M I N E M Y:
အချစ်တွေနဲ့ မိုးထားတဲ့အိမ် (၈)
နံနက် (၆) နာရီ ခွဲပြီးသည့်အချိန်တွင်တော့ ဒီယံပျိုး အလုပ်သွားဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ။ အလုပ်နဲ့ ဂေဟာက နာရီဝက်နီးပါးဆိုင်ကယ်မောင်းရသည်မို့ ထိုအချိန်သည် သူ့အတွက် အသင့်တော်ဆုံး အချိန်သာဖြစ်သည်။
ထူးခြားပြီး ဆန်းပြားသည့် ဒီယံပျိုး ဆိုသည့်နာမည်နှင့် ချောမောစွာဖြစ်တည်လျက်ရှိသည့် မျက်နှာကျလေးကြောင့် သူသည် ဂေဟာမှာရော အလုပ်မှာပါ လူချစ်ခံရသည့် သူတစ်ယောက်သာဖြစ်သည်။ ခင်မင်သူအများစုကတော့ " ယံယံ " ဟူ၍သာ ချစ်စနိုး ခေါ်လေ့ရှိကြသည်။
" Coffee Garden " လို့ခေါ်တဲ့ ကော်ဖီဆိုင်တစ်ခုမှာ
ယံယံက Waiter အနေနဲ့ အလုပ်ဝင်ခဲ့တာတောင် နှစ်နှစ်နီးပါးရှိရော့မည်။
(၃၅) လမ်းမကြီးပေါ်မှာ ဖွင့်ထားတဲ့ ကော်ဖီဆိုင်လေးဖြစ်တာကြောင့် လမ်းသွားလမ်းလာ၊ ပုံမှန်ဧည့်သည်တွေနဲ့ပင် ဆိုင်လေးက အတော်စည်ကားနေပေသည်။ မကျဉ်းမကျယ် အနေအထားလေးမှာ ဆိုင်လေးက သပ်သပ်ရပ်ရပ်လေးနဲ့ ထိုင်ချင်စဖွယ်လေးသာဖြစ်သည်။ ဆိုင်ခန်းလေးထဲ ဝင်လိုက်တာနဲ့ ကော်ဖီရနံ့သင်းသင်းလေးက ဆီးလို့ကြိုနေသည်။
" မင်္ဂလာပါ မမိုးစက် "
" မင်္ဂလာပါ ရှင် "
ပန်းဆီရောင် မြန်မာရင်ဖုံးလေးသည် မမိုးစက်ရဲ့ ဝင်းအိတဲ့ အသားအရေမှာ စပ်ဟက်နေလေသည်။ သည်ကော်ဖီဆိုင်ရဲ့ Uniformက တခြားဆိုင်တွေလို စပို့ရှပ်နဲ့ ဘောင်းဘီရှည် မဟုတ်ပါ။ ခုနှစ်ရက်တာ ရက်သတ္တပတ်လုံး မိန်းကလေးတွေဆို အရောင်အသွေးစုံတဲ့ မြန်မာဝတ်စုံဒီဇိုင်းများသာ ဝတ်ဆင်စေသည်။ ယောင်္ကျားလေးတွေဆိုရင်တော့ လည်ကတုံးရောင်စုံ နှင့် ပုဆိုးကို တစ်ပတ်စာ ထုတ်ပေးထားသည်။
" အဖြူလည်ကတုံးလေးနဲ့ ငါ့မောင်က သန့်ပြန့်လို့ပါလား "
" အမကလည်း နေ့တိုင်းမြင်နေရတဲ့သူတွေကို မြှောက်နေပြန်ပါပြီ ကျေးဇူးပါဗျာ "
ဒီယံပျိုး ဆိုတဲ့ ထိုကောင်လေးက ပကတိ တည်ငြိမ်အေးချမ်းလျက်ရှိသည်။ ယဉ်ကျေးဖော်ရွေပြီးတော့ အနေတည်တဲ့ သူတစ်ယောက်သာ။ အလုပ်ကို တိတိကျကျနှင့် မကပ်မခိုဘဲ လုပ်လေ့ရှိတာကြောင့် ဆိုင်ပိုင်ရှင်ရော ဝန်ထမ်းအချင်းချင်းကပါ သဘောကျရ၊ အချစ်ပိုရတဲ့ သူသာဖြစ်သည်။
" ယံယံ ရေ။ ဧည့်သည်လာပြီ။ စားပွဲနံပါတ်(၁)မှာ အမှာသွားယူပေးပါဦး"
"ဟုတ်ကဲ့ မမ။"
ကောင်တာက မမိုးစက် ရဲ့ အသံကြောင့် သူ မှန်ပြတင်းပေါက်လေးတွေ သုတ်နေရာကနေ စားပွဲဝိုင်းဆီ လှမ်းလာခဲ့သည်။
"မင်္ဂလာပါ။ ဘာများအမှာရှိမလဲ ခဗျာ။"
ချိုသာတဲ့ အသံလေးနဲ့ ဖော်ရွေစွာပင် ဧည့်သည်တွေဆီ Menu Card လေးထိုးပေးလိုက်သည်။
" Cappuchino ကော်ဖီနှစ်ခွက်ပေးပါ။ ပြီးတော့ Sandwich နဲ့ Burger ကို နွှေးပြီး ယူခဲ့ပေးပါနော်။"
