ဖြစ်ပျက်သွားတဲ့ အကြောင်းတရားတွေဟာ
နည်းနည်းတော့
မျက်နှာပူစရာရယ် ဆိုပေမယ့်
ပြေလည်ဖို့ လမ်းစကိုရှာတွေ့ခဲ့ပါတယ်။တကယ်ဆို
ပြေလည်သွားမယ်လို့တော့မထင်ထားခဲ့ဘူးပေါ့။
"ကျစ် လာနေပြန် ပြီ စိတ်ရှုပ်ရတဲ့ကြားထဲ "
ရေရွတ်သံတိုးတိုးကြောင့် အကဲခတ်မိတော့
ကျွန်တော်တို့ ဆိုင်ဘက်ဆီ ခပ်သုတ်သုတ်
လျှောက်လှမ်း
လာတဲ့ တစ်ဖက်လမ်းက ဦးလေးကြီး။
ဦးလေးကြီးဟာ ဖက်ထုပ်ဆိုင်လေးဖွင့်ထားပြီး
အဲ့ဒီဆိုင်က ဖက်ထုပ်ကို
သူကော ကျွန်တော်ကော ကြိုက်ကြတယ်။
သူနဲ့တစ်ဖက်လမ်းက ဦးလေးကြီးဟာ
မတည့်အတူနေ၊
အမြဲတမ်းစကားနိုင်လုနေကျလေ။
များသောအားဖြင့် မနေ့ညကလို ဘောလုံးပွဲ
ရှိတဲ့ညတွေမှာဆိုပိုဆိုးပေါ့။
ဘောလုံးဝါသနာအိုးတွေဆိုပေမယ့်
အားပေးတဲ့ အသင်းတော့မတူခဲ့ဘူး။
သူအားပေးတဲ့ အသင်းက ရှူံးသွားပြီး
ဦးလေးကြီး အားပေးတဲ့ အသင်းက
နိုင်သွားတာမို့ထင်တာပါပဲ။
အားတက်သရော ကြွားဝါ ဖို့လာနေတဲ့
ဦးလေးကြီး ကြောင့်
သူ့မျက်နှာဟာသိပ်မကောင်းလှဘူး။
"ညီ့ကို ဆို အဲ့ဦးလေး တအားတိုက်ခိုက်တာ"တဲ့။
ကျွန်တော် ကြိတ်ရယ်မိတယ်။
သူအားပေးတဲ့အသင်းများနိုင်သွားကြည့် သူ
လည်းအဲ့ဦးလေးကြီးဆီသွားသွားပြီး
တစ်ယောက်တစ်ပြန် တိုက်ခိုက်နေကြပဲကို....။
ဦးလေးကြီးဟာဆိုင်ထဲ ရောက်ရောက်ချင်း
ချောင်းတစ်ချက်ဟန့်တယ်။
ရည်ရွယ်ချက်ကသူ့ဆီကိုတည့်တည့်သွား
ဖို့လုပ်နေတာပါ။
သူကတော့ ဦးလေးကြီးကို မကြည့်နေဘူး။
စောစောလေးကတင်
ကလေးတစ်ယောက်ရေခဲမုန့်ခွက်လွှတ်ကျ
ခဲ့တာမို့ ပေကျံသွားတဲ့
ကြမ်းပြင်ကိုသာ သန့်ရှင်းရေးဖိလုပ်နေမြဲပဲ။
အဲ့ဒီအချိန်ကြုံရာစာရွက်တစ်ခုကို ကျွန်တော်
ခပ်မြန်မြန်ပဲကောက်ဆွဲထုတ်လိုက်ပါတယ်။
"အသစ်ပြန်မှာမယ့် စာရင်းက ဒါပဲလားညီ၊
အစ်ကိုမနေ့ကပြောထားတာ
အမျိုး ၂၀ ကျော်တယ်လေ "
"ဗျာ"
သူ့မျက်ဝန်းတွေဟာ ဝိုင်းကနဲ။
ဦးလေးကြီးကတော့ ကျွန်တော်စကားပြောနေတာမို့
လာရင်း ကိစ္စကိုဘေးချိတ်ထားပုံရပါတယ်။
"အလုပ်လုပ်တာ တိကျမှပေါ့ ခဏနေရင်ပဲ
ပစ္စည်းပို့တဲ့ကားကလာတော့မှာကို
ဖြည့်ရမဲ့စာရင်းက အခုထိမပြီးသေးတော့
ဘယ်လိုလုပ်မှာလဲ "
