သူသည်ငြိမ်ငြိမ်ကလေးထိုင်နေသော်လည်းအသိစိတ်စီးကြောင်းတစ်လျှောက်တွင်အင်းဆက်ပိုးကောင်အကောင်တစ်ရာလောက်သူ့ခန္ဓာကိုယ်အနှံ့လှည့်ပတ်သွားလာနေသကဲ့သို့ မရိုးမရွခံစားမှုတို့သည် သူ့ကိုယ်ထဲတွင်အကျဥ်းကျနေသလို တင်းရင်းကျပ်ခဲနေ၏။ အီလည်ဆို့နင့်မွန်းကျပ်သောခံစားမှုကဆိုဖွယ်ရာမရှိလောက်အောင်စိတ်အစုံကိုပြင်းစွာလောင်ကျွမ်းလျက်ရှိရာ အသိတရားကိုတင်းညှစ်လိုက်လျှင်ရုန်းခနဲရုတ်ခနဲလှိမ့်တက်လာသောပူလောင်မှုသည်မျက်ဝန်းအတွင်းရှိသွေးကြောများကိုပြာကျစေမတတ်.. ပူလောင်လွန်းတာကြောင့်မျက်လုံးတွေကိုခပ်တင်းတင်းမှိတ်ကာလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရသည်။
"So... what are you waiting for. Just take me and wreck me like there's no tomorrow"
သူ့နား,နားကပ်ကာတိုးတိုးညင်ညင်ပြောလာသောစကားသံသည်သူ့တစ်ကိုယ်လုံးနေရာလပ်မကျန်အောင်ကြက်သီးမွှေးညင်းများထစေပါသည်။ သူ့ကျောပြင်တွင်ပွတ်သပ်ပြေးလွှားလျှက်ရှိသောနူးညံ့သည့်အထိအတွေ့များကြောင့် ချုပ်တည်းထားသည့်ကြားမှတဖျင်းဖျင်း၊ တရှိန်းရှိန်းခံစားမှုကရင်ကိုတွန်းမပင့်တင်ထားသဖြင့်မလှုပ်သာ၊ မရုန်းသာဘဲခန္ဓာကိုယ်တစ်ခုလုံးသည်မြစ်ကမ်းပါးနားကအနည်ကျကျောက်တန်းကြီးများပမာလေးလံကာနေ၏။
"မထိနဲ့.. ဖယ်စမ်း"
လက်ကျန်အသိတရားတို့ကို မရမကစုစည်း၍မတရားဆွဲ,မတော့မှကြွလာသည့်ခန္ဓာကိုယ်ကြီးကိုအနိုင်နိုင်သယ်ပိုးရင်းထိုနေရာမှဝေးရာသို့ခွန်အားရှိသလောက်ရုန်းထွက်ခဲ့သည်။ ဖောက်လွှဲဖောက်ပြန်ဖြစ်လာနေသည့်သူ့ရဲ့စိတ်တို့ကို ဖန်တီးဉာဏ်ဆင်သူတို့ရှေ့မှာပြိုလဲမယ့်အဖြစ်မျိုး.. သူအဖြစ်မခံနိုင်ပါ။
"တောက်!"
သူများရဲ့ကြံစည်မှုကိုဘယ်တော့မှမခံရအောင်ဆင်ခြင်နေခဲ့သမျှ တစ်ချက်လေးသတိလွတ်သွားရုံနဲ့အခုလိုနောက်ကျောကိုဓါးနဲ့ထိုးခံရသည့်အဖြစ်ကိုတွေးရင်းဒေါသဖြစ်လွန်းလို့တက်ခေါက်မိတာလည်းအကြိမ်ကြိမ်။ အကောက်ကြံတဲ့သူကလည်းသူ့အမျိုးအရင်းခေါက်ခေါက်ဖြစ်နေတော့ ပိုခံပြင်းမိသည်။ ဒေါသအရှိန်.. ဆေးအရှိန်ကြောင့်.. အသိကပ်တစ်လှည့်ကွာတစ်လှည့်ဖြစ်နေတဲ့သူ.. သူ့ကိုယ်သူလဲမသွားအောင်အနိုင်နိုင်ထိန်းရင်းအခန်းဆီသို့ပြန်ခဲ့သည်။
~ချလောက်~
မသဲမကွဲမြင်ကွင်းထဲမှာဝိုးတဝါးနိုင်သောဖြူလွှလွှပုံရိပ်ငယ်လေးတစ်ခု။ ထိုပုံရိပ်လေးကသူ့ဆီကိုတိုးဝင်လာတာလား.. သူကပဲပြေးကပ်သွားမိတာလား.. ခွဲခြားသိနိုင်စွမ်းကင်းမဲ့လွန်းစွာဖြင့်သူ့အသိဉာဏ်တို့ကမရေမရာ.. ယောင်ဝါးဝါး။
"ဘယ်သူ... အမေ့!"
သူ့ရင်ခွင်ထဲကိုနွေးအိသောကိုယ်လုံးလေးပြိုကျလာသည်။ သူရဲ့ကိုယ်ကျင့်တရားတို့ဟာဝါဂွမ်းလေးလိုနုထွေးသောကိုယ်လေးကိုပွေ့ပိုက်လိုက်မိသည့်ခဏ.. လမ်းတစ်လျှောက်ထိန်းချုပ်နိုင်ခဲ့သည့်စိတ်ရိုင်းတို့သည်အတိုင်းအဆမဲ့ပေါက်ကွဲထွက်ကုန်တော့၏။ အမှတ်တမဲ့မြင်လိုက်ရတဲ့ မှုန်ပျပျအလင်းရောင်အောက်ကဖြူနုနေသောမျက်နှာလှလှလေး.. ဒါပေမယ့် ထိုလူသားလှလှလေးကသူ့ရင်ခွင်ထဲမှလူးလွန့်ရင်းရုန်းဖယ်နေလေတော့ ထိုအထိအတွေ့လေးမှနည်းနည်းလေးကွာဟသွားတာနှင့်ဟာလာဟင်းလင်းဖြစ်သွားတဲ့ဝေဒနာကနှိပ်စက်လွန်းတာမို့.. နူးနူးညံ့ညံ့ကိုယ်လေးကိုပွေ့ဖက်ထားမိလျှင် ပူးကပ်နေသောခန္ဓာကိုယ်နှစ်ခုကအနွေးဓါတ်တွေကူးလူးနေခြင်းကိုတသသခံစားရင်း...
"တောင်းပန်ပါတယ်.. တောင်းပန်ပါတယ်"
ဘာလို့တောင်းပန်နေမိတာလဲ.. ဘာအတွက်လဲ.. ရေရေရာရာမပြောနိုင်ပေမယ့် ထိုစကားကိုစိတ်ထဲမှအထပ်ထပ်အခါခါရေရွတ်မိရင်း.. ရင်ခုန်သံတစ်ချက်အကြားမှာတစ်ကိုယ်ကောင်းဆန်ဆန်ချည်နှောင်ခဲ့မိသောသံယောဇဥ်ကြိုးထုံးလေးကိုအစပြုခဲ့မိတဲ့ညလေးတစ်ည...
အိပ်မက်ဆိုးမှလန့်နိုးလာသည့်လူများခံစားလေ့ရှိသည့်အတိုင်း အတည်မကျသေးသောစိတ်ဖြင့်ရုတ်တရက်မထနိုင်သေးဘဲ အသိလေးနည်းနည်းဝင်လာလိုက်.. မေ့ခနဲပြန်ဖြစ်သွားလိုက်.. ပို၍ ထူးဆန်းသည်က.. ကိုယ့်ကိုယ်ကိုအပြစ်ကြီးကြီးကျူးလွန်ခဲ့မိတဲ့သူတစ်ယောက်လိုလို၊ ယုတ်မာမိတဲ့သူတစ်ယောက်လိုလို၊လိပ်ပြာမလုံသလိုလို.. ခံစားချက်ကြီးဝင်နေခြင်းပင်။
"အိပ်မက်ကြီးကလဲ.. ထူးဆန်းလိုက်တာ"
အတွေးတစ်ခုဝင်ပြီဆိုရင်ခေါင်းထဲမှာကြာကြာမထားတတ်တဲ့သူ့အကျင့်အတိုင်း.. အချိန်ဆွဲမနေတော့ဘဲအိပ်ရာထဲမှဆတ်ခနဲထ,လိုက်သည်။ ထို့နောက်.. သူ့အခန်းနှင့်မျက်နှာချင်းဆိုင်အခန်းဆီသို့ခြေလှမ်းတွေဦးတည်၍..
"ဟဲ့ကောင်.. ထ.. ထ.. မေးစရာရှိလို့"
ကုတင်ကိုခြေထောက်ဖြင့်သုံး,လေးချက်လောက်ဆင့်ကန်လိုက်တော့လန့်ဖျတ်ပြီးငေါက်ခနဲထထိုင်လာတဲ့ဟိုဆော့က.. အိပ်ရာကနိုးလာပေမယ့်အသိစိတ်ဝင်သေးပုံမပေါ်ဘဲသူ့ကိုမျက်ခုံးနှစ်ခုထိလုမတတ်မှုန်ကုတ်ကုတ်ငေးကြည့်နေ၏။
"မေးစရာရှိလို့ပါဆိုမှ.. ဘာကြောင်ကြည့်နေတာလဲ"
ထိုအခါမှအသိဝင်လာသည်ထင်.. ဟိုဆော့ကကျစ်ခနဲတစ်ချက်စုတ်သပ်လိုက်ပြီး စိတ်ပျက်လက်ပျက်ညည်းညူသံဖြင့်...
"ဟား.... ဘာလဲကွာ။ အိပ်ကောင်းခြင်းလည်းမအိပ်ရပါလား"
ပြောပြောဆိုဆိုဖြင့်အိပ်ရာထဲပြန်လှဲဖို့ပြင်သည်။ သူကအတင်းပြန်ဆွဲထူတော့ ဟိုဆော့ကဆောင့်ကြီးအောင့်ကြီးထထိုင်လိုက်ပြီးခြေထောက်နှစ်ဖက်လုံးတွင်လုံးထွေးလျက်ရှိသောစောင်ကိုအားနဲ့ဆောင့်ကန်ကာ မျက်ထောက်နီကြီးဖြင့်သူ့ကိုဂျစ်ကန်ကန်ကြည့်သည်။
"ဘာလဲ.. ဘာလဲ.. ဘာမေးမလို့လဲ"
"ဟို.. ည"
"ဘယ်.. ညလဲ"
"Vegas မှာတုန်းက.. "
"အဲ့ဒါဘာဖြစ်လဲ"
"အဲ့ဒီ့ညက.. ငါ.. ပြန်ရောက်လာပြီး.. တန်းသတိလစ်သွားတယ်ဆိုတာသေချာလား"
"အေးလေ.. အခန်းအပေါက်ဝကြီးမှာပဲမှောက်လျက်လဲသွားလို့.. ငါတောင်မနည်းတွဲခေါ်ခဲ့ရသေးတယ်။ နေပါဦး.. အဲ့ဒါမေးချင်လို့အိပ်နေတဲ့လူကိုအတင်းလာနှိုးတာလား.. ဟုတ်လား။ မင်းကတော့လေ... "
ဟိုဆော့ရဲ့ရန်တွေ့စကားသံတွေသူ့နားထဲဝင်နေပေမယ့်ကြားတစ်ချက်မကြားတစ်ချက်။ သူ၏အတွေးများသည် အိပ်မက်လိုလိုလက်တွေ့လိုလိုအဖြစ်အပျက်ဆီကိုသာဆွဲငင်ခေါ်ယူသွားသည်။ ဒါပေမယ့်.. ဘယ်လောက်ပဲခေါင်းတွေနောက်ကျိလာအောင်တွေးနေလည်းအဖြေကဘယ်လိုမှရှာမရပေ။
"ရား... ဘာဖြစ်နေတာလဲ"
ငိုင်ငိုင်တွေတွေကြီးရပ်နေတဲ့သူ့မျက်နှာကိုကြည့်ရင်းဟိုဆော့ရဲ့အသံစွာစွာကစိုးရိမ်သည့်ဘက်သို့ပြောင်းသွားသည်။ သူကသက်ပြင်းတစ်ချက်လေးကန်စွာချလိုက်ပြီး..
"ငါ.. အိပ်မက်တွေမက်နေလို့"
"အိပ်မက်? ဘာလို့လဲ.. နေမကောင်းဘူးလား"
ဟိုဆော့က အလျင်စလိုထ,ရပ်လိုက်ပြီးသူ့နဖူးကိုလက်ဖဝါးဖြင့်စမ်းကြည့်သည်။
"အိပ်မက်မက်တာနဲ့နေမကောင်းတာနဲ့ဘာဆိုင်လို့လဲ"
"မသိဘူးလေ.. မင်းငယ်ငယ်ကနေမကောင်းရင်အိပ်မက်ဆိုးတွေမက်တတ်တယ်မဟုတ်လား"
"အခုဟာက.. အိပ်မက်ဆိုးမဟုတ်ဘူးကွ။ ဘယ်လိုပြောရမလဲ.. Deja Vu လိုမျိုး.. ပြီးတော့ခံစားချက်ကြီးကလည်း.. ရုတ်တရက်ချက်ချင်းလက်ငင်းကြီးလူယုတ်မာတစ်ယောက်ဖြစ်သွားသလိုမျိုး"
ဟိုဆော့ရဲ့မျက်နှာသည်ထူးဆန်းစွာအရောင်ပြောင်းသွားသည်။ ထို့နောက်.. အမြဲပြုံးရွှင်နေတတ်တဲ့မျက်နှာကချက်ချင်းဆိုသလိုတည်သွားပြီးအခက်တွေ့သွားဟန်ဖြင့်ဟားခနဲ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။
"အဲ့ဒါ.. deja vu မဟုတ်ဘူး... တကယ့်ဖြစ်ရပ်မှန်"
"ဟင်"
"တကယ်တော့... ငါ.. မင်းကိုဖွင့်မပြောမိတဲ့အမှန်တရားတစ်ခုရှိသေးတယ်"
သူကမျက်လုံးတွေဝိုင်းနေအောင်ပြူးပြီးဟိုဆော့ဆက်ပြောလာမယ့်စကားကိုစိတ်ဝင်တစားနားစိုက်ထောင်နေမိသည်။
"မင်းက... "
"အင်း"
"လူယုတ်မာဆိုတာအမှန်တရားပဲဟာ"
"ရား!"
အကောင်းမှတ်လို့နားထောင်နေတာကိုအဆုံးကျမှဗွေထဖောက်တဲ့သကောင့်သားကိုစူးစူးရဲရဲစိုက်ကြည့်ပေးလိုက်တော့ ဟိုဆော့ကသွားတန်းလေးတွေပေါ်အောင်ဟီးခနဲရယ်ပြသည်။ ပြီးမှ..
"ဒါပဲလား။ နောက်ထပ်ရော... ဘာဖြစ်သေးလဲ"
ဟိုဆော့ရဲ့အသံကအတည်အတံ့ပြောနေတဲ့လေသံ.. မျက်နှာထားကလည်းခုနကနဲ့ဆန့်ကျင်ဘက်လေးနက်သည့်ဟန်။
"နောက်ထပ်? ဘာဖြစ်ရမှာလဲ"
"အိပ်မပျော်တာတို့.. အသက်ရှူကျပ်တာတို့.. "
"အဲ့ဒါတွေကမဖြစ်တော့တာဘယ်လောက်တောင်ကြာနေပြီလဲ။ ဆေးသောက်စရာမလိုတော့တာပဲလေးနှစ်ကျော်နေပြီ"
"ဟုတ်လို့လား။ အခုချိန်ထိ.. ဓါတ်လှေကားလည်းမစီးနိုင်သေးဘူးမဟုတ်လား။ ပြီးတော့.. လူများတဲ့နေရာလည်းမသွားနိုင်ဘူး။ ကားတောင်မှမှန်မဖွင့်ဘဲအလုံပိတ်မစီးနိုင်သေးဘူးလေ"
ဟိုဆော့စကားကြောင့် သူမလုံမလဲဖြင့်အကြောင်းအရင်းမရှိဘဲချောင်းဟန့်မိသည်။
"အဟမ်း.. အဲ့ဒါက.. ကိုယ်တိုင်မောင်းရင်.. မှန်ပိတ်ပြီးစီးနိုင်ပါတယ်"
"အာ.. ဟုတ်လား။ အဲ့ဒါကြောင့်.. ဒီရာသီဥတုကြီးမှာအမိုးပွင့်ကားပြောင်းစီးတာပေါ့နော်"
"ငါ့ဟာငါ ဘာကားစီးစီး.. မင်းနဲ့ဘာဆိုင်လို့လဲ။ တော်ပြီ.. မပြောတော့ဘူး.. အိပ်တော့"
ထုံးစံအတိုင်းပြုံးစိစိမျက်နှာပေးနဲ့ဟိုဆော့ကိုဘုကြည့်ကြည့်ပြီးလှည့်ထွက်ဖို့ပြင်ပြီးမှ ရင်ထဲမှာရှိနေသေးတဲ့ တနုံ့နုံ့နဲ့အနေရခက်စေတဲ့ခံစားမှုတို့ကို ဟိုဆော့များဖြိုဖျက်ပေးနိုင်မလားဆိုသည့်ရည်ရွယ်ချက်ဖြင့် အနောက်သို့ပြန်လှည့်ကာ..
"တကယ်တော့.. ဖြစ်နေတာ.. တစ်ခုရှိသေးတယ်"
"ဘာလဲ"
"ငါလေ..."
"အင်း"
"အခု... နမ်းချင်နေတယ်"
"ဘာရယ်.. ဘာရယ်"
ရုတ်တရက်ဆိုလိုရင်းကိုနားမလည်တဲ့ဟိုဆော့က သူ့မျက်နှာကိုမျက်လုံးလေးကလယ်ကလယ်ဖြင့်ကြောင်စီစီကြည့်နေသည်။
"မျက်စိမှိတ်လိုက်တိုင်း.. အဲ့ဒီ့.. နှုတ်...."
"ထပ်ပြီး.. ကင်ဆော့ဂျင်အကြောင်းပဲလား"
"ဟုတ်.. အဲ.. မဟုတ်ဘူး"
"မဟုတ်ဘူး?"
