ခုံတန်းရှည်ထိုင်ခုံပေါ်ကို တတောက်တောက်ခေါက်နေတဲ့ လက်ချောင်းထိပ်များက အစီအစဉ် မကျ..။
ကျောင်းရဲ့ တင်းနစ်ကွင်းထဲမှာ ဟိုဘက်သည်ဘက်ပြေးလွှားနေတဲ့ ဘောလုံးတစ်လုံးလို ဆောက်တည်ရာမရအောင် ဂယောင်ခြောက်ခြားဖြစ်နေတဲ့ သူ့စိတ်တွေဟာလည်း ထိုနည်းလည်းကောင်းပဲ..။
ဘယ်ဘက်လက်မရဲ့ လက်သည်းခွံကို ခပ်ဆဆကိုက်နေမိသော ခန့်ဟာ ကွင်းပြင်ထဲမှာ စကပ်တိုတိုနှင့် ပြေးလွှားနေသော မောင်သက္ကရာဇ်နိုင်ကို အမှတ်တမဲ့ ကြည့်လိုက်၏..။
သူ ထုတ်ပြောပြချင်လှသည်..။ ကိစ္စများမြောင်သည် သူ၏နှလုံးသားတွင် ပြည့်နစ်တင်းကျပ်နေပြီး လည်ချောင်းဝတွင်တန့်ကာ နေ၍ထိုင်၍ မကောင်းသည်ကိုလည်း ခံစားနေရ၏..။
နဖူးပေါ်မှ စီးကျလာသည့်ချွေးများကြောင့် မျက်မှန်ကိုဆွဲချွတ်ကာ သူ့ဆီ တန်းတန်းမတ်မတ်လျှောက်လာသော အစ်မသည် သူ၏နံဘေးမှ ရေဘူးကိုကောက်ယူလိုက်ပြီး ဇဝေဇဝါဖြင့် ကြည့်လာ၏..။
"ဘာဖြစ်လို့လဲ..။ နေလို့မကောင်းဘူးလား.."
"မဟုတ်ပါဘူး..။ ကောင်းပါတယ်.."
ဖွင့်ဟပြောပြဖို့ ဒီအထိလာခဲ့သည်ဆိုပေမဲ့လည်း သူ၏ပါးစပ်မှာ ကျင့်သားရစွာဖြင့် ဒီလိုဖြေလိုက်မိပြီး တိတ်ဆိတ်နေပြန်သည်..။
ဒါကို ဘယ်လိုပြောရမှာလဲ..။ တခြားသူတွေက ဒါကို သိသွားခဲ့ရင် နိုင်ကွက်တစ်ခုနဲ့ အသုံးချလာမှာကို ကြောက်တယ်..။
သူ၏နဖူးပေါ်စမ်းကြည့်ရန်အတွက် ဆန့်တန်းလာသော လက်ချောင်းသွယ်သွယ်များကို ရှောင်လိုက်ပြီး ခန့်သည် နေရာမှ ကသုတ်ကရက် ထရပ်လိုက်မိ၏..။
"ဘာမှ မဖြစ်ပါဘူး...။ ကျွန်တော် အဆင်ပြေပါတယ်..။ ပြီးတော့..သွားတော့မယ်..။ အတန်းချိန်ရှိသေးလို့.."
