အပိုင်း ၄၁ : ကျပန်း အရန်မစ်ရှင်
"သင်ဟာ ကျပန်း အရန်မစ်ရှင်ဖြစ်တဲ့ မဟူရာတိမ်တိုက် မြေအောက်နန်းတော်ကို အစပြုလိုက်ပါပြီ…"
လင်းဖုန်းဟာ ဘာမှ မတုံ့ပြန်လိုက်နိုင်ခင်မှာပဲ အချိန်အနည်းငယ်လောက် မှင်သက်သွားခဲ့ပါတယ်။ သူ့မှာက မပြီးဆုံးသေးတဲ့ မစ်ရှင်တစ်ခု လက်ထဲမှာ ရှိနေသေးတယ်လေ… အဲ့ဒါကို ဒီစနစ် အစုတ်ပလုတ်ကြီးက နောက်ထပ် မစ်ရှင်အသစ် တစ်ခုကို ထပ်ပြီးတော့ ပေးလာပြန်ပြီ။
ဒီတာဝန်ကရော အချိန် အကန့်အသတ်ရှိပြီး… မပြီးဆုံးရင် အသတ်ခံရမှာလား?
လင်းဖုန်းဟာ ခေါင်းကို ခါယမ်းလိုက်ပြီး မစ်ရှင်ရဲ့ ဖော်ပြချက်တွေကို ကြည့်ရှုလိုက်ပြီလေ။
ကျပန်း အရန်မစ်ရှင်… မဟူရာတိမ်တိုက် မြေအောက်နန်းတော်…
မစ်ရှင်၏ နောက်ခံအကြောင်းအရာ : ဒီမြေအောက်နန်းတော်ဟာ မူလက လေလွင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်တဲ့ တာအိုမာစတာ ဟေးယွင်ရဲ့ ကျင့်ကြံမှု ဘုံဗိမာန်ဖြစ်တယ်။ ဒီတာအိုမာစတာ ဟေးယွင်ဟာ သူ့ရဲ့ဘုံဗိမာန်ကို တည်ဆောက်ပြီးတဲ့ အချိန်မှာ… မတော်တဆနဲ့ ဟင်းလင်းပြင် လေဟာနယ်တစ်ခုကို ဖွင့်လှစ်သွားမိခဲ့ပြီး… ဒီမြေအောက်နန်းတော်ရဲ့ အောက်ဆုံးအပိုင်းကို ငရဲသွေးမြစ်နဲ့ ဆက်စပ်သွားစေခဲ့တယ်။ တာအိုမာစတာ ဟေးယွင်ကလဲ ကပ်ဘေးဆိုက်ပြီးတော့ သေဆုံးသွားခဲ့တယ်။ (黑云 … ဟေးယွင်… ဆိုတာက မဟူရာတိမ်တိုက်လို့ အဓိပ္ပာယ်ရပါတယ်။)
မစ်ရှင်၏ အဓိကပန်းတိုင် : သင်ဟာ တာအိုမာစတာ ဟေးယွင်က သူ့ရဲ့ကျင့်ကြံမှု ဘုံဗိမာန် အတွင်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ သူ့ရဲ့ စိတ်ဝိညာဉ် တွယ်ကပ်နေတဲ့ မှော်အိုင်တမ်ဖြစ်တဲ့ မဟူရာ တိမ်တိုက်အလံကို ရယူရမယ်။
မစ်ရှင်၏ အချိန်ကန့်သတ်ချက် : ခုနှစ်ရက်… အချိန်မီ မပြီးဆုံးပါက မစ်ရှင်ဟာ အလိုအလျောက်ပဲ ပျက်ပြယ်သွားပါမယ်…"
"မစ်ရှင်ဟာ အလိုအလျောက်ပဲ ပျက်ပြယ်သွားမယ်?" လင်းဖုန်းဟာ မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး စိတ်သက်သာရာရစွာနဲ့ပဲ သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပါတော့တယ်။
ဒီစနစ်ကြီးဟာ ပေါက်တတ်ကရတော့ လုပ်ကောင်း လုပ်နိုင်ပါတယ်… ဒါပေမယ့်လည်း သူက အရှေ့တည့်တည့်ကနေ ဗြောင်ကျကျပဲ ကျပ်တာဖြစ်ပြီးတော့… နောက်ကျောဘက်ကနေ ဓားနဲ့ထိုးတဲ့ အလုပ်မျိုးကိုတော့ မလုပ်ပါဘူး။ သူက ဒီမစ်ရှင်ကို သတ်မှတ်ချိန် အတွင်းမှာ မပြီးရင် ပြစ်ဒဏ်မပေးဘူးပြောတော့… အန္တရာယ် မရှိနိုင်ဘူးလေ။
အခု ကြည့်ရတာကတော့… အဓိက မစ်ရှင်ကပဲ သေဒဏ်ပေးတာဖြစ်ပြီး… အရန်မစ်ရှင် တွေကတော့ အများကြီး ပိုကောင်းပါတယ်။ တကယ်လို့ အောင်မြင်တယ်ဆိုရင် ဆုလာဘ်ရမှာဖြစ်ပြီး… မအောင်မြင်ရင်လဲ ဘာမှမဖြစ်ပါဘူး။
လင်းဖုန်းရဲ့စိတ်ဟာ အခြားအကြောင်းအရာ တစ်ခုကို ပြောင်းပြီးတော့ စဉ်းစားလိုက်ပါပြီ… "အင်း… တာအိုမာစတာ ဟေးယွင်… တာအိုမာစတာ… ဒါဆိုရင်တော့ သူဟာ ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူတစ်ယောက်ပဲ…"
ဒီမူလကောင်းကင် ကမ္ဘာမှာ အများက လက်ခံထားကြတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်… ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူတွေကို တာအိုမာစတာလို့ ခေါ်ပြီးတော့… ကမ္ဘာဦးဝိညာဉ် အဆင့်က ကျင့်ကြံသူတွေကိုတော့ စစ်မှန်သော အရှင်သခင် ဒါမှမဟုတ် ဘိုးဘေးဘီဘင်လို့ ခေါ်ကြတာပါ။
