ဗီလိန်မလေးရဲ့ စုတ်ချက်
မူရင်းစာရေးသူ - 리티티
ဘာသာပြန်သူ - Marilee
****
အခန်း ၂၆
ဗိုင်အိုလတ်ရဲ့ အလည်ထွက်ခြင်းအစီအစဉ်မှာ အတူတူလိုက်ပါခဲ့ကြသူတွေ စုစုပေါင်း ၃ယောက်ရှိပါတယ်။ ပထမတစ်ယောက်က မြင်းရထားမောင်းသမား ဂျော့ဂ်ျပါ။ ဒုတိယတစ်ယောက်ကတော့ ဗိုင်အိုလတ်ရဲ့ အပါးတော်မြဲမိန်းကလေး မေရီပေါ့။ တတိယတစ်ယောက်ကတော့ တိုးချဲ့အိမ်တော်ရဲ့ စားဖိုဆောင်အကူ အီရှီကာပါပဲ။
"မနက်ခင်းပဲရှိသေးတာတောင် လူတွေနဲ့ စည်ကားနေရောပါလား။"
"စည်ကားဆို ဒါက နယ်စားမင်းနယ်မြေတစ်ခုလုံးမှာ အကြီးဆုံး ကုန်သွယ်ရောင်းဝယ်ရေးနေရာလေ။ အ...သခင်မလေး ကိုယ့်ဘာသာ တစ်ယောက်တည်း လိုက်သွားလို့မဖြစ်ပါဘူး။"
"ဘာမှမဖြစ်ပါဘူးဟယ်။ ငါ ဒီကို တစ်ခါနှစ်ခါ လာခဲ့ဖူးတာ မှတ်မိပါတယ်။"
အဲ့ဒီတုန်းကတော့ ဗိုင်အိုလတ်က ဝတ်ကောင်းစားလှတွေဝတ်စားပြီး အင်္ကျီဆိုင်ကိုပဲ တန်းနေအောင် သွားခဲ့တာလေ။
ဗိုင်အိုလတ် ရယ်လိုက်မိတယ်။ မေရီရဲ့ အားထုတ်မှုတွေကြောင့် အရင်က သူစိမ်းသာသာဖြစ်တဲ့ တိုးချဲ့အိမ်တော်က အမှုထမ်းတွေနဲ့ အနည်းငယ်ရင်းနှီးလာခဲ့ပြီမဟုတ်လား။
တစ်သက်လုံး အဆင့်မြင့် မှူးမတ်အနွယ်တော်တစ်ယောက်အဖြစ် နေခဲ့ရတာမို့ သာမန်လူတန်းစားတွေ ဘယ်လိုနေထိုင်ကြမှန်း ဗိုင်အိုလတ် မသိတာဟာ သဘာဝကျပါတယ်။
အဲ့ဒီအတွေးနဲ့ ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှူရင်း ဗိုင်အိုလတ် ပြုံးလိုက်မိတယ်။ သူမှတ်မိနေတာနဲ့ ယှဉ်လိုက်ရင် အရာအားလုံးက အနည်းငယ် ပိုတိုးတက်လာသလိုပါပဲ။
သူ မကြာမကြာ သွားလေ့ရှိတဲ့ အဝတ်ဆိုင်က သူဝယ်ယူခဲ့တဲ့ အဝတ်အစားတွေနဲ့ တစ်ထပ်တည်းတူတဲ့ ဒီဇိုင်းတွေကို အိုင်လင်းန်ဆီ ပို့ပေးခဲ့တာကိုလည်း ပြန်အမှတ်ရမိခဲ့တယ်။ အိုး...အဲ့ဒီတုန်းကများဆို သူ ဘယ်လောက်တောင် ပေါက်ကွဲခဲ့ရသလဲ။ ဒါပေမဲ့ အခုတော့လည်း အဲ့ဒါတွေအားလုံး အတိတ်မှာကျန်ခဲ့ပါပြီ။
"သခင်မလေး ဒီဘက်ကိုလာပါ။"
အီရှီကာက ဒီနေရာတစ်ဝိုက်ကို လမ်းပြပေးဖို့ တာဝန်ယူထားတာကြောင့် သူက ဗိုင်အိုလတ်ကို တာဝန်ကျေစွာ ဦးဆောင်လမ်းပြပေးခဲ့တယ်။ မေရီက အစေခံအသစ်ဆိုတော့ ဒီကလမ်းတွေကို မသိဘူးလေ။ သူတို့လူစုဟာ အီရှီကာအနောက်ကနေ အေးအေးဆေးဆေးပဲ လိုက်လာခဲ့ကြတယ်။
