နှုတ်မဆက်တော့ဘူးလို့ တွေးထားတဲ့ကြားကပဲ
ကိုယ့်စိတ်ကိုယ်မထိန်းချုပ်နိုင်ခဲ့တာကြောင့်
လေဆိပ်ဆီ အပြေးအလွှားရောက်သွားခဲ့မိတယ်။
"ဖိတ်စာသာ အမှီယူသွားနိုင်ရင် ကောင်းမယ်"တဲ့။
အဲ့ဒီစကားနဲ့
အနားနားမှာ ကြောင်လေးတစ်ကောင်လိုပွတ်သပ်တိုးဝှေ့ ဂျီကျတာ အကြိမ်ပေါင်းများစွာပါပဲ။
"ဘာဖြစ်လို့ ယူသွားချင်သလဲ" မေးရင်
"အမှတ်တရပေါ့ "လို့ သူ ဖြေတက်တယ် ။
သူ့ဆန္ဒကို မျက်နှာလွှဲခဲပစ် မလုပ်မိခဲ့ဘူး။
တတ်နိုင်ခြင်းတွေကလည်း များများစားစားမရှိတာမို့လို့သူပြောတဲ့အတိုင်းအပြာရောင်ကို မရမက ဖန်တီးပေးခဲ့ရသေးပါတယ်။
နည်းနည်းတော့ရူးကြောင်ကြောင်နိုင်တယ်မဟုတ်လား။
အဓိပ္ပါယ်လည်းမဲ့ တယ်မဟုတ်လား။
"ညီ "
လူတွေကြားထဲ သူတို့ နှစ်ယောက်ကို လွယ်လွယ်
ကူကူပဲ ရှာတွေ့ခဲ့တယ်။
ထယ်က" Hyung လာနှုတ်ဆက်တာပဲ" ဆိုပြီး
ဝမ်းသာအားရ ကြိုဆိုပါတယ်။
"၇မိနစ်လောက်တော့
အချိန်ရမယ် စကားပြောကြဦးနော် "
ရှောင်ထွက်သွားတဲ့ထယ့်ကို ခါတိုင်းလိုပဲ
အတူတူ ကြည့်ငေးခဲ့ကြတယ်။အမှန်က
ဘာစကား တွေပြောရမှန်းမသိလို့
ဒီအတိုင်း တစ်နေရာကိုကြည့်နေလိုက်တဲ့ သဘောမျိုးဖြစ်နိုင်တယ်။
နှလုံးသားမှာ ဖျားနာရင် စကားလုံးတွေ
ပျောက်ဆုံးသွားတတ်တယ်တဲ့။
အခု လည်း အဲ့ဒီလိုမျိုးပဲ ဖြစ်ပါလိမ့်မယ်။
"ညီက အစ်ကိုမလာတော့ဘူး ထင်နေတာ "
"ဒါလေး လာပေးတာ ပါ "
သူ့လက်ထဲကို အပြာရောင် ဖိတ်စာလေး
ထည့်ပေးတော့ လက်သေးသေးလေးတွေနဲ
ဖွဖွလေးကိုင်ထားရှာတယ်။
"ညီ သဘောကျတဲဲ့ အပြာရောင်လေးပဲ၊တကယ့်ကို
ကျေးဇူး တင်ပါတယ် "
ရင်ဘက်ရဲ့ ဘယ်နေရာမှန်းမသိတဲ့နေရာတွေမှာ
ဟိုဟိုဒီဒီ တဆစ်ဆစ်
နာကျင်နေတာကြောင့်စကားပြန်မပြောနိုင်ခဲ့ဘူး။
မျက်လုံးရှေ့က ဖြစ်တည်မှုလေးကိုသာ
ငေးမောစိုက်ကြည်နေခဲ့မိပါတယ်။
"အစ်ကို "
"အင်း ပြောပါ "
"စိတ်ဆိုးနေတာလား "
"မဆိုးပါဘူး ၊ညီ့ကို အစ်ကိုဘယ်တုန်းကများ
စိတ်ဆိုးဖူးလို့ တုံး"
"ညီ ပြန်လာဖို့ မသေချာတော့ဘူးနော်၊ တစ်ဘဝလုံးစာအတွက်ပေါ့ "
"ကိုယ့်မှာ တားပိုင်ခွင့်မှ မရှိဘဲ ညီရယ် ၊နောက်ပြီး
ဒီစကားက ခနဲ့တာ မဟုတ်ပါဘူး။
ညီ့ကို စကားနာ ထိုးတယ်လို့ မထင်စေချင်ဘူး"
"ညီသိပါတယ်၊ညီ အစ်ကို့ကိုအဆင်ပြေစေချင်တယ်၊ထူးခြားပြီး ပျော်နေဖို့ထက်
စိတ်လေးမဆင်းရဲရရင် ကို ကျေနပ်ပါတယ် "
ဘာကို မှဆက်ပြောစရာ၊ဆက်တောင်းဆိုစရာမရှိတော့တာမို့အတိုင်းလေး
ပဲ နှုတ်ဆိတ်လိုက်တယ်။
ကတိတွေပေးပြီး မတည်သမျှကိုလည်း
ညီကပဲ နားလည်ခွင့်လွှတ်ပေးခဲ့ရတာလေ။
ဒီလိုနဲ့ ခြေသံတစ်ခုဟာကျွန်တော်တို့နားကိုနီးကပ်လာသလိုပဲ။
ထယ့်ခြေသံဆိုတာ နောက်လှည့်မကြည့်လည်း ကျွန်တော် မှတ်မိပါတယ်။
ညီက ကျွန်တော်ရဲ့ မျက်နှာချင်းဆိုင်မှာ မတ်တပ်ရပ်နေပြီး အကြည့်တွေ ကိုတော့
ကျွန်တော့်နောက်ကျောဆီမှာပို့ထားတယ်။
"သွားရအောင် နော်၊
Jin Hyung ကျွန်တော်တို့သွားပြီ "
"အင်းပါ ဂရုစိုက်ကြ"
"ဟုတ်ကဲ့"
ဝေးကွာသွားတဲ့ကျောပြင်တွေကို ကြည့်နေရင်း မျက်ရည်မကျမိသလို မျက်ရည် တောင်မဝဲမိဘူး။
အသံတိတ်မျက်ရည်ကျရတဲ့ အတတ်ပညာကို
ဘယ်တုန်းက
ဘယ်လိုတတ်မြောက်သွားလဲမသိတော့ပါဘူး။
မြင်လွှာမှာ ပုံရိပ်တွေ ပျောက်ကွယ်သွားခဲ့ပါပြီ။
ညီနဲ့ ကျွန်တော် ဟာ
တကယ်ကို အဆုံးသတ်သွားခဲ့ရပါပြီ။
"ထာဝရ" ဆိုတာ ဒီယောကျာ်းသားနှစ်ယောက်အတွက်တော့ တွဲလက်တွေ မြဲဖို့မဟုတ်ဘဲ
ပြန်မဆုံနိုင်အောင်ဝေးနေကြဖို့နဲ့တူပါတယ်။
ကျွန်တော်လည်း သိပ်ချစ်တယ်
ညီလည်း သိပ်ချစ်တယ်။
နှစ်ဦးသားဆုံး မေတ္တာတွေရှိလျက်နဲ့
အထိနာခဲ့ရတာတွေဟာ
ဘာကြောင့်များလဲ သိချင်မိပါရဲ့။
ငိုချလိုက်ချင်ပေမဲ့ ငိုလို့မရအောင် ရင်ဝမှာ
စို့ကြပ် လှိုက်မောနေတယ်။လက်ဖျားလေးတွေ
တဆက်ဆက်တုန်ရီလာတယ်။
အကြောင်းပြချက်လှလှလေးတွေနဲ့
ဝေးစေတဲ့ကံကြမ္မာကို လည်းခပ်တိုးတိုး
တိုင်တည်နေခဲ့မိပါတယ်။
" ဒါနောက်ဆုံးပဲဖြစ်ပါရစေ၊ ဒီဘဝမှာ ဆုံးရှူံးနာကျင်ခြင်းတွေသိမ်းကြုံးခံစားသွားပါရစေ" ။
နောက်ဘဝဆိုတာရှိလို့ ပြန်တွေ့ဦးတော့
အထားအသိုတွေ မမှန်ရင် ဆက်လွဲနေဦးမှာလေ။
ညီ ပြောသလို ပြန်ဆုံရုံလောက်နဲ့တော့
ဘုရားသခင်ကို နားပူနားဆာမလုပ်ချင်တော့ပါဘူး။
အဲ့ဒီမျက်ဝန်းတွေနဲ့ အဲ့ဒီစကားသံတွေကို ရောက်
လေရာရာဘုံဘဝ၊ ဘုံဌာနတိုင်းမှာ ထပ်ခါထပ်ခါတွယ်ငြိဖို့ အတိအကျ တောင်းဆုခြွေခဲ့ပါတယ်။