ဒီဘွဲ့ထူးတွေဟာ အကုန်လုံးက အသိအမှတ် ပြုထားကြတာဖြစ်ပြီး မမှားနိုင်ပါဘူး။ တကယ်လို့များ အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူတစ်ယောက်က သူ့ကိုယ်သူ တာအိုမာစတာ စသဖြင့် ခေါ်ရဲခဲ့မယ် ဆိုရင်တော့… အားလုံးရဲ့ ဝိုင်းဝန်းလှောင်ပြောင်ခြင်းကို ခံနိုင်ရရုံသာမကပဲ… ပြဿနာက တံခါးဝကို ခေါက်ပြီးတော့ ရောက်ရှိကာ လာနိုင်ပါသေးတယ်။
ဒါပေမယ့်လည်း မစ်ရှင်ရဲ့ နောက်ခံ အကြောင်းအရာက ဒီမဟူရာတိမ်တိုက် မြေအောက်နန်းတော်ရဲ့ အောက်ဆုံးအပိုင်းဟာ ငရဲသွေးမြစ်နဲ့ တကယ်ကိုပဲ ဆက်စပ်နေတယ်လို့ ပြောထားတော့… လင်းဖုန်းရဲ့ ဘောတွေဟာ ချက်ချင်းဆိုသလိုပဲ အောင့်ကာလာခဲ့ပါတော့တယ်။
ဒဏ္ဍာရီတွေရဲ့ အဆိုအရဆိုရင် ငရဲပြည်မှာက အဆုံးအစမဲ့.. အကန့်အသတ်မဲ့တဲ့ ငရဲသွေးမြစ် ဆိုတာရှိပြီးတော့… သူ့အထဲမှာက သွေးဆိုးသွေးညစ်တွေဖြစ်တဲ့ အကြွင်းမဲ့ သွေးမြစ်ရေတွေဟာ စီးဆင်းနေခဲ့တာပါ။
အကြွင်းမဲ့ သွေးမြစ်ရေ ဆိုတာက ကမ္ဘာကြီးရဲ့ မဟာအကြွင်းမဲ့ ရေခုနှစ်ပါးထဲမှာ တစ်ခု အပါအဝင်ဖြစ်ပြီး… သူဟာ လုံးဝဥဿုံ ယုတ်ညံ့ပြီး ညစ်ညမ်းတဲ့ ရေတစ်မျိုးဖြစ်ပါတယ်။ သူဟာ ကမ္ဘာကြီးရဲ့ အညစ်ညမ်းဆုံး အရာတစ်ခုဖြစ်ပြီး… အကြီးမြတ်ဆုံး မှော်ကျိန်စာတွေနဲ့ စိတ်ဝိညာဉ် မှော်အိုင်တမ် တွေတောင်မှပဲ… သူတို့ဟာ အနည်းငယ်စွန်းထင်းသွားခဲ့ရင် ဆိုးညစ်သွားမှာဖြစ်ပြီး… သူ့တို့ရဲ့ မှော်စွမ်းအင်တွေကို ဆုံးရှုံးရမှာပဲ ဖြစ်ပါတယ်။
ဒီကျင့်ကြံမှု ဘုံဗိမာန်ရဲ့ အရင်ပိုင်ရှင် တောင်မှပဲ ဒီသွေးမြစ်ထဲကို ပြုတ်ကျသွားခဲ့တာဆိုတော့… ဒီလိုမျိုး အန္တရာယ်တွေက လင်းဖုန်းကို အနည်းငယ် ချီတုံချတုံ ဖြစ်စေခဲ့ပါတယ်။
ပြင်းထန်သော မုန်တိုင်းအဖွဲ့အစည်းက လူတွေဟာ ဒီမြေအောက်နန်းတော်ရဲ့ အပေါ်ပိုင်း အဆင့်တွေမှာသာ လှုပ်ရှားသွားလာ နေကြတာဖြစ်ပြီး… သူတို့ဟာ ဒီနေရာမှာက အလွန်ကိုပဲ ကြီးမားတဲ့ အန္တရာယ်ကြီး ရှိနေတယ်ဆိုတာကို မသိနိုင်ကြပါဘူး။
"အင်း… မီးစင်ကပဲ ကြည့်ကရမှာပေါ့ကွာ… ဘယ်လိုပဲဖြစ်ဖြစ် အောက်ဆင်းပြီးတော့ ဇူရီလေးကို သွားရှာရမှာပဲ… အများဆုံးတော့ အောက်ဆုံးအဆင့် အထိကို ဆင်းမသွားရရင် ပြီးတာပဲကွ…" လင်းဖုန်းဟာ အနည်းငယ်မျှ စဉ်းစားလိုက်ပြီး နောက်မှာတော့ သူ့ရဲ့စိတ်ကို ပိုင်းဖြတ်လိုက်ပါပြီ။ ပြီးတော့သူက သူ့ရဲ့ဘေးက တပည့်လေးနှစ်ယောက်ကို ပြောလိုက်ပြီလေ… "အင်း… ဒီမြေအောက်နန်းတော်က သာမန်မဟုတ်ဘူးဟ… မင်းတို့နှစ်ကောင်က ငါ့ရဲ့အနားမှာ နီးနီးလေးနေကြ… လျှောက်ပြီးတော့ သိပ်မဆော့ကြနဲ့ကွ…"
ရှောင်ယန်နဲ့ ရှောင်ပုတန်လေးတို့ဟာ သူတို့ရဲ့ ဆရာသခင်ရဲ့ မျက်နှာပေါ်က လေးနက်တဲ့ အမူအရာကို နှစ်ယောက်စလုံး တွေ့လိုက်ရပါတယ်။ သူတို့ရဲ့ "အနန္တ ဘုန်းတန်ခိုးနဲ့ ပြည့်စုံတဲ့" ဆရာသခင်တောင်မှပဲ ဒီလောက်အထိ အလေးအနက် ထားနေတော့… သူတို့နှစ်ယောက်ကလဲ ခေါင်းလေးတွေကို တဆတ်ဆတ်နဲ့ပဲ ညိတ်လိုက်ကြပါတော့တယ်။
လင်းဖုန်းက သူ့ရဲ့အင်္ကျီလက်စတွေကို ဝေ့ယမ်းလိုက်ပြီး… "ကဲ… သွားကြစို့…"
………….