"ရား.. ငါ့မှာသူ့အကြောင်းပဲပြောဖို့ရှိတယ်များထင်နေလား"
"မှန်းစမ်း"
ဟိုဆော့ကသူ့ရှေ့ကိုလာပြီးသူ့နှာခေါင်းကိုလက်ဖြင့်စမ်းသည်။
"ပူပူနွေးနွေးပါပဲ"
"ဘာလုပ်တာလဲ"
"မင်းနှာခေါင်းရဲ့ temperature ကိုတိုင်းတာလေ။ ကင်ဆော့ဂျင်အကြောင်းမဟုတ်တာတောင်ဒီအပူချိန်ဆိုတော့ကား.. ဟုတ်များဟုတ်နေရင်.. မင်းနှာခေါင်းမှာ မီးသတိပြုဆိုပြီး ဆိုင်းဘုတ်ချိတ်ရလိမ့်မယ်ထင်တယ်"
"တိတ်စမ်း.. ငါမေးတာသာဖြေ"
"မေးစေဗျား.. မေးစေ"
ရယ်ကျဲကျဲမျက်နှာနဲ့ဟိုဆော့ကိုမျက်လုံးထောင့်ကပ်၍ပေစောင်းစောင်းကြည့်လိုက်ပြီး...
"အဲ့ဒါ.. နမ်းချင်စိတ်ပျောက်သွားမယ့်ဂါထာလေးဘာလေးများမရှိဘူးလား.. သိချင်လို့"
"အင်းးး.... ငါ့မှာ.... အရူးမောင်းတဲ့ဂါထာတော့ရှိတယ်.. အခုရွတ်လိုက်ရမလား။ ဒါမှမဟုတ်.. မင်းခြေထောက်နဲ့မင်းငါ့အခန်းထဲကထွက်သွားမလား"
"ဟက်! ဒါ.. ငါ့အိမ်.. ငါ့ဘာသာငါသွားချင်သွားမယ်.. မသွားချင်မသွားဘူး။ မကျေနပ်ရင်အိမ်ပြောင်းလိုက်။အဲ့လိုကိုယ့်အသိစိတ်နဲ့ကိုယ်အလိုက်တသိအိမ်ပြောင်းပေးမယ်ဆိုရင်အရမ်းပျော်မိမှာ"
"မပြောင်းပါဘူး.. မင်းပျော်သွားမှာဆိုးလို့မပြောင်းတာ။ ဒီမှာပဲပေကပ်ပြီးနေဦးမှာ"
"ဟား.. ဟား..ရယ်ရတယ်။ ငါ့ရဲ့ပျော်ရွှင်မှုတွေကိုစိုးမိုးခြယ်လှယ်နိုင်လောက်တဲ့အထိ မင်းကအရေးပါတဲ့လူစားလည်းမဟုတ်ဘူး"
ဤသို့ဖြင့်တိတ်ဆိတ်မှောင်မိုက်နေတဲ့သန်းခေါင်ယံဟာသူတို့နှစ်ဦး၏တစ်ယောက်တစ်ခွန်းအပြန်အလှန်စကားနိုင်လုသံတွေဖြင့်မြိုင်ဆိုင်သွားတော့သည်။
********** **********
နှိုးစက်မမြည်ခင်စက္ကန့်ပိုင်းအလို ထောက်ဆိုတဲ့အသံလေးကြားကတည်းက ဖျတ်ခနဲပွင့်လာသည့်မျက်လုံးတွေက အဖြူရောင်မျက်နှာကျက်ကိုခပ်တွေတွေငေးမောနေ၏။ ထို့နောက်..မြည်လာသည့်နှိုးစက်ကိုပိတ်လိုက်ပြီးသံပတ်ပေးထားတဲ့အရုပ်တစ်ရုပ်လိုအိပ်ရာမှထသည်။ ခေါင်းရင်းမှပြတင်းပေါက်ကိုဖွင့်ကာအပြင်ကိုကြည့်မိတော့.. အလင်းရောင်ယဲ့ယဲ့လေးသာမစို့မပို့ရှိနေသည့်ကောင်းကင်ကြီးသည်ပယင်းရောင်ထနေ၏။ အာရုံတက်ချိန်၏တိတ်ဆိတ်မှုသည် အနူးညံ့ဆုံးဆွဲဆောင်မှုဖြင့်သူ၏စိတ်တို့ကိုလွတ်လပ်ခြင်းများထံခေါ်ဆောင်ဖို့နေရာအနှံ့တွင်ရှိနေကြပုံက ကြည်နူးချမ်းမြေ့စရာ။
"ဂျွန်း... ဒီနေ့လည်း.. အစောကြီးသွားရမှာလား"
သစ်လွင်လတ်ဆတ်သည့်နံနက်ခင်းရဲ့အရသာကိုခံစားရင်းပြုံးနေမိသည့်သူ့မျက်နှာသည်ချက်ချင်းဆိုသလိုတင်းမာခက်ထန်သွား၏။
"တံခါးခေါက်ပြီးမှဝင်ရမယ်ဆိုတာမသိဘူးလား"
"မင်း.. အမေ့ကိုမျက်နှာချင်းတောင်အဆိုင်မခံဘဲရှောင်နေတာဘယ်လောက်ကြာပြီလဲ။ ဒီလိုမှမလုပ်ရင်.. ဒီနေ့လည်းမျက်နှာတောင်မြင်ခွင့်ရမှာမဟုတ်ဘူး"
နမ်ဂျွန်းကဘောင်းဘီအိတ်ကပ်ထဲလက်နှိုက်၍သူ့မျက်နှာကိုဘာခံစားချက်မှမရှိဘဲပကတိတည်ငြိမ်နေသောမျက်နှာထားဖြင့်စိုက်ကြည့်နေသည်။ စကားပြောလို့ရပြီလို့ခွင့်ပြုလိုက်တဲ့သဘောမို့အနည်းငယ်တော့စိတ်သက်သာယာရသွားမိသည်။ ယခင်ကသူ့အပေါ်မှာနွေးထွေးပြီးသိတတ်လိမ္မာတဲ့ သူ့သားလေးဟာဒီနှစ်အပိုင်းအခြားအတွင်းပြောင်းလဲသွားလိုက်တာကြောက်စရာ။ တစ်အိမ်တည်းအတူနေကြပြီးမျက်နှာလည်းတွေ့ခွင့်မရ.. စကားလည်းပြောခွင့်မရ။ ဒီ လေးနှစ်အတွင်းသူတို့နှစ်ယောက်ပြောဖြစ်တဲ့စကားအခွန်းရေကိုရေတွက်ကြည့်မယ်ဆိုလျှင် လက်ဆယ်ချောင်းတောင်ပြည့်မည်မထင်ပါ။
"အမေ့ရဲ့ credit card တွေကိုမင်းပိတ်လိုက်တာလား"
နမ်ဂျွန်းကနှုတ်ခမ်းကိုမဲ့ရွဲ့ရင်းစိတ်ပျက်သွားသောမျက်နှာကိုအခြားဘက်သို့လှည့်သွားသည်။
"ဒီလောက်ဖြုန်းခွင့်ရရင်ကျေနပ်သင့်ပြီပေါ့.. ကိုယ့်ဟာလည်းမဟုတ်ဘဲနဲ့"
"ဂျွန်း"
"ပြောချင်တာဒါပဲမဟုတ်လား.. ထွက်တော့.. ကျွန်တော်အလုပ်သွားဖို့ပြင်ဆင်ရဦးမယ်။ ဪ.. ဒီလ အတွက်အသုံးစရိတ်ကိုအတွင်းရေးမှူးဂန်နဲ့ပို့ပေးလိုက်မယ်။ ပေးသလောက်နဲ့လောက်ငှအောင်သုံးနိုင်ရင်ပိုကောင်းတာပေါ့။ ဒီ့ထက်တော့ဘာမှပိုမပေးနိုင်တော့ဘူး"
"မင်း... "
"အစကတည်းက.. ဒီပိုင်ဆိုင်မှုတွေကကျွန်တော်တို့ဟာမဟုတ်ဘူး.. အမေ။ ကျေးဇူးပြုပြီး.. လောဘတွေတက်မနေပါနဲ့တော့"
ပြောပြီးတာနဲ့အမေ့ကိုကျောခိုင်းပြီးရေချိုးခန်းထဲဝင်လာခဲ့သည်။ ခဏအကြာမှာတော့အပြင်ကဒိုင်းခနဲတံခါးဆောင့်ပိတ်သံကြားရသည်။ သူ့စကားတွေကြောင့်အရှိုက်ထိပြီးပေါက်ကွဲသွားပြီထင်ပါရဲ့။ ဒါပေမယ့်.. မတတ်နိုင်ဘူးလေ။ ပြောသင့်တာကိုတော့သိအောင်၊ နားလည်အောင်ပြောထားရမှာပဲ။ အဲ့ဒါတွေကြောင့်သူ.. အမေနဲ့မျက်နှာချင်းမဆိုင်ချင်တော့တာ.. ငရဲရလွန်းလို့.. လိုချင်တပ်မက်မှုလောဘတစ်ခုအတွက်နဲ့သူများအပေါ်မှာကလိန်ကျကောက်ကျစ်ခဲ့တဲ့လူဟာသူ့အမေကိုယ်တိုင်ပါလားဆိုသည့်အသိတစ်ခုတည်းနဲ့တင်ဘယ်လိုမှဖြေဆည်လို့မရလွန်းလို့အမေ့ကိုသူရှောင်နေခဲ့တာ။
အမေ့မျက်နှာကိုမြင်တိုင်း လွန်ခဲ့တဲ့လေးနှစ်ကအဖြစ်ကြီးကိုမတွေးဘဲနဲ့နေလို့မရ.. အတွေးထဲကရုန်းမထွက်နိုင်။ တွေးမိတဲ့အခါတိုင်းလည်းနာကြည်းစိတ်ကအသိဉာဏ်ထဲမှခုန်ထွက်ကာသူ့မာန၊ သိက္ခာနဲ့ ကိုယ်ကျင့်တရားတို့ကိုရစရာမရှိအောင်အဆုံးစွန်အထိလောင်မြိုက်၏။ ဒီလိုနဲ့ပဲလေးနှစ်လုံးလုံးအပြစ်သားတစ်ယောက်လိုနေခဲ့ရတာ.. သူ့မှာအပြစ်ရှိကြောင်းကို ဝန်ချပြီးမတောင်းပန်နိုင်သေးတော့ပိုဆိုးသည်။ ထိုစိတ်တွေနဲ့ပဲ သူ့ရင်အစုံသည်နေ့စဥ်နဲ့အမျှကျင်ရှကာ တဆစ်ဆစ်နာနေရသည်။ ဒါပေမယ့်.. သူ့ရည်မှန်းချက်တွေအထမမြောက်သေးတော့လည်းအင်အားရှိသလောက်စိတ်ကိုတင်းထားရဦးမည်။ အခုအချိန်မှာ.. သူအလုပ်တွေကြိုးစားပြီးရုန်းကန်နေခြင်းမှာရည်ရွယ်ချက်နှစ်ခုကြောင့်ဖြစ်သည်။
တစ်အချက်.. သူ့အမေကြောင့်ပျက်ဆီးလုလုဖြစ်သွားရတဲ့ Dal Group ကိုအကျဥ်းအကျပ်ကြားကကယ်ထုတ်ပြီးအကောင်းမွန်ဆုံးအခြေအနေကိုဖော်ဆောင်သွားဖို့..
နှစ်အချက်.. Dal Group ကိုပိုင်ရှင်အစစ်အမှန်ရဲ့လက်ထဲအမြန်ဆုံးပြန်အပ်နိုင်ဖို့..
အဲ့ဒါမှသူလည်း.. လိပ်ပြာသန့်သန့်နဲ့သူဆက်လက်အသက်ရှင်နိုင်လိမ့်မည်။ မဟုတ်ရင်သူ့အမေကျူးလွန်ခဲ့တဲ့အပြစ်တွေကြောင့်ဒုက္ခပင်လယ်ဝေခဲ့တဲ့တစ်ယောက်သောသူကိုအားနာရလွန်းလို့... ကိုယ့်ကိုယ်ကိုလည်းဘဝနဲ့ချီပြီးစိတ်နာရပါ၏။
"တောင်းပန်ပါတယ်.. အသဲရယ်။ ကိုယ့်ကိုတစ်သက်လုံးခွင့်မလွှတ်ပါနဲ့"
*********** **********
"မနက်စောစောစီးစီး.. အရေးတကြီးခေါ်တာ.. ဒါလုပ်ဖို့လား"
အဖိုးကသူ့အမေးကိုမဖြေဘဲစစ်တုရင်ခုံပေါ်တွင်နယ်ရုပ်လေးများကိုဂရုတစိုက်စီနေ၏။ မျက်နှာထားကတော့.. ချိုသာသည်လည်းမဟုတ်.. တင်းမာသည်လည်းမဟုတ်မို့ဘာအကြံအစည်နဲ့သူ့ကိုလာခဲ့ဖို့ခေါ်လဲဆိုတာခန့်မှန်းရခက်ပါ၏။
"မြေးလေး.. ဂျောင်ကု"
"ဟုတ်"
"ငါ့မြေးလေး... တစ်ဦးတည်းရှိတဲ့အဖိုးတန်မြေးလေးကို.. အဖိုးက.. အမြဲတမ်း... "
သူ့မျက်နှာကိုမော့ကြည့်လာတဲ့အဖိုးရဲ့မျက်ဝန်းတွေကမျက်ရည်တွေစိမ့်အိုင်ဝေ့ဝဲနေသယောင်ထင်ဟပ်စေတာမို့အဖိုးဆက်ပြောလာမယ့်စကားတို့ကိုတွေးဆရင်း ရင်ထဲမှာလှိုက်ခနဲကြည်နူး...
"အမြဲတမ်း... အယုံအကြည်မရှိဘူးဆိုတာသိတယ်မဟုတ်လား"
ဪ.. လက်စသတ်တော့မျက်ရည်ဝဲနေတာဘယ်ဟုတ်ပါ့မလဲ။ အသက်ကြီးပြီးရေတိမ်ဖြစ်ချင်နေလို့.. အရည်လဲ့နေတာကိုး။
"သိတယ်.. သိတယ်.. အဲ့ဒါပြောချင်လို့ဒီအထိတကူးတကခေါ်လိုက်တာလား"
"မဟုတ်ဘူး။ ကျန်သေးတယ်.. နားထောင်"
အဖိုးက chamomile tea ကိုတစ်ငုံသောက်လိုက်ပြီးထိုင်ခုံနောက်မှီတွင်ခါးဆန့်၍ထိုင်လိုက်သည်။
"အဖိုးသူငယ်ချင်း.. လီဗြောင်မန်ကိုသိတယ်မဟုတ်လား"
"အင်း.. သိတယ်လေ"
"အဖိုးက.. အဲ့ဒီ့ဗြောင်မန်ကိုအမြဲအနိုင်ရခဲ့တယ်ဆိုတာကိုလည်းသိတယ်နော်"
"အင်း"
"အေး... အဲ့ဒါဆို.. သိရဲ့သားနဲ့ဘာလို့ဒီလိုကြီးနေ,နေလဲ။ မင်းအသုံးမကျလို့.. ငါအခုသူ့ကိုအရှုံးပေးရတော့မယ်"
"ကျွန်တော်နဲ့ဘာဆိုင်လို့လဲ"
"ဆိုင်တာပေါ့.. ဗြောင်မန်ကမကြာခင် မြစ်ချီရတော့မယ်။ ငါ့အတွက်.. ဘယ်မလဲ.. မြစ်။ မြစ်လေးတစ်ယောက်လောက်ခေါ်လာဖို့မပြောနဲ့.. ရည်းစားတစ်ယောက်တောင်အခုချိန်ထိအိမ်ပေါ်ကိုခေါ်မလာနိုင်သေးဘူး။ အဲ့ဒါတွေကြောင့်.. မင်းကိုငါအယုံအကြည်မရှိတာ.. ငါလွန်သလား.. ပြော"
"ဟယ်... အပြစ်ကလည်းအဆန်းပါလား"
"တိတ်စမ်း။ ဒီတော့ကား.. တစ်လအတွင်း.. ရည်းစားရအောင်ရှာ.. မရလို့ကတော့ မင်းကိုအမွေဖြတ်ပစ်မှာ။ မယုံမရှိနဲ့.. ဒါပဲ.. ပြန်တော့.. ဒါပြောချင်လို့ခေါ်လိုက်တာ"
ဤကဲ့သို့.. ရာဇသံအဆုံးမှာသူ့ကိုကြည့်တောင်မကြည့်တော့ဘဲခေါင်းငုံ့ကာစစ်တုရင်ရုပ်လေးတွေကိုဟိုရွှေ့ဒီရွှေ့လုပ်နေ၏။ သူ့ကိုဖုတ်လေတဲ့ငပိရှိတယ်လို့တောင်အောင့်မေ့ပုံမရ.. တော်တော်ချစ်စရာကောင်းတဲ့အဖိုး။
~တောင်~
အဖိုးအိမ်မှအပြန်ကားမောင်းနေတုန်းဖုန်းမှမြည်လာသည့် notification သံကြောင့်ကားကိုအလျင်စလိုလမ်းဘေးချရပ်လိုက်သည်။ ဒီနေ့မနက်အလုပ်မသွားခင် သူ့ရဲ့မေတ္တာတုံးလေးကိုသွားတွေ့ဖို့စီစဥ်ထားပေမယ့်.. ပြန်တော့လို့ပြောပြီးစစ်တုရင်တစ်ပွဲပြီးတစ်ပွဲကစားခိုင်းတဲ့အဖိုးကြောင့် ဒီနေ့အလုပ်တောင်မသွားနိုင်ဘဲညနေစောင်းအထိအဖိုးရဲ့အိမ်မှာပဲအချိန်ကုန်ခဲ့ရတာမို့ လွမ်းနေရတဲ့မေတ္တာတုံးလေးရဲ့မျက်နှာလေးကိုမြင်တွေ့ခွင့်ရမယ့်အခွင့်အရေးကိုလက်လွတ်ခဲ့ရသည်။ ထို့ကြောင့်...
