ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း ၂၅
"ဒေါက်!!...ဒေါက်!!...ဒေါက်!!..."
"လိပ်ပြာ...ကိုယ်တို့စကားခဏလောက်ပြောရအောင်..."
"ကျွီ..."
တံခါးပွင့်သွားတဲ့အချိန်မှာ လိပ်ပြာကသူ့ကိုကြည့်
မနေတာကြောင့် နံရံပေါ်မှာထောက်ထားတဲ့လက်ဖဝါးကို လက်သီးဆုပ်မိလိုက်ရာ လက်ထိပ်တွေတောင် အလိုလိုနာကျင်နေသည်။
"၀င်ခဲ့...."
လိပ်ပြာ ကိုကို့မျက်နှာကို ကြည့်မိရင် ရင့်သီးလွန်းတဲ့စကားလုံးတွေနဲ့ ရက်စက်မိမှာဆိုးလို့ မျက်နှာကိုချက်ချင်းလွှဲပစ်လိုက်ပြီး လသာဆောင်သို့သာ ဦးတည်ပြီး ရွေ့လျားနေမိတယ်။
လသာဆောင်ရဲ့လက်ရန်းကို စိတ်ကျဉ်းကျပ်မှုများစွာနဲ့ ဆုပ်ကိုင်ထားမိနေရင်း ကိုကို့ဆီမှ
လာဗင်ဒါကိုယ်သင်းရနံ့လေး ဝေ့ပြန်လာသည့်နည်းတူ လိပ်ပြာနဲ့ပုခုံးချင်းတိုက်ပြီး လာရပ်နေတာကို သိလိုက်ပါတယ်။
စိတ်ကိုအားမာန်တင်းကာ လက်ရန်းအပေါ်ကိုတင်ထားတဲ့ သူမရဲ့ဘယ်ဘက်လက်ကလေးကို ကိုင်လိုက်မိလေသည်။
"လိပ်ပြာ...ကိုယ့်ကို ကြည့်ပါအုံးကွာ..."
လိပ်ပြာ တင်းမာနေတဲ့ စိတ်ခံစားချက်တွေကို လျှော့ချပစ်လိုက်ပြီး ကိုကို့မျက်နှာကို ဆိုက်ကြည့်မိလိုက်တော့ လိပ်ပြာရဲ့မျက်၀န်းအိမ်တွေဟာ အံ့ဩမှုနဲ့အတူ ပူနွေးတဲ့ မျက်ရည်ကြည်တွေတောင် ဖြတ်သန်းချင်လာသည်။
"ကိုကို...ငိုနေတယ်...ဘာလို့ငိုနေတာလည်း...
လိပ်ပြာကြောင့်လား..ဟုတ်လား..."
ကိုကို့ရဲ့ ပြောင်၀င်းပြီး နူးညံ့လွန်းတဲ့ ပါးပြင်
ဖွေးဖွေးပေါ်ကို လိပ်ပြာရဲ့ လက်ဖဝါးနှစ်ဖက်အား ညင်သာစွာ တင်လိုက်ပြီး ကိုကို့ရဲ့မျက်ရည်တွေကို သုတ်ပေးမိတယ်။
ကိုကို့ပါးပြင်အပေါ်မှာ ရောက်နေတဲ့ လိပ်ပြာရဲ့လက်ဖမိုးလေးတွေကို ကိုကို့လက်ဖဝါးများကတစ်ဆင့် အုပ်မိုးကာ နွေးထွေးမှုပေးလာလေသည်။
ထို့နောက် ကိုကိုဟာ မျက်လုံးတွေကိုမှိတ်ချလိုက်တာကြောင့် ညာဘက်မျက်၀န်းမှမျက်ရည်
တစ်ပေါက်က အလိုအလျှောက်ကျဆင်းလာတယ်။
ကိုကို့ရဲ့ ဒီလိုပုံစံကို လိပ်ပြာအနေနဲ့ ပထမမဦးဆုံး မြင်ဖူးခြင်းပဲ။လိပ်ပြာရဲ့ လုပ်ရက်တွေက
လွန်များသွားပြီလား။လိပ်ပြာကြောင့် ကိုကို
၀မ်းနည်းသွားရပြီထင်တယ်။
ကြိုးဆိုတာ တင်းလွန်းရင်လည်း ပြတ်လွယ်တာကို လိပ်ပြာမေ့နေခဲ့တယ်။ကိုကို့ဘက်ကသာ ဖောက်ဖြတ်မှုရှိမနေခဲ့ရင် လိပ်ပြာရဲ့ လုပ်ရပ်တွေကတစ်ဖက်သတ်ဆန်လွန်းစွာ အမြင်တိမ်းစောင်းနေခဲ့တာပဲပေါ့။
"ကိုကိုတောင်းပန်ပါတယ် လိပ်ပြာ ကိုယ့်မိသားစုနဲ့ပတ်သတ်တဲ့ ကိစ္စတွေကို ပြန်တွေးလိုက်မိတဲ့အချိန်တိုင်း ၀မ်းနည်းနာကျင်မှုတွေက ကိုယ့်ရင်ထဲကိုအမြဲတိုး၀င်လာတတ်လို့ ကိုယ်ထိန်းချုပ်လို့မရဘူးဖြစ်သွားတယ်...ကိုယ့်ရဲ့အတိတ်အကြောင်းတွေကို လိပ်ပြာနားထောင်ချင်ရဲ့လား..."
"ကိုကိုရယ်..ကိုကိုနဲ့ပတ်သတ်ရင်လေ လိပ်ပြာအကုန်လုံးကိုနားလည်ချင်တယ် အကုန်လုံးကိုလည်းသိချင်တယ်...လိပ်ပြာနားထောင်ချင်ပါတယ်...."
လိပ်ပြာရဲ့ စကားလေးတစ်ခွန်းကြောင့် သူ့ရင်ထဲမှာကျေနပ်သွားရပေမဲ့ အတိတ်အကြောင်းတွေကို ပြန်တွေးမိလိုက်တိုင်း ရင်နင့်စရာ၊သည်းခြေပျက်လောက်အောင် ကျေကွဲ၀မ်းနည်းစရာတွေက ရင်ထဲကို အစုအလိုက်အပြုံလိုက် ချည်းနှင်း၀င်ရောက်လာတာဟာ ဘုန်းမြတ်အဖို့ အရမ်းခံရခက်စေတယ်။
"အတိတ်ရဲ့အကြောင်းကို ပြန်ပြောရမယ်ဆိုရင်တော့ ကိုယ့်ကိုမွေးဖွားခဲ့တဲ့ အချိန်ကနေစပြီးပြောရမှာပဲ...ကိုယ့်မာမီရဲ့နာမည်က ဒေါ်မြတ်ကလျာတဲ့ သိပ်လှပြီး၊သိပ်ထက်မြတ်တဲ့အမျိုးသမီး
တစ်ယောက်ပေါ့...ကိုယ့်ဒယ်ဒီရဲ့နာမည်ကတော့
ဦးဘုန်းဇေယျတဲ့ လူချောတစ်ယောက်ဖြစ်တဲ့အပြင် မျိုးရိုးကလည်း ခောတ်အဆက်ဆက်ကုန်သည်မျိုးရိုးဖြစ်ခဲ့တာကြောင့် ဦးနှောက်ထဲမှာ စီးပွားရေးအကြောင်းတွေနဲ့ပဲ ပြည့်နှက်နေတဲ့ ပုဂ္ဂိုလ်ဆိုပါတော့ ..အင်္ဂလိပ်လို ဇွန်လ ကိုးရက်နေ့၊၁၉၉၄ခုနှစ်မှာ ကိုယ့်ကိုမွှေးဖွားခဲ့တယ်...မာမီနဲ့ဒယ်ဒီက
သားဦးလေးဖြစ်မယ့်ကိုယ့်ကို လူ့လောကထဲ
မရောက်ခင်ကတိုင်အောင် သိပ်ချစ်တာပဲလို့..
ကိုယ်တို့အိမ်ကအလုပ်သမားဖြစ်တဲ့ ဒေါ်မယဉ်ကပြောပြခဲ့ဖူးတယ်..."
"အဟင်း...ကိုကိုကအခုတောင် ဒီလောက်ချောနေတာ ဘယ်သူကမချစ်ပဲနေမှာလဲ...ကိုကိုငယ်ငယ်က သိပ်အချစ်ခံရမှာပဲနော်..."
လိပ်ပြာရဲ့စကားကြောင့် မျက်နှာလေးညှိုးသွားကာ လိပ်ပြာကိုကြည့်လာတဲ့ ကိုကိုဟာ ၀မ်းနည်းတဲ့မျက်လုံးတွေနဲ့ ပြုံးရယ်ပြရင်း ခေါင်းကိုခါလေသည်။
"ကိုယ့်ရဲ့ မွေးဖွားလာမှုက ကိုယ့်ရဲ့မိဘတွေအတွက် ကံဆိုးမှုတွေဆောင်ကျဉ်းပေးလာတဲ့နေ့ဖြစ်ခဲ့သလို...ကိုယ်ကလည်းရွှေဘုံပေါ်မှာထိုင်ခဲ့ရပေမဲ့ နေ့စဉ်၊နေ့တိုင်းကိုစိတ်ဆင်းရဲစွာပဲ ဖြတ်သန်းခဲ့ရတယ်..."
ကိုကို့စကားကိုလိပ်ပြာနားမလည်နိုင်အောင်ပါပဲ။ဒီလောက်အထိပြည့်စုံပြီး ကြွယ်၀ချမ်းသာတဲ့မိသားစုက ကလေးတစ်ယောက်ဟာ ဘာတွေများစိတ်ဆင်းရဲခဲ့ရတာလဲ။
"ဘာကြောင့်လဲကိုကို..."