မြေအောက်နန်းတော်ရဲ့ အောက်ဖက်ပိုင်းမှာတော့… ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက လူတွေဟာ ဇူရီလေးကို ခေါ်ပြီးတော့ အလျင်အမြန်ပဲ ချီတက်နေကြပါပြီ။
သူတို့ဟာ ဥမင်လှိုဏ်ခေါင်းတွေရဲ့ အထဲကနေ အပြင်ဘက်ကို ထွက်လာခဲ့ကြပြီလေ… သူတို့ရဲ့အရှေ့မှာ ပေါ်လာတာကတော့ တွင်းကြီးတစ်တွင်းပဲ ဖြစ်ပါတယ်။ သူတို့အုပ်စုက လူတွေဟာ တွင်းကြီးရဲ့ အနားသပ် အနားကနေပြီး ပတ်ပြီးတော့ သွားရပါတော့တယ်… ကျဉ်းမြောင်းတဲ့ လမ်းကြောင်းလေးဟာ လူတစ်ယောက် ဘေးတိုက်သွားစာသာရှိပြီး… မယုံနိုင်စရာ ကောင်းလောက်အောင် အန္တရာယ်ကြီးတဲ့ပုံ ပေါက်နေခဲ့ပါတယ်။
ဝတ်ရုံနက်နဲ့ လူကြီးက လျှောက်နေရင်းနဲ့ပဲ ပြောလိုက်ပါတယ်… "ဟေ့… အားလုံး သတိထားကြကွ… တကယ်လို့များ ပြုတ်ကျသွားခဲ့ရင်တော့ မင်းတို့ရဲ့ အရိုးတွေကိုတောင် ရှာလို့တွေ့မှာ မဟုတ်ဘူးဟ…"
လူအုပ်ထဲက… ဇူရီလေးရဲ့ မျက်လုံးအစုံဟာ တောက်ပသွားပြီး သူ့ရဲ့ခေါင်းကို ငုံ့လိုက်ပါပြီ။
သူ့ရဲ့ရင်ထဲက အတွေးတွေကို သိနေတဲ့အတိုင်း… ဝတ်ရုံနက်လူကြီးက အေးစက်စွာနဲ့ပဲ ပြောလိုက်ပါတယ်… "ဟဟ… ဘာမှ မဟုတ်တာ လုပ်ဖို့ကို စိတ်မကူးနဲ့… ဒီမှာရှိတဲ့ လူတိုင်းဟာ မင်းကို ခြင်တစ်ကောင်ကို ရိုက်သလိုမျိုး ရိုက်နိုင်တယ်ကွ…"
အဲ့ဒီတော့မှပဲ ဇူရီလေးဟာ ငြိမ်သက်သွားခဲ့ပါတော့တယ်။
ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက ကျင့်ကြံသူတစ်ယောက်က မေးလိုက်ပါပြီ… "ဟာ… ခေါင်းဆောင်ကြီး… ဒီနေရာက ကျိုးအင်ပါယာရဲ့ အချက်အချာနေရာက ကျွန်တော်တို့ရဲ့ လျှို့ဝှက်စခန်း မဟုတ်ဘူးလားဗျ?"
ဝတ်ရုံနက်လူကြီးကလဲ ပြန်ပြီးတော့မှပဲ ဖြေလိုက်ပါပြီ… "အင်း… ဒီနေရာက အကြီးအကဲ မာစတာတစ်ယောက်က ချန်ထားခဲ့တဲ့ ကျင့်ကြံမှု ဘုံဗိမာန် တစ်ခုပဲကွ။ သူဟာ အစွန့်ပစ်ခံထားရတာ အချိန်အကြာကြီးရှိပြီ… စိတ်ဝိညာဉ်နဲ့ ညစ်ညမ်းတဲ့ စွမ်းအင်တွေဟာ ရောထွေးပြီးမှ နေကြတယ်ကွ… ဒီကာလ တစ်လျှောက်လုံးမှာ သူ့ကို ဘယ်သူမှ ရှာဖွေပြီးတော့ မတွေ့ရှိခဲ့ကြဘူးကွာ… ငါတို့ အဖွဲ့အစည်းက မတော်တဆနဲ့ပဲ ရှာတွေ့ခဲ့တာ သိပ်ပြီးတော့မှ မကြာသေးဘူးကွ…"
"စူးစမ်းလေ့လာပြီးတဲ့ နောက်မှာတော့ ဒီနေရာက ကျင့်ကြံမှုတွေကို ပြုလုပ်ဖို့ မသင့်တော်ဘူး ဆိုတာကို လေ့လာတွေ့ရှိလိုက်ရတယ်ကွာ… ဒါပေမယ့်လည်း ငါတို့က သယ်ယူပို့ဆောင်ရေး ဝင်္ကပါတစ်ခုကိုတော့ တည်ဆောက်နိုင်တယ်လေ။ ဒီနေရာကလဲ ဟိုဇူခွေးရဲ့ မင်းနေပြည်တော် ထျန်းကျင်းနဲ့က သိပ်မဝေးဘူးဆိုတော့… ငါတို့က ဒီနေရာကို ငါတို့ရဲ့ စစ်ဆင်ရေးပြီးရင် ဆုတ်ခွာဖို့ လမ်းကြောင်းတစ်ခု အနေနဲ့ သတ်မှတ်ထားခဲ့တာပဲကွ…"
ဒီအထိ ပြောပြီးသွားတော့… ဒီဝတ်ရုံနက် လူကြီးရဲ့ အမူအရာဟာ အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့ပါတယ်… ကြာရှည်စွာ စွဲကျန်နေခဲ့တဲ့ ကြောက်ရွံ့မှုတွေနဲ့… သူ့ရဲ့ မျက်နှာပေါ်က အမာရွတ်ကို ပွတ်ပြီးတော့မှ ပြောလိုက်တယ်လေ… "ဒါပေမယ့်… ဒီမြေအောက်နန်းတော်ကြီးထဲမှာ ငါတို့က ရှာမတွေ့သေးတဲ့ အရာတွေက အများကြီး ရှိသေးတယ်… အထူးသဖြင့်တော့ ဒီမြေအောက်နန်းတော်ရဲ့ အနက်ပိုင်းမှာပဲကွ။ အောက်ကိုဆင်းပြီး သွားစုံစမ်းကြတဲ့ ငါတို့ရဲ့ အပေါင်းအဖော်တွေ မှန်သမျှဟာ တစ်ယောက်ကိုမှ ပြန်ပြီးတော့ ရောက်မလာကြဘူး… အကုန်လုံးပဲ ပျောက်ကုန်ကြတယ်ကွ!"