အတန်းထဲသို့ မသွားချင်သောကြောင့် တစ်မနက်လုံး အစ်မ၏နောက်မှ တကောက်ကောက်လိုက်နေသည်ကိုပင် အမှတ်မရနိုင်တော့ပဲ သူသည် တင်းနစ်ကွင်း၏ဘေးမှ အလျင်စလို ထထွက်လာခဲ့တော့သည်..။
ဒါက မလွယ်ဘူး..။ ဒါကို ဘယ်လိုပြောရတော့မှာလဲ..။ သတ္တိမွေးပြီးတော့ထုတ်ပြောနိုင်ခဲ့တယ်ဆိုရင်တောင် ဘယ်သူက ယုံမှာလဲ..။
ပြီးတော့ ဘယ်လိုသက်သေမျိုးနဲ့လဲ..။ စောင့်ကြည့်ကင်မရာတွေရဲ့ကွယ်ရာဖြစ်တဲ့ အဲဒီလမ်းကြားလေးထဲကို သူကိုယ်တိုင် ခေါ်သွားခဲ့တာလေ..။
ခန့်သည် စိတ်ညစ်ညူးစွာဖြင့်ပင် ကောင်းကင်အားမော့ကြည့်လိုက်၏..။ ဖန်ဆင်းရှင်ဆိုသည့်ပုဂ္ဂိုလ်အား စိတ်နှင့်မှန်းဆကာ ဆဲရေးလိုက်ပစ်ချင်သည်..။ ဘာလို့များ ဒီကမ္ဘာကြီးထဲကိုမှ သူ့အား ပို့ရသနည်း..။
သို့သော်ငြား..ပြာလွင်ကာ ကြည်ရှင်းနေသည့်ကောင်းကင်မှာ ငြိမ်သက်စွာ တည်ရှိနေပြီး ဝေနေယျသတ္တဝါများအား အဖတ်လုပ်ခြင်းပင် မရှိ..။
ခန့်သည် တင်းနစ်ကွင်းဘက်မှ ကျောင်းဆောင်ဘက်သို့ပြန်လျှောက်ကာ လှေကားတစ်ခုထောင့်ချိုးတွင် ထိုင်ချလိုက်ပြီး သူ၏ ဆံပင်တွေကို ဆွဲဆုပ်ထားလိုက်မိသည်...။
အတန်းထဲကို မသွားချင်ဘူး..။ အပြစ်လုပ်ထားတာ သူ မဟုတ်ဘူးဆိုပေမဲ့လည်း ဒါတွေကို မရင်ဆိုင်ချင်ဘူး..။
ဒီအတိုင်းလေးပဲ ထိုင်နေရင်းနဲ့ သူ့တစ်ကိုယ်လုံး အမှုန်အမွှားတွေဖြစ်လာပြီး လွင့်ပျံပျောက်ကွယ်သွားနိုင်မယ်ဆိုရင် ကောင်းမှာပဲ...။
"အား..ဖာ့ခ်"
ဦးရေပြားများကျိန်းစပ်လာသည်အထိ ဆွဲဆုပ်ထားမိသော လက်ချောင်းများကိုဖယ်ချလိုက်ချိန်တွင် ဘေးမှ လှေကားလက်ရန်းနှင့် မတော်တဆ ထိခိုက်မိသွားခဲ့ပြန်သည်..။
အနာပင် မကျက်သေးသော ပွန်းပဲ့ဒဏ်ရာအား အရှိန်နဲ့ရိုက်မိသည်မှာ အသည်းခိုက်အောင် နာလှသည်..။
ခန့်သည် လက်နှစ်ဖက်အား တင်းတင်းဆုပ်လျက် ဝမ်းဗိုက်နားတွင် ဖိကပ်ထားမိရာမှ ပြန်လည်သက်သာလာချိန်တွင် သူ၏ညာဘက်လက်ဖဝါးအား ဖြည်းညှင်းစွာဖြန့်လိုက်ပြီး ပွန်းရှထားသော ဒဏ်ရာအား လေဖြင့် ခပ်ဖြည်းဖြည်းမှုတ်လိုက်သည်..။
ချော်လဲခဲ့တာပဲ...။ အဲဒီညက နှစ်ထပ်အဆောက်အဦးရှေ့က လှေကားနိမ့်နိမ့်လေးမှာကိုပဲ သူ မှောက်လျက်လဲခဲ့တာ..။
ဟုတ်တယ်..။ ဟုတ်တယ်..။ ဟုတ်တယ်..။ မှတ်မိပြီ..။
အဲဒီနေ့ညမှာ သူ တွေ့လိုက်တယ်..။