ကုန်ပစ္စည်းတွေရောက်မယ့် နေ့မဟုတ်ပါဘဲ ဒေါသသံနဲ့ ထသောင်းကျန်းနေတဲ့
ကျွန်တော့်ကို သူအံဩသွားတယ်။
နောက်တော့ သဘောပေါက်သွားလို့ပဲလားမသိ
ဘောပင်တစ်ချောင်း ကောက်ကိုင်ပြီး
"ဟုတ်ဟုတ် ကျွန်တော်အခုပဲ ဖြည့်လိုက်ပါမယ်"တဲ့။
သူဟာပစ္စည်းနည်းနည်းပါးပါး
ဝယ်ပြီးဘာစကားမှမပြောဘဲ ပြန်သွားတဲ့ ဦးလေးကြီးကို ချောင်းကြည့်ပြီး
" အစ်ကိုမှဉာဏ်မကူရင်
ညီတော့သွားပြီ ၊
၂နာရီလောက်ကနားညီးတော့မှာ" လို့ဆိုတယ်။
"အင်းအင်း အစ်ကိုတို့ခဏနေ ဆိုင်သိမ်းပြီ နေ့လည်စာ စားရအောင်ညီ "
"ဟုတ်ကဲ့ "
သူသိပ်ကြိုက်တဲ့ steak ကို လုပ်ပေးတော့
နှစ်နှစ်ခြိုက်ခြိုက်စားပါတယ်။
အသားကိုအတုံးလိုက် ပန်းကန်ထဲထည့်ပေးတာထက်
အတုံးသေးသေးလေးတွေ လှီးကျွေးရင်သူပိုပြီး
သဘောကျတယ်။
"လိုက်ဖက်လိုက်တာ "တဲ့။
ဝိုင်ကို
တစ်ငုံချင်း အရသာခံပြီး ပြောခဲ့တဲ့စကား။
Steak လုပ်စားကြရအောင်လို့ အဖော်ညီကတည်းက
ဝိုင်ကောင်းကောင်းကိုလိုက်ရှာပြီးဝယ်နေတော့တာ။
သူကအဲ့ဒီလိုလူစားမျိုးလေ ။ယာမကာလေးများ
သောက်သုံးနေရရင် ကမ္ဘာတစ်ခုလုံးပဲ ပြိုကျပြိုကျသူစိတ်မဝင်စားတော့ဘူး။
သူ့လိုမျိုး အရက်တစ်ခွက်နဲ့ဒါဏ်ရာတွေကို ဖာတေးနိုင်ရင်လည်းကောင်းသား။
တကယ်ဆိုသူ့မှာ ဒါဏ်ရာရယ်လို့
ရှိရဲ့လားတောင်မသေချာပါဘူး။ရှုပ်ရှုပ်ပွေပွေ ဇာတ်လမ်းလေးတွေပဲ ရပ်တန့်သွားတာပါ။
အငြင်းခံရလို့ ဝမ်းနည်းနာကျင်သွားပုံမရသလို
ကျွန်တော်နဲ့ ပက်သက်ပြီး
နင့်နင့်သည်းသည်း ခံစားရတဲ့ ပုံစံမျိုးလည်း
ကျွန်တော်မမြင်ခဲ့ဘူး။ဒါပေမဲ့လို့
အဲ့ဒါတွေဟာ
သူမြင်စေချင်သလောက်သာ ချပြခဲ့တဲ့
ကျွန်တော့ဘက်က
ရူ့ထောင့်တွေလည်းဖြစ်နိုင်ပါတယ်။
ကျွန်တော်ဟာ အဲ့ဒီလိုမျိုး
နားလည်ပေးချင်ခဲ့တယ်။
ဖာဖာတေးတေးတွေးထားတယ်လို့လည်း ဆိုနိုင်ပါတယ်။
ဘက်လိုက်တယ်လို့လည်းစွပ်စွဲနိုင်တာပါပဲ။
***
မပြောင်းလဲတဲ့နေထိုင်မှု ပြယုဂ်တွေကို တငွေ့ငွေ့ကျော်ဖြတ်ရင်းတစ်နေ့မှာတော့ ရွှေရောင်နားကပ်ကလေးတစ်ခုဟာ သူ့နားတစ်ဖက်
ပေါ်ထူးဆန်းစွာရောက်ရှိလာခဲ့ဖူးပါတယ်။
မြင်နေတွေ့နေကျ အမဲရောင်ကျောက်နားကပ်ကလေးကိုမတွေ့ရတော့တဲ့ အချိန်တွေပေါ့။