"မင်္ဂလာပါ.. ဈေးသည်လေး ကင်ဆော့ဂျင်ပြန်လာပါပြီ"
ခေါင်းလေးကိုငဲ့ကာမျက်ခုံးလေးပင့်တင်ရင်းချစ်စဖွယ်ကောင်းတဲ့အမူအရာလေးတွေနဲ့လူစိတ်ဝင်စားလာအောင်ပြောတတ်တဲ့ သူ့ရဲ့မေတ္တာတုံးလေးဟာစကားပြောနေရင်းနဖူးပေါ်ခုန်ချလာတတ်သောဆံပင်စလေးများကိုသပ်တင်ရင်းရှက်ပြုံးလေးပြောပြတတ်သေးသည်။ စကားပြောသံကနူးညံ့ညင်သာသလို အသံအနိမ့်အမြင့်ကအစကမ်းခြေမှာစင်ရော်တစ်ကောင်ဝဲနေသလိုနားထောင်၍ကောင်းသည်။
သူ.. ဖုန်းစခရင်ထက်တွင်မြင်နေရတဲ့မေတ္တာတုံးလေးရဲ့အမူအရာ၊ လှုပ်ရှားမှုသေးသေးလေးကအစမျက်တောင်မခတ်ဘဲသွားကြီးဖြဲကာမမှိတ်မသုန်လိုက်ကြည့်နေစဥ်.. မြင်တွေ့နေရတဲ့ comment တစ်ချို့ကြောင့်ဒေါသကထောင်းခနဲ။ ဘာတဲ့...
"ပစ္စည်းယူပြီးအနမ်းနဲ့ရှင်းလို့ရလား"
"ကုန်ပစ္စည်းထက် လှုပ်စိ,လှုပ်စိနှုတ်ခမ်းလုံးလုံးလေးကပိုစိတ်ဝင်စားဖို့ကောင်းတယ်"
"တို့ကလူကိုပဲအပိုင်သိမ်းချင်တာ"
"ဆော့ဂျင်ရှီ.. တို့ကလေးတွေရဲ့အဖေဖြစ်ပေးလို့ရမလား.. အမယ်..user ID ကလည်း ကင်ဆော့ဂျင်ရဲ့ရင်ဘတ်ပေါ်ကမှဲ့ကလေး.. တဲ့"
"ဘာတွေလဲဟ.. အဲ့လိုနှာခေါင်းမီးတောက်တွေလည်းရှိတာပဲလား။ မဖြစ်ဘူး.. မဖြစ်ဘူး.. သူ့ကိုဒီအလုပ်ကိုဆက်လုပ်ခိုင်းလို့မဖြစ်တော့ဘူး"
"ငါလည်းကိုင်ကြည့်ချင်တယ်လေကွာ။ ခဏလေးပဲဟာ.. ပြီးရင်ပြန်ပေးမှာပေါ့"
"မပေးဘူးကွာ.. ဘာဖြစ်လဲ။ လိုချင်ရင်မင်း Appa ကိုဝယ်ခိုင်းပေါ့"
ကလေးသံလေးတွေနားထဲဝင်လာသဖြင့်ဖုန်းကိုကြည့်နေရင်း အမှတ်တမဲ့နားစွံ့ပြီးသားဖြစ်သွားသည်။ သူ့ကားရပ်ထားမိသည့်နေရာကလည်း နေ့ကလေးထိန်းကျောင်းနားက ကစားကွင်းရှေ့တည့်တည့်။ ဖုန်းကိုသိမ်းပြီးအပြင်ကိုလှမ်းကြည့်လိုက်တော့... သူ့မြင်ကွင်းထဲဝင်လာသည့်ကလေးငယ်လေးနှစ်ဦး။ တစ်ယောက်ကသူ့ကိုကျောခိုင်းထားပြီးတစ်ယောက်ကတော့သူ့ဘက်ကိုမျက်နှာမူထားသည်။ သူ့ဘက်ကိုမျက်နှာလှည့်ထားတဲ့ကလေးငယ်လေးက..
"အော.. ဟူချူလေးပဲ"
ဟူချူက တစ်ဖက်ကရွယ်တူကောင်လေးနှင့်တစ်ခုခုကိုအချေအတင်ပြောနေပုံရသည်။ ကြည့်ရတာတော့.. ဟူချူက ကောင်လေးလက်ထဲက bumblebee အရုပ်ကလေးနဲ့ခဏလောက်ဆော့ချင်နေတာကိုဟိုကောင်လေးကပေးမဆော့လို့စကားများရင်းအရုပ်လုနေကြတဲ့ပုံ။
"ငါ့ကိုခဏလေးပေးဆော့ရလို့ဘာဖြစ်သွားမှာမို့လို့လဲ။ မင်းအရုပ်ကပဲ့ကျသွားမှာလည်းမဟုတ်ဘူး"
"ဘာလဲ.. မင်း Appa ကဒါမျိုးမဝယ်ပေးနိုင်လို့မဟုတ်လား။ အဲ့ဒါကြောင့်.. သူများအရုပ်ကိုလိုက်လုနေရတာမဟုတ်လား"
"မဟုတ်ဘူး.. ဝယ်ပေးနိုင်တယ်။ ငါ့ Appa မှာလည်းပိုက်ဆံအများကြီးရှိတယ်"
"မဟုတ်ဘဲနဲ့။ ပြီးတော့ငါ့ Eomma ကပြောတယ်.. မင်း Appa ကအကျင့်မကောင်းဘူးတဲ့။ မင်းနဲ့မဆော့နဲ့တဲ့.. အကျင့်မကောင်းတာတွေကူးသွားလိမ့်မယ်တဲ့"
"မဟုတ်ဘူး.. ငါ့ Appa ကအဲ့လိုမဟုတ်ဘူး။ ငါ့ Appa ကိုအဲ့လိုမပြောနဲ့"
"အ!"
ကင်ဆော့ဂျင်ရဲ့သားပီသပါပေသည်။ အရုပ်ကိုမလွတ်တမ်းလုနေရင်းတစ်ဖက်က ကလေးကိုခြေထောက်နဲ့ပိတ်ကန်ပစ်လိုက်တာ.. ဟိုကလေးခမျာ မြေကြီးပေါ် ဗိုင်းခနဲဖင်ထိုင်ယက်ကိုလဲရော။ ကောင်းတယ်.. နည်းတောင်နည်းသေးတယ်။ လူကဖြင့်လက်တောက်လောက်နဲ့ သူများရဲ့အဖိုးတန် Appa လေးကိုထိပါးပြောဆိုချင်တာကိုး။
သူကြည့်နေရင်းကျေနပ်အားရစွာပြုံးမိသေးသည်။ ဟူချူဆိုတဲ့ကောင်လေးကလည်းနုနုရွရွလေးဆိုပေမယ့်မဟုတ်မခံရန်စွာရဲတဲ့သတ္တိရှိပုံလေးကသူ့ Appa လိုပဲချစ်စရာ။
"ဆရာမရေ.. ဆရာမရေ.. ဒီမှာ.. ကင်ဟူချူ.. သားကိုခြေထောက်နဲ့ကန်တယ်.. အီး.. ဟီး"
အကန်ခံလိုက်ရတဲ့ကလေးကအာပြဲကြီးနဲ့ငိုရင်း အာခေါင်ခြစ်အော်တော့အထဲမှဆရာမတစ်ယောက်အပြေးတစ်ပိုင်းထွက်လာသည်။ ဟူချူလေးကတော့ရှိန်သွားပုံမပေါ်ဘဲနှုတ်ခမ်းလေးကိုတင်းတင်းစေ့ပြီးမတ်မတ်လေးရပ်နေ၏။ တကယ်ကိုအကြောတင်းလေးပါ။
"ဟုတ်လား.. ဟူချူ။ မင်ဝူးကိုသားကန်လိုက်တာလား"
"ဟုတ်တယ်။ သူက.. ဟူချူ့ Appa ကိုမကောင်းပြောတာကိုး"
"အို.. ဘာပဲဖြစ်ဖြစ်.. သူငယ်ချင်းအချင်းချင်းကိုယ်ထိလက်ရောက်လုပ်တာမကောင်းပါဘူး။ နောက်တခါ မင်ဝူးကအဲ့လိုစကားမျိုးပြောရင်.. ဆရာမကိုလာတိုင်။ ဆရာမသူ့ကို အပြစ်ပေးမယ်.. ကြားလား"
"ဟုတ်"
"မင်ဝူး.. ထ.. ဆရာမဆေးလိမ်းပေးမယ်။ ဟူချူက.. ဒီမှာနေခဲ့ပြီးကိုယ့်အပြစ်ကိုယ် ၁၅မိနစ်ပြန်သုံးသပ်ရမယ်"
မင်ဝူးဆိုတဲ့ကောင်လေးကိုဆရာမက ချီပြီးအထဲကိုခေါ်သွားတော့ဟူချူလေးတစ်ယောက်တည်းတောင့်တောင့်လေးရပ်ရင်းကျန်နေခဲ့သည်။ သူကကားပေါ်ကဆင်းလိုက်ပြီး..
"ဟိတ်.. ငရုတ်ကောင်းလေး"
"အော.. "
သူ့ကိုမြင်တော့ပြုံးယောင်သမ်းသွားတဲ့မျက်နှာလေးမှာမျက်လုံးဝိုင်းလေးတွေကတလက်လက်တောက်နေ၏။ ဟူချူနဲ့အရပ်တစ်တန်းတည်းဖြစ်သွားအောင် ဟူချူ့ရှေ့တည့်တည့် မုဆိုးဒူးထောက်ထိုင်ချလိုက်တဲ့သူ့ကို နှာခေါင်းလေးရှုံ့၍ပြုံးပြသေးသည်၊
"ဦးက ဟူချူ့ဆီကိုလာလည်တာလား.. ဟူချူဒီမှာရှိတာဘယ်လိုလုပ်သိသွားတာလဲ"
"အာ.. လာလည်တာတော့မဟုတ်ဘူး။ ဒီနားကိုကိစ္စရှိလို့လာရင်းမင်းကိုတွေ့လို့လာနှုတ်ဆက်တာ"
"ဪ... ဦးကထပ်တွေ့မယ်ပြောပြီးလာလည်းမတွေ့ဘူး။ ဟူချူကမျှော်နေသေးတာ"
မျက်နှာလေးကညှိုးသွားလို့ဘာကြောင့်ရယ်မသိ..သူ့မှာစိတ်မကောင်းဖြစ်ရသေးသည်။
"လာသားပဲ။ မင်းတို့အိမ်ကိုတောင်ရောက်ခဲ့သေးတယ်။ အဲ့တုန်းကမင်းကအိပ်ပျော်နေတာကိုးကွ"
"ဟုတ်လား"
"အင်း.. အခုဒီမှာဘာလုပ်နေတာလဲ"
"ဟူချူ.. ရန်ဖြစ်လို့တဲ့။ အဲ့ဒါကြောင့်အပြစ်ပေးခံထားရတာ.. ဟင်းး"
ပြောနေရင်းလူကြီးလေးလိုသံရှည်ဆွဲပြီးသက်ပြင်းချပုံလေးကလည်းအူယားဖွယ်အတိ။ ဘာရယ်မဟုတ်ဘဲ.. အဖိုးသာဟူချူ့ကိုတွေ့ရင်ချစ်မှာလို့တွေးလိုက်မိသေးသည်။
"အခုနေအတန်းထဲသွားလည်းဘာမှမထူးပါဘူးလေ.. ဟူချူ့ကိုဘယ်သူမှမခေါ်ချင်ကြဘူး"
"ဘာလို့လဲ"
"မသိပါဘူး.. ဟူချူ့ Appa ကလူမှုရေးဖောက်ပြန်လို့တဲ့။ ဒါနဲ့.. ဦး.. လူမှုရေးဖောက်ပြန်တယ်ဆိုတာဘာပြောတာလဲ"
လူတွေများခက်လိုက်တာ.. ဒီကလေးသေးသေးလေးမှာဘာအပြစ်ရှိလို့လဲ။ တွေးရင်းဒေါသဖြစ်လွန်းလို့အံတောင်ကြိတ်မိသည်အထိ။
"ဟူချူကငယ်သေးတော့အဲ့ဒါဘာပြောတာလဲ သိစရာမလိုသေးပေမယ့်... အဲ့ဒါမကောင်းတဲ့စကားပဲ။ နောက်တစ်ခါ.. ဟူချူ့ကိုတစ်ယောက်ယောက်ကအဲ့လိုစကားမျိုးလာပြောရင်.. လက်သီးနဲ့.. ဟောဒီလို.. ဟောဒီလို... ပြီးတော့ခြေထောက်နဲ့.. ဟိုင်းယား.. ဒီလို"
သူက boxing ကစားသည့်ဟန်ဖြင့်လက်သီးကိုသုံးလေးချက်လောက်ထိုးပြပြီး.. လေထဲကို Bruce Lee လိုခြေထောက်နဲ့နှစ်ချက်လောက်ကန်ပြလိုက်တော့ဟူချူကသွားလေးတွေပေါ်အောင်ရယ်ရင်း ဖျံလေးလိုတဖျတ်ဖျတ်လက်ခုပ်တီးသည်။
"ဝါး... တော်လိုက်တာ"
ဘဝမှာစိတ်လိုလက်ရချီးမွမ်းခံရတာ ဒါပထမဆုံးအကြိမ်လိုခံစားမှုမျိုး.. ရင်ထဲမှာတစ်ခုခုကပင့်မထားသလိုလှိုက်တက်လာပြီးမျက်ရည်တောင်ဝဲချင်လာသည်။ ဒီကင်ဆော့ဂျင်တို့သားအဖကဘယ်လိုမှော်အတတ်တွေနဲ့များသူ့ဘဝကြီးတစ်ခုလုံးနဲ့ရင်းပစ်ချင်လောက်အောင်ပြုစားထားပါလိမ့်။
"ဟူချူ"
"ဟင်"
"ခဏလောက်... ဖက်ထားလို့ရမလား"
ဟူချူကခေါင်းညိတ်ပြပြီးသူ့လည်ပင်းကိုလက်ကလေးများဖြင့်သိုင်းဖက်လာသည်။ ပြီးတော့နှာဝသို့တိုးဝင်လာတဲ့ချွေးနံ့လေးရောနေပေမယ့်သင်းသင်းကလေးမွှေးနေသည့်ပေါင်ဒါနံ့လေး။ ထိုအခိုက်အတန့်လေးမှာ.. ဘာရယ်လို့အတည်တကျမသိနိုင်သော ဝေဒနာတို့ကမီးရှူးမီးပန်းဖောက်လိုက်သလိုခန္ဓာကိုယ်အနှံ့လှိုက်ကာ, လှိုက်ကာလွင့်စင်ထွက်နေ၏။
"ဟူချူ"
လူချင်းခွာ၍ဟူချူ့မျက်နှာလေးကိုကြည့်လိုက်တော့ဟူချူကလည်းသူ့ကိုမျက်လုံးတောက်တောက်လေးများဖြင့် ပြန်စူးစိုက်ကြည့်သည်။
"ဟူချူ.. bumblebee အရုပ်လိုချင်လား"
"အင်း"
"ဟူချူ့ကို.. ဦး.. လက်ဆောင်ပေးမယ်"
"ဒါ.. ဒါပေမယ့်.. Appa က.. "
"ခဏလေး.. ဒီအတိုင်းအလကားပေးမှာမဟုတ်ဘူး။ ဟူချူက.. ဦးကို.. စာလေးတစ်စောင်ရေးပေးရမယ်"
********** **********
"ဟူချူ.. အင်္ကျီလဲပြီးပြီလား။ မြန်မြန်လုပ်လေ.. ဗိုက်ဆာပြီဆို။ ဒီမှာ.. ညစာစားဖို့အကုန်အဆင်သင့်ဖြစ်နေပြီ"
ခဏအကြာမှာတော့ကြားလိုက်ရသည်က.. တခစ်ခစ်ရယ်သံလေးနဲ့အတူစိတ်လှုပ်ရှားခြင်းများစွာဖြင့်ပြေးလာတဲ့ခြေသံလေး။ ထိုအသံလေးတွေကသူ့အတွက်တော့ကမ္ဘာပေါ်မှာအချိုမြိန်ဆုံးဂီတပဲ။
"Appa.. လာ.. လာ.. ဟူချူ့အနားကိုလာ"
ဟူချူကသူ့ကိုလက်ယက်ခေါ်ပြီးမျက်နှာချင်းဆိုင်တွင်ထိုင်စေသည်။ ထို့နောက်လက်သေးသေးလေးများဖြင့်သူ့ကိုတင်းနေအောင်ဖက်ထားသည်။ မလုပ်စဖူးထူးခြားတဲ့အပြုအမူလေးမို့နှစ်ခြိုက်စွာပြုံးနေမိတော့သည်။ အရင်တုန်းကဆိုသူကပဲအတင်းလိုက်နမ်းရ.. လိုက်ဖက်ရတာပါ။
"အမယ်.. ထူးထူးခြားခြားပါလား။ ဘာလိုချင်လို့လာချွဲနေတာလဲ.. ပြောပါဦး"
"Appa က.. တစ်နေ့ရှစ်ကြိမ်အဖက်ခံဖို့လိုနေတယ်ဆို"
"ဟင်! ဟူချူ.. ဒါကို.. ဘယ်လို... "
~တင်းတောင်.. တင်းတောင်~
"Appa... ဧည့်သည်"
"ဧည့်သည်?"
ဒီနေ့မှထူးထူးခြားခြားအူမြူးနေတဲ့ ဟူချူကသူ့ကိုတောင်မစောင့်ဘဲအိမ်ရှေ့ကိုလှစ်ခနဲပြေးထွက်သွား၏။ ဧည့်သည်ဆိုတာဘယ်သူပါလိမ့်.. ဂျီမင်းတော့မဖြစ်နိုင်.. ဂျီမင်းဆိုရင်ဒီအတိုင်းတန်းဝင်လာမှာပေါ့.. passcode သိနေတာပဲ။ ဒါဆို.. ဘယ်သူ..
