အဝါရောင်ဒဏ်ရာနှင့် ရာဇဝင်

By tadaa-j

2K 212 127

အဝါရောင် နာကျင်ခြင်းများ More

သတိပေးချက်
အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၁
အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၂
အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၃
အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၄
အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၅
အဝါရောင်ဒဏ်ရာနှင့် ရာဇဝင် - ၆
အဝါရောင်ဒဏ်ရာ - ၇
အဝါရောင်ဒဏ်ရာ - ၈
အဝါရောင်ဒဏ်ရာ - ၁၀
အဝါရောင်ဒဏ်ရာ - ၁၁
အဝါရောင်ဒဏ်ရာ - ၁၂
အဝါရောင်ဒဏ်ရာ - ၁၃
အဝါရောင်ဒဏ်ရာ - ၁၄
အဝါရောင်ဒဏ်ရာ - ၁၅
အဝါရောင်ဒဏ်ရာ - ၁၆

အဝါရောင်ဒဏ်ရာ - ၉

46 7 3
By tadaa-j


ညှို့သည် ကုန်စုံဆိုင်ထဲသို့ တိတ်တဆိတ်ဝင်လာပြီး ပွင့်နေသောပျားရည်ပုလင်းအား အသည်းအသန် ကုန်းလျက်နေသည့် ဝက်ဝံအား ချောင်းကြည့်လိုက်၏..။

မြေပေါ်တွင်လဲကျနေပြီး ပြောင်သလင်းခါနေသည့် ပျားရည်ပုလင်းတစ်လုံးနှင့်အတူ သူ့အာရုံနှင့်သူ..။

သူသည် သတိဖြင့် တိတ်တဆိတ်ရွေ့လျားလာပြီး အထဲသို့ ဝင်လာခဲ့သည်..။

ကုန်စုံဆိုင်ထဲတွင် ငြိမ်သက်နေသည့် လူခန္ဓာနှစ်ခုရှိနေပြီး နှစ်ခုလုံး သွေးတို့ ချင်းချင်းနီကာ ကြွေပြားများပေါ်တွင် အိုင်နေ၏..။

ထို့နောက်တွင် ရှုပ်ပွပြန့်ကျဲနေသော အပျက်အစီးများနှင့် အဖြူ‌ရောင်ကြွေပြားများပေါ်တွင် သွေးတို့ပြည့်နှက်ပေကျံနေလျက်နှင့်..။

မြေပေါ်မှာ ပက်လက်လဲနေသည့်ခန္ဓာကိုယ်၏ဝမ်းဗိုက်တွင် ပြင်းထန်သည့် စုတ်ပြဲဒဏ်ရာတစ်ခုရှိနေပြီး..၊ လည်ပင်းမှ သွေးကြောကိုစမ်းကြည့်လိုက်ရာတွင် အသက်မရှူတော့ပါပေ..။

ညှို့သည် ကုန်စုံဆိုင်၏အလယ်တွင် ပိုင်းခြားထားသည့် စင်များကြားမှ တစ်ဖက်ခြမ်းရှိဝက်ဝံကို လှမ်းကြည့်လိုက်ပြီး ရေခဲသေတ္တာများရှိရာဆီသို့ ဂရုတစိုက်ဖြင့် တိုးသွားလိုက်၏..။

သူသည် အရင်ဆုံး မျက်လုံးထဲ မြင်လိုက်ရသည့် ငှက်ပစ်သေနတ်ကိုကောက်ပြီး ပျားရည်ပုလင်းအခွံလွတ်အား သည်းကြီးမည်းကြီးလိုက်လျက်နေသည့် ဝက်ဝံအား နောက်တစ်ကြိမ် ထပ်ကာ အရိပ်အခြေကြည့်လိုက်သည်..။

ထို့နောက် လှစ်ခနဲ အလစ်တွင် ပါကင်ပိတ် ပျားရည်ပုလင်းတစ်လုံးအား ပြေးကောက်လိုက်ပြီး စင်များနောက်သို့ အလျင်အမြန် ပြေးပုန်းလိုက်ပြန်၏..။

ပြီးနောက် ပုလင်းထိပ်မှ ပါကင်ပိတ်ပလတ်စတစ်အလွှာအား ကပျာကယာခွာလိုက်ပြီး အဖုံးကို လှည့်၍ဖွင့်ကာ ကုန်စုံဆိုင်၏အဝမှ ခပ်ဝေးဝေးသို့ လှိမ့်ကာ ပစ်ထုတ်လိုက်သည်..။

