╔═════ ࿇ ═════╗
အခန်း (၁၁)
ကိုယ့်ရဲ့လှပတဲ့ခရစ်လေး
╚═════ ࿇ ═════╝
ချစ်စဖွယ်ကလေးငယ်တစ်ယောက်ကဲ့သို့ တက်ကြွနေသောဂျရယ်မိုင်ရာကို ငေးကြည့်နေမိသည့် ခရစ်စတိုဖာ၏အပြုံးအပျော်များက တဒင်္ဂလေးသာ ကြာရှည်ခံခဲ့သည်။
သူ ဖြတ်ခနဲမြင်လိုက်ရသည်က ဂျရယ်မိုင်ရာ၏ကျောနောက်ဘက် မလှမ်းမကမ်းအကွာအဝေးမှာ ရပ်နေကြသောဂါဗင်နှင့်သူ့ဂိုဏ်းအဖွဲ့ပင်။ ခရစ်စတိုဖာ၏ခန္ဓာကိုယ်က တစ်စက္ကန့်၏အလင်းနူန်းမှာ ရေခဲသွားသကဲ့သို့ အေးစက်ကာတောင့်တင်းသွားသည်။
သူ့စိတ်ထဲတွင် မိုးမီးလောင်သွားခဲ့လျက် ...
' သေပြီ '
ဂျရယ်မိုင်ရာအနေနှင့် ဘာကိုမှမရိပ်မိသေးသောကြောင့် ဘုမသိဘမသိ ပြောလိုက်သည်။
" ဟေး ခရစ် ... Rollercoaster စီးကြမယ် "
" ဟမ် "
ခရစ်စတိုဖာ၏ရင်ထဲတွင် ဒိန်းခနဲ မိုးကြိုးတစ်ချက်ပစ်သွားသည်။ ထိုစဉ် ဂျရယ်မိုင်က ထပ်ပြောလာသည်။
" Rollercoaster စီးကြမယ်လို့ "
" မဖြစ်ဘူး "
" ဘာလို့ မူးတတ်လို့လား"
" မဟုတ်ဘူး"
" လာပါ ... သွားစီးကြမယ်။ မကြောက်နဲ့ ကိုယ်ရှိပါတယ်"
ဂျရယ်မိုင်ရာမှာ ခရစ်စတိုဖာဘက်က အတင်းငြင်းဆန်နေသည့်ကြားကနေ ခရစ်စတိုဖာ၏လက်ကို အတင်းအကြပ်ဆွဲခေါ်သွားသောကြောင့် သူ့အနေဖြင့် ဂါဗင်တို့ကို ဘယ်နည်းနှင့်မှ ရှောင်လွဲ၍မရတော့ပေ။ ဂါဗင်ကလည်း သူ့တပည့်အခြံအရံများဖြင့် ရိုလာကိုစတာစီးရန် လက်မှတ်ကောင်တာဘက်သို့ လာခဲ့သည်။ တက်ကြွနေသည့် ကိုကြက်ဖဂျရယ်မိုင်ရာကမူ ရှေ့ဆုံးခုံကနေစီးနိုင်ရန် ကောင်တာတွင် အသည်းအသန် လက်မှတ်ပြေးဝယ်သည်။
" ရှေ့ဆုံးတန်းက လက်မှတ်နှစ်စောင်ပေးပါ မယ်ချောလေး"
လက်မှတ်ရုံက ကောင်မလေးကို မျက်စိမှိတ်ပြလိုက်လျှင် ကောင်မလေးကလည်း ပြုံးစိစိဖြင့် သူ့တောင်းဆိုမှုအတိုင်း ရှေ့ဆုံးတန်းထိုင်ခုံနှစ်ခုံစာ လက်မှတ်နှစ်စောင်ဖြတ်ပေးလိုက်၏။ ဂျရယ်မိုင်ရာက လက်မှတ်များရလျှင်ရချင်း ခရစ်စတိုဖာဆီ ပြန်လာသောအခါ ချက်ချင်းလဲသေတော့မည့်ပုံစံဖြင့် ကြောက်လန့်တုန်လှုပ်နေသောအမူအရာကို တွေ့လိုက်ရသည်။
" ဘာဖြစ်နေတာလဲ ကိုယ့်အသည်း ...