"ဟုတ်ကဲ့ခင်ဗျ။"
Menu Card လေးကို ပြန်ယူပြီး ကောင်တာဆီ လှည့်ထွက်လာခဲ့သည်။ ဧည့်သည်ရဲ့ အမှာစာရင်းကို ကောင်တာကနေယူပြီး စားပွဲဝိုင်းဆီ ချပေးခဲ့လိုက်ပါသည်။
ထို့နောက်တွင်တော့ စားပွဲဝိုင်းလေးတွေကို တဘက်တထည်နဲ့ လိုက်သုတ်ပြီး သပ်ရပ်စွာ စီရရီလေး စီထားလိုက်ပါသည်။ ဒီယံပျိုး အတွေးမှာ တစ်ခုသာရှိသည်။ လုပ်ငန်းချိန်အတွင်းမှာ အလုပ်မှာရှိတဲ့ လုပ်စရာမှန်သမျှကို သူသူငါငါ မခွဲခြားဘဲ စနစ်တကျ လုပ်ရမည်သာဖြစ်သည်။
" ယံယံရေ၊ ထိုင်ပါဦးကွယ်။ ဧည့်သည်လည်း မကျသေးပါဘူး။ နားပါဦးတော့။"
"ရပါတယ်၊ မနွေးရဲ့။ ကျွန်တော် မပင်ပန်းပါဘူး။"
အလုပ်ဆိုတာနဲ့ ဖင်ပေါ့စွာပင် စေတနာပါပါ လုပ်ပေးတတ်တာ သူ့အပြင် နှစ်ယောက်မရှိ။ အလုပ်ပေါ်မှာလည်း စေတနာ အလွန်ထားသူမို့ တဆိုင်လုံးရဲ့ အချစ်တော်လေး ဖြစ်နေတာ မဆန်းခဲ့ပါချေ။
"မင်္ဂလာပါ။ ယံယံရေ"
"မင်္ဂလာပါ၊ မမဇွန်"
" ယံယံ...မနက်ဖြန် သူဌေးရဲ့ အသက် (၂၅) ပြည့်မွေးနေ့တဲ့။ အဲ့ဒါ မောင်လေးတို့ ဂေဟာမှာ ကော်ဖီနဲ့ မုန့် မနက်စာကျွေးမယ်လို့ စီစဉ်ထားတယ်တဲ့။ ဂေဟာကို တစ်ချက်လောက် ဖုန်းဆက်ပေးပါဦးကွယ်။ မနက်ဖြန် မနက်စာအလှူရှင်က မမတို့ ကော်ဖီဆိုင်က သူဌေးက တာဝန်ယူမှာပါလို့"
" ဟုတ်ကဲ့ မမ၊ ဒါဆို ကျွန်တော် အခုပဲ အမေမြဆီ ဖုန်းဆက်လိုက်မယ်နော် "
ဝန်ထမ်းနားနေခန်းလေးထဲသို့ အပြေးဝင်ကာ အမေမြဆီ ဖုန်းခေါ်လိုက်သည်။
" ဟယ်လို "
" အေး သား...ယံယံ ပြော "
" အမေမြ နက်ဖန် မနက်စာကို သားတို့ဆိုင်ပိုင်ရှင် အကို့ ရဲ့ မွေးနေ့မို့ ကော်ဖီနဲ့ မုန့် ကျွေးမယ်တဲ့ "
" အော် အေးအေး ရတယ်လေ သား။ အမေမြတို့ သားတို့သူဌေးအတွက် မနက်စာအလှူရှင်ကို ဖယ်ထားပေးမယ် "
ထို့နောက် ဆိုင်လေးထဲသို့ သူ ပြန်ဝင်လာခဲ့သည်။
" မမဇွန် ရတယ်တဲ့ "
" အော် အေးအေး။ ဒါနဲ့ မောင်လေးတို့ ဒီည ဒီမှာပဲ အကုန်အိပ်ရမယ်နော်။ မနက်အတွက် ပြင်ဆင်စရာတွေရှိတာကြောင့် ညကျ တဖွဲ့လုံး သူဌေးရဲ့ မွေးနေ့လေးအတွက် ပျော်ပျော်ပါးပါး ပြင်ဆင်ကြမယ် နော်။ ဖြစ်တယ်မလား အကုန်လုံး "
" ဖြစ်တယ်လေ ဇွန်ပွင့်ရဲ့ "
" ဟုတ် ရတယ် မမဇွန် "
"ဒါနဲ့ လွှမ်း ရော မရောက်သေးပါလား။ ဒီကောင်လေးအမြဲနောက်ကျတယ်နော်။ သူဌေးသိရင် ဆူခံထိတော့မယ်။"
"လွှမ်း အိပ်ရာထ နောက်ကျပြန်ပြီထင်ပါရဲ့။ မနွေးရေ အဲ့ကောင် ညညဆို လိုင်းပေါ်က တော်တော်နဲ့ မဆင်းဘူးလေ။ ဘာတွေအလုပ်ရှုပ်နေရယ်လည်း မသိ။"
မနွေးက ကော်ဖီဖျော်စက်ကို သန့်ရှင်းနေရင်းက လွှမ်းကို စိုးရိမ်စွာ စကားစလာသည်။ ဒီယံပျိုး ကပါ မနွေးပြောစကား ကို ထောက်ခံလိုက်လေသည်။
"ဟိတ်ကောင်"
"အမေ့..."
