"ကိုယ် အလုပ်ကိစ္စနဲ့ ပြည်ပကို ခရီးထွက်ရမယ်... အထူးလေး လိုက်ခဲ့မလား"
"ဘယ်လောက်ကြာမှာတုန်း"
"တစ်ပတ်လောက်ပါပဲ"
ကျွန်တော်ပြောတော့ ခေါင်းတညိတ်ညိတ်လုပ်ပြီး နှစ်မိနစ်လောက် စဥ်းစားနေတယ်။ ပြီးမှ
"မလိုက်တော့ဘူးမောင်ထူး... ဒီမှာ ငါလည်းမအားဘူးလေ... ဒီတစ်ခေါက်တော့ မင်းတစ်ယောက်တည်းပဲ လွတ်လွတ်လပ်လပ်သွားလိုက်နော်"
"အင်း..အင်း.. ကျန်းမာရေးဂရုစိုက်နော်"
"အေးပါ... ဘာမှမဖြစ်စေရဘူး.. စိတ်ချလက်ချသာသွား"
"အင်း.. အဲ့ဒါဆို ဒီညနေပဲ ရုံးကလူတွေနဲ့ တစ်ခါတည်းလိုက်သွားလိုက်တော့မယ်"
ကျွန်တော်ပြောလိုက်တော့ ထူးအောင်က ခေါင်းညိတ်ပြပြီး ကျွန်တော့်အတွက် အထုပ်ဘာညာပြင်ပေးတယ်။ ပြီးတာနဲ့ လေယာဉ်က ဘယ်အချိန်ထွက်မှာလဲမေးတာကြောင့် ကျွန်တော်က လေယာဉ်ထွက်မဲ့အချိန်ကို ပြောပြပြီး ရုံးကိုပဲ တစ်ခါတည်းထွက်ခဲ့လိုက်တော့တယ်။
ညနေခင်း ကျွန်တော်တို့ လေယာဉ်ကွင်းကိုလာတော့ ထူးအောင်ကကြိုရောက်နေပါတယ်။ ပြည်ပထွက်မဲ့ ကျွန်တော်တို့အဖွဲ့ကိုမြင်တော့ သူ မျက်နှာတစ်ချက်ပျက်သွားတယ်။ နောက်တော့ ပျက်သွားတဲ့ သူ့မျက်နှာကို အပြုံးနဲ့ဖုံးပြီး ကျွန်တော့်ကို နှုတ်ဆက်တယ်။ အဲ့လိုနှုတ်ဆက်ပြီးမှ ကျွန်တော့်အနားကပ်လာပြီး မိန်းကလေးတွေများတယ်နော်တဲ့ လေသံတိုးတိုးနဲ့ပြောတယ်။ နောက်တော့ ကျွန်တော်တည်းမဲ့ ဟိုတယ်ဘာညာကိုမေးပြီး သူပြန်သွားတယ်။
ဒါပေမဲ့ ကျွန်တော် ဟိုနိုင်ငံရောက်ပြီး လေး၊ ငါးနာရီလောက်ကြာတော့ ထူးအောင်တစ်ယောက် သူထူးအောင်နဲ့အတူ ကျွန်တော့်ဆီ ရောက်လာပါတယ်။ သူ့အပြောကတော့ သူထူးအောင်က ကျွန်တော်နဲ့ မခွဲနိုင်ဘူးဆိုလို့ လိုက်ပို့ရတာပါတဲ့။ ကျွန်တော့်မှာ သဘောကျလွန်းလို့ မပြုံးဘဲမနေနိုင်ပါ။ ဒါက ထူးအောင်ရဲ့ သဝန်တိုနည်းတစ်မျိုးပဲ မဟုတ်လားလေ။
ကျွန်တော်တို့ ဒီနိုင်ငံမှာ နေရတဲ့ တစ်ပတ်လုံး ထူးအောင်က ကျွန်တော့်နောက်ကိုပဲ တစ်ကောက်ကောက်လိုက်တယ်။ နေရာတကာတိုင်း မြင်နေရတဲ့သူ့ကို ကျွန်တော့်ဝန်ထမ်းတွေက ဘယ်သူပါလိမ့်ဆိုတဲ့အတွေးနဲ့ အထူးအဆန်းလို ကြည့်တဲ့အခါမှာတော့ ထူးအောင်က ကျွန်တော့်အနားကိုကပ်ပြီး မင်းဝန်ထမ်းတွေက အသစ်တွေလားတဲ့ အလိုမကျသလိုမျိုး မေးလာတတ်တယ်။
"အေး.. အသစ်တွေ အတော်များများထပ်ခန့်ထားတာ"
ကျွန်တော်ပြန်ဖြေတော့ အေးအေးဆေးဆေးပဲ သူကခေါင်းညိတ်တယ်။ ဒါပေမဲ့ အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့ရဲ့ ရိုက်ကွင်းဘာညာကို ဝင်ပြီးမစွက်ဖက်တော့ဘူး။ ဒီအတိုင်းပဲ ထိုင်နေတတ်ပြီး သူများလုပ်တာတွေကို လိုက်ကြည့်တယ်။ တစ်ခါတလေ ကျွန်တော့်ကိုကြည့်တယ်။ ဘာစကားမှသိပ်မပြော...