ဟုတ်လောက်တယ်..။ သေချာတယ်..။ နှစ်ထပ်အဆောက်အဦးရဲ့အပေါ်ထပ် ဟောခန်းမနဲ့ ကဖေးကို ဆက်သွယ်ထားတဲ့ ပေါင်းကူးတံတားမှာ တစ်ယောက်ယောက်ရှိနေတယ်..။
ခန့်သည် စိတ်လှုပ်ရှားစွာဖြင့် မျက်ဝန်းဝိုင်းကလေးများပြူးကျယ်လာပြီး လှေကားရင်းမှ ဆတ်ခနဲ ထရပ်လာသည်..။
ဒါပေမဲ့ အဲဒီလူက ဘယ်သူလဲ..။
__________
အဖြူရောင်များများပါဝင်ပြီး အစိမ်းရောင်ဒိုင်နိုဆောရုပ်ကလေးများ ပါဝင်သော စောင်နှင့်လုံးထွေး၍ အိပ်နေသည့် ခန့်သည် တံခါးခေါက်သံကြောင့် အိပ်မှုန်စုတ်ဖွားဖြင့် ထထိုင်လာ၏..။
အိပ်ရာထလာကစဖြစ်သော်လည်း သူ၏အသားအရေမှာ အဆီမပြန်ပဲ ချောမွတ်ခြင်းနှင့် နူးညံ့ခြင်းတို့သာပြည့်နေပြီး ပါးပြင်ထက်တွင် ကျောက်စိမ်းမျှင်ကလေးများ စီးဆင်းနေသည့်သဏ္ဌာန်ဖြင့် သွေးကြောမျှင်ကလေးများ ရှိနေခဲ့လေသည်..။
သူ၏ခေါင်းပေါ်တွင် ဖွာလန်ကျဲနေသော ဆံပင်ခွေကလေးများအား အသာအယာ ကုတ်ခြစ်လိုက်ပြီး ကိုယ်ပေါ်မှ စောင်ကို ဖယ်ခွာလိုက်သော ခန့်သည် အိပ်ရာဘေးမှ အဝေးထိန်းခလုတ်ကိုယူကာ တံခါးကို ဖွင့်လိုက်၏..။
အခန်းဝတွင် ပေါ်လာသည်မှာ နဒီ..။ ကျော့ရှင်းလှသော သူမ၏အသွင်အပြင်နှင့် ခါးထိရှည်သော အစင်းသားဆံပင် ခပ်ပျော့ပျော့များမှာ ပုံစံကျနစွာ လေထဲတွင် ဝဲနေသည်..။
သို့သော် သူမ၏မျက်နှာပေါ်တွင်တော့ အလိုမကျ မှုန်ကုပ်လှသည့်မျက်နှာထားမျိုးဖြင့် ဆူပုပ်နေပြီး အခန်းထဲသို့ ဆောင့်အောင့်ကာဝင်လာပြီး..
"ခွေးကောင်စုတ်... နင် ဘာလို့ ငါ့ကို လာမချော့တာလဲ.."
ခန့်၏ သူမ၏ မှုန်တေနေလှသောမျက်နှာထားအား တွေ့လျှင်တွေ့ချင်း သွားဖြဲကာ ရယ်ပြလိုက်ပြီး သူ၏ဒိုင်နိုဆောစောင်ကလေးအား ခေါင်းမြီးခြုံ၍ ပြန်ကာ ပုန်းနေ၏..။
များမကြာမီ ကိုယ်ပေါ်သို့ ကျရောက်လာသော ခေါင်းအုံးရိုက်ချက်များကို တွန့်လိမ့်ကောက်ကွေးကာ ရှောင်လိုက်ပြီး စောင်အောက်မှ တဟားဟား အော်ရယ်သံများထွက်ပေါ်လာခဲ့သည်..။
....
စကြာပုံအထပ်ကလေးများသဖွယ် ရောယှက်ဖြာနေသည့် Echeveria အပင်ကလေးသည် အစိမ်းနှင့် ခရမ်းနုရောင်တို့ ရောယှက်ဖြာနေသည်..။
ခန့်သည် သူ၏လက်ထဲမှ ထိုစားပွဲတင်အပင်ကလေးအား ယုယစွာ ပွတ်သပ်နေပြီး အိပ်ရာထက်တွင် ကျောမှီကာထိုင်နေ၏..။ ခြေရင်းတွင် ခြေထောက်တို့အောက်သို့ တွဲလောင်းချလျက် ထိုင်နေသည်မှာတော့ နဒီ..။
"နေမကောင်းဘူးဆို.. ဘာစားပြီပြီလဲ.."
