တစ်မျှော်တစ်ခေါ်ပွင့်လန်းနေကြသော တောရိုင်းပန်းပွင့်ဝါလေးများ....
တိုက်ခတ်နေသော ညှင်းသွဲ့သွဲ့လေပြေလေး...
လှမ်းမြင်နေရသော စိမ်းစိမ်းစိုစိုတောတန်းများ...
မပူမအေးနေရှိန်လေးနဲ့ ခြုံပြောရရင်တော့ သိပ်အေးချမ်းတဲ့နေရာဒေသ....
ဘယ်နေရာဒေသ အတိအကျမသိပေမဲ့ နေကြာမဟုတ်တဲ့ ပန်းဝါဝါတွေကြောင့် သိပ်အေးချမ်းတာပဲ ....
"မင်း ငါ့ကိုဘာလို့ဒီကိုခေါ်လာတာလဲ..."
"ခင်ဗျားပဲ ပန်းတွေကြိုက်တယ်ဆို...ကျုပ်ကတော်ဝင်ပန်းတွေမဆက်သချင်ဘူး...အာ့ကြောင့် ဒီတောရိုင်းပန်းလေးတွေရှိတဲ့နေရာ ခေါ်လာပေးတာ...ခင်ဗျား ကြိုက်တယ်မလား"
"အင်း...ငါသိပ်ကြိုက်တာပဲ..."
"ရော့..."
"အင်း... သိပ်လှတာပဲ"
နှိုင်းကို ပန်းလေးတစ်ပွင့်အပင်ကခူးကပေးတော့ သဘောတကျပဲယူမိတယ်။ဒီကောင်လေးက နှိုင်းပန်းတွေကြိုက်မှန်းသိလို့ ခေါ်လာခဲ့တာတဲ့။တော်ဝင်သဇင်တွေ မရလည်း ဒီပန်းလေးတစ်ပွင့်နဲ့တင် သိပ်ကျေနပ်နေမိတာ။
ပန်းလေးတွေကို တို့ထိကာ ပန်းခင်းကြီးထဲ လျှောက်ပြေးတော့ ခံစားချက်ကသိပ်ကောင်းတာပဲ...
နေအေးအေး လေအေးအေးမှာ နှလုံးသားလေး သိပ်အေးချမ်းနေတယ် ပြောရမလား...
နှိုင်လျှောက်ပြေးနေတာကိုပဲ သဘောတကျငေးကြည့်နေတဲ့ ကောင်လေးရယ်...
ပန်းဝါဝါတွေကို စိတ်ကြိုက်ခူးပြီး ပန်းစည်းတစ်စည်းထုံးဖွဲ့လိုက်တယ်... အင်း ဖြစ်သလိုထုံးလိုက်ပေမဲ့ ပန်းတွေလှလို့လားမသိဘူး ပန်စည်းလေးလဲ သိပ်လှတာပဲ...
"ဒီမှာ... ငါပန်းတွေလုပ်ထားတာလှလား.. "
နှိုင်း ဒီကောင်လေးဆီပြန်ပြေးသွားပြီး ပြတော့...