"ဘာဖြစ်လို့တုန်း ထူးအောင်... နေမကောင်းဘူးလား"
"ကောင်းပါတယ်။ မင်းအလုပ်လုပ်တာကို မမြင်တာကြာလို့ကြည့်နေတာ ဘာမှမဖြစ်ဘူးရယ်။ သွား.. သွား.. လုပ်စရာရှိတာသာ သွားလုပ်နေ"
"အင်း.. တစ်ခုခုဆို ကိုယ့်ကိုခေါ်နော်"
ခေါင်းပဲညိတ်ပြပြီး ကျွန်တော့်ကိုအတင်းနှင်ထုတ်တယ်။ တစ်ခုခုဖြစ်နေတဲ့ သူ့ပုံစံကြောင့် ကျွန်တော်စိတ်ပူပေမဲ့ အလုပ်ကလည်း ပစ်ထားလို့မရတာကြောင့် ကျွန်တော့်မှာ သူ့ကိုတကြည့်ကြည့်ပဲ..
ညဘက်အလုပ်ပြီးတော့ ကျွန်တော်တို့ ဟိုတယ်ကိုပြန်ကြတယ်။ ကျွန်တော် ထူးအောင်ကို ဘာဖြစ်နေတာလဲလို့ တစ်ချိန်လုံးမေးနေပေမဲ့ ထူးအောင်ကဘာမှမဖြစ်ဘူးပဲ ပြန်ဖြေနေတယ်။ ပြီးတော့ သူ့ကြည့်ရတာလည်း ပြုံးပြုံးရွှင်ရွှင်ပဲမို့ ကျွန်တော် ပြန်ပြီး စိတ်သက်သာရာရသွားတယ်။
တစ်ပတ်ပြည့်လို့ ရိုက်ကူးရေးကိစ္စတွေပြီးတော့ အဖွဲ့သားတွေကို အရင်ပြန်ခိုင်းလိုက်ပြီး ကျွန်တော်၊ ထူးအောင်နဲ့ သူထူးအောင်က ဒီမှာ တစ်ရက်ပိုနေပြီး လျှောက်လည်ပတ်ဖြစ်ကြတယ်။ ပြီးမှ ကျွန်တော်တို့ပြန်လာတယ်။
အဲ့လို ပြန်လာပြီးတဲ့နောက်မှာတော့ ထူးအောင်တစ်ယောက် အကြောင်းမရှိပါပဲ ကျွန်တော်တို့ရုံးကို နေ့တိုင်းလိုလို ရောက်လာတတ်တယ်။ အဲ့လိုရောက်လာရင်လည်း ကျွန်တော့်ရုံးခန်းထဲကို အရင်မဝင်ဘဲ အပြင်မှာ ထိုင်နေတတ်တယ်။ သူ့အလုပ်နဲ့သူ အလုပ်ရှုပ်နေကြတဲ့ ရုံးဝန်ထမ်းတွေကိုကြည့်တဲ့အခါကြည့်တယ်။ တစ်ခါတလေကျတော့လည်း ငိုင်ပြီးတစ်ခုခုကိုတွေးနေတတ်တယ်။ အခုလည်း ရုံးဝန်ထမ်းတွေ ကော်ဖီသောက်ဘာညာလုပ်ဖို့အတွက် သီးသန့်နားနေခန်းထဲမှာထိုင်ပြီး မျက်မှောက်ကြုတ်လျက် ဘာတွေတွေးနေလဲမသိ။
"ဘာတွေများ စဥ်းစားနေတာလဲ အထူးလေးရဲ့"
သူ့ဘေးမှာ ဝင်ထိုင်လိုက်ရင်း ကျွန်တော်ကမေးလိုက်တော့
"မင်းရုံးက ဝန်ထမ်းသစ်တွေ အတော်များတာပဲနော်"တဲ့ သူကပြန်ပြောတယ်။
"ဟုတ်တယ် အထူးလေးရဲ့.. လိုင်းတွေတိုးချဲ့လိုက်တော့ လူတွေတအားလိုလာတာနဲ့ ခန့်လိုက်ရတာ"
"အင်း.."