ကျိန်းသေ ညီ့ကို ပဲ အဖန်တစ်ရာထပ်အောင်
ချစ်သွားပါ့မယ်။
ထင်မှတ်မထားဘဲ ထယ်ဟာ ကျွန်တော့ဆီ
ပြန်ပြေးလာခဲ့ပါတယ်။
အနားရောက်တော့ သူ့ရင်ဘက်ကိုဖိထားရင်း
"ဖိတ်စာက သတို့သားနာမည်ကို
ကျွန်တော့နာမည် နဲ့ပြောင်းရေး
မယ်ဆိုရင် အခုနေအချိန်မှီသေးတယ် " တဲ့။
"ဟင့်အင်း နေပါစေထယ်ရယ် "
"ကောင်းပါပြီ ၊ဒီထက်ပိုပြီး မတိုက်တွန်းတော့ပါဘူး၊
တစ်ခုတော့သိထားပေးပါ၊
သူ့အတွက်မလွယ်ကူဘူး Hyung
သူ့အတွက် တကယ့်ကို မလွယ်ကူခဲ့ပါဘူး"
မကြားရဲပေမဲ့ ထယ်ပြောတာတွေကလည်း
အမှန်တွေပါပဲ။ထယ်ကအဲ့ဒီစကားလေးတစ်ခွန်းကို
နှုတ်ဆက်လက်ဆောင်အဖြစ်
ချန်ရစ်ခဲ့ပြီး ချာကနဲလှည့်ထွက်သွားခဲ့တယ်။
ညီ့အတွက် မလွယ်ကူသလို ကျွန်တော့
အတွက်လည်းမလွယ်ကူခဲ့ပါဘူး။
ဒါကိုတော့ ဘယ်တော့မှ
ဖွင့်ဟမှာမဟုတ်တော့ဘူး။
သွေးမတိတ်တဲ့ ဒါဏ်ရာတွေကို မြင်သာအောင်
ထုတ်ပြဖို့ စိတ်ကူး မျိုးလည်း
ကျွန်တော့်ဆီမှာရှိမနေတော့ပါဘူး။
ကျွန်တော်ဟာ အကြိမ်ကြိမ် တွေဝေခဲ့တယ်။
အကြိမ်ကြိမ် မပြတ်မသားတွေ ဖြစ်ခဲ့တယ်။
ညီလည်းစိတ်ညစ်ခဲ့ရမှာပဲ။
ကျွန်တော့ လို သတ္တိနည်းတဲ့သူကို
ညီအများကြီး သည်းခံစောင့်ဆိုင်းပေးခဲ့ရတာပဲ။
နာကျင်အောင်အကြိမ်ကြိမ်လုပ်ခဲ့မိလို့ ထင်ပါရဲ့။
ကျောပြင်သေးသေးလေးကို
ငေးရုံအပြင် ဘာအခွင့်အရေးမှ ပိုမရခဲ့ဘူး။ယုတ်စွဆုံးအပြုံးလေးတစ်ပွင့်တောင်မစွန့်ကြဲခဲ့ပါဘူး။
ထယ်ကမှ ခေါင်းလေးငဲ့ပြီး
တစ်ချက်တော့လှည့်ကြည့်သွားတယ်။
ဘယ်အချိန်ငေးငေးရင်ခုန်ရတဲ့
ကျောပြင်၊
ဘယ်အချိန်ငေးငေးရင်နာရတဲ့ကျောပြင်၊
ဘယ်အချိန်ပြန်တွေ့တွေ သတိတရရှိနေမဲ့
ကျောပြင်၊ မိုင်တိုင်တွေ ဘယ်လောက်ဝေးဝေး
မှတ်မိနေမဲ့ ကျောပြင် ၊
အဲ့ဒီကျောပြင်ငယ်ကိုပဲ တစိမ့်စိမ့်မြတ်နိုးရင်း
အရှုံးတွေနဲ့ ကျန်နေခဲ့ပါမယ်။
ညီလှည့်မကြည့်ရဲတော့တဲ့ဆက်သွယ်မှုတွေအတွက်နားလည်ပေးရင်းအသက်ရှင်ပါ့မယ်။
နှောင်ကြိုးတွေကြောင့် မလွတ်မြောက်နိုင်ခဲ့တဲ့နေ့တွေအတွက်လည်းတောင်းပန်ပါတယ်။။ နှလုံးသားမှာသွေးတွေတစိမ့်စိမ့်စီးကျရင်းနှုတ်ဆက်တယ်။
ညီပျော်ပါစေ။
ညီတော့ ပျော်နေမှ ဖြစ်လိမ့်မယ်
****
ညီတို့ထွက်သွားပြီး ၇လအကြာမှာ ဂျောင်ကုတစ်ယောက်အကြီးအကျယ် နေမကောင်းဖြစ်ခဲ့တယ်။
အဖျားဟာ တောက်လျောက်ကိုမကျခဲ့ဘူး။
ခပ်ထွားထွားခန္ဓာကိုယ်လေးပိန်ကျသွားတော့
ကျွန်တော့်ရင်ထဲ အောင့်မျက်ရတာပါပဲ။
မိဘတွေ အနားမရှိတဲ့ ကလေးငယ်ကို
စိတ်မချနိုင်တာကြောင့်
ကျွန်တော့်ဆိုင်မှာပဲခေါ်ထားခဲ့ပါတယ်။
ညီရှိနေမယ်ဆိုလည်း အဲ့ဒီလိုပဲ ဖြစ်စေချင်မှာပဲ။
ကျွန်တော် လက်မထပ်ဖြစ်လိုက်ဘူးဆိုတဲ့ အကြောင်းကိုတော့ညီတို့ နှစ်ယောက်စလုံးဆီ
အသိပေး မဆက်သွယ်ဖြစ်ခဲ့ပါဘူး။
ဆိုလေးဟာ သူ့ချစ်သူကောင်လေးနဲ့ ပြန်အဆင်ပြေသွားခဲ့တာ
ကြောင့် ကျွန်တော်တို့နှစ်ယောက်ရဲ့
မင်္ဂလာပွဲကို အားလုံးသဘောတူဖျက်
သိမ်းလိုက်ကြတယ်။ချစ်တဲ့သူချင်း ပြန်လည်ပေါင်းဖက်သွားတာပျော်စရာကောင်းပါတယ်။
ကြည်နူးစရာလည်းကောင်းခဲ့ပါတယ်။
"Hyung "
အပေါ်ထပ်ကပြေးဆင်းလာတဲ့
ဂျောင်ကု အသံကို ကြားကြားချင်း
ကျွန်တော့်စိတ်ထဲ အရာရာကိုဆုတ်ငင်
ဆွဲချခံလိုက်သလို ခံစားလိုက်ရတယ်။
တစ်နေကုန်ရင်ထဲတွေနေလို့မကောင်းဘူးဖြစ်နေတာကြောင့်စိုးစိတ်နဲ့အတူ
လှေကားနားကို သုတ်ကနဲ ရောက်သွားမိပါတယ်။
"ဘာဖြစ်တာလဲ အငယ်လေး "
"Jiminshi jiminshi ကိုတွေ့လိုက်တယ်"
"ဘယ်လို "
အဖျားတွေကြီးပြီး ကယောင်ကတမ်းများ
ဖြစ်နေသလားပဲ၊ နဖူးပေါ်လက်နဲ့စမ်းမိတော့
ကိုယ်တွေပူနေတာ ခြစ်ခြစ်တောက်ပါပဲ။
စောစောလေးကတင် ရေပတ်တိုက်ပေးထားကို
တောင် ဘာလို့များ အဖျားမကျသေးသလဲ။
"jiminshi ကို ဆိုင်ရှေ့မှာ တွေ့လိုက်တယ်၊အပေါ်ထပ်ပြတင်းပေါက်ကနေ တွေ့လိုက်တယ် "
အဲ့ဒီအချိန် ကောင်တာခုံပေါ်က
လေးယောက်အတူတွဲရိုက်ထားတဲ့
ဓာတ်ပုံမှန်ဘောင်လေးဟာ ရုတ်တရက်
ပြုတ်ကျသွားခဲ့တယ်။
ကြိုးချီထားတဲ့Max က တည်မငြိမ် လှုပ်လှုပ်ရှားရှားတွေဖြစ်လာပြီးပါးစပ်ကလည်း
တအီအီနဲ့တစ်ခုခုကိုတိုင်တန်းနေခဲ့ပါတယ်။
သူ့အစ်ကိုတွေကိုလွမ်းတဲ့အကြောင်းများလား၊ဒါမှမဟုတ်
သူသိပ်ဝမ်းနည်းနေကြောင်းတွေများလား။
"ဂျောင်ကု Max နဲ့ ခဏနေခဲ့နော် Hyung
ထွက်ကြည့်လိုက်မယ် "
ဆိုင်တံခါးကို ဖွင့်ဖွင့်ချင်းမှာပဲ နွေးထွေးတဲ့
ရိုက်ခတ်မှုတစ်ခုက
ကျွန်တော့်ခန္ဓာကိုယ်ထဲစီးဝင်သွားတယ်။