ဒီစကားကို ကြားလိုက်ရတော့… ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက ကျင့်ကြံသူတွေ အားလုံးဟာ မသိစိတ်ကနေပဲ သူတို့ရဲ့ ခြေထောက်အောက်က မည်းနက်နေတဲ့ တွင်းကြီးကို လှမ်းကြည့်မိကြပါပြီ။ အဲ့ဒီနေရာဟာ အောက်ခြေမရှိတဲ့ အသူရာ ချောက်နက်ကြီးနဲ့တူပြီး… လာစပ်စုရဲတဲ့ သူတွေအားလုံးကို ဝါးမျိုဖို့အတွက် ဖွင့်ထားတဲ့… မွန်းစတား တစ်ကောင်ရဲ့ ဧရာမ ပါးစပ်ကြီးနဲ့လဲ တူနေခဲ့ပါတယ်။
တစ်ယောက်ကမှ စကားပြောဖို့ စိတ်မပါကြတော့ပါဘူး… အမှောင်ထု အတွင်းမှာ သူတို့ရဲ့ လက်တွေထဲက မီးတုတ်ချောင်းလေး တွေကနေသာ အလင်းရောင်လေးတွေဟာ မှိတ်တုတ်မှိတ်တုတ်နဲ့ပဲ လင်းလက်လို့ နေကြတာပါ။
ဒီလူစုဟာ ဧရာမ တွင်းကြီးရဲ့ဘေးကနေ ပတ်ပြီးတော့ သွားလိုက်ကြပါတယ်… သူတို့ရဲ့ အရှေ့မှာ နောက်ထပ် ဥမင်လှိုဏ်ခေါင်း ဝင်ပေါက်တစ်ခုဟာ ပေါ်လာခဲ့ပါပြီ။ ဇူရီလေးက အနီးကပ် လေ့လာကြည့်လိုက်တဲ့အခါမှာ… သူတို့အရင်က ဖြတ်သန်းခဲ့တဲ့ ဥမင်လိုဏ်ခေါင်းတွေနဲ့ မတူပဲ… ဒီဥမင်လှိုဏ်ခေါင်းဟာ အသစ်တူးထားတာ ဖြစ်တာကို တွေ့ရှိလိုက်ရပြီလေ။
ဒီဥမင်ကို ဖြတ်သန်းပြီးတော့ ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက တည်ဆောက်ထားတဲ့ သယ်ယူပို့ဆောင်ရေး ဝင်္ကပါဆီကို သွားရမှာပါ။ သူက မပြောင်းလဲတဲ့ နေရာနှစ်ခုရဲ့ အကြားက လေဟာနယ်ကို ရွှေ့ပြောင်းပေးနိုင်တယ်လေ… ဒါပေမယ့်လည်း အကြိမ်တစ်ကြိမ်ပဲ ရမှာပါ။ တကယ်လို့များ သူတို့က တခြားရွေးချယ်စရာ မရှိတော့တာမျိုး မဟုတ်ခဲ့ရင်တော့… ဒီဝတ်ရုံနက် လူကြီးဟာ သူ့ကို တကယ်ပဲ လုံးဝ အသုံးမပြုချင်ခဲ့ပါဘူး။
အထူးသဖြင့် ဒီတစ်ခေါက် သူတို့က ဖော်အထုတ်ခံလိုက်ရ အပြီးမှာပေါ့… ဒီကျင့်ကြံမှု ဘုံဗိမာန်ကို ကျိုးအင်ပါယာက အနှေးနဲ့အမြန် ရှာဖွေတွေ့ရှိ သွားတော့မှာလေ။ တကယ်လို့များ သူတို့ဟာ နောက်ထပ် ဝင်္ကပါတစ်ခုကို နောက်ထပ် တည်ဆောက်ချင်သေးတယ် ဆိုတာတောင် ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ပါဘူး။
ဝတ်ရုံနက်နဲ့ လူကြီးက သူ့ရဲ့ခေါင်းကို ခါလိုက်ပါပြီ… "ဟင်း… ဒီနေရာမှာပဲ ခဏစောင့်ကြတာပေါ့ကွာ… တကယ်လို့များ ဟွေကုနဲ့ ကျန်တဲ့သူတွေက မပေါ်လာရင်တော့လဲ… အရင်ပဲ သွားကြရတော့မှာပဲဟ…"
"ဟားဟား… တခြားလူတွေ ပေါ်လာတာ မပေါ်လာတာတွေက အရေးမကြီးပါဘူးကွာ… အရေးကြီးတာက ငါတို့က ပေါ်လာနိုင်ရင်ပဲ ကောင်းလှပါပြီကွ…"
မည်းမှောင်နေတဲ့ နေရာအတွင်းကနေ အသံတစ်သံဟာ ရုတ်တရက်ပဲ ထွက်ပေါ်လာခဲ့ပါတယ်။ ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက ကျင့်ကြံသူတွေ အားလုံးရဲ့ မျက်နှာအမူအရာတွေဟာ ဖြူဖပ်ဖြူရော် ဖြစ်သွားကြပြီလေ။ ခဏအကြာမှာပဲ လေပေါ်မှာ လူတစ်ယောက်ရဲ့ ပုံရိပ်ကို တွေ့လိုက်ရပါပြီ… အသူရာချောက်ကြီးရဲ့ အပေါ်က လေထုထဲမှာ ဒီအတိုင်းပဲ မြဲမြံစွာနဲ့ ရပ်နေခဲ့တာပါ။
ဝတ်စုံအနက်နဲ့ လူကြီးရဲ့ စိတ်ဓာတ်ဟာ အောက်ဆုံးအထိကို ပြုတ်ကျသွားခဲ့ပါတယ်… နောက်ဆုံးတော့လဲ အမိခံရတာပဲလေ။