အသစ်ပန်ထားတဲ့အင်္ဂလိပ်အက္ခရာ V ပုံစံနားကပ်လေးကို
သူသိပ်သဘောတကျရှိတယ်ထင်တာပါပဲ။
"ကျွန်တော်နဲ့လိုက်တယ်မဟုတ်လားလို့"
မကြာခဏမေးလေ့ရှိတယ်။
နီရဲဖြူဥနေတဲ့အသားအရည်အပေါ်
ရွှေရောင်နားကပ်တစ်ဖက်
နစ်မြုပ်နေတာမျက်စိပဒသတော့ဖြစ်စရာပါ။
နောက်တော့မှ ပြန်သိရတာက အဲ့ဒီ V ပုံစံနားကပ်ကလေးဟာ
သူ့သူငယ်ချင်းပေးထားတာပါတဲ့။
"အစ်ကိုသိလား အဲ့ဒါရွှေအစစ်လို့"
ဂုဏ်ယူဝံ့ကြွားစွာပြောတဲ့နေ့တုန်းက
သူ့အမူအယာကို ကျွန်တော်ငေးမောမိတာ
သိပ်သိသာသွားတယ်ထင်ပါရဲ့။
သူ့ဘက်ကတောင်"ညီ့ကိုချောလို့ ငေးကြည့်နေတာလား"ဆိုပြီးမေးလာတဲ့အထိပဲ။
နောက်တော့နှစ်ယောက်သားပြိုင်တူ
ပြုံးမိခဲ့ကြတယ်။
အခုရက်တွေ
ခါတိုင်းလို အတူတူ လမ်းလျှောက်ဖြစ်လာတယ်။
ညစာအတူစားရင်းဟိုဟိုဒီဒီ
ရောက်တတ်ရာရာလေးတွေလည်းပြောဖြစ်ကြတယ်။
ကျွန်တော်တို့ နှစ်ယောက်ကြားမှာ
ဘယ်တုန်းကမှဘယ်လို ကြိုးထုံးတွေကမှ
မရှုပ်ထွေးခဲ့တဲ့အတိုင်းပါပဲ။
အနေခက်စရာ စကားတွေမပြောဖူးသလိုပဲ။
ရူးချင်ယောင်ဆောင်တဲ့ အပိုင်းကိုကျွန်တော်တို့
နှစ်ယောက်စလုံး အထူးတလည်
ကျွမ်းကျင်ကြပါတယ်။
***
ရက်သတ္တပတ်တစ်ချို့ ကုန်လွန်သွားတော့
ဆက်ဆံရေးတွေဟာ
နဂိုမူလ အနေအထားဆီ
တဖန်ပြန်ရောက်သွားတယ်လို့ဆိုရမယ်။
မကွယ်ဝှက်စွာပြောပြရရင် ပုံမှန်ထက်နည်းနည်းလောက်ပိုနေသလားပဲ။
သူဟာ သိပ်ကို တဇွတ်တိုးဆန်တယ်။အနေ
အေးမလိုလိုနဲ့ အတင့်ရဲတဲ့ကောင်ငယ်လေးပါပဲ။
တစ်ခါတစ်လေ လူလစ်ရင် ကျူးကျော်လာတဲ့သူ့
အနမ်းတွေဟာ
ကျွန်တော့်နဖူးပြင်ပေါ်မှာ အကြိမ်ကြိမ်အခါအခါ။
ပခုံးထက်မှာလာလာတင်တဲ့ မေးစိသေးသေးလေး။
ရင်ခွင်ထဲ တိုးဝှေ့လာတဲ့ ခေါင်းလုံးလုံးလေး။
မငြင်းဆန်မိခဲ့ပါဘူး။ကျေကျေနပ်နပ်ခံယူမိခဲ့တယ်။ဒါပေမယ့်သူ သိပ်ဆိုးပါတယ်။
မလွန်ဆန်နိုင်မှန်းသိလို့ထင်ပါရဲ့အမိန့်တွေ၊အာဏာတွေထုတ်သုံးလာတော့တယ်။
"ပြန်နမ်းပါ အစ်ကို"ဆိုပြီး ချွဲတာလား၊ခြောက်တာလား မသိတဲ့စကားနဲ့ ဂျီကျတယ်။
အဲ့ဒီလိုကျ ကျွန်တော် မရဲဘူးလေ။
"မဆိုးနဲ့ ညီ" လို့ ဖျောင်းဖျရင် သူဟာပိုတိုး
လို့ဆိုးတော့တာပါပဲ။