"အင်း... ခင်ဗျားလိုပဲ လှတယ်"
"ဟွန့်.. မင်းကပြောတော့မယ်.. "
"အာ့ဆို... ခင်ဗျားထက်လှတယ် ပြောရမလား"
"မဟုတ်ဘူးလေ... ငါပြောတာက.. "
"အဟက်... ဖြစ်သွားတာကြည့်ပါအုံး"
ပန်းလေးတွေက နှိုင်းလိုလှတယ်ပြောတော့လည်း မကြိုက်သလို နှိုင်းထက်လှတယ်ပြောတော့လည်း သဘောမကျပြန်။နှိုင်းတစ်ယောက်တည်းက ဒီကောင်လေးအတွက် အကောင်းဆုံးသူ ဖြစ်ချင်တာကို။မည့်သည့် သက်ရှိသက်မဲ့ကမှ သာသွားတာမျိုး မလိုချင်၍ ဘယ်လိုအဖြေပေးပေး မကြိုက်တဲ့ကိုယ်က နှုတ်ခမ်းလေးဆူမိတယ်။
"ကျုပ်ကစတာကို... အဲ့နှုတ်ခမ်းကဆူထွက်လာတယ်... ပြန်သိမ်းလိုက် ခင်ဗျားကသာ ကျုပ်အတွက် စကြာဝဠာကြီး ကမ္ဘာကြီး ဟုတ်ပြီလား.. "
"ကဲဟာ... ငါ့ကိုစအုန်း.. "
နှိုင်းကို ပြုံးတုံ့တုံ့နဲ့ စနေတဲ့ကောင်လေးကို လက်ထဲမှာကိုင်ထားတဲ့ ပန်းစည်းနဲ့ မနာအောင် ခပ်ဆတ်ဆတ်လေး ရိုက်တော့ အရမ်းနာတဲ့ ပုံစံလုပ်ပြနေသေးသည်။
"အား... နာလိုက်တာဗျာ"
"ကဲဟာ .. စအုန်း
ရော့... ဒါက နာချင်ဟန်ဆောင်လို့
ဟားးးး တကယ်နာသွားပြီမလား"
နှိုင်း သဘောတကျရယ်မောပြီး ဒီကောင်လေးကို ပခုံးတွေ နောက်ကျောတွေ အစုံ နေရာလပ်မကျန်
ရိုက်ပစ်တယ်...
"တော်ပြီလို့... တကယ်နာနေပြီ.."
ပန်းလေးနဲ့ပေါက်သည်ကို အတည်နာပြနေသော ကောင်လေးကို အမြင်ကပ်၍...
"အင့်..နာအုံး"
"အ..!"
နောက်ဆုံးတစ်ချက် ဗိုက်ကိုစနောက်ကာ ရိုက်လိုက်တော့ အမှန်တကယ်နာကျင်သွားဟန်နှင့် မျက်နှာတွေပါ ဖြူဖျော့သွားသော ကောင်လေး...
သူ့ဗိုက်တစ်နေရာကို နှိပ်လိုက်တော့ ထွက်ကျလာတဲ့ သွေးစတွေ...
ဘာလဲ သွေးတွေ..
သွေးတွေက ဘယ်လိုထွက်လာရတာလဲ...
ဘာလဲ နှိုင်းရိုက်လိုက်လို့ ဒီလိုဖြစ်သွားတာလား...
မဖြစ်နိုင်ပါဘူး နှိုင်းကဓားနဲ့ထိုးလိုက်တာမှမဟုတ်တာ ပန်းစည်းနဲ့ရိုက်တာလေ..
တဖြေးဖြေး မနေနိုင်တော့ဟန် ၀မျးဗိုကျကို ဖိနှိပ်ပြီး နှိုင်းရှေ့တင် လဲကျသွားသောကောင်လေး...
ထိုခါမှ ရုတ်ချည်းဖြစ်သွားသော အခြေအနေကြောင့် ငိုင်ငိုင်ကြီးရပ်နေမိတဲ့ နှိုင်းက အသိစိတ်ပြန်ဝင်တယ်...
မြေပြင်ပေါ် လဲကျနေတဲ့ကောင်လေးကို မ ထူပြီး...
"ဟင်...မင်း ဘာဖြစ်တာလဲ ဒီသွေးတွေကဘာတွေလဲ..ဘာလို့သွေးတွေက ထွက်နေရတာလဲ..။ငါ ..ငါကြောင့်လား ငါရိုက်လိုက်လို့ ဒီလိုဖြစ်သွားတာလား.."
ဘယ်ချိန်ကကျနေမိတဲ့ မျက်ရည်တွေမှန်းမသိ ...
ထိုမျက်ရည်တွေနဲ့ တရစပ်မေးနေမိတယ်...
ဒီကောင်လေးကတော့ ဘာမှတုန်လှုပ်မနေဟန်၊ ယခုအခြေအနေကို ကြိုတွေးထားဟန်နှင့် သွေးတွေကြားထဲက နှိုင်းကိုပြုံးကြည့်နေတယ်...
သွေးတွေပေကျံနေတဲ့ လက်တစ်စုံနဲ့ နှိုင်းမျက်နှာကို လာထိတွေ့ကာ...