ဘေးပတ်ဝန်းကျင် ပတ်ပတ်လည်မှာလဲ စွမ်းအားကြီးတဲ့ မှော်စွမ်းအင် လှိုင်းလုံးကြီးတွေဟာ တစ်လှိုင်းပြီးတစ်လှိုင်း ရိုက်ခတ်လို့ လာခဲ့ပါပြီ… အခုအချိန်မှာတော့ ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက လူတွေအားလုံးရဲ့ စိတ်ဓာတ်ဟာ အောက်ဆုံးအထိကို ကျသွားခဲ့ပြီလေ။
ခုနှစ်ယောက်… အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူ ခုနှစ်ယောက် တိတိဟာ သူတို့ကို ဝိုင်းရံထားကြတာပါ။
သူတို့တတွေရဲ့ အထဲမှာကတော့… ခေါင်းဆောင်ဖြစ်တဲ့ ဝတ်ရုံနက် လူကြီးက အခြေခံအုတ်မြစ် အဆင့်မှာ ရှိတာကလွဲလို့… ကျန်တဲ့သူတွေ အားလုံးဟာ ချီသာဝက အဆင့်မှာပဲ ရှိကြသေးတာပါ။ တစ်ဘက်မှာကတော့ အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူက ခုနှစ်ယောက် တိတိတောင် ရှိကြတာလေ… ဟိုဘက်က လူတစ်ဝက်နဲ့တင် သူတို့အားလုံးကို ရှင်းပစ်ဖို့ကို လုံလောက်နေခဲ့ပါတယ်။
အရှေ့ဆုံးက ခရမ်းရောင် ဝတ်ကောင်းစားလှ ဝတ်စားထားတဲ့ သက်လတ်ပိုင်း လူကြီးက ရယ်ပြီးတော့ပဲ ပြောလိုက်ပါတယ်… "ကဲ… အကုန်လုံး အနောက်မှာပဲ နေကြဦးဟ…" ပြီးတာနဲ့ သူ့ရဲ့ လက်နှစ်ဘက်ကို လေထဲမှာ အတူမြောက်လိုက်ပါပြီ… သူ့ရဲ့ လက်ဝါးဆီကနေ အလင်းတန်း အကွင်းကိုးကွင်းဟာ လေထဲမှာ ပျံ့လွင့်လို့ သွားခဲ့ပြီလေ… ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက ကျင့်ကြံသူတွေရဲ့ ဦးခေါင်းတွေဆီကို ဦးတည်ပြီး သွားခဲ့ပါတော့တယ်။
ဒီအလင်းတန်း အကွင်းတွေဟာ ဖြေးဖြေးလေးပဲ ပျံသန်းသွားတယ်လို့ ထင်ရတယ်လေ… သူတို့ရဲ့ ခေါင်းအပေါ်ကို ရောက်သွားတော့ ရုတ်ချည်းပဲ ရပ်တန့်လို့ သွားခဲ့ပါပြီ။ အလင်းတန်း အကွင်းတစ်ကွင်းဆီကနေ အဖြူရောင် အလင်းတန်းတိုင်လုံး တစ်ခုကို ထုတ်လွှတ်လိုက်ပြီး… သက်ဆိုင်ရာ လူတစ်ယောက်ရဲ့ အပေါ်ကို ဖြာကျသွားခဲ့ပါတော့တယ်။
ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက ကျင့်ကြံသူ တစ်ယောက်ဟာ အသံအကျယ်ကြီးနဲ့ အော်လိုက်ပြီး… ရေမှော်ကျိန်စာ တစ်ခုကို သုံးလိုက်ကာ… သူ့ရဲ့အရှေ့မှာ ရေကန့်လန့်ကာ တစ်ခုကို ကာလိုက်ပြီး အလင်းတန်းကို ခုခံလိုက်ပါတယ်… ဒါပေမယ့် ဘာမှ အကျိုးသက်ရောက်မှု မရှိပဲ… ဒီအလင်းတန်း တိုင်လုံးကြီးဟာ ဘာအနှောင့်အယှက်မှ မရှိပဲ သူ့ရဲ့ကိုယ်ပေါ်ကို တိုက်ရိုက်ပဲ ကျရောက်လို့ သွားခဲ့ပါတော့တယ်။
ဒီအဖြူရောင် အလင်းတန်း တိုင်လုံးကြီးဟာ သူ့ရဲ့ ကိုယ်အပေါ်ကို ဖြာကျလို့ ပြီးသွားခဲ့ပေမယ့်… ဘာပြောင်းလဲမှုမှ ဖြစ်ပေါ်လို့ မလာခဲ့ပါဘူး။ ဒီပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက ကျင့်ကြံသူကလဲ မှင်သက်လို့ သွားခဲ့တယ်လေ… ဒီအခြေခံ အုတ်မြစ်အဆင့် ကျင့်ကြံသူက ဘာဖြစ်လို့ ဒီလိုမျိုး အဓိပ္ပာယ် မရှိတဲ့ လုပ်ရပ်မျိုးကို ပြုလုပ်သလဲ ဆိုတာကို သူက သဘောမပေါက်နိုင်ခဲ့ပါဘူး။
ဒါပေမယ့်လည်း ခဏအကြာမှာပဲ… ဒီအလင်းတန်း တိုင်လုံးကြီးဟာ ရုတ်တရက်ပဲ အဖြူရောင်ကနေ အနီရောင်ဘက်ကို ပြောင်းသွားခဲ့ပါတယ်။ ဒီအနီရောင် အလင်းတန်း တိုင်လုံးကြီးရဲ့ ဖြာကျမှု အောက်မှာတော့… ဒီပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက ကျင့်ကြံသူရဲ့ မျက်လုံးတွေဟာ ချက်ချင်းကိုပဲ အသက်ကင်းမဲ့လို့ သွားခဲ့ပါပြီ… သူ့ရဲ့ တစ်ကိုယ်လုံးဟာလည်း ကျောက်ဖြစ်ရုပ်ကြွင်းကျိန်စာ အတိုက်ခံထားရတဲ့ အတိုင်းပဲ လုံးဝကို အေးခဲသွားခဲ့ပြီး… လက်ချောင်းလေး တစ်ချောင်းကိုတောင်မှပဲ လှုပ်လို့ မရခဲ့ပါဘူး။