နှစ်ဆ၊သုံးဆမက အနိုင်ယူပြတယ်။
အနိုင်ယူခြင်းတွေမှာ ပျော့ပျောင်းငြင်သာမူ့
ဟာတစ်စိတ်တစ်ဒေသပါဝင်ခဲ့တယ်။
"အစ်ကိုကလည်း "ဆိုတဲ့ စကားတစ်ခွန်းက
ရုပ်ကော နာမ်ကောကိုလွမ်းမိုးချူပ်ကိုင်နိုင်တယ်။
အငြင်းစကားလုံးတွေ ပျောက်ရှသွားခဲ့ရပါတယ်။
တစ်ယောက်ယောက်ကများဖြေပေးမယ်ဆိုရင်
တကယ်ကိုသိချင်မိပါတယ်။
ကလေးတွေ အကုန်လုံးကသူ့လိုမျိုးပဲ
လားဆိုတာကိုလေ...။
***
ပြတင်းတံခါးအပြင်ဆီငေးရင်း
ကျွန်တော့်ပေါင်ပေါ် ခေါင်းအုံးအိပ်စက်နေတဲ့
သူ့ကို တစ်ချက်ငုံ့ကြည့်မိတော့သူအိပ်
ပျော်နေပြီ။
လေပြေဟာ ငြိမ့်ခနဲ။ကျွန်တော့လက်တွေက
သူ့ဆံနွယ်တွေကြားရွေ့လျားနေတယ်။
အခုတလောသူအိမ်မပြန်ဖြစ် ဘူး။
ကျွန်တော့ဘက်ကလိုလိုလားလားဖိတ်ခေါ်မှုတွေ ကြောင့်လည်းပါပါတယ်။
ရှေ့ဆက်တိုးလို့ မဖြစ်ဘူးဆိုတဲ့ စကားကို
ကျွန်တော်ကိုယ်တိုင်ပြောခဲ့ပေမယ့်
ကျွန်တော်ကိုယ်တိုင်ကပဲ
ရှေ့ဆက်ဖို့
လမ်းကို ဖောက်နေခဲ့သလိုဖြစ်လာတယ်။
သူဟာ မဖြစ်သင့်ဘူးဆိုတာတွေ ၊ညီငယ်လေး လိုပဲ သဘော
ထားပါတယ် ဆိုတာတွေကို
တစ်ခွန်းတစ်လေတောင် စောဒက မတက်ခဲ့ဘူး။
သူ့နည်းသူ့ဟန်လေးနဲ့
လိုချင်တာကို သိမ်းသွင်း ရယူခဲ့ပါတယ်။
ခံမပြောနားမထောင် ဆိုတာ သူ့လိုလူကို
ပြောတာဖြစ်လိမ့်မယ်။
သူစေခိုင်းသလိုပြန်နမ်းပေးတဲ့အခါတွေမှာကျွန်တော့် ခါးကို
ကျစ်နေအောင်ဖက်ထားပြီးအချိန်အတော်ကြာ
ငြိမ်သက်နေတက်တယ်။
ဒီတစ်ခေါက်ချည်နှောင်မှု ကပိုလို့ ဖြည်ရ၊ဖြေရ
ခက်ခဲလိမ့်မယ်။
ထုံးဖွဲ့ဖို့အဆင်သင့်ဖြစ်နေတဲ့သူ့ကို
ကျွန်တော်ဘယ်လိုတားဆီးရပါ့မလဲ။
"ညောင်းနေပြီလား "
"ဟင် ညီ့ကို အိပ်ပျော်သွားပြီထင်နေတာ"
"အင်း အစ်ကို့ကိုအားနာတယ် ၊ခြေထောက်
တွေကျဉ်နေပါ့မယ် "
ပြောပြီးပြီးချင်း
ကျွန်တော် နဲ့ဘေးချင်း ယှဉ်ပြီးထထိုင်တယ်။
ဗိုက်တစ်နေရာကိုဖိထားတာကြောင့်
စိုးရိမ်စိတ်ဟာထိတ်ခနဲ။
"ဘာဖြစ်လို့လဲ ညီ"
"ဟင့်အင်း "
သူပြောတဲ့ ဟင့်အင်းက တိုးတိုးလေး။
ကျွန်တော့ ရင်ဘက်မှာ လေးပင်လာသလိုပဲ။
ဆက်မေးမလို့ ကြံရွယ်ခဲ့ပေမယ့်
မမေးဖြစ်တော့ဘူး။
သူ့မျက်လုံးတွေကိုသာ မကြည့်ဖြစ်ရင်