အပြင်ဘက်မှ အရာဝတ္ထုတစ်ခုခုနှင့် ပျားရည်ပုလင်း၏ ထိတွေ့မိသံ ၊ အဖုံးပွင့်နေသော ပုလင်းမှ ပျားရည်တို့ယိုစိမ့်ထွက်လာသည့်အနံ့တို့ကို ရသည်နှင့် တန်းခနဲ အပြင်သို့ပြေးထွက်သွားသည့် ဝက်ဝံကိုယ်ထည်ကို စောင့်ကြည့်နေသည့် ညှို့သည် အချိန်ကျသည်နှင့်အပြေးသွားကာ ကုန်စုံဆိုင်၏ အပေါက်ဝမှာ သံပန်းဘာဂျာတံခါးအား ဆွဲပိတ်လိုက်သည်..။

အလယ်တည့်တည့်တွင် လဲကျနေသည့် စင်ကြောင့် တံခါးနှစ်ချပ်အား စေ့စေ့ပိတ်ရန် မလွယ်..။ သို့သော် လုံခြုံလောက်သည့် အကျယ်အဝန်းထိ ရှိသမျှ အားကုန်ထုတ်ကာဆွဲပိတ်ပြီးပြီမို့ ရှိစေတော့..။

သူသည် ကုန်စုံဆိုင်၏အတွင်းပိုင်းလျှောက်လမ်းပေါ်သို့ အေးအေးလူလူ ပြန်လျှောက်လာပြီး မှောက်လျက်လဲနေသည့် ကိုယ်ခန္ဓာ၏ ဘေးတွင် ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်သည်..။

အသက်ရှိသေး၏..။ သို့သော် ကျောပြင်တစ်ခုလုံး သွေးတို့ဖြင့်ဖုံးလွှမ်းနေပြီး တင်းရင်း ရှင်းသန့်သောမျက်နှာအရေပြားပေါ်တွင် သွေးစတချို့ရှိနေသည်..။

ညှို့သည် ထိုသူ၏ နဖူးပေါ်မှ ဆံပင်များကို လက်ညှိုးဖြင့်အနည်းငယ် သပ်တင်လိုက်ပြီး စေ့စေ့ကြည့်လိုက်မိသည်..။

"ခင်ဗျားက တစ်ယောက်ယောက်နဲ့ သိပ်တူလွန်းတယ်.."

ထိုစကားကိုပြောချိန်တွင် သူ၏မျက်နှာပေါ်မှာ မည်သည့်အမူအရာမှ ရှိမနေပေ..။

"အနစ်နာခံတာက ကောင်းတဲ့လုပ်ရပ် မဟုတ်ဘူး..။ နောက်တစ်ခါဆိုရင် ခင်ဗျားကို မကယ်တော့ဘူး.."

ထို့နောက်တွင်တော့ ညို့သည် မှောက်လျက်လဲနေသည့်လူ၏ ညာဘက်ခြေကျင်းဝတ်ကို မိမိရရ ဆုပ်ကိုင်လိုက်ပြီး ကြမ်းပေါ်မှ တရွတ်ဆွဲကာ ငွေရှင်းကောင်တာ၏ နောက်သို့ ဆွဲရွေ့လိုက်ပါတော့၏..။

__________

အပြင်ဘက်တွင် ငှက်ကလေးများ ကျီကျီကျာကျာအော်နေသည့်အသံများ ရှိသော်လည်း ကုန်စုံဆိုင်ထဲတွင် တိတ်ဆိတ် ငြိမ်သက်လို့နေသည်..။

ညှို့သည်လည်းနေရာမှာတင် မလှုပ်မယှက်..။

"...."

အခုမှ သတိရသွားသည်..။

သူသည် ကားပေါ်မှ ဆင်းလာခါနီး သတိတရဖြင့် မိမိ၏မုန့်ထုပ်များကို ဆွဲချလာသော်လည်း ထိုလူ၏ဆေးအိတ်သည် အဖြစ်ဆိုးစွာ ပါမလာပဲ ကျန်နေခဲ့လေ၏..။

ကြမ်းပြင်ပေါ်တွင် မှောက်လျက်လဲနေသောလူအား တစ်ချက်ကြည့်လိုက်ပြီး ကျောကုန်းမှ ဒဏ်ရာအား ညှို့အသေအချာ စူးစမ်းကြည့်လိုက်သည်..။

အသားစိုင်များကို မြင်ရသည်အထိ စုတ်ပြဲနေခဲ့သော်လည်း အတွင်းအင်္ဂါများထဲသို့ မြင်နေရခြင်း မရှိ..။

အတန်ငယ်တွေဝေနေသော်လည်း ညှို့သည် စိတ်ဆုံးဖြတ်ချက်ချလိုက်ပြီး ငှက်ပစ်သေနတ်အား ကောက်ကိုင်လိုက်သည်..။ ထို့နောက် အနည်းအကျဉ်းဟနေသော ကုန်စုံဆိုင်၏ သံတံခါးပေါက်မှ ဒေါင်လိုက်တိုးထွက်လာခဲ့ပြီး အပြင်ဘက် မြို့ပြတိရစ္ဆာန်ရုံလောကထဲသို့ တစ်ကိုယ်တည်း တိုးထွက်လာခဲ့၏..။

"...."

