လွန်ခဲ့သော ဆယ်နှစ်ခန့်.....
“ဟဲ့ နင်သိပြီးပြီးလား အိမ်သာနားမှာ ဘုန်းမြင့်မြတ်ခွေးကိုက်ခံရလို့တဲ့”
ကလျာရဲ့ပြောစကားကြောင့် ကျွန်မထိတ်လန့်သွားမိသည်။သူအများကြီး အကိုက်ခံလိုက်ရတာလားမသိဘူး ဟူသည့် စိုးရိမ်စိတ်ကလေးများသည် ကျွန်မဆီသို့ အပြေးအလွှားဝင်ရောက်လာလေတော့သည်
“ဟုတ်လား ...အများကြီးအကိုက်ခံလိုက်ရတာလားဟင်..”
“သူများတွေပြောတာတော့ ခြေထောက်မှာ သွေးတွေအများကြီးပဲတဲ့”
“သူကလည်း ဘယ်လိုလုပ်ပြီး အကိုက်ခံလိုက်ရတာလဲ ခွေးနားသွားပြီး မျက်စိရှုပ်အောင် နေပြလို့ အကိုက်ခံလိုက်ရတာလားမသိဘူး...”
“အေးဟ အိမ်သာနားလေးမှာ ခွေးမကြီးသားကျနေလို့ ဆရာမက အဲ့နားသိပ်မသွားဖို့ပြောထားတယ်လေ”
“အေးဟ သူအိမ်သာသွားရင်း လိုက်ဆွဲခံရတာနေမှာ..”
“ဟော မိုးဥတု ..ပြောရင်းဆိုရင်း အကိုက်ခံရသူကြီးလာပါပြီ...”
ကလျာစကားကြောင့် မိုး အခန်းတံခါးကို လှမ်းကြည့်လိုက်တော့ ထော့နဲ့ထော့နဲ့နဲ့ တစ်လှမ်းချင်းဝင်လာပါသော ဘုန်းမြင့်မြတ်...
သူ့ဘေးတွင် လူများဝိုင်းအုံနေကာ တွဲသူက တွဲပေး ဒဏ်ရာကို ဝိုင်းကြည့်သူက ကြည့်နဲ့ ဆရာ/မတွေကအစ အကုန်ဗျာများနေကြရသည်
မိုးလည်း သူ့ဒဏ်ရာဘယ်လောက်နက်သွားသလဲသိချင်လို့ သူထိုင်နေတဲ့ ခုံနားလေးသို့ အများနည်းတူ လျှောက်လာခဲ့သည်
ဒဏ်ရာက သိပ်မများသော်လည်း အတန်အသင့်ဖြူဖွေးနေသောခြေသလုံးသားေပါ်တွင် အစွယ်နှစ်ခုရာက ခပ်နက်နက်စိုက်ဝင်နေလေသည်
သွေးများကတော့ အစွယ်ရာပေါ်တွင် ခပ်စို့စို့တော့ တင်ကျန်ရစ်နေသေးသည်
မိုး သူ့ကိုလှမ်းပြီးကြည့်လိုက်တော့ သကောင့်သားက သူ့ဘေးနားမှ သူများအား နာကျင်နေဟန်ဖြင့် မျက်နှာတစ်ခုလုံးရှုံ့တွပြကာ ပြောင်စပ်စပ်နှင့် အိုဗာအိုက်တင်ဟန်လုပ်ပြနေသေးသည်
တကယ်မနိုင်စိန်ပါ သူကတော့
ကျွန်မက ခပ်အေးအေးနေသလောက်
သူက တစ်လောကလုံးကို ပတ်မွှေတတ်သည့် နည်းနည်းလေးမှ ဂဏာမငြိမ်သည့် လူစားမျိုး
သူနဲ့ကျွန်မက မီးနဲ့ရေလိုမျိုး ဆန့်ကျင်ဘက်များသာ
ဒီလိုနဲ့ရက်လနှစ်တွေ တရွေ့ရွေ့ပြောင်းသွားခဲ့ပြီး သူလည်း လေးတန်းအောင် ငါးတန်းမှာ သူကျောင်းပြောင်းသွားခဲ့သည်
အဲ့နေ့ကို ကျွန်မမှတ်မိနေသေးသည် သူကျောင်းပြောင်းသွားသည်ကို ကျွန်မ မသိဘဲ သူ့ကို ကျောင်းတက်ခေါင်းလောင်းထိုးပြီးသည့်အချိန်ထိ စောင့်မျှော်နေမိခဲ့သည့် ကျွန်မအဖြစ်ကို ကျွန်မသိပ်ရယ်ချင်မိသည် လှောင်ရယ်ခြင်းမျိုးနဲ့လေ
ဒီလိုနဲ့ လေနှင်ရာ ပါလာတတ်တဲ့ သူ့သတင်းတွေကို ကျွန်မကြားရပါတယ် ဟိုက Boardထဲမှာ အဆင့်1ရတယ်ဆိုတဲ့အကြောင်းကို ကြားရတော့ ကျွန်မသူ့အပေါ် ပိုပြီး အထင်လည်း ကြီးသွားရသလို ဂုဏ်လည်း ယူမိတယ်
ကောင်းသတင်းနှင့်အတူ ဆိုးသတင်းလေးဟာလည်း ကျွန်မနားဖျားဝယ် တလူလူလွင့်လို့ ရောက်ရှိလာတယ်