နေမကောင်းဘူးလား"
ခရစ်စတိုဖာက လုံးဝအသိစိတ်လွတ်နေသောအခြေအနေဖြစ်နေသည့်အတွက် ဂျရယ်မိုင်ရာကို ပြန်ပြောစရာ စကားမရှိနေပေ။ ဂျရယ်မိုင်ရာက လက်မှတ်တွေကို သူ့ပိုက်ဆံအိတ်ထဲ ထည့်လိုက်ပြီး ခရစ်စတိုဖာမျက်နှာနှစ်ဖက်ပေါ် သူ့လက်ဖဝါးနှစ်ဖက် ကပ်ထားလိုက်၏။
" ကိုယ်လည်းမပူပါဘူး။ ဘာဖြစ်နေတာလဲလို့"
ဂျရယ်မိုင်ရာက ခရစ်စတိုဖာကိုယ်ကို လူပ်ရမ်းလိုက်သည့်အချိန်မှ ခရစ်စတိုဖာတစ်ယောက် သတိပြန်ဝင်လာခဲ့သည်။ ဤသို့ဖြင့် ရိုလာကိုစတာ၏ရှေ့ဆုံးခုံတန်းမှာ ဂျရယ်နှင့်ခရစ်နှစ်ယောက်သားအတူတူ ထိုင်စီးခဲ့ကြသည်။ ဂါဗင်နှင့်သူတပည့်များကလည်း မကြာခင်မှာ ဝင်လာကြပြီး သက်သက်စီ ထိုင်ကြသည်။ ဂျရယ်မိုင်ရာနှင့်ခရစ်စတိုဖာက တစ်တွဲ၊ နောက်မှာက ဂါဗင်တစ်ယောက်တည်းဖြစ်သည်။ ဂါဗင်၏အနောက်က ထိုင်ခုံတန်းများတွင်မူ သူ့တပည့်များက လိုက်ပါစီးနင်းခဲ့ကြသည်။
" Rollercoaster မစီးရတာ နှစ်ပေါင်းမနည်းတော့ဘူး "
ခရစ်စတိုဖာကတော့ ရယ်မောနေသည့် ဂျရယ်မိုင်ရာကို ပြန်မတုံ့ပြန်နိုင်ပေ။ သူ့ခမျာ ကမ္ဘာပျက်တော့မည့်အတိုင်း ငိုင်တိုင်တိုင်ဖြင့် ရိုလာကိုစတာကို စီးနေသည်ကိုတောင် စိတ်ထဲတွင် သတိမထားနိုင်ဘဲဖြစ်နေသည်။ သူ့ခေါင်းထဲတွင် ဂါဗင့်ကိုမြင်လိုက်ကတည်းက အတွေးများစွာဖြင့် စိတ်ရှုပ်ထွေးနေခဲ့လျက်။
" ခရစ် ... မင်း ခါးပတ်ပတ်ရဦးမယ်လေ "
ခရစ်စတိုဖာက ခါးပတ်ပတ်ဖို့မေ့နေခဲ့သည်ကို ဂျရယ်မိုင်ရာက သတိထားမိသွားသဖြင့် ခရစ်စတိုဖာကို ထိုင်ခုံခါးပတ်အား သေချာပတ်ပေးသည်။ ထိုင်ခုံတန်းများတွင် လူစုံသွားကြသည့်အခါ ရိုလာကိုစတာကြီးက တဂျုန်းဂျုန်း တဂျက်ဂျက်ဖြင့် စတင်ထွက်ခွာတော့သည်။ ဂျက်ဂျက်- ဂျက်ဂျက်နှင့် မိုးပေါ်ထောင်တက်တော့မည့်အတိုင်း အမြင့်ဆုံးနေရာသို့ တရွေ့ရွေ့ရောက်လာခဲ့သည်။ ထို့နောက် အောက်ဘက်သို့ ဝေါခနဲ ထိုးဆင်းသွားသောအခါ ရိုလာကိုစတာပေါ်မှ လိုက်ပါစီးနင်းလာကြသည့်လူများစွာဟာ အာပြဲသံကိုယ်စီဖြင့် အော်ဟစ်ကြတော့သည်။
ထိုအထဲတွင် ရှေ့ဆုံးက ဂျရယ်မိုင်ရာ၏အော်ဟစ်သံက ထိပ်ဆုံးကပင်။
" ဟေးးး"
