ညတွေကသိပ်လှပါတယ်။
အဲ့ဒါဟာစောစော အိမ်မပြန်ချင်တဲ့
ကောင်လေးတစ်ယောက်
ကြောင့်လို့ဆိုရမယ်။
တစ်နေ့မှာတော့
"မနက်ဖြန် အင်တာဗျူးရှိလို့
ဒီည အစ်ကိုနဲ့အတူမထိုင်တော့ ဘူး" တဲ့။
လမ်းပေါ်က ကျောက်စရစ်ခဲ လေးတစ်ခုကို
ကန်ရင်းပြောလာတာ။
ထုံးစံအတိုင်း
ကျောပိုးအိတ်ဟာသူ့ရင်ခွင်ထဲမှာ။
"အလုပ်အသစ် ဆိုပါတော့ ညီ "
"အင်း ဟုတ်တယ် "
"ဒါဆိုလည်းဆိုင်ရှေ့အထိ လိုက်မပို့နဲ့။ အိမ်ကိုပဲတန်းပြန်လိုက်ပါ။
ပြင်ဆင်စရာတွေလည်းရှိနေမှာပေါ့"
"ရပါတယ် လိုက်တော့ပို့ပါ့မယ် "
"အင်း သဘောပဲ"
"အင်တာဗျူး ဖြေပြီးရင် ခဏလာလို့ရမလား"
"လာခဲ့လေ အစ်ကို နေ့လယ်စာ
ကောင်းကောင်းချက်ကျွေးပါ့မယ် "
"နေပါစေ အစ်ကိုက
ဆိုင်တစ်ဖက်နဲ့ဆိုတော့အားနာတယ်"
"အားမနာပါနဲ့ တနင်္ဂနွေနေ့ဆို
အစ်ကိုနေ့တစ်ပိုင်းပဲဖွင့်တယ်"
"ဟင် အရင်က တစ်နေကုန်ဖွင့်ပါတယ် "
"ဟုတ်တယ် အခုကစပြီး နေ့တစ်ပိုင်းပဲ"
"ဘာလို့လဲ "
"ဒီလိုပါပဲ ဒီအတိုင်း အစ်ကိုမဖွင့်ချင်လို့ "
သူ့မျက်ဝန်းတွေဟာ
အရောင်ပြောင်းသွားတာ ဖျက်ကနဲ။
"ညီ့ အတွက်နဲ့တော့ တကူးတကြီး
ဆိုင်မပိတ်ပါနဲ့ ။ညီနောက်ရက်မှလာခဲ့ပါ့မယ် "
"အချိန်တွေအကြာကြီးနေမှတစ်စုံတစ်ယောက်နဲ့ နေ့လယ်စာစား
ခွင့်ရတာမို့ပါ။
ဖြစ်သလိုစားနေမိတာကြာပြီလေ"
ပြုံးလိုက်တာကြောင့်
သူ့မျက်လုံးထပ်ပြီး မှိတ်ကျသွားတယ်။
သဘောတကျကျ၊ခေါင်းတငြိမ့်ငြိမ့်နဲ့။
****
နေ့လည် ၁၂ နာရီ
" အင်တာဗျူးအဆင်ပြေရဲ့လား "
"ဟုတ်"
ထမင်းစားခန်းမှာနေ့လယ်စာ အတူစားရင်း
ပြောမိတဲ့ စကားတွေက အဲ့ဒီလောက်ပါပဲ။
စားပြီး၊သောက်ပြီး တော့ ဆေးတာ၊
ကြောတာတွေကိုသူဝင်ကူပါတယ်။
တားပေမဲ့လည်း စကားနားမထောင်ပါဘူး။
သူလုပ်ပေးချင်လို့ပါတဲ့ ။
"ခက်တော့နေပါပြီ ဒီဧည့်သည်နဲ့"
"ညီမှ ဧည့်သည်မဖြစ်ချင်တာ "
"ဒါနဲ့ ဒီကပြန်ရင် ဘယ်သွားမလဲ "
" ဟင့်အင်း ဘယ်မှ မသွားဘူး။အိမ်ပဲပြန်မှာ
ညနေတော့ ကော်ဖီဆိုင်သွားရမယ် "
"အစ်ကိုဒီညမလာဖြစ်တော့ဘူး။ပစ္စည်းအသစ်တွေနေရာချဖို့ ရှိနေတာ
