ဗီလိန်မလေးရဲ့ စုတ်ချက်
မူရင်းစာရေးသူ - 리티티
ဘာသာပြန်သူ - Marilee
****
အခန်း ၃
မိဘနှစ်ပါးစလုံး ဆုံးရှုံးထားရတဲ့ ညီမငယ်လေးကို ထိပါးနှောင့်ယှက်တဲ့ ကောင်ကျစ်ယုတ်မာသူ အစ်မတစ်ယောက်။ အပြစ်ကင်းတဲ့ ကလေးမလေးအပေါ် အဆိုးရွားဆုံး အနိုင်ကျင့်မှု အကွက်ချကြံစည်မှုနဲ့ ခြယ်လှယ်မှုတွေလုပ်တဲ့ မိန်းမယုတ်တစ်ယောက်။
ဒါတွေက အလိမ်အညာတွေ မဟုတ်ခဲ့ပါဘူး။ ယွန်းဟာယွန်းအနေနဲ့ အတိတ်ကိုပြန်ကြည့်မယ်ဆိုရင် ဗိုင်အိုလတ်တစ်ယောက် မကောင်းမှုတွေ အများကြီးကျူးလွန်ခဲ့တာ အမှန်ပါပဲ။
သူက အိုင်လင်းန်ကို မုန်းခဲ့တယ်။
အဲ့ဒါကြောင့် အိုင်လင်းန်ကို နှိပ်စက်ခဲ့တယ်။
ဗိုင်အိုလတ်က အဲ့ဒီလို ရမ်းကားတဲ့ အပြုအမူတွေကို ငယ်စဉ်ကတည်းက ကြံစည်ဆောင်ရွက်ခဲ့တာလေ။ အဲ့ဒါကြောင့်ပဲ လူတွေ သူ့အပေါ်ထားတဲ့အစွဲကို လွယ်လွယ်နဲ့ချွတ်ဖို့ မဖြစ်နိုင်ခဲ့ဘူးပေါ့။ ဗိုင်အိုလတ်ရဲ့ အစ်ကိုတွေကလည်း သူတို့ညီမအရင်းဖြစ်တဲ့ ဗိုင်အိုလတ်ထက် ညီမဝမ်းကွဲဖြစ်သူ အိုင်လင်းန်ကို ပိုပြီးဂရုတစိုက်ရှိကြတယ်။
'နာနီက ညီမလေးကို ပြောပြတယ်။ ကွယ်လွန်သွားတဲ့ နယ်စားမင်းကတော်က ရွှေအိုရောင် ဆံပင်လှလှလေးတွေနဲ့ ကျက်သရေရှိတဲ့ မိန်းမလှတစ်ယောက်တဲ့။ ဒါပေမဲ့ မမရဲ့ဆံပင်က ဘာလို့ ငွေရောင်ဖြစ်နေရတာလဲဟင်'
ကလေးဘဝတုန်းက အိုင်လင်းန်ပြောခဲ့တာတွေကို ပြန်တွေးမိချိန်မှာ ဗိုင်အိုလတ်ရော ယွန်းဟာယွန်းပါ တစ်ပုံစံတည်း တုံ့ပြန်မိသွားကြတယ်။ နှစ်ယောက်စလုံး ပြုံးချင်စိတ်ကို မနည်းထိန်းထားရတယ်လေ။
အခုတော့ အားလုံးက အဓိပ္ပာယ်မဲ့ကုန်ပါပြီ။ အားလုံးက အဓိပ္ပာယ်မဲ့သွားပြီ။
မိသားစုရဲ့ အသိအမှတ်ပြုမှုကိုရဖို့ ကြိုးစားခဲ့ရတာ၊ အချစ်ခံရဖို့ ကြိုးစားခဲ့ရတာ၊ ဒီလို ငရဲတမျှ နယ်စားမင်းအိမ်တော်မှာ ရှင်သန်ဖို့ကြိုးစားရင်း နေခဲ့ရတာ။ အဲ့ဒါတွေအားလုံး အဓိပ္ပာယ်မဲ့ကုန်ပါပြီ။
အရင်ဘဝက မှတ်ဉာဏ်တွေကို ပြန်သတိရလာတာနဲ့အမျှ စရိုက်နှစ်ခုကလည်း ထပ်တူကျပြီး တစ်သားတည်းဖြစ်လာခဲ့တယ်။
အခု သူ့ရဲ့ဖြစ်တည်မှုက ဗိုင်အိုလတ်ဆိုပေမဲ့ ဗိုင်အိုလတ်မဟုတ်ဘူး။ ယွန်းဟာယွန်း ဖြစ်ခဲ့ဖူးပေမဲ့ ယွန်းဟာယွန်းလည်း မဟုတ်ပြန်ဘူး။