"ကောင်းပါတယ်..။ ဒီတိုင်းပဲ ဆက်အိပ်ချင်နေလို့ မေမေ့ကို အဲ့သလိုပြောလိုက်တာ.."
သူတို့နှစ်ဦးကြားတွင် ရန်ဖြစ်ပြီးတိုင်း မနေနိုင်မထိုင်နိုင် နောက်က တကောက်ကောက်လိုက်ချော့သည်မှာ ခန့်ပင်ဖြစ်သော်လည်း ဒီတစ်ခါကျ မတူတော့ဘူးလေ..။
"ငါ နင့်ကို ပြန်လာချော့ဖို့ သတိရပါတယ်..။ ငါ မှားတယ်လို့ ထင်လို့တော့ မဟုတ်ဘူး..။ ဒါပေမဲ့ နင့်ကို စိတ်ဆိုးသွားစေတယ်ဆိုရင်တော့ ငါ စိတ်မကောင်းပါဘူး.."
သူသည် အဆိုပါစကားအား သူမကို မကြည့်ပဲ ပြောလိုက်၏..။ စိတ်ရင်းများပင်ဖြစ်သော်လည်း ဘယ်တုန်းကမှ ဒီလောက်စိတ်လေးနေခဲ့ဖူးခြင်း မရှိ..။
ခန့်သည် သူ၏လက်ထဲမှ အပင်ကလေးအား ဘေးဘက်မှ စားပွဲပေါ် အသာအယာချလိုက်ပြီး နဖူးပေါ်မှ ဆံပင်ခွေခွေလေးများဆီသို့ အသာအယာ ကုတ်ခြစ်လိုက်သည်..။
သူ ဒါကို ဘယ်လို စပြောရမှန်း မသိ..။
"ငါ မှားသွားပါတယ်..။ ငါတို့ရန်ဖြစ်ကြတာ ငါ နင့်ကို မချစ်လို့မဟုတ်ပါဘူး.."
ဒီဒီသည် ကုတင်ခြေရင်းမှပင် သူ့အား မျက်ထောင့်နီနှင့်ကြည့်လာပြီး သူမ၏မျက်ဝန်းတွင် မျက်ရည်ကြည်များ ဝေ့လာသည်..။ ခန့်သည်လည်း ထပ်တူပင် ဝမ်းနည်းလာရ၏..။
"တကယ်တော့ ငါက.... အစ်မကို လူတွေက သူ့ရဲ့ ဝတ်စားဆင်ယင်မှုအတိုင်း ၊ လိင်တိမ်းညွတ်ခံယူရာအတိုင်း တံဆိပ်ကပ်လိုက်တာ မဟုတ်ပဲနဲ့ သူ့မှာရှိတဲ့ အရည်အချင်းတွေအတိုင်း သတ်မှတ်ခံရစေချင်တာ..."
ခန့်သည် အနည်းငယ်မျှ ကိုးရို့ကားရားခံစားရသောကြောင့် အိပ်ရာခင်းပေါ်မှ အစိမ်းရောင်ဒိုင်နိုဆောရုပ်ကလေးအား လက်ညှိုးထိပ်ဖြင့် ကုတ်ခြစ်လိုက်ပြီး ဆက်ပြော၏..။
"လူတစ်ယောက်ရဲ့ လိင်တိမ်းညွတ်ရာကို ထောက်ပံ့ဝန်းရံပေးစရာလည်း မလိုသလို သူ့အရည်အချင်းတွေအားလုံးကို မသိချင်ယောင်ဆောင်ပြီးတော့ ဒီလိင်တိမ်းညွတ်မှုတစ်ခုတည်းနဲ့ တံဆိပ်ကပ် သတ်မှတ်လိုက်စရာမလိုဘူးလို့လည်း ထင်တယ်..။ အဲဒါကြောင့်... သူဝတ်ထားတဲ့ ဒီအမျိုးသမီးပုံစံအောက်က အရည်အချင်းတွေကို ငါမြင်သလို နင့်ကိုလည်း မြင်စေချင်တယ်..။ ပြီးတော့.. ငါ့အပေါ်ကိုလည်း... တခြားလူတွေက ဒီလို အမြင်မျိုးနဲ့ ကြည့်ပေးတာပဲ လိုချင်တယ်.."