အများကြီးပဲမို့လို့ "
"ဟုတ်ပြီ အလုပ်ဆင်းရင်ကျွန်တော်
ကော်ဖီယူလာခဲ့ပါ့မယ် "
"ထပ်ခိုးမှာ အစ်ကိုနေတယ်။တကယ်လို့များ ဆန္ဒရှိရင် အဲ့မှာသွားနားလို့ရတယ်"
"အစ်ကို့ အလုပ်တွေ အရင်ကူပါ့မယ် "
****
ဆိုင်ပိတ်ထားပေမယ့် ဆိုင်ထဲမှာ
နှစ်ယောက်သားအလုပ်ရှုပ်နေခဲ့ပါတယ်။
"ထမင်း ခေါ် ကျွေးပြီး အလုပ်ပါခိုင်းသလို
ဖြစ်သွားသလား ညီ "
"ဈေးတိတ် ကပ်တာလောက်နဲ့တော့
ညီ မပင်ပန်းပါဘူး"
"ဒါနဲ့ အလုပ်အသစ်က ဘယ်အချိန်လဲ "
"ညပိုင်းပဲ အစ်ကို "
အေးအေးလူလူပေါ့ပေါ့ပါးပါးပြောလိုက်ပေမဲ့
ကျွန်တော့်ရင်ထဲမှာ တော့မတင်မကျ ခံစားချက်မျိုးတွေဝင်ရောက်စီးနင်းသွားတယ်။
"အဲ့ဒီအချိန်က ကော်ဖီဆိုင်မှာမဟုတ်လား "
"အင်းဟုတ်တယ်။အင်တာဗျူးက
အောင်ခဲ့ပေမယ့် အချိန်ကတိုက်နေတယ်"
"ဒါဖြင့် ကော်ဖီဆိုင်မှာဆက်လုပ်ရင်
အလုပ်အသစ်က
လက်လွတ်လိုက်ရမဲ့သဘောပေါ့ "
"အင်း အဲ့သဘော"
"အစ်ကို့ဆိုင်မှာ လုပ်မလား "
ကျွန်တော့်ကို ပြန်ကြည့်တဲ့ သူ့မျက်လုံးတွေ ဟာ ဝင့်ကနဲ။
ကျွန်တော်များ စကားပြောတာလောသွားလေသလား။
ဘုရားစူး အသန့်စင်ဆုံးစေတနာတွေပါ။
" မကူညီပါနဲ့
ဒီအတိုင်းပြောပြတာ ညီက "
"ကူညီတာ မဟုတ်ပါဘူး အကူညီတောင်းတာပါ။ မနက်ပိုင်းတွေ အစ်ကို့တစ်ယောက်ထဲ
ခက်ခဲနေတာ၊
ညီကူညီပေးလို့ ရရင် "
သူ့မျက်နှာရိပ်ကဲမျက်နှာကိုကြည့်ပြီးစကား
ဖြတ်ချလိုက်ပါတယ်။
မာနကို ထိခိုက်စေလောက်မဲ့စကားမျိုးဖြစ်သွားလေသလား၊အဆင်အခြင်တွေမဲ့သွားသလားလို့
ကိုယ့်ဘာသာလည်းအတွေးတွေများခဲ့မိပါရဲ့။
"ကူညီပါ့မယ် ဒါပေမယ့် ပိုက်ဆံတော့
မပေးပါနဲ့"
"ဟာ အဲ့ဒီလိုတော့ ဘယ်ဖြစ်ပါ့မလဲ "
"မဖြစ်ဘူးဆို မကူညီတော့ဘူး "
လုပ်လက်စအလုပ်ကို လုပ်ရင်း ကျွန်တော်
ကြိတ်ပြုံးမိပါတယ်။
နောက်ဆိုရင် တနင်္ဂတွေနေ့တင်မဟုတ်ဘဲ
နေ့တိုင်းလိုလိုဖွယ်ဖွယ်ရာရာတွေ
ချက်ပြုတ်ဖြစ်တော့မှာမို့လေ။
***
လစာမယူရင် အလကားတိုက်တဲ့
ကော်ဖီတွေလည်း မသောက်တော့ဘူးလို့
ခြိမ်းခြောက်ပေးလိုက်တာက
