သူ ဘယ်သူလဲ?
ဘာသာပြန်- Zeus
အခန်း(၁၆)
“ဂျူနီယာညီမလေးလု”
လီဟမ်ရှန်းသည် သူ့နားကိုပင် သူမယုံနိုင်အောင် ဖြစ်သွားတော့လေသည်။
“လုချောင်းချောင်း”
တောင်ထိပ်သခင် ၆ဦးစလုံးသည် လုချောင်းချောင်းထံသို့ လှည့်ကာ ကြည့်လိုက်ကြလေ၏။ယခုလိုအချိန်၌ သူမသည် အဆုံးမဲ့ညရှေးဟောင်းနိုင်ငံမှ လူများနှင့် လိုက်သွားရန် ရွေးချယ်လိမ့်မည်ဟု သူတို့ လုံးဝကို မမျှော်လင့်ထားခဲ့ပေ။
“ဉာဏ်ရှိတဲ့ ရွေးချယ်မှုပဲ” ချူးချန်ခုန်က ပြုံးကာ ဆိုလိုက်တော့လေသည်။
“ရှေးဟောင်းတာအိုဂိုဏ်းမှာ နင်က အဆင့်နိမ့်တဲ့ အစေခံတပည့်ပဲ ဖြစ်နေဦးမှာ။ရှေးဟောင်းတာအိုဂိုဏ်းက နင့်ကို လိုအပ်တဲ့ အရင်းအမြစ်တွေကို ပုံအောပြီး ထောက်ပံ့ပေးနိုင်မှာမဟုတ်ဘူး။ဒါပေမယ့် ငါတို့ရဲ့ အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော်ကတော့ အဲ့လိုမဟုတ်ဘူး”
“နင်က ငါတို့ အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော်ရဲ့ သူတော်စင်မဖြစ်လာလိမ့်မယ်။ပြီးတော့ နင်ကျင့်ကြံဖို့အတွက် အရမ်းကို များပြားပြီး လုံလောက်တဲ့ အရင်းအမြစ်တွေကိုတောင် ရလာလိမ့်မယ်”
ကျန်းဟူနှင့်စုန့်ယွင်နျန်း၏ အမူအရာများမှာ အကျည်းတန်သွားတော့လေ၏။
လုချောင်းချောင်းက အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော်နောက်ကို လိုက်သွားချင်တာတဲ့လား။
သူတို့နှစ်ဖက်လုံးမှာ လုချောင်းချောင်းကို ဆွဲဆောင်၍ မရနိုင်တော့ချေ။
“လုညီမလေး ညီမလေး သူတို့နောက်ကို လိုက်သွားလို့မရဘူး။တစ္ဆေမျိုးနွယ်ကလူတွေကို ညီမ ယုံကြည်လို့မရဘူး။သူတို့က ကောက်ကျစ်ပြီးတော့ ဉာဏ်များတယ်၊ယုတ်မာတယ်။ညီမ လိုက်သွားရင် ညီမကို သူတို့ တခုခုလုပ်ကြရင် ဘယ်လိုလုပ်မလဲ။လီဟမ်ရှန်းသည် လုချောင်းချောင်း၏ လက်ကို လှမ်းဆွဲလိုက်လေသည်။သူ၏ အသံမှာလည်း တုန်ရီနေခဲ့၏။
“အကိုလီနဲ့ ပြန်လိုက်ခဲ့ပါ ညီမရယ်။တောင်ထိပ်သခင်ခြောက်ယောက်တောင် ဒီနေရာကို ရောက်နေပြီလေ။ညီမကို သူတို့က အတင်းအကြပ်ခေါ်လို့ မရပါဘူး”
“အကိုသေရမယ်ဆိုရင်တောင်မှ ဒီနေ့ ညီမကို ကာကွယ်ပေးမှာပါ”
လီဟမ်ရှန်း၏ ထိုစကားများကို ကြားပြီးသောအခါတွင် လုချောင်းချောင်း၏ အကြည့်ထဲမှာ ဆုံးဖြတ်ချက်ခိုင်မာသော အရိပ်အယောင်များမှာ ပိုမို၍ ထင်ရှားလာခဲ့တော့လေ၏။သူမကို ကိုင်ဆွဲထားသော လီဟမ်ရှန်း၏ လက်ကို ဆောင့်ချကာ အတင်းအကြပ် ရုန်းထွက်လိုက်သည်။