ဒါနဲ့.. ကျွန်တော် သတိထားမိနေတာ.. အခုတလော ထူးအောင်က ဝန်ထမ်းသစ်တွေများတယ်နော်လို့ မကြာခဏပြောနေသလားလို့..
"လာလေ ကိုယ်တို့အခန်းထဲသွားကြရအောင်"
"တော်ပြီ.. ငါပြန်တော့မှာ.. နောက်နေ့မှထပ်လာခဲ့မယ်"
"ဟမ်! ပြန်တော့မှာလား.. ငါနဲ့တောင် အခုမှတွေ့ရတာကို"
"အပိုတွေ ညတိုင်းအိမ်မှာတွေ့နေရတဲ့ဟာကို.."
"ငါ့ကိုလာတွေ့တာမဟုတ်ဘူးလား"
"မဟုတ်ပါဘူး.. ဝန်ထမ်းအသစ်တွေကို လာကြည့်တာ"
"………"
ဒါကဘာသဘောလဲလေ။ သူ ဒီကိုအမြဲလာနေတာက ကျွန်တော့်ကိုမဟုတ်ဘဲ ဝန်ထမ်းအသစ်တွေကို လာကြည့်တာတဲ့လား။
_____***_____
"သြော်.. အစည်းအဝေးလုပ်နေတာလား"
ကျွန်တော့်ရုံးခန်းထဲမှာ အစည်းအဝေးလုပ်နေကြတုန်း ရုတ်တရက်ကြီး ဝင်ချလာတဲ့ ကျွန်တော့်အထူးလေး...
"အင်း.. လာလေအထူးလေး.. ဒီနားမှာထိုင်"
"တော်ပြီရတယ်.. ငါ အလုပ်ခုံမှာပဲ စောင့်နေလိုက်မယ်"
ကျွန်တော့်ဘေးမှာ နေရာပေးတာကိုငြင်းပြီး ကျွန်တော့်အလုပ်စားပွဲရှိရာနားက ခုံမှာပဲ သွားထိုင်ပြီး ကျွန်တော်တို့ အစည်းအဝေးလုပ်နေတာကို ထိုင်ကြည့်တယ်။ ပြောစကားတွေကို နားထောင်တယ်။ အင်း.. ကျွန်တော်လှည့်ကြည့်ရင်တော့ မျက်နှာလွှဲသွားတတ်တယ်။
ဝန်ထမ်းတွေက အကြောင်းအရာတစ်ခုခု တင်ပြလာတိုင်း ထူးအောင်ဘယ်လိုသဘောရလဲလို့ ကျွန်တော် မေးကြည့်ချင်ပေမဲ့ သူက မျက်နှာလွှဲလွှဲသွားတော့ ကျွန်တော့်မှာ အခွင့်မသာ။ ဒီလိုနဲ့ ဆယ့်ငါးမိနစ်လောက်ကြာတော့ သူ ကျွန်တော့်ကို မက်ဆေ့ဂျ်လှမ်းပို့တယ်။ ဗိုက်ဆာနေပြီတဲ့.. အဲ့တော့လည်း ကျွန်တော့်မှာ အစည်းအဝေးလုပ်နေရင်းနဲ့ပဲ မှူးမှူးကိုဖုန်းဆက်ပြီး ရုံးနဲ့မလှမ်းမကမ်းမှာဖွင့်ထားတဲ့ ဖက်ထုပ်ဆိုင်ကနေ ဖက်ထုပ်ပေါင်းတစ်ပွဲ၊ ဖက်ထုပ်ကြော်တစ်ပွဲနဲ့ ဖက်ထုပ်အိုးကပ်တစ်ပွဲဆိုပြီး သုံးမျိုးဝယ်ခိုင်းလိုက်ရတယ်။
