သူခိုးတစ်ယောက်ရဲ့ဒဏ္ဍာရီ

By AyePhyoe0

13.1K 1.2K 1

သူခိုးတစ်ယောက်ရဲ့ ဒဏ္ဍာရီ (Stealing The Heaven) ဘာသာပြန်စာရေးဆရာ - အေးငြိမ်းကျော် တခြားသူမှာ ပိုနေတာကို ယူပြီ... More

ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132/133/134
135
136/137/138
139/140
141/142/143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168

59

56 7 0
By AyePhyoe0

သူခိုးတစ်ယောက်ရဲ့ ဒဏ္ဍာရီ
ဘာသာပြန် - အေးငြိမ်းကျော်
အခန်း- ၅၉
(မြှားများ၏တိုက်ခိုက်မှု)

ကောင်းကင်သို့ဖုန်မှုန့်များ လိပ်တက်သွားပြီး ခြေသံများသည် မိုးခြိမ်းသံကြီးသကဲ့သို့ပင် ပဲ့တင်ထပ်သွားလေသည်။ ယုလင်းတပ်မတော်၏ ကျန်ရှိသော ခွေး-ဝံပုလွေတပ်သားလေးထောင်သည် မုန့်ငယ်မြို့ မြောက်ဘက်ဂိတ်မှ ကတိုက်ကရိုက် ပြေးထွက်သွားကြတော့သည်။

‘ယုလင်းစစ်သားတွေကိုပဲ ဒီလူရိုင်းတွေနဲ့ တိုက်ခိုင်းရမယ်…’

သူတို့ကို မြောက်ဘက်ဂိတ်ဆီမှ ဝူကျိ  ရည်ရွက်ချက်ရှိရှိ တမင်တကာ မောင်းထုတ်ခဲ့ခြင်းဖြစ်သည်။  လက်နက်များမတိုးတက်သေးသော ခေတ်ကာလတွင် သားရဲတပ်နှစ်ခု ထိပ်တိုက်တွေ့ခြင်း…။ ဤသည်မှာ အတော်လေးကိုကြည့်ကောင်းမည့် ကျေနပ်စရာ တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မည်။

သို့သော်လည်း ဝူကျိ မြင်လိုက်ရသည့်အရာကြောင့် စိတ်ပျက်သွားရတော့၏။ ယုလင်းတပ်မတော် ခွေး-ဝံပုလွေတပ်ကြီးသည် ရဲရင့်စွာ တိုက်ပွဲခေါ်သံများ သီကျူးလျက် လူရိုင်းများဆီသို့ ချီတက်မသွားကြပေ။ ထို့အစား သူတို့သည် သူရဲဘောကြောင်စွာ မိုယန္တရားနောက်သို့သာ စုပြုံဝင်ပုန်းကြလျက် လျော့တိလျော့ရဲ ခံစစ်လိုင်းတစ်ခု ဖော်ဆောင်လိုက်တော့သည်။ ထိုစစ်သည်များအားလုံးတို့သည် မုန့်ငယ်မြို့ကို ပြန်လှည့်ကြည့်နေကြ၏။ သူတို့မျက်လုံးများထဲတွင် ကြောက်ရွံ့မှု၊ အထိတ်တလန့်ဖြစ်မှုတို့ကို အထင်းသားမြင်နေရလေသည်။

ကျွဲကြီးများစီးနင်းထားသည့် လူရိုင်းများက နီးကပ်လာချေပြီ။

လူရိုင်းခေါင်းဆောင်အသီးသီး၏ ဦးဆောင်မှုအောက်တွင် အခြားအရပ်မျက်နှာသုံးခုမှ လူရိုင်းများသည်လည်း မုန့်ငယ်မြို့ရှိရာသို့ အလောတကော ချီတက်နေကြ၏။ မြေပြင်ပေါ်မှ ဖုန်မှုန့် တထောင်းထောင်းတက်လျက် ကောင်းကင်ကြီးကို ဖုံးလွှမ်းသွားတော့လေသည်။ သူတို့တွင် အချင်းချင်း အချက်ပြဆက်သွယ်ထားခြင်း၊ ကြိုတင်ပြင်ဆင်ထားခြင်းမရှိပါချေ။ လူရိုင်းစစ်တပ်ကြီးသည် အကွာအဝေးတစ်ခုကို ရောက်သည့်အခါမှ တိုက်ခိုက်မှုကို အစပြုလိုက်တော့သည်။

မြောက်အရပ်ရှိ ကျွဲစီးလူရိုင်းများသည် သူတို့ ဦးချိုပါကျွဲကြီး၏ ဦးခေါင်းကို ရိုက်ကာ အရှိန်ကို မြှင့်တင်လိုက်ကြသည်။