“အကိုလီ” လုချောင်းချောင်းသည် လီဟမ်ရှန်းဖက်သို့ လှည့်ကာ ခပ်မာမာ ပြောလိုက်သည်။
“အရူးထမနေပါနဲ့တော့”
“ငါ…” လီဟမ်ရှန်းသည် သူမြင်တွေ့နေရသည်များကို မယုံကြည်နိုင်ခဲ့တော့ပေ။လုချောင်းချောင်းမှာ တခြားလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည့်အလားပင်။
“ပြန်လိုက်ခဲ့ရမယ်ဟုတ်လား”
“ပြန်လိုက်စရာ ဘာအကြောင်းရှိလို့လဲ”
“သတ်ဖြတ်သူတသောင်းတောင်ထိပ်ကို ပြန်ပြီး ဘာလုပ်ရမှာလဲ။တလမှ နည်းနည်းလေးပဲ ရတဲ့ အရင်းအမြစ်လေးတွေကို ခြစ်ကုပ်စုပြီး မလောက်မငှနဲ့ ကျင့်ကြံရတဲ့ အဆင့်နိမ့်အစေခံတပည့်ဘဝကို ပြန်သွားရမှာလား။
ဒါမှမဟုတ် လကုန်ကျရင် မိသားစုဆီပြန်ပြီး ဟိုင်မိသားစုက လူယုတ်မာဒုတိယသခင်လေးနဲ့ ပြန်လက်ထပ်ရမှာလား”
လီဟမ်ရှန်းသည် တစုံတခုပြောရန် ပြင်ဆင်လိုက်သော်လည်း လုချောင်းချောင်း၏ မျက်ဝန်းထဲမှ အေးစက်မှုများနှင့် သူမ၏ ပါးပြင်ပေါ်သို့ စီးကျနေသော မျက်ရည်စီးကြောင်းများကို မြင်လိုက်ရပြီး သူပြောလိုသော စကားများမှာ လည်ချောင်းဝ၌ တစ်ဆို့သွားခဲ့လေ၏။
သူမ၏ မျက်ရည်စီးကြောင်းများမှာ လီဟမ်ရှန်းကို အမှန်တကယ် တိတ်ဆိတ်သွားစေခဲ့ပါသည်။
“အကိုလီ ညီမ အခုမှသဘောပေါက်ပြီး နားလည်လာတာရှိတယ်”
“အဲ့ဒါက ဘာလဲဆိုတော့ ခွန်အားသာမရှိရင် အနိုင်ကျင့်ခံရမယ်ဆိုတာပဲ။အဲ့ဒီ့မပြောင်းလဲတဲ့ စည်းမျဉ်းက နေရာတိုင်းအပေါ်မှာ သက်ရောက်တယ်။ညီမမှာသာ စွမ်းအားရှိနေရင် ဟိုင်မိသားစုက ဒုတိယသခင်လေးကို လက်ထပ်စရာ လိုမှာမဟုတ်ဘူး….”
“ညီမမှာသာ စွမ်းအားရှိရင် ဒီနေ့လိုမျိုး တစ္ဆေမျိုးနွယ်အင်အားစုနှစ်စုနဲ့ရင်ဆိုင်ရတဲ့အခါမျိုးမှာ ကြောက်ဒူးတုန်ပြီး အကို့ရဲ့ အနောက်မှာ ပုန်းနေဖို့ လိုမှာမဟုတ်ဘူး”
“စွမ်းအားကြီးလာမှပဲ ညီမလုပ်ချင်တာကို လုပ်နိုင်မှာလေ ဟုတ်တယ်မဟုတ်လား” လုချောင်းချောင်းသည် မျက်ရည်များကြားမှ တချက်ကြိုးစား ပြုံးလိုက်ပြီး
“အကိုလီလည်း ခံစားမိမှာပါ။အကိုသာ စွမ်းအားကြီးနေခဲ့ရင် ညီမ မေးခဲ့တဲ့ မေးခွန်းကို အကို ပြန်ဖြေဖို့ တွန့်ဆုတ်နေခဲ့မှာ မဟုတ်ဘူးလေ”
ထိုစကားလုံးများမှာ မိုးကြိုးပစ်လိုက်သလို လီဟမ်ရှန်း၏ နှလုံးသားထဲသို့ စူးနစ်ကာ ဝင်ရောက်သွားတော့လေသည်။
ဟုတ်တယ်။သူ့မှာသာ လုံလောက်တဲ့ စွမ်းအားသာရှိနေရင် လုချောင်းချောင်းကို
“ငါနင့်ကို သဘောကျတယ်။လက်မထပ်ချင်ရင် ငါနဲ့ အတူတူထွက်ပြေးကြမယ်”လို့ သူပြောမည်သာ ဖြစ်မည်။
သူမက သူနဲ့ မထိုက်တန်ဘူးလို့ ခံစားမိမှာလဲ မဟုတ်ပေ။