"ခင်ဗျားကအရူးလား...ခင်ဗျားကကျုပ်သွေးထွက်အောင် ဘယ်မှာလုပ်ခဲ့ဖူးလို့လဲ ဒီခေါင်းလေးက မဟုတ်တာတွေတွေးနေတာပဲ..."
"မင်း...ဘာလို့ရယ်နေရတာလဲ အာ့ဆို ဘယ်သူလုပ်တာလဲ ပြောလေ..ငါ့ကိုပြောလို့.."
နှိုင်းမေးတာကို မဖြေသောကြောင့် နှိုင်းပေါင်ပေါ်က ကောင်လေးကို အားမလိုအားမရ လှုပ်ကာမေးတော့...
"ဘယ်သူမှမလုပ်ပါဘူး...ဒီမျက်နှာလေးကို အလွတ်မှတ်နေတာကို အာရုံနောက်စရာတွေ
မပြောပါနဲ့လား"
"ဘာလို့အလွတ်မှတ်မှာလဲ...မင်းက ငါနဲ့ တစ်သတ်လုံးအတူနေသွားမှာဆို...မှတ်စရာမှမလိုတာ..မမှတ်ရဘူး..မှတ်ခွင့်မပေးနိုင်ဘူး"
နှိုင်း မျက်ရည်တွေကြားကနေ မျက်နှာကိုယိမ်းမိတယ်..
အတူတူနေသွားပါမယ်ဆိုပြီး ဒီလုပ်ရပ်က အဓိပ္ပါယ်မရှိဘူးမလား...ဒီကောင်လေးက နှိုင်းကိုထားသွားတော့မဲ့ ပုံစံကြီးနဲ့မို့ နှိုင်းရင်ဘတ်ထဲက အရမ်းနာနေပြီ...
"ငြိမ်ငြိမ်လေးနေပေးပါလား..အကိုက လိမ္မာရဲ့သားနဲ့..."
"ဟင့်အင်း...ငါကမလိမ္မာဘူး..မင်းကငါ့ကိုထားသွားတော့မလို့လား..ငါ့ကိုထားသွားမယ်ဆို ငါကသံသရာအဆုံးထိ လိုက်လာမှာနော်..မင်းထားရဲရင် ထားသွားကြည့်လေ "
"အငိုသန်လေးပဲ...ကျုပ်က ထားမသွားရဲပါဘူးဗျာ.."
"အင်း...ထားမသွားရဘူး"
နှိုင်းမျက်နှာပေါ်ကနေ တဖြည်းဖြည်းလျှောကျကာသွားသော လက်တစ်စုံ...
နာကျင်နေပေမယ့် နှိုင်းကိုကြည့်နေတဲ့ အပြုံးမျက်ဝန်းတွေက တဖြည်းဖြည်း မှိတ်ကျသွားခဲ့ပြီ...
ထားမသွားရဲပါဘူးဗျာ ဆိုပြီး နှိုင်းကိုတကယ်ထားသွားပြီလား...
ဟင့်အင်း..ဒီလို မဖြစ်ရဘူးလေ..."
"မဖြစ်ဘူး...ဒီလိုမဖြစ်ရဘူး..
ထ ခုထလေ င့ါကိုထားမသွားဘူးဆို.."
ပတ်ဝန်းကျင်မှာ နှိုင်းငိုသံတွေအပြည့်..
နှိုင်းဒီကောင်လေးကို လှုပ်ပြီးနှိုးကြည့်တယ်..
ရိုက်ပြီး နှိုးတယ်...
မျက်နှာချောချောလေးကိုကိုင်ပြီး ခခယယနှိုးကြည့်တယ်...
ဘယ်လောက်နှိုးနှိုး ဘယ်လိုပုံစံ နှိုးနှိုး နိုးထမလာသောကောင်လေး...
နှိုင်း ငိုလို့တောင်မရတော့ဘူး...
မျက်ရည်တွေက ကျမလာနိုင်တော့ဘူး...
နှိုင်း နိုးထမလာတော့တဲ့ကောင်လေးကိုပွေ့ဖက်ပြီး နှိုင်းကိုယ်တိုင်ကတော့ ဝိညာဉ်အနှုတ်ခံရတဲ့ သူတစ်ယောက်လို...
"မင်း..ဒီလိုမဖြစ်ရဘူးလေ .."
