မီးကျွမ်းသွားတာကိုကြည့်ရင်း ရိုအန်း သက်ပြင်းချလိုက်တယ်။
အဲ့ဒီလူက အတင့်ရဲတာပဲလား ဒါမှမဟုတ် ရူးမိုက်တာပဲလား ရိုအန်းမသိတော့ပါဘူး။
ခြင်္သေ့မင်းမရှိချိန်မှာ မြေခွေးက သူ့ကိုယ်သူ ဘုရင်ပါဆိုပြီး မင်းမူပါလိမ့်မယ်။ ပြီးတော့ တခြားလူတွေအပေါ် မင်းမူနေရင်း တစ်ချိန်တည်းမှာပဲ ယုန်တစ်ကောင်လို ဟန်ဆောင်နေတာမို့ အဲ့ဒီလိုမြေခွေးမျိုးကို ဖမ်းဖို့အတွက် အားထုတ်မှုအများကြီး လိုမှာပါပဲ။
အိုင်လင်းန်ရဲ့ မိဘတွေ ဆုံးပါးသွားကြချိန်ကစလို့ သူတို့အိမ်တော်မှာ စီမံခန့်ခွဲမဲ့သူ တစ်ယောက်မှမကျန်တော့ဘဲ အမှုထမ်းအများစုဟာလည်း လမ်းတွေပေါ်မှာ အလုပ်လက်မဲ့အဖြစ် လေလွင့်ကြရမဲ့အခြေအနေကို ရောက်ခဲ့တော့တယ်။
အဲ့ဒီတော့ နယ်စားမင်းကပဲ သက်ညှာထောက်ထားစွာနဲ့ သူတို့တွေ တခြားနေရာတွေမှာ အလုပ်ရှာလို့ရအောင် ထောက်ခံစာတွေ ရေးပေးခဲ့ပြီး အိုင်လင်းန်နဲ့ ရင်းနှီးတဲ့ အမှုထမ်းတွေကိုတော့ နယ်စားမင်းအိမ်တော်မှာပဲ တိုက်ရိုက်ခန့်အပ်ခဲ့တယ်။
ဒါပေမဲ့ အချိန်တစ်ခုအရောက်မှာ ဗိုင်အိုလတ်နဲ့ရင်းနှီးတဲ့ အမှုထမ်းတွေ ထုတ်ပယ်ခံလိုက်ရတယ်။ အကြောင်းကတော့ နယ်စားမင်းအိမ်တော်ရဲ့ အိမ်တွင်းရေးရာတွေကို ထိန်းချုပ်နိုင်တဲ့ အခွင့်အာဏာက မြေခွေးရဲ့လက်ထဲ ကျရောက်သွားလို့ပါပဲ။
ပြီးတော့ အဲ့ဒီမြေခွေးရဲ့ ခြေရာလက်ရာတွေက ပိပိရိရိရှိလှတယ်လေ။ ရိုအန်းတစ်ယောက် အမှတ်တမဲ့ လေးစားတဲ့အသံတစ်မျိုး ပြုလိုက်မိတယ်။
ဒီကိစ္စသာ သူနဲ့ သက်ဆိုင်တဲ့ကိစ္စ မဟုတ်ခဲ့ဘူးဆိုရင် အဲ့ဒီတရားခံကို ထက်မြက်တဲ့အတွက် ရိုအန်း ချီးကျူးမိမှာပါ။ အင်းလေ သူတို့က ကချော်ကချွတ်နဲ့ သက်သေချန်ခဲ့မိတယ်ဆိုပေမဲ့ ဒီအကြံအစည်ကြီးတစ်ခုလုံးကို လုပ်သွားပုံက ပရိယာယ်ကြွယ်လှတယ်ဆိုတာ ယုံမှားသံသယဝင်ဖွယ်မရှိပါဘူး။
အဲ့ဒါအပြင် အဲ့ဒီမြေခွေးရဲ့ ပစ်မှတ်က ဗိုင်အိုလတ်သာမဟုတ်ခဲ့ဘူးဆိုရင် သူ အဲ့ဒီမြေခွေးကို ဝမ်းသာအားရ လွှတ်ပေးပြီး နယ်စားမင်းအိမ်တော်ထဲမှာ ဆက်မွှေခွင့်ပြုထားလိုက်မိမှာပါ။