“တောင်ထိပ်သခင်တွေလည်း နားလည်ပေးကြမယ်လို့ ကျွန်မမျှော်လင့်ပါတယ်” လုချောင်းချောင်းသည် တောင်ထိပ်သခင်များကို တချက်ကြည့်ရင်း အလွန်ရိုသေစွာ ဦးညွတ်လိုက်၏။
သူတို့ခြောက်ယောက်စလုံးမှာ တဦးကိုတဦး ကြည့်လိုက်ကြပြီး ပြောစရာစကားများ ပျောက်ရှနေခဲ့ကြတော့သည်။
“မင်းက ဆုံးဖြတ်ပြီးပြီဆိုမှတော့ ငါတို့တွေလည်း မတားဆီးတော့ဘူး။ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ” ရှမူဟိုင်၏ ဝတ်ရုံမှာ လေမတိုက်ပဲနှင့် လွင့်ခါနေခဲ့သည်။
“မင်းသာ အနာဂတ်မှာ လူသားမျိုးနွယ်တွေကို အန္တရာယ်ဖြစ်လာစေမယ်ဆိုရင်တော့ ငါကိုယ်တိုင် မင်းအသက်ကို နုတ်ယူရလိမ့်မယ်”
“ကောင်းပြီ သူတော်စင်နတ်မိမယ်။ပေါက်ကရစကားတွေကို ဆက်နားထောင်နေဖို့ အချိန်မရှိဘူး။ငါတို့ သွားကြမယ်”
ချူးချန်ခုန်က ပြုံးရင်း ပြောလိုက်သည်။
လုချောင်းချောင်းသည် ချူးချန်ခုန်အား တချက်ကြည့်လိုက်၏။
“နင်က ဘာလို့ ငါ့ကို အသည်းအသန် ခေါ်ဖို့ကြိုးစားနေတာလဲဆိုတာတော့ ငါမသိဘူး။ဒါပေမယ့် ငါ့ကို နင်ကတိတခု ပေးရမယ်”
“သူတော်စင်မ ဘယ်သူကမှ ငါ့ကို အမိန့်မပေးရဲဘူး။ဒါပေမယ့် နင် ပြောကြည့်လိုက်ပါ” ချူးချန်ခုန်၏ အပြုံးများမှာ ပျောက်ကွယ်သွားခဲ့သည်။သူ့မျက်လုံးထဲတွင် စိတ်မရှည်သော အရိပ်အယောင်များကို တွေ့နေရပြီ ဖြစ်သည်။
“ငါတို့ ထွက်သွားပြီးတာနဲ့ နင်ကော၊အဆုံးမဲ့ညရှေးဟောင်းနိုင်ငံကောက အကိုလီကို အန္တရာယ်မပေးရဘူး”
စောနတုန်းက ချူးချန်ခုန်၏ မျက်လုံးများတွင် လီဟမ်ရှန်းကို သတ်ဖြတ်လိုသော အရိပ်အယောင်များကို လုချောင်းချောင်းက မြင်တွေ့ခဲ့လေသည်။သူက လီဟမ်ရှန်းကို ပိုးဟပ်တကောင်ကို နင်းသတ်သလို သတ်ပစ်ချင်နေခဲ့သည်။
လီဟမ်ရှန်း၏ လည်ချောင်းများမှာ တင်းကြပ်လာသည်။သူ၏ စိတ်ခံစားချက်များမှာ ဖော်ပြ၍ မရနိုင်သည်အထိ ရှုပ်ထွေးလာခဲ့သည်။
သူက လုချောင်းချောင်းကို ကာကွယ်ရန် ကတိပေးခဲ့သော်လည်း ယခုတွင် သူ့အား လုချောင်းချောင်းမှ ပြန်လည် ကာကွယ်ပေးနေသည် မဟုတ်ပါလား။
“နင်သာ အကိုလီ့ကို အန္တရာယ်တခုခုပေးတာကို ငါသိကြည့်။နင့်အရှေ့မှာပဲ ငါ့ကိုယ်ငါ သတ်သေပြမယ်။နင်လိုချင်တာတွေလည်း ဘာမှ မရစေရဘူး” လုချောင်းချောင်း၏ အသံမှာ ခိုင်မာပြတ်သားနေပြီး လွန်စွာမှကို အေးစက်နေတော့သည်။သူမ၏ စကားများမှာ ပေါ့ပေါ့တန်တန်မဟုတ်ပဲ လွန်စွာ လေးနက်နေမှန်းကို ပေါ်လွင်စေခဲ့သည်။