"ဒီလို မဖြစ်ရဘူးလို့ "
*******
လက်ရုံး ခေါင်းကဒဏ်ရာက နေ့ခင်းကအကောင်း ညနက်ပိုင်းကျ ခနခနထိုးကိုက်ပါသည်။အိပ်လို့လဲမပျော် အိပ်ပျော်သော်လည်း နိုးတစ်ဝတ်နှင့်မို့ ဘယ်လိုမှကောင်ကောင်းအိပ်မရ။
ယခုလဲ အိပ်ပျော်ရှိသေး ဟိုလူ့ရဲ့ မသဲမကွဲအော်သံတွေကြောင့် လူကနိုးလာရသည်။
ကုတင်ပေါ်ကနေ အားယူပြီး ဘေးနားက ခုံတန်းလေးပေါ် အိပ်နေသောသူကို ကြည့်တော့...
လေပေါ်ကို လက်တွေမြှောက်ပြီး ဘာတွေလိုက်ဆွဲလို့ လိုက်ဆွဲနေမှန်းမသိ...
ကုတင်ပေါ်က ဆင်းပြီး အနားကို လျှောက်သွားလိုက်ကာ...
"ခင်ဗျား...ဘာဖြစ်နေတာလဲ "
"မင်း ..ဒီလိုမဖြစ်ရဘူးလို့ ..အဟင့် "
ခုမှ ဘာတွေအော်နေမှန်း ရှင်းရှင်းလင်းလင်းသိတယ်။မျက်နှာလေးကို ကြည့်လိုက်တော့ ချွေးဇောတွေပါ ပျံနေတာ။အမှန်တကယ်စိတ်ဖိစီး နေသည်ထင်သည်။အိမ်မက်ဆိုးတွေ မက်နေလို့များလား။လက်လေးကို ဖမ်းဆွဲထားလိုက်သော်လည်း ရုန်းမထွက်နိုင်ဟန်။
လက်ရုံး ထိတ်ထိတ်ပြာပြာနှင့် လှုပ်နှိုးမိတယ်...
"ခင်ဗျား...ဘာဖြစ်နေတာလဲလို့..ထပါ "
ဆက်တိုက် ပခုံးလေးကနေမထူပြီး နှိုးကြည့်လိုက်ကာမှ ပွင့်ဟလာတဲ့ မျက်လုံးအစုံ...
ဘာအိမ်မက်ဆိုးတွေမှန်း မသိပေမဲ့ မျက်နှာတစ်ခုလုံးလဲ မျက်ရည်တွေအပြည့်...
"ခင်ဗျား ဘာဖြစ်နေတာလဲ ...ဘာဖြစ်လို့ အဲ့လောက်ကြောက်နေရတာလဲ.."
"မင်း..မင်း ဘာမှမဖြစ်ဘူးနော်"
"ကျုပ်ကဘာဖြစ်ရမှာလဲ..အင့်.."
ပေါက်ပေါက်ရှာရှာတွေမေးပြီး ကိုယ့်ကိုဆွဲဖက်လိုက်သောသူကြောင့် လူက အင့်ခနဲဖြစ်သွားရသည်။
"ကျုပ်က ဘာဖြစ်ရမှာလဲ..ခေါင်းလေးပဲ နဲနဲထိသွားတာ ဘာမှမဖြစ်ဘူး "
"အင်း..ဘာမှမဖြစ်လို့ တော်သေးတာပေါ့.."
မလွှတ်တမ်း အတင်းဖက်ထားသောလူ...
အိမ်မက်ယောင်နေတာလား ဘာလားမသိပေမဲ့မျက်နှာကြည့်ချင်တာတောင် ကြည့်မရ ထွက်ပြေးမှာစိုးနေသလို ခုထိလွှတ်မပေး...
ဒီပုံစံနဲ့ ပြောမရမှာသိနေသည်မို့ ကိုယ်ကပဲ သူ့ကိုယ်လေးကို အတင်းခွာလိုက်ရသည်...
အောင်မြင်မယ်ကြံသေး မျက်နှာလေးက လည်ပင်းကြားထဲအတင်းတိုးဝင်ကာ ခုထိ
တရှုံ့ရှုံ့...
"အဟင့်..."