အနောက်အရပ်ဆီမှ တကျွီကျွီ တစီစီ အသံများထွက်ပေါ်လာပြီး ရေတွက်၍မရနိုင်သည့် အဆိပ်ရှိပိုးကောင်များသည် လေထဲပျံတက်လျက် သေစေနိုင်သည့် ရေလှိုင်းကြီးသကဲ့သို့ လိမ့်ဆင်းလာလေသည်။

အရှေ့အရပ်ဆီမှ လူရိုင်းသားရဲသိုင်းသမားများသည် ကျယ်ပြန့်လှသော ခြေလှမ်းကြီးများဖြင့် တစ်ကြိမ်လှမ်းလျှင် ဆယ်ပေခန့်လှမ်းကာ ဦးတည်ရာသို့ ချီတက်နေကြသည်။ ဒုန်းဆိုင်းနေသည့် မြင်းကြီးလို မရေတွက်နိုင်သည့် ကြမ်းကြုတ်ရိုင်းစိုင်းသော သားရဲများကို ဦးဆောင်လျက် ပြေးထွက်လာကြသည်။

သို့သော် တောင်အရပ်ရှိ လူရိုင်းခေါင်းဆောင်ဒါဇင်ကျော်တို့ကမူ သူတို့၏အရှိန်ကို လျော့ချပစ်လိုက်သည်။ သူတို့အနောက်မှ လူရိုင်းပေါင်းများစွာတို့ကမူ သံစည်ကြီးများတီးလျက်၊ တံပိုးကြီးများမှုတ်လျက် သူတို့ကိုကျော်ဖြတ်ကာ မုန်ယိုနေသည့် တောရိုင်းသားရဲတစ်အုပ်လို တစ်ဟုန်ထိုး ပြေးထွက်လာ၏။ ထိုလူရိုင်းများ ကိုင်ဆောင်ထားကြသည့် ယိုင်တိယိုင်တိုင် လှေကားတစ်ရာကျော်ကို မြေပေါ်ပစ်ချလိုက်ကြသည်။ မုန့်ငယ်မြို့၏ မြို့ဝင်ဂိတ်များသည် ယခုပွင့်ဟနေပြီဖြစ်၍ မြို့တံတိုင်း၏ ပမာဏကြီးတစ်ခုမှာ ပြိုကျလျက်ရှိရာ လှေကားများ သူတို့မလိုအပ်တော့ပါချေ။

လော့ခယ့်သီသည် တံတွေးကို မနည်းမျိုချလိုက်ရ၏။ အထိတ်တလန့်ဖြစ်စွာဖြင့် အရပ်မျက်နှာလေးခုမှ နီးကပ်လာသော လူရိုင်းများကို သူကြောင်ကြည့်နေမိသည်။

လူရိုင်းလှိုင်းလုံးများအကြောင်း သူကြားခဲ့ဖူးပါသည်။ အခြေခံအားဖြင့် နှစ်နှစ် သုံးနှစ်တစ်ခါ မြို့ငယ်မြို့ကလေးသည် လူရိုင်းများစုစည်းထားသော စစ်တပ်ကြီးတစ်တပ်၏ ဝိုင်းရံခြင်းကိုခံရသည်။ သူတို့သည် ကြောက်မက်ဖွယ်ရာများပြားသော အဆိပ်ရှိပိုးကောင်များ၊ တောရိုင်းသားရဲများကို လက်နက်အဖြစ်အသုံးချကာ တစ်မူထူးဆန်းသည့် တိုက်ခိုက်သူများကို အသုံးပြုလျက် မြို့အတွင်းသို့ ဒီရေလှိုင်းလုံးကြီးသကဲ့သို့ ဝင်ရောက်တိုက်ခိုက်တတ်လေသည်။ ထိုသို့ဖြစ်လေတိုင်း မုန့်ငယ်မြို့ကလေးရှိ လူသူပေါင်းများစွာတော့ သေကြေကြရသည်။ ဤသည်မှာ လူရိုင်းလှိုင်းလုံးပင် ဖြစ်၏။

သို့သော် လူရိုင်းလှိုင်းလုံးသည် လုတိုင်းပြည် ဘုရင်မင်းမြတ်ကပင် ဆန်းကြယ်သော ပုံပြင်တစ်ပုဒ်သကဲ့သို့ ရံဖန်ရံခါ ပြောတတ်သော အရာဖြစ်ရာ သူသိပ်၍မသိပေ။ သို့သော်ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ရသည့်အခါ မည်ကဲ့သို့ဆက်လုပ်ရမည်မသိ စိတ်ဓာတ်များ ကျဆင်းသွားရသည်။

အလိုအလျောက်ပင် စစ်သားများကိုစုဆောင်းကာ မုန့်ငယ်မြို့အတွင်း ပြန်လည်ဝင်ရောက်ရန် ပြင်လိုက်သည်။ မြေနေရာအသာစီးရထားသော လူရိုင်းများနှင့် ကွင်းပြင်ကျယ်ထဲတွင် ထိပ်တိုက်တွေ့ရန် သတ္တိမရှိချေ။