ဤသို့ဖြင့် ရိုလာကိုစတာကြီးမှာ မြွေလိမ်မြွေကောက်လမ်းကြောင်းများပေါ် တွင် ဘယ်ကွေ့ညာကွေ့လျက် အမြန်ဆုံးအရှိန်ဖြင့် ဝှေ့ယမ်းလာခဲ့ရာ တစ်နေရာအရောက်တွင် ရပ်တန့်သွားခဲ့၏။ တစ်နည်းအားဖြင့် အချိန်ရပ်သွားခြင်းဖြစ်သည်။ ရိုလာကိုစတာပေါ်က လူများစွာဟာ ပါးစပ်များဟထားကြပြီး ဆံပင်များနှင့်လက်များ လေထဲ၌ထောင်လွင့်နေသည့်အနေအထားများတွင် ရပ်တန့်နေကြလျက်။
ဂျရယ်မိုင်ရာက ရိုလာကိုစတာ ရပ်တန့်သွားစဉ် သူ့စိတ်ထဲတွင် " ဘာဖြစ်တာလဲ" ဟူ၍ ရေရွတ်မိပြီး သံသယအတွေးများ ဝင်လာခဲ့သည်။မကြာခင်အတွင်း သူ ကောင်းကောင်းသဘောပေါက်သွားသည်က ယခုအခြေအနေဖြစ်အောင် ဖန်တီးခဲ့သူမှာ စွမ်းအားမြင့်သောမိစ္ဆာတစ်ကောင်၏လက်ချက်မှန်းဆိုတာ။
" ဂုဏ်ယူပါတယ်။ မင်းတို့တွဲနေတာ ဘယ်လောက်ကြာပြီလဲ ဟက်ဟက် ... "
ဂါဗင်၏တဟက်ဟက်လှောင်ရယ်သံကို ကြားကြားချင်းမှာပဲ ဂျရယ်မိုင်ရာဆီက တုံ့ပြန်လာသည့်အပြုံးမှာ အရက်စက်ဆုံးအငွေ့အသက်များ လွှမ်းမိုးနေသည့်မကောင်းဆိုးဝါးဘုရင်တစ်ပါးအလား။ ဂါဗင်က ရိသဲ့သဲ့ ခနဲ့ရွဲ့သောစကားလုံးများဖြင့် ရန်စလာသည်။
" ခရစ်စတိုဖာ ... မင်းက ငါ့အဖေကို သစ္စာဖောက်သွားတာပဲ။ ဒီတော့ မင်းပြန်ဆပ်ပေးရမယ့် ရလာဒ်ကို သိတယ်မလား။ ခု ... မင်းငါနဲ့ပြန်ပူးပေါင်းရင် ငါ့အဖေကို ပြန်မပြောဘူး "
နောက်လှည့်မကြည့်ရဲသည့် ခရစ်စတိုဖာခမျာ စိတ်ဖိစီးမှုများစွာဖြင့် အံကြိတ်ထားရင်း လက်သီးကျစ်ကျစ်ဆုပ်ထားမိသည်။ ထိုစဉ် ဂျရယ်မိုင်ရာက သူ့ထိုင်ခုံခါးပတ်ကို ချွတ်လိုက်ပြီး မတ်တပ်ထရပ်သည်။ နောက်လှည့်လိုက်ပြီး ဂါဗင်ကို မဲ့ပြုံးတစ်ခုဖြင့် စကားပြောခဲ့သည်။
" သူ ငါနဲ့ကစားပွဲမှာ ရူံးသွားတယ်လေ။ ဒါ့ကြောင့် သူက ငါ့အပိုင်ဖြစ်သွားပြီ။ မင်းတို့နဲ့ တစ်စက်မှ မသက်ဆိုင်တော့ဘူး။ လစ်လိုက်တော့ "
" မင်းကို Gay နေမှန်း မသိခဲ့ဘူး ဂျရယ်မိုင်ရာ။ တစ်ခါလောက် ချခံကြည့်မလား "
ဂါဗင်၏ညစ်ညမ်းသောစကားပြောဆိုမှုကြောင့် ဂျရယ်မိုင်ရာ၏မျက်လုံးများနှင့် အကြည့်များဟာ ယခင်ကထက် ပိုပြီးမကောင်းဆိုးဝါးဆန်သွားသည်။
" စိတ်မကောင်းပါဘူး။ ငါက ပါကင်ပဲ ကြိုက်တဲ့ကောင်ဆိုတော့ အတွေ့အကြုံရှိပြီးသားဆို ငါ့အတွက် သိပ်အဆင်မပြေနေဘူး"
" ဟားဟား "
ဂျရယ်မိုင်၏အေးစက်စက်တုံ့ပြန်ဖြေဆိုမှုအပေါ် ဂါဗင်ကလည်း သွေးအေးအေးအပြုံးများထဲကနေ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ထို့နောက် သူဆက်ပြောသည်က ...