တော်တော်ကို ထိထိရောက်ရောက်ပဲ။
ကျွန်တော့ဆိုင်မှာ သူအလုပ်ဆင်းပေးခဲ့တယ်။
မနက်ခင်းတွေကို ကျွန်တော်သဘောကျတယ်။
ဒီလိုဆို ညတွေကကော ဘာထူးလဲ။
ကော်ဖီတစ်ခွက်ရယ် ၊သူရယ်၊
နောက်ပြီး သူ့ဆီက
သံပုရာနံ့သင်းသင်းရယ်.....။
အရာရာဟာ ပြည့်စုံမူ့အတိနဲ့။
ရိုးအီမသွားဘူး။အရိုင်းမဆန်ဘူး။
နီးကပ်မိတိုင်းမှာ သိမ့်ကနဲ၊ငြိမ့်ကနဲ။
တနင်္ဂနွေ နေ့ဆို နေ့လယ်စာစားပြီး
စာအုပ်ဆိုင်တွေဆီသွားကြတယ်။
တိတ်ခွေဆိုင်တွေမှာ အချိန်ကုန်ကြတယ်။
တစ်ချို့ညတွေဆို ထပ်ခိုးမှာ ပြတင်းပေါက်ဖွင့်ပြီးအတူတူသောက်ဖြစ်တယ်။
ကျွန်တော်က ကော်ဖီကြိုက်ပေမယ့်
သူက အလ်ကိုဟော ကြိုက်တယ်။
နှစ်ယောက်ကြားမှာ အရာရာဟာ
ပြဒါးတစ်လမ်းသံတစ်လမ်းပဲ....။
အရက်မသောက်နိုင်ပေမယ့် တစ်ငုံနှစ်ငုံစမ်း
သောက်မိတော့
ဘေးမှာထားထားပြီးလွမ်းနေသလိုလို။
သူ့စကားသံတွေကိုပဲကြားချင်လာသလိုလို။
တစ်ပြိုင်တည်းမှာ ရစ်ပက်ထားတဲ့ကြိုး
တွေဟာလည်းတိုးလာသလိုလိုပါပဲ။
"အစ်ကို့ မိဘတွေက နယ်မှာနေတာလေ "
"အင်း ညီ့ မိဘတွေကတော့
ကောင်းကင်ပေါ်မှာနေနေတယ်။
ညီ သုံးနှစ်သားကတည်းကပဲ"
ရယ်မောလိုက်ပြီဆို မှိတ်ကျသွားတတ်တဲ့ မျက်လုံးအစုံမှာ
မျက်ရည်စတစ်ချို့ တွဲလို့ ခိုလို့ ....။
ဒါပေမဲ့သူဟာသူ့မျက်ရည်တွေကိုလည်းမျက်ဝန်းအိမ်ဆီကြာကြာမတည်ရှိစေချင်ဘူးထင်တာပါပဲ။
ခဏလေးအတွင်း မှာ မျက်ရည်စတွေ
ခြောက်သွေ့သွားအောင်ထိန်းသိမ်းလိုက်တယ်။
တကယ်တော့
မျက်လုံးအိမ်မှာ မစိုစွတ်တဲ့ မျက်ရည်တွေ နှလုံးအိမ်မှာစိုစွတ်တဲ့ အခါ ဘယ်လောက်တောင်
နာသည်းရသလဲဆိုတာ ကျွန်တော် ကိုယ်တိုင်
အသိဆုံးပါ။မတူးဖော်သင့်တဲ့ အတိတ်ကို သွားတူးဖော်မိတာ ကျွန်တော်ထပ်မှားပြန်ပြီလား။
အမှန်က ဘာရယ်မဟုတ်
ကိုယ့်အကြောင်းလေးတွေပြောပြချင်တာ။
မပြောပြရလဲ ကိစ္စတော့မရှိပါဘူး။
ဒီလောက်ထိလည်း အရေးမှမကြီးဘဲ။
တိတ်ဆိတ်မှု ဒါဏ်ကို သိပ်မခံနိုင်
တော့တာပဲဖြစ်မယ်။
အခုနောက်ပိုင်း ဟိုပြောဒီပြောလေး
တွေကိုခုံလာမိတယ်။