သို့သော် သူခေါင်းကို လှည့်လိုက်သည့်အခါ မုန့်ငယ်မြို့တွင်းရှိ အရပ်သား၊ စစ်သားတို့သည် အုပ်ချပ်များ၊ အုပ်ခဲများ၊ ကျောက်တုံးများနှင့် အဆောက်အဦးတိုင်လုံးကြီးများကို လျင်မြန်စွာ ရွေ့ပြောင်းလျက် ရှိသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ချိုးဖျက်ရန်အမိန့်ပေးခဲ့သည့် မြို့တံတိုင်းကို ထိုအရာများဖြင့် ပြန်လာဖာထေးရန် ပြုလုပ်နေကြခြင်းဖြစ်၏။ မြို့ထဲရှိ မြို့တွင်းအိမ်တစ်ဝက်ကျော်တို့မှာ မိုယန္တရားများကြောင့် ပြိုကျပျက်စီးသွားရပြီး မြို့ဝင်ဂိတ်အနားတွင်လည်း အဆောက်အဦပျက်များ များစွာရှိလေသည်။ ထို့ကြောင့် ထိုအရာများသည် ယခု မြို့တံတိုင်းအပေါက်ကို ပိတ်ဆို့ရန် အသုံးဝင်လာလေ၏။

တခြားလူများ ဒုက္ခရောက်နေရသည်ကို ပျော်ရွှင်စွာကြည့်ရင်း ထိုအရပ်သားနှင့် စစ်သားများတို့က တက်ကြွစွာ အလုပ်လုပ်နေကြသည်။ သူတို့၏ လုပ်နိုင်စွမ်းမှာလည်း အတော်လေးတိုးတက်လေသည်။ မြို့တံတိုင်းပေါက်ကို ပြန်လည်ပိတ်ဆို့ရန်အတွက် အချိန်ခဏမျှပေးလိုက်ရသည်။ ထို့အပြင် ဖာထေးပြီးမြို့တံတိုင်းသည် မူလမြို့တံတိုင်းထပ် နှစ်ဖက်လုံးတွင် ဆယ်ပေပိုမြင့်ပေသည်။

ပုံမှန်အချိန်တွင် ဉာဏ်ကောင်းလွန်းသဖြင့် ကိုယ့်ကိုယ်ဂုဏ်ယူခဲ့ရသော မာလျန့်တောင်မှ ကြောင်အသွားရသည်။ သူသည် ပိတ်ဆို့ထားသည့် မြို့တံတိုင်းကိုကြည့်သည်။ ထို့နောက် သိပ်မကွာဝေးသည့်နေရာမှ ကမူးရှူးထိုး ပြေးဝင်လာကြသော လူရိုင်းများကိုကြည့်သည်။ သူ့ဗိုက်အောက်ဘက်မှ စပ်ဖျဉ်းဖျဉ်း အထိအတွေ့တစ်ခုကို ခံစားလိုက်ရပြီး ဂွကြားမှ ပူနွေးနွေး အရည်တချို့ စီးကျလာလေသည်။

“လော့ခယ့်သီ…”

လော့ခယ်သီသည် ပြင်ဆင်ခြင်းမရှိဘဲ ကြက်သေသေကာ တစ်မိုင်မျှတောင်မကွာဝေးတော့သည့် လူရိုင်းအုပ်ကြီးကို ရပ်၍ ကြည့်နေမိသည်။ မာလျန့်က ကတိုက်ကရိုက်ဖြင့် သူ့ကိုအသိဝင်လာအောင် အော်နှိုးလိုက်ရ၏။

စိတ်အာရုံပျံ့လွင့်နေသော လော့ခယ့်သီသည် ချက်ချင်း အသိပြန်ဝင်လာ၏။ သူသည် အတွင်းစွမ်းအင်ကို လှည့်ပတ်လျက် ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။

“မိုယန္တရားတွေအကုန် လူရိုင်းတွေဆီချိန်ကြ… သူတို့ကို အကုန်သတ်ကြ…”

လော့ခယ့်သီအမိန့်မပေးမီ၊ လုရိုင်းများ စတင်ပေါ်ပေါက်လာစဉ်ကတည်းက မိုယန္တရားမောင်းနှင်သူများသည် ဦးတည်ရာကို စတင်ချိန်ညှိနေပြီးဖြစ်သည်။ ဂီယာသံတချောက်ချောက် အကြားတွပင် မိုယန္တရား၏ ဦးပိုင်းသည် မြေပြင်နှင့် တစ်ညီတည်းဖြစ်သွားတော့သည်။ ဤသို့ဖြင့် လော့ခယ့်သီ များများစားစားမပြောရပါဘဲ ဂီယာများ လျှင်မြန်စွာ လည်ပတ်သံများကို မိုယန္တရားရှစ်ဆယ်ထံမှ ကြားနေကြရပြီး အားကောင်းသော လေးကြိုးကြီးများကို အမြင့်ဆုံးဆွဲတင်ကာ ပစ်လွှတ်လိုက်သည်။