"ကိုယ့်ကိုမွေးတဲ့နေ့မှာပဲ သူတို့ရဲ့ မြေးဦးယောက်ျားလေးဖြစ်တဲ့ ကိုယ့်ကို ထွေးပွေ့ချင်ကြလို့ စင်္ကာပူ
ကနေပြန်လာတဲ့ မာမီ့ရဲ့ မိဘနှစ်ပါးစလုံး လေယာဉ်ပျက်ကျတဲ့အထဲပါသွားပြီး ဆုံးသွားခဲ့ကြတယ်...
ဒယ်ဒီကလည်း အဲဒီ့ကိစ္စကို ဆေးရုံရဲ့အခန်းရှေ့မှာ ဖုန်းနဲ့သတိလက်လွတ်ပြောမိရာကနေ မထင်မှတ်ပဲ မာမီကြားအောင်လုပ်လိုက်မိတယ်..."
"ဒါဆိုရင် ကိုကို့မာမီ ယူကြုံးမရဖြစ်အောင် ခံစားခဲ့ရမှာပဲနော်..."
"အဲ့ဒါထက်ကို ပိုတယ်လိပ်ပြာ...ရူးလောက်အောင်ကို....သွက်သွက်ခါပြီးရူးသွားလောက်အောင်ကို ခံစားသွားရတာ...မာမီ့ရဲ့စိတ်ဝေဒနာကြောင့်
ကိုယ်ဟာ ငယ်ငယ်တည်းက မိခင်ရဲ့မေတ္တာဓာတ်၊ နွေးထွေးမှု၊ယုယကြင်နာမှုတွေကို ကိုယ်တစ်ခုမှ
မခံစားခဲ့ရဖူးဘူး...ပြောရရင် မိခင်ရဲ့နို့ရည်ကြည်ကိုတောင် ကိုယ်တစ်စက်မှမရရှိခဲ့ပဲ ကြီးပြင်းလာခဲ့ရတယ်...ဖေဖေကလေ "သားရဲ့မာမီ"ဆိုပြီးလက်ညှိုးထိုးပြလိုက်တဲ့အချိန်တိုင်း စံအိမ်ထဲမှာ လှည့်ပတ်ပြေးလွှားနေတဲ့ ဆံပင်စုတ်ဖွားနဲ့
စိတ်တစ္ဆဝေဒနာသည်ကြီးကိုပဲကိုယ်မြင်တယ်..
အတန်းထဲမှာ သူများကလေးတွေလို ဒါငါ့မာမီလေလို့ ကိုယ့်မှာခေါ်မပြရဲခဲ့ဘူး...ဒါ့အပြင် စိတ်ရောဂါဖောက်လာတဲ့အချိန်တိုင်း ကိုယ့်ကိုရိုက်နှက်နှိပ်စက်တက်လွန်းတဲ့ မာမီ့ကိုကိုယ်သိပ်မုန်းခဲ့တယ်..
နုနယ်လွန်းတဲ့ကလေးဘ၀မှာ အရှိုးရာတွေထက်အောင်အထိ ကြမ်းတမ်းစွာ ကုပ်ဖဲ့တတ်တဲ့ မာမီ့လက်သည်းတွေကအစ ကိုယ်နာကျည်းခဲ့သလို ကိုယ်နှစ်သက်လွန်းတဲ့အရုပ်ကလေးတွေကို
ဖြတ်စီးခဲ့တဲ့ မာမီ့ကြောင့် ကိုယ်အမြဲငိုကြွေးခဲ့ရဖူးတယ်....ဒါကြောင့်စံအိမ်ထဲမှာရော၊ကျောင်းမှာရော ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ်တစ်ယောက်တည်းပဲ နေခဲ့တယ်...ကိုယ်ဘယ်သူ့ကိုမှလည်း စကားမပြောချင်သလို...ကိုယ့်ကိုစကားလာပြောရင်လည်း
မကြိုက်ခဲ့ဘူး...ဘာဖြစ်လို့လည်းသိလား...
အခြားသူနဲ့စကားပြောမိရင် ကိုယ့်ရဲ့နာကျည်းချက်တွေကိုရင်ဖွင့်မိမှာဆိုးလို့ ကိုယ့်ရဲ့နာကျင်နေတဲ့ပုံစံကို သနားတဲ့အကြည့်တွေနဲ့ ကြည့်လာမှာကိုမကြိုက်လို့ပဲ...."
လိပ်ပြာကို ကျောခိုင်းပြီး ပြောနေတဲ့ကိုကို့ကြောင့် ကိုယ့်ပါးစပ်ကို လက်ဖဝါးနဲ့အုပ်ပြီး ကိုကိုအသံမကြားအောင် ငိုမိလေသည်။
"ကိုကိုရယ် လိပ်ပြာနားလည်ပါပြီ...ဆယ်တန်းကျောင်းသားလေး ကိုကိုဟာ မုန့်စားဆင်းချိန်တိုင်း စက်ဘီးကယ်ရီယာခုံလေးအပေါ်မှာ
ဘာကြောင့်တစ်ယောက်ထဲအမြဲငေးငိုင်နေတတ်သလဲဆိုတာ လိပ်ပြာနားလည်သွားပါပြီ..."ကိုကို့ရဲ့အဖြစ်က နားထောင်နေရတဲ့လိပ်ပြာတောင် ရင်နင့်စွာခံစားနေရရင် ဟိုတစ်ချိန်ကငယ်ရွယ်တဲ့ ကလေးလေးဘုန်းမြတ်ခမျာ ဘယ်လောက်တောင် ကြောက်ရွံ့နေခဲ့မလဲ။
"မာမီ့ကို စိတ်ကျန်းမာရေးဆေးရုံ ပို့ပစ်လိုက်တော့
မှပဲ မာမီ့ကျန်မာရေးက ပြန်ကောင်းစပြုလာခဲ့တယ် ကိုယ့်အသက်ရှစ်နှစ်အရွယ်ရောက်တော့မှ မာမီကလုံး၀ပြန်ကောင်းလာတာကြောင့် ဆေးရုံဆင်း
လတ်မှတ်ရခဲ့တယ်...ကိုယ့်အသက်ဆယ်နှစ်အရွယ်မှာ ချစ်စရာအရမ်းကောင်းပြီး ကိုယ့်အတွက်ဘုရားကပေးတဲ့လက်ဆောင်လေးဖြစ်တဲ့ ညီမလေး
ချစ်သဲစံကို မွှေးခဲ့တယ်..ညီမလေးကို ကိုယ်ကမီးမီးလို့ ချစ်စနိုးနဲ့ခေါ်လေ့ရှိတယ်...ညီမလေးလူ့လောကထဲကို ရောက်လာတဲ့နေ့ကစပြီး ကိုယ့်ဘ၀မှာ ဆည်းလည်းလေးတစ်ခုကိုကောက်ရလိုက်သလိုပါပဲ...ညီမလေးရဲ့မျက်နှာလေးကိုမမြင်ရရင် မနေတတ်တော့သလို...ညီမလေးရဲ့ချစ်စရာတီတီတာတာစကားလေးတွေကိုမှ မကြားရရင် အဲဒီ့နေ့ဟာ မပြည့်စုံတဲ့ တစ်နေ့တာလိုပဲဖြစ်နေခဲ့တယ်..."
"ဒါဆို...အဲဒီ့မီးမီးဆိုတဲ့ ကိုကို့ညီမလေးကအခုဘယ်မှာလည်း..."
ဘုန်းမြတ်ခေါင်းကို ငုံ့ချလိုက်ပြီး အံကိုတင်တင်းကြိတ်မိသည်။သူ့ဘ၀မှာ ဘယ်သူ့ကိုမှ ပြောမပြချင်တဲ့ အကြောင်းအရာတွေထဲမှာ ညီမလေးနဲ့ပတ်သတ်တဲ့ကိစ္စက ထိပ်ဆုံးကပဲ ။ပြန်တွေးမိတိုင်း သူ့ရဲ့ ရိုးတွင်းချဥ်ဆီထဲကကို နာကျင်လာရလွန်းလို့ပါ။
"ဆုံးသွားပြီ..."
"ဘယ်လို..."
လိပ်ပြာ အံ့ဩလွန်းလို့ အာမေဋိတ်သံထွက်သွားတဲ့အချိန်မှာ ကိုကိုက မျက်၀န်းမှာ ရစ်သိုင်းတွဲခိုနေတဲ့ မျက်ရည်တွေကို သုတ်လိုက်တာကို တွေ့လိုက်ရတယ်။
"ကိုကို့ညီမလေးက ဘာရောဂါနဲ့ဆုံးသွားတာလဲ.."
"ရောဂါကြောင့်ဆုံးသွားတာမဟုတ်ဘူး အသတ်ခံရတာ..."
ကိုကို့ပုံစံကအရမ်းပေါက်ကွဲ လာတဲ့ပုံစံဖြစ်နေပြီး။လိပ်ပြာကိုတည့်တည့်ကြည့်ကာ ဒေါနဲ့မောနဲ့ အော်ပြောနေတာကြောင့် လိပ်ပြာတောင် တုန်လှုပ်သွားသည်။ကိုကို့မျက်လုံးတွေက နီရဲနေပြီး မြိုသိပ်ထားတဲ့ခံစားချက်တွေကို ချက်ချင်းပေါက်ကွဲပစ်တော့မည့်ပုံပေါက်နေသည်။
"မာမီစိတ်ဝေဒနာပြန်ခံစားနေရတာကို မသိတဲ့ကိုယ်က ညီမလေးကို သုံးထပ်တိုက်ရဲ့၀ရန်တာမှာတစ်ယောက်တည်းထားခဲ့မိတယ်ကွာ...ပြီးတော့..