မေးမိဦးမယ်ထင်ပါတယ်။
တည့်တည့်သွားကြည့်မိကာမှ
ဘာမှ ဆက်မမေးဖို့ အညို့ခံလိုက်ရသလိုပါပဲ။
ကျွန်တော့ စကားတွေ လည်ချောင်းဝမှာတင်
ရပ်တန့်သွားတယ်။
အသိနဲ့အတွေးဟာ လွင့်လွင့်ပါးပါး
ရောက်ယက်ခပ်နေတယ်။
အကြည့်တစ်ချက်က သူ့စကားကို
လက်ခံလိုက်ဖို့ အမိန့်ပေးနေသလိုမျိုးပဲ။
အာဏာစက်ဟာ ထိထိရောက်ရောက်ရှိလှတယ်။
နောက်ဆက်တွဲပါလာတဲ့ သူ့အပြုံးယဲ့ယဲ့မှာ ကျွန်တော် ခန္ဓာကိုယ်တစ်ခုလုံး
ဟာ သေးကျုံ့သွားသလိုခံစားလိုက်ရပါတယ်။
တစ်ရက်ကုန်လွန်သွားတိုင်း
တစိမ့်စိမ့် ခစားချင်စိတ်ဟာ
တစ်စထက်တစ်စ ပိုပြီးသေချာလာခဲ့တယ်။
စိတ်နဲ့ကိုယ်ပြန်ကပ်မိတဲ့ အချိန်
သူမျက်နှာနဲ့ ကျွန်တော့်မျက်နှာဟာ
အနီးစပ်ဆုံးထိကပ်နေပြီးပြီ။
ကျွန်တော့်မျက်လုံးတွေ မှိတ်ကျသွားတယ်။
စိတ်ဝိဉာဉ်ဟာ လွတ်လွတ်လပ်လပ်
လျှောက်သွားနေသလိုပဲ။မသိရင်
စမ်းချောင်းထဲ စီးဆင်းသွားတဲ့ ပေါ့ပေါ့ပါးပါး သစ်ရွက်ခြောက်တစ်ခုဟာအတားအဆီးမရှိ
ရောက်ချင်ရာရောက် နေသလိုမျိုးပါပဲ။
***
နောက်တစ်နေ့မနက်
"မနက်ဖြန် ကော်ဖီဆိုင်ပိတ်တယ်နော် အစ်ကို "
ပစ္စည်းအသစ်တွေ နေရာချရင်း လှမ်းပြောလိုက်တာ
ကြောင့် ရေးမှတ်နေတဲ့စာရင်းမှာ အာရုံဟာလွင့်ကနဲ။
"ဒါဆို ပိတ်ရက် မဟုတ်ဘဲနားရတာပေါ့"
"ဟုတ်တယ် ညီတို့ staff party ရှိလို့ "
"အရမ်းလည်း သောက်မနေနဲ့ဦးနော် "
"ဟုတ်ကဲ့ "
"ဒါနဲ့ ဘယ်မှာလုပ်မှာလဲ
အစ်ကိုလာကြိုပေးရမလား"
"ဆိုင်သိမ်းပြီးအေးဆေးနားနေပါ။
ညီစောစောပြန်ခဲ့ပါမယ်"
ခေါင်းအသာငြိမ့်ပြတော့ သူပြုံးတယ်။နောက်ပြီး
"ကော်ဖီ သောက်ချင်သေးလား"တဲ့။
"ရပါတယ် တစ်ရက်တစ်လေက ကိစ္စမရှိပါဘူး"
"ရယ်ဒီမိတ် အထုတ်တွေတော့မသောက်နဲ့။ပြန်လာရင်ညီဖျော်ပေးမယ် "
"အင်းပါ "
**
နေ့လည်ပိုင်းထဲက အလုပ်ဆင်းသွားတာဟာ
ည၁၁ထိုးတဲ့ အထိ
အရိပ်အယောင်တောင်တောင်မတွေ့ရသေးပါဘူး။
သူက ပျော်ပါးရတာကို သိပ်ခုံမင်တယ်။
လူတွေများတာကို သဘောကျတယ်။
သူ့အနားမှာသက်ရှိ တစ်စုံတစ်ရာရှိရင်ကိုသူ့အတွက်
နွေးထွေးလုံခြုံတယ်တဲ့။
သက်မဲ့တွေနဲ့စကားပြောတတ်သလို
တိရိစ္ဆာန်တွေလည်း စကားပြောလေ့ရှိတယ်။
အများကြီးတော့