" မင်းနဲ့ငါလည်း ပြိုင်ကြည့်မယ်လေ။ ကစားပွဲလေးတစ်ခုလောက်။ ဘယ်ကောင်ပိုသာလဲဆိုတာ "
" အဟက် စိန်လိုက်လေ။ ခရစ်စတိုဖာ မင်းလည်း ငါနဲ့ထပ်ပြိုင်ကြည့်ပေါ့ "
ဂျရယ်မိုင်ရာက ချက်ချင်းကောင်းကင်ပေါ်ကို မြှောက်တက်ပျံသွား၏။ ဂါဗင်ကလည်း ချက်ချင်းပင် သူ့တပည့်များနှင့်အတူ ဂျရယ်မိုင်ရာစောင့်ဆိုင်းနေရာမှ ကောင်းကင်ပေါ်ကို ပျံတက်သွားသည်။ ဂျရယ်မိုင်ရာ၏ရွှေအိုရောင်ဆံပင်မျှင်များဟာ လေအဝှေ့တစ်ချက်တိုင်းတွင် လွင့်မျောယိမ်းယိုင်နေကာ ဆံနွယ်တစ်မျှင်ချင်းစီတိုင်းက တထောင်ထောင်နှင့်။ နီလာကြည်ပြာရောင် မျက်ဝန်းများကလည်း ရတနာများကဲ့သို့ တဖိတ်ဖိတ်တောက်ပနေခဲ့၏။
ရိုလာကိုစတာပေါ်မှာ ထိုင်နေဆဲဖြစ်သည့်ခရစ်စတိုဖာလည်း ဂါဗင်တို့ရှိရာအပေါ်ဘက်ကို ဦးတည်ကာ ပျံတက်သွားလျက်။
လူစုံတက်စုံနှင့်အကြည့်များအားလုံး စုံကြပြီးနောက်တွင် ဂျရယ်မိုင်ရာက သူ့လက်နက်များထဲမှ မိစ္ဆာနိုင်မှော်အဆိပ်သေနတ်ကို စိတ်စွမ်းအင်ဖြင့် သူ့ညာလက်ထဲတွင် ဆင့်ခေါ်ယူဆောင်လိုက်သည်။ သေနတ်ပေါ်လာသည်ကို မြင်လျှင်မြင်ချင်း ဂါဗင်က သဘောကျစွာ ပြုံးနေခဲ့သည်။
ဂါဗင့် စိတ်ထဲတွင် ဤသို့ရေရွတ်လျက်။
' မိစ္ဆာနိုင် မှော်အဆိပ်သေနတ်ပဲဖြစ်မယ်'
ထိုသေနတ်ဟာ သေနတ်ဟူ၍ စတင်ပေါ်ထွန်းခဲ့သော ရာစုနှစ်များနောက်ပိုင်းတွင် ဂျရယ်မိုင်ရာတို့၏ဘိုးဘေးဘီဘင်ခေတ်အဆက်ဆက်သုံးလာခဲ့ကြသည်။ ထို့နောက် ဆက်ခံမယ့်မျိုးဆက်တစ်ခုပေါ်လာတိုင်း သူတို့ကိုင်ဆောင်ထားသည့် မှော်အဆိပ်သေနတ်များထက် ပိုကောင်းသည်ထက်ပိုကောင်းအောင် သူတို့ထွင်ထားသောမန္တန်အစီအရင်များစွာဖြင့် ဖန်တီးမွမ်းမံကြရင်း နောက်မျိုးဆက်အတွက် အမွေလက်ဆောင်အနေဖြင့် ပေးလေ့ရှိကြသည်။
ဤလက်နက်ဖြင့် အပစ်ခံရသူဟာ လူသားဖြစ်လျှင် အဆိပ်ကြောင့် ခြောက်ကပ်သေဆုံးနိုင်ပြီး မိစ္ဆာ သို့မဟုတ် လူသွေးနှောမိစ္ဆာဖြစ်ပါက ခုခံအားပေါ်မူတည်ပြီး ၅ မိနစ်ကနေ ၁ နာရီအတွင်း သွေးထွက်လွန်၍ သေစေနိုင်သည်။ ဤလက်နက်အမျိုးအစားအကြောင်းကို မိစ္ဆာမျိုးနွယ်အစုဝင်တော်တော်များများက သိရှိထားကြသည်။ ဂါဗင့်တပည့်များက ဂျရယ်မိုင်ရာဆီ တိုက်ခိုက်ရန် သွားနေစဉ်မှာပဲ ဂျရယ်မိုင်ရာ၏သေနတ်ပစ်ချက်များကြောင့် ချက်ချင်းအဆိပ်တက်ကာ အောက်ဘက်သို့ ထိုးကျသွားကြသည်။