ကိုယ်ပြန်လာတဲ့အချိန်မှာ မာမီကညီမလေးကို တိုက်ပေါ်ကနေတွန်းချပြီး သတ်ပစ်လိုက်တယ်..
လိပ်ပြာမြင်ဖူးလား...သားသမီးကိုသတ်တဲ့မိဘကို လိပ်ပြာမြင်ခဲ့ဖူးလား...ကိုယ်...ကိုယ်ကတော့မြင်ခဲ့ဖူးတယ်...အဲ့ဒီ့နေ့က ညီမလေးကို ကိုယ့်လက်ထဲမှာထွေးပွေ့ထားပြီး အသံကုန်အော်ငိုခဲ့မိတယ်..
ညီမလေးရဲ့ဦးခေါင်းကနေစီးကျလာတဲ့
သွေးတွေက ကိုယ့်လက်ထဲမှာအပြည့်ပဲ...ရင်ထဲမှာနဂိုထဲကနာကျင်မှုဒဏ်ရာတွေနဲ့သာပြည့်မနေခဲ့ရင် ကိုယ်ရင်ကွဲနာကျနေလောက်ပြီ...သိရဲ့လား...
အဲ့ဒါကြောင့်... "
ကိုကို့ရဲ့အသံတွေကလည်း တိမ်၀င်သွားပြီး မျက်ရည်တွေကလည်း ပါးပြင်မှာဘယ်လိုမှ
ဖြေမဆည်နိုင်အောင် ကျဆင်းလာလေသည်။
လိပ်ပြာရဲ့အရှေ့မှာပဲ ဒူးထောက်ထိုင်ကျသွားတဲ့ကိုကိုဟာ မျက်နှာကို လက်ဖဝါးနဲ့အုပ်ကြီး ရင်နင့်စွာငိုကြွေးနေပုံကြောင့် လိပ်ပြာရင်ထဲမှာ လုံး၀မခံစားနိုင်လောက်အောင်ပါပဲ။
ကိုကိုကမျက်ရည်တွေကို ကြမ်းတမ်းစွာသပ်ချလိုက်ပြီး တိုးညှင်းတဲ့ လေသံနဲ့ပြောလာလေသည်။
"အဲ့ဒါကြောင့် ညီမလေးဆုံးပြီး နှနှစ်အကြာမှာ
မာမီစိတ်ပုံမှန်ပြန်ဖြစ်ခဲ့တယ်...မာမီ့ကိုသိပ်မုန်းတီးလွန်းလို့ မာမီရှိတဲ့နေရာမှာ ကိုယ်မနေဘူး, မာမီခေါ်ရင်လည်း ကိုယ်မသွားခဲ့ဘူး,နောက်ဆုံးမာမီက "သားကိုနမ်းပါရစေလို့"တောင်းဆိုလိုက်တဲ့အချိန်မှာ မာမီရိုက်ခဲ့လို့ နာကျင်ခဲ့တဲ့ပါးပြင်ကိုပြန်ကိုင်မိပြီး..."စုန်းမကြီးထွက်သွားလို့ "...ကိုယ်ပြောခဲ့မိတယ်
...သားဖြစ်သူရဲ့နာကျည်းမုန်းတီးမှုဒဏ် တွေကို မခံနိုင်တော့တဲ့ မာမီက...
ကိုယ့်ကို...မေးခွန်းတစ်ခုမေးခဲ့တယ်..."မာမီ့ရဲ့အပြစ်တွေအတွက် သားကိုဘယ်လိုပြန်ပေးဆပ်ရမလဲတဲ့လေ..."...မာမီ့ရဲ့မျက်နှာကိုမြင်လိုက်တိုင်း
အနီရောင်သွေးအိုင်ကြီးနဲ့ ဝေဒနာကိုမချိမဆန့်ခံစားခဲ့ရပြီး ဆုံးသွားတဲ့ညီမလေးကိုပဲပြန်မြင်ယောင်နေခဲ့တယ်...ဒါကြောင့် ကိုယ်မာမီ့ကို "
"ခင်ဗျားသေမှ ကျေနပ်နိုင်မယ်လို့"ပြောလိုက်မိတယ်လိပ်ပြာ....မာမီက ကိုယ့်ရဲ့စကားကြောင့် နောက်နေ့မှာ ကိုယ့်ကိုကို ဆွဲကြိုးချပြီး..!!!"
"ကိုကို့!!!!"
ဒူးထောက်ထိုင်နေရင်းမှ ကြမ်းပြင်ကိုလက်သီးနဲ့ထိုးပစ်လိုက်တဲ့ ကိုကို့ကြောင့် လိပ်ပြာအမြန်ထိုင်ချပြီး ကိုကို့လက်သီးကို ဖမ်းဆုပ်ပစ်လိုက်သည်။
"ကိုကို...ဒီလိုမလုပ်ပါနဲ့ကိုကိုရယ်...လိပ်ပြာတောင်းပန်ပါတယ်...မလုပ်ပါနဲ့နော်..."
"လိပ်ပြာ...မာမီ့ကို ကိုယ်သတ်ခဲ့တာ...
ညီမလေးကလည်း ကိုယ့်ရဲ့ပေါ့ဆမှုကြောင့် ဆုံးသွားခဲ့တာ ကိုယ်ကလူသတ်သမား..ဟုတ်တယ်
...ကိုယ်ကလူသတ်သမား...ကိုယ့်ကြောင့်အားလုံးနစ်နာခဲ့ရတာ...ကိုယ့်ကြောင့်...ကိုယ့်ကြောင့်..."
ကိုယ့်ခေါင်းကိုပြန်ထုရိုက်နေတဲ့ ကိုကို့လက်တွေကိုလိပ်ပြာအမြန်တားလိုက်သည်။မဟုတ်ရင်ကိုကိုနာကျင်သွားမှာကိုလိပ်ပြာသိပ်စိုးရိမ်တယ်။
ကိုကိုဟာ ဒီခံစားချက်ကြီးနဲ့ နှစ်ပေါင်းများစွာ
ကြာအောင် ဘယ်လောက်အထိ နာကျင်ခံစားခဲ့ရ
မလဲဆိုတာ အခုလိပ်ပြာရဲ့အရှေ့မှာ ပေါက်ကွဲငိုယိုနေတဲ့ကိုကို့ပုံစံကို မြင်ယုံနဲ့တင် သိနိုင်ပါတယ်။
"မပြောပါနဲ့တော့ ကိုကိုရယ်...လိပ်ပြာမခံစားနိုင်တော့ဘူး...ကိုကိုလည်း အရမ်းပင်ပန်းနေပါပြီ..
ကိုကိုရယ်...မပြောပါနဲ့တော့နော်...ကိုကို့ဘေးနားမှာ လိပ်ပြာအမြဲရှိတယ်နော် ကိုကိုအားမငယ်ပါနဲ့
ဖြစ်ခဲ့တာတွေအားလုံးကလည်း ကိုကို့ဘက်က
တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာတွေမှမဟုတ်တာ
ကံကြမ္မာကသူ့ဘာသာဖန်တီးခဲ့တာပဲကိုကိုရယ်
ကိုကို့ရဲ့အတိတ်မှာ လိပ်ပြာပါဝင်ခွင့်မရခဲ့ပေမယ့် အနာဂတ်မှာတော့ ကိုကို့ဘေးနားမှာလိပ်ပြာရှိနေပေးချင်ပါတယ်..."
နူးညံ့ညင်သာတဲ့သူမရဲ့စကားလုံးလေးတွေကြောင့် သူမရဲ့မျက်ဝန်းလေးကို သူကြည့်လိုက်ရင်း ပြုံးလိုက်မိတယ်။
သူ့စိတ်ကိုနူးညံ့လာစေတာကလည်း ဒီမိန်းကလေးကြောင့်ပဲ။ကိုယ့်ရင်ထဲမှာ တစ်ခါမျှမခံစားခဲ့ရဖူးတဲ့ ပျော်ရွှင်ခြင်းအသီးအပွင့်တွေကိုပွင့်ဖူးစေတာ
ကလည်း လိပ်ပြာကြောင့်ပါပဲ။
နူးညံ့လွန်းတဲ့သူမရဲ့အပြုံး အမြဲပန်းရောင်သန်းနေတတ်တဲ့သူမရဲ့ပါးပြင်လေး ကိုယ့်ရဲ့စိတ်ကို
ခံစားချက်အမျိုးမျိုးပေးစွမ်းနိုင်တဲ့ သူမမျက်ဝန်းလေးတွေ အရာအားလုံးကိုသူနှစ်သက်တယ်။
လိပ်ပြာ တနေ့နေ့မှာ ကိုယ်တို့နှစ်ယောက်ထဲကနေ
တစ်ယောက်ယောက်က ပြတ်သုန်းမှရမယ်ဆိုရင်တောင် အဲဒီ့လူက ကိုယ်ဖြစ်ပါရစေ။
ဘာဖြစ်လို့လဲဆိုတော့ အထားခဲ့ခံရတဲ့ဝေဒနာကို
ကိုယ်မခံစားနိုင်လို့ပဲ။
"လိပ်ပြာ ကိုယ်ဆယ်တန်းတတ်တဲ့နှစ်မှာ ဒယ်ဒီကကိုယ့်ကိုစင်ကာပူကိုခေါ်သွားခဲ့တယ်..ကံဆိုးချင်တော့ ဒယ်ဒီဟာကားအက်ဆီးဒန့်ဖြစ်ပြီး..