အဲ့ဒီတော့ သူ့ဘဝကို အသစ်တစ်ဖန် ပြန်ပုံဖော်ရေးဆွဲဖို့ ဆုံးဖြတ်လိုက်တော့တယ်။
__ဒီလက်တွေ့ဘဝမှာ အရာအားလုံးကို ကျောခိုင်းထားရစ်ခဲ့ဖို့။ ကိုယ့်ကိုယ်ကိုယ် တစ်ယောက်တည်း အကျဉ်းချထားလိုက်ဖို့လေ။
****
ပထမဆုံး ဗိုင်အိုလတ် လုပ်ခဲ့တဲ့အရာကတော့ ဖခင်ဖြစ်သူကို သွားတွေ့တာပါပဲ။ ညဝတ်ဂါဝန်တောင် မလဲနိုင်ဘဲနဲ့ပေါ့။
သူ့ခန္ဓာကိုယ်က အခုထိ ပြန်မသက်သာသေးတာကြောင့် အားလုံးရဲ့အမြင်မှာ သူ့ပုံစံက ပိန်သေးကြုံလှီနေမှာ အမှန်ပါပဲ။
သမီးဖြစ်သူတစ်ယောက်လုံး ရုတ်တရက် ရောက်ချလာပေမဲ့ နယ်စားမင်းက ဘယ်လို ဂနာမငြိမ်ဖြစ်မှုကိုမှ မဖော်ပြခဲ့ပါဘူး။
၁၉နှစ်တာလုံး လုပ်ခဲ့သလို ဗိုင်အိုလတ်ကို နယ်စားမင်း အိမ်တော်စံ မင်းသမီးတစ်ပါးရဲ့ စံနှုန်းတန်ဖိုးတွေနဲ့အညီ ပုံသွင်းဖို့ကြိုးစားတာမျိုးလည်း မရှိတော့ပါဘူး။ နယ်စားမင်းရဲ့ ရုံးခန်းထဲမှာ ဓားတစ်လက်သဖွယ် ချွန်ထက်တဲ့ တိတ်ဆိတ်မှုကသာ ကြီးစိုးနေခဲ့တယ်။
နယ်စားမင်း အဲဗရက်က သူ့ရဲ့ အနက်ရောင်ဆံပင်တွေကို သေသေသပ်သပ် နောက်ပြန်သပ်တင်လိုက်ပြီး ဗိုင်အိုလတ်ကို တည်ငြိမ်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။ နှင်းထူထူ ဆောင်းရာသီအလယ်က ရေကန်တစ်ကန်နဲ့ အလားသဏ္ဍာန်တူတဲ့ မျက်လုံးတွေပေါ့။
ဗိုင်အိုလတ် တစ်ဘဝလုံး... ဘဝတစ်လျှောက်လုံးမှာ အဲ့ဒီအေးစက်တဲ့ မျက်လုံးတွေနဲ့ပဲဖြစ်ဖြစ် ဖခင်ဖြစ်သူက သူ့ကို တစ်ချက်လေး စောင်းငဲ့ကြည့်လာဖို့ တောင့်တမိခဲ့ဖူးတယ်။
ဗိုင်အိုလတ်က ဒီဘဝမှာ သူဖြတ်သန်းခဲ့ရတာတွေအတွက် ခဏလောက် ကိုယ့်ကိုယ်ကိုယ် သနားစာနာမိသွားတယ်။ ငယ်ငယ်လေးကတည်းက မိခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး ဖခင်ဖြစ်သူကလည်း ဘာသိဘာသာ အေးတိအေးစက် နေတတ်သူ ဖြစ်နေပြန်တယ်။ ဒီတော့ သူ လိုအပ်တဲ့ ချစ်ခြင်းမေတ္တာကို ရဖို့ဆိုတာ ဘယ်လိုများဖြစ်နိုင်ပါ့မလဲ။
သူ့ကို တစ်ချက်လေးတောင် လှည့်မကြည့်ကြသူတွေရဲ့ အာရုံစိုက်မှုကို အသည်းအသန် တောင့်တရင်း ဇွဲကောင်းကောင်းနဲ့ ရှင်သန်နေထိုင်ခဲ့ရတယ်လေ။
