ဗီလိန်မလေးရဲ့ စုတ်ချက်
မူရင်းစာရေးသူ - 리티티
ဘာသာပြန်သူ - Marilee
****
အခန်း ၂၁
ဘာပဲဖြစ်ဖြစ် တိုးချဲ့အိမ်တော်က နေ့စဉ်ဘဝဟာ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖုံးလိုက်နိုင်တဲ့အထိ တကယ်ကို ဆိတ်ငြိမ်အေးချမ်းလွန်းတာမို့ တာဝန်ကျ စစ်သည်တော်တွေဟာ နောက်ဆုံးမှာတော့ ဗိုင်အိုလတ်ရဲ့ အကြံပြုချက်အတိုင်း လိုက်နာပြီး အေးအေးလူလူ လေ့ကျင့်ရေးဆင်းကြတော့တယ်။
ပြီးတော့ သူတို့ အချိန်ရတိုင်းမှာ တိုးချဲ့အိမ်တော် အမှုထမ်းတွေရဲ့ အလုပ်တွေကို ဝိုင်းကူပေးကြတယ်။ စစ်သည်တော်တွေရဲ့ ရည်ရွယ်ချက်တွေက ဘယ်လိုပဲရှိနေပါစေ အမှုထမ်းတွေကတော့ အားကောင်းမောင်းသန် ယောက်ျားနှစ်ယောက် တိုးချဲ့အိမ်တော်ဆီ ရောက်လာကြတာကိုသာ ဝမ်းသာနေကြတော့တယ်။
ဒါပေမဲ့ ဒီမှာအနေကြာလေ ဇိုင်လိုရဲ့ သံသယတွေက နက်ရှိုင်းလာလေပါပဲ။
တကယ်ပါ သခင်မလေးရဲ့ အပါးတော်မြဲမိန်းကလေးအပါအဝင် တိုးချဲ့အိမ်တော်ရဲ့ အမှုထမ်းတွေအားလုံး ဗိုင်အိုလတ်အပေါ် နှစ်နှစ်ကာကာရှိကြတာ ထူးဆန်းနေခဲ့တယ်လေ။
သူ တစ်ခါက ယုံကြည်ထားခဲ့တဲ့ မိသားစုရဲ့ စွန့်ပစ်ခြင်းကိုခံလိုက်ရလို့ သခင်မလေးတစ်ယောက် အကြီးအကျယ် တုန်လှုပ်သွားတာပဲဖြစ်လေမလား။ ဒါမှမဟုတ် သေကောင်ပေါင်းလဲအဖြစ်နဲ့ ကြုံပြီးတဲ့နောက်မှာ သူ့ရဲ့အပြုအမူတွေ ပြောင်းလဲသွားလို့ပဲဖြစ်လေမလား။
ဇိုင်လိုတစ်ယောက် မယုံနိုင်စရာကောင်းလောက်အောင် တည်ငြိမ်နေတဲ့ ဗိုင်အိုလတ်ကို လေ့လာရင်း သူ့စိတ်ထဲမှာ သီအိုရီပေါင်းများစွာ၊ တွက်ချက်ခန့်မှန်းမှုပေါင်းများစွာ ပေါ်လာခဲ့တော့တယ်။ မည်သို့ပင်ဆိုစေ သူ့ရဲ့ ထင်ကြေးအားလုံးက ကာယကံရှင်ရဲ့ ကိုယ်တိုင်ရှင်းပြချက်ကို မရခင်အထိ အချည်းနှီးပဲဖြစ်ခဲ့တာပေါ့။
ဗိုင်အိုလတ်က အထူးသဖြင့် သူ့ရဲ့ အပါးတော်မြဲမိန်းကလေးနဲ့ ရင်းနှီးလှတယ်။ တခြားသူတွေနဲ့ ဘာသိဘာသာ ပြောဆိုဆက်ဆံသလိုမဟုတ်ဘဲ အဲ့ဒီကလေးမလေးနဲ့ စကားပြောတဲ့အခါတိုင်း ဗိုင်အိုလတ်ရဲ့ မျက်နှာမှာ စိတ်ရင်းက သိသိသာသာ ပေါ်လွင်နေလေ့ရှိတယ်။
"သခင်မလေး ဒီအတိုင်း ဆက်ပြီးအငတ်ခံသွားမယ်ဆိုရင် ကျန်းမာရေးထိခိုက်လိမ့်မယ်နော်!"