မြေပြင်ပေါ်တွင် အနက်ရောင်စောင်ကြီးတစ်ခု ဖြန့်ခင်းလိုက်သလိုပင်ဖြစ်တော့သည်။ အရှေ့ဆုံးမှ လူရိုင်းများ ကျွဲများတို့သည် စူးစူးဝါးဝါးအော်သံကြီးများကို တစ်ချိန်တည်းတွင်ပင် ထုတ်လွှတ်ကြ၏။ တစ်မိုင်မျှသာဝေးသည့် အကွာအဝေးတွင် မိုယန္တရားများ၏ လေးပင်သောမြှားကြီးများသည် သူတို့ ချပ်ဝတ် များအားလုံးကို လွယ်ကူစွာထိုးဖောက်လျက် ကိုယ်များကို တုတ်ချင်းပေါက်ကာ နောက်မှ လူရိုင်းထံ ဆက်လက်စိုက်ဝင်သွားလေ၏။

ပူပူနွေးနွေးသွေးတို့က မြေပေါ်တွင် ပြန့်ကြဲသွားသည်။ မြှားမိုး ပထမလှိုင်းသည် လူရိုင်းတစ်ထောင်ကို လွယ်ကူစွာပင် သတ်ပစ်လိုက်သည်။ ထို့နောက် ဒုတိယလှိုင်း၊ တတိယလှိုင်း နှင့် စတုတ္ထလှိုင်းတို့က ချက်ချင်း လိုက်ပါလာသည်။

မြို့မြောက်ခြမ်းတွင် နေရာချထားသည့် မိုယန္တရားနှစ်ဆယ်စလုံး သူတို့မြှားအိမ်ကို အကုန်သုံးပြီးချိန်တွင် လူရိုင်းတစ်သောင်းထဲမှ ရှစ်ရာသာရှင်ကျန်ခဲ့၏ လွန်စွာ လူထူထပ်သည့် ချီတက်ပုံနှင့် နီးကပ်သော အကွာအဝေးတို့က ထိုမိုယန္တရားများကို ဖျက်ဆီးစွမ်းအားအမြင့်ဆုံးထိ ရောက်သွားစေခဲ့သည်။ မြေပေါ်တွင် သွေးများက ချောင်းသဖွယ်စီးနေပြီး အလောင်းများက တောင်ပုံရာပုံ ပုံနေသည်။ ကံကောင်းထောက်မ၍ မြှားမိုးအောက် သေပွဲမဝင်ခဲ့ရသည့် လူရိုင်းများက ရှေ့သို့ အတင်းချီတက်နေဆဲဖြစ်သည်။ သို့သော် သူတို့မျက်လုံးရီဝေဝေတွင် ရန်သူကို မမြင်နိုင်ကြတော့ပါချေ။

ယုလင်းတပ်မတော်၏ သားရဲစစ်တပ်ကြီးက သူတို့ကို ကြိုဆိုလိုက်သည်။ အားစိုက်မထုတ်ရပါဘဲ တိုက်ခိုက်ချင်စိတ်ကင်းမဲ့သွားပြီဖြစ်သည့် လူရိုင်းများကို သားရဲစီးစစ်သည်တို့က ဓားဖြင့် အသာအယာရှင်းနိုင်လိုက်၏။

စစ်သည်အချို့သည် သူတို့၏ ခွေး-ဝံပုလွေများပေါ်မှ ဆင်းလာ၍ လူရိုင်းများသုံးသည့် ကိရိယာများကို စူးစမ်းကြည့်ရှုကြသည်။ စစ်သည်တစ်ယောက်က လူရိုင်းများသုံးသည့် ခေါင်းဆောင်းတစ်ခုနှင့် ဓားပြားကြီးကို လော့ခယ့်သီထံသို့ အဆောတလျင်ယူလာပေး၏။

“စစ်သူကြီး… ချပ်ဝတ် လက်နက်တွေအကုန်လုံးက လုတိုင်းပြည်ရဲ့ စံညွန်းမီ စစ်ကိရိယာတွေပါ…”

ထိုစကားကိုပြောနေရင်း စစ်သည်၏ မျက်နှာတွင် စိတ်လှုပ်ရှားနေသည့် အပြုံးတစ်ပွင့်က ရှိနေသည်။ လူရိုင်းများနှင့် လျှို့ဝှက်ဆက်ဆံနေသည့် လူများအကြောင်းကိုသူကြားဖူးခဲ့သည်။ ထိုလူများသည် လူရိုင်းများကို လက်နက်ချပ်ဝတ် များပါ ရောင်းသည်ဟုဆို၏။ ဤတစ်ကြိမ်တွင်တော့ သူတို့သက်သေရှာတွေ့ခဲ့ပြီ။ ဤကိစ္စကြောင့် သူဆုလာဘ်ရပြီး သူကောင်းပြုခံနိုင်သည်။