ဂါဗင်လည်း တုံ့ဆိုင်းမနေတော့ဘဲ သူ၏ရေခဲစွမ်းအားကိုအသုံးပြုကာ ဂျရယ်မိုင်ရာကို ကမူးကရူး တိုက်ခိုက်တော့သည်။ သူ ဖန်တီးပစ်လွှတ်လိုက်သည့် ရေခဲစကြာများက ဂျရယ်မိုင်ရာရှိရာကို တည့်တည့်မတ်မတ်ထိုးစိုက်ခံနီးဆဲဆဲ ဂျရယ်မိုင်ရာ၏စိတ်ထဲကရေရွတ်လိုက်သည့် မှော်မန္တန်စွမ်းအင်များကြောင့် စကြာများသည် အကုန်ကြေမွကာ ပျောက်ကွယ်သွား၏။
ဂါဗင်က သူ့ရေခဲစွမ်းအားကို နှစ်ဆမြင့်လိုက်ပြီး ကြီးမားသောရေခဲစကြာများစွာကို ဂျရယ်မိုင်ရာဆီ ပစ်သွင်းလိုက်လျှင် ဂျရယ်မိုင်ရာဘက်က ချက်ချင်း လျင်မြန်စွာ မှော်မန်ဒလာအကာအကွယ်တစ်ခုဖြင့် သူ့ကိုယ်သူတားဆီးလိုက်နိုင်သည်။ ဂါဗင့်လက်ထဲတွင်မူ ရေခဲလှံတံတစ်ခုဟာ ရုတ်တရက်ပေါ်ထွက်လာခဲ့ပြီး ဂျရယ်မိုင်ရာ၏အကာအကွယ်အတွင်း ဝင်ရောက်နိုင်ရန် လှံအစွမ်းနှင့်အတူ ဆက်တိုက်ထိုးဖောက်သည်။ အားပြင်းပြင်း၊ အရှိန်ပြင်းပြင်းဖြင့် တစ်စက်ကလေးမှ အလွတ်မပေးဘဲ ဆက်တိုက်ထိုးနေသော ဂါဗင့်၏လှံတံကို ဂျရယ်မိုင်ရာကလည်း ပါးနပ်သွက်လက်စွာရှောင်ရှား၏။
ထို့နောက် သူ၏မိုးကြိုးကဲ့သို့ တဖျတ်ဖျတ်ဘက်နေသည့် အဖြူရောင်လျှပ်စီးစွမ်းအားကို ထုတ်သုံးကာ ဂါဗင်ကို ပြန်လည်တိုက်ခိုက်သည်။
" ဂျရယ်မိုင်ရာ ... မင်းမြန်မြန်သေသွားရင် ကောင်းမယ်"
" ဟက်... သတ်နိုင်ရင်သတ် "
ထို့နောက် ရေခဲလှံတံကနေ ရေခဲစွမ်းအားများထွက်လာကာ ဂျရယ်မိုင်ရာဆီ တစ်ဟုန်ထိုးသွားသောအခါ ဂါဗင်၏မီးခိုးရောင်မျက်လုံးအိမ်အတွင်း ထိုစွမ်းအား၏ ရောင်ပြန်ဟပ်မှုများက ထင်ပေါ်နေခဲ့သည်။ ဂျရယ်မိုင်ရာက သူ့နတ်မိုးကြိုးလျှပ်စီးဓားကို အမြန်ဆုံးဖန်ဆင်းလိုက်လျက် သူ့ဆီဦးတည်လာနေသောရေခဲစွမ်းအားကို လျင်မြန်စွာ ရှောင်တိမ်းလိုက်၏။ သူ့ဓားနှင့် ဂါဗင်ကို ဘယ်ညာ၊ အထက်အောက် ပတ်ပတ်လည်ကို အရှိန်ဖြင့် လိုက်လံခုတ်ဖြတ်ခဲ့ရင်း။
ဂါဗင်မှာ လွှတ်အောင်ရှောင်နေသည့်ကြားကနေ နတ်မိုးကြိုးလျှပ်စီးဓားကြောင့် သူ့လက်မောင်းနှင့်ပခုံးကို လျှပ်စီးစွမ်းအင်နှင်အတူ ဓားရှပ်ထိပြီးနောက် လွန်စွာနာကျင်ရသည်။ ဒဏ်ရာများက မိနစ်ပိုင်းမှာတင် သွေးစို့လာကာ စီးကျလာ၏။ ဂျရယ်မိုင်ရာနှင့်တိုက်ခိုက်နေတုန်း ဂါဗင့်စိတ်ထဲတွင် ရေရွတ်နေခဲ့သည်မှာ ...
' နတ်မိုးကြိုးလျှပ်စီးဓားအစစ်ပဲ။ ဒီကောင် လက်နက် သုံးပါးတိုက်ကွက် ထုတ်မသုံးခင် အမြန်နောက်ဆုတ်မှ ဖြစ်မယ်။ အဲဒီလို မလုပ်ခင် ခရစ်စတိုဖာကို အသုံးချရမယ် '
ဂါဗင်ဟာ ခရစ်စတိုဖာရှိရာကို နောက်ပြန်လှည့်လာသည်။ ခရစ်စတိုဖာအနားသို့ရောက်လျှင် သူ့ရေခဲလှံတံကို ပစ်ပေးလိုက်ကာ ...