ဒီရက်ပိုင်းအတွင်းမှာ သူ့ရဲ့ အပြုအမူတွေကြောင့် အစေခံတွေက အိမ်တော်စံ မင်းသမီးတစ်ယောက် နောက်ဆုံး ရူးများသွားလေသလားဆိုပြီး အချင်းချင်း ပြောနေကြတယ်။ ဗိုင်အိုလတ်ကတော့ သူတို့ရဲ့စကားတွေကို နှာခေါင်းရှုံ့ပြီး မသိကျိုးကျွံပြုထားလိုက်တယ်။
'အဖေကရော ငါ့ကို သေစေချင်ခဲ့တာလား'
'ငါ့ဘဝက ဒီလောက် တန်ဖိုးမရှိ အသုံးမကျဖြစ်နေတာကို ဘာဖြစ်လို့များ ပိုက်ဆံတွေ ပုံအောသုံးပြီး ငါ့ကို ကယ်ခဲ့သေးတာလဲ'
ယွန်းဟာယွန်း တစ်ဖြစ်လဲ ဗိုင်အိုလတ်က သူ့ကို တစ်စက်လေးတောင် အာရုံမထားတဲ့ ဖခင်ဖြစ်သူ နယ်စားမင်းကို ပြုံးပြလိုက်တယ်။
"ကျွန်မ တစ်ခုလောက် မေးချင်ပါတယ် အရှင်နယ်စားမင်း။ အရှင့်အတွက် ကျွန်မက ဘာပါလဲ။ သမီးတစ်ယောက်လား ဒီအတိုင်း အသုံးချစရာ ပစ္စည်းတစ်ခုလား"
ဗိုင်အိုလတ်က ကျက်သရေရှိတဲ့ ကိုယ်နေဟန်ထား၊ ကျက်သရေအတိလွှမ်းတဲ့ အသံနဲ့ မေးလိုက်တယ်။
ဗိုင်အိုလတ်ရဲ့ မေးခွန်းက တည့်တိုးဆန်ပြီး မခန့်လေးစားရာ ကျလွန်းတာကြောင့် နယ်စားမင်းအနေနဲ့ သူ့ကို ဒီနေရာမှာ အော်ထုတ်မယ်ဆိုရင်တောင် အံ့ဩစရာမရှိပါဘူး။
ဒါပေမဲ့ သူ့ရဲ့ ရဲတင်းရိုင်းပျမှုကို အပြစ်တင်မယ့်အစား နယ်စားမင်းက ခေါင်းထောင်လာပြီး ဗိုင်အိုလတ်ရဲ့ မျက်လုံးထဲကို တည့်တည့်စိုက်ကြည့်ရင်း မေးခွန်းကို တုံ့ပြန်လိုက်တယ်။
လေထဲမှာ အကြည့်နှစ်ခု ထိပ်တိုက်ဆုံသွားခဲ့တော့တာပေါ့။
အဆုံးမရှိတဲ့ ရေကန်တွေလို ခရမ်းရောင်နက်နက် မျက်လုံးတွေရယ်၊ နယ်စားမင်းအရိုက်အရာကို အကြာကြီးဆက်ခံခဲ့ရတဲ့ အတွေ့အကြုံကြောင့် ကိုယ့်ရဲ့ အတွင်းကျကျအတွေးတွေကို ကောင်းကောင်းဖုံးကွယ်ထားနိုင်တဲ့ မျက်လုံးစိမ်းစိမ်းတွေရယ်။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အကဲခတ်တဲ့အချိန်က ခဏတာပဲ ကြာလိုက်တယ်။ ဗိုင်အိုလတ်က အတုံ့အဆိုင်းမရှိ နောက်တစ်ကြိမ် ထပ်မေးလိုက်တယ်။
"ထပ်မေးပါရစေ အရှင်နယ်စားမင်း။ အရှင့်အတွက် ကျွန်မက သမီးတစ်ယောက်လား အသုံးချစရာ ပစ္စည်းတစ်ခုလား"
"...အခု ဒါက ဘာပြဿနာရှာပြန်တာလဲ"