မဟုတ်ပါဘူး။တစ်ခွန်းစနှစ်ခွန်းစပါပဲ။
စကားတွေ တဆွေးတမြေ့ထိုင်ပြောလေ့မရှိပေမယ့်
အရင်ရက်ကတော့
စိတ်လိုလက်ရနဲ့ သူကျောင်းသားဘဝတုန်းက
အကြောင်းတွေပြောပြနေခဲ့ပါတယ်။
သူ့အသည်းကို ပထမဆုံးခွဲသွားတဲ့သူဟာ
သူ့သူငယ်ချင်းပါလို့
ပြောတုန်းကဆိုရင် ကျွန်တော့်မှာ
မဆီမဆိုင် ရွှေရောင်နားကပ်လေးကို
ကြည့်မရတွေဖြစ်လိုက်ရသေးတယ်။
သူဟာသူပြောပြမှ သိရမယ့် အကြောင်းရာတွေ
ဆိုပေမယ့်
မပြောခင်
"သိလားအစ်ကို"ဆိုပြီး စကားဦးသန်းလေ့ရှိတယ်။
"ထယ်" ကလေ လို့ အစချီမိပြီဆို
စကားဆုံးတဲ့အထိ ပြုံးနေတော့တာပါပဲ။
"ညီတို့ ကအတူသွားအတူစားနဲ့နှစ်ကိုယ့်တစ်စိတ်လိုပဲသူနိုင်ငံခြားထွက်သွားတော့
ဆိုးဖို့မွှေဖို့အဖော်မရှိတော့ဘူး" လို့လည်းပြောပြ
ခဲ့ဖူးပါတယ်။
"ဪ၊ ဟုတ်လား "အစရှိသဖြင့်
စကားထောက်ပေးရင်
ဘာမှမဖြစ်ပေမယ့် "အင်း"လို့ စကားထောက်ပေး
ရင်တော့ သူမကြိုက်ဘူး။
အထူးသဖြင့် သူ့ကို မကြည့်မိဘဲ
ပြီးပြီးရော "အင်း "လိုက်တာမျိုးပေါ့။
အဲ့ဒါကြောင့်မို့
တစ်လွှာချင်း ဖွင့်ဟပြတဲ့ သူ့ဘက်အခြမ်းကို
လေးလေးစားစား အသိမှတ်ပြုပေးခဲ့တယ်။
တစ်လတစ်ခါ ဒါမှမဟုတ် နှစ်လတစ်ခါ
ရောက်လာတတ်တဲ့စာတွေ
ကြောင့်သူပျော်ရင်
ကျွန်တော်လည်းပျော်ရတာပါပဲ။
ယိုဖိတ်ကျနေတဲ့ မေတ္တာမှာရောင့်ရဲခြင်းတွေဟာ
အပြည့်ပဲ။
အနာဂတ်ဟာမသေချာခဲ့ဘူး။
လွှတ်ချခဲ့ရမဲ့ အရာတွေ
များလွန်းတာမို့အတ္တတွေလည်း
မကြီးချင်တော့ပါဘူး။
****
ရေမိုးချိုးပြီး အိပ်ယာပေါ်လှဲမလို့ လုပ်နေ တုန်း
တံခါးကို ထုသံကြားလိုက်ရတာ
ကြောင့်
သူပြန်လာပြီဆိုတာအတပ်သိလိုက်ပါတယ်။
မလိမ်မိုးမလိမ်မာလေးက ပြန်လာရ
ကောင်းမှန်းတော့ သိနေသားပဲ။
"မူးလာတာလား
တံခါးဖွင့်ပေးပြီးပြီးချင်း မေးလိုက်တော့
ခေါင်းတစ်ချက်ငြိမ့်ပြရင်း" နည်းနည်းပဲ"လို့
သူဖြေတယ်။
"ရေချိုးလိုက်အုံးလေ "
"ပြီးရင်ချိုးပါ့မယ် "
"အင်း"
ထွေထွေထူးထူး စကားပြောချင်စိတ်တော့
ရှိမနေခဲ့ ဘူး။
ဆေးလိပ်နံ့မွှန်နေတာကြောင့်
မသိစိတ်မှာဖျင်းကနဲပဲ။
"ငါမကြိုက်မှန်းသိတာကိုတောင် လုပ်လာရသလား"
ဆိုတဲ့ အတွေးနဲ့စိတ် ခုမိသွားတယ်။
"ကော်ဖီ သောက်ချင်လားဖျော်ပေးရမလား"
"ရတယ်ညီ။ထမင်းအဆင်သင့်ရှိတယ်။ညီဆာရင်စားလိုက်၊အစ်ကို အိပ်ပြီ "
ခပ်ပြတ်ပြတ်ပြောပြီး အိပ်ယာဆီ
ပြန်ရောက်လာတဲ့အခါ
သူလည်းကျွန်တော့နောက်မှာ ထပ်ကြပ်မကွာ ။
"အိပ်တော့မလို့လား အစ်ကို "
"အင်း အိပ်တော့မယ် "
"ဟုတ်ပါပြီ "
နဖူးဆီကျရောက်လာမဲ့ အနမ်းကို မျက်နှာလွှဲ
ပြီးငြင်းဆန်ခဲ့မိတယ်။
သူ့မျက်ခုံးတွေဟာ တွန့်ကနဲ။
"ဘာဖြစ်တာလဲ "
"ဘာမှမဖြစ်ဘူး ညီ၊ ဒီတိုင်း အစ်ကိုပင်ပန်းနေလို့"
သူဟာပါးစပ်ထဲရှိရာထုတ်ပြောလိုက်တဲ့အကြောင်းပြချက်ကို မယုံကြည်ဘူးနဲ့တူပါတယ်။
"လိမ်ပြန်ပြီ"တဲ့။
"ဘာကိုလိမ်ရမှာလဲ ပင်ပန်းလို့
ပင်ပန်းတယ် ပြောနေတာကို "
"ဘာတွေ အလိုမကျလို့ အဲ့ဒီလိုဖြစ်နေလဲ "
"ရေသွားချိုးတော့ သွား "
"ဖက်ထားချင်လို့ ခဏလေး "
နီးကပ်သွားတဲ့ ခန္ဓာကိုယ်နှစ်ခုနဲ့အတူ
အသက်ရှူတိုင်း အနံ့ခံအာရုံမှာရိုက်ခတ်တဲ့
ဆေးလိပ်နံတွေ....။
မသိစိတ်ကစေစားနေတဲ့
အချိန် ကျွန်တော့်ကိုယ့်ထဲ
ရမ္မက်ခိုးတွေ မြူဝေနေတယ်။ယစ်မူးပျော်ဝင်နေရင်းအသိစိတ်က ဦးနှောက်မှာ ဒိန်းကနဲဝင်ရောက်လာတော့
ကျွန်တော်သူ့ကို အားနဲ့ ပစ်တွန်းမိတယ်။
"အင့်ခနဲ "ညဉ်းသံဟာကျွန်တော့စိတ်ကို
စိတ်ကို ပိုက်ကွန်လှလှလေးနဲ့ ဖမ်းဆီးလိုက်သလိုပဲ။
ညိုးကျသွားတဲ့ မျက်နှာလေးကိုလရောင်အောက်မှာ အတိုင်းသားမြင်လိုက်ရပါတယ်။
နံရံနဲ့သူ့ကျောပြင်ဆောင့်မိတဲ့အရှိန်ဟာ
သေးမှမသေးဘဲ။
"ညီတော့ အစ်ကို့ကို စိတ်အနှောက်အယှက်တွေ
ပေးမိပြီနဲ့တူပါတယ်"
ကျောပိုးလွယ်အိတ်ကိုကောက်ပိုက်
ရင်းတောင်းပန်တဲ့ စကားတွေက
နားထဲမှာကြားတစ်ချက်မကြားတစ်ချက်.....။
အောက်ထပ်ကိုဆင်းဖို့သူခြေလှမ်းပြင်နေခဲ့ပြီ။
ဆက်နေနေရင် ဘယ်လိုခရီးမျိုးထိ လွန်ကျွံမိသွားမလဲဆိုတာ
နှစ်ယောက်စလုံးသဘောပေါက်ထားကြပါတယ် ။
"ပြန်မလာခဲ့နဲ့ ညီ အစ်ကိုတို့ထပ်မတွေ့ရအောင်"
လှေကားထိပ်ရောက်မှ တန့်သွားတဲ့
သူ့ကို ကျောခိုင်းရင်းဆိုလိုက်တော့
သက်ပြင်းချသံနဲ့အတူ
"ဘာလို့လဲ " ဆိုပြီးမေးခွန်းတစ်ခုဟာ
သွေးပျက်စရာအတိပါပဲ။
ကျွန်တော် ဘယ်လိုများအဖြေပေးရမလဲ။