အဲ့ဒီစီးဝင်မူ့မျိုးကို ကျွန်တော်
ကောင်းကောင်းမှတ်မိတာပေါ့။
အလုပ်ကြောင့် ဖိအားတွေကြုံတဲ့အခါ၊
စိတ်တွေအရမ်းပင်ပန်းလာတဲ့အခါ
ညီ ကျွန်တော့်ကို
ပေးတဲ့ ထွေးဖက်ထားမှုမျိုးလေ။
ထပ်ခိုးငယ်မှာ သူ့ရင်ခွင်ထဲခိုဝင်ခဲ့တုန်းက
ရခဲ့တဲ့ နွေးထွေးမူ့မျိုးကို ဒီနေရာမှာပဲပြန်ရလိုက်တယ်။
ဒါပေမယ့် အကောင်အထည်တော့မရှိခဲ့ဘူး။
ရိပ်ကနဲ တွေ့လိုက်တဲ့ လှုပ်ရှားမူ့
တစ်ခုနောက်ကို ပြေးလိုက်သွားမိတော့
အမှောင်ထဲမှာ သိပ်လွမ်းခဲ့ရတဲ့ ကျောပြင်လေး။
"ညီ "
ကျွန်တော်တို့ နှစ်ယောက်ကြားက
အကွာအဝေးအရဆိုသေချာပေါက်
ကျွန်တော့်အသံကိုကြားရမှာဆိုပေမဲ့
ကျောပြင်သေးသေးပိုင်ရှင်ကလှည့်မကြည့်ခဲ့ဘူး။
ခပ်ဖြေးဖြေးသာ လမ်းဆက်လျှောက်နေတယ်။
ဒါပေမဲ့ သူ့နောက်ကို လိုက်ရတာ
ကျွန်တော် တကယ်ပဲ မောဟိုက်နေပါပြီ။
ပတ်ဝန်းကျင် တစ်ခုလုံး
သံပုရာနံ့တွေလှိုင်နေတယ်။
တဖြေးဖြေးဝေးကွာလာတဲ့ကျောပြင်ငယ်က
လမ်းချိူးတစ်ခုရောက်တော့
ရုတ်တရက် ပျောက်ကွယ်သွားပါတယ်။
"ညီ ဘယ်ရောက်သွားတာလဲ "
အနီးတစ်ဝိုက်လှည့်ပတ်ရှာခဲ့ပေမဲ့
ညီကပဲ အပုန်းကောင်းလို့လားမသိ
ဘယ်လိုမှကို ရှာမတွေ့ခဲ့ဘူး။
ရောက်လာပြီးမှတော့ မျက်နှာလေးဖြစ်ဖြစ်
လာပြမှပေါ့။
စိတ်ဆိုးနေတယ်ဆိုလည်း အစ်ကိုက
ချော့မှာပေါ့။
ဘာလို့များ ထွက်မတွေ့ရတာလဲ မလိမ်မိုး
မလိမ်မာလေးရယ်။
မင်းနဲ့ တော့ သိပ်ခက်ပါတယ်။
****
"နေမကောင်းလို့ စိတ်ထင်တာပါ "ဆိုတဲ့
စကားကို ဂျောင်ကုကလက်ခံချင်ပုံမရပါဘူး။
သူ သေသေချာချာ မြင်ခဲ့တာပါတဲ့။
အဲ့ဒီ တစ်ညတာကုန်ဆုံးပြီး
၅ရက် မြောက်တော့ မိုးတွေ
ရွာတာ တစ်နေကုန်ပါပဲ။နေကောင်းကာစ ကလေးကို
ဟိုသွားဒီသွားလျှောက်မသွားဖို့
မှာရတာလည်းမောပါတယ်။
ဆိုင်ရှေ့မှာ ကားသံကြားလို့ကြည့်မိတော့
အနက်ရောင် တန်ဖိုးကြီးကားတစ်စီးကို
တွေ့လိုက်ရတယ်။
ဒါကြောင့် စိတ်မဝင်စား တော့ဘဲ ဆိုင်ထဲက
အလုပ်တွေကိုသာ ဆက်လုပ်နေခဲ့ပါတယ်။
ပြိုင်ကားနီနီလေးများ ရောက်လာလေမလား
လို့ စောင့်နေခဲ့တာဟာသူတို့နှစ်ယောက်ထွက်သွားပြီးကတည်းကလို့ဆိုရမယ်။
"Jin Hyung"
မှန်တံခါးကို ဆွဲဖွင့်ပြီး ကျွန်တော့
နာမည်ကို ခေါ်လိုက်တဲ့ အသံက
အသည်းစိုင်တစ်ခုလုံး ထုံကျဉ်သွား စေ
တော့တယ်။မျက်လုံးရှေ့က အမျိုးသားဟာကျွန်တော်သိရှိဖူးတဲ့
အမျိူးသားမှဟုတ်သေးရဲ့လား။
လပိုင်းအတွင်း ဘာလို့ ဒီလောက်ပြောင်းလဲ
သွားရတာလဲ။ဘာလို့လဲ။
"ထယ် "
ကျွန်တော့်နှုတ်က ထယ့်နာမည်ကို ရေရွတ်မိတုန်း
ဂျောင်ကုက ထယ့်ကိုပြေးဖက်ပါတယ်။
"Hyung ပြန်လာတယ်နော် ၊လွမ်းနေခဲ့တာ၊
တကယ်ကိုလွမ်းနေခဲ့တာပါ "
"Hyung လည်းအတူတူပါပဲ အငယ်ရယ်"
"ဒါနဲ့ Jiminshi ရောဟင် "
ထယ်က ဂျောင်ကု ကို ဖက်ထားရင်း ကျွန်တော့်ဆီလှမ်းကြည့်ပါတယ်။
စိမ်းဖန့်ဖန့် မျက်လုံးတွေဟာ ကျွန်တော့်စိတ်နှလုံးကိုစိတ်မအေးချမ်းစေဘူး။
ထယ်ဘာများပြောလာမလဲစိုးရိမ်ခဲ့ပါတယ်။
"ပါ ပါ တယ် သူလည်း ပြန်ပါလာပါတယ် "
"တကယ် နော် Hyung "
"အင်း တကယ်ပေါ့ "
အဲ့ဒီတော့မှ မသိသာတဲ့ ပင့်သက်တစ်ချက်ကို
ရှိုက်လိုက်မိတယ်။
"ဂျောင်ကု ကHyung အတွက် တစ်ခုခု
သွားဝယ်ပေးမလား၊ Hyung ဘာမှမစားခဲ့ရလို့ "
"အာ ဖြစ်တယ် ဖြစ်တယ် သွားဝယ်ပေးမယ် ၊
ဖက်ထုပ်ဆိုင်က ဦးလေးက
မနေ့ကတင် jiminshi ကို မေးနေတာ၊ အဲ့ဒါပါ
တစ်ခါတည်းသွားပြောပြရမယ်"
"Hyung ပဲခေါက်ဆွဲပဲစားချင်တယ် အငယ်၊
ဖက်ထုပ်ဆိုင် မဝင်ခဲ့ဘဲပြန်လာခဲ့ပေးနော်၊
Hyung ဗိုက်ဆာနေပြီ "
"ဟုတ်ကဲ့ဟုတ်ကဲ့ "
ဂျောင်ကုထွက်သွားတော့ ထယ်နဲ့ကျွန်တော်
စကားပြောဖြစ်ပါတယ်။
အပြန်အလှန် စကားထောက်ပေးရင်း
ညီ့အကြောင်းသိချင်နေပေမဲ့
ချက်ချင်းကြီးတော့ ထုတ်မမေးမိပါဘူး။
"ဆရာဝန်က ဘာပြောလဲ ထယ် "
"ဟိုမှာ ဆေးထပ်စစ်တော့ မဖြစ်မနေ
အစားထိုးမှ ရမယ် ပြောတယ် "
"Hyung ဘယ်လိုနှစ်သိမ့်ရမလဲ ထယ်ရယ် "
"ကျွန်တော် အဆင်ပြေပါတယ်၊ စကားမစပ် အမျိုးသမီး
ရော မွေးပြီးလောက်ပြီပေါ့၊
ဂျီမင်းက လက်ဆောင်တွေ ဝယ်ပေးလိုက်ပါတယ်"
"ဆိုလေးကို ပြောတာလား ထယ် "
"ဘယ်သူရှိဦးမှာလဲ သူပဲပေါ့ "
"Hyung တို့ လက်မထပ်ဖြစ်ပါဘူး၊ သူ့ကောင်လေး
နဲ့ အဆက်အသွယ်ပြန်ရပြီး
သူတို့ လက်ထပ်ဖြစ်ကြတယ်လေ ၊ဒါနဲ့ညီက ပြန်ပါလာခဲ့တယ် မဟုတ်လား၊
လက်ဆောင် ထည့်ပေး လိုက်တယ်ဆိုတော့
သူက Hyung ဆီ မလာတော့ဘူးလား "
မေးခွန်းဆုံးတော့ ထယ်က ရယ်တယ်။