"သေမင်းရဲ့ ခံတွင်းဝကနေ ပြန်ရောက်လာပြီးကတည်းက ကျွန်မရဲ့ ခံစားချက်တွေ ပြောင်းလဲသွားပြီ။ ကျွန်မ လုပ်ချင်တာ တစ်ခုရှိပါတယ်"
အိမ်တော်စံမင်းသမီးရဲ့ အသံက မှတ်လောက်သားလောက်အောင်ကို တည်ငြိမ်နေခဲ့တယ်။
တကယ်လို့ လူတစ်ယောက်ရဲ့ မျှော်လင့်ချက်ကို လက်လွှတ်ရတာ ဒီလောက်လွယ်မယ်ဆိုရင် သူကရော ဒီမိသားစုရဲ့ အသိအမှတ်ပြုမှုကိုရဖို့ မျှော်လင့်ချက်ကို ဘာလို့လက်မလွှတ်နိုင်ရတာလဲ။ ဘာမဟုတ်တဲ့ အသုံးချခံပစ္စည်းတစ်ခုအဖြစ် သဘောထားတယ်ဆိုရင်တောင် သူ့အနေနဲ့ အတိုင်းအတာတစ်ခုအထိ တန်ဖိုးထားခံရသေးတယ်ဆိုတဲ့ သဘောပဲမဟုတ်လား။
အခုအချိန်မှာ ဗိုင်အိုလတ်က ဘယ်သူလဲဆိုတဲ့အချက်ကို ထည့်စဉ်းစားမယ်ဆိုရင်တော့ သေချာပေါက် သူ ဒီအသိအမှတ်ပြုမှုတွေကို မလိုအပ်တော့ဘူးပေါ့။
နယ်စားမင်းက နှုတ်ခမ်းတွေကို လေးလံစွာ ဖွင့်လိုက်တယ်။
"လုပ်ချင်တဲ့အရာဆိုတာက ဘာလဲ"
"အရင်ဆုံး လက်ထပ်ခွင့် တင်တောင်းလွှာတွေအားလုံးကို တစ်ခုမကျန် ရုတ်သိမ်းချင်တယ်"
"...အဲ့ဒီလို လုပ်ချင်လုပ်နိုင်တယ်"
ဗိုင်အိုလတ်က လက်ထပ်ခွင့်တောင်းခံလွှာတွေအကြောင်း စကားစလိုက်ချိန်မှာ နယ်စားမင်းက မြန်မြန်ပဲ ပြန်ဖြေလိုက်တယ်။ အဲ့ဒီအတွက်
ဗိုင်အိုလတ်လည်း ခဏတာလောက် တုန်လှုပ်မိသွားတယ်။
ဗိုင်အိုလတ်အနေနဲ့ သူ့အပေါ်မှာ အသုံးချခံ ပစ္စည်းတစ်ခုအနေနဲ့ထားတဲ့ တန်ဖိုးကို လွယ်လွယ်နဲ့ လွှင့်မပစ်နိုင်ခဲ့ပါဘူး။ သူ့ရဲ့ ဂုဏ်သတင်းကသာ ကြမ်းပြင်ထိနေပေမဲ့ ဗိုင်အိုလတ်ရဲ့ ရုပ်ရည်သွင်ပြင်က ငြင်းမရနိုင်အောင် လှပလွန်းနေသေးတယ်လေ။
နယ်စားမင်းအနေနဲ့ သူ့ကို ပစ္စည်းတစ်ခုလို အသုံးချပြီး အကျိုးအမြတ်ရှာ ထိမ်းမြားမှု လုပ်လို့ရပေမဲ့ နယ်စားမင်းရဲ့ အဖြေမှာ တုံ့ဆိုင်းမှု အလျဉ်းမရှိခဲ့ဘူး။
ဖခင်ဖြစ်သူအနေနဲ့ သူ့ကို တခြားနေရာမှာ အသုံးချဖို့များ အတွေးရှိနေသလားလို့ တွေးမိသွားတယ်။ ဒါပေမဲ့လည်း ဗိုင်အိုလတ်တစ်ယောက် ဟန်ပြန်ထိန်းပြီး စကားဆက်လိုက်တယ်။
"ပြီးတော့ ကျွန်မ ပန်းချီဆွဲချင်တယ်"
"...အဲ့ဒီလို ဆန္ဒရှိတယ်ဆိုရင်တော့ ငါ ဆရာတစ်ယောက် ခေါ်ပေးလို့ရတယ်"
****
StoryGlory
Swara Webnovel Translation