သူ့လက်ဖမိုးကို မရဲတရဲ ဆုပ်ကိုင်မိလိုက်
တော့ သူဟာ ကျွန်တော့်
မျက်နှာကို ငေးမောကြည့်လာတယ်။ အကြောင်းအရာတွေအများကြီးကို
ကျွန်တော့်ဆီမှာ
ရှာဖွေကြည့်နေတဲ့အတိုင်းပဲ။
အံဩသွားခြင်း တစ်စုံတစ်ရာမရှိသလို
ရုန်းခြင်း၊ဖယ်ခြင်းလည်းမရှိခဲ့ဘူး။
ကျွန်တော့်လက်ကိုပြန်လည်ဖျစ်ညစ်ထား
တဲ့သူ့ပုံစံက တည်တည်ငြိမ်ငြိမ်ပဲ။
လက်တစ်ဖက်အပြင်
ဘယ်ဘက်ရင်အုံဟာလည်း တင်းခနဲ။
မဖြစ်တော့ဘူး။နောက်ဆိုရင်
Alcohol Date တွေကိုရှောင်ရမယ်။
***
ညဘက်အထိဈေးဝယ်သူတွေ အရမ်းများတဲ့
တစ်နေ့မှာ ကော်ဖီဆိုင်ဘက်ကို
ခြေဦးမလှည့်မိဘူး။
သူဟာမပျက်မကွက်
ကော်ဖီတစ်ခွက်ယူလာပေး ခဲ့ပါတယ်။
သူလာတုန်းက ဆိုင်ကို ကောင်မလေး
တစ်ယောက်နဲ့အတူပါလာခဲ့တာ။
ကောင်မလေးရဲ့ မျက်ဝန်းတွေကို
ကျွန်တော်
သဘောပေါက်သားပဲ။
သူ့လို လူရည်လည်တဲ့သူကပိုလို့သိမှာပေါ့။
အဲ့ဒီကောင်မလေးဟာ သူ့အပေါ်
သဘောကျ
စိတ်ဝင်စားနေတယ်ဆိုတာကိုလေ။
မိန်းကလေးက ဝယ်စရာရှိတာဝယ်ပြီး
ပြန်ဖို့ လုပ်နေပေမယ့်
အမျှင်မပြတ်တာကသူ။
စကားတွေရှည်ပြီး ဆိုင်ပြင်ရောက်တဲ့အထိ
နှုတ်ဆက်လို့မပြီးနိုင်ဘူး။
လူပါးသွားတဲ့ အချိန်ကျ ကော်ဖီတစ်ငုံကို
ကျွန်တော် မော့သောက်လိုက်တယ်။
ဒါကို သတိထားမိတဲ့သူက
"အကို ညစားစားပြီပြီလား"တဲ့ ။
"ဟင့်အင်း မစားရသေးဘူးညီ "
"စားတော့လေ ဘယ်အချိန်ရှိနေပြီလဲ "
"အစ်ကို အားနေတာ ညီမြင်မိလို့လား"
လူကပင်ပန်းနေတာကြောင့်လားမသိ
မဆီမဆိုင်သူ့ပေါ်
မာရည်ကြောရည်နိုင်သွားခဲ့မိတယ်။
သူဟာ ဘာမှဆက်မပြောဘူး။
အပြန်အလှန်ပြောဆိုမှုတွေကလည်း
အဲ့ဒီမှာတင် ရပ်တန့်သွားခဲ့ပါတယ်။
တကယ်ပဲ။
မတွေ့ရတဲ့ တစ်ညနေစာအလွမ်းက
နှစ်ဦးသားကြား ကတောက်ကဆ
ပါးပါးလေးတစ်ချို့ ဖန်တီးလိုက်သလိုပါပဲ။
****
"ညီ
မနက်ဖြန်ခွင့်ယူချင်တယ် အစ်ကို "
တစ်နှစ်တိတိ တစ်ရက်တစ်လေတောင်
ခွင့်ရက်မရှိခဲ့တဲ့ ကောင်လေးငယ်ဟာ
ဒီနေမှာတော့ ထူးထူးခြားခြား....။
အလုပ်စဆင်းကတည်းကတစ်ပတ်ကိုတစ်ရက်လောက်