သူဟိုကျောင်းတော်သစ်ကြီးမှာ သူတို့အတန်းရဲ့Queenလို့ သတ်မှတ်ထားတဲ့ ကောင်မလေးကို လိုက်နေတယ်တဲ့
ဒီ့ထက်ကျွန်မရင်ကို ပိုပြီးကိုင်လှုပ်နိုင်စွမ်းရှိတာက
ဟိုကောင်မလေးက အထာနဲ့ကြဲပစ်ခဲ့တဲ့ အသည်းပုံချိုချဉ်လေးတွေကို သူရော အခြားကောင်လေးတွေကပါ အလုအယက်ဝိုင်းကောက်ကြသတဲ့
ဟက် ကျွန်မမေးလိုက်ချင်ပါဘိ မင်းရဲ့မာနတွေ ဘယ်ရောက်သွားသလဲလို့
ပြီးတော့ ဒီလိုပညာသင်ချိန်အရွယ်မှာ ကျွန်မသူ့ကို အဲ့လိုဘက်တွေမှာ အားမသာစေချင်ပါ
ကျွန်မကိုယ်တိုင်လည်း သူ့အပေါ်မှာ ဖြစ်တည်နေမိတဲ့ သဘောကျနေမှုကို တတ်နိုင်သလောက် မေ့ပစ်ဖို့ ကြိုးစားနေတုန်းလေ
ကျွန်မသိပါတယ် ကျွန်မတို့အရွယ်က ဒါမျိုးတွေ စိတ်မဝင်စားသင့်ဘူးဆိုတာ
ဆယ်ကျော်သက်အရွယ် စိတ်ကစားမိကြတာကိုလည်း ကျွန်မသိပါတယ် ဒါကြောင့် ကျွန်မရဲ့သူ့အပေါ်ထားရှိတဲ့ ခံစားချက်တွေကို အဓိကတစ်ယောက်သောသူအပါအဝင်မည်သူတစ်ဦးတစ်ယောက်မှ သံသရမဝင်မိအောင် ကျွန်မဟန်ဆောင်ဖုံးကွယ်ထားခဲ့တယ်
ဒီလိုနဲ့ကျွန်မ ၇တန်းအောင် ၈တန်းမှာ သူတက်ရောက်နေတဲ့ကျောင်းတော်ဆီကို ပြောင်းလာခဲ့ရတယ်
ဒါက တိုက်ဆိုင်မှုသက်သက်ပါ ကျွန်မနဂိုရည်ရွယ်ထားတဲ့ကျောင်းက ကျွန်မအကိုရှိတဲ့ကျောင်းပါ အကြောင်းအမျိုးမျိုးကြောင့် ကျွန်မ ထိုကျောင်းမှာ မတက်ဖြစ်ဘဲ အ.ထ.က(၁)အထက်တန်းကျောင်းတော်ကြီးရှိရာဆီသို့ ကျွန်မပြောင်းရွှေ့လာခဲ့တယ်
ကျွန်မက သိပ်ရူးတယ် သိလား
ကိုယ်တိုင်လည်း ခူးမယူနိုင်သလို သူများခူးယူသွားမှာကိုလည်း ကျွန်မ မလိုလားပြန်ဘူး ဘာလို့ ငါမဟုတ်ရတာလဲဆိုတဲ့စကားကို ထပ်ကာထပ်ကာ ပြောရင်းပေါ့
ကျွန်မက အတ္တကြီးတယ်မလား ဒါပေမဲ့ သူပျော်မယ်ဆိုရင် ကျွန်မအရာအားလုံးကို ကျေနပ်ေပးနိုင်ပါတယ်
ကျွန်မရဲ့ကျန်ရှိနေတဲ့ အထက်တန်းနှစ်တွေမှာလည်း သူ့ကိုစောင်ကြည့်ရင်း ငေးမောရင်းဖြင့်သာ တဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပြန်ပါတယ်
သူကတော့ ရည်းစားတွေ ထည်လဲတွဲရင်း ဝါရင့်လို့လာခဲ့ပါပြီ သူ့ကို စောင့်ကြည့်နေတဲ့ကျွန်မကိုတော့ အခုထိမမြင်နိုင်ဆဲပါပဲ
ကျွန်မအေရှာင်အပုန်းကောင်းလို့ ထင်ပါရဲ့နော်
ဒီလိုနဲ့ ကျွန်မရဲ့ပျော်ရွှင်ဖွယ်အထက်တန်းကျောင်းသားဘဝလေးဟာ ပြီးဆုံးသွားခဲ့ပြီး နွေအားလပ်ရက်သို့ရောက်ရှိလာခဲ့ပါတော့တယ်
ကျွန်မဆုတောင်းမိတာ တစ်ခုရှိတယ်သိလား
ကျွန်မအခုခံစားနေရသလိုမျိုး သူ့ကို ပြန်ခံစားရစေချင်တယ် ဒီလိုတစ်ဖက်သတ်အချစ်က လူမသိသူမသိ မီးလို တမြေ့မြေ့ကျွမ်းလောင်ပြီး နာကျင်ခံစားရခက်စေကြောင်း သူ့ကို သိစေချင်တယ်
သူဝဋ်ပြန်လည်မယ်ဆိုရင်တောင် သူတစ်ဖက်သတ်ချစ်ရမယ့် မိန်းကလေးက ကျွန်မပဲ ဖြစ်ရမယ်
#crd to cover photo
This is my own novel