"ငါ မနက်စာနဲ့ နေ့လယ်စာ စားပြီးပြီလေ။ ညစာစားချင်စိတ် မရှိဘူး။"
"အကြီးအကျယ်မဟုတ်ဘဲ ရိုးရိုးရှင်းရှင်းအစားအသောက်လေးတွေ စားလိုက်ရင်ကို ရပါပြီ...ကျွန်မ စားဖိုဆောင်ကနေ စွပ်ပြုတ်နဲ့ အသီးအရွက်သုပ် သွားယူခဲ့မယ်နော်။"
"...နင် စိတ်တိုင်းကျသာ လုပ်တော့ဟယ်။"
ဗိုင်အိုလတ်က သူလိုငါလို ပုံမှန်အတိုင်း ပြုံးလေ့ရှိပြီး တစ်ခါတလေတော့ သာမန်လူသားတစ်ယောက်လိုအနေအထားလောက်သာ စိတ်ဆိုးတတ်လေ့ရှိပါတယ်။ ကောလာဟလတွေထဲက ယုတ်မာစဉ်းလဲတဲ့ မိန်းမဆိုတာနဲ့ လားလားမျှမဆိုင်ဘဲနဲ့ပေါ့။
မဟုတ်ဘူး...အစကတည်းက ဗိုင်အိုလတ်ဟာ သူ့ကို နာမည်ပြောင်ပေးကြသူတွေ ပြောကြသလို ယုတ်မာကောက်ကျစ်တဲ့ မိန်းမတစ်ယောက်ဖြစ်ဖို့မပြောနဲ့ ဂုဏ်သရေရှိ နယ်စားမင်းအိမ်တော်က အိမ်တော်စံမင်းသမီးတစ်ယောက်ရဲ့ ဟန်ကြီးပန်ကြီးပုံစံမျိုးတောင် မရှိခဲ့ပါဘူး။
ရေကန်အောက်ခြေမှာ တစ်ချိန်လုံးပုန်းနေခဲ့တဲ့ နတ်ဆိုးတစ်ကောင်က သခင်မလေးရဲ့ အရေကိုခြုံပြီး သခင်မလေးအဖြစ် ဟန်ဆောင်နေတာများလားရယ်လို့ ဇိုင်လိုတစ်ယောက် အတည်ပေါက်ကြီးကို တွေးမိတော့တာပေါ့။ အဲလက်ခ်ကလည်း ဗိုင်အိုလတ်ကို နတ်ဆိုးဝင်ပူးနေတာလို့ ပြောလာခဲ့တယ်လေ။
အဲ့ဒီလိုနဲ့ သူတို့နှစ်ယောက် ဗိုင်အိုလတ်ဟာ အန္တရာယ်ရှိတဲ့သူ ဟုတ်မဟုတ် ငြင်းခုံရင်း ဆင်ခြင်သုံးသပ်ကြတဲ့အချိန်တွေ ကုန်သွားတော့တယ်။ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်စလုံး...အဲလေ...ဇိုင်လိုတစ်ယောက် ဗိုင်အိုလတ်ကိုသတိချပ်မနေတော့ပါဘူး။
အခုတော့ စိတ်တုံးတုံးချထားလိုက်ပြီဖြစ်တဲ့ ကိုယ်ရံတော်စစ်သည်နှစ်ယောက်ဟာ ပင်မစံအိမ်မှာ တာဝန်ကျနေတဲ့ စစ်သည်တွေထက် နောက်ကျကျန်မနေရအောင် အပြင်းအထန် လေ့ကျင့်နေကြပြီလေ။
အဲ့ဒီနောက်မှာတော့...
"...ဘာလုပ်နေတာပါလဲ သခင်မလေး။"
"ပုံကြမ်းဆွဲနေတာ။"
"အဲ့ဒါက ဘာလဲဆိုတာ သေချာမသိ..."
"ဪ ရှင် သိလောက်မှာမဟုတ်ဘူး ကိုယ်ရံတော်။ ဒါက အရာဝတ္ထုတွေ လူတွေဆွဲတဲ့အခါသုံးတဲ့ ပုံကြမ်းရိုးရိုးတွေ လေ့ကျင့်နည်းလေ။ ပန်းချီဆွဲတဲ့လက်ရည်ကို တက်စေဖို့ပေါ့။"
"..."