သိပ်ကို နာကျင်နေတဲ့ပုံစံမျိုး ရယ်တယ်။
ကျွန်တော့်ကိုသိပ်ကိုသနားစရာ
ကောင်းတဲ့အကြည့်တွေနဲ့ ကြည့်ကြည့်ပြီးရယ်တယ်။ခနဲ့သလို၊ မထီသလိုရယ်တယ်။
"သူ မရှိတော့ဘူး Hyung"
မရှိတော့ဘူးဆိုတာ ဘာကိုပြောချင်တာလဲ။
အသက်ကိုပြင်းပြင်းရှုပြီး
ခဏလေး ထိုင်နေလိုက်ရတယ်။
စိတ်တွေနည်းနည်းတည်ငြိမ်သွားမှ ထယ်
ပြောလိုက်တဲ့ စကားအဓိပ္ပါယ်ကို ပြန်လည်မေးမြန်းဖို့ အတင်းကြိုးစားအားယူနိုင်ခဲ့တယ်။
" ထယ် ဘာကို ဆိုလိုတာလဲ ၊မရှိတော့ဘူးဆိုတာ
ဘယ်လို မရှိတော့တာလဲ "
" ဂျီမင်း ဆုံးသွားပြီ ၊လွန်ခဲ့တဲ့ ငါးရက်ပဲ
ကျွန်တော့် အစ်ကိုသေသွားခဲ့ပြီ"
စကားအဆုံးမှာ ကျွန်တော့်ကမ္ဘာတစ်ခုလုံးမှောင်မိုက်သွားသလိုပါပဲ။
လက်ထိပ်တွေထုံလာပြီး
ခြေဖျားတွေဟာအေးစက်လာခဲ့တယ်။
နှလုံးခုန်နှုန်းဟာ လည်း ပုံမှန်မဟုတ်တော့ပါဘူး။
"ဘာဖြစ်လို့ ဆုံးသွားတာလဲ "
အေးအေးဆေးဆေး မေးခွန်းပြန်ထုတ်နေတဲ့
ကျွန်တော့်ကို ထယ်က တအံတဩ ဝင့်ကြည့်
လာတယ်။သွေးအေးလှချည်လား ဆိုတဲ့ စကားလုံး
တွေကိုမျက်လုံးလေးတွေမှာ မြင်နေရပါတယ်။
အစကတည်းက မဖြစ်နိုင်တာကို
လာပြောနေတာထယ်ပဲ လေ။
ကျွန်တော်က ဘာကြောင့် များ သွေးပျက်
သွားရမှာလဲ။ဝေးပါသေးတယ်။
အလကားပါ။ မိန်းမလှလေးတွေနဲ့
ပျော်ပါး နေမှာကို ဖုံးဖိပေးချင်တာ။သူလည်း အလိုတူအလိုပါ မို့လို့ သက်သက် ကျွန်တော့ကို
အရူးလာလုပ်နေတာ။ ကျွန်တော်က
အဲ့ဒီလောက် နုံန နေတာမှမဟုတ်တာ။
အဲ့ဒီလို မလှိမ့်တပတ်လို့ ရမတဲ့လား။
"အဆုတ်ကင်ဆာ ဖြစ်နေခဲ့တာ Hyung
ကျွန်တော် သိတဲ့အချိန်မှာ
နောက်ဆုံးအဆင့်ဖြစ်နေပြီ၊ဆေးလိပ်
ကြောင့် အဆုတ်က စကာပေါက်လို
ပျက်ဆီးနေပြီးပြီ "
အဆုတ်ကင်ဆာတဲ့လား။
အော်ကံတရား တွေ ပက်စက်လိုက်ပုံများ။
"ထယ်က ဘယ်တုန်းကတည်းက
သိထားတာလဲ "
"နှလုံးအစားထိုးခွဲစိတ်မဲ့ကိစ္စနဲ့ Amelia ဆီသွားတွေ့တုန်းကတည်းက သိထားခဲ့တာ"
"ဟုတ်လား ၊အဲ့ဒါဆိုရင်ဘာလို့ အဲ့ဒီတုန်းကတည်း Hyung ကို
မပြောပြခဲ့တာလဲ ၊ထယ့်လုပ်ရက်က
ရက်စက်လွန်းရာရော ကျမနေဘူးလား"
ခပ်ဟဟ ရယ်နေမိတော့ ထယ်က
အံကိုကြိတ်ထားတယ်။မသိရင် ကျွန်တော့ကို
တစ်ခုခုဆွဲလုပ်တော့မဲ့အတိုင်းပဲ။
တကယ်တမ်းဒေါသထွက်ရမှာ ကျွန်တော်ပါ။
စိတ်မချမ်းမြေ့ဖွယ်
ပေါက်ကရတွေကို အချိန်ကုန်ခံနားထောင်
ပေးနေရတယ်မဟုတ်လား။
"ကျွန်တော့် အစ်ကိုက မျက်ရည်ပေါက်ကြီး
ငယ်ကျပြီး
ခြေသလုံးဖက်မတက် တောင်းပန်ထားလို့ကျွန်တော် မပြောခဲ့နိုင်တာ၊
သူက Hyungကို သူကောင်းကောင်းမွန်မွန်
အသက်ရှင်နေထိုင်နေတယ်လို့ပဲ
သိစေချင်ခဲ့တာ အဲ့ဒါကြောင့် "
ရှေ့မဆက်နိုင်တဲ့စကားလုံးတစ်ချို့နဲ့အတူ
ထယ်ဟာ တိတ်ဆိတ်သွားတယ်။
တောင်းပန်သလို ထယ့်အကြည့်တွေကို
သူစောစောလေးကကြည့်တဲ့အတိုင်း
မထီမဲ့မြင်အကြည့်နဲ့ပဲ
ပြန်တုံ့ပြန် ပေးလိုက်ပါတယ်။
"အဲ့ဒါဆိုလည်း သေသွားပြီဆိုပြီး
ဘာလို့လာပြောပြနေတာလဲ၊
သူဆန္ဒရှိသလို အဲ့အတိုင်း ပဲထားလိုက်ရောပေါ့"
" Jin Hyung ခင်ဗျားလွန်မလာနဲ့"
အင်္ကျီ ကော်လံစကို ဆွဲကိုင်ပြီး ဆွဲထိုးတော့
မလို ထယ့်ပုံစံကို ကျွန်တော်ကြောက်တယ်။
ထယ့်ကို ကြောက်တာမဟုတ်ဘူး။
ထယ့်ပုံစံကိုကြောက်တာ။
ထယ့် မျက်ဝန်းတွေကိုကြောက်တာ။
အဲ့ဒီမျက်လုံးတွေမှာ နာကျည်းပြတ်ရှမူ့တွေ
ပြည့်သိပ်နေတာ အတိုင်းသား မဟုတ်လား။
မြင်ရတာ ပေါ့၊ကျွန်တော်မြင်နေရတာပေါ့။
ညီက ညီဆိုတဲ့ လူဆိုးကောင်က အဖြူမလေးတွေနဲ့ တွဲပြီး ချေမိုးပြဦးမယ် လို့
တင်တင်စီးစီးကြွေးကြော်သွားခဲ့တာ။
မသွားခင် သွေးတွေ အန်နေလို့
ဆေးခန်းသွားရအောင် ဆိုပြီးကျွန်တော်
အတင်း ခေါ်ခဲ့၊ ချော့ပြောခဲ့ သားပဲ။
"ဟိုက ဆေးခန်းတွေက
ပိုထိရောက်တယ်ဆို။ဆေးလိပ်ပြန်သောက်မိလို့
သွေးပါရုံ သက်သက်ပါ" ဆို။
အခုဘာလုပ်သွားတာလဲ။ထယ်ပြန်ရောက်လာလို့
ပျော်နေခဲ့တာလေ။
လက်မထပ်ဖြစ်ကြောင်းပြောပြမလို့လေ။
တကယ်ပဲ ထယ့်စကားကို လက်ခံလိုက်ရတော့
မှာလား။
ညီ မရှိတော့ဘူးလို့
ယုံကြည်ပေးလိုက်ရတော့ မှာလား။
တစ်ဘဝလုံးစာ တုံးအခဲ့တဲ့ ကိုယ့်ကိုကိုယ်
လှောင်ရယ်မိလိုက်တယ်။အားလုံးသိခဲ့ကြတယ်။
အားလုံးကရိပ်မိခဲ့ကြပေမဲ့ ကျွန်တော်
တစ်ယောက်ထဲဘာမှမသိခဲ့တဲ့အရူးတစ်ယောက်လို။
လုပ်ရက်လိုက်တာ။ နောက်ဆုံးထွက်သက်မှာ
တောင် အနားနေခွင့်လေးမပေးခဲ့ဘူး။
ထိတွေ့ခွင့်လေးတောင်မရခဲ့ပါဘူး။