" ရော့ ဒီလှံနဲ့ မင်းရဲ့ကောင်ကို သွားသတ်"
ဂါဗင်၏ရေခဲလှံတံကို ဖမ်းယူလိုက်သည့်ခရစ်စတိုဖာ၏လက်များက မဝံ့မရဲနှင့် တုံ့ဆိုင်းနေသည်။ လှံတံကိုကြည့်လိုက် အဝေးက ဂျရယ်မိုင်ရာကို ကြည့်လိုက်နှင့် ဗျာများနေမိသည်။ ဂါဗင်က သူဖြစ်ပျက်နေသည့်ပုံစံကို သတိထားမိ၏ ။
" ဘာလဲ ... မင်း မသတ်နိုင်ဘူးလား အဟက် "
ခရစ်စတိုဖာဟာ အေးခဲနေသည့်လှံတံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီးနောက် ဂျရယ်မိုင်ရာကို သေချာစိုက်ကြည့်လိုက်သည်။ ထို့နောက် လေထုထဲ၌ တစ်ရှိန်ထိုးပြေးသွားပြီး ဂျရယ်မိုင်ရာ လှံနှင့်လိုက်ထိုးသတ်ရန် ကြိုးစားသည်။ ဂျရယ်မိုင်ရာကလည်း ဖျတ်ခနဲ ရှောင်တိမ်းသည်။
ဤအခိုက်အတန့်တွင် ခရစ်စတိုဖာ၏မျက်လုံးများကို သူ့နှလုံးသားထဲကနေ ခံစားမိနေ၏။ ခရစ်စတိုဖာက သူ့ကိုမသတ်ချင်ဘဲ လိုက်သတ်နေရသည်ဆိုတာကို။
" သောက်ရူးရဲ့... ငါပြောခဲ့သားပဲ...ငါတို့သူငယ်ချင်းမဖြစ်နိုင်ပါဘူးဆို ခုတော့ မင်းကိုငါသတ်ရတော့မယ် "
ခရစ်စတိုဖာဟာ လှံဖြင့် သူ့အားသည်းကြီးမည်းကြီး လိုက်ထိုးနေရင့် ဒေါသသံဖြင့် ပြောနေမိသည်။
" သတ်ပေါ့ ... ငါက ဘယ်တော့မှ သေမှာမဟုတ်ဘူး "
" အဲတော့ မသေမချင်း ငါက လိုက်သတ်နေရမှာ။ မင်းပဲ ငါ့ကိုသတ်လိုက်တော့ "
" ဘာလို့သတ်ရမှာတုန်း ကိုယ့်အသည်းလေးရဲ့... မင်းက ကိုယ့်ချစ်သူဖြစ်နေပြီပဲ "
" သောက်ပိုတွေမပြောနဲ့တော့။ မင်းလွတ်အောင်မပြေးရင် ငါမင်းကို သတ်မယ် "
ဂျရယ်မိုင်ရာလည်း ထပ်မရှောင်တော့ဘဲ ငြိမ်နေလိုက်သည်။ ထို့နောက် တမင်သက်သက် အရှိန်ဖြင့်လာနေသောလှံတံကို သူ့ရင်ဝထံ ထိုးစိုက်ခွင့်ပြုလိုက်သော် နောက်ကျောဘက်ထိ ထုတ်ချင်းပေါက် ဝင်သွားတော့သည်။ ခရစ်စတိုဖာက မျက်လုံးအပြူးသားဖြစ်သွားသော်လည်း ဂျရယ်မိုင်ရာကတော့ ကြင်နာစွာ ပြုံးပြနေခဲ့လျက်၊ ခရစ်စတိုဖာ၏မျက်ဝန်းများကိုသာ တစိမ့်စိမ့် စိုက်ကြည့်နေခဲ့သည်။
" ခရစ်လေး ...
မင်း ကိုကြီးကို မမှတ်မိနိုင်တော့ဘူးလား ...
မင်းရဲ့အချစ်ဆုံးကိုကြီးဂျရယ်က မင်းရှေ့မှာလေ "
ထိုစကားလုံးတွေကို ကြားကြားချင်း ခရစ်စတိုဖာ နားထဲ လုံးဝမယုံကြည်နိုင်ခဲ့ပေ။
" အခု ခံစားချက်ကလေ အရမ်းနာကျင်နေရတယ် သိလား "
ဂျရယ်မိုင်ရာ၏ပြာလဲ့လဲ့နီလာမျက်လုံးများထဲက တစ်စက်စက်စီးကျနေသော မျက်ရည်ကြည်များစွာကို ခရစ်စတိုဖာ တွေ့မြင်နေရသည်။
"မင်းထိုးလိုက်တဲ့ လှံကြောင့် မနာကျင်နေရဘူး... မင်း ငါ့ကိုမမှတ်မိလို့ ... ခံပြင်းတယ် ....ငါ မင်းကို ဒီတိုင်း ဆုံးရူံးရတော့မှာလား ....
မင်းမုန်းတဲ့ ရန်သူတစ်ယောက်အနေနဲ့လေ"
အဝေးက သူတို့ကိုကြည့်နေသော ဂါဗင်ဟာ အပြုံးတစ်ပိဿာလောက်နှင့် အချစ်ဒရာမာကားတစ်ကားကိုကြည့်နေသကဲ့သို့ ခံစားကြည့်ရူနေခဲ့သည်။ ဂျရယ်မိုင်ရာက ခရစ်စတိုဖာ၏မျက်နှာနှစ်ဖက်ကို သူ့လက်နှစ်ဖက်ဖြင့် နူးညံ့စွာ ကိုင်လိုက်ရင်း ....