"သခင်မလေး အထူးတလည်သွားချင်တဲ့နေရာများ ရှိသလား။"
"ငါက ဒီအတိုင်း အပြင်ထွက်လည်ချင်ရုံပဲဆိုတော့ တကယ်သွားချင်တဲ့နေရာဆိုပြီး အထွေအထူးတော့ မရှိ...ဪ နေဦး။ ဒီနားတစ်ဝိုက်မှာ ပန်းချီပစ္စည်း ရောင်းတဲ့ဆိုင်တွေဘာတွေများ ရှိသလား။"
"ပန်းချီပစ္စည်း...ကျွန်မလည်း သေချာမပြောတတ်ဘူး။ ဒါပေမဲ့ ဒီနားမှာ ပစ္စည်းအစုံရတဲ့ စတိုးဆိုင်တစ်ဆိုင်တော့ ရှိပါတယ်။"
"ဒါဆို အဲ့ဒီကို အရင်သွားလိုက်ကြရအောင်။"
ဂျော့ဂ်ျက ဒီနေ့ သူ့ကိုယ်သူ မိန်းကလေးတွေရဲ့ ကိုယ်ရံတော်အဖြစ် သတ်မှတ်ထားခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံးတော့ သူတို့ရဲ့ အထုပ်ဆွဲသူ ဖြစ်ခဲ့ရပါတော့တယ်။
စတိုးဆိုင်မှာ လှည့်ပတ်ကြည့်ရှုပြီးတဲ့နောက် သူတို့အားလုံး အနီးအနားမှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ဝင်စားခဲ့ကြတယ်။
အစားအသောက်ရဲ့ ပါဝင်ပစ္စည်းတွေက နယ်စားမင်းစံအိမ်ကလောက် အရည်အသွေးမကောင်းဘူးဆိုပေမဲ့ ဗိုင်အိုလတ်ကတော့ အရသာရှိတယ်လို့ မှတ်ချက်ပေးခဲ့တယ်။
အရိပ်အခြည်မသိဘူးလို့ ထင်နိုင်ပေမဲ့ မေရီက နောက်တစ်ခါ တိုးချဲ့အိမ်တော်မှာ ဒီလိုဟင်းပွဲမျိုး ပြင်ဆင်ပေးရမလားလို့ မေးလိုက်မိတယ်။
တွေ့သမျှ လမ်းဘေးအစားအသောက်တွေကို အားရပါးရစားနေတဲ့ အိမ်တော်စံသခင်မလေးရဲ့ အပြုအမူကို ဘယ်သူကမှ ဝေဖန်ထောက်ပြခြင်း မရှိခဲ့ကြပါဘူး။
စားပြီးတဲ့နောက်မှာ သူတို့ လက်ဖက်ရည်လည်း သွားသောက်ခဲ့ကြတယ်။ ကြွယ်ဝတဲ့ ကုန်သည်တွေနဲ့ သာမန်လူတန်းစားတွေ လာရောက်လေ့ရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ လာရောက်သုံးဆောင်သူ အနည်းငယ်သာရှိပါတယ်။
ရှုခင်းမြင်ကွင်းကို ကြည့်နေရုံနဲ့တင် ဗိုင်အိုလတ်တစ်ယောက် ဆွေးသလိုလို၊ ကြည်နူးသလိုလို ခံစားမိလာရတယ်။ ဗိုင်အိုလတ်ရဲ့ တစ်နေ့တာ အလည်အပတ်ထွက်မှုလေးက ဒီနည်းအတိုင်း ရိုးရှင်းစွာနဲ့ ပြီးဆုံးသွားပါတော့တယ်။
သူတို့လူစုဟာ အလာတုန်းက စီးလာခဲ့တဲ့ မြင်းရထားကိုစီးပြီးတော့ပဲ တိုးချဲ့အိမ်တော်ဆီ ပြန်လာခဲ့ကြတယ်။