နားပါလို့ ကျွန်တော်ပြောခဲ့ဖူးပါတယ်။
ဒါပေမဲ့ သူလက်မခံခဲ့ဘူး။
နေ့တိုင်းလိုလို မြင်နေတွေ့နေချင်တဲ့စိတ်ကနှစ်ဦးစလုံးမှာ ကပ်ငြိနေပြီမို့
ထပ်ပြီးလည်း မတားဆီးရက်တော့ဘူး။
နေ့ရက်တိုင်းက တစ်ပုံစံတည်း
လည်ပတ်နေသလိုပါပဲ။
မနက်ဆိုသူလာတယ်။
ညတွေမှာ အတူတူပြန်တယ်။
လမ်းတွေအတူတူလျောက်တယ်။
နောက်ပြီးစကားတွေလည်း ပြောဖြစ်ကြတယ်။
လှုပ်ရှားမှု ယန္တယားတွေဟာကျွန်တော်တို့အတွက် သီးသန့်ဖန်တီးထားတဲ့အတိုင်းပါပဲ။
ယောကျာ်းသားနှစ်ယောက်မို့ ထွေထွေထူးထူး ပြောစရာ၊ ဆိုစရာတွေ
သိပ်မရှိခဲ့တာလည်းပါလိမ့်မယ်။
မပြောင်းလဲခြင်းနိယာမတွေကမှ
ပြောင်းလဲခြင်းတစ်ချို့ကို
လက်ညိုးထိုးပြရရင်
သူရည်းစားမထားတော့တာလို့ဆိုရမယ်။
ကောင်ငယ်လေးဟာ
လိမ်မာသွားပြီထင်ပါတယ်။
ဒါပေမဲ့ မနက်ဖြန်ခွင့်ယူမယ်ဆိုတော့
ကျွန်တော့စိတ်မှာထင့်ကနဲ။
သူဘယ်ကိုသွားဖို့များလဲ....။
"မနက်ဖြန် ဖေဖေ၊မေမေရဲ့ နှစ်ပတ်လည်နေ့လေ....သွားနှုတ်ဆက်ချင်လို့ "
မမေးဘဲ ဖြေလာတဲ့စကားကြောင့်
ကိုယ့်ကိုကိုယ်ကျိန်ဆဲမိလိုက်ပါတယ်။
အတွေးအခေါ်တွေဟာဘယ်လိုတောင် ပရမ်းပတာနိုင်သွားရသလဲ။
"အင်းပါ ကောင်းကောင်းနှုတ်ဆက်ခဲ့"
သူ့မျက်နှာကို ကျွန်တော်မကြည့်ရဲဘူး။
စာရေးကရိယာတွေကို
သေသေချာချာစီနေရင်း
ဒီအတိုင်းပဲ ဟန်မပျက်ပြောလိုက်တာ။
"အစ်ကို လိုက်ခဲ့ချင်လား
ဖေဖေမေမေနဲ့ တွေ့ချင်လား "
ပုဂ္ဂိုလ်ရေးတွေ ချမပြတတ်တဲ့ သူရယ်မို့
ဒီလိုမျိုးလိုလိုလားလားဖိတ်ခေါ်မယ်လို့
ကျွန်တော် မထင်ထားမိခဲ့ဘူးး။
မိသားစုအနေနဲ့လား။
အသိမိတ်ဆွေအနေနဲ့လား။
ဒါမှမဟုတ်.....။
ဟင့်အင်း အဲ့ဒီအပိုင်းကိုကျော်လိုက်မယ်။
ကျွန်တော်ဆက်မတွေးချင်ဘူး။
သတ္တိလည်း လုံလုံလောက်လောက်မရှိဘူး။
ဘယ်လိုဘယ်ပုံစံမျိုးမသိတဲ့ တံခါးချပ်တွေ
တစ်ချပ်ချင်းပွင့်တော့မလိုဖြစ်လာတာနဲ့
အမျှကျွန်တော့်စိတ်နဲ့ ကျွန်တော်
လုံးထွေးသတ်ပုတ်နေရတာ။
ရံဖန်ရံခါခေါင်းအုံးမိတဲ့
သူ့လက်မောင်းတစ်ဖက်အပေါ်
အဆုံးထိ ရိုးသားခဲ့ချင်တာ။