တစ်ချိန်ထဲမှာပဲ… လေထဲက အလင်းရောင် အကွင်းဟာ အနီရောင် အလင်းတန်း တိုင်လုံးရဲ့ အနောက်ကို လိုက်ပြီးတော့ အောက်ဘက်ကို ဆင်းလာခဲ့ပါပြီ… သူ့ရဲ့လည်ပင်းကို ကြိုးကွင်းစွပ်သလိုမျိုး စွပ်လိုက်ပြီးတော့ ဒီပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက ကျင့်ကြံသူကို လေပေါ်ကို ဆွဲတင်သွားခဲ့ကာ… ဒီခရမ်းရောင် အဝတ်အကောင်းစားနဲ့ သက်လတ်ပိုင်းလူကြီးထံကို ပျံသန်းလို့ သွားခဲ့ပြီလေ။
ဒီအလင်းရောင် အကွင်းကိုးကွင်းစလုံးဟာ သူတို့ တစ်ခုချင်းစီရဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပါပြီ… ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက ကျင့်ကြံသူ ကိုးယောက်ကို တခဏလေး အတွင်းမှာပဲ အရှင်ဖမ်းမိလာကြပြီလေ။
ပြန်လည် တိုက်ခိုက်ဖို့ကို မပြောနဲ့… ဒီပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက ကျင့်ကြံသူတွေဟာ သူတို့ကိုယ်သူတို့ ဘာဖြစ်သွားမှန်းတောင် မသိလိုက်ကြပါဘူး။
ဒီလူကိုးယောက်ကို ဖမ်းလိုက်ပြီးမှ… ဒီခရမ်းရောင် အဝတ်အကောင်းစားနဲ့ သက်လတ်ပိုင်း လူကြီးဟာ သူတို့ရဲ့ လည်ပင်းပေါ်က အကွင်းတွေကို ချွတ်လိုက်ပါတယ်… ဒါပေမယ့်လည်း သူတို့ဟာ မလှုပ်ရှားနိုင်ကြသေးပါဘူး။ ဒီလူကြီးဟာ နောက်ထပ်တစ်ခေါက် ဒီအကွက် အတိုင်းပဲ ထပ်ခင်းလိုက်တယ်လေ… သူ့ရဲ့လက်ကို ဝေ့ယမ်းလိုက်အပြီးမှာ အလင်းရောင် အကွင်းလေး ကိုးကွင်းဟာ ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက ကျန်ရှိနေသေးတဲ့ ကျင့်ကြံသူတွေဆီကို ထပ်မံတစ်ခေါက် ပျံသန်းကာ လာခဲ့ပြီလေ။
ဝတ်ရုံနက် လူကြီးဟာ ဒေါသထွက်စွာနဲ့ အော်ဟစ်လိုက်ပြီးမှ ဗုံအသေးလေး တစ်လုံးကို ထုတ်လိုက်ပါတယ်။ ဗုံလေးဆီကနေ တဒုန်းဒုန်း တဒိန်းဒိန်းနဲ့ အသံတွေဟာ ပေါ်ထွက်ကာ လာခဲ့ပါပြီ… ဒီစူးရှတဲ့ အသံဟာ တစ်ဘက်ခြမ်းမှာ ရှိနေတဲ့ အခြေခံအုတ်မြစ် အဆင့်က ကျင့်ကြံသူ ခြောက်ယောက်ကိုတောင် မျက်မှောင်ကြုတ်စေခဲ့ပါတယ်။
ဒီဗုံသံတွေဟာ မမြင်နိုင်တဲ့ လှိုင်းတွန့်တွေကို ဂယက်ရိုက်စေခဲ့ပြီး… လေထုထဲက အလင်းရောင် အကွင်းကိုးကွင်းကို အရှေ့ကို ဆက်ပြီးတော့ မပျံနိုင်အောင် တားဆီးခဲ့ပြီလေ။
ခရမ်းရောင် အဝတ်အကောင်းစားနဲ့ သက်လတ်ပိုင်း လူကြီးဟာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပါတယ်… ပြီးတော့မှပဲ တခြားလူတွေကို လှမ်းပြီးတော့ ပြောလိုက်ပါပြီ… "ကဲ… ဓာတ်ကြီးငါးပါးဂိုဏ်းက မိတ်ဆွေတို့ရေ… ကျေးဇူးပြုပြီးတော့ အကူအညီလေး ပေးကြပါဦးခင်ဗျာ…"
ကျန်ရှိနေတဲ့ လူခြောက်ယောက် အနက်မှ… ငါးယောက်တို့ဟာ အဝတ်အစားတွေ ဆင်တူ ဝတ်ဆင်ထားကြပါတယ်… ဒါပေမယ့် အရောင်ကတော့ မတူကြပါဘူး။ သူတို့ဟာ သတ္တု… သစ်သား… မီး… ရေ… နဲ့ မြေကြီးတို့ကို ကိုယ်စားပြုတဲ့ အဖြူရောင်.. အစိမ်းရောင်… အနက်ရောင်… အနီရောင်နဲ့ အဝါရောင်တို့ပဲ ဖြစ်ကြပါတယ်။