လွှမ်းက အနောက်ကနေ သူ့ ပခုံးလေးကို ဖျစ်ညှစ်လိုက်လေသည်။
"အ့...လွှမ်း ရ တု ပိုင် "
"မင်းက ငါ့မကောင်းကြောင်းပြောနေတယ်ပေါ့လေ။ ဒီကောင်လေး ဆုံးမရဦးမယ်။ "
"အံမာ...အတင်းမဟုတ်ပါဘူးနော်။ လွှမ်း ညညဆို လိုင်းပေါ်အလုပ်ရှုပ်နေတဲ့အကြောင်းပြောပြရုံတင်။ နော့ မမနွေး။ "
မနွေးက ထောက်ခံသည့်သဘောနှင့် လက်မလေး ထောင်ပြလိုက်သည်။
"လွှမ်း...နင် ခဏတိုင်း နောက်ကျမနေနဲ့ဦး။ ခဏ...ခဏ ပဲနော်။ မနက်အစော သူဌေးက တခါတလေ လာတတ်တယ်။"
"ဟုတ်ကဲ့ပါ၊ မနွေးရဲ့။ ဒီနေ့ အိပ်ရာထတာ အလစ်တဲလေး နောက်ကျသွားလို့ပါနော်။"
" ဒါနဲ့ လွှမ်း မနက်ဖြန်သူဌေးမွေးနေ့ ယံယံတို့ ဂေဟာမှာ မနက်စာကျွေးမှာမို့ ညကျ ဒီမှာပဲ အိပ်ရမယ်နော် "
" အကုန်လုံးလား မမဇွန်ပွင့် "
" ဟုတ်တယ် အကုန်လုံးပဲ "
" ဟုတ်ကဲ့ ရတယ်လေ လွှမ်းလည်း "
"ဟုတ်ပါပြီ။ ကဲ၊ကဲ...ဧည့်သည်တွေ ကျလာပြီ။ သွား...ဧည့်သည်ဝိုင်းသွားချေတော့။"
နံနက်ခင်း လူစည်ချိန်ရောက်ပြီဖြစ်လို့ ဧည့်သည်များ ဟိုတစ်ယောက်၊ ဒီတစ်ယောက် ကျလာခဲ့သည်။ ထိုအချိန်တွင်တော့ ဒီယံပျိုးတို့ တစ်ဆိုင်လုံး အလုပ်မအားလပ်ကြပါ။ ဟိုဝိုင်းကူး၊ ဒီဝိုင်းကူးနဲ့ ကူးလူးသွားလာ လှုပ်ရှားနေခဲ့ရသည်။
သူ၏ မနက်ခင်းအချိန်အခါလေးကို ကော်ဖီ ဆိုင်လေးမှာ ဝန်ထမ်းလုပ်ရင်းနဲ့ ကုန်ဆုံးလာခဲ့ရတာ နှစ်နှစ်တောင် ကြာခဲ့လေပြီ။ နွေးထွေးပျော်ရွှင်ခြင်းများဖြင့် ပြည့်နှက်နေတဲ့ ထိုဆိုင်လေးကို ဒီယံပျိုး နှစ်သက်မြတ်နိုးရပါ၏။
💙
ပုံရိပ်ကို ဆွဲဆောင်ချင်တာမို့ စပို့ရှပ် လက်ရှည်အဖြူလေးကို ဂျင်းဘောင်းဘီလေးနဲ့ လိုက်ဖက်စွာ ဝတ်ဆင်ခဲ့သည်။ ဖယောင်းဂျယ်လို့ခေါ်တဲ့ ဆံပင်ပုံဖော်ရတဲ့ အမာစားဂျယ်ကို ခေါင်းအနှံ့လူးလိုက်ပြီးတော့ သေချာလေး ဆံပင်ပုံဖော်လိုက်ပါသည်။ ခရင်မ် လေးနည်းနည်းလောက်လူးပြီးတော့ မှန်လေးထဲက ကိုယ့်ရုပ်ကို တချက်ပြန်ကြည့်မိသည်။
" အရမ်းချောတဲ့ ငါပါလားကွာ။ ပုံရိပ် မင်းတော့ ကြွေကျဖို့သာ ပြင်ထားတော့ "
ညနေ (၅) နာရီ ထိုးတော့မှာမို့ သက်ဦးဇင် အိမ်ကနေ ထွက်လာခဲ့သည်။ ပုံရိပ် ဟိုတယ်လေးဆီသို့ ငါးနာရီ ထိုးလောက်မှာ ရောက်လာခဲ့လေသည်။