အပြင်ဘက်တွင် သူလွတ်ပစ်ထားခဲ့သော ပျားရည်ပုလင်းမှာ တစိမ့်စိမ့် ယိုထွက်ကျနေလျက် ဝက်ဝံညိုကြီးတစ်ကောင်သည် မှိန်ရေယှက်ရေ စားသောက်နေခဲ့သည်..။

ဟုတ်ပြီ.. ကောင်းကောင်းစားပါ.. ငါ့ကိုသာ အာရုံမစိုက်လာခဲ့နဲ့.. ဟုတ်ပြီလား..

မြေပြင်တွင်လဲကျနေသော ပျားရည်ပုလင်းဆီသို့ ကုန်းကိုင်း၍ စားနေသော ဝက်ဝံ၏ဖင်တုံးအား လှည့်ကြည့် လှည့်ကြည့်ဖြင့် သုတ်ခြေတင်ပြေးသွားသော ညှို့သည် လူနေအိမ်ခြေများထဲတွင် လိုအပ်သည့်ဆေးဝါးတို့နှင့် ပတ်တီးတချို့ လွယ်လွယ်ကူကူ ရလာပါစေရန် မျှော်လင့်မိလေသည်..။

ထို့နောက်တွင် ပထမဆုံးမြင်သည့်အိမ်ခြေတစ်ခုထဲသို့ ကသုတ်ကရိုက်ပြေးဝင်သွားကာ အထဲမှနေ၍ တံခါးကို တင်းကျပ်စွာ လော့ခ်ချထားလိုက်သည်..။

ပြီးနောက် ပြတင်းပေါက်မှ ပြန်လည်၍ ချောင်းကြည့်လိုက်ပြန်၏..။

မြို့ကလေးသည် လေလွင့်ခွေးများ၊ ငှက်ပျံများ ၊ အမျိုးအစားစုံလင်လှသောတောကောင်များမှာ ပျော်ပွဲစားထွက်လာသည်နှင့်တောင် တူသည်..။

ညှို့သည် မိမိကိုယ်တိုင်ပင် တိရစ္ဆာန်များဆိုင်ရာ အထိမ်းအမှတ်ပွဲ‌တော်တစ်ခုပြုလုပ်နေချိန်မှာ လမ်းမှား၍ ရောက်လာမိသူ လူသားတစ်ဦးလို့တောင် ထင်မှတ်ရလေ၏..။

သို့သော် သူ့တွင် ဒါကို အေးအေးဆေးဆေး ရပ်ကြည့်နေရန် အချိန်မရှိပဲ အိမ်တွင်းသို့ ပြေးဝင်ကာ ဆေးဝါးပစ္စည်းများ စတင်ရှာဖွေရလေတော့သည်..။

___________

ညနေခင်းသည် တဖြည်းဖြည်း မှောင်စပြုလာသည်..။

ကုန်စုံဆိုင်ထဲတွင် မီးများလင်းထိန်နေသေးပြီး မည်သည့်နေရာ မည်သည့်အရပ်မှ လျှပ်စစ်ဓာတ်အားပေးနေသေးသည်ကိုတော့ မသိရနိုင်ပါပေ..။

ညှို့သည် ဆိုင်ကလေး၏ ငွေရှင်းကောင်တာအနောက်ဘက်တွင် ဒူးနှစ်ဖက်ပိုက်လျက် ငြိမ်သက်စွာ ထိုင်နေပြီး သူ၏ဘေးမှ လူအားကြည့်လိုက်သည်..။

သူ၏ ကျောကုန်းထက်တွင် ပိုးသတ်ဆေးအဝါများနှင့် အဖြူရောင်အဝတ်စများ စည်းနှောင်ထားပြီး ခြေသလုံးထက်တွင်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်လေ၏..။

အဝတ်ဖြူဖြူများကို သေချာကြည့်မိလျှင် ထိုအရာတို့မှာ မွေးကင်းစကလေးအတွက်သုံးသည့် အရွယ်အစားများဖြစ်နေသည်ကို ထိတ်လန့်စွာ သိရှိရလေသည်..။

ကမ္ဘာပျက်ကပ်ကာလတွင် အသက်အရွယ်များ ခြွင်းချက်မရှိ..။ ကျား မ မရွေး ၊ ဘာသာမရွေး ၊ အသက်အရွယ်မရွေး အားလုံး သေဆုံးကြရလေသည်..။

ဒူးနှစ်ဖက်ကိုပိုက်ကာ တင်းတင်းဆုပ်ထားမိသော ညှို့သည် သူသည်လည်း ဒီလိုပဲ တစ်ကိုယ်တည်း သေဆုံးသွားရတော့မှာလားဟု တွေးမိလျှင် ပိုမို၍ ကြောက်ရွံ့မိပါလျက်..။ ယခုအတိုင်းသာ အမြန်ဆုံး သေသွားလျှင်လည်း ကောင်းလိမ့်မည်ဟု တွေးထင်မိလေသည်..။

အကယ်၍ ဒီကမ္ဘာအား တစ်ဦးတစ်ယောက်က ဖန်ဆင်းထားခဲ့သည်ဖြစ်ပါက ထိုပုဂ္ဂိုလ်သည် သူ၏ ဖန်တီးမှုအား တစ်စွန်းတစမှ မကျန်ရလေအောင် ဖျက်ဆီးလိုက်သင့်သည်..။

အခုလို ဒုက္ခတွေခံစားရဖို့ လူအနည်းစုသာ ချန်ထားခဲ့ခြင်း မဟုတ်ပဲနဲ့..။

ညှို့သည် သူ၏ တစ်ကိုယ်လုံး ပင်ပန်းမှုဒဏ်ကြောင့် နွမ်းလျထုံထိုင်းနေပြီဆိုတာကို သိလျှင်သိခြင်း နောက်တစ်ချက်လောက် မျက်တောင်ခတ်လိုက်လျှင်ပင် အိပ်မက်ပုံရိပ်ယောင်ကမ္ဘာ၏ ချောက်နက်ထဲသို့ ခြေချော်ကျသွားတော့မည်ဟု ထင်နေရလေသည်..။

___________

ခန္ဓာကိုယ်ပေါ်မှ တရွရွ ထိတွေ့မှုကြောင့် ဧက နှိုးလာသည်..။

သူ၏တစ်ကိုယ်လုံး ဟိုမှ သည်မှ နာကျင်ကာ ကိုက်ခဲနေပြီး ကျောကုန်းမှ မီးစနှင့် ထိုးနေသလို နာလှ၏..။

"ငါ့မျက်မှန်ရော.."

မျက်မှန်.. သူ့မျက်မှန် ကျကျန်နေခဲ့ပြီ...

ဧကသည် ဘေးပတ်လည်သို့ ခြုံငုံကြည့်လိုက်သည်..။ သူ၏ ကိုယ်ပေါ်မှဖြတ်ပြေးသွားသော ကြွက်ပေါက်ကလေးမှာ မလှမ်းမကမ်းမှ မုန့်အိတ်ထဲသို့ ကိုက်ဖောက်ရန်ကြိုးစားနေပြီး ထိုမုန့်အိတ်ဘေးတွင် လက်ချောင်းများရှည်သွယ်သွယ် ၊ ခပ်ပိန်ပိန်၊ မျက်နှာခပ်သွယ်သွယ်နှင့် လမ်းပြကောင်လေးသည် ငြိမ်းချမ်းစွာ အိပ်ပျော်၍ နေ၏..။

သူ၏ ခန္ဓာကိုယ်ပေါ်မှ တင်းကျပ်စွာ စည်းနှောင်ထားသည့် ပိတ်စဖြူဖြူများမှာ ထိုကောင်လေး၏ လက်ရာပင်ဖြစ်နိုင်သည်..။

ဒါမှမဟုတ်လည်း တခြားတစ်ယောက်ရှိနေနိုင်သေးတာလား..

ထွက်မသွားဖြစ်တဲ့အဖွဲ့သားတစ်ယောက်ယောက်..။ ဒါမှမဟုတ် နောက်ကြောင်းပြန်လှည့်ပြီး လာခေါ်တဲ့အဖွဲ့သားတွေပဲဖြစ်ဖြစ်..

ပြီးတော့ ဝက်ဝံရော..။ ဒီလိုကောင်လေးတစ်ယောက်တည်းကပဲ ဒေါသထွက်နေတဲ့ဝက်ဝံကို ရှင်းပစ်လိုက်တယ်ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ..။

လည်ချောင်းထဲတွင် ခပ်စူးစူးဖြင့် အာခေါင်ခြောက်သွေ့လှသဖြင့် ဧကသည် ဘေးပတ်ဝန်းကျင်သို့ လှည့်ကာကြည့်လိုက်၏..။

"...."

ဘယ်သူမှ မရှိ..။

စူးအောင့်နာကျင်နေသည့်ကျောဖြင့် အဖြူရောင်ကြွေပြားများပေါ်မှ ကုန်းရုန်းထလာပြီး ငွေရှင်းကောင်တာနောက်မှ မတ်တပ်ရပ်ကာ ကုန်စုံဆိုင်အတွင်း ဝေ့ဝဲကြည့်လိုက်သည်..။

အရာအားလုံးသည် ဖရိုဖရဲ..။ ဝိုးတဝါးမြင်နေရသော မြင်ကွင်းထဲတွင် ကြမ်းပြင်မှာ လဲကျနေသည့် ခန္ဓာတစ်ခုရှိနေပြီး ထိုအပေါ်တွင် အဝတ်တချို့ဖုံးကွယ်အုပ်ထားပေးလေ၏..။

တကယ်ကိုပဲ.. ဒီကောင်လေးက..

ဧကသည် ငွေရှင်းကောင်တာ၏အောက်တွင် ပုစွန်ထုပ်ကွေးလေးတစ်ကောင်လို အိပ်နေသည့် ကောင်လေးအား မယုံကြည်နိုင်ခြင်းတို့ဖြင့် ကြည့်လိုက်မိသည်..။

ရုတ်ခြည်းပင် သူ၏နောက်ကြောင်းတို့အား သိချင်ခြင်းများစွာ ဖြစ်ပေါ်လာရလေ၏..။

"ခင်ဗျား နိုးပြီလား.."

သူ၏ဘေးမှ မုန့်ထုပ်ကို ထိလိုက်သည်နှင့် ချက်ချင်းနိုးလာသောကောင်လေးသည် သူ ခုနက နာကျင်စွာ ညည်းညူနေခဲ့ရသောအသံများအား မကြားလိုက်ရသူတစ်ဦးကဲ့သို့ပင်..။

"ရေ... ရေလက်ကျန်ရှိသေးလား.."

လည်ပင်းထဲ စူးအောင့်သွားသောဒဏ်ကြောင့် ပြောလက်စ စကားပင် တန့်သွားရသော်လည်း ခြေသလုံးနားဆီမှ ပို၍ နာကျင်ကိုက်ခဲနေသည်ကြောင့် ဧက ပြန်ထိုင်ချလိုက်သည်..။

ရုတ်ခနဲထကာ ရေခဲသေတ္တာများဆီလျှောက်သွားပြီး ရေဘူးတစ်ဘူးပြန်လာပေးသည့် ကောင်လေးအား ခပ်တွေတွေကြည့်လိုက်ပြီး ရေဘူးကို လှမ်းယူလိုက်၏..။ သို့သော် ကျောကုန်းမှ ဒဏ်ကြောင့် အလွယ်တကူဖွင့်၍ မရ...။

"ကျွန်တော် လုပ်ပေးမယ်.."

ဧကသည် အဖုံးအား လှည့်ဖွင့်ပြီးမှ ပြန်လည်ကမ်းလာသော ရေဘူးကိုလှမ်းယူမော့လိုက်ပြီးသည့်နောက်..။

တွေဝေသည့် လေသံမျိုးဖြင့်...

"ဘာလို့ နေခဲ့တာလဲ.."

"ကျန်နေခဲ့တာ..။ ကျွန်တော်သာ ကားပေါ်မတက်သေးရင် ခင်ဗျားကို စောင့်ဖို့ အချိန်နည်းနည်းဆွဲထားနိုင်မယ်ထင်လို့.."

ဧကသည် သံရှည်ဆွဲသည့် အာမေဋိတ်တစ်ခုပြုလုပ်လိုက်ပြီး နားလည်သွားသည့်ဟန်ဖြင့် ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်သည်..။

ကမ္ဘာပျက်ကပ်ကာလတွင် လူတို့သည် စောင့်ထိန်းစရာကျင့်ဝတ်များမရှိပဲ လုပ်ချင်ရာ လုပ်နိုင်၏..။ ကိုယ်လွတ်ရုန်းပြေးသည်ဖြစ်စေ...။ တမင်တကာ သေအောင်ချန်ခဲ့သည်ပဲဖြစ်စေ..။ အဆိုပါ ဆုံးဖြတ်ချက်သည် ရွေးချယ်မှုတစ်ခုပဲဖြစ်လေသည်..။

ဧကသည် ကုန်စုံဆိုင်၏ ငွေရှင်းကောင်တာမှ ခပ်လှမ်းလှမ်းတွင် ရှိနေသော လူ့ခန္ဓာကိုယ် အသေတစ်ခုအား သတိရလိုက်ပြီး မဆိုင်းမတွပင် ပြောလိုက်၏..။

"ကျေးဇူးပါ..။ နောက်တစ်ခါတော့ ဒါမျိုးမဖြစ်ပါစေနဲ့.."

အကယ်၍ ထိုကောင်လေးသာ ကျန်ရစ်မနေခဲ့ပါက ကုန်စုံဆိုင်တွင် နောက်ထပ်ရှိနေမည့်အလောင်းတစ်ခုမှာ သူဖြစ်နေမည်ဆိုတာကို သိပေမဲ့လည်းပဲ..

"ငါက ကယ်တင်ခံရဖို့ ထိုက်တန်တဲ့လူမျိုး မဟုတ်ဘူး.."

ထိုကောင်လေးသည် သူ၏မျက်နှာအား အတန်ငယ်စိုက်ကြည့်နေပြီး နှုတ်ခမ်းထောင့်စွန်းများ မသိမသာ ကော့တက်သွားခဲ့၏...။

"သိပြီ..။ နောက်တစ်ခါဆို အဲဒီလိုလုပ်လိုက်ပါ့မယ်.."

ဘေးမှ ထသွားသောကောင်လေးသည် မတ်တပ်ရပ်လျက်သားနှင့်ပင် သူ့အား ငုံံ့မိုးကြည့်လာခဲ့ပြီးနောက်...

"ခေါက်ဆွဲပြုတ် စားမလား.."

ဧကသည် သူ့အား ပြောစရာစကား မရှိ..။ ခေါင်းညိတ်လိုက်မိသလားလည်း မသေချာပဲ အနားမှ ထွက်သွားပြီဖြစ်သော ဝိုးတဝါးလူရိပ်အား ကပျာကယာပင် လှမ်းအော်လိုက်မိသည်..။

"ဝင်ပေါက်နားမှာ မျက်မှန်တစ်လက် တွေ့မိသေးလား.."

_________

"..."

ညှို့သည် သတ္တုမျက်မှန်ကိုင်းတစ်ခုအား ကြွေပြားများပေါ်မှ ကောက်ကိုင်လိုက်ချိန်တွင် ညာဘက်ခြမ်းမှ မှန်သားများမှာ တစ်ခုမှ ပါမလာပဲ မြေပေါ်တွင် ကြေမွကျန်နေရစ်ခဲ့လေ၏..။

ဘယ်ဘက်ခြမ်းမှ မှန်သားမှာလည်း ပင့်ကူအိမ်လို အက်ကွဲရာများနှင့် အားတက်စဖွယ်..။

ထို့ကြောင့် သူသည် ကုန်စုံဆိုင်၏ အတွင်းဘက်သို့ လှည့်ကာ လှမ်းအော်ပြောလိုက်မိလေသည်..။

"ကျွန်တော် မျက်မှန် ရှာတွေ့ပြီ.."

သို့သော်လည်း ပြန်လည် တုံ့ပြန်ပြောလာမည့်စကားအား ဂရုမစိုက်ပဲ တစ်ဆက်တည်းမှာပင် နောက်တစ်ခွန်း ထပ်အော်လိုက်မိ၏..။

"ထင်တာတော့ ခင်ဗျား နောက်ထပ်မျက်မှန်တစ်လက်ရှာဖို့ လိုနေပြီ.."

ထို့နောက်တွင် အသင့်စားခေါက်ဆွဲထုတ်ထဲသို့ ရေခပ်နွေးနွေးထည့်ထားသည်များကို သွားယူကာ ထိုသူ၏ ရှေ့သို့ ချပေးလိုက်ပြီး တစ်ဆက်တည်းမှာပင် ရင်ဘတ်တွင် ချိတ်ထားသော မျက်မှန်အား ဖြုတ်ကာ ပေးလိုက်သည်..။

"..."

"ဒါက ဘယ်လိုဖြစ်ရတာလဲ.."

