အပိုင်း ၂
သခင်မအသုံးတော်ခံသတို့သား
ဒီနေ့က မင်္ဂလာဆောင် အဝင်နေ့။
ဦးကျော်ရင်နဲ့ တွေ့ရတော့မည်။
''ဟဲ့ လာကြအေ လာကြ''
ရောက်လာကုန်ပြီ။ ဒီနေ့ တော
မလိုက်သွားဖြစ်။ အလှအပပြင်လို့
စောင့်နေမိသည်။ မချစ်သော်လည်း
အောင့်ကနမ်းရမှာကိုတော့ စိုးရိမ်သည်။
လာတာက လှည်းနဲ့။
နှင်တံကို မြှောက်ကာ တို့ကာ
မောင်းလာတဲ့ လူကြီး။ အဲ့ဒီလူကြီးလားမသိ။
ဟုတ်ပါသည်။
''ကျန်းမာပါစ ဒေါ်ဒေါ်''
''အေးပါကွယ် ဟာလီပါ လာတာပဲ''
အလို ဟာလီတဲ့။ ဦးကျော်ရင်
မဟုတ်ဘူးတဲ့လား။ စိတ်ပျက်လက်ပျက်နဲ့
မီးဖိုချောင်ထဲ ပြန်ဝင်နေလိုက်တော့သည်။
''ကိုကြီးက မီးသွေးဖုတ်ကျန်နေခဲ့လို့
ညနေမှ လာမယ်တဲ့ ဒေါ်ဒေါ်''
''အော် အေး အလုပ်ကလည်း ရှိသေးတာပဲ''
''မနက်ခင်းက ကျွန်တော်နဲ့ ထင်းခုတ်ပြီး
အခု ပြန်သွားတာလေ နားပါဆိုတာကို
လုပ်စရာရှိတာ အကုန် ကျုပ်ကိုသာ
ခိုင်းနော့''
''ခင်စန်း ဟဲ့ နေမကောင်းဘူးလား''
''လှည်းဆောင့်တာမလို့အေ ပင်ပန်းလိုက်တာ''
''လာပါအေ နားနား''
''သားကြီးကတော့ ညနေမှ သူ့အဖေနဲ့
စက်ဘီးစီး လာကြမယ်တဲ့အေ
ပြောလည်းမရ အလုပ်လောဘကြီးနေတာ''
''အို အလေလိုက်တာမှမဟုတ်ပဲ
မဟုတ်လည်း တို့ရွာက စည်းလုံးပါတယ်
ဝိုင်းကူလုပ်ကြမှာ''
ဟာလီလည်း အကြံနဲ့။ လူပျိုလှည့်ချင်တာ
နဲ့ အစ်ကိုမင်္ဂလာဆောင် အစော လိုက်လာခဲ့
သည်။
'' အို ဘာလိုလို့လဲ ''
''ဗျာ အော် ဟို မီးခြစ်လေးများ ရမလားလို့''
''အွင်း ဒီမှာရှင့်''
လှလိုက်တာ။ ဘယ်လိုတောင်
လူကို ရူးအောင် ဖမ်းစားနိုင်ရသလဲ။
ဟာလီဆိုတဲ့ မတ်ဖြစ်လာမဲ့သူရဲ့
အကြည့်တွေကို လှလေးပို ဘဝင်မကျ။
အလုပ်တွေ လုပ်တိုင်း မျက်လုံးရိုင်းရိုင်းကြီး
တွေနဲ့ ကြည့်တာကို မုန်းသည်။
ဒီနေ့က တော်တော်နဲ့ မကုန်။
''ဟဲ့ ဟဲ့ ဟိုမှာ''
''ဟင်''
သူငယ်ချင်းမတွေ လက်တို့မှ
လှလေးပို မော့ကြည့်သည်။
''ဟို ရေချိုးချင်လို့ ဒီမှာက လူတွေ
ရှုပ်နေတာနဲ့ မြောင်းကို လိုက်ပို့ပေးနိုင်မလား''
''ရေးရေး ဟေဟေး''
''ကောင်မတွေနော် ဟွင်း တော့၊
လာလိုက်ခဲ့လေနော်''
မြောင်းကို အတူသွားတော့
ရင်ခုန်မိတာအမှန်။ အိုးမည်းတွေ
ပေရေနေတဲ့ လက်တိုနဲ့ လူ။
အသားညိုညိုနဲ့ ကြည့်ကောင်းသူ။
ရေချိုးနေတော့ ကျောပေးကာ စောင့်
သည်။ ပြီးလောက်ပြီ အထင်နဲ့ လှည့်ကြည့်