"အကြောင်းပြချက်ခိုင်လုံရင် အစ်ကို
ပြောသလို ညီနေပေးမယ်။ အစ်ကို
ဘာကြောင့် အဲ့ဒီလိုပြောရသလဲ ညီသိချင်တယ်"
အကြောင်းတရားက ခိုင်လုံနေတာထက်ကို
ပိုပြီး ခိုင်လုံ နေခဲ့တာမို့ရှေ့လျောက်
တွန့်ဆုတ်ဖို့ရာမဖြစ်နိုင်တော့ပါဘူး။ပြတ်သားဖို့လည်းသင့်ပါပြီ။
"အစ်ကို့မှာ ရည်ရွယ်ထားတဲ့ မိန်းကလေး
ရှိတယ်ညီ ။ အစ်ကိုသူ့ကို
"လက်ထပ်ပါ့မယ်" ဆိုတဲ့
နှုတ်ကတိတွေလည်းပေးထားတယ်"
"ဘယ်လို ရည်ရွယ်ထားတဲ့မိန်းကလေး ဟုတ်လား"
"အင်း ဟုတ်တယ် "
"အဲ့ဒါနဲ့များဗျာ "
သူ့အသံဟာယောင်္ကျားရင့်မာတစ်ယောက်
ရှိုက်သံတစ်ဝက်နဲ့ မချိတင်ကဲရေရွတ်ခြင်းမျိုးပါ။
ကျွန်တော် ကိုယ်တိုင်
လက်ဖဝါးနဲ့ မျက်နှာကို ပွတ်သပ်နေမိတယ်။
ရင်ထဲ၊အသည်းထဲက အနာတရကိုအခြားသူ
နားလည်အောင်
ကျွန်တော်မပြောပြတက်ဘူး။
လူသားတစ်ယောက်အနေနဲ့ အသက်ရှင်နေတဲ့
အခိုက်အတန့်မှာ နာကျင်မှုကိုတိုင်းတာနိုင်ဖို့
စက်ကိရိယာ တွေဘာတွေရှိစေချင်ပါတယ်။
အဲ့ဒီလိုသာရှိခဲ့ရင်ဘယ်လောက်ထိနာကျင်သွားသလဲဆိုတာကိုတိုင်းတာပြချင်တယ်။
ကျွန်တော့တစ်ကိုယ်စာအတွက်တော့
ခံနိုင်ရည်အမှတ်တောင်ကျော်လွန်နေပြီဖြစ်တဲ့သေလုမျောပါး ဝေဒနာတွေ ကို
တစ်ပွေ့တစ်ပိုက်ကြီး သယ်ပိုးထားရသလိုပါပဲ။
"ပေးခဲ့တဲ့ အနမ်းတွေ ကဘာလဲ၊ရယူခဲ့တဲ့အထိ
တွေ့တွေကကော ဘာလဲ၊ညီတို့ကြားက
ပက်သက်မှုတွေက ဘာလဲ အစ်ကို"
"ညီတို့တွေ မရိုးသားခဲ့ကြတာအခုမှမဟုတ်တာ။
အဲ့ကတည်းက ပြောပြခဲ့ပါတော့လား။
ဘာလို့ အခုကျမှ "
"ညီ ရှေ့ဆက်မတိုးပါဘူး။ညီ့ကိုယ်ကျင့်တရားက
အဲ့ဒီလို လမ်းမျိူးအတွက်လက်မခံဘူး"
ခြေသံတွေဟာ တဖြေးဖြေးနဲ့
အကြားအာရုံဆီကလွင့်ပါးသွားခဲ့ပြီ။
ဒီထပ်ခိုးငယ်မှာ သူမရှိတော့ဘူး။
တကယ်ကို ကျွန်တော်လည်းပဲသူ့လိုမျိုး ဒီနေရာကနေထွက်ပြေးသွားချင်ခဲ့မိပါတယ်။
အခြေအနေတွေက လူကိုမရူးရူးအောင်
တွန်းပို့နေသလိုပဲ။
မဖြစ်မနေ
စည်းပေါ်တည့်တည့် ရပ်နေရမဲ့ ကံကြမ္မာမို့
အတိမ်းအစောင်းတွေဖြစ်မှာကိုကျွန်တော်
သိပ်ပြီးစိုးရိမ်တယ်။
ပိတ်လှောင်နေတဲ့ စိတ်ဟာ အိမ်ပြန်စရာမရှိတဲ့
တိမ်စိုင်ငယ်တွေလိုဖြစ်ခဲ့ရတာပါပဲ။