လော့ခယ့်သီသည် ထိုစစ်သည်ကို စူးစိုက်ကြည့်လျက် ဒေါသတကြီး ဆူပူလိုက်၏

“ဒါငါတို့နဲ့ဘာဆိုင်လဲ… လူစုလိုက်… အဲ့ဒီ့လူရိုင်းတွေနဲ့တိုက်ရအောင်…”

ထိုစစ်သည်လည်း အိပ်မက်ထဲမှ နိုးထလာ၏။ သူတို့သည် ဤကိစ္စကိုစုံစမ်းရန် တာဝန်ပေးခံထားရသော အင်ပါယာတမန်တော်များလည်း မဟုတ်ချေ။ မည်သူက လူရိုင်းများနှင့် ဆက်ဆံရေးရှိသည်ဖြစ်ပါစေ မျက်စိရှေ့တွင် ဤကဲ့သို့ခက်ခဲသောအခြေအနေတစ်ခု ကြုံနေရချိန်တွင် ဘေးဖယ်ထားသင့်ပေသည်။

မိုယန္တရားများ၏ ကြောက်မက်ဖွယ်ရာစွမ်းပကားကြောင့် ပြွတ်သိပ်ချီတက်လာသော မြောက်အရပ်မှ ကျွဲစီးလူရိုင်းတစ်သောင်းကျော်သည် အားအနည်းဆုံး ဖြစ်သွားကြသည်။ ရေနွေးတစ်အိုးသောက်ခန့်မျှအကြာတွင် လူရိုင်းတစ်သောင်းထဲမှ အများစုသည် မိုယန္တရားများကြောင့် သေဆုံးသွားကြပြီး ကျန်လူများကိုတော့ ယုလင်းတပ်မတော်သားများက ရှင်းပစ်လိုက်သည်။

မြို့မြောက်ဘက်ရှိ မိုယန္တရားများကို နှစ်စုခွဲလျက် အရှေ့နှင့် အနောက်သို့ စစ်ကူပေးရန် စေလွှတ်လိုက်လေသည်။

အရှေ့အရပ်တွင်ကား လူရိုင်းသားရဲသိုင်းသမား နှစ်ဒါဇင်ကျော်တို့သည် မိုယန္တရားများနှင့် တစ်မိုင်မျှတောင် မဝေးတော့သော နေရာသို့ရောက်ရှိနေပြီဖြစ်၏။ သူတို့၏ နောက်ပေတစ်ထောင်နီးပါးတွင်ကား ထူးဆန်းသည့် တောရိုင်းသားရဲများစွာရှိလေသည်။ ကျားကြီးများ၊ ကြံ့ကြီးများ၊ ဂေါ်ရီလာကြီးများ၊ တောဝက်ရိုင်းများ၊ ကျွဲရိုင်းကြီးများစသည့် တောရိုင်းတိရစ္ဆာန် အစုံအလင်တို့သည် မျက်လုံးများ သွေးချင်းချင်းနီလျက် နှာများမှုတ်ထုတ်ကာ မုန့်ငယ်မြို့ကလေးဆီသို့ သူတို့အသက်ကို ပဓာနမထားဘဲ တစ်ဟုန်ထိုးပြေးဝင်လာကြသည်။

မြို့အရှေ့ဘက်ရှိ မိုယန္တရားများဆီမှ မြှားမိုးများက သက်ဆင်းလာတော့သည်။

အနက်ရောင်မြှားလှိုင်းကြီးသည် အမြင့်ဆုံးသောအလျင်ဖြင့် ပေတစ်ရာကျော် တိုးဝင်သွားပြီး သွေးများစွာ ပြန့်ကျဲသွားလေသည်။ လူရိုင်းသားရဲသိုင်းသမားသုံးယောက်သည် တိုက်ခိုက်မှုကို မရှောင်လိုက်နိုင်ဘဲ သူတို့၏ ခန္ဓာကိုယ်များကို မြှားများထိုးဖောက်ခံလိုက်ရသည်။ သွေးနီရောင်မြူခိုးများမှာ သူတို့ခန္ဓာကိုယ်များမှ ပေါက်ကွဲထွက်လာပြီး ခါးမှနေ၍ ကိုယ်များ နှစ်ပိုင်းပြတ်သွားလေသည်။ အလွန်အားပြင်းလှသည့် မြှားများ၏ အရှိန်ကြောင့် ခန္ဓာကိုယ်တစ်ပိုင်းသည် သူတို့လာခဲ့သည့်နေရာသို့ အပို့ခံလိုက်ရပြီး ခန္ဓာကိုယ်အောက်ပိုင်းတွင်တော့ ရှေ့သို့ ပေရာကျော် ဆက်ပြေးနေသေးလေသည်။