မိပေမဲ့ မီးသွေးဖုတ်ရာက လာလို့နဲ့တူရဲ့။
သန့်ပြန့်သွားတဲ့အချိန် ဦးကျော်ရင်က
သိပ်ချောသည်။ အဝတ်ကိုပါ လဲဝတ်နေ
တော့ ကြွက်သားကြီးတွေနဲ့ ဦးကျော်ရင်ကို
လှလေးပို ရဲရဲတင်းတင်း မကြည့်ရဲတော့။
''ရပြီ လှလေးပို ၊ မိန်းကလေးနာမည်က
လှလေးပိုနော်''
''ဟုတ်တယ်ရှင့်''
တော်တော်နဲ့ ပြန်မသွားဖြစ်။
မြောင်းကလည်း တိုက်တိုက်ဆိုင်ဆိုင်
လူရှင်းနေတော့ မြောင်းဘေးက သရက်ပင်
အောက် စကားထိုင်ပြောမိသည်။
''ဦးနာမည်က ကျော်ရင်ပဲ
အလုပ်ကတော့ မီးသွေးဖုတ်တယ်
ထင်းခုတ်တယ်''
''ဟုတ်ကဲ့ ဒါနဲ့လေ ကျွန်မမေးသင့်သလား
မသိပေမဲ့ မေးချင်လွန်းလာလို့''
''မေးပါ မေးပါ''
''ဦးကျော်ရင် ကျွန်မကို ဘယ်လိုမြင်လဲရှင့်''
''လှပါတယ် သဘောကျတယ်''
''ရှင်''
''အမေပြောတော့ တန်းပြီးလက်ခံလိုက်တာ
ဟိုးတစ်လောကတော့ ပွဲကိုတောင် လာကြည့်
သေးတယ်''
''အို ဒါကို ကြိုမပြောပဲနဲ့''
''ဦးဘက်က ကြိတ်ချစ်နေတာကြာပြီလေ
တော်ကြာနေ မလွန်သင့်တာ မလွန်အောင်''
''အဟွင့်''
''လှလေးပိုမှာ ချစ်သူများ ရှိလေသလား
ရှိလည်း ကြိုပြောနော် မဟုတ်ရင်
နက်ဖြန်ဆို မရတော့ဘူး''
''အို မရှိပါဘူး အမေကပြောတယ်
ပေါ်တော်မူဘုရားကို ဘီးနဲ့ ဦးကျော်ရင်
လာရင် လိုက်ပို့ခိုင်းတဲ့''
''ဟေ အဲ့လိုလား ကောင်းပြီ ဟုတ်ပြီ
အခု သွားကြတာပေါ့''
ဦးကျော်ရင်ပုံစံက အသက်ကြီးလို့လား
မသိ။ ရင့်ကျက်တဲ့ပုံပင်။
ရေချိုးပြန်လာတော့ ရွာကအပျိုတွေ
ဦးကျော်ရင်ကို ဝိုင်းကြည့်ကြတာ အမော။
မနာလိုဖြစ်ချင်စရာ။ ဒါကြောင့်လဲ ဘုရားဖူး
သွားမယ်ဆိုတော့ ဘီးနောက်ကနေ ထိုင်တာနဲ့
တပြိုင်နက် ဦးကျော်ရင် ခါးကို ဖက်လိုက်
ပစ်ခဲ့သည်။
ကောင်မတွေ ပွဲဆူကျန်နေခဲ့လေရဲ့။
လမ်းကြမှ လက်ကို ဖယ်မယ်ဆိုတော့
ဦးကျော်ရင်က သံသယစကားဆိုသည်။
''လှလေးပို သဘောမတွေ့လည်း မတွေ့ချင်
စရာပါလေ၊ ဦးက အသက်ကြီးတယ်
တောသူဌေးဆိုအုံးတော့ မနက်က ည အလုပ်နဲ့
နပန်းလုံးနေရတယ် ၊ တကယ်တော့လည်း
လှလေးပိုကို ဦး လက်မထပ်ချင်ခဲ့ဘူး
အဲ့လို တွေးတိုင်းလည်း အိပ်မပျော်ခဲ့တာ
များတယ်''
''ဟင် ဘာလို့လဲ ဦးကျော်ရင်''
''အဖေ့အကြောင်းကို ဦး သိတယ်
အဖေက တယူသန်သမား အမေက
အတ္တကကြီးသေး ပြီးတော့ ညီလေးဟာလီ''
''ဟာလီ ဟုတ်လား''
''သူငယ်ငယ်က နာမည်ကြီးတဲ့
ကုလားမင်းသားနဲ့ သိပ်တူတာလေ