ဗိုင်အိုလတ်ကို တွေ့လိုက်ရချိန်မှာ ဇိုင်လိုတစ်ယောက်ကတော့ သူ့ဇက်ပိုးသူ လက်နဲ့ဖိထားပြီး သွေးတက်လို့ မေ့လဲတော့မဲ့သူအလား ရှိနေခဲ့တယ်လေ။
****
အဲ့ဒီကတည်းကစလို့ ဗိုင်အိုလတ်ရဲ့ အလည်ထွက်ခြင်း အစီအစဉ်က မကြာမကြာရှိလာခဲ့ပြီး နိစ္စဒူဝကိစ္စတစ်ခုလို ဖြစ်လာခဲ့တော့တယ်။ ဇိုင်လိုက တားချင်ပေမဲ့ သူတို့အားလုံးနဲ့အတူ ဒီနေရာမှာ အကျယ်ချုပ်ပိတ်မိနေတဲ့ မိန်းကလေးအတွက် ကရုဏာသက် စိတ်မကောင်းဖြစ်နေကြတဲ့ တိုးချဲ့အိမ်တော် အမှုထမ်းတွေက အုပ်စုဖွဲ့ပြီး ကန့်ကွက်ဆန္ဒပြကြတယ်လေ။ ဖြောင့်မတ်စည်းကြပ်တဲ့ စစ်သည်တော်တောင် သူတို့ဒဏ်ကို မခံနိုင်ခဲ့ပါဘူး။
နောက်ဆုံးတော့ ဇိုင်လိုလည်း လက်လျှော့လိုက်ပြီး ဒီကိစ္စကို နယ်စားမင်းဆီ တင်ပြခဲ့တော့တယ်။
နယ်စားမင်းကတော့ ဗိုင်အိုလတ်အနောက်ကို ကိုယ်ရံတော်စစ်သည်အဖြစ် လိုက်ပါစောင့်ကြပ်ပေးဖို့သာ ပြောလာခဲ့တယ်။
ဗိုင်အိုလတ်က လူကြားထဲမှာ ပေါ်လွင်မနေချင်ပါဘူးလို့ အကြောက်အကန် ပြောလာတာကြောင့် ဇိုင်လိုလည်း သာမန်လူတန်းစားအသွင် ဝတ်စားပြီး အိမ်တော်စံသခင်မလေးနဲ့အတူ လိုက်စားသောက်ရတော့တာပေါ့။
ဗိုင်အိုလတ်နဲ့ ထူးမခြားနားစွာပဲ ဇိုင်လိုဟာလည်း မှူးမတ်အနွယ်တော်တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ရတာမို့ ဗိုင်အိုလတ်နဲ့အတူ အလည်အပတ်ထွက်ရတာက သူ့အတွက် ထူးခြားတဲ့အတွေ့အကြုံတွေ ဖြစ်လာခဲ့တယ်။
အရင်က အခက်အခဲတွေ ဒုက္ခတွေ ဘာတစ်ခုမှ မခံစားခဲ့ရဖူးသလိုပါပဲ။
ဗိုင်အိုလတ်က ပန်းချီဆေးတွေ ဝယ်မယ်လို့ပြောပြီး မြို့ထဲအနှံ့ လျှောက်သွားခဲ့ပေမဲ့ တစ်နေရာအရောက်မှာတော့ ရေပန်းအရှေ့မှာ အကျအနထိုင်ပြီး ပန်းချီဆွဲပါတော့တယ်။
စပ်စပ်စုစုရှိကြတဲ့ ဖြတ်သွားဖြတ်လာတွေက သူ့အနားကို ဝိုင်းအုံလာကြပြီး ဗိုင်အိုလတ်က သူတို့ကို ဈေးပေါပေါနဲ့ ပုံတူတွေ စတင်ဆွဲပေးခဲ့တယ်။
ဘေးမှာရပ်နေရင်း တော်တော်စိတ်ညစ်လာတဲ့ ဇိုင်လိုက ဗိုင်အိုလတ်ကို ငုံ့ကြည့်ရင်း ဘာကြောင့် အခုလိုမျိုး စိတ်လိုလက်ရ အလုပ်ရှာပြီးလုပ်နေတာလဲလို့ မေးလိုက်မိတယ်။
ငွေရောင်ဆံနွယ်တွေနဲ့ ရေကန်တစ်ခုလို နက်ရှိုင်းလှတဲ့ ခရမ်းရောင်မျက်ဝန်းတွေ။