သားရဲအုပ်ကြီးသည် နာကျင်စွာ စူးစူးဝါးဝါးအော်ဟစ်လိုက်ကြသည်။ တိုက်ခိုက်မှုကို မည်သို့ရှောင်ရမှန်း သူတို့မသိရှာချေ။ သူတို့၏ ရိုးစင်းသော စိတ်ထဲတွင် ရှေ့ကိုသာသွားရမည်ဟု သိနေသည်။ တစ်ခါတစ်လေတွင် မြှားတစ်ချောင်းတည်းနှင့် သားရဲခုနစ်ကောင် ရှစ်ကောင်ခန့်ကို ထိုးဖောက်သွားပြီး ထိုအခါမှသာ မြှားများသည် အရှိန်တန့်၍ နောက်ဆုံးသတ္တဝါ၏ ခန္ဓာကိုယ်သို့ စိုက်ဝင်သွားလေ၏။

မိုးကောင်းကင်၏ အောက်မြေကမ္ဘာတွင် သွေးပူသွေးနွေးများက နေရာအနှံ့စီးဆင်းနေပြီး သွေးအိုင်ငယ်တစ်ခုတောင် ဖြစ်ပေါ်၍နေပါသည်။ ဖြည်းဖြည်းချင်းပင် ထိုသွေးအိုင်ငယ်ကလေးသည် မိုင်အနည်းငယ်မျှကျယ်သည့် သွေးအိုင်ကြီးတစ်ခု ဖြစ်လာတော့သည်။

စွမ်းအားကြီးသည့် မြှားလှိုင်းများနှင့် ရင်ဆိုင်ရသည့်အခါ သားရဲသိုင်းသမားများသည် တခြားရွေးချယ်စရာမရှိဘဲ ဘယ်ညာရွှေ့၍သာ ရှောင်နိုင်ကြသည်။ မြှားမိုးအောက်တွင် အညံ့ခံလိုက်ကြရပြီး ရှေ့ကိုဆက်လက်မချီတက်နိုင်ကြတော့ချေ။ သူတို့အားလုံးသည် ရှန်းထျန်အဆင့်ကျင့်ကြံသူတစ်ဦးထပ် မလျော့သော စွမ်းအားကို ထုတ်ဖော်နိုင်ပါသော်လည်း လူများစွာသတ်ဖြတ်ရန် ဒီဇိုင်းဆွဲထားသော မိုယန္တရားနှင့် တွေ့သည့်အခါ သူတို့ ဒေါသတကြီးဟိန်းဟောက်ရုံသာ တတ်နိုင်ကြရှာ၏။

မြို့တောင်ဘက်ရှိအခြေအနေမှာ ပို၍ပင် သနားစရာကောင်းပါသေး၏။ ပြွတ်သိပ်စွာ ချီတက်လာသော လူရိုင်းများတို့သည် တစ်လှိုင်းပြီးတစ်လှိုင်း မြေပေါ်သို့ ပြုတ်ကျနေကြလေသည်။ မိုယန္တရားများက မြှားများသည် စိတ်ကျေနပ်စရာ တဝှီဝှီအသံဖြင့် ထိုလူရိုင်းများပေါ် ကျဆင်းလျက် အသက်ကိုနှုတ်ယူနေတော့သည်။ မိုယန္တရားများနှင့် ခြေလှမ်းငါးဆယ်မှ နှစ်မိုင်အကွာအဝေးသည် သေပွဲခင်းသောနေရာ ဖြစ်လာ၏။ ဤနေရာသို့ ဝင်ရောက်လာရဲသည့် မည်သည့် လူရိုင်းများမဆို လျှပ်စီးလို မြန်ဆန်ပါသည့် မြှားများကြောင့် ချက်ချင်းသေဆုံးရမည် ဖြစ်လေသည်။

ထိုအချိန်တွင် လူရိုင်းများသည် ကျဉ်းထဲကျပ်ထဲသို့ ရောက်နေပြီး မည်သည့်တိုက်ခိုက်မှုမျိုးမှ မပြုလုပ်နိုင်ချေ။ အနောက်အရပ်မှလာသော လူရိုင်းများသာ ပြောပလောက်အောင် ခရီးပေါက်လေသည်။