ခန့်သည် သူ၏မျက်ဝန်းထောင့်မှ စီးကျလာသောမျက်ရည်စတချို့ကို ခပ်မြန်မြန်သုတ်လိုက်ပြီး နှာရိုးအတွင်းမှ အနည်းငယ်စူးအောင့်လာသောကြောင့် နှာခေါင်းထိပ်ကလေးကို အသာပွတ်လိုက်၏..။
ထိုအခိုက်တွင်ပင် နဒီသည် သူ့အားဖက်ထားပြီးပြီဖြစ်ပြီး ခန့်သည်လည်းပဲ သူမ၏ခါးထိရှည်သော အစင်သားဆံပင်များကို ပြန်လည်၍ အသာအယာ ပွတ်သပ်ပေးလိုက်သည်..။
"အဲဒီတစ်ယောက်ကို ငါ့ထက်ပိုပြီး မချစ်ရဘူးနော်..နီနီ.."
"အင်း.. သိပြီ.."
"တကယ်လို့ သူနဲ့ငါ ရေထဲကျသွားရင် နင် ဘယ်သူ့ကိုကယ်မှာလဲ.."
"ဒီလိုမျိုး ပေါတောတောမေးခွန်းတွေ မမေးစမ်းပါနဲ့.."
ခန့်သည် သူ၏ပခုံးပေါ်တွင် ဖက်ထားလျက်သားရှိသောမိန်းကလေးအား ဘေးမှ ခေါင်းအုံးနှင့် ပိတ်ထုလိုက်ပြီး မွေ့ရာပေါ်မှ ကုန်းထလာခဲ့၏..။
ခြေသလုံးကို လှမ်းကိုက်သောပါးစပ်အား အောင်အောင်မြင်မြင်ရှောင်လိုက်ပြီးနောက် ကုတင်ပေါ်မှ အောက်သို့ ခုန်ချလိုက်ပြီး အခန်းထဲမှ ထွက်ပြေးလာခဲ့သည်..။
"သေချင်ယောင်ဆောင်မနေနဲ့.. ထလာခဲ့တော့.. မုန့်စားမယ်.."
ဒီအတိုင်း..။ ဒီအတိုင်းလေးပဲ.. ဘာမှ မဖြစ်ခဲ့သလို..။ ဘယ်တုန်းကမှ ဒါတွေ မဖြစ်ခဲ့ဖူးသလို ဟန်ဆောင်နေလိုက်တော့မည်...။
သူက.. ဘယ်လိုသတ္တိမျိုးနဲ့.. ဘယ်လိုစိတ်မျိုးထားပြီးတော့ ဒီဒီ့ကို နာကျင်အောင် လုပ်ရက်တော့မှာလဲ..။
___________
ထိုနေ့တွင် ခန့်သည် အလုံးစုံ စိတ်ခံစားချက်ကောင်းနေ၏..။
ပူပြင်းခြောက်သွေ့လှသော ရာသီဥတုထဲတွင် တစ်ခါတရံ တိုက်ခတ်တတ်လာသော လေနုအေးကလေးများကို ရှူရှိုက်ခံစားရင်း ဂန္တဝင် အချစ်ပြဇာတ်တစ်ပုဒ်ကိုလည်း ဖတ်နေခဲ့ချိန်လည်း ဖြစ်လေသည်..။
ဇာတ်လမ်းတစ်ပုဒ်ထဲသို့ နစ်မြုပ် တိုးဝင်သွားပြီး အတွေးပင်လယ်ထဲ ပက်လက်မြောနေရသည့် ခံစားချက်သည် ကောင်းမွန်လှ၍ တစ်နေ့လုံးစိတ်လှုပ်ရှားကာ ကြည်နူးနေခဲ့လေ၏..။
"မုဒြာ ဇီဝနည်းပညာလား..။ မိုက်လိုက်တာ..။ နဒီလည်း အဲဒီကို သွားချင်နေတာ.."