" ဒါပေမဲ့ .... အနည်းဆုံးတော့ ငါဆိုတာ မင်းရဲ့နှလုံးသားထဲကနေ လက်ခံနေခဲ့တယ်မလား၊ မင်းငါ့ကို ရန်သူလို့ မသတ်မှတ်ချင်နေဘူးမလား၊ ဘာပဲဖြစ်ဖြစ် မင်းကိုကြီးကို သတ်မှ မင်း ကျေနပ်မယ်ဆိုရင်...
မင်းဘဝကောင်းစားမယ်ဆိုရင် မင်းရဲ့ကိုကြီးက သေရဲပါတယ် ... "
ခရစ်စတိုဖာ၏ကြည်ဝါရောင်မျက်ဝန်းများဟာလည်း မျက်ရည်ကြည်အစုအဝေးများဖြင့် ပြည့်လျှံနေခဲ့လျှင် ဂျရယ်မိုင်ရာ၏လက်ဖဝါးများက သူ့ခရစ်လေး၏ပူနွေးနွေးမျက်ရည်ကြည်များကို ဖယ်ရှားကာ သုတ်ပေးနေခဲ့သည်။
" ဟန်ဆောင်မှုတွေနဲ့ ငြီးငွေ့ရ...ပျင်းနေရသလို ရွံစရာသက်ရှိတွေကြောင့် မုန်းဖို့ကောင်းလွန်းတဲ့ ဒီလောကကြီးမှာ ...
မင်းနဲ့အတူရှိနေခဲ့ရတဲ့ အခိုက်အတန့်တွေတိုင်းက ငါ့ဘဝရဲ့တန်ဖိုးအရှိဆုံး အချိန်တွေပါပဲ။
ကိုကြီးရဲ့ခရစ်လေးသာမရှိနေခဲ့ရင် ကိုကြီးကလေ အချစ်နဲ့နွေးထွေးမှုဆိုတာ ဘာမှန်းတောင် သိခဲ့မှာမဟုတ်ဘူး။ ဒါ့ကြောင့်လေ ... "
ဂျရယ်မိုင်ရာ၏လက်များက အောက်ဘက်ကို နိမ့်ဆင်းလာပြီး သူ့ရင်ဝကို လှံဖြင့်ထိုးထားသော ခရစ်စတိုဖာ၏တုတ်ခိုင်သန်မာသည့်လက်များကို ဆုပ်ကိုင်လိုက်ပြီးနောက် ပို၍နက်နက်ရိုင်းရိုင်း ထိုးစိုက်ပစ်လိုက်သည်။
" ခရစ်စတိုဖာ မာရီကာအီတို ...
မင်းကလေ ခုချိန်ထိကို ဗလတွေရှိနေလျက်နဲ့ မိန်းမချောချောနေတုန်းပဲ ....
မင်းရဲ့ပယင်းမျက်ဝန်းလေးတွေကို ဒီကိုကြီးက အကြိမ်အကြိမ်အခါခါ သဘောကျနေမိတယ် သိလား၊ အဲဒီမျက်ဝန်းလေးတွေ ငါ့ကိုချစ်တဲ့အကြည့်နဲ့ကြည့်ရင်ရော ... မုန်းတဲ့အကြည့်နဲ့ကြည့်ရင်ရော ရူးလောက်အောင် ငါသိပ်သဘောကျရတယ်၊ မင်းရဲ့ငွေမှင်ရောင်မျက်ခုံးလေးနဲ့ ငွေရောင်ဆံနွယ်လေးတွေရောပဲ သိလား "
ဂျရယ်မိုင်ရာက နာမည်အပြည့်အစုံကို ဖြည်းညှင်းစွာ ခေါ်ခဲ့ပြီးနောက် ခရစ်စတိုဖာနှင့်ပတိသက်သမျှ သဘောကျရသောသူ၏ခံစားချက်များစွာကို တစ်ချက်ချင်းစီ ဖွင့်ဟနေခဲ့သည်။ ခရစ်စတိုဖာကမူ အံ့အားသင့်စွာ နားထောင်နေစဉ် သူ့နှလုံးအိမ်အတွင်းဘက်မှာ ပူဆွေးလာမှုကို စတင်ခံစားလာရသည်။
" မင်းက ခုချိန်ထိ ငါ့မျက်စိထဲမှာ လှပတဲ့ကလေးလေးတစ်ယောက်ဖြစ်နေတုန်းပဲ ... ငါမင်းကိုအရမ်းလွမ်းနေခဲ့တာ နှစ်ချီနေပြီ၊ မင်းကတော့ ငါ့ကိုလုံးလုံးမေ့သွားတာပဲ၊ မင်းရဲ့ချစ်လှစွာသော ကိုကြီးရဲ့ရင်တွေနာနေပြီ ခရစ်လေး "
ဂျရယ်မိုင်ရာက မပြီးဆုံးသေးသောသူ၏ရင်တွင်းခံစားချက်များစွာကို ဆက်လက်ဖွင့်ချနေသည်။