"ခင်ဗျား ဘာဖြစ်တာလဲ အိမ်မက်ဆိုးတွေ မက်နေတာလား..."
"အင်း..."
"မျက်နှာပြပါအုံး...ဘယ်လောက်များငိုထားတာလဲ ကြည့်ချင်လို့.."
မျက်နှာပြအုန်းဆိုတော့လဲ ထုတ်ပြတယ်...
ဘယ်လောက်များငိုထားသည်မသိ နှာခေါင်းလုံးလေးအပါအ၀င် မျက်နှာလေးတစ်ခုလုံးက ရဲတွတ်ကာနေသည်...
မျက်ရည်တွေ ရစ်သီနေသည့် မျက်ဝန်းဝိုင်းတွေနဲ့
မလွတ်တမ်းအကြည့်ချင်းဆုံမိတော့ ကြည့်ပါရစေ ဆိုတဲ့ ကျွန်တော်က ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိ...
သူ့လက်သေးသေးလေးတွေနဲ့ မျက်နှာကိုလာကိုင်ပြီး ....
"တော်သေးတာပေါ့...တကယ်မဟုတ်လို့ တော်သေးတာပေါ့...အိမ်မက်ပဲမလို့တော်သေးတာပေါ့.."
"အင်း.."
ဒီလူ ဘာဖြစ်နေသည်မသိပေမယ့် မျက်နှာပေါ် ပြေးလွှားနေသည့် လက်လေးတွေပေါ် တဆင့်အုပ်ကိုင်ပြီး ခေါင်းလေးကို ရင်ခွင်ထဲ အံဝင်ခွင်ကျ ပြန်သွင်းမိတယ်...
စိတ်သက်သာရာ ရပါစေဆိုသည့် အသိနဲ့...
ခင်ဗျားကိုတော့ တစက်လေးမှ အထိခိုက်ခံနိုင်တာ မဟုတ်...
အိမ်မက်တွေသာ စိတ္တဇနာမ်မဟုတ်ရင် ကျွန်တော်ဖမ်းဆွဲ ရှင်းပြီးနေလောက်ပြီ...
"မငိုပါနဲ့လား...မျက်ရည်တွေမကျပါနဲ့လား...
ခင်ဗျားမျက်ရည်တွေမြင်ရင် ကျွန်တော်မခံစားနိုင်ဘူး..."
"ဘာ...ဘာဖြစ်လို့လဲ"
ခုထိရှိုက်သံလေးတွေမဆုံး ဘာတွေဝမ်းနည်းမှန်းမသိ ၀မ်းနည်းနေသူက ရိုးရိုးရှင်းရှင်း မေးပြန်တော့ ကိုယ်က အဖြေမပေးနိုင်တဲ့ ပုစ်ဆာလို ပဟေဠိပေါင်းများစွာ....
သို့သော် ပဟေဠိရဲ့ သော့ချက်ကို ကျွန်တော်သိတယ်ထင်တယ်...
သော့ချက်က ခင်ဗျားပဲထင်တယ်...
ကျွန်တော် ဆက်ဆက်ထိမခံတဲ့ တစ်ဦးတည်းသောသူက ခင်ဗျားပဲထင်တယ်...
ခံစားချက်တွေကို မလိမ်ညာပဲ တစ်နေ့ဖွင့်ဟခဲ့မယ်လို့ ကျွန်တော်ပြောခဲ့တယ်မလား...
"ကျွန်တော် ပြောစရာရှိတယ်..နားထောင်မယ်မလား..."
"အင်း.."
ဒီလူ့ပခုံးလေးကို အသာလေးဆုပ်ကိုင်ကာ မျက်နှာချင်းဆိုင်လိုက်ပြီး...
"ကျွန်တော်က သေသေချာချာလေးပြောမှာမလို့ တိတိကျကျလေးမှတ်ထားပေးရမယ်နော်.."
"အင်း.."
"ချစ်တယ်"
"ဟင်..."
မျက်ဝန်းတွေက ဝိုင်းသည်ထက် ပိုဝိုင်းသွားကြပြီး အံ့ဩတကြီး ပွင့်ဟလာသော နှင်းဆီပွင့်ချပ်သဏ္ဌာန် နှုတ်ခမ်းလွှာလေးတွေ...