ငါးမိနစ်လောက်ကြာတော့ မှူးလေး ကျွန်တော့်ရုံးခန်းဆီကိုရောက်လာပြီး ထူးအောင်ကို ဝယ်လာသမျှတွေပေးသွားတယ်။ အကိုဖြစ်တဲ့ ကျွန်တော့်ကို စကားမပြောဘဲ ထူးအောင်ဆီသာ တန်းတန်းမတ်မတ်သွား၊ ပေးစရာရှိတာကိုပေးပြီး ပြန်ထွက်သွားတဲ့ မှူးလေးကို တချို့ဝန်ထမ်းအသစ်လေးတွေက အံ့သြသလိုမျိုး လိုက်ကြည့်ကြတယ်။ တစ်ယောက်တည်းထိုင်ပြီး ဖက်ထုပ်မျိုးစုံစားနေတဲ့ ထူးအောင်ကိုလည်း ခိုးခိုးကြည့်ကြတာပေါ့လေ..
နောက် ဆယ်မိနစ်လောက်ကြာတော့ ထူးအောင် ကျွန်တော့်ဘေးကိုရောက်လာတယ်။ ကျွန်တော်တို့ပြောနေကြတဲ့ စကားဝိုင်းထဲကို သူပါဝင်ပြောပြီး အကြံတွေပေးတယ်။ အဲ့လိုနဲ့ နာရီဝက်လောက်ကြာတော့ အစည်းအဝေးလည်း အောင်မြင်စွာပြီးသွားတယ်။
နောက်တော့ ထူးအောင်တစ်ယောက် ဘာစိတ်ကူးပေါက်လဲမသိပါဘူး.. အစည်းအဝေးပြီးလို့ ဝန်ထမ်းတွေအကုန်လုံး အပြင်ထွက်သွားတာနဲ့ ကျွန်တော့်ကို လာနမ်းတယ်။
"ချစ်တယ်နော် မောင်ထူးလေး.. ရောက်နေတာကြာပြီမို့ ငါပြန်တော့မယ်"
ပြောပြောဆိုဆိုနဲ့ အပြင်ထွက်သွားတဲ့ ကျွန်တော့်အထူးလေးပါ.. အူယားလွန်းလို့ သူ့နောက်လိုက်သွားပြီး တအားနမ်းပစ်ချင်ပေမဲ့ ကျွန်တော်စိတ်ထိန်းပြီး အလုပ်ကိုသာ လုပ်လိုက်ရတယ်။
_____***_____
"ဟဲ့.. အခုတလော ရုံးမှာ ခဏခဏတွေ့နေရတဲ့ အကိုကြီးလေ သိလား"
ထူးအောင် အကူအညီတောင်းထားတဲ့ စာရွက်စာတမ်းတချို့ကို မိတ္တူဆွဲနေတုန်း ဘေးအခန်းဖြစ်တဲ့ ဝန်ထမ်းများနားနေခန်းထဲမှ ထွက်လာသော စကားသံဖြစ်တယ်။
"အေး သိတာပေါ့.. အမြဲလိုလိုမြင်နေရတာကို.. ဘာဖြစ်လို့တုန်း"
"မနက်က အစည်းအဝေးလုပ်နေတုန်းမှာ အဲ့အကိုကြီးက အခန်းထဲကို ဝင်လာတယ်ဟာ"
"………"
ထူးအောင်ကိုပြောနေကြတာလား...