ဇိုင်လိုတစ်ယောက် ဗိုင်အိုလတ်အတွက် ကိုယ်ဟန်ပြမော်ဒယ်လ် ဖြစ်လာတော့တယ်။
ဒီလိုနဲ့ တစ်ဖန်ထပ်ပြီး ဇိုင်လိုခမျာ စိတ်ရှုပ်ထွေးနားမလည်နိုင် ဖြစ်ရပြန်ပါပြီ။ သခင်မလေးက အမြဲတမ်း ဒီအတိုင်းပဲလား။ သူက ဇိုင်လို ပထမသခင်လေးဆီကနေ ကြားထားတာတွေနဲ့ ယှဉ်လိုက်ရင် တော်တော်ကြီးကို ကွဲပြားစွာ ပြုမူနေခဲ့တယ်လေ...
သူ့အတွေးတွေရဲ့ နှိပ်စက်မှုကြောင့် ဇိုင်လိုတစ်ယောက် သူ့ဓားကို အောက်ဘက်နှိမ့်ချလိုက်မိတယ်။
ဇိုင်လို့အတွေးထဲကလို ဗိုင်အိုလတ်မှာ ပူးကပ်နေတဲ့ နတ်ဆိုးမဟုတ်ဘဲ ဗိုင်အိုလတ်ကတော့ သူ့ရဲ့အရင်ဘဝက မှတ်ဉာဏ်တွေရဲ့ လွှမ်းမိုးမှုမှာ ဈာန်ဝင်စားနေတော့တယ်။ သူက ခဲတံကို တည်တည်ငြိမ်ငြိမ်နဲ့ အသာလေး ဆွဲနေခဲ့တယ်။
"...ကျွန်တော်က အရှင်နယ်စားမင်းရဲ့ အမိန့်အရ သခင်မလေးကို ကာကွယ်ဖို့ လာခဲ့တာပါ။"
"သိတယ်။"
"...ကျွန်တော် ကိုယ်ဟန်ပြမော်ဒယ်လ်လုပ်ဖို့ ဒီကိုလာခဲ့တာမဟုတ်ပါဘူး။"
"ဟုတ်မယ်ထင်တာပဲ ဟုတ်တယ်။ ဪ ရှင် လေ့ကျင့်မယ်ဆိုရင် အတွင်းခံအင်္ကျီပဲ ဝတ်ပြီးတော့ လေ့ကျင့်လို့ရမလား။ အဲ့ဒီလိုသာဆို ရှင့်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကို လေ့လာရပိုလွယ်မှာ။"
"..."
ဒီလိုမျိုး အတင့်ရဲတဲ့အပြုအမူကတော့ 'ယုတ်မာစဉ်းလဲတဲ့မိန်းမ' ဆိုတဲ့ နာမည်နဲ့ တစ်နည်းအားဖြင့် ကိုက်ညီသလိုရှိသား။ ပုံမှန်အားဖြင့် မှူးမတ်အနွယ်တော်တွေ လုပ်လေ့ရှိသလို သူတစ်ပါးရဲ့ ငြင်းဆိုမှုကို ဗိုင်အိုလတ်တစ်ယောက် အသာလေး မျက်ကွယ်ပြုလိုက်ပုံမှာ သီးသန့်ထင်ရှားတဲ့ မောက်မာပလွှားမှုတစ်မျိုးကလည်း စွက်နေခဲ့တယ်။ ဇိုင်လိုက ဗိုင်အိုလတ်ရဲ့ မောက်မာပလွှားမှုကို ဝေဖန်ခဲ့ပေမဲ့ ဘာပဲဖြစ်ဖြစ် ဗိုင်အိုလတ်ကိုတော့ မနိုင်ပါဘူး။
ဗိုင်အိုလတ်ရဲ့ တည်ငြိမ်ညင်သာတဲ့ စရိုက်က တိုးချဲ့အိမ်တော် အမှုထမ်းတွေအပေါ်ပဲ ပြသခဲ့တာမဟုတ်ပါဘူး။ စစ်သည်တော် လူငယ်လေးဟာ တစ်ချက်လောက် သတိလက်လွတ်ဖြစ်သွားပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ထဲကနေ ဆုံးမလိုက်မိတယ်။ သူ့ရဲ့ ပွက်ပွက်ဆူတက်လာတဲ့ ဒေါသကို ချွန်းအုပ်ထားရင်းနဲ့ပေါ့။
အိမ်တော်စံသခင်မလေးအရှေ့မှာ ကမူးရှူးထိုး ပေါက်ကွဲသောင်းကျန်းမိရင် သူ့ရဲ့စစ်သည်တော်ဘွဲ့က ပြန်ရုပ်သိမ်းခံရနိုင်ခြေရှိနေတယ်မဟုတ်ပါလား။
"နောက်တစ်ခါ ထပ်ပြောပါရစေ သခင်မလေး။ ကျွန်တော်က အရှင်မဟာနယ်စားမင်းရဲ့ အမိန့်နဲ့ ဒီကိုလာခဲ့တာပါ။"
"ရှင် ထပ်ပြန်တလဲလဲ ပြောပြနေစရာမလိုပါဘူး။ ရှင့်မှာ ကျွန်မကို ခစားဖို့ရော ကာကွယ်ဖို့ပါ လုံးဝစိတ်ကူးမရှိဘူးဆိုတာကို ရှင်ရော ကျွန်မပါ ကောင်းကောင်းသိနေတာပဲဟာ။"
"..."
"ရှင့်အနေနဲ့ ကိုယ်သဘောမကျတဲ့လူတစ်ယောက်ကို အမိန့်အပေးခံရရုံသက်သက်ကြောင့် ကိုယ့်ကိုယ်ကိုယ် အတင်းတွန်းအားပေးပြီး ခစားနေစရာမလိုပါဘူး။ ဒါပေမဲ့ ကျွန်မအတွက် မော်ဒယ်လ် ထိုင်ပေးတာလေးတစ်ခုကိုတော့ သည်းခံပေးဖို့ မေတ္တာရပ်ခံပါရစေ။ ရှင်လည်းသိတဲ့အတိုင်း ဒီမှာက ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနဲ့ ယောက်ျားသားဆိုတာ များများစားစားမရှိဘူးမဟုတ်လား။"
အဲ့ဒီလိုပြောပြီးတဲ့နောက်မှာတော့ ဇိုင်လိုတစ်ယောက် ဗိုင်အိုလတ်ကို အကြောင်သားငေးကြည့်နေရုံသာ တတ်နိုင်ခဲ့တော့တယ်။
သူ့အကြည့်ရဲ့ စူးစူးရဲရဲရှိလှပုံကို ခံစားမိသွားတာကြောင့် ဗိုင်အိုလတ် မျက်မှောင်ကြုတ်လိုက်မိတယ်။
"...ဘာဖြစ်လို့ ကျွန်တော်ဖြစ်ရတာလဲ။"
"ဆာ ဟန်စ်ရဲ့ မျက်လုံးတွေထဲမှာ ကျွန်မအပေါ် ဥပါဒါန်အစွဲထားတဲ့ အကြည့်တွေကို တွေ့နေရတယ်လေ။ ပြီးတော့ သူက ဘာပဲလုပ်ရလုပ်ရ တရားမျှတမှုအတွက် ကျွန်မကို အာခံဆန့်ကျင်မှာပဲလို့ ခံစားနေရတယ်လို့ဆိုရမလား။ ဪ အဲ့ဒါတွေ အသာထားလိုက်ရင် သူ့မှာ ကောင်းကောင်းလူကဲခတ်နိုင်တဲ့အစွမ်း မရှိဘူးလို့ထင်တယ်။ တချို့တချို့သော ငပိန်းတွေလိုပေါ့။"
ဗိုင်အိုလတ်က ဝေဖန်လိုက်တယ်။
ဗိုင်အိုလတ် ခိုင်းနှိုင်းပြောဆိုလိုက်တဲ့လူက မစ်ခ်ဟေးမှန်း သဘောပေါက်သွားတဲ့အခါ ဇိုင်လို အံကြိတ်ထားလိုက်မိတယ်။ သူ့မှာသာ အဲ့ဒီလို အစွဲထားတဲ့မျက်လုံးတွေရှိခဲ့မယ်ဆိုရင် သူ့မျက်လုံးတွေရော ဖောက်ထုတ်ခံရလောက်မလားရယ်လို့ တွေးမိသွားခဲ့တယ်။
အဲ့ဒါတွေအားလုံးထက် အခုလေးတင် ဗိုင်အိုလတ်ပြောလိုက်တဲ့ စကားတွေက ဒီအတိုင်း ပေါ့ပေါ့တန်တန် ထားလိုက်လို့ရတဲ့အရာမဟုတ်ပါဘူး။
အခု ဒီနေရာမှာ တာဝန်ကျတဲ့လူက သူမဟုတ်ဘဲ အဲလက်ခ်သာ ဖြစ်ခဲ့မယ်ဆိုရင် ဘာတွေများဖြစ်ကုန်လောက်မလဲ။ အခုအချိန်လောက်ဆို အဲ့ဒီကောင် သခင်မလေးကို ဒေါသထွက်အောင် လုပ်ပြီးသွားလောက်တယ်။ ဇိုင်လိုရဲ့ အတွေးထဲမှာ အဖြစ်အပျက်အမျိုးမျိုးကို ပုံဖော်တွေးကြည့်လိုက်မိတယ်။