ကိုမာရောဂါဝေဒနာသည်အဖြစ် စင်္ကာပူကဆေးရုံမှာ အခုအချိန်အထိ သတိရမလားခဲ့ဘူး..အဲ့ဒီ့နောက်ပိုင်းမှာ ကိုယ်ရဲ့စိတ်ရောဂါဝေဒနာက ပိုပြင်းထန်လာခဲ့တယ်..ဒါကြောင့် စင်ကာပူကကိုယ့်အဒေါ်နဲ့သိတဲ့ စိတ်ပညာပါမောက္ခကြီး
ဆရာဦးအောင်ကြည်ဆီကိုသွားခဲ့တယ် ဆရာဦးအောင်ကြည်က ကိုယ့်ကိုစမ်းသပ်မှုအမျိုးမျိုးလုပ်ပေးပြီးနောက်မှာတော့ ကိုယ့်ကအတိတ်ဖြစ်ရပ်တွေမှာ ပိတ်မိနေပြီး ကြောက်ရွံ့တုန်လှုပ်နေတဲ့ ဝေဒနာတစ်ရပ်ကိုခံစားနေရတယ်လို့ မှတ်ချက်ချခဲ့တယ်
ဒါကြောင့်ပဲ ဆရာကြီးက ကိုယ့်ကိုသူ့အိမ်မှာခေါ်ထားပြီးအနီးကပ်ကုသပေးခဲ့တယ် မမဆုက ဆရာဦးအောင်ကြည်ရဲ့သမီးပဲလိပ်ပြာ..
ကိုယ်ဟာညတိုင်းညတိုင်း ခြောက်ခြားစရာအိပ်မက်တွေကိုမက်နေခဲ့ပြီး အိပ်မရတဲ့ရောဂါဝေဒနာကို ခံစားလာခဲ့ရတယ် အဲဒီ့နေ့ရက်တွေမှာ ကိုယ့်ရဲ့ဘေးနားမှာဆရာကြီးရယ် မမဆုရယ်ကပဲ အားပေးပြုစုပေးခဲ့ကြတယ် ဒါကြောင့်အခုချိန်မှာ လိပ်ပြာစိတ်ဆိုးနေမယ်ဆိုတာသိပေမယ့်
ကိုယ်မမဆုကို သူစိမ်းဆန်ဆန်မပြောချင်ခဲ့ဘူး စိတ်ချပါလိပ်ပြာ ကိုယ့်ဘဝမှာ လိပ်ပြာ
တစ်ယောက်ထဲကပဲ ကိုယ့်အသက်၊ကိုယ့်ခန္ဓာ၊
ကိုယ့်ရဲ့စိတ်အားလုံးကို ပိုင်ဆိုင်ခွင့်ရမယ့် တစ်ဦးတည်းသောမိန်းကလေးပါပဲ အနာဂတ်မှာ လိပ်ပြာအပေါ်ကို ကိုယ်အများကြီးကောင်းပေးပါ့မယ်လို့ ကတိပေးပါတယ်..ကိုယ့်ကိုယုံပေးပါနော်..."
ကိုကိုက လိပ်ပြာဆီမှအဖြေကို စောင့်ဆိုင်းနေဟန်နဲ့ လိပ်ပြာကိုကြည့်လာ လေသည်။
လိပ်ပြာလည်း ကိုကို့မျက်ဝန်းတွေကို ရီဝေစွာကြည့်လိုက်ပြီး ပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်မိသည်။
"ကိုကိုသိပ်၀မ်းသာတာပဲ လိပ်ပြာရယ်.."
ညရဲ့တိတ်ဆိတ်မှုဟာ ချစ်သူနှစ်ဦးအား တစ်စိတ်တည်း၊တခန္ဓာတည်းဖြစ်အောင် ပြုလုပ်ပေးလိုက်သလို ဖြစ်သွားစေပြီး အနမ်းပွင့်တွေ ကြွေလွင့်စေကာ ချစ်ခြင်းလိပ်ပြာလေးတွေဟာလည်း အရောင်တစ်ဖြတ်ဖြတ်နဲ့ ကောင်းကင်မှာပျံသန်းနေစေပါတော့တယ်။
"သိပ်ကို လှပလွန်းတဲ့ ညလေးပါပဲ..."
🦋🦋🦋🦋🦋🦋
"ကျွီ"
ကားတစ်စီးက လိပ်ပြာရဲ့ဘေးနားမှာလာရပ်လိုက်တာကြောင့်ကြည့်လိုက်မိတော့ ကိုထွန်းဝေဖြစ်နေသည်။
ကိုထွန်းဝေက ကားပေါ်မှချက်ခြင်းဆင်းလိုက်ပြီး
လိပ်ပြာဆီသို့လျှောက်လာလေသည်။
"လိပ်ပြာဘယ်ကိုသွားမလို့လဲ.."
"ဟို..သူငယ်ချင်းတွေဆီကိုသွားလည်မလို့ပါ.."
"ဒါဆိုရင်ကိုယ့်ကားနဲ့တခါတည်းလိုက်ခဲ့လေ..
လမ်းကြုံတာပဲဥစ္စာ.."
"အားနာစရာကြီး လိပ်ပြာဘာသာ ဘက်စ်ကားစီးပြီးသွားလိုက်ပါ့မယ်.."
"ဟာ...မဟုတ်တာလိပ်ပြာရယ်...ကိုယ့်ကိုမိတ်ဆွေအဖြစ်သဘောထားရင်လိုက်ခဲ့ပါနော်..
လမ်းလည်းကြုံနေတာပဲဥစ္စာ..လိုက်ခဲ့ပါကွာ...လာပါ.."
လိပ်ပြာတွေးမိတာက လမ်းလဲကြုံနေတယ်၊
ဘက်စ်ကားခသက်သာရင်လည်း နည်းသလားဆိုပြီး ကိုထွန်းဝေရဲ့ကားပေါ်ကိုတက်လိုက်တယ်။
"ဒါနဲ့လိပ်ပြာ..ကိုယ်UDCမှာ ဘုန်းမြတ်ဆီကနေ
ဖိုင်လ်တွဲတစ်ခုယူစရာရှိလို့ ခဏဝင်ရအုံးမယ်နော်
ခဏလေးပါပဲ..."
"ရပါတယ် လိပ်ပြာလည်း အလျှင်လိုသေးတာမှမဟုတ်ဘဲ.."
"အိုကေ ဒါဆိုရင်ထိုင်ခုံခါးပက်ပတ်လိုက်အုံးနော်.."
"ဟုတ်ကဲ့..."
ကားမောင်းနေရင်းနဲ့ လိပ်ပြာ ကိုထွန်းဝေကိုကြည့်မိသည်။ ကိုထွန်းဝေဟာ သဘောမနောကောင်းပြီး အေးချမ်းတည်ငြိမ်တဲ့လူတယောက်လို့စိတ်ထဲကနေ သတ်မှတ်လိုက်တယ်။
လိပ်ပြာတွေးနေမိတာက ကိုကိုသာ ကိုထွန်းဝေလို
အေးချမ်းတဲ့ဘဝနဲ့ ကြီးပြင်းလာခွင့်ရခဲ့မယ်ဆိုရင်
အသက် 24 နှစ်အရွယ်မှာ သူများနည်းတူ
ပျော်ပျော်နေတတ်ပြီး စိတ်လွတ်ကိုလွတ်နေတတ်တဲ့ ကောင်လေးတယောက်များဖြစ်နေမလားပဲ။
"လိပ်ပြာ ကိုယ့်မျက်နှာမှာတစ်ခုခုပေနေလို့လား.."
"ဟမ်..မဟုတ်..မဟုတ်ပါဘူး ဒီအတိုင်းလိပ်ပြာအတွေးလွန်သွားလို့ပါ.."
သူမျက်နှာကိုအကြာကြီးစိုက်ကြည့်နေပြီးမှ သူမေးလိုက်တဲ့စကားကြောင့် ရှက်ပြီးအခြားဘက်ကိုမျက်နှာလွှဲသွားတဲ့သူမအား သူပြုံးမိသွားတယ်။
တကယ်တော့လိပ်ပြာက သူပိုင်ဆိုင်ခွင့်မရနိုင်တော့တဲ့မိန်းခလေးတစ်ယောက်ဖြစ်ပေမယ့် သူ့စိတ်ထဲမှာစောင့်ရှောက်ပေးလိုစိတ်၊ကာကွယ်ပေးလိုစိတ်တွေကတော့ ရှိနေဆဲပါပဲ။
နှစ်ပေါင်းများစွာကြာနေလည်းပဲ ဒီပန်းလေးကို
အဝေးကနေလှမ်းကြည့်နေရရင်တောင် ပျော်နေဆဲပါပဲလေ။
"ဝေါ!!!!ကျွီ..."
ကားလေးကိုUDCကုမ္ပဏီကြီးရဲ့ကားပါကင်မှာ
ပါကင်ထိုးလိုက်တာကြောင့် လိပ်ပြာလည်း ကိုထွန်းဝေနည်းတူ ကားပေါ်မှဆင်းလိုက်တယ်။
"လိပ်ပြာပါ လိုက်ခဲ့မလို့လား.."
"အင်း လိပ်ပြာလည်းလိုက်ခဲ့မယ်လေ..."
"ကောင်းပါပြီဗျာ.."