ဒါနဲ့ ဟာလီလို့ ခေါ်ရင်း နာမည်ရသွားရော''
''အော်''
''ဟာလီက အဖေနဲ့ သိပ်တူတယ်
တော်နေ ဦးမရှိတော့ရင် ခိုကိုးရာ မဲ့မှာ
စိုးရိမ်တယ်''
''ဟင်''
''ဟော မုခ်ပေါက်တောင် ရောက်ပြီ''
စကားလုံးတွေ တိတ်ဆိတ်တော့
လှလေးပို လက်ကလေးက ဦးကျော်ရင်
ခါးထက် ရောက်နေခဲ့သည်။
ဘုရားရှိခိုးဖို့ လှေကားအောက်နားမှာ
ဦးကျော်ရင် ချွတ်လိုက်သော ဖိနပ်ကို
ယူလိုက်သည်။ လှေကားတစ်ထစ်ထောင့်လေးမှာ ဖိနပ်နှစ်ရံကို အတူတူထားလိုက်သည်။
အတူတူ ဘုရားရှိခိုးတော့
ငယ်ရွယ်သူ ဆုတောင်းက လက်ထပ်မည့်
သတို့သားနဲ့ အသက်ထက်ဆုံး ပေါင်းစပ်
သွားနိုင်ဖို့သာ။
ရှိခိုးပြီးတော့ မြစ်ကမ်းနံဘေး လျှောက်လာ
မိကြသည်။ လှလေးပို ဆံနွယ်တွေက
တလွင့်လွင့်လေး။
''လှလေးပို''
''ရှင် ဦးကျော်ရင်''
''ဦးလို့ ခေါ်ပါတော့လားကွယ်
မစိုးရိမ်ပါနဲ့ ဦး ရှိနေသရွေ့
ဦးမိသားစုကြားမှာ လှလေးပို
မျက်နှာမငယ်ရစေပါဘူး''
''ဟုတ်ပါ ဦး''
''ဦး လှလေးပိုကို ချစ်တယ်
မိဘသဘောတူလို့ လက်ထပ်တာထက်
ချစ်လို့ လက်ထပ်တယ်ဆိုတာ
သိထားပါကွယ်၊ ရှေ့လျှောက်ဘာတွေ
ကြုံလာလာ ဦးကို ပြောပြ ကြားလား''
''ဟုတ်ကဲ့ ''
မျက်ရည်က အလိုလို ဝဲလာတာအမှန်။
တကယ်ဆို ဖေဖေဆုံးသွားကတည်းက
ပြန်မရနိုင်တော့ဘူးထင်ရတဲ့ နွေးထွေးတဲ့
မေတ္တာအငွေ့အသက်တွေကို ပြန်ရလိုက်
သလို။
အပြန်တော့ ဦးကျော်ရင်ခါးကို
တင်းနေအောင် ဖက် လိုက်ခဲ့သည်။
ညက လသာတော့ မနက်အတွက်
ချက်ပြုတ်ဖို့ ကူလုပ်ရင်း ချစ်လင်လောင်း
ကို ချောင်းလို့ ချောင်းလို့ ကြည့်မိခဲ့သည်။
မင်္ဂလာပွဲက စည်းကားသလောက်
စည်ခဲ့သလို အမေနဲ့ ခွဲရမယ်ဆိုတော့
ငိုမိတာအမှန်။ လင်မယားတွေ ဖြစ်သွား
တော့ နှစ်ယောက်တစ်စီး ဘီးနင်း ပြန်ခဲ့
ကြသည်။
'' လှလေးပို ''
''ရှင် ရှင့်''
''လှလေးပိုက သိပ်ငယ်သေးတယ်ကွယ်
လောကဓံမုန်တိုင်းတွေနဲ့ ကြုံလာရင်
ခံနိုင်ရည်မရှိမှာ သိပ်စိတ်ပူမိတယ်ကွယ်''
''အို ဦးကျော်ရင်ကြီး ရှိတာပဲဟာကို''
''လူဆိုတာ သေမျိုးပဲလေ လှလေးပိုရဲ့''
''ဦးကျော်ရင်ဆိုတာလေ အမြဲ သေစကားပဲ
ပြောနေတယ်၊ အတော်ကိုးပဲ သေချင်စိတ်
ဖြစ်နေသလားတော်''
''အဲ့လိုတော့မဟုတ်ပါဘူး၊ စိတ်ချပါ
တစ်ရက်တော့ ပြောဖြစ်အောင် ပြောပြ
ပါ့မယ်''
''အလို တော် စကားကို ဟိုဝှက်ဒီဝှက်နဲ့