ဒါပေမဲ့ ဗိုင်အိုလတ်က ရိုအန်းရဲ့ ပရိယာယ်ကြွယ်မှုကို မုန်းတယ်လေ။ ရိုအန်းက ဘယ်အရာကိုမဆို သူ့ဘက်အမြတ်ကျန်အောင် အသုံးချတတ်တယ်ဆိုတဲ့အချက်ကို ဗိုင်အိုလတ် မုန်းတာပါ။
ဒီတော့ အခုကစပြီး သူလုပ်တဲ့အရာတွေ ဗိုင်အိုလတ်နားထဲရောက်သွားလို့ မဖြစ်ပါဘူး။
"ကဲ ဒါဆို အခု ငါ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာလုပ်ရမလဲ။"
မြွေက ရယ်လိုက်တယ်။
[ဘာသာပြန်မှတ်ချက် : မြွေဆိုတာ ရိုအန်းကို ရည်ညွှန်းတာပါ။ သူ့ရဲ့ ပရိယာယ်ကြွယ်ဉာဏ်များမှုကြောင့် အရှေ့ ကအပိုင်းတွေမှာ ဗိုင်အိုလတ်က သူ့ကို မြွေနဲ့နှိုင်းထားတာကို တွေ့ခဲ့ကြမှာပါ။]
****
မစ်ခ်ဟေး ယူ အဲဗရက်ဟာ ဖြောင့်မတ်တည်ကြည်တဲ့လူတစ်ယောက်ပါ။
အဲ့ဒါထက် သူက သူ့ရဲ့ ယုံကြည်မှုတွေကို ခေါင်းမာမာနဲ့ အခိုင်အမာကိုင်စွဲထားတတ်သူပေါ့။ အဲ့ဒီယုံကြည်မှုတွေက အမှန်တကယ် မှားယွင်းနေတဲ့အယူအဆ အမြင်တွေ ဖြစ်နေတာတောင်မှလေ။ သူက တကယ်ပဲ ဖြောင့်မတ်မှန်ကန်တာလား ဒါမှမဟုတ် အမှန်က ဒီအတိုင်း ပိန်းတာပဲလားဆိုတာ ပြောရခက်လှပါတယ်။
မစ်ခ်ဟေးက သူ့ရဲ့ ဖြောင့်မတ်မှုကို စစ်သည်တော်တစ်ယောက်ဖြစ်တဲ့ ဖခင်ဖြစ်သူဆီက အမွေရခဲ့တာဖြစ်ပြီး သားကြီးဩရသတစ်ယောက်အနေနဲ့ အများရဲ့မျှော်လင့်ချက်တွေကို ထမ်းပိုးရင်း ကြီးပြင်းလာခဲ့သူပါ။ သူက အထူးတလည်ကို ခေါင်းမာပြီး လိုက်လျောညီထွေလည်း မနေတတ်ပါဘူး။
"မင်း အခုတလော အရေးမပါတာတွေ လုပ်နေတာပဲ။" မစ်ခ်ဟေးက စိတ်ဆိုးမာန်ဆိုး ပြောလိုက်တယ်။
"အရေးမပါတာတွေ မဟုတ်ပါဘူး...ဒါနဲ့ ကိုကို့ရဲ့ အရိုက်အရာဆက်ခံနိုင်ခွင့်က အန္တရာယ်ရှိနေတာကို အပြောအဆိုအပြုအမူ ဆင်ခြင်သင့်တယ်မဟုတ်ဘူးလား။"
"အရေးမပါတဲ့ ပေါက်ကရတွေ။"
ဒီလူငယ်လေးက မွေးဖွားလာတဲ့အချိန်ကစပြီး နယ်စားမင်းအိမ်တော်ရဲ့ အရိုက်အရာခံဖြစ်ခဲ့တာလေ။