ဗိုင်အိုလတ်ကတော့ ဘာမှမဟုတ်သလို ပြောလိုက်ပေမဲ့ အဲ့ဒါက အရေးကြီးတဲ့ကိစ္စပါ။ အထက်အောက် ရာထူးအရိုက်အရာ ကိစ္စတွေရဲ့အနောက်မှာ အဲလက်ခ်ရဲ့ သစ္စာစောင့်သိမှုကတော့ နယ်စားမင်းအိမ်တော်အပေါ်မှာပဲ ရှိနေရမယ်မဟုတ်ပါလား။ ပြီးတော့ အဲ့ဒါအပြင် သူက နယ်စားမင်းအိမ်တော်ရဲ့ နောက်လိုက်လက်အောက်ခံ စစ်သည်တော်ဆိုတဲ့ တာဝန်ကိုလည်း ဖြည့်ဆည်းရဉီးမှာလေ။ အဲ့ဒီတာဝန်ကို မဖြည့်ဆည်းနိုင်ဘူးဆိုရင် သူရဲ့ စံတန်ဖိုးက ပျက်စီးသွားမှာပါပဲ။
ပြီးတော့ အဲ့ဒီလို ကမူးရှူးထိုးနိုင်မှုနဲ့ ပတ်သက်လာရင် ဇိုင်လိုအတွက်လည်း အတူတူပါပဲ။
"...ကျွန်တော် ပိုပြီးသတိထားပါ့မယ်။"
ပုဂ္ဂိုလ်ရေးခံစားချက်နဲ့ အလုပ်ဆိုတာ တစ်ကန့်စီထားရမှာပါပဲ။ သူ့ရဲ့မျက်လုံးတွေဟာ ဥပါဒါန်အစွဲတွေနဲ့ ပြည့်နေရင်တောင် ကျိုးကြောင်းဆင်ခြင်နိုင်သေးလို့ တော်သေးတာပေါ့။
စစ်သည်တော် မှန်ကန်တဲ့ဆုံးဖြတ်ချက်ချလိုက်ပုံကို မြင်တဲ့အခါ ဗိုင်အိုလတ် ရယ်လိုက်မိတယ်။
အဲ့ဒီလိုပြောပြီးတဲ့နောက်မှာ ဇိုင်လိုက လေ့ကျင့်ရေးမှာ တစ်ဖန်ထပ်ပြီး အာရုံစိုက်လိုက်ပြန်တယ်။
ဗိုင်အိုလတ်က လက်ပေါ်မေးထောက်ထားရင်း ဇိုင်လိုရဲ့ ထပ်ပြန်တလဲလဲ အခြေခံဓားလွှဲချက်တွေနဲ့ ပုံစံချနေပုံတွေကို ကြည့်နေလိုက်တယ်။
သူက ဗိုင်အိုလတ်အတွက် မော်ဒယ်လ်ထိုင်ပေးဖို့ကို အပြတ်မငြင်းလိုက်ဘူးဆိုတော့ သူ့ကိုကြည့်ပြီး ပုံဆွဲဖို့အတွက် အဆင်ပြေလောက်မှာပါပဲ။ ဒါပေမဲ့ အဲ့ဒီနောက်မှာပဲ...
"ကိုယ်ရံတော် ရှင်..."
"..."
"အရှင်နယ်စားမင်းက ရှင့်ဆန္ဒနဲ့ဆန့်ကျင်ပြီး ဒီကိုလွှတ်လိုက်တာဖြစ်မယ်။ ရှင်က နာမည်ကြီးစစ်သည်တော်လို့ကြားတယ်။ ဒါပေမဲ့ ဒီလိုနေရာမျိုးမှာ ကျွန်မကို ကာကွယ်ပေးရင်း အချိန်ဖြုန်းနေရတာ နှမြောစရာပဲ။"
****
StoryGlory
Swara Webnovel Translation