သူ၏လေသံမှာ ပျော်ရွှင်ခြင်းအတိနှင့် ဝမ်းသာအားရ..။
အလုပ်သင်နေရာကြေညာချက်၏ ထိပ်ဆုံးနေရာမှာ ရှိနေသည့် မောင်သက္ကရာဇ်နိုင် ဟူသည့်နာမည်သည် ခန့်အား အံ့ဩခြင်းများစွာဖြစ်စေ၏...။
ထိုနေရာအတွက် ယှဉ်ပြိုင်သူများ များပြားလှပြီး တစ်နှစ်တွင် ဆယ်ယောက်သာ ရွေးချယ်ခေါ်ယူသော အလုပ်သင်နေရာမျိုးဖြစ်၍ တော်တန်ရုံထူးချွန်မှုလောက်နှင့် နေရာရဖို့လည်း မလွယ်သလို..ရခဲ့လျှင်လည်း ခံစားခွင့်အကျိုးအမြတ်များ မနည်းပါချေ..။
ထိုထက်ပိုပြီး အံ့ဩဖွယ်ကောင်းသည်မှာ ခန့်သည် အစ်မခတ္တာ ထိုနေရာအတွက် အသည်းအသန် ကြိုးစားအားထုတ်နေခြင်းအား တစ်ခါမှ မတွေ့ခဲ့ရဖူးပါပေ..။
သူ့မှာ နေ့စဉ် တင်းနစ်ကွင်းရောက်လိုက် ၊ လက်သည်းပြင်ဆိုင်ရောက်လိုက် ၊ အမှိုက်ဇာတ်လမ်းတွဲများကြည့်နေလိုက် ၊ ခန့်နှင့် အရည်မရအဖတ်မရပြောကာ အချိန်ဖြုန်းနေလိုက်နှင့် ထိုနေရာအား လွယ်လင့်တကူရသွားခြင်းပင် ဖြစ်လေသည်..။ မယုံကြည်နိုင်ဖွယ်ကောင်းလှ၏..။
"ထိပ်ဆုံးနေရာတဲ့..မယုံနိုင်ဘူးဗျာ..။ ဘယ်လိုလုပ် ရသွားတာလဲ.."
အစ်မခတ္တာ၏မျက်နှာတွင် မောက်မာကာ မာန်တက်နေသည့် အပြုံးခပ်ရေးရေးလေးတစ်ခုရှိနေသည်...။ သို့သော် ထိုအပြုံးမှာ မုန်းချင်စရာမကောင်းဘဲ အတန်ငယ် ချစ်စဖွယ်ကောင်းနေ၏..။
"အကြံဉာဏ်.."
"ဘယ်လို အကြံဉာဏ်မျိုးမို့လို့လဲ.."
"ပြိုင်ဘက်ကုမ္ပဏီကို သေချာပေါက်အကျိုးဖြစ်စေမယ့် အကြံဉာဏ်သစ်.."
ခန့်သည် အတန်ငယ်ရှုပ်ထွေးသွားသော်လည်း သိပ်မကြာလိုက်ပဲ သူ ပြောလိုသည့်အကြောင်းအရာကို ချက်ချင်းနားလည်လိုက်၏..။
သူ၏မျက်ဝန်းကလေးများ ဝိုင်းစက်သွားသည့်အချိန်အခိုက်တွင်ပင် အစ်မခတ္တာ၏မျက်နှာပေါ်၌ အပြုံးခပ်ကြီးကြီးတစ်ခု စတင်ဖြစ်ထွန်းလာခဲ့ပြီး အသံထွက်ကာ ရယ်လိုက်သည်..။
"ဟုတ်တယ်..။ လူတိုင်းက မုဒြာအတွက် အကျိုးဖြစ်စေမယ့်အကြံဉာဏ်တွေနဲ့ စွမ်းဆောင်ရည်တွေထုတ်ပြဖို့ ကြိုးစားနေတဲ့အချိန်မှာ.. ငါက ပြိုင်ဘက်ကုမ္ပဏီကို အကျိုးဖြစ်စေမယ့်အကြံဉာဏ်နဲ့ ပရောဂျက်တစ်ခုပေးခဲ့တာ.."