ဟိုတယ်ရဲ့ ဝန်ထမ်းအပေါက်လေးကနေ ပုံရိပ်ကိုတွေ့လိုက်ရသည်။ လက်ကလေး ဝှေ့ယမ်းပြလိုက်တော့ ပုံရိပ်ရဲ့ အပြုံးလေးကို တစွန်းတစလေး မြင်လိုက်ရလေသည်။ Fingerprint စက်လေးထဲ လက်ကလေးထိုးထည့်ပြီးတော့ မောင် ရှိရာဆီ ပုံရိပ် ရောက်လာခဲ့သည်။
အဝေးကနေတောင် လှမ်းမြင်နေရတဲ့ မောင့်ရဲ့ပုံစံက ပိုက်ဆံအသစ်လေးလို သစ်လွင်တောက်ပနေသည်။ အင်္ကျီအဖြူလေးက မောင့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တောက်ပစွာ နေရာယူထားလျက်။ ယောင်္ကျားဆန်တဲ့ မေးရိုးကားကားတွေနဲ့ သေသပ်စွာ ထောင်ထားတဲ့ ဆံပင်ပုံစံက မောင့်ရဲ့ ချောမောခန့်ညားမှုကို ပို၍ပံ့ပိုးပေးနေသယောင်။
တုတ်ခိုင်နေတဲ့ လက်မောင်းအိုးကြီးတွေက ဖုဖောင်းနေတာ အင်္ကျီအောက်ကနေ အထင်အရှား ထိုးထွက်နေသည်။ ကျယ်ပြန်တဲ့ ရင်အုပ်ကားကားကြီးတွေနဲ့ အညိုစင် ကိုလူချောလေးက မိန်းကလေးတိုင်းရင်ခုန်ချင်စရာ ယောင်္ကျားတစ်ယောက်သာဖြစ်သည်။ ရှည်လျားတဲ့ အရပ်မြင့်မြင့်ကြီးက ခြောက်ပေအတိရှိသည်။ တစ်ခါတစ်လေ မောင့်ရဲ့ ရင်ခွင်ကျယ်ကြီးထဲ တမေ့တမော နစ်မြုပ်သွားတတ်သည်။
" ကိုသက်ဦးဇင်...ဘယ်ကောင်မလေးကို မြှူစွယ်ချင်လို့ အရမ်းတွေ ချောနေရပါလဲ ရှင်းပါဦး"
" ဒီက ကိုယ့်မိန်းမလေးကိုပေါ့ဗျာ။ ဘယ်လိုလဲ...ကိုယ့်ယောင်္ကျားကိုမြင်တော့ အရမ်းသဝန်တိုသွားတယ်ဟုတ် "
" တိုမနေဘူး။ ယူချင်တဲ့သူ လာယူသွား "
" တကယ်လား ပုံရိပ်။ ဒါဆို နောက်မိန်းမ ယူလိုက်ရမလား "
" မောင်နော် "
လက်သီးဖွဖွလေးက လက်မောင်းဆီသို့ ဦးတည်လျက်။ ထိုလက်သီးဆုပ်လေးကို သက်ဦးဇင် အမိအရ ရှုံ့နမ်းလိုက်ပါ၏။
" သူပဲ သဝန်မတိုဘူးဆိုပြီး "
" မသိဘူးကွာ။ နောက်အဲ့လိုမပြောနဲ့။ ပုံရိပ် မကြိုက်ဘူး "
" ပြီးရောကွာ "
" မောင် ဘာလို့ ဒီနေ့ အဲ့လောက်ပြင်ဆင်ထားတာလဲ "
" ပုံရိပ်...ဒီနေ့ တစ်ခုခု သွားစားရအောင်။ မောင် ဝယ်ကျွေးမယ်...ဟဲဟဲ "
ပုံရိပ်၏ ဝင်းပသွားသည့် မျက်လုံးလေးသည် ဖန်ဂေါ်လီလေးလို ချစ်စဖွယ်အတိ။ ကော့ညွတ်သွားတဲ့ နှုတ်ခမ်းကွေးလေးက နှင်းဆီပွင့်လေးလို လှပစွာ ဖူးပွင့်လျက်ရှိသည်။ ထို့နောက်...