"ဟမ်! ဟုတ်လား.. boss က သူအစည်းအဝေးလုပ်နေတဲ့အချိန်ဆို အဲ့လိုမျိုး မကြိုက်ဘူးမလား.. ဘယ်လောက်အရေးကြီးတဲ့ ပုဂ္ဂိုလ်ဖြစ်ပါစေ အစည်းအဝေးပြီးတဲ့အထိ အပြင်မှာပဲ စောင့်ရတာလေ"
"အမလေး.. မြတ်ရယ်၊ အဲ့မြင်ကွင်းကိုလေ မြတ်ကိုမြင်စေချင်တယ်တကယ်! အဲ့အကိုကြီး တံခါးဖွင့်လိုက်တာနဲ့လေ bossက အဲ့အကိုကြီးကို သူ့အနားမှာ ဝင်ထိုင်ခိုင်းတယ်ရှင့်!"
"တကယ်ကြီး!!"
အစကတော့ ကျွန်တော် နားထောင်ဖို့မရည်ရွယ်ပါဘူး။ ဒါပေမဲ့ သူတို့ပြောနေတာဟာ ကျွန်တော်တို့အကြောင်းဖြစ်နေတာမို့ အာရုံစိုက်မိသွားတယ်။
"ဟုတ်ပါတယ်ဆို! အဲ့ဒါတင်မပြီးသေးဘူးနော်.. အဲ့အကိုကြီးစားဖို့ဆိုပြီး bossက သူ့ညီမှူးမှူးကို မုန့်သွားဝယ်ခိုင်းသေးတယ်.. ဟိုကလည်း ဝယ်ပေးတယ်တော်"
"ဟယ်!"
"အဲ့ဒါ ငါစဥ်းစားနေတာ အဲ့အကိုကြီးနဲ့ boss နဲ့က သာမန်မဟုတ်လောက်ဘူးလို့၊ နင်သေချာသတိထားကြည့်ပါလား ငါတို့ဘော့စ်က အဲ့အကိုကြီးကို အရမ်းဂရုစိုက်တာလေ၊ အဲ့အကိုကြီး စကားပြောရင်လည်း တပြုံးပြုံးနဲ့ဖြစ်နေရော၊ အဲ့တော့ သူတို့နှစ်ယောက်က ရိုးရိုးသာမန်တော့မဖြစ်နိုင်ဘူး"
သြော်.. လက်ထပ်ထားပါတယ်ဆိုမှတော့ ဘယ်လိုလုပ်ရိုးပါ့မလဲလေ..
"အေးနော်.. အဲ့ဒါဆို ငါတို့ဘောစ့်က ဂေးနေတာပေါ့"
ကျွန်တော် ရယ်မိသွားတယ်။ သူတို့ အခုမှ သိကြတာလားလေ..
"အေး.. အဲ့လိုထင်တာပဲ.. ဘော့စ်ရဲ့ကောင်လေးမို့လို့သာ အဲ့အကိုကြီးက တို့ရုံးထဲ ဝင်ချင်သလိုဝင်၊ သွားချင်သလိုသွားနေတာဖြစ်မှာပေါ့"
ဒီစကားကို ထူးအောင်များကြားရင် ဘယ်လိုတုံ့ပြန်မှာပါလိမ့်လို့ ကျွန်တော်တွေးမိသွားတယ်။
"မိန်းမတွေ ဘာတွေများ စုပြီး အတင်းတုတ်နေကြတာတုန်း"
သူတို့ပြောနေကြတုန်း ရုတ်တရက်ကြီး ကျွန်တော်ထွက်လာရင် အနေခက်သွားမှာစိုးလို့
သူတို့စကားဝိုင်း ဘယ်တော့များ ပြတ်မလဲဆိုပြီး စောင့်နေတာကို မပြတ်သေးတဲ့အပြင် နောက်တစ်ယောက်တောင် ထပ်ပြီးရောက်လာပြန်ပါတယ်။ အဲ့တော့လည်း ကျွန်တော့်မှာ ကျွန်တော့်အကြောင်း အတင်းတုတ်နေကြတာကို ဆက်ပြီးပဲ နားထောင်နေရတော့တယ်။
"ဟာ မမသီတာ.. အတော်ပဲ.. မမသီတာက နုတို့ထက် ဒီရုံးကိုအရင်ရောက်တာမလားဟင်.."
"ဟုတ်တယ်နု.. မမသီတာရောက်နေတာ အတော်လေးကြာပြီ.. ဘာဖြစ်လို့တုန်း"
"မနက်က အစည်းအဝေးလုပ်နေတုန်း ဝင်လာတဲ့အကိုကြီးလေ.."