ဒီလိုနဲ့ပဲ လိပ်ပြာတို့နှစ်ယောက်အတူတူ ဓာတ်လှေကားနဲ့ ကိုကို့ရုံးခန်းတည်ရှိတဲ့ အလွှာဆီသို့ တက်လာခဲ့လိုက်တယ်။
၁၂ လွှာသို့ရောက်တဲ့အခါမှာတော့ ကိုထွန်းဝေက
ကိုကို့ရုံးခန်းထဲကို လိုက်ခဲ့အုံးမလားလို့မေးပေမယ့် လိပ်ပြခေါင်းခါပြလိုက်တယ်။
ကိုထွန်းဝေကလည်း လိပ်ပြာကိုပြုံးပြပြီး ရုံးခန်းထဲကို ဝင်သွားလေသည်။
"ဒီမှာဂျိုး..မင်းကစကားကိုနားမထောင်ဘူးပေါ့ဟုတ်လား..ကောင်းပြီလေ ဒါဆိုလည်း မင်းစောင့်ကြည့်နေလိုက် မကြာခင်မှာ မင်းထက်အစစအရာရာသာပြီး ငယ်ရွယ်တဲ့
CEOတစ်ယောက်ကို မင်းရှေ့အရောက် ငါခေါ်လာပြမယ် နင်မှတ်ထားလိုက်
သူ့နာမည်က ဘုန်းမြတ်သူရတဲ့ ..."
"ဝုန်း!!!!!"
"ဟင်..."
ဘုန်းမြတ်သူရဆိုတဲ့ နာမည်ကိုကြားကြားခြင်း
မှာပဲ လိပ်ပြာတံခါးကိုစောင့်တွန်းဖွင့်ပစ်လိုက်တယ်။
"အော်..အရေးပေါ်လှေကားမှာ စကားပြောနေတာဘယ်သူများလဲလို့ လတ်စသတ်တော့ မမဆုဖြစ်နေတာကို.."
"နင်..နင်..ဘယ်လိုကနေဘယ်လို ဒီနေရာကိုရောက်လာတာလဲ "
သူ့ရဲ့အပုပ်နံ့တွေပေါ်မှာစိုးလို့ မျက်လုံးကြီးပြူးပြီး ကြောက်လန့်နေတဲ့ ထိုမိန်းမမျက်နှာကို အကြည့်ဆူးဆူးနဲ့ ဆိုက်ကြည့်ပစ်လိုက်ပြီး နှုတ်ခမ်းကိုမဲ့ပစ်လိုက်တယ်။
"ကျမဘယ်လိုရောက်နေတယ်ဆိုတာထက် ရှင် သူများရည်းစားကိုမှ ဘာလို့ကြောင်တောင်
လာနှိုက်ချင်ရတာလဲဆိုတာ အရင်သိပါရစေ..."
"ဒီမှာလိပ်ပြာဖြူ ငါနင့်ထက်အများကြီးအသက်ကြီးတယ်ဆိုတာ နင်မသိဘူးလား
စကားပြောတာ မမိုက်ရှိုင်းနဲ့.."
"အော်...ကျွန်မကမိုက်ရှိုင်းတယ်ပေါ့ ကျွန်မချစ်သူတစ်ယောက်လုံးကို အလစ်သုတ်ဖို့ကြံစည်နေတဲ့ မိန်းမကို ကျွန်မကမိုက်ရိုင်းမပြလို့
ထိုင်ကန်တော့နေရမှာလား...ပြောပြစမ်းပါအုံး.."
"မင်းငါ့ကို ဘယ်လိုပြောလိုက်တယ်...ထပ်ပြောရင်အသက်ငယ်လည်း ညှာနေမှာမဟုတ်ဘူးနော်..."
"အဟင်း..လိပ်ပြာတို့က ဂရုကိုမစိုက်တာ..
ကျေးဇူးရှင်ဆိုတဲ့ ခေါင်းစဉ်လှလှလေးတပ်ပြီး
စိတ်ဓာတ်အောက်တန်းကျတဲ့ ရှင့်လိုမိန်းမကို
ကျွန်မကဘာလို့ကြောက်နေရမှာလဲ..စိတ်ကိုမ၀င်စားတာ...ရှင်းတယ်နော်..."
လှေကားထိပ်မှာ စကားအခြေအတင်ဖြစ်နေကြတဲ့ နှစ်ယောက်ကို ချောင်းမြောင်းကြည့်နေတာကတော့ ဘုန်းမြတ်ရဲ့အတွင်းရေးမှူးနှစ်ယောက်ပင်။
"အိမ့်သက် ပွဲကြီးပွဲကောင်းတော့ ချနေကြတယ် ငါတို့CEOကို သွားပြောကြရင်ကောင်းမလား..."
"ဟဲ့ ဟိုအစ်မကြီးက CEOဆီကိုလာတဲ့သူလေ ငါသွားပြောလိုက်အုံးမယ် နင်ဒီမှာစောင့်နေ"
"အေးအေး..မြန်မြန်သွား...မြန်မြန်ပြန်လာခဲ့..."
အတွင်းရေးမှူးမလေး ကြည့်နေစဉ်မှာပဲ မမဆုဟာ လိပ်ပြာရဲ့ရှေ့တည့်တည့်မှာရပ်လိုက်ပြီး ပါးကိုရိုက်ဖို့လက်တွေကို မြှောက်ချလိုက်လေသည်။
လိပ်ပြာကလည်း ထိုလက်တွေကိုဖမ်းချုပ်လိုက်ပြီး အနောက်သို့တွန်းထုတ်လိုက်တာမို့ မမဆုယိုင်ကျသွားသည်။
"ရှင်ကကျွန်မကို ကိုယ်ထိလက်ရောက်ကျူးလွန်ဖို့
ကြိုးစားတယ်ပေါ့ ရှင့်အသက်အရွယ် ၊ရှင့်ရဲ့ပညာအရည်အချင်းတွေကို ရှင်အားမနာဘူးလား..ရှင့်ကိုမွေးပေးခဲ့တဲ့မိဘတွေကိုအားမနာဘူးလား...ကျွန်မလေ ရှင့်နေရာမှာဆိုရင် ကိုယ့်မျက်နှာကိုယ်တောင် ဓားနဲ့မွှန်းပစ်ချင်လောက်တဲ့အထိ ကိုယ့်လုပ်ရပ်ကိုပြန်ရွံမိမှာပဲ..."
လိပ်ပြာဖြူရဲ့ ထိုးနှက်ချက်တွေကသိပ်ပြင်းထန်လွန်းလို့ ဆိုဖီ့မျက်၀န်းမှ မျက်ရည်တွေဟာ တားဆီးမရအောင်ကျဆင်းလာသည်။
လိပ်ပြာဖြူကို ဆိုဖီသိပ်မုန်းတယ်။
သူက ဆိုဖီ့ခံစားချက်တွေကို ဘာနားလည်လို့လဲ။
သူကဆိုဖီ့အကြောင်းကိုဘယ်လောက်သိလို့လဲ။
"ဂျိုးဆိုတာဘယ်သူလဲ သူကရှင့်ရည်းစားလား ရှင့်ယောက်ျားလား သူနဲ့ရှင်ဘယ်လိုပြဿနာတွေဖြစ်နေတာလဲ...ကျွန်မကိုပြောပြပါ...ကျွန်မ..."
"မပြောနဲ့ အဲ့ဒီ့နာမည်ကို မကြားချင်ဘူး..
မပြောနဲ့...အား!!!!..."
"ဒုန်း...ဒုန်း!!!"
နားတွေကိုလက်နဲ့ပိတ်ကာ အသားကုန်အော်ပြီးအနောက်ကိုဆုတ်သွားတာကြောင့် ဒေါက်ဖိနပ်ချော်ပြီး အနောက်သို့လန်သွားသည့် နည်းတူ လိပ်ပြာရဲ့အင်္ကျီလည်ပင်းအစကိုပါ ဆောင့်ဆွဲလိုက်သလိုဖြစ်တာကြောင့် နှစ်ယောက်သား လှေကားအပေါ်မှ
ဒလိမ့်ကောက်ကွေး ပြုတ်ကျသွားကျသည်။
"မမဆု...မမဆု..အား...မမဆု သတိရရဲ့လား..."
လိပ်ပြာကအပေါ်မှထပ်ကျတာကြောင့် ခေါင်းမထိပဲ လှေကားလက်ရမ်းနဲ့ ရိုက်မိသွားတဲ့ လက်ကောက်၀တ်က ညိုမဲသွားပြီး ဒူးတွေ၊တံတောင်တွေ စုတ်သွားသည်။
မမဆုကတော့ ခေါင်းနဲ့ ကြမ်းပြင်နဲ့ဆောင့်ချက်ပြင်းသွားပုံရတဲ့ ခေါင်းမှသွေးစအချို့ကိုတောင် တွေ့နေရတာကြောင့် လိပ်ပြာအရမ်းတုန်လှုပ်သွားတယ်။
"ဒီမှာ..ဒီမှာဆရာ..အမယ်လေး!!!!"
"ဘာဖြစ်ကြတာလဲ...ဟာ..မမဆု...လိပ်ပြာ..."
"သွေးတွေ..."
လှေကားအောက်ခြေမှ သွေးကွက်တွေကို မြင်လိုက်တာနဲ့ ဘုန်းမြတ်ရဲ့ခြေလှမ်းတွေဟာ ရှေ့ကိုလည်းတိုး၍ မရတော့သလို နေရာမှာတင်မလှုပ်မယှက်ရပ်နေမိတယ်။သူ့အမြင်အာရုံတွေကလည်း ဝေဝါးလာသလို ကမ္ဘာကြီးက သူ့တစ်ယောက်ထဲကိုသာ လှည့်ပတ်နေသလိုဖြစ်ပြီး ခေါင်းတွေမူးနှောက်လာသည်။အတိတ်မှာထင်ကျန်ခဲ့တဲ့ ညီမလေးရဲ့ ဦးခေါင်းမှသွေးတွေ သုံးထပ်တိုက်ပေါ်ကနေ ကြည့်နေတဲ့ မာမီ့ရဲ့အပြုံး အားလုံးကသူ့ခေါင်းထဲမှာ ပြန်ရှင်သန်လာသလိုပဲ။
ထွန်းဝေခေါ်ခိုင်းထားတဲ့ ၀န်ထမ်းတွေက မမဆုကိုလာပြီး ခေါ်ထုတ်သွားတာကိုလည်း သူမမြင်နိုင်တော့သလို ပတ်၀န်းကျင်ရဲ့အသံတွေကိုလည်း သူလုံး၀မကြားရဘူး။သူ့ဦးနှောက်ထဲမှာ ရှိနေတာက သွေးတွေ လွှမ်းနေတဲ့ လောကကြီး။
"ကိုကို့..ကိုကို့..."