~ချလောက်~
"အော.. တကယ်ရောက်လာတာပဲ"
ဟူချူ့ရဲ့ဝမ်းမြောက်ဝမ်းသာနှုတ်ဆက်သံအဆုံးမှာအပြင်ကဝင်လာတဲ့လူကိုကြည့်လိုက်တော့...
"ခင်ဗျား.. ခင်ဗျားက.. ဒီကို.. ဘယ်လို.. ဘာလာလုပ်တာလဲ.. ဘာကိစ္စရှိလို့လဲ"
"Appa.. ဧည့်သည်ကိုပျူပျူငှာငှာဆက်ဆံရမယ်လေ။ အဲ့လိုလေသံမာမာနဲ့ပြောတာဟူချူမကြိုက်ပါဘူး"
"ဘာ.. "
"ဟုတ်တယ်.. ဟူချူ့ Appa ကဆက်ဆံရေးအရမ်းကျဲတာပဲ။ ဦးကသူ့ကိုခင်ချင်ပါတယ်.. သူကသာ.. အလကားနေရင်းတစ်ဖက်သက်ရန်လိုနေတာ"
"Appa.. အဲ့လိုလူမှုရေးခေါင်းပါတာမျိုးဟူချူမကြိုက်ဘူးနော်"
ပြောတဲ့စကားအသုံးအနှုန်းကလူနဲ့မလိုက်ဖက်ပုံများ.. အဲ့ဒီ့လူမှုရေးခေါင်းပါးတယ်ဆိုတဲ့စကားကိုဘယ်သူကများဟူချူ့ကိုသင်ပေးလိုက်ပါလိမ့်။
"နေပါဦး.. ခင်ဗျားကိုဘယ်သူကဖိတ်လို့သူများအိမ်မှာဧည့်သည်လာလုပ်တာလဲ"
ထုံးစံအတိုင်းထောင့်မကျိုးတဲ့မျက်နှာထားနဲ့ထိုအမြင်ကပ်စရာလူကသူ့အမေးကိုမဖြေဘဲ ဟူချူ့ဘက်ကိုမေးဆတ်ပြသည်။ လက်ထဲတွင်လည်းစက္ကူအိတ်ကြီးတစ်ခုကိုကိုင်ထားသေးသည်။ ဘာတွေလဲ?
"ဟူချူဖိတ်ထားတာ.. ဟူချူ့ဧည့်သည်။ ဦး.. ဟူချူ့ရဲ့ဖိတ်စာကို Appa ကိုပြလိုက်လေ"
ဂျွန်ဂျောင်ကုဆိုတဲ့ အမြင်ကတ်စရာလူသားကအခြေအနေအရပ်ရပ်ကိုနားမလည်နိုင်ဖြစ်နေတဲ့သူ့မျက်နှာကိုစူးစိုက်ကြည့်ရင်း အိတ်ကပ်ထဲမှစက္ကူခေါက်လေးတစ်ခုထုတ်ပြီးသူ့ကိုလှမ်းပေးသည်။ ဒီလူ့ဆီကစက္ကူခေါက်လေးတွေထွက်ထွက်လာရင်သူ့မှာမျက်ခုံးလှုပ်လွန်းလို့။
"ဘယ်လို! အကြွေး? ဟူချူကဘာအကြွေးတွေဘယ်လို.."
"ကလေးတောင်အကြွေးဆိုတာဆပ်ရကောင်းမှန်းသိတယ်။ တစ်စုံတစ်ယောက်လိုအကြွေးဆပ်စရာရှိတာကိုမသိချင်ယောင်ဆောင်မနေဘူး"
သူကဂျွန်ဂျောင်ကုကိုမျက်စောင်းတစ်ချက်ထိုးလိုက်ပြီးဟူချူ့ဘက်လှည့်ကာ..
"ဟူချူ.. အကြွေးဆိုတာဘာကိုပြောတာလဲ"
"ဦးက ဟူချူ့ကိုလက်ဆောင်ပေးမယ်လို့ကတိပေးထားလို့"
"လက်ဆောင်?"
"ရော့.. ဒါဟူချူ့အတွက်"
ပြောပြောဆိုဆိုနဲ့ဂျောင်ကုကလက်ထဲမှစက္ကူအိတ်ကြီးကိုဟူချူ့ထံလှမ်းပေးသည်။ အိတ်ထဲမှထွက်လာသည်က Packaging ကိုကြည့်ရုံနဲ့တန်ဖိုးမသေးမှန်းတန်းခနဲသိနိုင်တဲ့ကလေးကစားစရာစက်ရုပ်တစ်ရုပ်။
"ဝါး.. မိုက်တယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ"
"ဒါ.. ဘာလုပ်တာလဲ"
"လက်ဆောင်ပေးတာလေ"
"ခင်ဗျား... "
စိတ်ရှိလက်ရှိအော်ပစ်လိုက်ဖို့ပြင်ပြီးမှအနားမှာဟူချူရှိနေသေးတာကိုသတိရပြီးလေသံကိုပြန်လျှော့ကာ..
"ဟူချူ.. အဲ့အရုပ်ကိုချပြီးဧည့်ခန်းထဲမှာငြိမ်ငြိမ်လေးထိုင်နေ။ ပြီးတော့.. ခင်ဗျား... အနောက်ကလိုက်ခဲ့"
ဒေါသကြောင့်ဝရန်တာဆီဦးတည်နေတဲ့သူ့ခြေလှမ်းတွေကဘောက်ဆတ်ဆတ်။ ဟိုလူကတော့.. မျက်နှာထားရော၊ အမူအရာပါတည်တည်ငြိမ်ငြိမ်ပင်။ ဘောင်းဘီအိတ်ထဲလက်ထည့်ကာ သူ့နောက်မှအေးအေးလူလူလိုက်လာသည်။ ဝရန်တာကိုရောက်တော့ဧည့်ခန်းထဲသူတို့အသံတွေမဝင်စေရန် မှန်တံခါးကိုပိတ်လိုက်ပြီးအမြင်ကတ်စရာလူရဲ့မျက်နှာကိုစူးစူးရဲရဲကြည့်၍...
"ခင်ဗျား.. ဒါဘာလုပ်တာလဲ။ ဘာအကြံနဲ့ သူများကလေးကိုလာဖျက်ဆီးတာလဲ"
"ဖျက်ဆီးတယ်? လက်ဆောင်လေးပေးမိတာ အဲ့လောက်တောင်အပြစ်ကြီးသွားတာလား"
"ကြီးတာပေါ့။ ကျွန်တော်ကကျွန်တော့်ကလေးကိုစည်းနဲ့ကမ်းနဲ့ထားတာ။ ပူဆာတိုင်းအရုပ်မဝယ်ပေးဘူးဆိုတာကလည်းလွယ်လွယ်နဲ့ရတဲ့ဟာမျိုးဆိုတန်ဖိုးမထားမှာ၊ မလိုအပ်တဲ့နေရာတွေမှာပိုက်ဆံဖြုန်းတီးချင်တာမျိုးဖြစ်မှာဆိုးလို့.. ဆုပေးဒဏ်ပေးစနစ်ထားပြီး... ထားပါတော့.. ခင်ဗျားလိုလူမျိုးကဒါတွေပြောလည်းနားလည်မှာမဟုတ်ဘူး။ ဒီတော့.. ကျွန်တော်ပြောချင်တာက.. ဘာလို့... "
"ချစ်လို့"
"ဘာ!"
"ကလေးကို.. ချစ်လို့.. ကိုယ်တတ်နိုင်လို့လက်ဆောင်ပေးတာလေ။ အဲ့ဒါဘာများမှားလို့လဲ"
"မလိုဘူး။ ခင်ဗျားလက်ဆောင်.. ခင်ဗျားပဲပြန်ယူသွား"
"ဟာ.. ပေးပြီးသားလက်ဆောင်ကိုပြန်ယူသွားရင်ကလေး စိတ်မကောင်းဖြစ်သွားမှာပေါ့။ မင်းက.. ဟူချူပျော်နေတာကိုမမြင်ချင်ဘူးလား"
မှန်ကန်တဲ့ထိုစကားကြောင့်သူတွေဝေသွားရသည်။ ဒီလူပြောတာမှန်သည်.. ဟူချူလေးဝမ်းနည်းသွားမှာကိုသူလည်းမလိုလားပါ။
"ကောင်းပြီလေ.. ဒီတစ်ကြိမ်တော့ရှိစေတော့။ ဒါပေမယ့်.. ဒါနောက်ဆုံးဖြစ်ပါစေ။ နောက်ဘယ်တော့မှဒါမျိုးထပ်မလုပ်ပါနဲ့။ ဟူချူနဲ့လည်းထပ်မပတ်သက်နဲ့။ နောက်လည်းအခုလိုအိမ်ကိုရောက်လာတာမျိုးထပ်မလုပ်ပါနဲ့"
"မင်းပြောသလိုလွယ်နေရင် မင်းဆီကိုမျက်နှာပြောင်တိုက်ပြီးလာနေစရာအကြောင်းကိုမရှိတာ"
"အေးလေ.. အဲ့ဒါကြောင့်.. ခင်ဗျားကိုမကြည်ဖြူတဲ့နေရာကိုဘာလို့လာ,လာနေတာလဲ"
ကျွံထွက်လာတဲ့ရင်ခုန်သံကိုအနိုင်နိုင်ထိန်းရင်းညနေရီနေရောင်ကမေတ္တာတုံးလေး၏ ပါးလျစွာချွန်နေသောနှာသီးဖျားကလေးပေါ်ကျနေသည်ကိုမြတ်နိုးစွာငေးကြည့်နေမိသည်။ လေပြည်နုနုတို့ရဲ့ကျီစားမှုကြောင့်ဝဲလွင့်နေသောနားထင်မှဆံစကလေးများကိုသပ်တင်ကာနားရွက်ကလေးနောက်မှာညှပ်ပေးမိတဲ့သူ့လက်ကိုလှမ်းပုတ်သောမေတ္တာတုံးလေးရဲ့လက်ချောင်းကောက်ကောက်လေးများကိုဖမ်းယူကာဆုပ်ကိုင်ထားမိသည်။
"သိလား.. when Harry met Sally ဆိုတဲ့ရုပ်ရှင်ကားထဲကမှတ်မိနေတဲ့ dialogueလေးတစ်ခုရှိတယ်။ When you realize you want to spend the rest of your life with somebody, you want the rest of your life to start as soon as possible.. တဲ့"
သူကဆုပ်ကိုင်ထားတဲ့လက်ချောင်းလေးများကိုဖျစ်ညှစ်ရင်း..
"အဲ့ဒါကြောင့်.. မင်းအနားကိုရောက်, ရောက်လာမိတယ်ထင်တယ်.. ကိုယ့်ရဲ့ကျန်ရှိနေသေးတဲ့သက်တမ်းကို မင်းနဲ့ပဲဖြတ်သန်းချင်တာ.. သေချာသွားလို့"
ပြုံးယောင်သမ်းနေတဲ့နှုတ်ခမ်းပါးတွေ.. ပြောသမျှစကားတို့ကအမှန်တွေပါလို့အင်တိုက်အားတိုက်ထောက်ခံနေတဲ့ကြည်လင်သောမျက်လုံးဝိုင်းလေးတွေနဲ့ ဒီအမြင်ကတ်စရာလူသားက..ဘာကြောင့်.. သူ့ရဲ့ပျော်ရွှင်မှုတွေ၊ နွမ်းလျမှုတွေကိုအပိုင်စားချင်နေတာလဲ။ သူ.. ကြောက်ပါသည်။ ကြာလေ.. ကြာလေ.. တန်ဖိုးမထားဘဲမနေနိုင်တော့မှာ.. သူကြောက်ပါသည်။
"ယောက်ျားတကာကိုငိုပြလိုက်၊ ရယ်ပြလိုက်နဲ့ မြူဆွယ်တတ်တဲ့ တစ်ခုလပ်၊ ကလေးတစ်ယောက်အဖေနဲ့.. ကျန်ရှိနေသေးတဲ့သက်တမ်းကိုဖြတ်သန်းချင်တယ်.. ဟုတ်လား။ ရယ်ရတယ်။ အဲ့ဒါက.. ဘယ်လောက်ခံမှာလဲ.. တစ်ပတ်လား.. ဆယ်ရက်လား.. တစ်လလား။ ဒီမှာ.. မဖြစ်နိုင်တာတွေပြောမနေနဲ့"
"အခွင့်အရေးလည်းမပေးကြည့်ဘဲနဲ့.. ဖြစ်နိုင်လား.. မဖြစ်နိုင်လားကိုဘယ်လိုသိလဲ"
"အခွင့်အရေးပေးရင်ရော... ဘာဆက်ဖြစ်မှာလဲ"
"မင်းဘက်ကခေါင်းတစ်ချက်ပဲညိတ်လိုက်.. မင်းဖြစ်ချင်တာမှန်သမျှအကုန်ဖြစ်စေရမယ်"
Alice in Wonderland Syndrome ဆိုတဲ့ရောဂါတစ်မျိုးရှိတယ်။ မှန်ပြောင်းကိုဇောက်ထိုးကြည့်နေရသလိုမျိုး အရမ်းကိုဆန်းကြယ်ပြီး.. ဝမ်းနည်းစရာကောင်းတဲ့ရောဂါပေါ့။
သူ့မှာ အဲ့ဒီ့ရောဂါကပ်ငြိနေပြီထင်ပါသည်။
မဟုတ်ရင်.. ဘာလို့.. ဒီအမြင်ကတ်စရာလူနဲ့အတူရှိတိုင်း နတ်သမီးပုံပြင်ထဲရောက်သွားသလိုခံစားနေရတာလဲ။
********** **********
အချိန်ပေးပြီးဖတ်ပေးကြတဲ့ reader လေးတွေအားလုံးကျေးဇူးပါ 🥰
Paper deadline တွေ.. အလုပ်က report deadline တွေ.. deadline ပေါင်းသောင်းခြောက်ထောင်နဲ့ပိတ်မိနေတဲ့ကျယ်မ.. မနေ့နဲ့ဒီနေ့ပေါင်းတာတောင်လေးနာရီပြည့်အောင်မအိပ်ရသေးလို့လူလည်းအရမ်းဂါနေပါပြီ။ ဒီနေ့တော့တနေကုန်အိပ်ပစ်မယ်လို့တွေးထားတာ.. up ပေးပါဦးဆိုတဲ့မန့်လေးတွေတွေ့လို့မနေနိုင်ဘဲ up ပေးလိုက်ပါတယ်။
အိပ်ရေးမဝလို့ mood လည်းမဝင်.. ဒီကြားထဲအမေပို့လိုက်တဲ့ပဲပုတ်တွေစားပြီးမျက်လုံးမဖွင့်နိုင်တဲ့ကြားကရေးရတာမို့လို့အမှားတွေကိုသည်းခံပေးပါ။ တအားအိပ်ချင်နေလို့ပြန်လည်းမစစ်နိုင်တော့ဘူး 😅
**********
Zawgyi
သူသည္ၿငိမ္ၿငိမ္ကေလးထိုင္ေနေသာ္လည္းအသိစိတ္စီးေၾကာင္းတစ္ေလွ်ာက္တြင္အင္းဆက္ပိုးေကာင္အေကာင္တစ္ရာေလာက္သူ႕ခႏၶာကိုယ္အႏွံ႕လွည့္ပတ္သြားလာေနသကဲ့သို႔ မရိုးမ႐ြခံစားမႈတို႔သည္ သူ႕ကိုယ္ထဲတြင္အက်ဥ္းက်ေနသလို တင္းရင္းက်ပ္ခဲေန၏။ အီလည္ဆို႔နင့္မြန္းက်ပ္ေသာခံစားမႈကဆိုဖြယ္ရာမရွိေလာက္ေအာင္စိတ္အစုံကိုျပင္းစြာေလာင္ကြၽမ္းလ်က္ရွိရာ အသိတရားကိုတင္းညွစ္လိုက္လွ်င္႐ုန္းခနဲ႐ုတ္ခနဲလွိမ့္တက္လာေသာပူေလာင္မႈသည္မ်က္ဝန္းအတြင္းရွိေသြးေၾကာမ်ားကိုျပာက်ေစမတတ္.. ပူေလာင္လြန္းတာေၾကာင့္မ်က္လုံးေတြကိုခပ္တင္းတင္းမွိတ္ကာလက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္ထားရသည္။
"So... what are you waiting for. Just take me and wreck me like there's no tomorrow"
သူ႕နား,နားကပ္ကာတိုးတိုးညင္ညင္ေျပာလာေသာစကားသံသည္သူ႕တစ္ကိုယ္လုံးေနရာလပ္မက်န္ေအာင္ၾကက္သီးေမႊးညင္းမ်ားထေစပါသည္။သူ႕ေက်ာျပင္တြင္ပြတ္သပ္ေျပးလႊားလွ်က္ရွိေသာႏူးညံ့သည့္အထိအေတြ႕မ်ားေၾကာင့္ခ်ဳပ္တည္းထားသည့္ၾကားမွတဖ်င္းဖ်င္း၊ တရွိန္းရွိန္းခံစားမႈကရင္ကိုတြန္းမပင့္တင္ထားသျဖင့္မလႈပ္သာ၊ မ႐ုန္းသာဘဲခႏၶာကိုယ္တစ္ခုလုံးသည္ျမစ္ကမ္းပါးနားကအနည္က်ေက်ာက္တန္းႀကီးမ်ားပမာေလးလံကာေန၏။
"မထိနဲ႕.. ဖယ္စမ္း"
လက္က်န္အသိတရားတို႔ကိုမရမကစုစည္း၍မတရားဆြဲ,မေတာ့မွႂကြလာသည့္ခႏၶာကိုယ္ႀကီးကိုအနိုင္နိုင္သယ္ပိုးရင္းထိုေနရာမွေဝးရာသို႔ခြန္အားရွိသေလာက္႐ုန္းထြက္ခဲ့သည္။ ေဖာက္လႊဲေဖာက္ျပန္ျဖစ္လာေနသည့္သူ႕ရဲ႕စိတ္တို႔ကို ဖန္တီးဉာဏ္ဆင္သူတို႔ေရွ႕မွာၿပိဳလဲမယ့္အျဖစ္မ်ိဳး.. သူအျဖစ္မခံနိုင္ပါ။
"ေတာက္!"