"သြော်.. အဲ့ဒါက ဘော့စ်ရဲ့အမျိုးသားလေ.. သူ့နာမည်က ထူးအောင်တဲ့.. ဘော့စ်ကတော့သူ့ကို အထူးလေးလို့ခေါ်တယ်"
"ရှင်!! ဘော့စ်ရဲ့အမျိုးသား!"
"အင်းလေး.. သူတို့ယူထားကြတာ အတော်ကြာပြီ.. ကြားတာတော့ ကျောင်းတက်ကတည်းကတဲ့"
"သြော်.. မြတ်တို့က ဘော့စ်ကို လူလွတ်ထင်နေတာ။ အဲ့အကိုကြီးကိုလည်း အရင်က မမြင်ဖူးတော့လေ"
"အင်းဟုတ်မယ်.. သူ အရင်က ဒီမှာပဲအလုပ်လုပ်တာ၊ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကမှ တခြားအလုပ်ကိုပြောင်းသွားတာ၊ မြတ်တို့ရောက်တာက တစ်နှစ်ကျော်ပဲရှိသေးတော့ သူ့ကိုမသိတာနေမယ်"
ကောင်မလေးတွေအကုန်လုံးက ခေါင်းလေးတွေတညိတ်ညိတ်... သူတို့တွေရဲ့အတွေးထဲမှာတော့ "သြော်.. ဘော့စ်ရဲ့အမျိုးသားဖြစ်နေတာကိုး"ဆိုတဲ့ အတွေးကိုယ်စီကို တွေးမိကြလျက်...
ညနေ အိမ်ပြန်ရောက်တော့ ကျွန်တော် ဒီအကြောင်းကို ထူးအောင်ကို ပြောပြဖြစ်တယ်။ ကျွန်တော်ပြောတော့ ထူးအောင်က ရယ်တယ်။ ရယ်လို့အားရမှ..
"တော်သေးတာပေါ့.. ငါက မင်းဝန်ထမ်းတွေ ငါ့ကိုသတိထားမိပါ့မလားဆိုပြီး စိတ်ပူနေတာ.. အခုတော့ မမသီတာကျေးဇူးနဲ့ ငါတို့ရဲ့ပတ်သတ်မှုကိုပါ တစ်ခါတည်းသိသွားပြီဆိုတော့ ငါ မင်းတို့ရုံးကို ထပ်လာစရာမလိုတော့ဘူး"
"ဟမ်! အဲ့ဒါဆို မင်း ရုံးကိုမကြာခဏလာနေတာက မင်းကို ငါ့အမျိုးသားမှန်း သိအောင်လို့ပေါ့"
"အေး.. ဝန်ထမ်းအသစ်တွေက မင်းအကြောင်းသိတာမဟုတ်ဘူးလေ.. အဲ့ဒါကြောင့် ငါက သိအောင်လုပ်နေရတာ"
"သြော်.. အထူးလေးရာ မသိတော့ရော ဘာဖြစ်တုန်း"
"ဟ! မင်းကိုငါ့လင်မှန်းမသိဘဲနဲ့ ကြိုက်နေမှာစိုးလို့ကွ ဟုတ်ပြီလား"
"ဟာ.."
"ဘာဟာတုန်း.. မောင်ထူး မင်းလည်းကြပ်ကြပ်သတိထားနော်.. ငါ့ကိုပစ်ပြီး လူပျိုကြပ်ကြပ်လုပ်"
"ဟောဗျာ! ငါ ဘယ်တုန်းက လူပျိုလုပ်ဖူးလို့တုန်း"
"မသိဘူး.. လုပ်ရင် မင်းသေမယ်"
"မလုပ်ပါဘူးဗျာ.. ဟောဒီက အမျိုးသားလေးကိုတောင် ချစ်မဝနိုင်ဖြစ်နေတာကို"
"အင်း"
ထူးအောင်က ပြောလည်းပြောရင်း မျက်နှာကလည်း ပြုံးနေတာကြောင့် ကျွန်တော်အသဲယားလာရတယ်။ တစ်ခါတလေမှာ အခုလိုမျိုး ထ,ထဖောက်တတ်တဲ့ သူ့အကျင့်လေးက တကယ်ကိုချစ်စရာပါ။ သူဒီလိုထဖောက်တိုင်းလည်း ကျွန်တော့်မှာ အချစ်တွေပိုတိုးရတယ်။
"ထူးအောင်.. မင်းကလေ အသက်ဘယ်လိုပဲကြီးလာကြီးလာ ချစ်စရာကောင်းမှုနဲ့ အသဲယားမှုကတော့ လုံးဝပျောက်မသွားဘူးသိလား... အဲ့ဒါကြောင့်လည်း ငါက တစ်နေ့တခြား ပိုချစ်နေမိတာထင်တယ်"
ကျွန်တော်ပြောတော့ ထူးအောင်က "အပိုတွေပြောပြန်ပြီ"ဆိုပြီး တဟီးဟီးရယ်တယ်။ ချစ်စရာကောင်းတဲ့သူ့ပုံစံကြောင့် ကျွန်တော့်မှာ သူ့ကို အတင်းဆွဲချီပြီး မနမ်းဘဲမနေနိုင်..
"ဟာ မောင်ထူး ငါပြုတ်ကျလိမ့်မယ်လို့"
"ဟိတ်ကောင်.. ပြောနေတာကို အောက်ချပေးနော်"
"မောင်ထူးလို့..."
"ကိုကိုလို့ခေါ်ရင် ချပေးမယ်"
"မင်းမညစ်နဲ့နော်"
"နေလေ.. မခေါ်ရင်မချပေးဘူး"
"ဟာကွာ.."
"ကိုကို! အထူးလေးကို အောက်ချပေးပါလို့ပြော"
ကျွန်တော်ပြောတော့ ထူးအောင်ရဲ့မျက်နှာက နီရဲလာတယ်။ ပြောလို့ပြောတာမဟုတ်ဘူး၊ ကျွန်တော့်အထူးလေးရှက်နေတာက ချစ်စရာလေး.. ကျွန်တော့်မှာ အူယားလွန်းလို့ ပြောကွာ.. ပြောကွာဆိုပြီး အတင်းပြောခိုင်းနေမိတယ်။
"ကိုကို!"
မျက်လွှာကိုချပြီး အောက်နှုတ်ခမ်းကို အပေါ်သွားနဲ့ အသာအယာဖိကိုက်တယ်။
"အင်း"
"ငါ့ကိုအောက်ချပေး"
"မရဘူး၊ အထူးလေးကို အောက်ချပေးလို့ပြော"
"ဟာကွာ"
"အဲ့လိုမှမပြောရင် အောက်ချမ.."
"ကိုကိုအထူးလေးကိုအောက်ချပေး"
ကျွန်တော့်စကားမဆုံးခင်မှာဘဲ အမြန်ဖြတ်ပြောလိုက်တဲ့ ကျွန်တော့်အထူးလေး... မြန်လွန်းလို့ ကျွန်တော်တောင် ဝူးဝူးဝါးဝါးပဲကြားလိုက်ရတယ်။ ဒါပေမဲ့ ချစ်တယ်။ ရှက်လွန်းလို့ မျက်နှာကို လက်တွေနဲ့အုပ်ထားတာကိုလည်း ချစ်တယ်။ နီရဲနေတဲ့ မျက်နှာခပ်ရဲရဲကိုလည်းချစ်တယ်။
"ချစ်တယ် အထူးရာ.."
ပြောပြီး ကျွန်တော် သူ့ကို နမ်းတယ်။ သူလည်း ကျွန်တော့်ကို ပြန်နမ်းတယ်။
ကျန်ရှိနေသေးတဲ့ ကျွန်တော့်ဘဝ သက်တမ်းတစ်လျောက်လုံးမှာ ကျွန်တော့်အတွက် ထူးအောင်ကလွဲရင် ကျန်တာဘာမှမလိုအပ်တော့ပါဘူး။ သူသာ ကျွန်တော့်ဘဝ၊ ကျွန်တော့်အရာရာပါပဲ...
အရမ်းချစ်ရပါတယ်.. ထူးအောင်..
_______ပြီးပါပြီ_______
9.9.2022
ဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်❤