မျက်လုံးတွေကို စုံမှိတ်ထားပြီး လှုပ်ရှားမှုတစ်ခုတောင်မရှိတဲ့ ကိုကို့လက်ကို ကိုင်လှုပ်လိုက်တော့ လိပ်ပြာကို စူးရဲတဲ့မျက်၀န်းနီနီတွေနဲ့ ကြည့်လာလေသည်။ကိုကို့ မျက်၀န်းအကြည့်တွေထဲမှာ ရွံရှာမှုတွေ၊မုန်းတီးနာကျည်းမှုတွေ ရောနှောပါ၀င်နေတာ ဘာကြောင့်လဲ။
"မင်းလုပ်လိုက်တာလား..."
"ကိုကို ဘာတွေပြောနေတာလည်း...လိပ်ပြာကဘာကိုလုပ်ရမှာလဲ...."
လိပ်ပြာကို သူစိမ်းဆန်စွာခေါ်လိုက်တဲ့ နာမ်စားက"မင်း"တဲ့ ကိုကိုဘာလို့ ဒီလိုခေါ်ရတာလဲ။
ဧကန္တ မမဆုကိုလိပ်ပြာတွန်းချလိုက်တယ်လို့ ထင်သွားတာများလား။
"လိပ်ပြာဖြူ...မင်းကိုငါဒီလောက်ရှင်းပြထားရက်နဲ့ မင်းဘာလို့ ဒီလောက်ရက်စက်နိုင်ရတာလဲ...ဟမ်!!"
"မဟုတ်ဘူး!!!ကိုကို လိပ်ပြာပြောပြမယ်..."
"မင်းကလေ မာမီ့ထက်တောင် ပိုကြောက်ဖို့ကောင်းတဲ့ မိန်းမပဲ...ငါ့ဘ၀မှာအမုန်းဆုံးက သူတစ်ပါးကိုသွေးထွက်အောင်လုပ်နိုင်တဲ့ မင်းလိုလူမျိုးတွေကိုပဲ မင်းကိုငါသိပ်စိတ်ပျက်တယ်..."
လိပ်ပြာရဲ့ မျက်နှာတည့်တည့်ကို လက်ညှိုးထိုးပြီး ရွံရှာမုန်းတီးမှုအပြည့်နဲ့ပြောလိုက်တဲ့ ကိုကို့စကားကြောင့် လိပ်ပြာရဲ့အသဲကို မြှားတစ်စင်းထိုးဆိုက်သွားသလို ဆက်ဆက်ခါအောင်နာသွားတယ်။
"ကိုကို...အကြောင်းအရင်းတစ်ခုကို သေချာမမေးပါပဲနဲ့ ဘာလို့ဒီလိုစွတ်စွဲရတာလဲ...လိပ်ပြာအပေါ်ကိုအဲ့လောက်တောင် မယုံကြည်နိုင်ဖြစ်နေတယ်ပေါ့...
သိပ်အံ့ဩဖို့ကောင်းတာပဲ...
ဟုတ်တယ်လိပ်ပြာလုပ်လိုက်တာ.. လိပ်ပြာကိုယ်တိုင် တွန်းချပစ်လိုက်တာ အဲ့တော့ ကိုကိုဘာလုပ်ချင်လဲ...လိပ်ပြာကိုသတ်ပစ်ချင်သလား...သိပ်မုန်းသွားသလား...ရတယ်...လိပ်ပြာကိုမယုံကြည်ပေးနိုင်တဲ့ ကိုကို့ရဲ့အမုန်းတွေကို ကျေနပ်စွာပဲ ခံယူလိုက်မယ်...ဒီမှာကိုကို အချစ်ဆိုတာထိုက်တန်တဲ့လူကိုပေးမိမှ တန်ဖိုးထားခြင်းခံရတာ လိပ်ပြာကိုကို့လိုလူကို ချစ်မိတာသိပ်မှားသွားတယ်..."
"လိပ်ပြာဖြူ...မင်း..."
"ဘုန်းမြတ်!!!!"
ကိုကိုက လိပ်ပြာရဲ့ပုခုံးကို ကိုင်လှုပ်ပြီး တွန်းလိုက်တာကြောင့် လိပ်ပြာအနောက်သို့ယိုင်သွားရာ
ကိုထွန်းဝေက လှမ်းဆွဲထားလေသည်။
ကိုထွန်းဝေကို အမှီပြုပြီး နာကျင်နေတဲ့ ဒူးဒဏ်ရာကိုလည်း မမှုပဲ အားတင်းပြီးမတ်တက်ရပ်ပစ်လိုက်သည်။ကိုကို့ရဲ့ မျက်လုံးတွေကိုလည်း တန်ပြန်ကြည့်လိုက်တယ်။၀မ်းနည်းလွန်းလို့ ကျဆင်းလာတဲ့ မျက်ရည်တွေဟာလည်း လိပ်ပြာရဲ့လည်တိုင်မှတစ်ဆင့် တစ်ပေါက်ပေါက် စီးကျနေသည်။
လိပ်ပြာသိပ်၀မ်းနည်းတယ်။လိပ်ပြာချစ်ရတဲ့လူ၊တစ်ဘ၀လုံးစာအတွက် ပုံအပ်ထားတဲ့လူတစ်ယောက်က ဒီလိုမုန်းရက်လိမ့်မယ်လို့ တစ်ခါမှမထင်ထားခဲ့မိဘူး။
ကိုကို့ အကြည့်တွေကို လိပ်ပြာမခံစားနိုင်တော့သလို ကိုကို့နှုတ်ကထွက်ကျလာမဲ့ စကားလုံးတွေကိုလည်း လိပ်ပြာဆက်ပြီး နားထောင်နိုင်မယ်မထင်ဘူး။
"ကိုထွန်းဝေ..လိပ်ပြာဒီနေရာမှာ တစ်စက်မှမနေချင်တော့ဘူး လိပ်ပြာကို ခေါ်ထုတ်သွားပေးပါ..."
"ကောင်းပါပြီ..."
ထွက်သွားတဲ့လိပ်ပြာတို့ရဲ့ ကျောပြင်တွေကို ကြည့်နေရင်းမှာ မျက်ရည်ပေါက်တွေကြောင့် မြင်ကွင်းတွေက မှုန်ဝါးလာသည်။
"အား!!!!!ဘာကြောင့်လဲ..ဘာကြောင့်လဲ...."
စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့တဲ့အဆုံး နံရံကိုလက်သီးနဲ့အချက်ပေါင်းများစွားထိုးပစ်လိုက်သည်။လက်ဆစ်ကွဲလို့ သွေးစိမ့်သွားတဲ့ အနာထက် ရင်ဘတ်ထဲကအနာက ကိုပြင်းနေတော့ သူ့ရင်တွေပေါက်ထွက်တော့မယ်လို့တောင် ခံစားနေရတယ်။
"ဘာကြောင့်လဲ..ငါ့ကံကြမ္မာက ဘာကြောင့်ဒီလောက်အထိဆိုးရတာလဲ...မာမီ...ကျွန်တော်လိပ်ပြာကို မာမီ့လိုမမုန်းပါရစေနဲ့ဗျာ...ကံကြမ္မာရယ် ကျွန်တော့်ကို နဲနဲလောက်သက်ညှာပေးပါ...
ကျွန်တော် သိပ်ပင်ပန်းနေပြီ..."
ကြမ်းပြင်မှာ ဒူးထောက်ကျကာငိုနေမိတဲ့ ဘုန်းမြတ်ရဲ့ မျက်ရည်မှအပူဓာတ်တွေကို လက်ခံရယူလိုက်တဲ့ ဖြူဖြူဖွေးဖွေး ကြွေပြားလေးတွေကသာအသိဆုံးဖြစ်နေပါလိမ့်မည်။
🦋🦋🦋🦋🦋🦋🦋
အ၀တ်၊အစားအသုံးအဆောင်တွေအားလုံးကို
လက်ကေ့ထဲကိုထည့်ပြီးနောက် လိပ်ပြာခွဲခွာရတော့မဲ့ဒီအခန်းလေးကို နောက်ဆုံးအနေနဲ့ဝေ့ဝဲကြည့်မိတယ်။
ဒီအခန်းလေးရဲ့ ၀ရန်တာမှာပဲ ကိုကိုဟာ သူ့ရဲ့ကံကြမ္မာဆိုးကြီးအကြောင်းကို လိပ်ပြာကိုရင်ဖွင့်ခဲ့တယ်။
လိပ်ပြာရင်ထဲမှာ ကိုကို့အပေါ်ကိုအကြွင်းမဲ့ ယုံကြည်ဖို့ ကြိုးစားပြင်ဆင်နေတဲ့အချိန်မှာပဲ အရင်ဆုံးယုံကြည်မှုကင်းမဲ့ သွားတဲ့လူက ကိုကိုဖြစ်နေပါရောလား။
လိပ်ပြာမှာ လူတစ်ယောက်လုံးကို သတ်ပစ်နိုင်လောက်အောင် သတ္တိတွေမရှိပါဘူးကိုကိုရယ်။
ဘာကြောင့်များကိုကိုက လိပ်ပြာကိုဒီလိုထင်ရက်ရတာလဲ။
ပါးပြင်အပေါ်မှာ ကျဆင်းလာတဲ့မျက်ရည်စတွေကိုလက်ဖဝါးနဲ့ အသာသုတ်လိုက်ရင်း လိပ်ပြာစိတ်ကိုပြန်တင်းလိုက်တယ်။
"ကိုကိုကမှမကြည့်ဖြူတော့တာလေ..အဲ့ဒီတော့ကိုကို့ဘဝထဲကနေ လိပ်ပြာထွက်သွားပါတော့မယ် ကိုကိုနောက်တမရပါစေနဲ့..လိပ်ပြာကတော့
ချစ်မိပြီဆိုရင်လဲ တစ်သက်လုံးအတွက်သစ္စာရှိပေးနိုင်သလို နာကျည်းမိပြီဆိုရင်လဲ အဲဒီ့လူဆီကို
ဘယ်တော့မှခြေဦးပြန်မလှည့်တော့ဘူး ကိုကိုမှတ်ထားပါ..."