"အစ်ကို "လို့တိုးတိုးသသခေါ်တိုင်း
သူ့ဆီမှာ ညံ့သက် ခစားချင်တဲ့စိတ်တွေကို
တိတ်တိတ်ကလေး သတ်ပစ်ခဲ့ရတာပါ။
ရေပြင်ညီမျဉ်းတွေလား ပြိုင်မျဉ်းတွေလား
ကျွန်တော် မခွဲခြားတော့တက်ဘူး။
ရူးသွားပြီလား လို့ ကိုယ့်ဘာသာမေးခွန်း
ထုတ်မိတဲ့
နေ့ရက်တွေဟာမနည်းမနောပဲ။
ထွက်ပြေးရင်း၊တိမ်းရှောင်ရင်း နဲ့ ဒီသံသရာကိုပဲတဝဲလည်လည်
ပြန်ရောက်ခဲ့ရတဲ့အဖြစ်ဟာလည်း ရှက်စရာ
တော့ကောင်းသလိုလိုပါပဲ။
မလိမ်ညာတမ်း ဝန်ခံရရင် ခပ်အုပ်အုပ်ဆံနွယ်လေးတွေမှာ
မြတ်နိုးခြင်းတွေ ပုံအောမိတယ်။
သွေးကြောစိမ်းလေးတွေရယ်
နှုတ်ခမ်းလုံးလုံးလေး ရယ်
မျက်ဝန်းလှလှလေးတွေဆီမှာ
ကျွန်တော့်ချစ်ခြင်းတွေ အခြေကျခဲ့တယ်။
သူ့ဆီကလွဲ...
ဘယ်အရပ်ကိုမှ ထပ်မလွင့်နိုင်တော့တဲ့ ငှက်ငယ်ဟာ ကျွန်တော်ပါပဲ...။
တစ်ခုခု လွဲချော်နေမှန်းကိုသိလိုက်တဲ့
အချိန်မှာ ကျွန်တော့်ကမ္ဘာစပျက်တယ်။
ဒီမေတ္တာသက်ဝင်မူ့ကို
ကျွန်တော်ဘယ်လိုလက်ခံရပါ့မလဲ။
****
"အင်း....လိုက်ခဲ့မယ်ညီ"
"ဟုတ်ကဲ့ "
တွေးတွေးငေးငေးဖြစ်သွားရတာ ကျွန်တော့်
တစ်ယောက်တည်းတော့ မဟုတ်ခဲ့ဘူး။
နှစ်ယောက်စလုံးပဲ။တစ်ယောက်ကိုတစ်ယောက်ကျောခိုင်းထားပေမယ့် တစ်ယောက်ကို
တစ်ယောက်မြင်နေရပါတယ်။တစ်ခါတစ်လေမှာတော့ မျက်နှာချင်းဆိုင်မိတာတောင်တစ်ယောက်နဲ့တစ်ယောက် မကြည့်ဖြစ်ကြဘူး။
စိတ်တွေရဲ့ နယ်နမိတ်စည်းကို
အနီးစပ်ဆုံး ထိကပ်ပြီးမှ
တပ်ခေါက်ပြန်ပြေးခဲ့ရတဲ့နေ့ရက်တွေမှာ
သူ့လည်း ကျွန်တော့် နည်းတူ ယိမ်းယိုင်နေမယ်ဆိုတာ သိပေမဲ့
အကြီးဖြစ်တဲ့ကျွန်တော်ကတော့ ပိုပြီးထိန်းသိမ်းသင့်တယ်လို့ ထင်တာပါပဲ။
"ဒိန်း"
နဖူးနဲ့ တံခါးဟာ မိတ်ဆက်မိသွားပါတယ်။
ဟိုဟိုဒီဒီအတွေးတွေကြောင့်ဖြစ်လိမ့်မယ်။
မျက်ခုံးတစ်ဖက်ဟာ အောင့်ကနဲ....။
သူဟာကျွန်တော့် အနားကို
အပြေးအလွှား သူရောက်ချလာပါတယ်။
"ဘယ်လိုဖြစ်ရတာလဲ အစ်ကိုရယ်"
"ရတယ် ဘာမှမဖြစ်ဘူး "