ခေါင်းဆောင်ဖြစ်တဲ့ ဝတ်စုံအဝါနဲ့ အဘိုးကြီးက ချောင်းခြောက်တစ်ချက် ဆိုးလိုက်ပါတယ်… "အဟမ်း… အဟမ်း… အားနာနေဖို့ မလိုပါဘူး… တာအိုရောင်းရင်းရဲ့… ဒါက ကျွန်တော်တို့ရဲ့ တာဝန်တစ်ပိုင်းလဲ ပါပါတယ်…"
တခဏတာလေး အတွင်းမှာပဲ… စွမ်းအားကြီးတဲ့ မှော်စွမ်းအင် လှုပ်ရှားမှုတွေဟာ ဒီလူငါးယောက်ရဲ့ ခန္ဓာကိုယ်ကနေ ထိုးတက်လာပြီး… လေဟာနယ် တစ်ခုလုံးကို လွှမ်းခြုံလို့ သွားခဲ့တယ်လေ။
ဝတ်ရုံနက် လူကြီးရဲ့ အမူအရာကလဲ အနည်းငယ် ပြောင်းလဲလို့ သွားခဲ့ပါပြီ… အော်ပြီးတော့ ပြောလိုက်ပြီလေ… "ဟေ့… ငါတို့ ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက ဒီနေရာမှာ လှုပ်ရှားနေတာ ကြာလှပြီကွ… မင်းတို့က အခုမှလာပြီး ထင်တိုင်းကြဲချင် နေတာလားဟ?" စကားဆုံးတာနဲ့ သူဟာ ကျောက်စိမ်းပြားလေး တစ်ခုကို ချေမွလိုက်ပါတယ်… ဒီမြေအောက်နန်းတော်ထဲက ပရမ်းပတာ ဖြစ်နေတဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေဟာ ရုတ်တရက်ပဲ တည်ငြိမ်လို့ သွားခဲ့ပါပြီ။
မှော်ကျိန်စာဝင်္ကပါ တစ်ခုဟာ လေထဲမှာ တောက်ပနေတဲ့ စိတ်ဝိညာဉ် အလင်းတန်း တစ်ခုနဲ့အတူ ပေါ်ပေါက်ကာ လာခဲ့ပြီလေ… ဝင်္ကပါရဲ့ အတွင်းက နေပြီးတော့ ပြင်းထန်တဲ့ လေတိုက်သံတွေဟာ လွင့်ပျံကာ လာခဲ့ပါပြီ။
ခဏအကြာမှာတော့… ဝင်္ကပါရဲ့ အထဲကနေ ကြီးမားလှတဲ့ လေဆင်နှာမောင်းတွေဟာ အဟုန်ပြင်းစွာနဲ့ ထွက်လာခဲ့ပါတယ်… ဒေါသထွက်နေတဲ့ နဂါးကြီးတွေလိုပဲ ရွှမ်ကျိအမတ် ဂေဟာက ကျင့်ကြံသူ ခုနှစ်ယောက်ဆီကို ဟိန်းဟောက်ပြီးတော့ ပြေးလာကြပြီလေ။
လေဆင်နှာမောင်းပေါင်း တစ်ဒါဇင်ခန့်တို့ဟာ ဝရုန်းသုန်းကားနဲ့ ပြေးလွှားသောင်းကျန်း နေကြပါပြီ… အတူတူ ရောနှောပြီးတော့ပဲ… ဒီဂူကြီးကို မုန်တိုင်းကမ္ဘာ အသွင်အဖြစ်ကို ပြောင်းသွားစေခဲ့တယ်လေ။
လေဆင်နှာမောင်းတွေရဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ အရာဝတ္ထု မှန်သမျှဟာ မွစာကြဲနေအောင် စုတ်ဖြဲခြင်းကို ခံခဲ့ရပါပြီ… ကျောက်တုံးနရံတွေရဲ့ အပေါ်မှာလဲ ဟက်တက်ကွဲရာ အနက်ကြီးတွေဟာ ပေါ်ထွက်ကာ လာခဲ့ပြီလေ။
အချိန်အတော်ကြာအောင်… ပြင်းထန်တဲ့ လေနီကြမ်းတွေဟာ တဟူးဟူးနဲ့ တိုက်ခတ်နေကြပြီး… မြေကြီးတွေက အက်ကွဲကုန်ကြပါပြီ… ကမ္ဘာပျက်နေတဲ့ အတိုင်းပါပဲ။
ဒီမှော်ကျိန်စာ ဝင်္ကပါဟာ အခြေခံအုတ်မြစ် အဆင့်က ကျင့်ကြံသူ တွေကိုတောင် စုတ်ဖြဲပစ်နိုင်ဖို့အတွက် လုံလောက်ပါတယ်… ရွှေရောင်ဗဟိုချက် အဆင့်က သူတွေသာ ဘေးကင်းရန်ကင်း နေနိုင်ကြမှာပါ။
ဒါပေမယ့်လည်း ဟိုဓာတ်ကြီးငါးပါးဂိုဏ်းက ကျင့်ကြံသူ ငါးယောက်တို့ဟာ စိတ်မလှုပ်ရှားသွားကြပါဘူး။ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီးမှ… ဝတ်စုံအဝါနဲ့ အဘိုးအိုက ရယ်ပြီးတော့ပဲ ပြောလိုက်ပါတယ်… "ကဲ… ငါတို့က ဘာတတ်နိုင်သလဲ ဆိုတာကို မင်းကို ပြရတာပေါ့ကွာ…"
ဒီလူငါးယောက်တို့ဟာ သူတို့ရဲ့ မှော်ကျိန်စာကို အတူတကွ ပစ်လွှတ်လိုက်ကြကာ… သံပြိုင်ဟစ်ကြွေး လိုက်ကြပါပြီ… "ပြောင်းပြန် ဓာတ်ကြီးငါးပါး နတ်ဆိုးမိစ္ဆာ ဖယ်ရှားခြင်းဝင်္ကပါ!"