သေလောက်တဲ့ရောဂါဆိုလည်း
ကိုယ့်လက်၊ကိုယ်ခြေပြုစုချင်သေးတာပေါ့။ဝေဒနာတွေခံစားနေရချိန်
ဆေးပေးမီးယူမျှဝေပေးချင်သေးတာပေါ့။
ဆိုးတယ်၊ညီဟာ တကယ့်ကိုဆိုးပါတယ်။
"သူ Hyung ကို ဘာမှာခဲ့သေးလဲ ထယ် "
အင်္ကျီကို ဆွဲထားတဲ့ ထယ့်လက်တွေ
ပြေလျော့သွားပါတယ်။
လွတ်ပေးလိုက်တယ်ဆိုပေမဲ့
ဆောင့်တွန်းခံရသလိုမျိုးပါပဲ။
"ဟင့်အင်း မမှာခဲ့ဘူး၊Hyung ကို ဘာမှ
မပြောခိုင်းဘူး၊သူက Hyung ကို
ဝမ်းမနည်းစေချင်ဘူး၊အဆုံးထိ
ပေးမသိစေချင်ခဲ့ဘူး။ဒါပေမဲ့
ကျွန်တော် ဒါကို ဘာလို့ လာပြောပြလဲသိလား၊
Hyung ကို မုန်းလို့ ၊ Hyung က ပေါ့ပေါ့ပါးပါး
နေပြီး ကျွန်တော့်အစ်ကိုကျ
တိတ်တဆိတ်သေဆုံးခဲ့ရတာ မတရားလို့ "
ထယ် ကျွန်တော့်ကို ပေါက်ကွဲနေတုန်းမှာပဲ
ကျွန်တော်တို့နှစ်ယောက်စလုံးရဲ့
အကြည့်တွေဟာ ဆိုင်အပြင်ဘက်ဆီ
ရောက်ရှိသွားမိတယ်။
မိုးတောထဲမှာ မတ်တပ်ရပ်နေတဲ့
ဂျောင်ကုကခေါက်ဆွဲထုတ်ကို
တင်းတင်းဆုပ်ကိုင်ထားဆဲပဲ။
ကျွန်တော်တို့ ပြောသမျှကို
ဘယ်ကတည်းနားထောင်နေလဲ မသိပေမဲ့
ဂျောင်ကုငိုနေပါတယ်။
"Hyung ကို အခွင့်အရေးပေးတဲ့ အနေနဲ့
Hyung အတွက်
သူ့အရိုးပြာပါလာခဲ့တယ်"
"အရိုးပြာ ဟုတ်လား "
"ဟုတ်တယ် Hyung
မနေ့က လေယာဉ်ထဲမှာ
ခဏလေးအိပ်ပျော်သွားတုန်း
ကျွန်တော် အိမ်မက်မက်တယ်၊
ဂျီမင်း က ပင်လယ်တွေဆီ
အလည်သွားရအောင်လို့ ပြောတယ်"
"အဲ့ဒီတော့Hyung လုပ်ပေးနိုင်တာတစ်ခုရှိတယ်၊
အဲ့ဒါ သူ့ကို ပင်လယ်တွေ ဆီ
Hyung လက်နဲ့ Hyung ကိုယ်တိုင် ပို့ပေးဖို့ပါပဲ "
***
ထယ်ဟာ ကိုယ်တိုင်ကားမမောင်းခဲ့ဘူး။
ဒရိုင်ဘာနဲ့ လာခဲ့တာ။
ရှေ့ခန်းမှာ ဂျောင်ကု က
အရိုးပြာအိုး ကို ပိုက်ထွေးထားတယ်။
အဲ့ဒီနေ့က ထယ့်ရင်ခွင်ကိုမျက်နှာ
အပ်ပြီး ငြိမ်သက်ခဲ့ပါတယ်။
ထယ်ကအဖေတစ်ယောက်လို၊အစ်ကိုတစ်ယောက်လိုပြန်ပြီးထွေးပွေ့ပေးခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော် မငိုခဲ့ပါဘူး။
တောင်စွယ်မှာ နေကွယ်ရင် ကွက်မျက်ခံရတော့မဲ့
အပြစ်သားတစ်ဦးလိုပါပဲ။
အသက်ရှင်စရာ ဘာအကြောင်းပြချက်
တွေမှ မရှိတော့သလိုပဲ။
ကမ်းစပ် တစ်ခုကို ရောက်တော့
ထယ်ယူလာတဲ့ အရိုးပြာတွေကို
ကျွန်တော်နဲ့ ဂျောင်ကု အတူတူ
မျောလိုက်ကြတယ်။
ထယ်က ဒီတိုင်းလေးပဲ ရပ်ကြည့်နေခဲ့ပါတယ်။
ဒါဟာ ညီ့အရိုးပြာပါလို့
ကျွန်တော် မယုံနိုင်သေးပါဘူး။
ထယ်က ဒါလုပ်ရမယ်ဆိုလို့သာလုပ်နေခဲ့ရတာ။
ကြိုးဆွဲခံထားရတဲ့
ရုပ်သေးရုပ်လို အသက်မပါတဲ့လှုပ်ရှားမှုတွေပါ။
တစ်ဖက်မှာလည်း မသိစိတ်က ဒါဟာ
ညီ့အရိုးပြားတွေပဲလို့ သေချာနေတော့တာ။
ပြာတွေ မျောလို့ ပြီးသွားတဲ့ အချိန်
ထယ်က ဂျောင်ကုနားမှာ
ရွှေရောင် နားကပ်လေး သွားဝတ်ပေးတယ်။
"ဂျီမင်းက ဂျောင်ကုနဲ့ တွေ့ရင်သူမဝတ်ဖြစ်တော့လို့ ပေးတာပါဆိုပြီး
Hyung ကိုပြောခိုင်းထားတာ"
ကမ်းစပ်မှာ တင် ဂျောင်ကုဟာ
ထိုင်ချလိုက်တယ်။
အသံကုန်အောင် အော်ငိုရင်း
"Jiminshi ကို ခွင့်မလွှတ်နိုင်ပါ ဘူး" တဲ့။
မိုးက မစဲနိုင်အောင် ရွာသွန်းနေဆဲမို့
အဲ့ဒီလိုအချိန် ကမ်းခြေသွားရတာ
ကြိုက်တဲ့ ညီတော့ ပျော်နေလောက်မှာ။
ငိုရှိုက်သံတွေ ကိုလည်း ညီကြားနိုင်မှာပါ။
ကားထဲပြန် ရောက်ရောက်ချင်း
ထယ်က ကျွန်တော့် ပခုံးပေါ် လာမှီပြီး
"ကျွန်တော် အိပ်ချင် လို့ မှီမယ်နော် Hyung" တဲ့။
အသက်ရှုနေတဲ့ ထယ့်ရဲ့ဝင်လေထွက်လေက
ကျွန်တော့ လည်တိုင်ဆီရိုက်ခတ်နေတယ်။
အပြင်ဘက်မှာ မိုးတွေ ရွာနေတုန်းပဲ။
"ကျွန်တော်တို့မှာ မိသားစုဆိုလို့
Hyung နဲ့ ဂျောင်ကုပဲ ရှိတာ Hyung သိလား"
သိပါတယ်ဆိုတဲ့
စကားကို နှုတ်ကထုတ်ပြောချင်ပေမဲ့
ထွက်မလာခဲ့ဘူး။ ဘာကြောင့်မှန်းမသိ
အသံအိုးဟာ စောစောထဲက
အလုပ်မလုပ်ချင်တော့ဘူး။
" ရောဂါဖြစ်နေတာကိုတောင်
ကျွန်တော်တို့မသိအောင်အကြာကြီး
ဖုံးကွယ်ထားတဲ့သူက
ဟိုမှာတော့ ဘုန်းဘုန်းလဲသွားခဲ့တာ၊
သူဆုံးတဲ့နေ့က ကျွန်တော်သူ့ကို
ချီထားတာ၊ ထယ်ရယ် Hyung ကို
ဖက်ထားပါလားတဲ့ ၊သူက
အဲ့ဒီလို ချစ်စရာကောင်းအောင်
တောင်းဆိုခဲ့တာ၊ ကျွန်တော့
လက်ပေါ်မှာတင် သူဆုံးသွားခဲ့တာ"
"သူကHyung ပေးတဲ့ ဖိတ်စာလေးကို
သူနဲ့အတူ ထည့်မြှုပ်နှံပေးပါလို့ မှာခဲ့တယ်၊
ကျွန်တော်က မီးသဂြိုလ်ပြီး ပြာကို
Hyung ဆီပြန်ယူလာခဲ့တယ်။
ကျွန်တော်လေ သူမှာတာတွေကို
ဘာတစ်ခုမှ အချိုးပြေအောင်
မလုပ်ပေးခဲ့ဘူး။မတော်တဆများသာသူနဲ့