" နေပါဦး...ပိုက်ဆံက ဘယ်ကရတာလဲ "
" ဒီမယ်လေ ပုံရိပ် "
အိတ်ကပ်လေးထဲက တစ်ထောင်တန်ခြောက်ရွက်ကို ထုတ်ပြလိုက်သည်။
" ဟင်...ပိုက်ဆံတွေ။ ဒီနေ့လည်း အလုပ်သွားပြန်ပြီလား မောင်။ ပုံရိပ် စကားကို နားမထောင်တာလား "
နှုတ်ခမ်းလေးစူကာ စိတ်ကောက်နေသည်။
" မောင် ပြောတာလည်း နားထောင်ပါဦးကွာ။ မနက်က ပုံရိပ်ကို အလုပ်ပို့ပေးပြီးတော့ မိန်းမတစ်ယောက် မောင့်ကို ကယ်ရီခေါ်တယ်။ ဂေါဝိန်ဆိပ်ပို့ပေးပါတဲ့၊ သုံးထောင်လောက်ရတော့ မောင်လည်း မငြင်းတော့ဘူးလေ။ ပင်ပန်းတာမှ မဟုတ်တာ။ သူ့ကို ဂေါဝိန်ဆိပ်ပို့ပေးပြီးတော့ အပြန်လမ်းနဲ့လည်း ကယ်ရီခေါ်တော့ မောင်လည်း လမ်းကြုံတာနဲ့ ဝင်ပို့လိုက်တာ နောက်ထပ်သုံးထောင်ရတယ်။ ခဏလေးနဲ့ ခြောက်ထောင်ရတာ နည်းလား ပုံရိပ်ရဲ့ "
ထိုအခါမှ ပုံရိပ်နှုတ်ခမ်းစူစူလေး လျော့သွားတော့သည်။
" မောင်ကတော့နော်၊ ပိုက်ဆံရမယ်ဆို ကြုံရာအကုန်လုပ်တော့တာပဲ "
" မောင်ရှာသမျှက မောင့်ပုံရိပ် အတွက်ပဲလေ။ မောင့်မှာ မင်းကို ပြည့်ပြည့်စုံစုံ ထားချင်လွန်းလို့ မောင် အလုပ်လုပ်နိုင်တုန်း ရှာထားရတာပေါ့ ပုံရိပ်ရဲ့။ ကဲပါ...ဒါတွေထားလိုက်၊ မောင်တို့ တစ်ခုခု သွားစားကြမယ်။ လာ ဆိုင်ကယ်ပေါ်တက် "
" ဟင်း...ပုံရိပ်ကကျရော။ ရေလည်းမချိုးရသေးဘူး"
" ချိုးမနေပါနဲ့တော့ကွာ။ မောင့်ပုံရိပ်က ဒီအတိုင်းတောင် ချောနေပြီ၊ လာ...တက် "
ဆိုင်ကယ်လေးပေါ် ပုံရိပ် တက်လိုက်ပြီးတော့ မောင့် ခါးလေးကို သိုင်းဖက်လိုက်သည်။ နောက်ကြည့်မှန်လေးကို ပုံရိပ်မျက်နှာလေးဆီ ချိန်လိုက်တော့ မပြင်မဆင်ထားသည့်တိုင် ချောမောသည့် ချစ်ရသူမျက်နှာလေးကြောင့် သူ ပြုံးရွှင်မိသွားသည်။ ပုံရိပ်၏ ချစ်စဖွယ် မျက်စောင်းလေးနှင့် အကြည့်ချင်းဆုံတော့ သူ၏ ရင်ခုန်နှုန်းများ ပိုမိုမြန်ဆန်လာရသည်။
💙
ဆိုင်ကယ်လေးသည် တရွေ့ရွေ့ ကန်တော်ကြီးပတ်လမ်းလေးသို့ မောင်းလာခဲ့သည်။ " Palace Tower " လို့ခေါ်သည့် သီးသန့်အခန်းလေးတွေထဲတွင် အသေးစားရုပ်ရှင်ကြည့်ရသည့် နေရာလေးသို့ ရောက်လာခဲ့ကြသည်။ ထိုနေရာလေးသည် ချစ်သူစုံတွဲများ အပန်းဖြေရာ၊ မိသားစုများ ပျော်ရွှင်သဘောကျနှစ်သက်ဖွယ်ရာ ဘုံလေးတစ်ခုသာဖြစ်ပါ၏။