"ဘာကိုရတာလဲ ၊အစ်ကိုကအမြဲ နမော်နမဲ့နဲ့၊ အခုလိုတွေဖြစ်မှာစိုးလို့ ခဏခဏမှာနေတဲ့ကြားက ဖြစ် ဖြစ်အောင်ကို ဖြစ်လာသေးတယ်"
စေတနာ စကားဆိုတာကိုနားလည်ထားပေမဲ့
ကျွန်တော် ဝမ်းနည်းသွားတယ်။
ကျွန် တော့်ကိုဆူလိုက်တာပဲလို့
တွေးပြီး သိမ်ငယ်မိပါတယ်။
စိတ်အခံမှာ နည်းနည်းချင်းစီ
ထိခိုက်နေပြီးသားမို့ဝမ်းနည်းခြင်းနဲ့အတူ မျက်ရည် တစ်စက်ဟာ ပိုးကနဲ၊ပေါက်ကနဲ။
"သိပ်မနာဘူးညီ ၊ကိုယ်အဆင်ပြေပါတယ်"
ဒါဏ်ရာကို လက်နဲ့ဖိထားရင်း
သူ့ရှေ့က ရှောင်ထွက်နိုင်ဖို့ကြိုးစားလိုက်ရတယ်။
ဒါပေမဲ့သူက
" မှန်းစမ်းညီကြည့်ပါ့မယ် လက်ခဏဖယ်"တဲ့။
လက်ဖယ်ပေးလိုက်တော့
ခြေဖျားထောက်ပြီး ဒါဏ်ရာကို
လေနဲ့ မှုတ်ပေးလာပါတယ်။
အဲ့ဒီအခိုက်အတန့်မှာ
ကျွန်တော် မှင်သက်သွားမိတယ်။
အသက်ရှုဖို့တောင်သတိမရတဲ့အထိပဲ။
သူဟာ ကြင်နာတစ်လှည့် ၊အေးစက်တစ်လှည့်နဲ့နားလည်ရတာ ခက်ခက်ခဲခဲပဲ။
"နောက်တစ်ခါ သတိထားနော်၊ ကြားလား"
"အင်း"
ထပ်ပြီး မျက်ရည်မကျအောင် ကိုယ့်ဘာသာ
အာရုံလွဲပြီး စီတန်းလက်စစာရေးကီရိယာတွေကို ဈေးတိပ်ကပ်နေလိုက်တယ်။အဲ့ဒီမျက်ရည်စ တစ်ချို့ကမျက်ခုံးဆီက နာကျင်မူ့ ကြောင့်
မဟုတ်တာတော့ အသေအချာပါပဲ။
"ရေချိုးပြီးရင်
ညီဆေးထည့်ပေးမယ် "
" ညီ အိမ်ပြန်ဖို့နောက်ကျနေပါ့မယ် "
"အိမ်က ဘယ်အချိန်ပြန်ပြန် ပြန်လို့ရနေတာပဲ"
ကျွန်တော် ဘာစကားမှ ခွန်းတုံ့မပြန်မိဘူး။
နောက်ကျနေပြီမို့
ရေချိုးဖို့ သာ ပြင်ဆင်လိုက်တယ်။
ပဝါတစ်ထည်ကို ပခုံးပေါ်တင်ပြီး
အပေါ်ထပ်က
ပြန်ဆင်းလာတော့ သူဆိုင်သိမ်းနေပြီ။
ဒါကြောင်မို့ခပ်မြန်မြန် ရေချိုးပြီး သူ့အတွက်ပါ
ညစာပြင်ထားလိုက်တယ်။
"ညီ မစားတော့ဘူး "
"ဘာလို့လဲ "
"ရေမချိုးရသေးလို့ ပါ ၊ညစာစားပြီးမှ
ရေချိုးရင် အဆင်မပြေလို့ "
"အဲ့ဒါဆိုအခု ချိုးလေ ၊အစ်ကို့မှာ အဝတ်ပို
တွေ ရှိနေတာပဲ "
"နေပါစေ အိမ်ပဲပြန်မယ်”
"ဘာဖြစ်လို့များ ကန့်လန့်တွေတိုက်ချင်နေရတာလဲညီရယ်။စားဆိုစား၊ချိုးဆိုချိုးလိုက်ပေါ့၊
ဘာမှကြီးကျယ်သွားတာလည်း မဟုတ်ဘဲနဲ့"
"အင်းအင်း”