" ဘဝမှာ ကိုယ်ချစ်ရသူရဲ့လျစ်လျူရှုမှုနဲ့အမုန်းတရားကို ရနေရတာကလေ အနာကျင်ရဆုံးပါပဲ။ ဒါ့ကြောင့် ဒီလှံ ငါ့ရင်ဘတ်ထဲကို ထုတ်ချင်းဖောက် ဝင်သွားတဲ့အနာက မပြောပလောက်တဲ့အရာပဲ "
ခရစ်စတိုဖာ၏မျက်ဝန်းများက အံ့သြမှင်သက်မှုနှင့်အတူတူ တဖြည်းဖြည်းကျယ်ဝန်းလာသည်။
" ဘာ ... ဘာတွေပြောနေတာလဲ။ မင်း ... မင်းက သူတဲ့လား၊ အဓိပ္ပာယ်မရှိဘူး... "
ခရစ်စတိုဖာလည်း ဂျရယ်မိုင်ရာ့စကားတွေ ကြားပြီးချင်းချင်းမှာပဲ သူ့ကိုယ်စောင့်နတ် ကိုတပြောခဲ့သောအကြောင်းအရာများနှင့်ဆက်စပ်ပြီး နားလည်သဘောပေါက်သွားသည်။ သူ့အနေဖြင့် ဤအမှန်တရားကို မည်သို့မျှ လက်သင့်ခံနိုင်ခြင်းမရှိသောကြောင့် ထိတ်လန့်တုန်လူပ်နေမိသည်။ သို့ဖြစ်လျှင် အတိတ်တစ်ချိန်၌ ဂျရယ်မိုင်ရာနှင့်မည်ကဲ့သို့ဇာတ်လမ်းပမာများ ရှိခဲ့မှန်းလည်း ခုချိန်ထိလုံးဝသတိမရသေးချေ။
အတိတ်က အကြောင်းတရားများကို သူတစ်ယောက်ထဲသာ မေ့နေခဲ့သော်လည်း ဂျရယ်မိုင်ရာဘက်က ဘာကြောင့်သတိရနေခဲ့တာလဲ။ ဤနေရာ၌ တိမ်မြုပ်နေသည့် လျှို့ဝှက်ချက်များကို သိလိုစိတ်များပြင်းပြမိလာသည်။
" အင်း ... အသက်ရှူနေရတဲ့အခိုက်အတန့်တွေတိုင်း အဓိပ္ပာယ်မရှိနေတာများပါတယ်။ ကိုယ်ချစ်တဲ့လူဆီက ပျောက်ဆုံးသွားတဲ့ ကုန်ခမ်းသွားတဲ့ ချစ်ခြင်းမေတ္တာတွေကို ပြန်ရမလားမျှော်လင့်နေရတာကလည်း အဓိပ္ပာယ်မရှိနေဘူး"
ဂျရယ်မိုင်ရာဟာ သနားစဖွယ်အငိုမျက်လုံးလေးများဖြင့် သူ့ကိုငေးမောကြည့်နေရှာသော ခရစ်စတိုဖာ၏မျက်နှာအနီးအနားတွင် ခေါင်းအနည်းငယ်တိမ်းစောင်းလိုက်ရာ ကိုယ်ချင်းနီးကပ်သွားသည်။ သူ့နူတ်ခမ်းများက ခရစ်စတိုဖာ၏နူတ်ခမ်းသားများဆီ ပူးကပ်သွားခဲ့သည်။
ခရစ်စတိုဖာကို သူ့လက်မောင်းများဖြင့် ပွေ့ဖက်ထားလျက်။ ဂါဗင်ဟာ ထိုမြင်ကွင်းကို အမိအရ ဓာတ်ပုံရိုက်ထားလေသည်။ ဂျရယ်မိုင်ရာနမ်းနေသည်က ပြင်းပြ၍စူးရှလွန်းသည်။ သူ၏ လောဘကြီးနေသော အကြင်နာအနမ်းများထဲကနေ ခရစ်စတိုဖာလည်း ဘယ်လိုမှ မရုန်းထွက်နိုင်တော့ပေ။ လက်ရှိသူ့ပုံစံမှာ ဂျရယ်မိုင်ရာ၏အကြင်နာအနမ်းပိုက်ကွန်ထဲမှာ ပိတ်မိနေခဲ့သော ရွှေငါးငယ်လေးတစ်ကောင်ပမာအတိုင်းသာ။
၁၃ မိနစ်အကြာတွင် ဂျရယ်မိုင်ရာက ရင်ဝက လှံကို ဆွဲထုတ်ကာ လွှင့်ပစ်လိုက်ပြီး teleport အစွမ်းဖြင့် ဖျတ်ခနဲပျောက်ကွယ်သွားတော့သည်။
လေထုလွှာထဲတွင် တွေဝေမှိန်းမောခြင်းများဖြင့် ကျန်ရစ်နေခဲ့သည်က ခရစ်စတိုဖာသာ။
◎ ══════ ❈ ══════ ◎