အကြောင်းကား ထိုအခန်းလေးတွေသည် ဆက်ရှင်နှင့် ယူရသည့် အခန်းငယ်လေးတွေဖြစ်ပါ၏။ ဝန်ဆောင်မှုအနေဖြင့် ရုပ်ရှင်ကြည့်လို့ရသည့် မျက်နှာပြင်ကျယ်ကျယ် တီဗွီတစ်လုံး၊ လေအေးပေးစက်လေးတစ်လုံးနှင့် ဆိုဖာလေးတစ်ခုကို ထိုအခန်းတိုင်းတွင် သုံးစွဲခွင့်ပေးထားပါ၏။ ရုပ်ရှင်တစ်ခါကြည့်ရန် ပေးရသော အခကြေးငွေသည် လူနှစ်ယောက်အတွက် (၅၀၀၀) ကျပ်ဖြစ်သည်။ အကယ်၍ လူအပိုပါရင် တစ်ယောက်လျှင် (၂၀၀၀) ကျပ်နှုန်းဖြင့် Extra Charge ထပ်၍ ပေးဆောင်ရပါ၏။
ထို့နောက် မိမိမှာယူစားချင်သည့် စားဖွယ်မျိုးစုံကိုလည်း အရသာရှိရှိ၊ ဈေးနှုန်းချိုချိုနှင့် ရောင်းချပေးပါ၏။ ထို့ကြောင့် ထိုအခန်းငယ်များရှိသည့် " Palace Tower " သည် လူမပြတ်တမ်း စည်ကားလျက်ရှိသည်။
" မောင် ရုပ်ရှင်ကြည့်ဖို့လား။ ဒီက အခန်းယူရတယ်မလား၊ ဈေးကြီးမယ်ထင်တယ်နော် "
" မောင် စုံစမ်းပြီးပါပြီ။ ရုပ်ရှင်တစ်ခါကြည့် ငါးထောင်ပဲ။ ပြီးတော့ မောင်နဲ့ပုံရိပ် နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် ကြည့်လို့ရတယ်လေ။ ပုံရိပ် ဘာကားကြည့်ချင်လဲ။ ပြီးတော့ ဘာစားချင်လဲ၊ ဒီမှာ မှာလို့ရတယ်။ လိုတဲ့ပိုက်ဆံတော့ မောင့်အချစ်က စိုက်လိုက်ပေါ့...ဟဲဟဲ "
" ဟင်း...မောင်ကလည်း ပိုက်ဆံကုန်အောင်လို့ "
" ကုန်ပါစေကွာ တစ်ခါတစ်လေပဲကို ပုံရိပ်ကလည်း။ ပုံရိပ်စိတ်ချမ်းသာဖို့ မောင့်အတွက် အဓိကပဲလေ ပုံရိပ်ရ။ မောင့်ကမ္ဘာကြီးမှာ အားလုံးရဲ့ ထိပ်ဆုံးမှာ မင်းတစ်ယောက်ပဲရှိတယ်၊ ပုံရိပ် "
" ရောက်မှတော့ ထားလိုက်တော့။ ဒီတစ်ခါပဲနော် မောင်။ နောက်ကျ ပုံရိပ် မသိဘဲ ဘာမှမလုပ်ရဘူး "
" အမိန့်အတိုင်းပါ သခင်လေး "
ပုံရိပ် မျက်နှာလေး ပြုံးရွှင်သွားသည်။ ထိုအပြုံးများအောက်တွင် သက်ဦးဇင် အခါခါ ပြိုလဲရသည်မှာ အကြိမ်ကြိမ်။
ကြည့်ချင်သည့်ဇာတ်ကားကို ရွေးချယ်ပြီးနောက် ပသျှူးထမင်းကြော် ပွဲကြီးတစ်ပွဲနှင့် ရေသန့်တစ်ဗူး မှာလိုက်သည်။ ထို့နောက် အသေးစား Private mini cinema လေးထဲသို့ နှစ်ယောက်သား ဝင်ခဲ့ကြသည်။
Screen ပေါ်တွင် ပြေးလွှားနေသည့် ရုပ်ရှင်ထဲတွင် သက်ဦးဇင် ဈာန်ဝင်စားနေမိသည်။ ထိုအချိန်တွင် ပါးပြင်လေးပေါ်သို့ ပုံရိပ်ဆီက ခပ်နွေးနွေး အနမ်းတို့ကျရောက်လာသည်။ ထို့နောက် သူ၏ နှုတ်ခမ်းလေးဆီ အနမ်းလေးတစ်ခု ထပ်မံကျရောက်လာပြန်သည်။
" ပုံရိပ် မောင် ရှက်တယ်ကွ။ မင်းနော်...ဒီအခန်းလေးထဲမှာ တခြား ဘယ်သူမှ မရှိဘူးဆိုပြီး မောင့်ကိုအသားမယူနဲ့"
" အမလေး မြတ်စွာဘုရား။ ဖြစ်မှဖြစ်လေ ကိုသက်ဦးဇင်။ ပြီးရောလေ...ဒါဆို ဖယ်ပေး၊ ပုံရိပ်ဘာသာ ရုပ်ရှင်ကြည့်တော့မယ် လွှတ် "