အိပ်ခန်းထဲမှထွက်လာပြီးနောက် တံခါးကိုဖြည်းညှင်းစွာ ပိတ်လိုက်သည်။စာကြည့်ခန်းကို
ဖြတ်လာရပြန်တော့လည်း လိပ်ပြာရဲ့ခြေထောက်တွေဟာ တုံ့ဆိုင်းသွားရပြန်ပါတယ်။
ဒီအခန်းလေးထဲမှာပဲ ကိုကိုရဲ့သီချင်းသံလေးကို ပထမဦးဆုံး နားဆင်ခွင့်ရခဲ့သလို ရင်ခုန်ကြည်နူးစရာ အချစ်ကမ္ဘာလေးကိုလဲ အတူတူဖန်တီးခဲ့ကြဖူးတယ်။
"ထားလိုက်ပါတော့ လိပ်ပြာ နင်အခုလိုတွေ
တုံ့ဆိုင်းနေရင် သူမရှိပဲ ရှေ့ဆက်ရမယ့်ဘဝမှာ
ဘယ်လိုလျှောက်လှမ်းမှာလဲ..."
လိပ်ပြာ မျက်လုံးတွေကို စုံမှိတ်လိုက်ပြီး အရာအားလုံးကို ချန်ထားရစ်ကာ ကွန်ဒိုထဲမှ ထွက်လာလိုက်တယ်။
"တင်..."
စိတ်ကိုတင်းထားပြီး ဓာတ်လှကားထဲကို၀င်လိုက်ရပေမယ့် ဓာတ်လှကားတံခါးပိတ်သွားသည်နှင့်တစ်ပြိုင်နက် လိပ်ပြာထိုင်ငိုမိပါတော့တယ်။
" အဟင့်... အီဟီး...ပြောတော့ အနာဂတ်မှာအများကြီးကောင်းပေးမယ်ဆို ဘာကောင်းတာလဲ...အလကား...မျက်နှာမှာပါးစပ်တပ်ထားတိုင်း
အီးပေါက်သလို တစ်ဘူဘူနဲ့လျှောက်ပေါက်ပြနေတာ..အလကားဟာကြီး...သူဘ၀ရဲ့အရာအားလုံးကိုငါ့ဆီမှာပုံအပ်ထားတာပါဆို အခုတော့ဟိုကခေါင်းလေးကွဲသွားတာနဲ့ ငါ့ကိုစိတ်ပျက်တယ်တဲ့...ပျက်ပေါ့..လိပ်ပြာတဲ့ဆယ်ခါပြန်တောင်ပျက်လိုက်ဦးမယ်...အဟင့်..အီဟီး!!...လူလိမ်,လူညာ,
လူ့ဂွစာကြီး...
သူ့အပေါ်ကိုဘယ်လောက်ကောင်းပေးပေး ဒီအချိုးကတစ်စက်မှမပြောင်းဘူး...ရှင်ကြီးက ဟိုမိန်းကကြီးလို လူမျိုးနဲ့ပဲတန်တာ...အဲ့မှာ ရှင့်ဟာမကြီးနဲ့ပဲ ပျော်နေခဲ့တော့...
လိပ်ပြာတို့များ ချစ်ချင်၊ကြိုက်ချင်တဲ့လူတွေမှပုံလို့ ...အီဟီး!!!!!"
"တင်"
ဓာတ်လှေကားထဲမှာအားရအောင်အော်ငိုပစ်လိုက်ပြီး တံခါးပွင့်သွားတာနဲ့ လိပ်ပြာမျက်ရည်တွေရော၊နှက်ရေတွေရော သုတ်ပစ်လိုက်ပြီး မငိုမိအောင်တင်းခံနေလိုက်တယ်။
"လိပ်ပြာ ကိုယ့်ကိုပေး..."
ကိုထွန်းဝေက လိပ်ပြာကိုမြင်တာနဲ့ ကားပေါ်မှအတင်းဆင်းပြီး လိပ်ပြာရဲ့အထုပ်တွေကို လာကူဆွဲပေးလေသည်။
ကိုထွန်းဝေရှိလို့သာပေါ့ မဟုတ်ရင်လိပ်ပြာ လမ်းမှာတင်ငိုပွဲဆင်နွှဲနေရမှာပါ။
"ကျေးဇူးတင်ပါတယ်...ကိုထွန်းဝေ.."
"အာ..ရပါတယ်လိပ်ပြာရယ်...အခုလိပ်ပြာဘယ်ကိုပြန်မှာလည်း..."
"ကမာရွတ်မြို့နယ်ဘက်ကိုပဲ မောင်းပေးပါ..
ရောက်ခါနီးမှလိပ်စာပြောပြမယ်နော်..."
"ကောင်းပါပြီ..."
ကားလေးမောင်းထွက်သွားတာနဲ့ ကိုကို့ကွန်ဒိုဟာလည်း အရိပ်သဏ္ဍန်သာ ကျန်ရစ်ခဲ့ပါတော့တယ်။
အစက ဒီကွန်ဒိုမှာ တစ်ပတ်နေဖို့စဉ်းစားခဲ့တာပါ။အခုတော့ ချစ်သူသတ်တမ်းအချိန်ခဏလေးမှာတင် ရင်နာစရာနဲ့အဆုံးသတ်ခဲ့ရပြီပေါ့။ကံကုန်တော့လည်း မဆုံကြရုံသာ ရှိတာပေါ့။
ရှစ်တန်းနှစ်ကတည်းကစပြီး ကိုကို့နဲ့ပတ်သက်ပြီး
လိပ်ပြာရဲ့ရင်ထဲမှာ ထူးခြားတဲ့ခံစားမှုတွေရှိခဲ့တယ်။
ဒါပေမယ့် ကိုကို့အနားကို လိပ်ပြာမလာရဲခဲ့သလို
ကိုကိုနဲ့မျက်နာချင်းဆိုင်တောင် လိပ်ပြာအကြည့်မဆုံရဲခဲ့ပါဘူး။
လိပ်ပြာရဲ့စိတ်ထဲမှာ ကိုကိုဟာခမ်းနားကြီးကျယ်တဲ့ ရွှေနန်းတော်ကြီးထဲက မင်သားလေးတစ်ပါးလိုနဲ့ အရောင်စုံပန်းဥယျာဉ်ထဲက အလှပဆုံးပန်းကလေးတပွင့်လို့ လိပ်ပြာသတ်မှတ်ခဲ့တာပါ။
ဒါ့ကြောင့် လိပ်ပြာဖြူဆိုတဲ့ကျွန်မက ကိုကို့အနားမှာ ဝဲလို့တောင်မပျံရဲခဲ့ပါဘူး။အဝေးကကြည့်နေရုံလေးပဲ လိပ်ပြာတတ်နိုင်ခဲ့တာပါ။
ကိုကို လိပ်ပြာကို ချစ်ခွင့်ပန်ခဲ့တဲ့နေ့ကဆိုရင် လိပ်ပြာရဲ့ရင်ထဲမှာ ကမ္ဘာကြီးတခုလုံးရုတ်တရက်ပေါက်ကွဲထွက်သွားသလိုမျိုး၊ကုမုဒ္ဒရာရေတွေ ပြောင်းပြန်စီးဆင်းနေသလိုမျိုးလို့ ထင်မှတ်မိတဲ့အထိပဲ။
ဘာဖြစ်လို့ဒီလိုထင်ရသလဲဆိုရင် ကိုကို့ဆီက ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကို လိပ်ပြာတစ်သတ်လုံး ကြားနိုင်လိမ့်မယ်လို့ စိတ်ကူးနဲ့တောင်မတွေးခဲ့မိလို့ပဲ။
တစ်နေ့နေ့မှာ ဒီလိုအဆုံးသတ်ရလိမ့်မယ်လို့ လိပ်ပြာကြိုတွေးထားပြီးသားပါ။
ဒါကြောင့်လဲ လိပ်ပြာတို့ရဲ့ အချစ်ရေးကို သူများတွေသိမှာ သိပ်ကြောက်ခဲ့တာပေါ့။
ထွန်းဝေမှာ ကားမောင်းနေရင်းနဲ့ လိပ်ပြာဘက်ကိုလှည့်ကြည့်လိုက်မိတော့ သူမရဲ့ပါးပြင်မှ မျက်ရည်ပေါက်လေးတွေ တွဲခိုကျလာတာကိုမြင်ရတော့ သူ့ရင်ထဲမှာလဲ အလိုလိုနာကျင်လာရတယ်။
"လိပ်ပြာ"
"ဟင်...ဘာဖြစ်လို့လဲ"
"ရော့ ဒီပုဝါလေးနဲ့ မျက်ရည်တွေကိုသုတ်လိုက်ပါ...နောက်ပြီး ငိုချင်တာကိုလည်း တင်းခံ
မထားပါနဲ့ အားရအောင် အော်ငိုချင်ရင် အော်ငိုပစ်လိုက်ပါ ကိုယ့်ကိုအားမနာပါနဲ့..."