သာမန်လူတန်းစားတစ်ယောက်လို ဝတ်ဆင်ထားပေမဲ့ သူ့ရဲ့ မှူးမတ်အနွယ်တော် ဟိတ်ဟန်က မဖုံးနိုင်မဖိနိုင် ပေါ်လွင်နေခဲ့တယ်လေ။ ဗိုင်အိုလတ်ကို ဘယ်သူမှန်းမသိကြပေမဲ့ လူတချို့က ကျက်သရေရှိ၊ အဆင့်အတန်းမြင့်ပုံရတဲ့ အမျိုးသမီးငယ်လေးအကြောင်း အချင်းချင်း တီးတိုးတီးတိုး ပြောနေကြပါပြီ။
နယ်စားမင်းရဲ့ သမီး အိမ်တော်စံသခင်မလေးက အခုလိုဝတ်စားပြီး လမ်းပေါ်မှာ လျှောက်သွားနေလိမ့်မယ်လို့တော့ သူတို့တွေ ယောင်လို့တောင် မတွေးမိကြပေမဲ့ ဗိုင်အိုလတ်ဟာ အဆင့်အတန်းမြင့် မှူးမတ်အနွယ်ဝင်တစ်ယောက်ဖြစ်မယ်ဆိုတဲ့အချက်ကို သူတို့အားလုံး တစ်ချက်အကြည့်မှာတင် ရိပ်စားမိကြပုံပါပဲ။
အဲ့ဒါအပြင် နယ်စားမင်းအိမ်တော် အပြင်ဘက်မှာ ပျံ့နှံ့နေတဲ့ ကောလာဟလတွေအရဆိုရင် ဗိုင်အိုလတ်ရဲ့ သရုပ်မှန်ကို သူတို့ ချက်ချင်းခန့်မှန်းနိုင်တယ်ဆိုတာကမှ ပိုပြီးထူးဆန်းနေမယ်မဟုတ်လား။
ဗိုင်အိုလတ်က သူ့ရဲ့နုပျိုမှုနဲ့ အလှတရားကို ထိန်းသိမ်းဖို့အတွက် အပျိုစင်ရဲ့သွေးနဲ့ ရေချိုးတယ်၊ ဒါမှမဟုတ် နေ့တိုင်း ပွက်လောရိုက်ရတဲ့အထိ ယောကျာ်းတစ်ယောက်နဲ့ ခန္ဓာကိုယ်ချင်း နှီးနှောပတ်သက်တယ်ဆိုတဲ့ ကောလာဟလတွေ အိမ်တော်အပြင်ဘက်မှာ ပြန့်နေခဲ့တာပါ။
သခင်မလေးအကြောင်းကို ဘယ်လိုများ အဲ့ဒီလို မဟုတ်မမှန် ကောလာဟလတွေ ပြောနေကြတာပါလိမ့်။
ဒါတွေရဲ့နောက်ကွယ်မှာ ဘယ်သူရှိသလဲဆိုတာကိုသာ သိချင်လာမိရတော့တယ်။ အဖြစ်မှန်အပေါ် အခြေခံထားတဲ့ ကောလာဟလတွေလိုမဟုတ်ဘဲ လမ်းတွေပေါ်မှာပြန့်နေတဲ့ ကောလာဟလတွေက ဗိုင်အိုလတ်ရဲ့ တကယ့်ပုံစံအစစ်အမှန်နဲ့ အကွာကြီးကွာနေခဲ့တယ်လေ။ ဒါပေမဲ့လည်း အဲ့ဒီကောလာဟလတွေက သူနဲ့မတူတာမို့ ဗိုင်အိုလတ်ကတော့ သူတို့ရဲ့ ရိုင်းပျမှုကို အသာလေး မသိကျိုးကျွန်သာပြုထားလိုက်တယ်။
ဘယ်လောက်ပဲ အဲ့ဒီလိုသတင်းတွေ ရှိနေပါစေ မပြောင်းမလဲဘဲ ရှိနေတဲ့အရာတစ်ခုကတော့ အိုင်လင်းန်တစ်ယောက် ယုတ်မာကောက်ကျစ်တဲ့ ကဝေမရဲ့ အနှိပ်အစက်ကိုခံရတဲ့ သနားစရာ အိမ်တော်စံမင်းသမီးလေး နေရာကို ကောင်းကောင်းသရုပ်ဆောင်နေဆဲဆိုတာပါပဲ။