"ကျွန်တော် ခင်ဗျားကိုချစ်တယ်..."
"ဘာ...ဘာကို အွင့် "
နှိုင်း စကားတို့ပင်မဆုံး ချိတ်ပိတ်ခံလိုက်ရသလို တံဆိပ်လာခတ်လိုက်သည့် နှုတ်ခမ်းသားတစ်စုံ...
ဖွဖွလေးမဟုတ်ပဲ ပြင်းပြင်းထန်ထန် တင်းတင်းကျပ်ကျပ်ကြီး ဖိကပ်ခံလိုက်ရတာ...
ခုချိန် နှိုင်းသွေးတွေပင် ရပ်တန့်မတတ်...
နှိုင်း အိမ်မက်လိုလိုမြင်ယောင်နေခဲ့သည်က အမှန်တကယ် ဖြစ်လာသည်လား...
အဲ့ညကလဲ ဒီခံစားချက်မျိုး...
နှိုင်းနှုတ်ခမ်းလွှာလေးတွေကို အပေါ်တစ်မျိုး အောက်တစ်ဖုံ ဖဲ့ခြွေစားသုံးနေလိုက်တာ...
နတ်ဆိုးတွေလိုမျိုး...
သို့သော် ညှိ့ငင်အားကောင်းလွန်းလှသော နှုတ်ခမ်းသား ခပ်ပါးပါးလေးကြောင့် မထိန်းလိုက်နိုင်ပဲ တုံ့ပြန်မိတဲ့ အနမ်းတွေ...
စက္ကန့်ပေါင်းများစွာ ဖြတ်သန်းပြီးသည်နှင့် သိသိသာသာ ထုံကျဉ်လာသော နှုတ်ခမ်းသားတွေ...
နှိုင်းကသာ မနိုင်တော့တာ ခုချိန်ထိ လွှတ်မပေးသေးသော ကောင်လေးကြောင့်....
"မင်း...မင်း လွှတ်ပေးတော့ "
ထိစပ်နေတဲ့ နှုတ်ခမ်းနှစ်စုံကြား လေအလုံအလောက်မရသောကြောင့် စကားသံတွေလဲ ဝူးဝူးဝါးဝါး...
ဘာလဲ နှိုင်း ခု ရည်းစားစကားအပြောခံလိုက်ရပြီး တစ်ဆက်တည်းမှာပဲ ဘာမပြောညာမပြော အနမ်းခံလိုက်ရသည်လား...
ခုလို ဆေးရုံကြီးမှာ ဒီလိုမျိုးအပြောခံလိုက်ရမှာမျိုး တစ်ခါမှ မတွေးဖူး...
လူနာဆီက ဒီလိုတွေအလုပ်ခံနေရသည်က မဟုတ်သေးဘူးမလား...
အခြားသူတွေသာ သိခဲ့ရင်ဆိုသည့်စိတ်ကြောင့် တွေးရင်းတွေးရင်း ရှက်လာရသည်...
"မင်း...ဖယ်လို့ ခုလွှတ် "
နှိုင်း သူ့ရင်ဘက်ကြီးကို အားကုန်ရိုက်ပြီး လွှတ်ခိုင်းတော့...
"အင်း..ရပြီ "
ထိုခါမှ လွှတ်ပေးသည် ၊ဒါတောင် အပြီးသတ် ဖိကပ်နမ်းလိုက်သောကြောင့် နှိုင်း တော့ နှုတ်ခမ်းတွေပေါက်တော့မည်ဟု ထင်မိသည်။မပေါက်ရင်တောင် ဒီကောင်လေးကြောင့် သွေးခြေတွေတော့ ဥနေလောက်ပြီ။
"မင်း...ဘာလုပ်တာလဲ "
"အဖြေတောင်းလို့ နမ်းလိုက်တာလေ "
"ဘာ...ဒီလိုမျိုး ဘယ် ဘယ်မှာရှိလို့လဲ .."
"ဒီမှာလေ ..ကျုပ်ရှိတယ်
အဖြေတောင်းရင် တစ်ခါ ၊အဖြေရရင် တစ်ခါထပ်နမ်းအုံးမှာ..."
"မင်း.."