သူမ်ားရဲ႕ႀကံစည္မႈကိုဘယ္ေတာ့မွမခံရေအာင္ဆင္ျခင္ေနခဲ့သမွ်တစ္ခ်က္ေလးသတိလြတ္သြား႐ုံနဲ႕အခုလိုေနာက္ေက်ာကိုဓါးနဲ႕ထိုးခံရသည့္အျဖစ္ကိုေတြးရင္းေဒါသျဖစ္လြန္းလို႔တက္ေခါက္မိတာလည္းအႀကိမ္ႀကိမ္.. အေကာက္ႀကံတဲ့သူကလည္းသူ႕အမ်ိဳးအရင္းေခါက္ေခါက္ျဖစ္ေနေတာ့ပိုခံျပင္းမိသည္။ ေဒါသအရွိန္.. ေဆးအရွိန္ေၾကာင့္.. အသိကပ္တစ္လွည့္ကြာတစ္လွည့္ျဖစ္ေနတဲ့သူ.. သူ႕ကိုယ္သူလဲမသြားေအာင္အနိုင္နိုင္ထိန္းရင္းအခန္းဆီသို႔ျပန္ခဲ့သည္။
~ခ်ေလာက္~
မသဲမကြဲျမင္ကြင္းထဲမွာဝိုးတဝါးနိုင္ေသာျဖဴလႊလႊပုံရိပ္ငယ္ေလးတစ္ခု.. ထိုပုံရိပ္ေလးကသူ႕ဆီကိုတိုးဝင္လာတာလား.. သူကပဲေျပးကပ္သြားမိတာလား.. ခြဲျခားသိနိုင္စြမ္းကင္းမဲ့လြန္းစြာျဖင့္သူ႕အသိဉာဏ္တို႔ကမေရမရာ.. ေယာင္ဝါးဝါး
"ဘယ္သူ... အေမ့!"
သူ႕ရင္ခြင္ထဲကိုႏြေးအိေသာကိုယ္လုံးေလးၿပိဳက်လာသည္။ သူရဲ႕ကိုယ္က်င့္တရားတို႔ဟာဝါဂြမ္းေလးလိုႏုေထြးေသာကိုယ္ေလးကိုေပြ႕ပိုက္လိုက္မိသည့္ခဏ.. လမ္းတစ္ေလွ်ာက္ထိန္းခ်ဳပ္နိုင္ခဲ့သည့္စိတ္ရိုင္းတို႔သည္အတိုင္းအဆမဲ့ေပါက္ကြဲထြက္ကုန္ေတာ့၏။ အမွတ္တမဲ့ျမင္လိုက္ရတဲ့မႈန္ပ်ပ်အလင္းေရာင္ေအာက္ကျဖဴႏုေနေသာမ်က္ႏွာလွလွေလး.. ဒါေပမယ့္ ထိုလူသားလွလွေလးကသူ႕ရင္ခြင္ထဲမွလူးလြန့္ရင္း႐ုန္းဖယ္ေနေလေတာ့ ထိုအထိအေတြ႕ေလးမွနည္းနည္းေလးကြာဟသြားတာႏွင့္ဟာလာဟင္းလင္းျဖစ္သြားတဲ့ေဝဒနာကႏွိပ္စက္လြန္းတာမို႔.. ႏူးႏူးညံ့ညံ့ကိုယ္ေလးကိုေပြ႕ဖက္ထားမိလွ်င္ ပူးကပ္ေနေသာခႏၶာကိုယ္ႏွစ္ခုကအႏြေးဓါတ္ေတြကူးလူးေနျခင္းကိုတသသခံစားရင္း...
"ေတာင္းပန္ပါတယ္.. ေတာင္းပန္ပါတယ္"
ဘာလို႔ေတာင္းပန္ေနမိတာလဲ.. ဘာအတြက္လဲ.. ေရေရရာရာမေျပာနိုင္ေပမယ့္ ထိုစကားကိုစိတ္ထဲမွအထပ္ထပ္အခါခါေရ႐ြတ္မိရင္း.. ရင္ခုန္သံတစ္ခ်က္အၾကားမွာတစ္ကိုယ္ေကာင္းဆန္ဆန္ခ်ည္ႏွောင္ခဲ့မိေသာသံေယာဇဥ္ႀကိဳးထုံးေလးကိုအစျပဳခဲ့မိတဲ့ညေလးတစ္ည...
အိပ္မက္ဆိုးမွလန့္နိုးလာသည့္လူမ်ားခံစားေလ့ရွိသည့္အတိုင္းအတည္မက်ေသးေသာစိတ္ျဖင့္႐ုတ္တရက္မထနိုင္ေသးဘဲအသိေလးနည္းနည္းဝင္လာလိုက္.. ေမ့ခနဲျပန္ျဖစ္သြားလိုက္.. ပို၍ ထူးဆန္းသည္က.. ကိုယ့္ကိုယ္ကိုအျပစ္ႀကီးႀကီးက်ဴးလြန္ခဲ့မိတဲ့သူတစ္ေယာက္လိုလို၊ယုတ္မာမိတဲ့သူတစ္ေယာက္လိုလို၊လိပ္ျပာမလုံသလိုလို.. ခံစားခ်က္ႀကီးဝင္ေနျခင္းပင္။
"အိပ္မက္ႀကီးကလဲ.. ထူးဆန္းလိုက္တာ"
အေတြးတစ္ခုဝင္ၿပီဆိုရင္ေခါင္းထဲမွာၾကာၾကာမထားတတ္တဲ့သူ႕အက်င့္အတိုင္း.. အခ်ိန္ဆြဲမေနေတာ့ဘဲအိပ္ရာထဲမွဆတ္ခနဲထ,လိုက္သည္။ ထို႔ေနာက္.. သူ႕အခန္းႏွင့္မ်က္ႏွာခ်င္းဆိုင္အခန္းဆီသို႔ေျခလွမ္းေတြဦးတည္၍..
"ဟဲ့ေကာင္.. ထ.. ထ.. ေမးစရာရွိလို႔"
ကုတင္ကိုေျခေထာက္ျဖင့္သုံး,ေလးခ်က္ေလာက္ဆင့္ကန္လိုက္ေတာ့လန့္ဖ်တ္ၿပီးေငါက္ခနဲထထိုင္လာတဲ့ဟိုေဆာ့က.. အိပ္ရာကနိုးလာေပမယ့္အသိစိတ္ဝင္ေသးပုံမေပၚဘဲသူ႕ကိုမ်က္ခုံးႏွစ္ခုထိလုမတတ္မႈန္ကုတ္ကုတ္ေငးၾကည့္ေန၏။
"ေမးစရာရွိလို႔ပါဆိုမွ.. ဘာေၾကာင္ၾကည့္ေနတာလဲ"
ထိုအခါမွအသိဝင္လာသည္ထင္.. ဟိုေဆာ့ကက်စ္ခနဲတစ္ခ်က္စုတ္သပ္လိုက္ၿပီး စိတ္ပ်က္လက္ပ်က္ညည္းၫူသံျဖင့္...
"ဟား.... ဘာလဲကြာ။ အိပ္ေကာင္းျခင္းလည္းမအိပ္ရပါလား"
ေျပာေျပာဆိုဆိုျဖင့္အိပ္ရာထဲျပန္လွဲဖို႔ျပင္သည္။ သူကအတင္းျပန္ဆြဲထူေတာ့ဟိုေဆာ့ကေဆာင့္ႀကီးေအာင့္ႀကီးထထိုင္လိုက္ၿပီးေျခေထာက္ႏွစ္ဖက္လုံးတြင္လုံးေထြးလ်က္ရွိေသာေစာင္ကိုအားနဲ႕ေဆာင့္ကန္ကာ မ်က္ေထာက္နီႀကီးျဖင့္သူ႕ကိုဂ်စ္ကန္ကန္ၾကည့္သည္။
"ဘာလဲ.. ဘာလဲ.. ဘာေမးမလို႔လဲ"
"ဟို.. ည"
"ဘယ္.. ညလဲ"
"Vegas မွာတုန္းက.. "
"အဲ့ဒါဘာျဖစ္လဲ"
"အဲ့ဒီ့ညက.. ငါ.. ျပန္ေရာက္လာၿပီး.. တန္းသတိလစ္သြားတယ္ဆိုတာေသခ်ာလား"
"ေအးေလ.. အခန္းအေပါက္ဝႀကီးမွာပဲေမွာက္ယက္လဲသြားလို႔.. ငါေတာင္မနည္းတြဲေခၚခဲ့ရေသးတယ္။ ေနပါဦး.. အဲ့ဒါေမးခ်င္လို႔အိပ္ေနတဲ့လူကိုအတင္းလာႏွိုးတာလား.. ဟုတ္လား။ မင္းကေတာ့ေလ... "
ဟိုေဆာ့ရဲ႕ရန္ေတြ႕စကားသံေတြသူ႕နားထဲဝင္ေနေပမယ့္ၾကားတစ္ခ်က္မၾကားတစ္ခ်က္။ သူ၏အေတြးမ်ားသည္ အိပ္မက္လိုလိုလက္ေတြ႕လိုလိုအျဖစ္အပ်က္ဆီကိုသာဆြဲငင္ေခၚယူသြားသည္။ ဒါေပမယ့္..ဘယ္ေလာက္ပဲေခါင္းေတြေနာက္က်ိလာေအာင္ေတြးေနလည္းအေျဖကဘယ္လိုမွရွာမရေပ။
"ရား... ဘာျဖစ္ေနတာလဲ"
ငိုင္ငိုင္ေတြေတြႀကီးရပ္ေနတဲ့သူ႕မ်က္ႏွာကိုၾကည့္ရင္းဟိုေဆာ့ရဲ႕အသံစြာစြာကစိုးရိမ္သည့္ဘက္သို႔ေျပာင္းသြားသည္။ သူကသက္ျပင္းတစ္ခ်က္ေလးကန္စြာခ်လိဳက္ၿပီး..
"ငါ.. အိပ္မက္ေတြမက္ေနလို႔"
"အိပ္မက္? ဘာလို႔လဲ.. ေနမေကာင္းဘူးလား"
ဟိုေဆာ့ကအလ်င္စလိုထ,ရပ္လိုက္ၿပီးသူ႕နဖူးကိုလက္ဖဝါးျဖင့္စမ္းၾကည့္သည္။
"အိပ္မက္မက္တာနဲ႕ေနမေကာင္းတာနဲ႕ဘာဆိုင္လို႔လဲ"
"မသိဘူးေလ.. မင္းငယ္ငယ္ကေနမေကာင္းရင္အိပ္မက္ဆိုးေတြမက္တတ္တယ္မဟုတ္လား"
"အခုဟာက.. အိပ္မက္ဆိုးမဟုတ္ဘူးကြ။ ဘယ္လိုေျပာရမလဲ.. Deja Vu လိုမ်ိဳး..ၿပီးေတာ့ခံစားခ်က္ႀကီးကလည္း.. ႐ုတ္တရက္ခ်က္ခ်င္းလက္ငင္းႀကီးလူယုတ္မာတစ္ေယာက္ျဖစ္သြားသလိုမ်ိဳး"
ဟိုေဆာ့ရဲ႕မ်က္ႏွာသည္ထူးဆန္းစြာအေရာင္ေျပာင္းသြားသည္။ ထို႔ေနာက္.. အၿမဲၿပဳံး႐ႊင္ေနတတ္တဲ့မ်က္ႏွာကခ်က္ခ်င္းဆိုသလိုတည္သြားၿပီးအခက္ေတြ႕သြားဟန္ျဖင့္ဟားခနဲ ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္သည္။
"အဲ့ဒါ.. deja vu မဟုတ္ဘူး... တကယ့္ျဖစ္ရပ္မွန္"
"ဟင္"
"တကယ္ေတာ့... ငါ.. မင္းကိုဖြင့္မေျပာမိတဲ့အမွန္တရားတစ္ခုရွိေသးတယ္"
သူကမ်က္လုံးေတြဝိုင္းေနေအာင္ျပဴးၿပီးဟိုေဆာ့ဆက္ေျပာလာမယ့္စကားကိုစိတ္ဝင္တစားနားစိုက္ေထာင္ေနမိသည္။
"မင္းက... "
"အင္း"
"လူယုတ္မာဆိုတာအမွန္တရားပဲဟာ"
"ရား!"
အေကာင္းမွတ္လို႔နားေထာင္ေနတာကိုအဆုံးက်မွေဗြထေဖာက္တဲ့သေကာင့္သားကိုစူးစူးရဲရဲစိုက္ၾကည့္ေပးလိုက္ေတာ့ဟိုေဆာ့ကသြားတန္းေလးေတြေပၚေအာင္ဟီးခနဲရယ္ျပသည္။ ၿပီးမွ..
"ဒါပဲလား။ ေနာက္ထပ္ေရာ... ဘာျဖစ္ေသးလဲ"
ဟိုေဆာ့ရဲ႕အသံကအတည္အတံ့ေျပာေနတဲ့ေလသံ..မ်က္ႏွာထားကလည္းခုနကနဲ႕ဆန့္က်င္ဘက္ေလးနက္သည့္ဟန္။
"ေနာက္ထပ္? ဘာျဖစ္ရမွာလဲ"
"အိပ္မေပ်ာ္တာတို႔.. အသက္ရႉက်ပ္တာတို႔.. "
"အဲ့ဒါေတြကမျဖစ္ေတာ့တာဘယ္ေလာက္ေတာင္ၾကာေနၿပီလဲ။ ေဆးေသာက္စရာမလိုေတာ့တာပဲေလးႏွစ္ေက်ာ္ေနၿပီ"
"ဟုတ္လို႔လား။ အခုခ်ိန္ထိ.. ဓါတ္ေလွကားလည္းမစီးနိုင္ေသးဘူးမဟုတ္လား။ ၿပီးေတာ့.. လူမ်ားတဲ့ေနရာလည္းမသြားနိုင္ဘူး။ ကားေတာင္မွမွန္မဖြင့္ဘဲအလုံပိတ္မစီးနိုင္ေသးဘူးေလ"
ဟိုေဆာ့စကားေၾကာင့္သူမလုံမလဲျဖင့္အေၾကာင္းအရင္းမရွိဘဲေခ်ာင္းဟန့္မိသည္။
"အဟမ္း.. အဲ့ဒါက.. ကိုယ္တိုင္ေမာင္းရင္.. မွန္ပိတ္ၿပီးစီးနိုင္ပါတယ္"
"အာ.. ဟုတ္လား။ အဲ့ဒါေၾကာင့္.. ဒီရာသီဥတုႀကီးမွာအမိုးပြင့္ကားေျပာင္းစီးတာေပါ့ေနာ္"
"ငါ့ဟာငါ ဘာကားစီးစီး.. မင္းနဲ႕ဘာဆိုင္လို႔လဲ။ ေတာ္ၿပီ.. မေျပာေတာ့ဘူး.. အိပ္ေတာ့"
ထုံးစံအတိုင္းၿပဳံးစိစိမ်က္ႏွာေပးနဲ႕ဟိုေဆာ့ကိုဘုၾကည့္ၾကည့္ၿပီးလွည့္ထြက္ဖို႔ျပင္ၿပီးမွရင္ထဲမွာရွိေနေသးတဲ့ တႏုံ႕ႏုံ႕နဲ႕အေနရခက္ေစတဲ့ခံစားမႈတို႔ကို ဟိုေဆာ့မ်ားၿဖိဳဖ်က္ေပးနိုင္မလားဆိုသည့္ရည္႐ြယ္ခ်က္ျဖင့္ အေနာက္သို႔ျပန္လွည့္ကာ..
"တကယ္ေတာ့.. ျဖစ္ေနတာ.. တစ္ခုရွိေသးတယ္"
"ဘာလဲ"
"ငါေလ..."
"အင္း"
"အခု... နမ္းခ်င္ေနတယ္"
"ဘာရယ္.. ဘာရယ္"
႐ုတ္တရက္ဆိုလိုရင္းကိုနားမလည္တဲ့ဟိုေဆာ့ကသူ႕မ်က္ႏွာကိုမ်က္လုံးေလးကလယ္ကလယ္ျဖင့္ေၾကာင္စီစီၾကည့္ေနသည္။
"မ်က္စိမွိတ္လိုက္တိုင္း.. အဲ့ဒီ့.. ႏႈတ္...."
"ထပ္ၿပီး.. ကင္ေဆာ့ဂ်င္အေၾကာင္းပဲလား"
"ဟုတ္.. အဲ.. မဟုတ္ဘူး"
"မဟုတ္ဘူး?"
"ရား.. ငါ့မွာသူ႕အေၾကာင္းပဲေျပာဖို႔ရွိတယ္မ်ားထင္ေနလား"
"မွန္းစမ္း"
ဟိုေဆာ့ကသူ႕ေရွ႕ကိုလာၿပီးသူ႕ႏွာေခါင္းကိုလက္ျဖင့္စမ္းသည္။
"ပူပူႏြေးႏြေးပါပဲ"
"ဘာလုပ္တာလဲ"
"မင္းႏွာေခါင္းရဲ႕ temperature ကိုတိုင္းတာေလ။ ကင္ေဆာ့ဂ်င္အေၾကာင္းမဟုတ္တာေတာင္ဒီအပူခ်ိန္ဆိုေတာ့ကား.. ဟုတ္မ်ားဟုတ္ေနရင္.. မင္းႏွာေခါင္းမွာ မီးသတိျပဳဆိုၿပီး ဆိုင္းဘုတ္ခ်ိတ္ရလိမ့္မယ္ထင္တယ္"
"တိတ္စမ္း.. ငါေမးတာသာေျဖ"
"ေမးေစဗ်ား.. ေမးေစ"
ရယ္က်ဲက်ဲမ်က္ႏွာနဲ႕ဟိုေဆာ့ကိုမ်က္လုံးေထာင့္ကပ္၍ေပေစာင္းေစာင္းၾကည့္လိုက္ၿပီး...