"လိပ်ပြာကို အခုလို ပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.."
🎶ကြင်နာသလို မကြင်နာသူ နေနိုင်ရက်တဲ့ ချစ်သူလေး အနိုင်ယူတတ်တဲ့
သူ့စိတ်တွေကိုကွယ် ကိုယ်မညိုညင်ခဲ့ဘူး တကယ်၊🎶
ပုဝါနဲ့ မျက်ရည်ကိုသုတ်နေတုန်းမှာ ဖုန်းမြည်သံကြားတာကြောင့် အိတ်ထဲမှဖုန်းကိုကြည့်လိုက်တော့ မောင်လေးမင်းမင်းဖြစ်နေသည်။
📞"ဟယ်လို မင်းမင်း.."
📞"မမရေ အရေးကြီးသတင်း အရေးကြီးသတင်း.."
"ဟမ်..ဘာအရေးကြီးသတင်းလည်းဟယ်..
ရင်တောင်တုန်လာပြီ..."
"ဟာ..မမကရင်ပဲတုန်တာ...ဒီမှာကျွန်တော်က
ဖင်ပါတုန်နေရပြီဗျ သိရဲ့လား..."
"ဘာ..ဘာဖြစ်လို့လည်းဟယ်...မေမေနဲ့ဖေဖေများ တစ်ခုခုဖြစ်လို့လား.."
"ဟာ..ဘယ်ကလာ...အခုကအဲ့နှစ်ယောက်ထက်ဆိုးတဲ့ဗျို့..."
"ငနာလေး..ပြောမှာဖြင့် မြန်မြန်ပြောစမ်းပါဟယ်...စိတ်ညစ်ရတဲ့အထဲ..."
"အေး..အခုဆို စိတ်ညစ်ယုံတင်မကဘူး စိတ်ပါ
မီးဟုန်းဟုန်းတောက်သွားစေရယ်
ကိုကြီးနဲ့ကိုလေး အိမ်ပြန်ရောက်နေပြီဗျ..."
"ဘာ!!!"
လိပ်ပြာရဲ့"ဘာ"ကထွန်းဝေတောင် ကားမောင်းနေရင်းနဲ့ တုန်တက်သွားသည်အထိ အားကောင်းလွန်းနေသည်။လိပ်ပြာကို လှမ်းကြည့်လိုက်တော့ ခုဏက ၀မ်းနည်းနေပြီး အခုတော့ကြောက်ချေး တောင်တန်းပါချပစ်လိုက်တော့မယ့် ပုံပေါက်နေသည်။
"မင်းမင်း...နင်..အစ်ကိုလေးကို ငါသူငယ်ချင်းတွေနဲ့ စုနေတဲ့အကြောင်းပြောလိုက်သေးလား..."
"ဟားဟား...အဲ့ဒါတော့ စိတ်ချပါမမရယ်.."
"ဟယ်..အာ့ဆိုမပြောလိုက်ဘူးပေါ့..."
"ပြောလိုက်တယ်..."
"အား!!!!ငနာလေး..သေချင်းဆိုးလေး..ဘာလို့ပြောလိုက်ရတာလည်းမသာလေးရဲ့...အီဟီး..
ငါတော့ ကြိုသေထားလိုက်ရကောင်းမလားပဲ..."
"ဒါများဘာခက်တာမှတ်လို့ ဗျာ...အလုပ်နဲ့နီးလို့ ပြောင်းနေတာပါလို့ ပြောလိုက်ပေါ့..."
"အေး...ဟုတ်သားပဲ ဒီအကြံမဆိုးဘူး...ငါ့မောင်လေးတော်တယ်..ဒါနဲ့အမေကရောဘယ်လိုပြောထားလဲ..."
"နံ့ကျောဆွဲပြီး ပြောင်းနေတာလို့ ပြောထားတယ်..."
"သေချင်းဆိုးလေး အဲ့တာများ ဘာလို့အကြံ ဉာဏ်တွေ လာပေးနေရသေးလည်းဟဲ့ အိမ်ရောက်ရင် အရိုက်ခံရမှာပဲကို..."
"အဲ့ဒါကြောင့် ကျွန်တော်ဖုန်းဆက်လိုက်တာ ဒီနေ့မှရောက်ခါစမို့ စိတ်ကြည်တုန်းပြန်လာခဲ့ နို့မို့ဆိုရင် သိတယ်မှတ်လား..."
"အေးဟေ့..သိတယ်သိတယ်..ဖုန်းချလိုက်တော့မယ်..ဒါပဲ..."
"တူ...တူ..."
ဖုန်းကျသွားတာနဲ့ လိပ်ပြာရဲ့စိတ်ညစ်မှုတွေက အသဲကွဲ ဒဏ်ရာထက်တောင်ဆိုးနေပါသေးတယ်။
အိမ်မှာ သမီးမိန်းကလေးဆိုလို့ လိပ်ပြာတစ်ယောက်တည်း ရှိတာကြောင့် အစ်ကိုတွေကသည်းသည်းလှုပ်ကြသလို ရည်းစားထားတာလည်းမကြိုက်ဘူး။
အခုလို အသဲကွဲလာရတာသာသိရင် ကိုကို့မျက်နှာဟာ အစ်ကိုလေးတို့ရဲ့လက်ချက်နဲ့ ပျားတုတ်တာထက်ဆိုးတဲ့ အဖြစ်ကိုရောက်မှာ သေချာတယ်။
ငယ်ငယ်တည်းက အစ်ကိုတွေနဲ့ နေပါများလို့ လိပ်ပြာရဲ့ ပုံစံကပုံတုံးကြီးဖြစ်နေရတယ်ဆိုလည်း မှားမယ်မထင်ဘူး။
လူတွေကြည့်တော့သာ ကျားကျားယားယားကြီးတွေပေမဲ့ သူတို့ညီမကိုကျတော့ ဆံပင်ဆိုလည်းအရှည်ထားမှ၊အ၀တ်အစားဆိုလည်း ရိုးတာ၊ယဉ်တာမှ ကြိုက်တဲ့လူတွေပါ။
အခုဆိုရင် လိပ်ပြာရဲ့ဆံပင်တွေကတင်ပါးအုပ်လောက် ရှိနေပေမဲ့ ၀တ်စားဆင်ယင်မှုကတော့
စကပ်တို့၊ဘောင်းဘီတို့၀တ်စားတတ်လာတာသာ သိရင် ဘယ်လောက်ဆူကြမလဲမသိဘူး။စိတ်ညစ်လိုက်တာနော်။
"လိပ်ပြာ..ကိုယ်အခုဘယ်ကိုဆက်မောင်းရမလဲ..."
"ဟို...လိပ်ပြာတို့အိမ်ကိုသာ တန်းမောင်းပါတော့
အော်..ဒါပေမဲ့ လမ်းထိပ်မှာပဲကားကိုရပ်နော်...
အစ်ကိုတွေမြင်ရင် ကိုထွန်းဝေနဲ့လိပ်ပြာကိုတစ်မျိုးထင်ကုန်ကြလိမ့်မယ်...အဲ့ဒါဆိုရင်မလွယ်ဘူး..."
"အော်...လိပ်ပြာရဲ့အစ်ကိုတွေက တော်တော်ဆိုးလို့လား..."
"အောင်မာ သူများအစ်ကိုတွေကိုများ..လိပ်ပြာတို့ရပ်ကွက်ထဲမှာစုံစမ်းကြည့်လိုက် အဲ့ရပ်ကွက်ထဲက ဘယ်ယောက်ျားလေးကများ ကျွန်မရဲ့အစ်ကိုတွေလောက် အနေအေးပြီး၊လိမ္မာတဲ့စံပြသားကောင်းတွေ ရှိသလဲလို့ သူတို့ကဒေါသကြီးတာလေးတစ်ခုပဲ လိမ္မာလိုက်တာမှ ဆေးလိပ်၊အရက်၊ကွမ်း လုံး၀ကင်းရှင်းပဲ ချောလိုက်ကြတာမှမှုန်လို့ လိပ်ပြာရဲ့အထက်က အစ်ကိုလတ်ဆိုရင် လိပ်ပြာထက်တောင်မိန်းမချောချောသေးတယ်..
အဲ..တစ်ခုပဲ သူကရုပ်ကသာချောတာ စိတ်ကတော့ တစ်အိမ်သားလုံးသူ့အာဏာကို ကြောက်ကြရတဲ့အထိ စိတ်ကြီးပြီး အာဏာပြင်းတယ်..."
"မသိလို့ပါဗျာ..."
ထွန်းဝေမှာ မေးလိုက်တာကတစ်ခွန်းတည်းပါ။ခါးထောက်ပြီး ပြန်ရန်တွေ့ခံရတဲ့ စကားလုံးတွေကတော့ သူ့နားနဲ့တောင်မဆံ့ဘူး။အစ်ကိုတွေပဲ နှမထိဓားကြည့်လို့ ကြိမ်းတတ်ကြတယ်ထင်တာ။ နှမလုပ်သူကလည်း အစ်ကိုတွေကို ထိရင်မခံဘူးပဲ။ပိုးဖလံမလေးလို ဖလက်၊ဖလက်နဲ့ပြန်ရန်တွေ့နေလိုက်တာများ သူတောင်ကြောက်တယ်။
🦋🦋🦋🦋🦋🦋🦋🦋