တွေ့ခဲ့ရင် ထယ်က Hyung စကားကို
အလေးမထားဘူးဆိုပြီး ဆူမှာ "
"ကျွန်တော် သူနဲ့ တွေ့ချင်လိုက်တာ၊
သူ့ကိုသတိရလိုက်တာ "
" နောက်ပြီး Hyung ကို မုန်းတယ်လို့ပြောခဲ့တာ
ကျွန်တော်ညာတာ ပါ "
သိပ်မကြာလိုက်ဘူး။ လည်တိုင်ဆီ ရိုက်ခတ်
နေတဲ့ ပူနွေးငွေ့ဟာဖြေးဖြေးချင်း ရပ်တန့်သွားတယ်။
ထိန့်လန့်တကြား ဆွဲလှုပ်မိတော့
ခန္ဓာကိုယ်ဟာ ခွေခွေလေး ပုံလျက်သား။
မဟုတ်ရဘူး။မဖြစ်ရဘူး။
ခွင့်မပြုနိုင်ပါဘူး။
"ထယ် ထ ပါဦး ထယ် ၊ထယ် Hyung ကို
စတာတွေ သိပ်များနေပြီ "
"ထယ် Hyung ကိုပြန်ထူးပါဦး ၊ရတယ်
Hyung ကို မုန်းလည်းရတာမို့ မအိပ်ပါနဲ့တော့"
ထယ်ဟာ နိုးမလာခဲ့ဘူး။ ထယ်ဟာငြိမ်
သက်သွားခဲ့ပြီ။
"ဘာဖြစ်လို့လဲ Hyung"
ဂျောင်ကု အမေးကို ကျွန်တော်မဖြေနိုင်သေးဘူး။
ထယ့်ကိုယ် ကိုမနိုင်နင်း ပွေ့ထားရင်း
နီးစပ်ရာ ဆေးရုံတစ်ခုဆီ
အမြန်မောင်းပေးဖို့ပြောလိုက်ရတယ်။
စိတ်ကလောနေလို့ ထင်ပါရဲ့။ကားဟာ
နှေးနှေးလေးသွားနေတဲ့ အတိုင်းပါပဲ။
" ဒီထက်ပိုပြီးတတ်နိုင်သမျှ မြန်မြန်လေးမောင်းပေးပါ နော် ဦးလေး"
ဆေးရုံရောက်တာနဲ့
ထယ့် ခန္ဓာကိုယ်ကို ပွေ့ချီပြီး
ဆေးရုံထဲ ပြေးဝင်မိတယ်။
ဆရာဝန်တစ်ယောက်က လိုအပ်တာ
တွေ စမ်းသပ်ပြီး
ခေါင်းယမ်းလိုက်ပါတယ်။
"လူနာက အသက်မရှိတော့ပါဘူး "တဲ့။
ကျွန်တော်တို့ နှစ်ယောက်စလုံးထယ့်ကို
တဖွဖွခေါ်နှိုးနေပေမဲ့
ထယ်ကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့
အိပ်စက်နေခဲ့ပါတယ်။
အသက်မဲ့နေတဲ့ထယ့်ခန္ဓာကိုယ်ကို
တွေတွေလေးငေးကြည့်နေမိရင်း
မျက်လုံးတွေ မှုန်မှိုင်းလာတယ်။
ခြေထောက်တွေဟာ လေးကန်လာတော့တယ်။
နောက်တော့ ဘာဆက်ဖြစ်လဲကျွန်တော်မသိတော့ဘူး။ကျွန်တော် နိုးလာတော့
ဆေးရုံကုတင်တစ်ခုပေါ်ရောက်နေတာကို
သိလိုက်ရပါတယ်။
နှလုံးသားလေး နာဖျားသွားလို့
ထင်ပါရဲ့။
စကားလုံးတွေ ပျောက်ရှရုံတင်မကဘူး။
စကားပြောစွမ်းရည်ကို ပါဆုံးရှုံးလိုက်ရတယ်။
ဘယ်တော့ပြန်ကောင်းမလဲ မသိပေမဲ့
ကျွန်တော် ဟာဆွံ့အသွားတဲ့
ဒုက္ခိတ တစ်ယောက်ဖြစ်ခဲ့ပါရတယ်။
***
သတိရပြီး သိပ်မကြာခင်ဂျောင်ကု ရောက်လာပေးတယ်။
သူ့လက်တွေကို အားကိုးတကြီးဆုပ်ကိုင်မိတော့
"အခု လောက်ဆို နှစ်ယောက်သား
ပင်လယ်တွေဆီ
အတူတူအလည်သွားနေပြီပေါ့နော်Hyung " တဲ့ ။
သိပ်ချစ်ရတဲ့ ချစ်သူနဲ့
သိပ်ချစ်ရတဲ့ ညီငယ်လေးကို
ဆုံးရှုံးလိုက်ရပြီ။ညီ မရှိတော့ဘူး။ထယ်လည်းမရှိတော့ဘူး။အဲ့ဒီအသိက စိတ်ကော ဘဝကိုပါ အသေသတ်သွားခဲ့တယ်။
နောက်တော့ ဂျောင်ကုဟာ
သူ့မိဘတွေ တာဝန်ကျရာ မြို့ဆီ
လိုက်သွားခဲ့ရတာမို့ ထပ်ဆုံးရှုံးရပြန်တယ်။
နွေဦးမိုးတွေ ရွာလေဦးမလားလို့ စောင့်ခဲ့တယ်။အိမ်မက်ထဲမှာများ
ဆုံလေ ဦးမလားလို့လည်း မျှော် နေခဲ့ပါတယ်။
ဒါပေမဲ့ နွေဦးမိုးတွေ မရွာခဲ့ဘူး။အိမ်မက်တွေ
မမက်ခဲ့ပါဘူး။
စတိုးဆိုင်လေးကို ဆိုလေးတို့
ဇနီးမောင်နှံက တစ်လှည့်စီ ဦးစီးပေးခဲ့တယ်။
ကျွန်တော်က တော့ စာရင်းတွက်ရုံပေါ့။
နှစ်တစ်ချို့ကို မွန်းမွန်းကြပ်ကြပ်ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့
ဂျောင်ကုဟာ
အထက်တန်းအောင် လို့ တက္ကသိုလ်
ကျောင်းသားကြီးဖြစ်နေခဲ့ပြီ။
ကျောင်းပိတ်ရက်တိုင်း
ကျွန်တော့်ဆီပြေးလာတတ်တယ်။
ညီလုပ်ပေးတဲ့ စားပွဲခုံလေးနဲ့
ထမင်းအတူတူစားဖြစ်ကြတယ်။
ထယ်နဲ့သူ အတူတူဆွဲထားတဲ့ ညီပုံတူ
ပန်းချီကားတွေကို ထုတ်ထုတ်ကြည့်ပြီး
ကျွန်တော်မသိအောင်လည်း
တိတ်တိတ်လေးခိုးငိုနေတက်တယ်။
ပုံမှန်အတိုင်းနေနိုင်ဖို့၊ စိတ်တွေကိုအနည်ထိုင်ဖို့
ကြိုးစားနေတုန်းမှာပဲ
Max ကပါ ကျွန်တော်တို့ကို ထားရစ်ခဲ့တော့တယ်။
အဲ့ဒီညမှာ ကျွန်တော် အသည်းအသန်ငိုခဲ့ပါတယ်။
Max မရှိတဲ့နေ့ရက်တွေက ထင်တာထက်ပိုခက်ခဲပါတယ်။နွေဦးရောက်လို့ မိုးမရွာရင်လည်း
နှလုံးသားကို
မီးခဲရဲရဲထဲပစ်ချခံရသလို ပူလောင်ပါတယ်။
ကမ္ဘာတစ်ဖက်မှာဒီရာသီရောက်တိုင်း
တဆစ်ဆစ်နာကျင်ရတာ
ကျွန်တော့်ဝဋ်ကြွေးဆိုရင် အခြားကမ္ဘာတစ်ဖက်မှာသူတို့တွေ ရော အဆင်ပြေနေပါ့မလားလို့
တွေးမိပါရဲ့။
မသေသေးလို့နေနေရတဲ့ ကျွန်တော့်မှာတော့
လဲကျသွားလိုက် ၊အားယူပြန်ထလိုက်နဲ့
သံသရာလည်နေခဲ့တာပါပဲ။
ရာသီတွေဟာ တစ်လှည့်စီလည်ပတ်ရင်း၊သူတို့
နှစ်ယောက်ရဲ့နှစ်ပတ်လည်တွေကို အသက်ရှူရခက်စွာဖြတ်သန်းရင်းနဲ့ပဲ
လူမသိသူမသိဇာတ်နာခဲ့ရတယ်။
ကျောင်းဆရာဖြစ်သွားတဲ့
ကျွန်တော်တို့ ရဲ့ အုန်းသီးလေး
အကြောင်းကို သူ့အစ်ကိုတွေသိရင်
ဂုဏ်ယူနေမှာ အသေအချာပါပဲ။
တက္ကသိုလ်ပြီးပြီးချင်းဝေးလံခေါင်သီတဲ့
နေရာတွေကို တာဝန်ကျတော့
တစ်နှစ်တစ်ခေါက်တွေ့ဖို့တောင် မလွယ်ကူခဲ့ဘူး။
လုပ်သက်လေး နည်းနည်းကြာလာမှ
ဆိုးလ်မြို့ ပေါ် ပြန်ရောက်လာပြီး
သူတက်ခဲ့တဲ့ ကျောင်းလေးမှာ တာဝန်ထမ်း
ဆောင်ရတော့တယ်။
အထက်တန်းကျောင်းသားဘဝကနေ
အထက်တန်းပြကျောင်းဆရာ
ဖြစ်သွားတဲ့ တိုင်အောင် ဂျောင်ကုဟာ
ကျွန်တော့်ဆီမှာပဲအတူတူနေခဲ့တယ်။
ဂျောင်ကုနဲ့ အတူတူနေရင်းပဲ
ကျွန်တော်ဟာ ကလေး ပြန်ဖြစ်သွားသလိုပဲ။
အဖိုးကြီး ပေါက်စလေးလိုမျိုး
"Hyung ဟိုဟာ မလုပ်နဲ့၊ ဒီဟာ မလုပ်နဲ့ " ဆိုပြီး
ပွစိပွစိ တွေလည်း သိပ်ပြောပါတယ်။
အလေးအပင်တွေများ မ မိလိုက်ပြီဆိုရင်
"Hyung ကိုယ် Hyung ဆယ်ကျော်
သက်လေး များထင်နေလား " တဲ့။
နောက်တော့လည်းပြောရှာပါတယ်။
"ကျွန်တော်ကသာ အသက်တွေကြီးလာတာ
Hyung ကတော့ သိကာစအတိုင်းလေးပဲ " တဲ့။
"ရည်းစားလေး နှစ်ယောက်ကို သိပ်လွမ်းတယ်" လို့ဆွေးဆွေးမြေ့မြေ့ ရေရွတ်တတ်ပြီး
တစ်ခါတုန်းကတော့"ကျွန်တော် သူတို့
နှစ်ယောက်စလုံးကို ပြန်တွေ့ပြီနဲ့တူပါတယ်"
ဆိုပြီးလည်း
ထူးထူးဆန်းဆန်းပြောလာခဲ့ဖူးတယ်။
လှိုက်စားလာတဲ့ နေ့ရက်တွေဟာ
ဘယ်လောက်ပဲအိုဆွေးဆွေး
ညီနဲ့ ထယ့်အကြောင်းကိုတွေးမိတိုင်း
ခြောက်ခြားတုန်လှုပ်ရစမြဲ။တစ်ခါတစ်လေ
ကောင်းကင်ကြီးတွေပြိုကျသွားရသလိုပါပဲ။
တရားနဲ့ဖြေတဲ့အခါဖြေ၊
အားတင်းနိုင်သမျှ အားတင်းပြီး
နာကျင်လာရင် ဂျောင်ကုရင်ခွင်ထဲမှာကလေးတစ်ယောက်လို ငိုကြွေးလိုက်တယ်။
အဲ့ဒါ ကျွန်တော်ဖြတ်သန်းနေရတဲ့ ဘဝပါပဲ။
မနက်ဆိုဂျောင်ကုက ကျောင်းသွားတယ်။
ကျွန်တော် ကဆိုင်ထိုင်တယ်။အိမ်ပြန်လာရင် ဘာစကားမှမပြောဖြစ်တဲ့တိတ်တိတ်ဆိတ်ဆိတ်ထမင်းဝိုင်းလေးရှိမယ်။ ဘာစကားမှ မပြောဖြစ်ဆိုကျွန်တော် စကားမပြောနိုင်တော့ ၁၅နှစ်တောင်ရှိနေပြီ။
နွေဦးမိုးတွေ
မရွာတာလည်း ၁၅ နှစ်ကျော်ကြာခဲ့ပါပြီ။
နှစ်ယောက်စလုံးက ကိုယ်ပိုင်အချိန်တွေကို
တစ်ယောက် တစ်နေရာစီကုန်ဆုံးတယ်။
ဂျောင်ကုဟာ သူ့ဘီဒိုထဲက ပစ္စည်းတွေ ကိုသန့်ရှင်းတဲ့အခါ သန့်ရှင်း၊ဒါမှမဟုတ်
သူ့ထုံးစံအတိုင်း ဂစ်တာတစ်လက်နဲ့ ဟိုဟိုဒီဒီတီး
ခတ်နေတတ်တယ်။
ကျွန်တော် ကတော့ စာအုပ်တစ်အုပ်နဲ့
အချိန်ကုန်ဖြစ်တာများပါတယ်။
***
ဒီလိုနဲ့ တစ်ခုသော နွေဦးမှာတော့
အလယ်တန်းကျောင်းသားလေး
တစ်ယောက်ဟာ
ဆိုလေးနဲ့ ပြသနာတက်နေခဲ့တယ်။
"အစ်မကလည်း လုပ်ပါ ဗျာ "
"မှတ်ပုံတင်မပါရင် ရောင်းပေးလို့ မရပါဘူး
နော် ၊ဆိုင်ရှင်ကလည်းခွင့်ပြုမထားဘူး "
"ဆိုင်ရှင် က ဟိုမှာ ထိုင်နေတဲ့
ဦးလေး မဟုတ်လား "
"အင်း ဟုတ်တယ်လေ "
ကောင်တာ ဆီ ပြေးချလာတဲ့
အလယ်တန်းကျောင်းသားလေးရဲ့
မျက်လုံးတွေက ကြည်တောက်နေပါတယ်။
"ဦလေး နှစ်ဆပိုပေးမယ်လေ ရောင်းပါနော် "
ကျောင်းသားလေးဟာ ထယ့်လိုမျိုး
နှာခေါင်းထိပ်မှာ မှဲ့ကလေးတစ်လုံးပါပါတယ်။
တစ်ချိန်တုန်းက "Hyung ရယ် ကျွန်တော့ကို
ထမင်းကျွေးပါ နော် " လို့
တောင်းဆိုတဲ့ မျက်လုံးလေးဟာလည်း
ထယ်နဲ့ တစ်ပုံစံတည်းပါပဲ။
"ဆိုင်ရှင်တင် မဟုတ်ဘူး၊ ဒီနိုင်ငံရဲ့
ဥပဒေက ပါ ခွင့်ပြုမထားဘူး ၊ဒါကြောင့်
ရောင်းပေးလို့ မရဘူး ကျောင်းသားလေး"
ဆိုလေးဝင်ပြောတဲ့ စကားကို
ကျောင်းသားလေးက အဖက်မလုပ်ပါဘူး။
ကျွန်တော့ကိုပဲ တဂျီတဂျီလုပ်နေတော့တယ်။
"ဘာဖြစ်လို့လဲ Hyung"
ကျောင်းသွားဖို့ အပေါ်ထပ်ဆင်းလာတဲ့
ဂျောင်ကုကို တွေ့တော့
ကောင်ငယ်လေးက လှစ်ကနဲ
ထွက်ပြေးဖို့ ကြိုးစားပါတယ်။
"ခဏနေ ဦး မင်းဘာလာလုပ်တာလဲ "
ကျောင်းသားလေးဟာ ဂျောင်ကုတို့
ကျောင်းက လို့ထင်တာပါပဲ။
တန့်ကနဲ့ ရပ်သွားတဲ့ ခြေလှမ်းတွေနဲ့အတူ
နောက်ပြန်လှည့်လာပြီး
"မုန့်လာဝယ်တာပါ ဆရာ " လို့ဖြေတယ်။
အဲ့ဒီအဖြေကို ဂျောင်ကုက ခါးထောက်ပြီး မဲ့ပြုံးပြုံးပါတယ်။
"မုန့်လာဝယ် တာဆိုပဲ၊ဒါနဲ့ ဟိုတစ်ယောက်ရော
ဘယ်မှာလဲ ၊ပါမလာဘူးလား "
"ဟုတ်မပါပါဘူး ဆရာ "
"ဒီဆိုင်မှာ ငါနေမှန်း ရောမင်းသိလား "
"မသိပါဘူး ကျွန်တော်တကယ်မသိတာပါ "
"အေးပေါ့ မသိလို့ တည့်တည့်မိသွားပေါ့ ၊
Jin Hyung သူ ဆေးလိပ်လာဝယ်
တာမဟုတ်လား "
ကျောင်းသားလေးရဲ့မျက်လုံးတွေမှာ
အမှန်တိုင်းမပြောလိုက်ဖို့