အနောက်မှ မြို့ကို တိုက်ခိုက်လာသော လူရိုင်းများသည် ‘ဗူဒူးလူရိုင်းများ’ ဖြစ်ကြပြီး နာမည်ကြားသည်နှင့် မည်သူမဆို တုန်ရီသွားရပေသည်။ အဆိပ်ရှိ သတ္တဝါများကို ထိန်းချုပ်ရာတွင် ကျွမ်းကျင်သူများဖြစ်ပြီး တစ်မူထူးခြားဆန်းပြားသော စွမ်းအင်မျိုးစုံပိုင်ဆိုင်လေရာ အံ့ဩဖွယ်ပင်ဖြစ်တော့၏။ ရေတွက်မရနိုင်သော အဆိပ်ရှိပိုးကောင်များသည် အရူးအမူး တိုးဝင်လာကြ၏ သူတို့သည် ကြောက်မက်ဖွယ်ရာ ဒီရေလှိုင်းကြီးသကဲ့သို့ မြို့အနောက်ဘက်ကို ‘စောင့်ကြပ်’ နေသည့် မိုယန္တရားများဆီ တိုးဝင်လိမ့်ဆင်းသွားသည်။

သူတို့၏ ညီနောင်များသကဲ့သို့ပင် ဤမိုယန္တရားများသည်လည်း အသည်းခိုက်စရာ မြှားမိုးများရွာသွန်းနိုင်ပေသည်။ မြှားလှိုင်းတစ်လှိုင်းနှင့်အတူ ခန္ဓာကိုယ်အရွယ်အစားကြီးမားသော အဆိပ်ရှိသတ္တဝါများက သေဆုံးသွားကြရသည်။ ထမင်းပန်းကန်လုံး တစ်လုံးခန့် လုံးပတ်ရှိ စပါးအုံးများ၊ ရေတကောင်းတစ်ခုမျှ ကြီးသည့် ပင့်ကူများ၊ ပေအနည်းငယ်မျှ ရှည်သည့် ကင်းခြေများ စသည့် အရွယ်အစားကြီးမားသော အဆိပ်ရှိသတ္တဝါများအားလုံး ဤမိုယန္တရားများ၏ တိုက်ခိုက်မှုကို မခံနိုင်ကြချေ။ မျက်စိတစ်မှိတ်ခန့်တွင်ပဲ အကောင်ကြီးများအားလုံး အမြစ်ဖြတ်ခံလိုက်ရတော့သည်။

သို့သော်ငြားလည်း ဤအဆိပ်ရှိပိုးကောင်ပင်လယ်ကြီးအတွင်း အများစုသည် အရွယ်အစားသေးငယ်သော ပိုးကောင်များဖြစ်ကြ၍ အရေအတွက်မှာလည်း ဩချစရာ များပြားလွန်းလှ၏။ ပေအနည်းငယ်ရှည်သည့် လက်မခန့်လုံးပတ်နှင့် မြွေများ၊ လူ့လက်မနှင့် လက်သီးဆုပ်ခန့်အရွယ်များရှိကြသည့် အဆိပ်ပင့်ကူများ၊ လက်မအနည်းငယ်သာရှည်သည့် ကင်းခြေများနှင့် လက်ဝါးခန့်ပင့်ကူများ… သူတို့အားလုံး၏ စုစုပေါင်းသည် ငါးသိန်းနီးပါးရှိလေ၏။ အဆိပ်ရှိပိုးကောင်တပ်ကြီးသည် မိုင်အနည်းငယ်လွှမ်းခြုံလျက် တဝီဝီအသံများကိုပြုကာ မိုယန္တရားများဆီသို့ ချဉ်းကပ်လာနေသည်။

မိုယန္တရားများမှာ အကောင်ကြီးများအား ဖွတ်ဖွတ်ညက်ညက်ကြေစေနိုင်သော်လည်း ဤအဆိပ်ရှိ ပိုးကောင်သေးသေးကလေးများနှင့် တွေ့သည့်အခါ စွမ်းအင်များအားလုံး ဆုံးရှုံးသွားရတော့သည်။

အဆိပ်ရှိပိုးကောင်ပင်လယ်ကြီးသည် မိုယန္တရား မောင်းနှင်သူများထံသို့ ပျံဝင်လာကြသည်။ ကြောက်မက်ဖွယ်ရာ အော်သံနက်ကြီးများကို ကြားလိုက်ကြရပြီး စစ်သားရာကျော်တို့မှာ ပိုးကောင်လှိုင်းကြီးထံမှ ထွက်ပြေးရင်း မြေပေါ်သို့ ပြုတ်ကျသွားကြ၏။ ထိုစစ်သားများဆီသို့ ပိုးကောင်လှိုင်းကဖြတ်၍ စီးဆင်းသွားသည့်အခါ သူတို့သည် ခဏမျှရုန်းကန်လှုပ်ရှားလိုက်ကြပြီး နောက်ဆုံး ငြိမ်သက် တိတ်ဆိတ်သွားလေသည်။ လှိုင်းလုံးကြီးက သူတို့ကိုကျော်သွားသည့်အခါ နဂိုမူလစစ်သားများ ရှိနေသည့်နေရာတွင် အနက်ရောင်အရိုးစုများကိုသာ မြင်နိုင်တော့လေသည်။ 