မျက်မှန်ကို လှမ်းယူကာ မှန်ကိုင်းနှစ်ဖက်အားဖွင့်လိုက်သော သူ၏ မျက်နှာမှာတည်တင်းလှ၍ စိတ်ထဲမှ အလိုမကျလှသဖြင့် ချဉ်စူးမှုများ ပြည့်နှက်နေလေ၏..။

တစ်ဖက်က မှန်မပါ..၊ တစ်ဖက်မှ အက်ကွဲနေသည့်မျက်မှန်သည် သူ၏မျက်နှာပေါ်တွင် ရွဲ့စောင်းကာဖြင့်..။

ထိုမျက်မှန်၏အောက်မှ ပုပ်သိုးနေသောမျက်နှာပေါ်တွင် နိမိတ်ဆိုးဆောင်ကျဉ်းသည်ဟု သမုတ်ခံရသည့် မျက်ရည်ခံမှဲ့လေးတစ်လုံးက ထင်ရှားပြတ်သားစွာဖြင့်..။

ညှို့သည် ရယ်ချင်မှုအား အောင့်အီးသည်းခံထားရပါသော်လည်း ထိုသူ၏ မကျေနပ်သည့်လေသံမှာ ခပ်ဆတ်ဆတ်ထွက်လာခဲ့လေသည်..။

"ဘာတွေ ပျော်စရာကောင်းနေလို့လဲ..."

ညှို့သည် ခေါင်းခါပြလိုက်ပြီး ရယ်ချင်သောမျက်နှာဖြင့် ကိုယ့်ခေါက်ဆွဲထုပ်အား သွားကြားထိုးတံနှစ်ချောင်းဖြင့် ကြိုးစား၍ဆွဲယူလိုက်ပြီး ငုံ့စားမိချိန်တွင်..

ခေါက်ဆွဲထုတ်ဆီမှ ထွက်လာသော အငွေ့များက ထိုသူ၏ တစ်ခြမ်းတည်းသော ပင့်ကူအိမ်လို အက်ကြောင်းများဖြင့် မျက်မှန်အား ရေငွေ့ရိုက်နေခဲ့လေသည်..။

_________

"ဒီတော့ မင်းရဲ့အစီအစဉ်က ဘာလဲ.."

ညှို့သည် သူ၏ ခေါက်ဆွဲအား အပြီးသတ်စားလိုက်ပြီး ကြွပ်ကြွပ်အိတ်အား လက်ထဲတွင် ဆုပ်ခြေထားလိုက်ပြီး သူ့အား ပြန်ဖြေလိုက်ဖြစ်လိုက်သည်..။

"ဆိုင်ကယ်..။ ကျွန်တော် ဆိုင်ကယ်စီးတတ်တယ်..။ အပြင်ဘက်မှာလည်း ဆိုင်ကယ်တွေ တွေ့ခဲ့တယ်ဆိုတော့ အိမ်တွေထဲဝင်ပြီး သော့လိုက်ရှာဖို့ပဲ..။ လူနေအိမ်ခြေတွေမှာ သုံးဖို့ဆောင်ထားတတ်တဲ့ ဆေးဝါးပစ္စည်းတွေလည်း နည်းနည်းရနိုင်တယ်..။ ပြီးတော့...ဒါက... ခင်ဗျားအတွက်..."

ညှို့သည် သူ၏ ဘောင်းဘီအိတ်ထဲမှ ဆေးလုံးနှစ်ခုထုတ်လိုက်ပြီး..

"အကိုက်အခဲပျောက်ဆေး..။ သောက်ပြီးရင် ခဏ အိပ်ချင်အိပ်ပေါ့..။ ဆိုင်ကယ်သော့နဲ့ လိုအပ်တဲ့ဆေးတွေကို ကျွန်တော်ပဲ ရှာကြည့်လိုက်ပါ့မယ်.."

အိမ်ခြေများထဲတွင် တွေ့ရမည့်တိရစ္ဆာန်အကောင်ပေါက်ကလေးများကို ပွတ်သပ်လို့ရမည့် အရေးပြန်လည်စဉ်းစားကြည့်လိုက်လျှင် ညှို့သည် အတွေးများနှင့် ပိုတက်ကြွလာလေတော့၏..။

ကုန်စုံဆိုင်ထဲမှ ဒုတိယမြောက်နေ့သည် ဘာမှ မထူးခြားသဖြင့် ပြောဖွယ်ရာ မရှိ..။ ဧကသည် ဒဏ်ရာကြောင့် နေရာမှာတွင် လဲနေခဲ့ပြီး အကိုက်အခဲပျောက်ဆေးများ၏ အရှိန်ဖြင့် အိပ်ပျော်နေခဲ့လေသည်..။

သို့သော် တတိယမြောက်နေ့တွင်ဖြစ်၏..။

ရုန်းကန်ကာ အော်ဟစ်နေ‌သော ကြက်ဖတစ်ကောင်သည် သူ၏မျက်စိရှေ့တွင် ရှိနေပြီး..၊ ကြက်၏ခြေထောက်မှ ဇောက်ထိုးကိုင်ကာ သူ့အား ထိုးပေးနေသည့်ကောင်လေးအား ဧက မျက်နှာသေဖြင့် မော့ကြည့်လိုက်မိ၏..။

"...."