"အဲ့ဒါ.. နမ္းခ်င္စိတ္ေပ်ာက္သြားမယ့္ဂါထာေလးဘာေလးမ်ားမရွိဘူးလား.. သိခ်င္လို႔"
"အင္းးး.... ငါ့မွာ.... အ႐ူးေမာင္းတဲ့ဂါထာေတာ့ရွိတယ္.. အခု႐ြတ္လိုက္ရမလား။ ဒါမွမဟုတ္.. မင္းေျခေထာက္နဲ႕မင္းငါ့အခန္းထဲကထြက္သြားမလား"
"ဟက္! ဒါ.. ငါ့အိမ္.. ငါ့ဘာသာငါသြားခ်င္သြားမယ္.. မသြားခ်င္မသြားဘူး။ မေက်နပ္ရင္အိမ္ေျပာင္းလိုက္။အဲ့လိုကိုယ့္အသိစိတ္နဲ႕ကိုယ္အလိုက္တသိအိမ္ေျပာင္းေပးမယ္ဆိုရင္အရမ္းေပ်ာ္မိမွာ"
"မေျပာင္းပါဘူး.. မင္းေပ်ာ္သြားမွာဆိုးလို႔မေျပာင္းတာ။ ဒီမွာပဲေပကပ္ၿပီးေနဦးမွာ"
"ဟား.. ဟား..ရယ္ရတယ္။ငါ့ရဲ႕ေပ်ာ္႐ႊင္မႈေတြကိုစိုးမိုးျခယ္လွယ္နိုင္ေလာက္တဲ့အထိ မင္းကအေရးပါတဲ့လူစားလည္းမဟုတ္ဘူး"
ဤသို႔ျဖင့္တိတ္ဆိတ္ေမွာင္မိုက္ေနတဲ့သန္းေခါင္ယံဟာသူတို႔ႏွစ္ဦး၏တစ္ေယာက္တစ္ခြန္းအျပန္အလွန္စကားနိုင္လုသံေတြျဖင့္ၿမိဳင္ဆိုင္သြားေတာ့သည္။
********** **********
ႏွိုးစက္မျမည္ခင္စကၠန့္ပိုင္းအလို ေထာက္ဆိုတဲ့အသံေလးၾကားကတည္းကဖ်တ္ခနဲပြင့္လာသည့္မ်က္လုံးေတြက အျဖဴေရာင္မ်က္ႏွာက်က္ကိုခပ္ေတြေတြေငးေမာေန၏။ထို႔ေနာက္..ျမည္လာသည့္ႏွိုးစက္ကိုပိတ္လိုက္ၿပီးသံပတ္ေပးထားတဲ့အ႐ုပ္တစ္႐ုပ္လိုအိပ္ရာမွထလိုက္သည္။ ေခါင္းရင္းမွျပတင္းေပါက္ကိုဖြင့္ကာအျပင္ကိုၾကည့္မိေတာ့..အလင္းေရာင္ယဲ့ယဲ့ေလးသာမစို႔မပို႔ရွိေနသည့္ေကာင္းကင္ႀကီးသည္ပယင္းေရာင္ထေန၏။ အာ႐ုံတက္ခ်ိန္၏တိတ္ဆိတ္မႈသည္ အႏူးညံ့ဆုံးဆြဲေဆာင္မႈျဖင့္သူ၏စိတ္တို႔ကိုလြတ္လပ္ျခင္းမ်ားထံေခၚေဆာင္ဖို႔ေနရာအႏွံ႕တြင္ရွိေနၾကပုံက ၾကည္ႏူးခ်မ္းေျမ့စရာ...
"ဂြၽန္း... ဒီေန႕လည္း.. အေစာႀကီးသြားရမွာလား"
သစ္လြင္လတ္ဆတ္သည့္နံနက္ခင္းရဲ႕အရသာကိုခံစားရင္းၿပဳံးေနမိသည့္သူ႕မ်က္ႏွာသည္ခ်က္ခ်င္းဆိုသလိုတင္းမာခက္ထန္သြား၏။
"တံခါးေခါက္ၿပီးမွဝင္ရမယ္ဆိုတာမသိဘူးလား"
"မင္း.. အေမ့ကိုမ်က္ႏွာခ်င္းေတာင္အဆိုင္မခံဘဲေရွာင္ေနတာဘယ္ေလာက္ၾကာၿပီလဲ။ ဒီလိုမွမလုပ္ရင္.. ဒီေန႕လည္းမ်က္ႏွာေတာင္ျမင္ခြင့္ရမွာမဟုတ္ဘူး"
နမ္ဂြၽန္းကေဘာင္းဘီအိတ္ကပ္ထဲလက္ႏွိုက္၍သူ႕မ်က္ႏွာကိုဘာခံစားခ်က္မွမရွိဘဲပကတိတည္ၿငိမ္ေနေသာမ်က္ႏွာထားျဖင့္စိုက္ၾကည့္ေနသည္။ စကားေျပာလို႔ရၿပီလို႔ခြင့္ျပဳလိုက္တဲ့သေဘာမို႔အနည္းငယ္ေတာ့စိတ္သက္သာယာရသြားမိသည္။ ယခင္ကသူ႕အေပၚမွာႏြေးေထြးၿပီးသိတတ္လိမၼာတဲ့ သူ႕သားေလးဟာဒီႏွစ္အပိုင္းအျခားအတြင္းေျပာင္းလဲသြားလိုက္တာေၾကာက္စရာ။တစ္အိမ္တည္းအတူေနၾကၿပီးမ်က္ႏွာလည္းေတြ႕ခြင့္မရ.. စကားလည္းေျပာခြင့္မရ။ ဒီ ေလးႏွစ္အတြင္းသူတို႔ႏွစ္ေယာက္ေျပာျဖစ္တဲ့စကားအခြန္းေရကိုေရတြက္ၾကည့္မယ္ဆိုလွ်င္ လက္ဆယ္ေခ်ာင္းေတာင္ျပည့္မည္မထင္ပါ။
"အေမ့ရဲ႕ credit card ေတြကိုမင္းပိတ္လိုက္တာလား"
နမ္ဂြၽန္းကႏႈတ္ခမ္းကိုမဲ့႐ြဲ႕ရင္းစိတ္ပ်က္သြားေသာမ်က္ႏွာကိုအျခားဘက္သို႔လွည့္သြားသည္။
"ဒီေလာက္ျဖဳန္းခြင့္ရရင္ေက်နပ္သင့္ၿပီေပါ့.. ကိုယ့္ဟာလည္းမဟုတ္ဘဲနဲ႕"
"ဂြၽန္း"
"ေျပာခ်င္တာဒါပဲမဟုတ္လား.. ထြက္ေတာ့.. ကြၽန္ေတာ္အလုပ္သြားဖို႔ျပင္ဆင္ရဦးမယ္။ ဪ.. ဒီလအတြက္အသုံးစရိတ္ကိုအတြင္းေရးမႉးဂန္နဲ႕ပို႔ေပးလိုက္မယ္။ ေပးသေလာက္နဲ႕ေလာက္ငွေအာင္သုံးနိုင္ရင္ပိုေကာင္းတာေပါ့.. ဒီ့ထက္ေတာ့ဘာမွပိုမေပးနိုင္ေတာ့ဘူး"
"မင္း... "
"အစကတည္းက.. ဒီပိုင္ဆိုင္မႈေတြကကြၽန္ေတာ္တို႔ဟာမဟုတ္ဘူး.. အေမ။ ေက်းဇူးျပဳၿပီး.. ေလာဘေတြတက္မေနပါနဲ႕ေတာ့"
ေျပာၿပီးတာနဲ႕အေမ့ကိုေက်ာခိုင္းၿပီးေရခ်ိဳးခန္းထဲဝင္လာခဲ့သည္။ ခဏအၾကာမွာေတာ့အျပင္ကဒိုင္းခနဲတံခါးေဆာင့္ပိတ္သံၾကားရသည္.. သူ႕စကားေတြေၾကာင့္အရွိုက္ထိၿပီးေပါက္ကြဲသြားၿပီထင္ပါရဲ႕။ဒါေပမယ့္..မတတ္နိုင္ဘူးေလ။ ေျပာသင့္တာကိုေတာ့သိေအာင္..နားလည္ေအာင္ေျပာထားရမွာပဲ။ အဲ့ဒါေတြေၾကာင့္သူ.. အေမနဲ႕မ်က္ႏွာခ်င္းမဆိုင္ခ်င္ေတာ့တာ.. ငရဲရလြန္းလို႔.. လိုခ်င္တပ္မက္မႈေလာဘတစ္ခုအတြက္နဲ႕သူမ်ားအေပၚမွာကလိန္က်ေကာက္က်စ္ခဲ့တဲ့လူဟာသူ႕အေမကိုယ္တိုင္ပါလားဆိုသည့္အသိတစ္ခုတည္းနဲ႕တင္ဘယ္လိုမွေျဖဆည္လို႔မရလြန္းလို႔အေမ့ကိုသူေရွာင္ေနခဲ့တာ။
အေမ့မ်က္ႏွာကိုျမင္တိုင္း လြန္ခဲ့တဲ့ေလးႏွစ္ကအျဖစ္ႀကီးကိုမေတြးဘဲနဲ႕ေနလို႔မရ.. အေတြးထဲက႐ုန္းမထြက္နိုင္။ ေတြးမိတဲ့အခါတိုင္းလည္းနာၾကည္းစိတ္ကအသိဉာဏ္ထဲမွခုန္ထြက္ကာသူ႕မာန၊ သိကၡာနဲ႕ ကိုယ္က်င့္တရားတို႔ကိုရစရာမရွိေအာင္အဆုံးစြန္အထိေလာင္ၿမိဳက္၏။ ဒီလိုနဲ႕ပဲေလးႏွစ္လုံးလုံးအျပစ္သားတစ္ေယာက္လိုေနခဲ့ရတာ.. သူ႕မွာအျပစ္ရွိေၾကာင္းကို ဝန္ခ်ၿပီးမေတာင္းပန္နိုင္ေသးေတာ့ပိုဆိုးသည္။ ထိုစိတ္ေတြနဲ႕ပဲ သူ႕ရင္အစုံသည္ေန႕စဥ္နဲ႕အမွ်က်င္ရွကာတဆစ္ဆစ္နာေနရသည္။ ဒါေပမယ့္.. သူ႕ရည္မွန္းခ်က္ေတြအထမေျမာက္ေသးေတာ့လည္းအင္အားရွိသေလာက္စိတ္ကိုတင္းထားရဦးမည္။အခုအခ်ိန္မွာ.. သူအလုပ္ေတြႀကိဳးစားၿပီး႐ုန္းကန္ေနျခင္းမွာရည္႐ြယ္ခ်က္ႏွစ္ခုေၾကာင့္ျဖစ္သည္။
တစ္အခ်က္.. သူ႕အေမေၾကာင့္ပ်က္ဆီးလုလုျဖစ္သြားရတဲ့ Dal Group ကိုအက်ဥ္းအက်ပ္ၾကားကကယ္ထုတ္ၿပီးအေကာင္းမြန္ဆုံးအေျခအေနကိုေဖာ္ေဆာင္သြားဖို႔..
ႏွစ္အခ်က္.. Dal Group ကိုပိုင္ရွင္အစစ္အမွန္ရဲ႕လက္ထဲအျမန္ဆုံးျပန္အပ္နိုင္ဖို႔..
အဲ့ဒါမွသူလည္း.. လိပ္ျပာသန့္သန့္နဲ႕သူဆက္လက္အသက္ရွင္နိုင္လိမ့္မည္။ မဟုတ္ရင္သူ႕အေမက်ဴးလြန္ခဲ့တဲ့အျပစ္ေတြေၾကာင့္ဒုကၡပင္လယ္ေဝခဲ့တဲ့တစ္ေယာက္ေသာသူကိုအားနာရလြန္းလို႔... ကိုယ့္ကိုယ္ကိုလည္းဘဝနဲ႕ခ်ီၿပီးစိတ္နာရပါ၏။
"ေတာင္းပန္ပါတယ္.. အသဲရယ္။ ကိုယ့္ကိုတစ္သက္လုံးခြင့္မလႊတ္ပါနဲ႕"
*********** **********
"မနက္ေစာေစာစီးစီး.. အေရးတႀကီးေခၚတာ.. ဒါလုပ္ဖို႔လား"
အဖိုးကသူ႕အေမးကိုမေျဖဘဲစစ္တုရင္ခုံေပၚတြင္နယ္႐ုပ္ေလးမ်ားကိုဂ႐ုတစိုက္စီေန၏။ မ်က္ႏွာထားကေတာ့.. ခ်ိဳသာသည္လည္းမဟုတ္.. တင္းမာသည္လည္းမဟုတ္မို႔ဘာအႀကံအစည္နဲ႕သူ႕ကိုလာခဲ့ဖို႔ေခၚလဲဆိုတာခန့္မွန္းရခက္ပါ၏။
"ေျမးေလး.. ေဂ်ာင္ကု"
"ဟုတ္"
"ငါ့ေျမးေလး... တစ္ဦးတည္းရွိတဲ့အဖိုးတန္ေျမးေလးကို.. အဖိုးက.. အၿမဲတမ္း... "
သူ႕မ်က္ႏွာကိုေမာ့ၾကည့္လာတဲ့အဖိုးရဲ႕မ်က္ဝန္းေတြကမ်က္ရည္ေတြစိမ့္အိုင္ေဝ့ဝဲေနသေယာင္ထင္ဟပ္ေစတာမို႔အဖိုးဆက္ေျပာလာမယ့္စကားတို႔ကိုေတြးဆရင္း ရင္ထဲမွာလွိုက္ခနဲၾကည္ႏူး...
"အၿမဲတမ္း... အယုံအၾကည္မရွိဘူးဆိုတာသိတယ္မဟုတ္လား"
ဪ.. လက္စသတ္ေတာ့မ်က္ရည္ဝဲေနတာဘယ္ဟုတ္ပါ့မလဲ။ အသက္ႀကီးၿပီးေရတိမ္ျဖစ္ခ်င္ေနလို႔.. အရည္လဲ့ေနတာကိုး။
"သိတယ္.. သိတယ္.. အဲ့ဒါေျပာခ်င္လို႔ဒီအထိတကူးတကေခၚလိုက္တာလား"
"မဟုတ္ဘူး။ က်န္ေသးတယ္.. နားေထာင္"
အဖိုးက chamomile tea ကိုတစ္ငုံေသာက္လိုက္ၿပီးထိုင္ခုံေနာက္မွီတြင္ခါးဆန့္၍ထိုင္လိုက္သည္။
"အဖိုးသူငယ္ခ်င္း.. လီေျဗာင္မန္ကိုသိတယ္မဟုတ္လား"
"အင္း.. သိတယ္ေလ"
"အဖိုးက.. အဲ့ဒီ့ေျဗာင္မန္ကိုအၿမဲအနိုင္ရခဲ့တယ္ဆိုတာကိုလည္းသိတယ္ေနာ္"
"အင္း"
"ေအး... အဲ့ဒါဆို.. သိရဲ႕သားနဲ႕ဘာလို႔ဒီလိုႀကီးေန,ေနလဲ။ မင္းအသုံးမက်လိဳ႕.. ငါအခုသူ႕ကိုအရႈံးေပးရေတာ့မယ္"
"ကြၽန္ေတာ္နဲ႕ဘာဆိုင္လို႔လဲ"
"ဆိုင္တာေပါ့.. ေျဗာင္မန္ကမၾကာခင္ ျမစ္ခ်ီရေတာ့မယ္။ ငါ့အတြက္.. ဘယ္မလဲ.. ျမစ္။ ျမစ္ေလးတစ္ေယာက္ေလာက္ေခၚလာဖို႔မေျပာနဲ႕.. ရည္းစားတစ္ေယာက္ေတာင္အခုခ်ိန္ထိအိမ္ေပၚကိုေခၚမလာနိုင္ေသးဘူး။ အဲ့ဒါေတြေၾကာင့္.. မင္းကိုငါအယုံအၾကည္မရွိတာ.. ငါလြန္သလား.. ေျပာ"
"ဟယ္... အျပစ္ကလည္းအဆန္းပါလား"
"တိတ္စမ္း။ ဒီေတာ့ကား.. တစ္လအတြင္း.. ရည္းစားရေအာင္ရွာ.. မရလို႔ကေတာ့ မင္းကိုအေမြျဖတ္ပစ္မွာ။ မယုံမရွိနဲ႕.. ဒါပဲ.. ျပန္ေတာ့.. ဒါေျပာခ်င္လို႔ေခၚလိုက္တာ"
ဤကဲ့သို႔.. ရာဇသံအဆုံးမွာသူ႕ကိုၾကည့္ေတာင္မၾကည့္ေတာ့ဘဲေခါင္းငုံ႕ကာစစ္တုရင္႐ုပ္ေလးေတြကိုဟိုေ႐ႊ႕ဒီေ႐ႊ႕လုပ္ေန၏။ သူ႕ကိုဖုတ္ေလတဲ့ငပိရွိတယ္လို႔ေတာင္ေအာင့္ေမ့ပုံမရ.. ေတာ္ေတာ္ခ်စ္စရာေကာင္းတဲ့အဖိုး။
~ေတာင္~
အဖိုးအိမ္မွအျပန္ကားေမာင္းေနတုန္းဖုန္းမွျမည္လာသည့္ notification သံေၾကာင့္ကားကိုအလ်င္စလိုလမ္းေဘးခ်ရပ္လိုက္သည္။ဒီေန႕မနက္အလုပ္မသြားခင္သူ႕ရဲ႕ေမတၱာတုံးေလးကိုသြားေတြ႕ဖို႔စီစဥ္ထားေပမယ့္.. ျပန္ေတာ့လို႔ေျပာၿပီးစစ္တုရင္တစ္ပြဲၿပီးတစ္ပြဲကစားခိုင္းတဲ့အဖိုးေၾကာင့္ဒီေန႕အလုပ္ေတာင္မသြားနိုင္ဘဲညေနေစာင္းအထိအဖိုးရဲ႕အိမ္မွာပဲအခ်ိန္ကုန္ခဲ့ရတာမို႔ လြမ္းေနရတဲ့ေမတၱာတုံးေလးရဲ႕မ်က္ႏွာေလးကိုျမင္ေတြ႕ခြင့္ရမယ့္အခြင့္အေရးကိုလက္လြတ္ခဲ့ရသည္။ ထို႔ေၾကာင့္...