မိုယန္တရားများထဲတွင် အလုပ်လုပ်နေကြသည့် စစ်သားများမှာလည်း အထဲဝင်လာသော ပိုးကောင်များကြောင့် သေဆုံးသွားကြပြီး မိုယန္တရားနှစ်ဆယ်စလုံးသည် ယခုအမှိုက်ပိုများသာ ဖြစ်သွား၏။

မြို့အနောက်ပိုင်းမှ ချီတက်လာသော အဆိပ်ရှိ ပိုးကောင်ထိန်းချုပ်သူ လူရိုင်းများက ယုတ်မာသည့်ရယ်သံကြီးဖြင့် ပျော်ရွှင်စွာရယ်မောလိုက်ကြလေသည်။ ထူးဆန်းသည့် တီးလုံးတစ်ခုကို ညည်းနေရင်း လေအေးတစ်ချက်နှင့်အတူ မုန့်ငယ်မြို့လေးဆီသို့ သူတို့ပြေးဝင်လာတော့၏။ သူတို့၏ လေချွန်သံများသည် အဆိပ်ရှိပိုးကောင်တို့အား မုန့်ငယ်မြို့ကို ဆက်လက်တိုက်ခိုက်ရန် ညွှန်ကြားနေခြင်းဖြစ်သည်။ သိပ်မကြာလှသည့် အချိန်အတွင်း မြို့တံတိုင်းရှေ့သို့ သူတို့ ရောက်လာခဲ့ကြပြီ။

မြောက်ဘက်မှလာသည့် မိုယန္တရားဆယ်ခုသည် မြောက်နှင့် အနောက် မြို့တံတိုင်းနှစ်ခုဆုံရာသို့ ရောက်ရှိလာပြီဖြစ်သည်။ အဆိပ်ရှိပိုးကောင်များ မည်မျှကြောက်မက်ဖွယ်ရာကောင်းမှန်း မြင်လိုက်ရသည့်အခါ သူတို့ချက်ချင်း ရပ်တန့်လိုင်ကြပြီး ဆက်၍မသွားရဲတော့ချေ။ သို့သော်ငြားလည်း အဆိပ်ရှိပိုးကောင်များကို ထိန်းချုပ်နေသည့် ဗူဒူးလူရိုင်းတစ်သောင်းတို့သည် မိုယန္တရားဆယ်ခုတို့၏ ပစ်ကွင်းထဲသို့ ရောက်လာကြ၏။

မြှားလှိုင်းသည် ထပ်၍ လိမ့်လာတော့၏။

အမြန်ဆုံးသောအရှိန်ဖြင့် မိုယန္တရားဆယ်ခုသည် မြှားအိမ်ထဲတွင်ရှိသမျှ မြှားများကို လျင်မြန်စွာပစ်ခတ်လိုက်ကြသည်။

ဤသို့ဖြင့် ဗူဒူးလူရိုင်းငါးထောင်မှာ အသတ်ခံလိုက်ရတော့၏။ သူတို့ထိန်းချုပ်ထားသော အဆိပ်ရှိပိုးကောင်များသည် ဝရုန်းသုန်းကားအခြေအနေသို့ ရောက်ရှိသွားပြီး အရပ်မျက်နှာအနှံ့ ပျံ့ကျဲထွက်ကုန်ကြလေသည်။

ကောင်းကပ်ထပ်မှ ဆူးချွန်မိုးကြီး ရုတ်တရက် ရွာကျလာသည်။ မြင့်မားသောနေရာတွင် ပတ်ချာလည်ပျံသန်း၍ တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေသော ငှက်လူရိုင်းများသည် နောက်ဆုံးတွင်တော့ သူတို့၏ လေးကြိုးများကိုဆွဲလျက် စတင်တိုက်ခိုက်လိုက်ကြပြီ ဖြစ်၏။

မိုယန္တရားများကို မောင်းနှင်နေသော စစ်သားများပေါ်သို့ မြှားဆူးချွန်များ ရွာကျလာသည်။ စူးစူးဝါးဝါးအော်သံများနှင့်အတူ သူတို့အများစုသည် မြေပေါ်သို့ ပြုတ်ကျသွားကြလေ၏။

Continue Reading

You'll Also Like

15.5K 1K 23
"That's because.. you're weak!" "I'll surpass you! I certainly will!" [Kaiju no.8 various x !Gojo reader] Gojo Y/n , despite her silly demeanor there...
155K 6.8K 30
!Adult/Possessive and Asshole!
221K 6.4K 61
𝐁𝐄𝐈𝐍𝐆 𝐓𝐇𝐄 𝐄𝐋𝐃𝐄𝐒𝐓 child of the Kamado family was no easy task. You took on chores with your mother, and soon enough, you had to take car...
345K 8.1K 68
Amazing cover by Anel_Graphics Gabriella De'Luca is a cold fifteen year old girl, who has had to go through extreme hardships everyday of her life. C...