ပြောတော့ လှလေးပိုကို ချစ်တယ်လေး
ဘာလေး''
စိတ်ထဲကတော့ မကောင်း။
တကယ်တော့ ဦးကျော်ရင် အပြစ်လည်း
မဟုတ်။ မမစောရင်ပြောတာကြောင့်လည်း
ပါသည်။
''ဘယ်လိုကြီးပြောချလိုက်တာလဲ
မမစောရင်ရယ် ၊ လှလေးပိုကလေ
မိန်းမကောင်းပါ ''
''ကောင်းတယ်ထားအုံးတော့
လူဆိုးမှာ ဂျို(ချို)ပါမှန်း
ညည်းသိလို့လားအေ့ ပြီးတော့
ညည်းဟာက တစ်ရပ်တစ်ကျေးကို
လိုက်သွားရမှာ ညည်းမတ်ကို
ငါတော့ ကြည့်မရချင်ပါဘူးအေ''
''မမစောရင်ကလည်း လူကို
ခြောက်လန့်နေပြန်ပါကောလား''
''အမလေး ဘုရား ငါက ညည်းကို
လန့်လို့ ဘာရမှာတုန်းအေ ခက်ရချည်ရဲ့အေ့
ဒီမှာ ညည်းမသေမချင်း မှတ်ထား
ခဲအိုနဲ့ ခယ်မ ယူတာမျိုးက အစ်ကိုကြီး
အဖရာ အဖေလို ဆုံးမတတ်သူဆိုတော့
ယူတာ အပြစ်မဖြစ်ပေမဲ့၊ မတ်နဲ့မရီး မယူသင့်
ဘူးအေ့''
''ရှင်၊ ယူရင် ဘာဖြစ်မှာလဲဟင်''
''ဘာဖြစ်ရမှာတုန်း နှစ်ယောက်စလုံး
ကြာကြာမရှင်နိုင်ဘူးလေ၊ ဘယ်သူဟောသလဲ
မမေးနဲ့နော် လူကြီးတွေပြောတာ ကြားဖူးတာ၊
အေး ရွာရှေ့ဖျားက တောလမ်းအနားက
ဘာတဲ့အေ မြတ်သီ အေး အဲ့ဟာမလေ ယူလိုက်
တာ ဟော သူယူလိုက်တဲ့ သူ့မတ်ကော သူပါ
ရှေ့ဆင့်နောက်ဆင့် သေပါကောလား''
အတွေးတွေက ချာချာလည်နေသည်။
သတိရမိတော့ ဦးကျော်ရင် စက်ဘီးကို
ရပ်ကာ လူကို ရပ်ကြည့်နေသည်။ ပခုံးလေး
ကို ထိလာခါမှ အသိတရားဝင်လာတဲ့အဖြစ်။
''လှလေးပို မကြိုက်ရင် ဦးလည်း
နောက် သေစကားမပြောတော့ပါဘူး''
''ဟင် အွင် အင်း....''
''ဟိုမှာ လမ်းဘေးရေအိုးစင်လေး
တမာရိပ်နဲ့ဆိုတော့ အေးနေမှာပဲ
ခဏနားရအောင်နော်''
''ဟုတ်ကဲ့''
ရေသောက်တော့ ရေကို အရင်ခပ်ကာ
ပေးလာတဲ့ ဦးကျော်ရင်။ ပြုံးမလိုလို
မျက်နှာထားက တစ်ဖက်လူကို ရင်ခုန်
စေချင်စရာ။
''လှလေးပို ကိုဘုန်းကြွယ် မမြစိမ်းဇာတ်လမ်း
ကို သိသလားကွယ်''
''ရှင် ဟို မမြစိမ်းသိုက်နန်းရှင်
ဇာတ်လမ်းမလား သိတာပေါ့ ဦးကျော်ရင်ရဲ့''
''အွန်း ဒါဆို ယုံကော ယုံရဲ့လား''
''ဦးကျော်ရင်ရယ် မယုံဘူးရယ်တော့
ဘယ်ရှိမလဲ ကြုံတုန်း ပြောပြအုန်းမယ်
လှလေးပို အဖေ့တုန်းကလေ''
''အွင်း''
''အမေက နတ်တင်ဖို့ အုန်းပင်ကနေ
အုန်းသီးခိုင်ချချနေကြ တစ်ရက် ဘာစိတ်ကူး
ပေါက်တယ်မသိပါဘူး ဘယ်လိုပြောတယ်
မှတ်သလဲ''
''အွင်း''
''အဲ့နတ်တွေကို အုန်းသီးပင်ပေါ်
တက်တက်ခုတ်ချပြီး တင်နေရတာ ရှုပ်တယ်