ခန့်သည် သူမ၏စကားကို ဆက်၍ ခပ်မြန်မြန် ပြောလိုက်၏..။
"ဒီတော့... အကြံဉာဏ်က မုဒြာအတွက်အကျိုးရှိစေမှာတော့ မဟုတ်ဘူး..။ ဒါပေမဲ့ ပြိုင်ဘက်ကုမ္ပဏီကို အတော်ကြာအောင် နှောင့်နှေးစေလိမ့်မယ်..။
အဲဒီအချိန်တွင်းမှာ... မုဒြာက သူ့အတွက် အကျိုးပြု စွမ်းဆောင်ပေးမယ့် အလုပ်သင် ၉ ယောက်နဲ့ အတော်လေးရှေ့ရောက်နေလောက်ပြီပေါ့..။ ဝေါင်း..! ဒါက ကောက်ကျစ်လိုက်တာ.."
"ကံစမ်းကြည့်လိုက်ရုံလေးပါ.."
ခန့်သည် သူမ၏မျက်နှာအား စေ့စေ့ကြည့်လိုက်၏..။ ပြုံးစစဖြင့် မာန်တက်နေသည်မှာ သိသာလှသည်..။ စဉ်းလဲလှ၏..။ သူမသည်သာမက.. မုဒြာမှာလည်း ထိုနည်းလည်းကောင်းပင်..။
"တကယ်တော့ ကျွန်တော်က ခေတ်သစ် ဆေးဘက်ဆိုင်ရာနည်းပညာကို သွားချင်တာ..။ ကောလဟလတွေအရတော့ မုဒြာနဲ့ ခေတ်သစ်ရဲ့စီအီးအိုက မိသားစုတစ်ခုတည်းကဆိုပဲ..။ အဲဒါဟုတ်မယ်လို့ ထင်လား.."
"ထင်တာပဲ..။ အကြီးဆုံးနဲ့ အငယ်ဆုံးရဲ့ ပြိုင်ဆိုင်မှုလို့တောင် ကြားထားသေးတယ်..။ဒါပေမဲ့...ခေတ်သစ်က ရိုးစင်းလွန်းတယ်..။ မုဒြာက သူ့ပြိုင်ဘက်တောင် မဟုတ်ဘူး..။ အရည်အသွေးကို ယှဉ်နိုင်ရင်တောင် အတွေ့အကြုံနဲ့ အဆက်အသွယ်ကို ယှဉ်လို့ မရနိုင်ဘူး.."
"ဒါတော့ သေချာပေါက် မပြောနိုင်ဘူးလေ..။ ခေတ်သစ်ရဲ့နည်းပညာက သိပ်ကို ရှေ့ရောက်လွန်းတယ်..။ တကယ်တော့ မကြာခင်ကပဲ အိမ်မှာ သူတို့ဆီက နည်းပညာနဲ့ တံခါးတစ်ချပ်တပ်ထားသေးတယ်..။ အသစ်ထွက် အဝေးထိန်းခလုတ်(ရီမု)နဲ့ဟာလေ..သိတယ်မလား..။ အဲဒီမှာ ကျွန်တော် ထင်မိတာက... အရည်အသွေးသာကောင်းနေရင် အဆက်အသွယ်တွေက သူ့အလိုလို ရောက်လာမှာပဲလို့..။ အစ်မရော ဒီလို မထင်ဘူးလား.."
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် နောက်ကျောဘက်မှထွက်လာသည့် ခေါ်သံကြောင့် ခန့် ရုတ်တရက် လှည့်ကြည့်လိုက်မိ၏..။
"ဒီဒီ.."