အရောင်ငါးမျိုးနဲ့ နတ်ဘုရား အလင်းတန်းဟာ ကောင်းကင်သို့တိုင်အောင် ထိုးတက်သွားခဲ့ပါတယ်… ဂူကြီးတစ်ခုလုံးလဲ လင်းထိန်လို့ သွားခဲ့ပါပြီ… မှောက်မိုက်နေတဲ့ အောက်ဘက်က အသူရာချောက်ကြီး တောင်မှပဲ တောက်ပကာ လာခဲ့ပြီလေ။
သူတို့ လူငါးယောက်ဟာ ဂိုဏ်းတစ်ဂိုဏ်း ထဲကနေ လာကြတာပါ… သူတို့ တစ်ယောက်ချင်းစီကလဲ အရည်အချင်း မတူညီတဲ့ တာအိုနည်းစနစ် တစ်မျိုးစီကို လေ့ကျင့်ထားကြတာလေ။ သူတို့ အတူတကွ ပူးပေါင်းတည်ဆောက်ထားတဲ့ ပြောင်းပြန် ဓာတ်ကြီးငါးပါး နတ်ဆိုးမိစ္ဆာ ဖယ်ရှားခြင်းဝင်္ကပါဟာ… ရွှေရောင်ဗဟိုချက် အဆင့်အောက်က ရန်သူမှန်သမျှကို ဖိနှိပ်နိုင်ဖို့ အတွက်တော့ လုံလောက်ပါတယ်။
ပြင်းထန်သော မုန်တိုင်းဟာ အရောင်ငါးမျိုးနဲ့ နတ်ဘုရား အလင်းတန်းရဲ့ လွှမ်းမိုးကြီးစိုးခြင်းကို ခံလိုက်ရပါပြီ… လေထုထဲမှာ အေးခဲသွားပြီး… အကြီးအကျယ် ထိခိုက်ပျက်စီးအောင်.. ကသောင်းကနင်းဖြစ်အောင် မလုပ်နိုင်တော့ပါဘူး။
ဒီအချိန်မှာတော့ ဒီဝတ်ရုံနက် လူကြီးဟာ ချွေးတွေနဲ့ စိုရွှဲလို့ နေခဲ့ပါပြီ… တစ်ဖက်မှာက သူဟာ ဗုံလေးကို ထိန်းချုပ်ပြီး ခရမ်းရောင် အကောင်းစား ဝတ်စုံနဲ့ သက်လတ်ပိုင်း လူကြီးရဲ့ အလင်းရောင် အကွင်းတွေကို ကြားဖြတ်တိုက်ခိုက် နေရပါတယ်… အခြားတစ်ဖက် မှာကတော့ သူဟာ တဖက်ရန်သူရဲ့ ပြောင်းပြန် ဓာတ်ကြီးငါးပါး မိစ္ဆာဖယ်ရှားဝင်္ကပါကို ကြံ့ကြံ့ခံနိုင်ဖို့အတွက် မှော်ကျိန်စာ ဝင်္ကပါကို မောင်းနှင်နေရတယ်လေ။
စစ်မျက်နှာပြင် နှစ်ခု ဖွင့်နေရတော့… သူ့မှာက အိမ်ကွင်းအားသာချက်ပင် ရှိသော်ငြားလည်းပဲ သူဟာ အကြီးအကျယ် ဖိနှိပ်ခြင်းကို ခံနေရပါတော့တယ်။
သူကနေပြီး စိတ်ပူပန်လာတဲ့ အချိန်မှာပဲ… အသံတစ်သံဟာ အလောတကြီး မဟုတ်ပဲနဲ့ လွင့်ပျံကာ လာခဲ့ပါပြီ… "ဟေ့… မင်းတို့ကောင်တွေက ဘာဖြစ်လို့ ဒီလောက်တောင် နှေးနေရတာလဲဟ? ခုနှစ်ယောက် တစ်ယောက် ချတာကိုတောင် မင်းတို့က ဒီလောက်အထိ အချိန်ယူနေရသလားကွ?"
တခဏတာလေး အတွင်းမှာပဲ… လေပေါ်မှာ လူတစ်ယောက်ကို တွေ့လိုက်ရပြီလေ… ဒီအတိုင်းပဲ အသူရာချောက်ပေါ်က လေထုထဲမှာ တည်ငြိမ်စွာနဲ့ ရပ်နေခဲ့ပြီး… အကုန်လုံးကို အပေါ်စီးက နေပြီးတော့ ကြည့်နေခဲ့ပါတော့တယ်။
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu