ဘွဲ့ရပြီးတော့ ဘာမှမလုပ်ချင်သေးတာနဲ့ အိမ်မှာပဲ နားနားနေနေ နေနေခဲ့တာ။ အခု သူထူးအောင်လည်း ကျောင်းတက်ရော အိမ်မှာအားနေတဲ့ကျွန်တော်က Automatic ကျောင်းအပို့၊အကြိုတာဝန်ကို ယူလိုက်ရပါရော။ မလုပ်ပေးချင်လို့လည်း မရဘူး၊ အိမ်မှာ သူကဗိုလ်။
"မှူးမှူး ဖဲသီးတွေ့ရင် ဝယ်ပေးဦး"
"ဖရဲသီးလား..."
"ဟုတ်"
"စားချင်လို့လား... အင်းအင်း ဝယ်ပေးမယ်"
"ဟုတ်ရယ်... အူးငယ်က ကျောင်းမှာ ဗိုက်ဆာတိုင်း ဖဲသီးစားလို့ မှားထားရို့"
"ဟမ်... ဘာလို့တုန်း။ ကိုယ်စားချင်တဲ့မုန့် စားမှာပေါ့"
"သားသားအီးပေါက်တာ နံလို့ရဲ့... နံ့ပျောက်ချင်း ဖဲသီးစားရမယ်တဲ့"
"......."
"ဝယ်ပေးနော် မှူးမှူး... စိတ်လေးတေလည်း စိတ်ပေအုန်း"
"အေးအေး... လုပ်ပေးမယ်... မင်းကိုပို့ပြီးတာနဲ့ အပြန်ကျ ရှာဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်မယ် ဟုတ်ပြီလား"
"အာ ရေခဲသေတ္တာထဲ ထည့်ရပူး။ အူးငယ်က ရေခဲက ဝမ်းချုပ်ရို့ စားရပူးရဲ့"
"မင်းမလည်း အူးငယ်စကားကိုပဲ နားထောင်နေလိုက်"
"အူးငယ်က သားသားဖေဖေပဲရေ နားထောင်ရမှာပေါ့"
"ဒါဆို ကိုကြီးထူးထူးကျတော့ရော"
"အူးအူးကရဲ သားသားဖေဖေရေ"
"အဲ့တော့ သူ့စကားကိုလည်း နားထောင်လေ"
"ထောင်ရယ်ရေ... အူးအူးက အူးငယ်ပြောမျှ ကုန်လိုက်လုပ်ရို့ပြောတာ"
"........"
ပြောမိတဲ့ကျွန်တော်ကပဲ မှားပါတယ်ဗျာ။ စိတ်လေတယ်တကယ်။
"ကဲ ကိုယ်တော်လေး... ကျောင်းကိုရောက်ပါပြီခင်ဗျာ"
ကျွန်တော်ပြောတော့ သူထူးအောင်က ကားပေါ်မှဆင်းတယ်။ ပြီးမှ ကျွန်တော့ဘက်ကိုလာပြီး
"မှူးမှူး ဖဲသီးဝယ်ဖို့ မေ့နဲ့နော်"တဲ့... မျက်နှာကိုငယ်ပြီးပြောတယ်။ ခလေးစုတ်လေး။ ခိုင်းမယ်ဆို မျက်နှာက အဲ့ပုံစံပဲ...