"မဂၤလာပါ.. ေဈးသည္ေလး ကင္ေဆာ့ဂ်င္ျပန္လာပါၿပီ"
ေခါင္းေလးကိုငဲ့ကာမ်က္ခုံးေလးပင့္တင္ရင္းခ်စ္စဖြယ္ေကာင္းတဲ့အမူအရာေလးေတြနဲ႕လူစိတ္ဝင္စားလာေအာင္ေျပာတတ္တဲ့သူ႕ရဲ႕ေမတၱာတုံးေလးဟာစကားေျပာေနရင္းနဖူးေပၚခုန္ခ်လာတတ္ေသာဆံပင္စေလးမ်ားကိုသပ္တင္ရင္းရွက္ၿပဳံးေလးေျပာျပတတ္ေသးသည္။ စကားေျပာသံကႏူးညံ့ညင္သာသလို အသံအနိမ့္အျမင့္ကအစကမ္းေျခမွာစင္ေရာ္တစ္ေကာင္ဝဲေနသလိုနားေထာင္၍ေကာင္းသည္။
သူ.. ဖုန္းစခရင္ထက္တြင္ျမင္ေနရတဲ့ေမတၱာတုံးေလးရဲ႕အမူအရာ၊ လႈပ္ရွားမႈေသးေသးေလးကအစမ်က္ေတာင္မခတ္ဘဲသြားႀကီးၿဖဲကာမမွိတ္မသုန္လိုက္ၾကည့္ေနစဥ္.. ျမင္ေတြ႕ေနရတဲ့ comment တစ္ခ်ိဳ႕ေၾကာင့္ေဒါသကေထာင္းခနဲ။ ဘာတဲ့...
"ပစၥည္းယူၿပီးအနမ္းနဲ႕ရွင္းလို႔ရလား"
"ကုန္ပစၥည္းထက္ လႈပ္စိ,လႈပ္စိႏႈတ္ခမ္းလုံးလုံးေလးကပိုစိတ္ဝင္စားဖို႔ေကာင္းတယ္"
"တို႔ကလူကိုပဲအပိုင္သိမ္းခ်င္တာ"
"ေဆာ့ဂ်င္ရွီ.. တို႔ကေလးေတြရဲ႕အေဖျဖစ္ေပးလို႔ရမလား.. အမယ္..user ID ကလည္း ကင္ေဆာ့ဂ်င္ရဲ႕ရင္ဘတ္ေပၚကမွဲ႕ကေလး.. တဲ့"
"ဘာေတြလဲဟ.. အဲ့လိုႏွာေခါင္းမီးေတာက္ေတြလည္းရွိတာပဲလား။ မျဖစ္ဘူး.. မျဖစ္ဘူး.. သူ႕ကိုဒီအလုပ္ကိုဆက္လုပ္ခိုင္းလို႔မျဖစ္ေတာ့ဘူး"
"ငါလည္းကိုင္ၾကည့္ခ်င္တယ္ေလကြာ။ ခဏေလးပဲဟာ.. ၿပီးရင္ျပန္ေပးမွာေပါ့"
"မေပးဘူးကြာ.. ဘာျဖစ္လဲ။ လိုခ်င္ရင္မင္း Appa ကိုဝယ္ခိုင္းေပါ့"
ကေလးသံေလးေတြနားထဲဝင္လာသျဖင့္ဖုန္းကိုၾကည့္ေနရင္းအမွတ္တမဲ့နားစြံ႕ၿပီးသားျဖစ္သြားသည္။ သူ႕ကားရပ္ထားမိသည့္ေနရာကလည္းေန႕ကေလးထိန္းေက်ာင္းနားက ကစားကြင္းေရွ႕တည့္တည့္..ဖုန္းကိုသိမ္းၿပီးအျပင္ကိုလွမ္းၾကည့္လိုက္ေတာ့... သူ႕ျမင္ကြင္းထဲဝင္လာသည့္ကေလးငယ္ေလးႏွစ္ဦး။ တစ္ေယာက္ကသူ႕ကိုေက်ာခိုင္းထားၿပီးတစ္ေယာက္ကေတာ့သူ႕ဘက္ကိုမ်က္ႏွာမူထားသည္။ သူ႕ဘက္ကိုမ်က္ႏွာလွည့္ထားတဲ့ကေလးငယ္ေလးက..
"ေအာ.. ဟူခ်ဴေလးပဲ"
ဟူခ်ဴက တစ္ဖက္က႐ြယ္တူေကာင္ေလးႏွင့္တစ္ခုခုကိုအေခ်အတင္ေျပာေနပုံရသည္။ ၾကည့္ရတာေတာ့.. ဟူခ်ဴက ေကာင္ေလးလက္ထဲက bumblebee အ႐ုပ္ကေလးနဲ႕ခဏေလာက္ေဆာ့ခ်င္ေနတာကိုဟိုေကာင္ေလးကေပးမေဆာ့လို႔စကားမ်ားရင္းအ႐ုပ္လုေနၾကတဲ့ပုံ..
"ငါ့ကိုခဏေလးေပးေဆာ့ရလို႔ဘာျဖစ္သြားမွာမို႔လို႔လဲ။ မင္းအ႐ုပ္ကပဲ့က်သြားမွာလည္းမဟုတ္ဘူး"
"ဘာလဲ.. မင္း Appa ကဒါမ်ိဳးမဝယ္ေပးနိုင္လို႔မဟုတ္လား။ အဲ့ဒါေၾကာင့္.. သူမ်ားအ႐ုပ္ကိုလိုက္လုေနရတာမဟုတ္လား"
"မဟုတ္ဘူး.. ဝယ္ေပးနိုင္တယ္။ ငါ့ Appa မွာလည္းပိုက္ဆံအမ်ားႀကီးရွိတယ္"
"မဟုတ္ဘဲနဲ႕။ ၿပီးေတာ့ငါ့ Eomma ကေျပာတယ္.. မင္း Appa ကအက်င့္မေကာင္းဘူးတဲ့။ မင္းနဲ႕မေဆာ့နဲ႕တဲ့.. အက်င့္မေကာင္းတာေတြကူးသြားလိမ့္မယ္တဲ့"
"မဟုတ္ဘူး.. ငါ့ Appa ကအဲ့လိုမဟုတ္ဘူး။ ငါ့ Appa ကိုအဲ့လိုမေျပာနဲ႕"
"အ!"
ကင္ေဆာ့ဂ်င္ရဲ႕သားပီသပါေပတယ္။ အ႐ုပ္ကိုမလြတ္တမ္းလုေနရင္းတစ္ဖက္က ကေလးကိုေျခေထာက္နဲ႕ပိတ္ကန္ပစ္လိုက္တာ.. ဟိုကေလးခမ်ာေျမႀကီးေပၚဘိုင္းခနဲဖင္ထိုင္ယက္ကိုလဲေရာ။ ေကာင္းတယ္.. နည္းေတာင္နည္းေသးတယ္။ လူကျဖင့္လက္ေတာက္ေလာက္နဲ႕သူမ်ားရဲ႕အဖိုးတန္ Appa ေလးကိုထိပါးေျပာဆိုခ်င္တာကိုး...သူၾကည့္ေနရင္းေက်နပ္အားရစြာၿပဳံးမိေသးသည္။ ဟူခ်ဴဆိုတဲ့ေကာင္ေလးကလည္းႏုႏု႐ြ႐ြေလးဆိုေပမယ့္မဟုတ္မခံရန္စြာရဲတဲ့သတၱိရွိပုံေလးကသူ႕ Appa လိုပဲခ်စ္စရာ..
"ဆရာမေရ.. ဆရာမေရ.. ဒီမွာ.. ကင္ဟူခ်ဴ.. သားကိုေျခေထာက္နဲ႕ကန္တယ္.. အီး.. ဟီး"
အကန္ခံလိုက္ရတဲ့ကေလးကအာၿပဲႀကီးနဲ႕ငိုရင္း အာေခါင္ျခစ္ေအာ္ေတာ့အထဲမွဆရာမတစ္ေယာက္အေျပးတစ္ပိုင္းထြက္လာသည္။ ဟူခ်ဴေလးကေတာ့ရွိန္သြားပုံမေပၚဘဲႏႈတ္ခမ္းေလးကိုတင္းတင္းေစ့ၿပီးမတ္မတ္ေလးရပ္ေနသည္။ အေၾကာတင္းေလးပါကြာ..
"ဟုတ္လား.. ဟူခ်ဴ။ မင္ဝူးကိုသားကန္လိုက္တာလား"
"ဟုတ္တယ္။ သူက.. ဟူခ်ဴ႕ Appa ကိုမေကာင္းေျပာတာကိုး"
"အို.. ဘာပဲျဖစ္ျဖစ္.. သူငယ္ခ်င္းအခ်င္းခ်င္းကိုယ္ထိလက္ေရာက္လုပ္တာမေကာင္းပါဘူး။ ေနာက္တခါမင္ဝူးကအဲ့လိုစကားမ်ိဳးေျပာရင္.. ဆရာမကိုလာတိုင္။ ဆရာမသူ႕ကို အျပစ္ေပးမယ္.. ၾကားလား"
"ဟုတ္"
"မင္ဝူး.. ထ.. ဆရာမေဆးလိမ္းေပးမယ္။ ဟူခ်ဴက.. ဒီမွာေနခဲ့ၿပီးကိုယ့္အျပစ္ကိုယ္ ၁၅မိနစ္ျပန္သုံးသပ္ရမယ္"
မင္ဝူးဆိုတဲ့ေကာင္ေလးကိုဆရာမကခ်ီၿပီးအထဲကိုေခၚသြားေတာ့ဟူခ်ဴေလးတစ္ေယာက္တည္းေတာင့္ေတာင့္ေလးရပ္ရင္းက်န္ေနခဲ့သည္။ သူကကားေပၚကဆင္းလိုက္ၿပီး..
"ဟိတ္.. င႐ုတ္ေကာင္းေလး"
"ေအာ.. "
သူ႕ကိုျမင္ေတာ့ၿပဳံးေယာင္သမ္းသြားတဲ့မ်က္ႏွာေလးမွာမ်က္လုံးဝိုင္းေလးေတြကတလက္လက္ေတာက္ေန၏။ ဟူခ်ဴနဲ႕အရပ္တစ္တန္းတည္းျဖစ္သြားေအာင္ဟူခ်ဴ႕ေရွ႕တည့္တည့္ မုဆိုးဒူးေထာက္ထိုင္ခ်လိဳက္တဲ့သူ႕ကိုႏွာေခါင္းေလးရႈံ႕၍ၿပဳံးျပေသးသည္၊
"ဦးက ဟူခ်ဴ႕ဆီကိုလာလည္တာလား.. ဟူခ်ဴဒီမွာရွိတာဘယ္လိုလုပ္သိသြားတာလဲ"
"အာ.. လာလည္တာေတာ့မဟုတ္ဘူး။ ဒီနားကိုကိစၥရွိလို႔လာရင္းမင္းကိုေတြ႕လို႔လာႏႈတ္ဆက္တာ"
"ဪ... ဦးကထပ္ေတြ႕မယ္ေျပာၿပီးလာလည္းမေတြ႕ဘူး။ ဟူခ်ဴကေမွ်ာ္ေနေသးတာ"
မ်က္ႏွာေလးကညွိုးသြားလို႔ဘာေၾကာင့္ရယ္မသိ..သူ႕မွာစိတ္မေကာင္းျဖစ္ရေသးသည္။
"လာသားပဲ။ မင္းတို႔အိမ္ကိုေတာင္ေရာက္ခဲ့ေသးတယ္။ အဲ့တုန္းကမင္းကအိပ္ေပ်ာ္ေနတာကိုးကြ"
"ဟုတ္လား"
"အင္း.. အခုဒီမွာဘာလုပ္ေနတာလဲ"
"ဟူခ်ဴ.. ရန္ျဖစ္လို႔တဲ့။ အဲ့ဒါေၾကာင့္အျပစ္ေပးခံထားရတာ.. ဟင္းး"
ေျပာေနရင္းလူႀကီးေလးလိုသံရွည္ဆြဲၿပီးသက္ျပင္းခ်ပဳံေလးကလည္းအူယားဖြယ္အတိ။ ဘာရယ္မဟုတ္ဘဲ.. အဖိုးသာဟူခ်ဴ႕ကိုေတြ႕ရင္ခ်စ္မွာလို႔ေတြးလိုက္မိေသးသည္။
"အခုေနအတန္းထဲသြားလည္းဘာမွမထူးပါဘူးေလ.. ဟူခ်ဴ႕ကိုဘယ္သူမွမေခၚခ်င္ၾကဘူး"
"ဘာလို႔လဲ"
"မသိပါဘူး.. ဟူခ်ဴ႕ Appa ကလူမႈေရးေဖာက္ျပန္လို႔တဲ့။ ဒါနဲ႕.. ဦး.. လူမႈေရးေဖာက္ျပန္တယ္ဆိုတာဘာေျပာတာလဲ"
လူေတြမ်ားခက္လိုက္တာ.. ဒီကေလးေသးေသးေလးမွာဘာအျပစ္ရွိလို႔လဲ.. ေတြးရင္းေဒါသျဖစ္လြန္းလို႔အံေတာင္ႀကိတ္မိသည္အထိ..
"အင္း.. ဟူခ်ဴကငယ္ေသးေတာ့အဲ့ဒါဘာေျပာတာလဲ.. သိစရာမလိုေသးေပမယ့္...အဲ့ဒါမေကာင္းတဲ့စကားပဲ။ ေနာက္တစ္ခါ.. ဟူခ်ဴ႕ကိုတစ္ေယာက္ေယာက္ကအဲ့လိုစကားမ်ိဳးလာေျပာရင္.. လက္သီးနဲ႕.. ေဟာဒီလို.. ေဟာဒီလို... ၿပီးေတာ့ေျခေထာက္နဲ႕.. ဟိုင္းယား.. ဒီလို"
သူက boxing ကစားသည့္ဟန္ျဖင့္လက္သီးကိုသုံးေလးခ်က္ေလာက္ထိုးျပၿပီး.. ေလထဲကို Bruce Lee လိုေျခေထာက္နဲ႕ႏွစ္ခ်က္ေလာက္ကန္ျပလိုက္ေတာ့ဟူခ်ဴကသြားေလးေတြေပၚေအာင္ရယ္ရင္းဖ်ံေလးလိုတဖ်တ္ဖ်တ္လက္ခုပ္တီးသည္။
"ဝါး... ေတာ္လိုက္တာ"
ဘဝမွာစိတ္လိုလက္ရခ်ီးမြမ္းခံရတာဒါပထမဆုံးအႀကိမ္လိုခံစားမႈမ်ိဳး.. ရင္ထဲမွာတစ္ခုခုကပင့္မထားသလိုလွိုက္တက္လာၿပီးမ်က္ရည္ေတာင္ဝဲခ်င္လာသည္။ ဒီကင္ေဆာ့ဂ်င္တို႔သားအဖကဘယ္လိုေမွာ္အတတ္ေတြနဲ႕မ်ားသူ႕ဘဝႀကီးတစ္ခုလုံးနဲ႕ရင္းပစ္ခ်င္ေလာက္ေအာင္ျပဳစားထားပါလိမ့္..
"ဟူခ်ဴ"
"ဟင္"
"ခဏေလာက္... ဖက္ထားလို႔ရမလား"
ဟူခ်ဴကေခါင္းညိတ္ျပၿပီးသူ႕လည္ပင္းကိုလက္ကေလးမ်ားျဖင့္သိုင္းဖက္လာသည္.. ၿပီးေတာ့ႏွာဝသို႔တိုးဝင္လာတဲ့ေခြၽးနံ႕ေလးေရာေနေပမယ့္သင္းသင္းကေလးေမႊးေနသည့္ေပါင္ဒါနံ႕ေလး.. ထိုအခိုက္အတန့္ေလးမွာ.. ဘာရယ္လို႔အတည္တက်မသိနိုင္တဲ့သိမ့္ေသာၿငိမ့္ေသာေဝဒနာတို႔ကမီးရႉးမီးပန္းေဖာက္လိုက္သလိုခႏၶာကိုယ္အႏွံ႕လွိုက္ကာ, လွိုက္ကာလြင့္စင္ထြက္ေန၏။
"ဟူခ်ဴ"
သူကလူခ်င္းခြာ၍ဟူခ်ဴ႕မ်က္ႏွာေလးကိုၾကည့္လိုက္ေတာ့ဟူခ်ဴကလည္းသူ႕ကိုမ်က္လုံးေတာက္ေတာက္ေလးမ်ားျဖင့္ျပန္စူးစိုက္ၾကည့္ေနသည္။
"ဟူခ်ဴ.. bumblebee အ႐ုပ္လိုခ်င္လား"
"အင္း"
"ဟူခ်ဴ႕ကို.. ဦး.. လက္ေဆာင္ေပးမယ္"
"ဒါ.. ဒါေပမယ့္.. Appa က.. "
"ခဏေလး.. ဒီအတိုင္းအလကားေပးမွာမဟုတ္ဘူး။ ဟူခ်ဴက.. ဦးကို.. စာေလးတစ္ေစာင္ေရးေပးရမယ္"
********** **********
"ဟူခ်ဴ.. အကၤ်ီလဲၿပီးၿပီလား။ ျမန္ျမန္လုပ္ေလ.. ဗိုက္ဆာၿပီဆို။ ဒီမွာ.. ညစာစားဖို႔အကုန္အဆင္သင့္ျဖစ္ေနၿပီ"
ခဏအၾကာမွာေတာ့ၾကားလိုက္ရသည္က.. တခစ္ခစ္ရယ္သံေလးနဲ႕အတူစိတ္လႈပ္ရွားျခင္းမ်ားစြာျဖင့္ေျပးလာတဲ့ေျခသံေလး.. ထိုအသံေလးေတြကသူ႕အတြက္ေတာ့ကမၻာေပၚမွာအခ်ိဳၿမိန္ဆုံးဂီတပဲ။
"Appa.. လာ.. လာ.. ဟူခ်ဴ႕အနားကိုလာ"
ဟူခ်ဴကသူ႕ကိုလက္ယက္ေခၚၿပီးမ်က္ႏွာခ်င္းဆိုင္တြင္ထိုင္ေစသည္။ ထို႔ေနာက္လက္ေသးေသးေလးမ်ားျဖင့္သူ႕ကိုတင္းေနေအာင္ဖက္ထားသည္။ မလုပ္စဖူးထူးျခားတဲ့အျပဳအမူေလးမို႔ႏွစ္ၿခိဳက္စြာၿပဳံးေနမိေတာ့သည္။ အရင္တုန္းကဆိုသူကပဲအတင္းလိုက္နမ္းရ.. လိုက္ဖက္ရတာပါ..