နဒီသည် ဒုတိယထပ်၏လှေကားပေါ်မှ ဆင်းလာပြီး သူနှင့် အစ်မခတ္တာတို့ မတ်တပ်ရပ်နေကြသည့် ကျောင်းဆောင်၏အနောက်ဘက်ကော်ရစ်ဒါသို့ ဆင်းလာသည်..။
ခန့်သည် လက်ရန်းပေါ်တံတောင်ဆစ်တစ်ဖက်တင်ကာ စတိုင်လ်ကျကျရပ်နေသော အစ်မခတ္တာကို နှုတ်ဆက်လိုက်ပြီး သူမရှိရာသို့ ဝမ်းသာအားရ လျှောက်သွားလိုက်၏..။
ဘာရယ်ကြောင့်မှန်း မသိ..။ ဒေါသထွက်နေပုံပေါက်၏..။
အနောက်ဘက်တွင် မလုံမလဲ အမူအရာမျိုးဖြင့် ပါလာသော စစ်ရှင်းခန့်ကြောင့် စိတ်ထဲတွင် ထင့်သွားသော်လည်း တမျိုးတမြည်တွေးတောမနေတော့ပဲ ပုံမှန်အတိုင်း တောက်ပစွာ ရယ်ပြုံး၍ သူမအား လက်ယမ်းပြကာ နှုတ်ဆက်လိုက်သည်..။
ထိုအခိုက်မှာပင် သူ့ထံသို့အလျင်အမြန်လျှောက်လာသော သေးသွယ်လျသည့်ခန္ဓာဆီမှ လက်တစ်ဖက် မြောက်တက်လာသည်..။
တစ်ချိန်က သိပ်ကိုမြတ်နိုးအားကျခဲ့ရဖူးသည့် ပုလဲငုံလို ရွှေလက်အစုံမှာ ကြည်လင်လတ်ဆတ်စွာပြုံးရယ်နေသည့် သူ၏မျက်နှာပေါ်သို့ အရှိန်နှင့်လွှဲကာ ရိုက်ခတ်မိ၍ ပါးပေါ်တွင် စပ်ဖျင်းဖျင်းအထိအတွေ့တစ်ခု ကျန်နေခဲ့လေ၏..။
ခန့်သည် မယုံနိုင်ခြင်းများစွာနှင့် သူမအား ကြည့်လိုက်သည်..။
သူမ၏မျက်နှာပေါ်တွင် ဒေါသနှင့် ရှက်စိတ် ၊ ရွံရှာခြင်းနှင့် မုန်းတီးခြင်းတို့ပြည့်နှက်နေပြီး ၁၉ နှစ်တိုင် ရင်းနှီးခဲ့ဖူးသည့် ထိုမျက်ဝန်းအကြည့်များမှာ လွန်စွာမှ စိမ်းသက်နေခဲ့၏..။
ခန့်သည် သူမ၏ နောက်မှ စစ်ရှင်းခန့်အား ကြည့်လိုက်သည်..။
အခု ဘာတွေဖြစ်နေတာလဲ..။ သူ အဲဒီကိစ္စကို သိသွားတာလား..။
မဟုတ်လောက်ပါဘူးနော်..။ ဟုတ်တယ်မလား..။
ဘာလို့လဲ..။ တကယ်ဆိုရင် နစ်နာသူက သူ မဟုတ်ဘူး...။ ငါလေ..။
ခန့်သည် ကောင်းကောင်း မစဉ်းစားနိုင်သေးခင်မှာပင် နဒီသည် သူ၏ရှေ့မှ ရွံရှာမုန်းတီးလှသည့်မျက်နှာထားမျိုးနှင့် လှည့်ထွက်သွားပြီဖြစ်ပြီး သူမနောက်ဆုံးပြောခဲ့သည့်စကားမှာ ဤသို့ဖြစ်၏..။
"နင် ဒီလောက် မျက်နှာပြောင်တိုက်တတ်မှန်း ငါ မသိခဲ့မိဘူး..ဌာနီ.."
တစ်ရစ်ပြီး တစ်ရစ် ၊ တစ်လွှာပြီး တစ်လွှာ ဆွဲဆုပ် ခြေမွခြင်းခံနေရသကဲ့သို့ ခံစားမိသော သူ၏ နှလုံးသားသည် ရှက်ရွံစိတ်နှင့် ခါးသီးခြင်းတို့ပြည့်နှက်လာပြီး ထိုအချိန်မှစ၍ အမုန်းတရားများ စတင်ပေါက်ဖွားလာသည်ဟု ထင်မှတ်ခဲ့ရလေ၏..။
Ayyyyy!! He's gonna kill him or both of them,which is very exciting & interesting. But I don't know how.It's hard to keep up with 155 IQ kid. 🤷🏻