"...."

ဧကသည် သူ၏ အပြစ်ကင်းစင်လှသော မထုံတတ်တေးမျက်နှာကို ကြည့်ကာ သက်ပြင်းချလိုက်သည်..။ ထို့နောက်တွင် မေးလိုက်၏..။

"ဒါက ဘာလဲ..။ ချစ်သက်လက်ဆောင်လား.."

"ဘာကိစ္စဟုတ်ရမှာလဲ.."

ပြန်ဖြေသည့် ကောင်လေး၏လေသံမှာလည်း ဆတ်ဆတ်ထိမခံသည်ဟန်..။

"ဒါဆို ဒီကြက်ကြီးကို ငါက ဘာလုပ်ရမှာလဲ.."

"ခင်ဗျား အနာကျက်ဖို့နဲ့ အားရှိဖို့ ကြက်သားစားဖို့လိုတယ်လေ..။ စေတနာနဲ့ပေးတာ.."

"အဲဒါဆိုလည်း ပြုတ်ပြီးသားပေးလေ.."

တိတ်ဆိတ်ကျသွားသည့်ကောင်လေးမှာ ပြောစရာစကားမဲ့လျက်..။

သူ မသတ်ရဲလို့ ဒီကို လာပေးနေတာ အသိသာကြီးမလား..

"ငါ တစ်ခုပြောစရာရှိတယ်.."

ဧကသည် ထိုင်လျက်သားရှိနေရာနေ နောက်ကျောမှ ဒဏ်ရာများကြောင့် ခက်ခက်ခဲခဲ မှောက်ချလိုက်ပြီး..

"အလောင်းက အနံ့ထွက်နေပြီ..။ ငါ ဒီအထိ ရနေတယ်.."

"အင်း.. ကျွန်တော်နေရာတစ်ခုတွေ့ထားတယ်..။ ခင်ဗျား လမ်းလျှောက်နိုင်ရင် အဲဒီကို သွားကြမလား.."

"ငါက မင်းကို အပြင်ကို ဆွဲထုတ်သွားခိုင်းတာ.."

ကောင်လေး၏မျက်နှာသည် ပြိုတော့မည့်မိုးလို မည်းမှောင်လာလျက် နေထိ၍ နွမ်းလျသည့် ခရမ်းချဉ်သီးတစ်လုံးလို ရှုံ့တွ၍ လာသည်..။

ဧကသည် သူ့အား အနည်းငယ် သနားမိသော်လည်း မတတ်နိုင်ပေ..။

"ဆွဲထုတ်သွားဖို့က လွယ်ပေမဲ့ အပေါက်ဝက စင်ကို ဖယ်ဖို့မလွယ်ဘူး..။ ခင်ဗျား မသွားချင်ဘူးဆိုရင်တော့ ဒီလိုပဲ အနာသက်သာတဲ့အထိ သည်းခံနေလိုက်ပေါ့.."

ဧကသည် ကြွေပြားများအပေါ် မှောက်လျက်သား လှဲနေရာမှ ဆတ်ခနဲ ခေါင်းထောင်ကြည့်လာသည်..။

ဒီကောင်စုတ်လေးက တကယ်ကြီး ပြောနေတာလားဟ..

ဝမ်းနည်းဖွယ်ကောင်းစွာပင်...။ ထိုကောင်လေးသည် တကယ်ကြီး ပြောနေခြင်း ဖြစ်လေသည်..။

အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ ဂျုံလုံးစွပ်ပြုတ်ကို အေးအေးလူလူစားနေပြီး နေရာမှပင် မရွေ့သောကြောင့်ပါတည်း..။

Continue Reading

You'll Also Like

1.2M 73K 34
Author-메린 Translator-H_yee💫 ငယ်စဉ်တုံးက တောင်ပေါ်မီးလောင်မှုတခုကနေ ကယ်တင်ပေးခဲ့သူနဲ့ အရွယ်ရောက်လို့ အန္တရာယ်ထပ်ကြုံတဲ့အခါမှာလည်း ကယ်တင်ပေးခဲ့သူ တစ်ဦ...
174K 10.6K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...
Twenty Six Revenge By Grey

Mystery / Thriller

588K 38.6K 49
Khoon Thant Shein Wah+Sunshine SiThu
35.8K 5.3K 34
لە ڕۆژی هەینیدا چاویان بەیەک کەوت .. باس لە کچێکی ليکۆڵەر دەکات کە هاوسەرگیرت لەگەڵ کوڕێکی دەوڵەمەند و بەناوبانگ دەکات بەبێ ویستی خۆی لە ماوەی پەیوە...