ဒီကောင်လေးက ဘယ်မှာရိုးလို့လဲ ၊ကိုယ့်ဘက်ကိုယ်ယက်တဲ့ လူလည်လေး။ခုလဲ ကြည့်လေ အဖြေမရသေးခင် ဒီလိုလုပ်တာ ဘယ်မှာရှိလို့လဲ။
"ညနက်နေပြီ...အိပ်ရအောင် "
"အိပ်လေ...ဘာလို့ ငါ့ကို လာခေါ်နေတာလဲ"
"တူတူအိပ်မယ်လေ.."
"ဘာ..ဘာလို့ အိပ်ရမှာလဲ မအိပ်ပါဘူး မင်းနဲ့"
နှိုင်း ဒီလူလည်ကောင်လေးကို ကြောက်၍ အကြောက်အကန်ငြင်းမိသည်။
"အိမ်မက်ဆိုးတွေ ထပ်မက်ရင်
ဘယ်လိုလုပ်မလဲ"
"မမက်တော့ဘူး...ငါဒီမှာပဲအိပ်မှာ "
"ရတယ်လေ.."
"မင်း...မင်း ဘာလုပ်တာလဲ "
ဒီလူ ကိုယ့်ကိုပဲ အစောကမက်ခဲ့သည့် အိမ်မက်ဆိုးထက် ပိုကြောက်ပြနေသည်။လက်ပိစိလေးကို ကြက်ခြေခတ်ပုံစံလေးလုပ်ကာ ခေါ်မည်ဆိုး၍ အတင်းကာကွယ်နေသည်။
ခုံပေါ်ကနေ ကောက်ချီလိုက်တော့ နှိုင်းတုမမှီ ပီပီ ရန်ပြန်တွေ့သည်။ခြေထောက်တွေကို အတင်းလွှဲခါပြီး..
"မင်း..ငါ့ကိုအောက်ချပေး "
"အဲ့ခြေထောက်တွေက အငြိမ်မနေရင် ကြမ်းပြင်ပေါ် ပစ်ချပစ်မယ် "
ထိုသို့ပြောလိုက်ကာမှ ငါ့ရံ့ပြာလူးနေသလိုဖြစ်နေသည်က ရပ်သွားသည်။
ကုတင်နားလေး ရောက်သည်နှင့် တစ်ဖန်ပြန်ရုန်းနေသူကို အသာချပြီး ကုတင်ပေါ်အရင် ၀ငျအိပျလိုကျကာ...
"လာ...ဒီကို "
ကုတင်က အနည်းငယ်ကျဉ်းသောကြောင့် ကိုယ်ကပဲ နံရံဘေးကပ်အိပ်လိုက်သည်။
နေရာချန်ထားပေးပြီ လာအိပ်ရန် ခေါ်တော့..
မလာချင်သည့်ဟန် တုပ်တုပ်မျှ မလှုပ်သောသူကြောင့်...
ကျွီ!
ဘေးကလူကို လက်ကိုင်ပြီး ကုတင်ပေါ်ရောက်အောင် ဆွဲချလိုက်သည်...
"မင်း...ဘာလုပ်တာလဲ ငါမင်းနဲ့မအိပ်ဘူး..
ကုတင်ကအသံမြည်နေပြီ ပြုတ်ကျချင်လို့လား.."
"ရတယ်...ငြိမ်ငြိမ်နေရင် ရတယ်"
"ငါမအိပ်ဘူးလို့ ဖယ် လွှတ်"
အတင်းရုန်းနေသည့်သူကြောင့် ခန္ဓာကိုယ်သေးသေးလေးကို ခြေထောက်တွေနဲ့ ချုပ်ထားတော့ ဇွတ်ခွာချနေသည်။
ကိုယ့်ခြေထောက်တွေကို ချုပ်ခံထားရတဲ့သူ့ခြေထောက်လေးတွေနဲ့ ပြန်ကန်တယ်...
ချုပ်ထားလို့ ပြန်ကန်လို့မရလဲ ဒီလူကတော့ ကန် နေဆဲ...
လက်တွေကိုလဲ အတင်းရုန်းတယ်...
ကြိုက်သလောက်ရုန်းဆိုပြီး ပိုပိုတိုးပြီး ဖက်ပစ်ကာမှ ...