“ကောင်းပြီလေ ငါနင့်ကို ကတိပေးတယ်” ချူးချန်ခုန်သည် တုန့်ဆိုင်းစွာနှင့် လက်ကိုမြှောက်လိုက်လေသည်။
“အောက်တန်းစား ပိုးကောင်တကောင်ကို သတ်ပစ်ဖို့က ငါ့အဆင့်ကို နှိမ့်ချရာ ရောက်သေးတယ်”
“ဒါဆိုလည်း သွားကြမယ်” လုချောင်းချောင်းသည် အသက်ကို ပြင်းပြင်ရှုလိုက်တော့သည်။
အားနူသည် သူ၏ ကြီးမားသော လက်ကြီးကို မြေပြင်ပေါ်သို့ ချကာ လက်ဖဝါးဖြန့်လိုက်သည်။လုချောင်းချောင်းက ရှေ့သို့ တိုးကာ အားနူ၏ လက်ဖဝါးကြီးပေါ်သို့ တက်သွားခဲ့လေသည်။
“ချောင်းချောင်းးးးးး”
လီဟမ်ရှန်းသည် အသံနက်ကြီးနှင့် လုချောင်းချောင်းကို အော်ခေါ်လိုက်ခဲ့သည်။
ယခုလိုမျိုး ကွဲကွာပြီးနောက်တွင် သူနှင့် သူမတို့ ပြန်တွေ့ရန် အချိန်မည်မျှ ကြာဦးမည်နည်း။
သူ့နှလုံးသားထဲတွင် အမြဲရှိနေသော သူမသည် ယနေ့မှာပင် ဒီအတိုင်း ထွက်သွားခဲ့ပြီလား။
“အကိုလီ”
လုချောင်းချောင်းသည် လီဟမ်ရှန်းကို ပြန်လှည့်ကြည့်လိုက်ပြီး
“ညီမတို့တွေ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ရှာဖွေကြတာပေါ့။ညီမတို့ တနေ့နေ့ကျရင် ပြန်ဆုံတွေ့ကြမှာပါ။အဲ့အချိန်ရောက်ရင်..အကိုလီက ညီမကို တိကျတဲ့ အဖြေပေးနိုင်ဖို့ ညီမ မျှော်လင့်ပါတယ်”
“အားနူ ငါတို့သွားမယ်” ချူးချန်ခုန်သည် တောင်ထိပ်သခင်ခြောက်ဦးကို တချက်ကြည့်ကာ အားနူနှင့် ထွက်သွားခဲ့သည်။
လုချောင်းချောင်း၏ တဖြေးဖြေးနှင့် အဝေးသို့ ပျောက်ကွယ်သွားသည့် ပုံရိပ်ကို ကြည့်ပြီး လီဟမ်ရှန်းသည် သူ့နှလုံးသားတခုလုံး ကွဲကြေကာ သွေးတစက်စက် ကျနေသလိုကို ခံစားနေရသည်။
ဒါပေမယ့် လုချောင်းချောင်း၏ စကားများမှာ လီဟမ်ရှန်း၏ နှလုံးသားထဲတွင် ပဲ့တင်ရိုက်ခတ်နေ၏။လီဟမ်ရှန်းသည် ဤလောကကြီးကို စတင်ကာ နားလည်လာခဲ့ချေပြီ။
မိမိ၏ ကံတရားကို ကိုယ်ကိုယ်တိုင် မထိန်းချုပ်နိုင်သေးသရွေ့ ကံတရား၏ လှည့်ဖြားကာ ကစားခြင်းကို ခံစားရလိမ့်မည် ဖြစ်သည်။
အဆုံးမဲ့ညနိုင်ငံတော်မှ လူများထွက်သွားသော်လည်း တောင်ထိပ်သခင်ခြောက်ပါးမှာလည်း အလောတကြီး မလှုပ်ရှားရဲကြပေ။
ပထမအချက်မှာ အဆုံးမဲ့ညနိုင်ငံတော်မှ လူများသည် သူတို့၏ တပည့်များကို အန္တရာယ်မပေးသွားခြင်းကြောင့်ပင်။ဒုတိယအချက်မှာ လူ့ဘီလူးကြီးဖြစ်သော အားနူသည် အမှန်တကယ်ကို ရင်ဆိုင်ရန် ခက်ခဲသောကြောင့်ပင်။သူတို့က တကယ့်တကယ်တန်း တိုက်ခိုက်မည်ဆိုလျှင်ပင် အထက်စီးရချင်မှ ရနိုင်ပေမည်။ထို့အပြင် သူတို့သည် ကံကြမ္မာခန်းမနှင့် ယင်တန်မျှော်စင်ရှိ လူများကြောင့် ရှုံးနိမ့်နိုင်ချေပင် ရှိနေသေးခဲ့သည်။