ဗိုင်အိုလတ်က အဲ့ဒီတီးတိုးစကားတွေကို စိတ်ထဲထားမနေပါဘူး။ အဲ့ဒါထက် အဲ့ဒီကောလာဟလတွေကြောင့် မခံမရပ်နိုင် ဖြစ်နေကြသူတွေကတော့ မေရီ၊ ရိုစီနဲ့ ဂျော့ဂ်ျတို့ပါပဲ...ဒါပေမဲ့ ဗိုင်အိုလတ်က သူတို့ကို ထိန်းထားခဲ့တယ်။ သူက ပန်းချီကို အာရုံနှစ်ပြီး ဆွဲနေရင်းကနေ 'ဒီမှာ စိတ်အလိုကိုလိုက်ပြီး ပြဿနာမလုပ်ကြနဲ့' လို့ပဲ ပြောလိုက်တယ်။
ဗိုင်အိုလတ်ဆီကနေ ပုံတူပန်းချီ ရလိုက်သူမှန်သမျှက ဝမ်းမြောက်ဝမ်းသာ ရှိနေကြပါတယ်။ တကယ့်ပန်းချီဆရာတစ်ယောက်ဆီမှာ သွားဆွဲတဲ့ ပုံတူနဲ့ယှဉ်ကြည့်မယ်ဆိုရင်တော့ သိပ်ကောင်းတယ်မဆိုသာပေမဲ့ နဂိုကတည်းက မှူးမတ်အနွယ်တော် ဒါမှမဟုတ် ချမ်းသာကြွယ်ဝသူအဖြစ်မှ မွေးဖွားမလာခဲ့ဘူးဆိုရင် ပုံတူပန်းချီဆွဲရဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။
ဗိုင်အိုလတ်နဲ့ ပတ်သက်တဲ့ ကြမ်းကြမ်းကြုတ်ကြုတ် ကောလာဟလတွေ နေရာအနှံ့ပျံ့နေတာကလွဲလို့ ပုံတူပန်းချီ ရခဲ့ကြသူတွေရဲ့ မျက်နှာထားတွေကတော့ ကောင်းကောင်းမွန်မွန်ပါပဲ။
ငြိမ်းချမ်းပေမဲ့ လုံးဝငြိမ်းချမ်းတယ်လို့လည်း မဆိုသာပြန်တဲ့ အလည်အပတ်ထွက်ခြင်းပဲဆိုပါတော့။
ဗိုင်အိုလတ်တစ်ယောက် အတွေးထဲ တဒင်္ဂ နစ်မျောနေရင်း အရင်တုန်းက အပြင်ထွက်လည်ချိန်မှာ သူ့ကို ခဲနဲ့ပေါက်ခဲ့တဲ့ ချာတိတ်လေးတစ်ယောက်ကို အမှတ်ရသွားမိတယ်။ အဲ့ဒီကလေး ဘာဖြစ်သွားခဲ့သလဲ။ သူ သေသွားတာလား။
ဒီလောက် ဆိုးဝါးတဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့ပြီးတဲ့နောက်မှာ နောင်တရနေဖို့ဆိုတာ အချိန်နှောင်းသွားခဲ့ပြီလေ။
သူတစ်ပါးအပေါ် ထိခိုက်နာကျင်ရအောင် လုပ်ခဲ့မိတယ်ဆိုတဲ့အချက်ကိုတော့ ဗိုင်အိုလတ် မငြင်းနိုင်ခဲ့ပါဘူး။
ဗိုင်အိုလတ်တစ်ယောက် ကိုယ့်ကိုယ်ကိုယ်ပြစ်တင်ရှုတ်ချစိတ်နဲ့အတူ ဒီတစ်နေ့တာအတွက် အလည်ထွက်ခြင်းအစီအစဉ်ကို အဆုံးသတ်လိုက်ပါတော့တယ်။
ဒီလိုနဲ့ တစ်နေ့မှာ အနည်းငယ် အပျော်ရှာဖို့အတွက် ဗိုင်အိုလတ် တိုးတိုးတိတ်တိတ် အလည်ထွက်နေတုန်း....
ပင်မအိမ်တော်ကနေ သူ့ကို လူလွှတ်အခေါ်တော်ပါးလာခဲ့တယ်။
အိုင်လင်းန်တစ်ယောက် အဆိပ်သောက်မိပြီး မေ့လဲသွားတယ်ဆိုတဲ့ သတင်းနဲ့အတူပေါ့။
****
Swara Webnovel Translation