နတ်တွေ သူ့ဖာသာတတ်သောက်ပါစေတဲ့လေ
ဖွပ်ဟဲ့ မပြောကောင်း ပြောကောင်း
ပြောတာတော် ''
''နတ်ကိုင်ခံရလေသလား''
''ဟုတ်တယ် ဟုတ်ပ ဘယ်ပြောကောင်းမလဲ
အဖေပြောပြီး နောက် အဲ့အုန်းပင်က အုန်းသီး
ချလို့ နတ်တင် ခွဲစားကြ၊ အဟွင်း အုန်းရေလည်း
မပါသလို အုန်းသီးဆံပါ ဖင်ကပ်လေး''
''အတော်ပဲ ဆိုးသကိုး''
''ပြီးတော့ ရှိသေးတယ်''
''အေး ပြောပါအုံးကွဲ့''
စိတ်အားသန်သန်ပြောနေလေတဲ့
ဇနီးအသစ်စက်စက် အလှကလေး။
လှလေးပို။
''တစ်ရက်က အဖေပဲလေ အမေက
နတ်ကတော်တစ်ပိုင်းကိုး အဲ့တာ နတ်ဝင်တုန်း
တောင်ပြောမြောက်ပြော မယုံတာ အသာမနေ
ဘူးလေ ပါးစပ်က လျှောက်ပြောတာကိုး
ဘယ်ပြောကောင်းမလဲ နတ်ကိုင်ခံရရော
ဦးကျော်ရင်ရေ''
''အိုကွယ်''
''အဖေ့ခမြာ ကိုယ်အနှံ့ယားယံဖုတွေ
ထလာရော''
''ပြန်မတောင်းပန်ဘူးလား''
''အမေကပြောပါသေးတယ် တောင်းပန်ဆို
နင့်ဖာသာ တောင်းပန်လိုက်စမ်း အောင်တိုး
က တောင်းပန်ခိုင်းတယ်လို့လဲ ထည့်ပြော
လိုက်စမ်းတဲ့လေ အဖေက အဲ့လိုလူကြီး''
''ယားတာ မပျောက်တော့ဘူးလား''
''အမေပြန်တောင်းပန်ပေးလို့ ယားတာတော့
အဆိုးအရွားအကြီးမဖြစ်တော့ပေမဲ့
မကြာမကြာ ယားတတ်တာက သေရာပါသွား
တာပေါ့၊ ဒါကြောင့် ဘယ်သူဘာပြောပြော
လှလေးပိုကတော့ နတ်ကို ယုံတယ်''
''သိုက်နန်းရှင်ဆိုတာကိုရော ဘယ်လို
နားလည်သလဲ''
''လှလေးပို ကြားဖူးနားဝရှိတာကတော့
သိုက်ကနေ အိပ်လျက် ထွက်တာဆို
သိုက်နန်းရှင်တွေ၊ ထိုင်လျက်ထွက်သူဆို
သိုက်စောင့်လေးတွေပေါ့ သိုက်ကြိုးတွေ
ပွဲထိုး ဖြတ်လို့ရပေမဲ့ ထလျက်ထွက်တာကတော့
သိုက်နန်းရဲ့တာဝန်တွေကနေ လွတ်ကင်းခွင့်
ရသူတွေတဲ့ ဒီလိုမျိုးတော့ ကြားဖူးတယ်
ဦးကျော်ရင်ရဲ့''
''ဦးကတော့ အိပ်လျက် ထွက်ခဲ့သူ
တစ်ယောက်ပါ လှလေးပို''
''ရှင်....''။
🖤.....အပိုင်း ၃ မျှော်ရန်
#ဦးငယ်
🖤..အမေပြောပုံအရတော့ ဒီဇာတ်လမ်းပါ
အဖွားမြကျင်(ဒေါ်လှကြည်)သေလို့ ဦးငယ်
လူဝင်စားဖြစ်လာတယ်လို့တော့ ပြောပါသည်။
ယုံချင်မှ ယုံပါခင်ဗျာ။ လူကြီးတွေ အမေနဲ့
ဖတ်မိသလောက် စာအနည်းစုဖြင့် ရေးသား
လိုက် ခြင်း ဖြစ်ပါသည်။ မီးသွေးဖုတ်လုပ်ငန်း
နဲ့ နတ်ကတော် အကြောင်း နက်ဖြန်ရွာထဲ
ကွင်းဆင်းလေ့လာဖို့တော့ စီစဥ်ထားပါသည်။
အားပေးကြပါအုံးခင်ဗျာ။
7:11PM.....Mar8.2023.....Wed