"အမယ္.. ထူးထူးျခားျခားပါလား။ ဘာလိုခ်င္လို႔လာခြၽဲေနတာလဲ.. ေျပာပါဦး"
"Appa က.. တစ္ေန႕ရွစ္ႀကိမ္အဖက္ခံဖို႔လိုေနတယ္ဆို"
"ဟင္! ဟူခ်ဴ.. ဒါကို.. ဘယ္လို... "
~တင္းေတာင္.. တင္းေတာင္~
"Appa... ဧည့္သည္"
"ဧည့္သည္?"
ဒီေန႕မွထူးထူးျခားျခားအူျမဴးေနတဲ့ဟူခ်ဴကသူ႕ကိုေတာင္မေစာင့္ဘဲအိမ္ေရွ႕ကိုလွစ္ခနဲေျပးထြက္သြား၏။ဧည့္သည္ဆိုတာဘယ္သူပါလိမ့္.. ဂ်ီမင္းေတာ့မျဖစ္နိုင္.. ဂ်ီမင္းဆိုရင္ဒီအတိုင္းတန္းဝင္လာမွာေပါ့.. passcode သိေနတာပဲ။ ဒါဆို.. ဘယ္သူ..
~ခ်ေလာက္~
"ေအာ.. တကယ္ေရာက္လာတာပဲ"
ဟူခ်ဴ႕ရဲ႕ဝမ္းေျမာက္ဝမ္းသာႏႈတ္ဆက္သံအဆုံးမွာအျပင္ကဝင္လာတဲ့လူကိုၾကည့္လိုက္ေတာ့...
"ခင္ဗ်ား.. ခင္ဗ်ားက.. ဒီကို.. ဘယ္လို.. ဘာလာလုပ္တာလဲ.. ဘာကိစၥရွိလို႔လဲ"
"Appa.. ဧည့္သည္ကိုပ်ဴပ်ဴငွာငွာဆက္ဆံရမယ္ေလ။ အဲ့လိုေလသံမာမာနဲ႕ေျပာတာဟူခ်ဴမႀကိဳက္ပါဘူး"
"ဘာ.. "
"ဟုတ္တယ္.. ဟူခ်ဴ႕ Appa ကဆက္ဆံေရးအရမ္းက်ဲတာပဲ။ ဦးကသူ႕ကိုခင္ခ်င္ပါတယ္.. သူကသာ.. အလကားေနရင္းတစ္ဖက္သက္ရန္လိုေနတာ"
"Appa.. အဲ့လိုလူမႈေရးေခါင္းပါတာမ်ိဳးဟူခ်ဴမႀကိဳက္ဘူးေနာ္"
ေျပာတဲ့စကားအသုံးအႏႈန္းကလူနဲ႕မလိုက္ဖက္ပုံမ်ား.. အဲ့ဒီ့လူမႈေရးေခါင္းပါးတယ္ဆိုတဲ့စကားကိုဘယ္သူကမ်ားဟူခ်ဴ႕ကိုသင္ေပးလိုက္ပါလိမ့္..
"ေနပါဦး.. ခင္ဗ်ားကိုဘယ္သူကဖိတ္လို႔သူမ်ားအိမ္မွာဧည့္သည္လာလုပ္တာလဲ"
ထုံးစံအတိုင္းေထာင့္မက်ိဳးတဲ့မ်က္ႏွာထားနဲ႕ထိုအျမင္ကပ္စရာလူကသူ႕အေမးကိုမေျဖဘဲဟူခ်ဴ႕ဘက္ကိုေမးဆတ္ျပသည္။ လက္ထဲတြင္လည္းစကၠဴအိတ္ႀကီးတစ္ခုကိုကိုင္ထားေသးသည္။ ဘာေတြလဲ...
"ဟူခ်ဴဖိတ္ထားတာ.. ဟူခ်ဴ႕ဧည့္သည္။ ဦး.. ဟူခ်ဴ႕ရဲ႕ဖိတ္စာကို Appa ကိုျပလိုက္ေလ"
ဂြၽန္ေဂ်ာင္ကုဆိုတဲ့အျမင္ကပ္စရာလူသားကအေျခအေနအရပ္ရပ္ကိုနားမလည္နိုင္ျဖစ္ေနတဲ့သူ႕မ်က္ႏွာကိုစူးစိုက္ၾကည့္ရင္းအိတ္ကပ္ထဲမွစကၠဴေခါက္ေလးတစ္ခုထုတ္ၿပီးသူ႕ကိုလွမ္းေပးသည္။ ဒီလူ႕ဆီကစကၠဴေခါက္ေလးေတြထြက္ထြက္လာရင္သူ႕မွာမ်က္ခုံးလႈပ္လြန္းလို႔..
"ဘယ္လို! အေႂကြး? ဟူခ်ဴကဘာအေႂကြးေတြဘယ္လို.."
"ကေလးေတာင္အေႂကြးဆိုတာဆပ္ရေကာင္းမွန္းသိတယ္။ တစ္စုံတစ္ေယာက္လိုအေႂကြးဆပ္စရာရွိတာကိုမသိခ်င္ေယာင္ေဆာင္မေနဘူး"
သူကဂြၽန္ေဂ်ာင္ကုကိုမ်က္ေစာင္းတစ္ခ်က္ထိုးလိုက္ၿပီးဟူခ်ဴ႕ဘက္လွည့္ကာ..
"ဟူခ်ဴ.. အေႂကြးဆိုတာဘာကိုေျပာတာလဲ"
"ဦးက ဟူခ်ဴ႕ကိုလက္ေဆာင္ေပးမယ္လို႔ကတိေပးထားလို႔"
"လက္ေဆာင္?"
"ေရာ့.. ဒါဟူခ်ဴ႕အတြက္"
ေျပာေျပာဆိုဆိုနဲ႕ေဂ်ာင္ကုကလက္ထဲမွစကၠဴအိတ္ႀကီးကိုဟူခ်ဴ႕ထံလွမ္းေပးလိုက္သည္။ အိတ္ထဲမွထြက္လာသည္က Packaging ကိုၾကည့္တာနဲ႕တန္ဖိုးမေသးမွန္းတန္းခနဲသိနိုင္တဲ့ကေလးကစားစရာစက္႐ုပ္တစ္႐ုပ္..
"ဝါး.. မိုက္တယ္။ ေက်းဇူးတင္ပါတယ္ခင္ဗ်"
"ဒါ.. ဘာလုပ္တာလဲ"
"လက္ေဆာင္ေပးတာေလ"
"ခင္ဗ်ား... "
စိတ္ရွိလက္ရွိေအာ္ပစ္လိုက္ဖို႔ျပင္ၿပီးမွအနားမွာဟူခ်ဴရွိေနေသးတာကိုသတိရၿပီးေလသံကိုျပန္ေလွ်ာ့ကာ..
"ဟူခ်ဴ.. အဲ့အ႐ုပ္ကိုခ်ၿပီးဧည့္ခန္းထဲမွာၿငိမ္ၿငိမ္ေလးထိုင္ေန။ ၿပီးေတာ့.. ခင္ဗ်ား... အေနာက္ကလိုက္ခဲ့"
ေဒါသေတြေၾကာင့္ဝရန္တာဆီဦးတည္ေနတဲ့သူ႕ေျခလွမ္းေတြကေဘာက္ဆတ္ဆတ္.. ဟိုလူကေတာ့.. မ်က္ႏွာထားေရာအမူအရာပါတည္တည္ၿငိမ္ၿငိမ္ပင္.. ေဘာင္းဘီအိတ္ထဲလက္ထည့္ကာ သူ႕ေနာက္မွေအးေအးလူလူလိုက္လာသည္။ ဝရန္တာကိုေရာက္ေတာ့ဧည့္ခန္းထဲသူတို႔အသံေတြမဝင္ေစရန္မွန္တံခါးကိုပိတ္လိုက္ၿပီးအျမင္ကပ္စရာလူရဲ႕မ်က္ႏွာကိုစူးစူးရဲရဲၾကည့္လိုက္သည္။
"ခင္ဗ်ား.. ဒါဘာလုပ္တာလဲ။ ဘာအႀကံနဲ႕ သူမ်ားကေလးကိုလာဖ်က္ဆီးတာလဲ"
"ဖ်က္ဆီးတယ္? လက္ေဆာင္ေလးေပးမိတာအဲ့ေလာက္ေတာင္အျပစ္ႀကီးသြားတာလား"
"ႀကီးတာေပါ့။ ကြၽန္ေတာ္ကကြၽန္ေတာ့္ကေလးကိုစည္းနဲ႕ကမ္းနဲ႕ထားတာ။ ပူဆာတိုင္းအ႐ုပ္မဝယ္ေပးဘူးဆိုတာကလည္းလြယ္လြယ္နဲ႕ရတဲ့ဟာမ်ိဳးဆိုတန္ဖိုးမထားမွာ၊ မလိုအပ္တဲ့ေနရာေတြမွာပိုက္ဆံျဖဳန္းတီးခ်င္တာမ်ိဳးျဖစ္မွာဆိုးလို႔.. ဆုေပးဒဏ္ေပးစနစ္ထားၿပီး... ထားပါေတာ့.. ခင္ဗ်ားလိုလူမ်ိဳးကဒါေတြေျပာလည္းနားလည္မွာမဟုတ္ဘူး။ ဒီေတာ့.. ကြၽန္ေတာ္ေျပာခ်င္တာက.. ဘာလို႔... "
"ခ်စ္လို႔"
"ဘာ!"
"ကေလးကို.. ခ်စ္လို႔.. ကိုယ္တတ္နိုင္လို႔လက္ေဆာင္ေပးတာေလ။ အဲ့ဒါဘာမွားလို႔လဲ"
"မလိုဘူး။ ခင္ဗ်ားလက္ေဆာင္.. ခင္ဗ်ားပဲျပန္ယူသြား"
"ဟာ.. ေပးၿပီးသားလက္ေဆာင္ကိုျပန္ယူသြားရင္ကေလး စိတ္မေကာင္းျဖစ္သြားမွာေပါ့။ မင္းက.. ဟူခ်ဴေပ်ာ္ေနတာကိုမျမင္ခ်င္ဘူးလား"
မွန္ကန္တဲ့ထိုစကားေၾကာင့္သူေတြေဝသြားရသည္။ ဒီလူေျပာတာမွန္သည္.. ဟူခ်ဴေလးဝမ္းနည္းသြားမွာကိုသူလည္းမလိုလားပါ။
"ေကာင္းၿပီေလ.. ဒီတစ္ႀကိမ္ေတာ့ရွိေစေတာ့။ ဒါေပမယ့္.. ဒါေနာက္ဆုံးျဖစ္ပါေစ။ ေနာက္ဘယ္ေတာ့မွဒါမ်ိဳးထပ္မလုပ္ပါနဲ႕။ ဟူခ်ဴနဲ႕လည္းထပ္မပတ္သက္နဲ႕။ ေနာက္လည္းအခုလိုအိမ္ကိုေရာက္လာတာမ်ိဳးထပ္မလုပ္ပါနဲ႕"
"မင္းေျပာသလိုလြယ္ေနရင္ မင္းဆီကိုမ်က္ႏွာေျပာင္တိုက္ၿပီးလာေနစရာအေၾကာင္းကိုမရွိတာ"
"ေအးေလ.. အဲ့ဒါေၾကာင့္.. ခင္ဗ်ားကိုမၾကည္ျဖဴတဲ့ေနရာကိုဘာလို႔လာ,လာေနတာလဲ"
ကြၽံထြက္လာတဲ့ရင္ခုန္သံကိုအနိုင္နိုင္ထိန္းရင္းညေနရီေနေရာင္ကေမတၱာတုံးေလး၏ပါးလ်စြာခြၽန္ေနေသာႏွာသီးဖ်ားကေလးေပၚက်ေနသည္ကိုျမတ္နိုးစြာေငးၾကည့္ေနမိသည္။ ေလျပည္ႏုႏုတို႔ရဲ႕က်ီစားမႈေၾကာင့္ဝဲလြင့္ေနေသာနားထင္မွဆံစကေလးမ်ားကိုသပ္တင္ကာနား႐ြက္ကေလးေနာက္မွာညွပ္ေပးမိတဲ့သူ႕လက္ကိုလွမ္းပုတ္ေသာေမတၱာတုံးေလးရဲ႕လက္ေခ်ာင္းေကာက္ေကာက္ေလးမ်ားကိုဖမ္းယူကာဆုပ္ကိုင္ထားမိသည္။
"သိလား.. when Harry met Sally ဆိုတဲ့႐ုပ္ရွင္ကားထဲကမွတ္မိေနတဲ့ dialogueေလးတစ္ခုရွိတယ္။ When you realize you want to spend the rest of your life with somebody, you want the rest of your life to start as soon as possible.. တဲ့"
သူကဆုပ္ကိုင္ထားတဲ့လက္ေခ်ာင္းေလးမ်ားကိုဖ်စ္ညွစ္ရင္း..
"အဲ့ဒါေၾကာင့္.. မင္းအနားကိုေရာက္, ေရာက္လာမိတယ္ထင္တယ္.. ကိုယ့္ရဲ႕က်န္ရွိေနေသးတဲ့သက္တမ္းကို မင္းနဲ႕ပဲျဖတ္သန္းခ်င္တာ.. ေသခ်ာသြားလို႔"
ၿပဳံးေယာင္သမ္းေနတဲ့ႏႈတ္ခမ္းပါးေတြ.. ေျပာသမွ်စကားတို႔ကအမွန္ေတြပါလို႔အင္တိုက္အားတိုက္ေထာက္ခံေနတဲ့ၾကည္လင္ေသာမ်က္လုံးဝိုင္းေလးေတြနဲ႕ ဒီအျမင္ကပ္စရာလူသားက..ဘာေၾကာင့္.. သူ႕ရဲ႕ေပ်ာ္႐ႊင္မႈေတြ၊ ႏြမ္းလ်မႈေတြကိုအပိုင္စားခ်င္ေနတာလဲ။ သူ.. ေၾကာက္ပါသည္။ ၾကာေလ.. ၾကာေလ.. တန္ဖိုးမထားဘဲမေနနိုင္ေတာ့မွာ.. သူေၾကာက္ပါသည္။
"ေယာက္်ားတကာကိုငိုျပလိုက္.. ရယ္ျပလိုက္နဲ႕ျမဴဆြယ္တတ္တဲ့.. တစ္ခုလပ္.. ကေလးတစ္ေယာက္အေဖနဲ႕.. က်န္ရွိေနေသးတဲ့သက္တမ္းကိုျဖတ္သန္းခ်င္တယ္.. ရယ္ရတယ္.. အဲ့ဒါက.. ဘယ္ေလာက္ခံမွာလဲ.. တစ္ပတ္လား.. ဆယ္ရက္လား.. တစ္လလား။ ဒီမွာ.. မျဖစ္နိုင္တာေတြေျပာမေနနဲ႕... "
"အခြင့္အေရးလည္းမေပးၾကည့္ဘဲနဲ႕.. ျဖစ္နိုင္လား.. မျဖစ္နိုင္လားကိုဘယ္လိုသိလဲ"
"အခြင့္အေရးေပးရင္ေရာ... ဘာဆက္ျဖစ္မွာလဲ"
"မင္းဘက္ကေခါင္းတစ္ခ်က္ပဲညိတ္လိုက္.. မင္းျဖစ္ခ်င္တာမွန္သမွ်အကုန္ျဖစ္ေစရမယ္"
Alice in Wonderland Syndrome ဆိုတဲ့ေရာဂါတစ္မ်ိဳးရွိတယ္.. မွန္ေျပာင္းကိုေဇာက္ထိုးၾကည့္ေနရသလိုမ်ိဳး.. အရမ္းကိုဆန္းၾကယ္ၿပီး.. ဝမ္းနည္းစရာေကာင္းတဲ့ေရာဂါေပါ့..
သူ႕မွာအဲ့ဒီ့ေရာဂါရွိေနၿပီထင္တယ္..
မဟုတ္ရင္.. ဘာလို႔.. ဒီအျမင္ကပ္စရာလူနဲ႕အတူရွိေနရင္.. နတ္သမီးပုံျပင္ထဲေရာက္သြားသလိုခံစားေနရတာလဲ..
********** **********
အခ်ိန္ေပးၿပီးဖတ္ေပးၾကတဲ့ reader ေလးေတြအားလုံးေက်းဇူးပါ 🥰
Paper deadline ေတြ.. အလုပ္က report deadline ေတြ.. deadline ေပါင္းေသာင္းေျခာက္ေထာင္နဲ႕ပိတ္မိေနတဲ့က်ယ္မ.. မေန႕နဲ႕ဒီေန႕ေပါင္းတာေတာင္ေလးနာရီျပည့္ေအာင္မအိပ္ရေသးလို႔လူလည္းအရမ္းဂါေနပါၿပီ။ ဒီေန႕ေတာ့တေနကုန္အိပ္ပစ္မယ္လို႔ေတြးထားတာ.. up ေပးပါဦးဆိုတဲ့မန့္ေလးေတြေတြ႕လို႔မေနနိုင္ဘဲ up ေပးလိုက္ပါတယ္။
အိပ္ေရးမဝလို႔ mood လည္းမဝင္.. ဒီၾကားထဲအေမပို႔လိုက္တဲ့ပဲပုတ္ေတြစားၿပီးမ်က္လုံးမဖြင့္နိုင္တဲ့ၾကားကေရးရတာမို႔လို႔အမွားေတြကိုသည္းခံေပးပါ။ တအားအိပ္ခ်င္ေနလို႔ျပန္လည္းမစစ္နိုင္ေတာ့ဘူး 😅