" ရမလား မင်းတစ်ခါ မောင့်ကိုအသားယူပြီးသွားပြီလေ။ မောင့်အတွက်တရားမျှတမှုကရော ဘယ်မလဲ"
" အဲ့တော့ မောင်က ဘာလုပ်ချင်လဲ ပြော "
" အဲ့တော့လား...ရော့ကွာ "
ပုံရိပ် နှုတ်ခမ်းလေးဆီ ထိကပ်လိုက်သည်။ အပေါ်နှုတ်ခမ်းလေးကို ခပ်ဖွဖွလေး ဖိစုပ်လိုက်သည်။ ထို့နောက် အောက်ဘက်နှုတ်ခမ်းလေးဆီသို့အရောက်တွင်...
" မောင့်...တော်တော့ကွာ။ ရုပ်ရှင်ကကောင်းခန်းရောက်နေပြီ ။ လွှတ်တော့ကွာ "
" မင်းအရင် စိန်ခေါ်တာလေ။ မောင်မရတော့ဘူးကွာ ပုံရိပ်ရာ၊ မောင်လေ မောင်..."
" မောင်နော် မင်း "
" ဒါဆို မောင် ဘာဆက်လုပ်ရမလဲ ပုံရိပ် "
" လုပ်ချင်တာလုပ်ကွာ "
" တကယ်လား...ပုံရိပ်။ မောင်လုပ်ချင်တာ ပြောရမလား "
" မောင့် "
" ဟဲဟဲ စတာပါကွာ မင်းကလည်း။ မင်းသဘောမတူပဲနဲ့ မောင် ဘာမှ မလုပ်ဘူးလို့ ပြောထားတယ်လေ။ အခုချိန်ထိ မင်းအပေါ် မောင် လွန်ကျူးသေးလို့လား "
မောင်က ယောင်္ကျားပီသတာထက် ယောင်္ကျားဆန်တဲ့ လူတစ်ယောက်သာဖြစ်သည်။ ချစ်သူဖြစ်ခဲ့တဲ့ နှစ်နှစ်ကာလအချိန်မှာ အခုချိန်ထိ မောင်နဲ့ အရောင်မဆိုးပဲ ချစ်ခဲ့ကြသည်သာ။
* မောင်ရာ...ပုံရိပ်လည်း မင်းနဲ့ အတူတူနေချင်ပါတယ်။ စိတ်ချ...မောင်။ ပုံရိပ်ရဲ့ ပထမဆုံးက မောင်နဲ့ပဲ ဖြစ်ရမယ်။ တစ်ရက်ပေါ့...*
Ding Ding Ding...
" မောင် ခဏဖယ်ဦး။ ဖုန်းလာနေတယ် "
ဖုန်းမျက်နှာပြင်ပေါ်မှာ ယံယံ့ နံပါတ်လေး။
" အေး ယံယံ ပြော "
" ပုံရိပ်...ငါ ဒီနေ့ည ပြန်မအိပ်တော့ဘူးကွာ။ ဆိုင်မှာ အလုပ်တွေရှုပ်နေလို့ "
" အော် အေး...ဘာတွေအလုပ်ရှုပ်လို့လဲ။ တခါမှလည်း ညမအိပ်ဖူးပါဘူး "
" အေးကွ။ မနက်ဖြန်ကျ ဂေဟာကို မနက်စာအတွက် ငါတို့ကော်ဖီဆိုင်က တာဝန်ယူထားတယ် ပုံရိပ်။ ဆိုင်က သူဌေးလေး မွေးနေ့မို့လေ "
" အော် အေး ယံယံ။ ဒါပဲကွာ ငါရုပ်ရှင်ကြည့်နေလို့ "
" အေးအေး မင်းတို့ပဲ သာယာနေလိုက် "
ထို့နောက် ဖုန်းလေးကျသွားခဲ့သည်။ မနာလိုတိုရှည် တော်တော်ဖြစ်တဲ့ကောင် ဟူ၍ စိတ်ထဲ ပြောဆိုလိုက်မိသည်။
" ပုံရိပ် ဘာတဲ့လဲ "
" သြော် သူ ညကျရင် ဂေဟာကို ပြန်မအိပ်တော့ဘူးတဲ့။ အလုပ်တွေ ရှုပ်နေလို့တဲ့ "
" ဟုတ်လား။ ရှားရှားပါးပါး အခွင့်အရေးပဲ။ ဒါဆို မောင်လည်း ဒီည ကျောင်းကို မပြန်တော့ဘူးလေ။ ပုံရိပ်နဲ့အတူတူ အိပ်လို့ရမလား ဟင် "
ထိုအခါကျမှ ပုံရိပ် ခေါင်းနပန်းကြီးသွားရသည်။ အတူတူအိပ်မယ် ဆိုပါလား။ ပုံရိပ် အတွေးတို့ မည်းမှောင်နေသည့် အခန်းလေးထဲတွင် ပိတ်မှောင်ကျသွားသည်။ ဒါဆို ဒါဆို...