"အိပ်ဆိုလဲရတယ်...လူကိုတော့လွှတ်ပေး"
"အင်း...ရတယ်လေ"
ရုန်းလို့မရမှန်း သေချာသွားသည့်အခါမှ ငြိမ်ကျသွားသောသူ..
ခေါင်းလေးအောက် လက်မောင်းထိုးခံပြီး အုံးခိုင်းပြန်တော့လည်း အလိုက်သင့် နေပေးသည်..
ခါးသိမ်သိမ်လေးပေါ် လက်တင်လိုက်တော့..
"ဖယ်..မတင်နဲ့ "
"အဖြေတောင်းထားတာမို့ ဒီလောက်လေးတော့ ပိုးပန်းပါရစေ..ဒါမှ ခင်ဗျားက ကျုပ်ကို အဖြေမြန်မြန်ပြန်ပေးမှာပေါ့"
ဒီကောင်လေးကို လူလည်လေးလို့ ပြောတာမမှားဘူးမဟုတ်လား။အဖြေရချင်လို့ ဒီလိုပိုးပန်းတာ ဘယ်မှာရှိလို့လဲ။မေးပြန်ရင်လဲ သူ့ကိုယ်သူ လက်ညှိုးထိုးပြအုံးမည်။ခုက အဖြေရပြီးတာတင်မဟုတ် နှိုင်းကို သူ့အပိုင်လိုကို ပြုမူနေသည်ကို ဒီကောင်လေးက အဖြေလိုချင်လို့ ပိုးပန်းနေတာပါတယ့်လေ။
"လူလည်.."
"မလည်ပါဘူး.."
ဒီလူ့ လည်ပင်းကြားထဲ မျက်နှာအပ်ကာ ကိုယ်ငွေ့ခြုံမိတော့ တုံ့ခနဲ တစ်ချက်တွန့်သွားသောသူ..
"ဒါနဲ့ ..ခင်ဗျား အစောကဘာအိမ်မက်ဆိုးတွေ မက်နေတာလဲ"
"ဟို..အိမ်မက်ထဲမှာ မင်းက.."
နှိုင်းအိမ်မက်ကို အလုံးစုံမမှတ်မိသော်လည်း နောက်ဆုံးအခန်းတော့ သေချာမှတ်မိနေပါသည်။
သို့သော် ဒီကောင်လေးကို ဘယ်လိုပြောရမည်လဲ ၊အိမ်မက်ထဲမှာ ဒီကောင်လေးက..
"ဘာလဲ ခင်ဗျားအပြင်မှာ ရှိုက်ကြီးတငင် ဒီလောက်ငိုနေတာ အိမ်မက်ထဲမှာ ကျုပ်အသက်မရှိတော့တာတို့ ဘာတို့တော့ မဟုတ်ဘူးမလား.."
"အင်း..ဟုတ်တယ် "
"ဘာ .."
အံ့ဩလွန်းလို့ ထတောင်အော်မိသည်။ဒီလူတော့ ခေါင်းလေးချုပ်ရသည်ပဲကို အိမ်မက်က ဘယ်လိုတောင် မက်ချလိုက်ရတာလဲ။
"ဟို...ငါတခြားမမှတ်မိပေမဲ့ အဲ့တာတော့မှတ်မိနေတာ.."
"တော်တော့...ကျုပ်က ခင်ဗျားနဲ့တသတ်လုံးနေမှာမလို့...အိမ်မက်က အိမ်မက်ပဲ နောက်တစ်ခါမမက်အောင် ကျုပ်လုပ်ပေးမှာ..."
"အင်း.."
အိမ်မက်လေးကိုတောင် စိတ်မကောင်းဖြစ်ပြီး
အသဲသန်ငိုနေသောသူ...
စိတ်ချပါ ၊ကျွန်တော်က အိမ်မက်တွေရော လက်တွေ့မှာပါ ခင်ဗျားအတွက် အမြဲလှပတဲ့ ကမ္ဘာတည်ဆောက်ပေးမှာ...
________________________
#minus-zero
27 September 22
ဒီလိုလေးရေးလိုက်ပြီ
အဆင်ပြေကြလား မသိဘူး..💛