အဲ့ဒါကြောင့်လည်း ဖြစ်လောက်မယ်ဆိုပေမဲ့ ကြည့်ရတာ သူ့ကိုယ်သူ မှားတယ်လို့ တစ်ခါမှ မတွေးဖူးတဲ့ပုံပါပဲ။
အရိုက်အရာခံသခင်လေးက ထီမထင်စွာ ရယ်လိုက်တယ်။
"ကိုကို ဗိုင်အိုလတ်က အိုင်လင်းန်ကို အဆိပ်ခတ်ခဲ့တယ်လို့ အခုထိ ထင်နေတုန်းပဲလား။" ရိုအန်းက မေးလိုက်တယ်။
"မင်း အဓိပ္ပာယ်မရှိတာတွေ ပြောနေတုန်းပဲလား။"
"ကျွန်တော် စိတ်ရင်းနဲ့မေးနေတာပါ။"
ပြုံးဖြဲနေတဲ့ ရိုအန်းကို မစ်ခ်ဟေးက မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်တယ်။
ပင်မစံအိမ်မှာပြန့်နေတဲ့ ကောလာဟလတွေကြောင့် မစ်ခ်ဟေးကိုယ်တိုင်လည်း ကောင်းကောင်းအိပ်ဖို့ အခက်တွေ့နေခဲ့တာပါ။ အဲ့ဒါတွေအားလုံးက သူ့ဒေါသကို လာဆွနေကြတယ်လေ။
ဒီရက်ပိုင်းမှာ မစ်ခ်ဟေးက ချိန်ကိုက်ဗုံးတစ်လုံးလို ဖြစ်နေတာကို သူ့ရဲ့ညီငယ်က တမင်တကာ ခလုတ်လာနှိပ်ပေးနေပုံပါပဲ။ သူ ဘယ်လိုများ မပေါက်ကွဲဘဲ နေနိုင်ပါ့မလဲ။
"မင်း အရေးမပါတဲ့စကားမျိုး နောက်တစ်ခွန်းလောက်ပဲ ထပ်ပြောကြည့် ငါ မင်းကို ဒီအတိုင်းအသာလေး လွှတ်ပေးမှာမဟုတ်ဘူး။"
"အရေးမပါဘူးဆိုတာက ဘာစကားလဲ။ ကျွန်တော့်မေးခွန်းကို ပြန်မဖြေတော့ဘူးလား။"
တည်ငြိမ်သယောင် မျက်နှာဖုံးနဲ့ မစ်ခ်ဟေးတစ်ယောက် ရိုအန်းဆီ တည့်တည့်လျှောက်သွားလိုက်တယ်။ သူ့ရဲ့ ကိုယ်ကာယက ကြံ့ခိုင်ကြီးမားပြီး အရပ်ကလည်း ၁၉၀ စင်တီမီတာကျော် (၆ပေ ၂လက်မကျော်) ရှိတာမို့ သူ့မှာ ရက်စက်ကြမ်းကြုတ်တဲ့ အရှိန်အဝါတစ်မျိုး ရှိနေခဲ့တယ်။
အဲ့ဒီလိုဖိအား ရှိနေပေမဲ့ ရိုအန်းက ဒီအတိုင်းပဲ ရွှန်းရွှန်းစားစား ပြုံးနေခဲ့တယ်။
"အဲ့ဒီမိန်းမယုတ်နဲ့ တပျော်တပါး ဟေးလားဝါးလား အချိန်ဖြုန်းပြီးတဲ့နောက်မှာ မင်း ရူးသွားပြီလား။"
"...သူက ကျွန်တော်တို့ရဲ့ ညီမလေးလေ။"
"ဟား...အဲ့ဒီလိုဟာမျိုးနဲ့များ မောင်နှမလာတော်ရတယ်လို့။ တကယ်ကို ရွံစရာပဲ။"
****
Swara Webnovel Translation