တောင်ထိပ်သခင်များအားလုံး တူညီစွာ စိုးရိမ်နေသော ကိစ္စရပ်တခုလည်း ရှိနေခဲ့ပေ၏။
ထိုကိစ္စမှာ ယခုလိုမျိုး ကြီးကြီးမားမား ကိစ္စကြီး ဖြစ်နေစဉ်တွင် ဒုဂိုဏ်းချုပ် ရွှယ်ချမ်းပိုင် ရောက်မလာခြင်းကြောင့်ပင်။
ရွှယ်ချမ်းပိုင်သည် ဤအဖြစ်အပျက်စတင်ကတည်းကိုက သတိပြုမိနေသင့်သည် မဟုတ်ပါလား။
အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော်က လူများကို ထွက်သွားခွင့်ပြုနိုင်သော်လည်း ကံကြမ္မာခန်းမက ကျန်းဟူနှင့် ယင်တန်မျှော်စင်က စုန့်ယွင်နျန်းတို့ကိုတော့ အလွယ်တကူထွက်သွားခွင့် မပြုနိုင်ပေ။
“အဟက် ရှေးဟောင်းတာအိုဂိုဏ်းက လူတွေက အားနည်းတဲ့လူတွေကိုပဲ အနိုင်ကျင့်ရတာကိုး” ကျန်းဟူသည် လေထု၏ ပြောင်းလဲမှုများကို ခံစားမိပြီး သရော်လိုက်သည်။
“ငါတို့ ရှေးဟောင်းတာအိုဂိုဏ်းရဲ့ လုပ်ကိုင်မှုတွေကို မင်းလာသင်ပေးနေဖို့ မလိုဘူး” ရှမူဟိုင်က ပြန်လှောင်လိုက်သည်။ထို့နောက်တွင် တောင်ထိပ်သခင် နှစ်ယောက်သည် တပည့်များကို ကာကွယ်ပေးလိုက်ပြီး ကျန် တောင်သခင်လေးယောက်မှာ အရှေ့သို့ ဖြေးညင်းစွာနှင့် တက်လာခဲ့၏။
ရှေးဟောင်းတာအိုဂိုဏ်းမှ တပည့်တစ်ရာကျော်သည်လည်း သူတို့အား ဖြေးညင်းစွာနှင့် ဝန်းရံလိုက်တော့သည်။
တိုက်ပွဲဖြစ်ပေါ်ရန် လွန်စွာနီးကပ်နေခဲ့ချေပြီ။
ရှေးဟောင်းတာအိုဂိုဏ်း..
နှင်းဖုံးတောင်ထိပ်..
ထိုတောင်ထိပ်မှာ ရှေးဟောင်းတာအိုဂိုဏ်း၏ အနည်းငယ်မျှသော နှင်းတောင်ထွတ်များထဲမှ တခုဖြစ်သည်။လွန်စွာ အေးစက်သော ရာသီဥတုမှာ ထိုနေရာသို့ လာရောက်ချင်သော တပည့်များကို ခြောက်လှန့်နေခဲ့သည်။
တောင်ထိပ်ပေါ်ရှိ နှင်းဖုံးနေသော အဆောင်လေးတခု၌ ရွှယ်ချမ်းပိုင်သည် ကျားစေ့ကို ကိုင်ကာ စားပွဲပေါ်ရှိ ကျားစေ့ခုံကို မမှိတ်မသုန်ကြည့်နေခဲ့သည်။သူနှင့် မျက်နှာချင်းဆိုင်တွင် အနီရောင်မုတ်ဆိတ်မွှေးရှိသော လူကြီးတစ်ယောက်သည် စိတ်ဖိစီးမှုများစွာနှင့် ကျားစေ့ခုံကို ကြည့်နေခဲ့လေ၏။ထိုလူကြီးသည် စိတ်လှုပ်ရှားလွန်းနေသောကြောင့် သူ၏ နားရွက်များနှင့် ပါးများကို ပွတ်သပ်နေတော့သည်။
“မင်း ထပ်ရှုံးပြန်ပြီ” ရွှယ်ချမ်းပိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ချူပု မင်းရှုံးနေတာ ငါးပွဲဆက်တိုက်ဖြစ်နေပြီ။အခု ငါလိုချင်တာကို ပေးရမယ့်အချိန်ရောက်နေပြီ”