" ပုံရိပ် ကိုယ်မေးနေတယ်လေ။ ဒီည မောင် ပုံရိပ်နဲ့အတူတူအိပ်မယ်လို့ နော် "
" မောင့်...ငါ ငါ စဉ်းစားဦးမယ်ကွာ "
" ကောင်လေး ဘာမှ စဉ်းစားစရာမလိုဘူး။ မရဘူးကွာ ဒီတစ်ခါတော့ မောင့်ကို အလိုလိုက်ကွာ ပုံရိပ်ရာ မင်းကလည်း နော် "
မောင့်ရဲ့ မျက်နှာလေးက ဇီးရွက်လေးလောက်သာ သဲ့သဲ့လေးကျန်တော့သည်။ သနားကမားမျက်နှာလေးက မှောင်မည်းနေတဲ့ အခန်းလေးလေးထဲမှာ အထင်အရှား ရှိလျက်။ ရင် တဒိန်းဒိန်း ခုန်လှုပ်လျက် စိတ်တို့ယိမ်းထိုး လှုပ်ရှားနေရသည်။ လေအေးပေးစက်ကြောင့် အေးလွန်းတဲ့ အခန်းလေးလေးထဲမှာပင် ပုံရိပ် ဇောချွေးပြန်ကာ တုန်ရီနေသည်။
" အေး အေး...မောင့်သဘောကွာ။ ယံယံ့ ကုတင်မှာ အိပ်မှာမလား မောင် "
" အ့ နှစ်ယောက်ထဲရှိမှတော့ မင်းကို ရင်ခွင်ထဲ
ထည့်သိပ်မှာပေါ့ ပုံရိပ်ရ။ တစ်ကုတင်ဆီ အိပ်ရအောင် မောင်က ရူးများနေလို့လားကွာ "
" ဒါဆို ဒါဆို ငါ ငါ..."
မောင့်ဆီက ဘာစကားမှ တုန့်ပြန်သံမကြားရပါ။ ဝင်းလတ်နေတဲ့ မျက်နှာအစုံမှာ အပြုံးရိပ်တစ်ချို့ ပြေးလွှားနေတာ အမိအရ မြင်လိုက်ရသည်။ မောင့်ရဲ့ လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ပုံရိပ် လက်ကလေးက အေးခဲစွာပင် တောင့်တင်းလျက်။ ယိမ်းထိုးနေတဲ့ နှလုံးခုန်သံတို့က ရုပ်ရှင်သံတို့ကို လွှမ်းမိုးကာ အတိုင်းသားပင် ကြားနေရသည်။
" ဒါဆို ငါက ဒီည မောင်နဲ့..."
တစ်စုံတစ်ခုကို အပြေးအလွှားသိလိုက်ရချိန်တွင် ပုံရိပ်စိတ်တို့သည် ရင်ခုန်၊ ရင်တုန်ခြင်းများဖြင့် ရောယှက်ပြည့်နှက်လျက်ရှိသည်။
မောင်ကတော့ သူ၏ ခပ်ကျယ်ကျယ်ရင်ခွင်ထဲတွင် ပုံရိပ်ကိုထည့်သိမ်းလျက် ရုပ်ရှင်ကြည့်နေဟန်တော့မတူပါ။ အတွေးများ ဟိုတစ်စ ဒီတစ်စဖြင့် တစ်ခုခုကို တွေးနေရင်း ပျော်ရွှင်မြူးတူးရိပ်တို့ ပြေးလွှားနေသည်ကို Screen ထက်က အလင်းရောင်မှတစ်ဆင့်သေချာမြင်လိုက်ရပါ၏။
" တော်တော်ဆိုးတဲ့ နှာဗူးကောင် "
💙💙💙