အကူညီတောင်းတဲ့ အရိပ်အယောင်တွေ
တွေ့လိုက်ရပါတယ်။
ဒါပေမဲ့ကျွန်တော် မလိမ်ပေးနိူင်ခဲ့ဘူး။
အသာအယာလေး ခေါင်းငြိမ့်ပြတော့
ကျွန်တော့်ကို စောင်ပေပေကြည့်လာပါတယ်။
"မင်းတို့နဲ့ ငါ ဒီနေ့ ပွဲကြီးပွဲကောင်းပဲ " တဲ့။
ဂျောင်ကုအဲ့ဒီလိုပြောတော့ ကျောင်းသားလေးရဲ့
မျက်လုံးကလေးတွေ
ညိုးကျသွားသလားပဲ။မျက်နှာလည်း
ငယ်သွားပါတယ်။ဖုန်းဝင်လာတာမို့ ဂျောင်ကုဟာ
"ကျောင်းရောက်မှ တွေ့ကြတာပေါ့" ဆိုပြီး
ထမင်းစားခန်းထဲ ဖုန်းသွားပြောပါတယ်။
တစ်ပြိုင်တည်းမှာ နောက်ထပ်ကျောင်းသားလေး
တစ်ယောက် ဆိုင်ထဲ ရောက်လာခဲ့တယ်။
"ဘယ်လိုလဲ အဆင်ပြေလား"
"မပြေပါဘူး ၊ငါ့ကို ဆရာမိသွားတယ်"
"ဟင် ဘယ်ဆရာလဲ "
"ဘယ်ဆရာကမှာလဲ
ငါတို့ကိုခဏတိုင်း ရုံးခန်းပို့ပို့နေတဲ့
ဆရာပေါ့ ၊မင်းကိုလည်း မေးနေတယ်၊
မြန်မြန် သွားတော့ မဟုတ်ရင် မင်းပါ
ရောပြီး ရုံးခန်းထပ်ရောက်နေမယ် "
"ရောက်လည်းရောက်ပေါ့ ဘာဖြစ်လဲ၊နေစမ်းပါဦးမင်းက ဘယ်လိုမိသွားတာတုံး "
"ဒါ ဆရာ့ဆိုင်ထင်တယ်၊ ဟိုမှာ ထိုင်နေတဲ့
ပိုင်ရှင်နဲ့ ဘာတော်လဲ တော့မသိဘူး၊
အဲ့ဦးလေးတိုင်လိုက်တာ "
"အော် သူလား "
နောက်ထပ်ရောက်လာတဲ့ကျောင်းသား
လေးက ကျွန်တော့်ကိုလှမ်းကြည့်တယ်။
အကြည့်ချင်းဆုံသွားတဲ့ အခိုက်မှာ
ကမ္ဘာမြေကြီးရဲ့ လည်ပတ်မူ့ ယန္တယားက
ဒီတစ်နေရာစာ ကပ်သပ်ပြီးချို့ယွင်းသွားသလိုပဲ။
လက်ထဲက ဘောပင်လေး လွတ်ကျသွားပါတယ်
မှင်သေသေ ကြည့်သွားတဲ့ အကြည့်၊ထူထူပြည့်ပြည့် နှုတ်ခမ်းတွေ၊အိပ်မောကျနေတဲ့
နှလုံးသားဆီက စူးကနဲနာကျင်မူ့ ။
ဇာတ်လမ်းတစ်ပုဒ်ကို အမြန်ပြနေသလိုမျိုး
ရွေ့လျားနေတဲ့ အတိတ်ပုံရိပ်တွေက
ခေါင်းထဲမှာ ထိုးထိုးစိုက်စိုက်။
သတိပြန်ဝင်လာချိန် သူတို့
နှစ်ယောက်ဟာ ဆိုင်ထဲမှာမရှိတော့ဘူး။
"အဲ့ကလေး မျက်နှာကိုHyung လည်း သေသေချာချာမှတ်ထားနော် သိလား၊
သေချာတယ်၊ဆေးလိပ်ရောင်းမှန်းသိရင်
ဒီကောင်တွေထပ်လာဦးမှာပဲ"
"တစ်ယောက်ရှိသေးတယ် ၊
နောက်မှကြုံရင်ပြမယ်၊
မထုံတတ်တေးရုပ်နဲ့ ခံမပြောနားမထောင်၊
မိမနိုင်၊ဖမနိုင်၊ဆရာမနိုင်လေးတွေ "
"စာတော်သလောက် မဟုတ်တာဆို
သူတို့ ထိပ်ဆုံးက"
"တကယ်ပြောတာ နောက်ထပ်တစ်ခါ
ဆေးလိပ်ကိစ္စကို
လက်ပူးလက်ကြပ်မိကြည့်၊
ရုံးခန်းပို့ရုံတင်မဟုတ်ဘူး၊
ကျောင်းပါ ထုတ်ပစ်မှဖြစ်တော့မှာ"
နောက်ဖေးခန်းက ထွက်လာတဲ့ ဂျောင်ကုဟာ
သူ့အလုပ်လွယ်အိတ်ကို စစ်ဆေးရင်း
ကျွန်တော့်ကို စကားတွေ မနားတမ်းပြောနေခဲ့တယ်။
ဂျောင်ကုကို အားနာပေမဲ့သူ့စကားတွေ
ဆက်ပြီး နားမထောင်နိုင်တော့ပါဘူး။
ဆိုင်အပြင်ဘက်ဆီ ပြေးထွက်မိတယ်။
အသက်ရှူဖို့ ခက်ခဲလွန်းလို့ နှာခေါင်းနဲ့သာမက
ပါးစပ်နဲ့ပါ ရှိုက်ရှုနေရတဲ့ အခြေအနေမျိုးပါပဲ။
သွေးရူးသွေးတန်း ထွက်ပြေးနေတဲ့
ကျွန်တော့်ကို ဘေးလူတွေ မြင်ရင်
ဒီလူရူးသွားပြီ လား လို့ တွေးထင်ကြပါလိမ့်မယ်။
မတက်နိုင်ပါဘူး။ထင်ချင်လည်းထင်ပါစေတော့။
ဒီဝေဒနာတွေ ကို
၁၅ နှစ်တိုင် သယ်ပိုးထားရတာလေ။
လမ်းချိုးတစ်ခုအရောက်မှာတော့ သိပ်လွမ်းခဲ့ရတဲ့ကျောပြင်ငယ်ကို အပိုင်းအစ တစ်ခုလိုမျိုး ဖျတ်ကနဲ တွေ့လိုက်ပါတယ်။နောက်ပြီး မျက်လုံးရှေ့မှာတင် ချက်ချင်းဆိုသလို
တဖန်ပျောက်ကွယ် သွားပြန်တယ်။
လမ်းချိုးမို့ဘယ်သူမဆို ဒီအကွေ့ထဲဝင်
သွားရင် မျက်လုံးရှေ့က ပျောက်ကွယ်
သွားတတ်တယ်ဆိုပေမဲ့
ကျွန်တော် ဆက်ပြီး မရှာရဲတော့ပါဘူး။
လမ်းကွေ့နားအထိမသွားရဲတော့ပါဘူး။
ဟိုးအရင်တုန်းကလို အပြီးတိုင်
ရှာမတွေ့ဝောာ့မှာကို ကြောက်ပါတယ်။
မူးဝေနေတဲ့ အာရုံမှာ အရာရာကဝေဝါးလာတယ်။
အဲ့ဒီနေရာမှာတင် ပစ်လဲသွားခဲ့တာ ဝုန်းကနဲပဲ။
"ညီ "
နှစ်ပေါင်းများစွာ အလုပ်မလုပ်တဲ့ အသံအိုး
ဟာ အဲ့ဒီနေ့မှာ အလုပ်ပြန်လုပ်ခဲ့တယ်။
ညီဆို တဲ့ အမည်နာမကို
ကျွန်တော့် နှုတ်က ပီပီသသ ခေါ်နိုင်ခဲ့ပါတယ်။
မျက်လုံးထောင့်ကမျက်ရည်ဟာမြေပြင်ပေါ်အထိစီးဆင်းသွားတော့
ပါးပြင်တစ်ခြမ်းတောင်အေးစက်လာတယ်။
ကျွန်တော့် မျက်လုံးအစုံဟာ
စိုစွတ်လာတယ်။
ကျွန်တော့် ဆံပင်တွေနဲ့ ကျွန်တော့ ခန္ဓာကိုယ်
တစ်ခုလုံး စိုစွတ်လာပြီး
ပတ်ဝန်းကျင်မှာ ရှိတဲ့အရာခပ်သိမ်းလည်း
စိုစွတ်သွားခဲ့ပါတယ်။
လေပြည်ဟာ သံပုရာနံ့ကိုဆောင်ယူလာခဲ့တယ်။
" တိုက်ဆိုင်စွာနဲ့ပဲ အဲ့ဒီနေ့မှာ
နွေဦး မိုးတွေလည်းရွာသွန်းလာခဲ့ပါတယ်"
ကျေးဇူးတင်ခြင်းများစွာဖြင့်
(Noah-Gum)