ပြောပြောဆိုဆို အပေါ်အင်္ကျီ ကောက်ချွတ်ပြီးရေချိုးခန်းထဲဝင်သွားပါတယ်။
သူ့ကိုစောင့်ရင်း သူဝတ်ဖို့ အဝတ်အစားတွေကို အဆင်သင့်ထုတ်ထားပေးလိုက်တယ်။
ဒါတွေဟာ သူနဲ့တော်မှ တော်ပါ့မလားလို့တွေးနေတုန်း သူ့ size မဟုတ်ဘဲ
မှားဝယ်လာတဲ့ အုပ်ကျိုးရောင်အနွေး
ထည်လေးကိုတောင်သတိရမိသွားပါတယ်။
အတိတ်တွေဟာ ခပ်ရေးရေးဆိုပေမဲ့...။
***
ညစာကို ဟုတ်တိပက်တိသူမစားဘူး။
သူကြိုက်ပါတယ်ဆိုတဲ့
ကင်ချီထမင်းကြော်ကိုတောင်မှပေါ့။
တို့ကကန်းဆိတ်ကနန်းစားပြီး
ညစာစားခြင်းအမူ့ဟာ ပြီးဆုံးသွားပါတယ်။
နောက်တော့ ကျွန်တော့ဒါဏ်ရာကို
သူဆေးထည့်ပေးတယ်။
ကျွန်တော့် အင်္ကျီဟာ သူနဲ့ဆို
တော်တော်လေးပွယောင်းနေတယ်လို့ဆိုရမယ်။
ရှည်လာပြီဖြစ်တဲ့ ဆံနွယ်တွေကိုလည်း
ကြက်တောင်စီးထားသေးတယ်။
သူပုံစံက ထိုင်းထိုင်းမှိုင်းမှိုင်းများ
ဖြစ်နေသလားပဲ။
မနက်ဖြန်ဆိုတာ သူ့အတွက်တော့
ရောက်မလာချင်တဲ့ နေ့တစ်နေ့လည်း
ဖြစ်ကောင်းဖြစ်နိုင်တာပဲ။
သူဟာအိမ်ပြန်သွားရင် တစ်ယောက်တည်းအထီးကျန်နေနေမလား။
မိဘတွေကိုလွမ်းလို့ ကြိတ်ငိုနေမလား။
ဒီတစ်ညတာ သူ့အနားမှာ
ကျွန်တော်ရှိပေးသင့်သလား။
စသဖြင့် စိတ်မချခြင်းများစွာနဲ့ ကျွန်တော့
စိတ်ထဲ အတွေးတွေဝန်ပိလာတယ်။
"နောက်ကျနေပြီဆိုတော့ ဒီည ဒီမှာပဲ
အိပ်လိုက်မလား ညီ "
"အစ်ကို အိပ်စေချင်လား"
"အင်း အိပ်ယာပြင်ထားလိုက်ပါ့မယ်"
ထပ်ခိုးဆီပြေးတက်သွားပြီး နှစ်ယောက်စာ
အိပ်ယာခင်း ခင်းလိုက်ပါတယ်။
ကုတင်ဘာညာမရှိဘဲကြမ်းပြင်ပေါ်မှာပဲ
အိပ်ခဲ့တာမို့ အခုလိုအခြေအနေမှာ
တစ်ယောက်ကိုတစ်ယောက်
အားနာနေစရာတော့ မလိုအပ်ခဲ့ဘူးပေါ့။
ပထမဆုံးဦးဆုံးအကြိမ်သူစိမ်းတစ်ယောက်ကို ညအိပ်ညနေလက်ခံခဲ့ ခြင်းအတွက်
တာဝန်မကျေမှာတော့စိုးမိသား...။
သူစိမ်း.....။သူစိမ်းတဲ့လား။
သူဆိုတာ တကယ်ပဲ ကျွန်တော့်အတွက်
သူစိမ်းသက်သက်လား။
အိပ်ယာခင်းနေတုန်းသူရောက်လာပါတယ်။
ကျွန်တော့်အနားလာထိုင်ပြီး
"ဘာကူရမလဲ" ဆိုပြီးတော့မေးလာခဲ့တယ်။
"ရတယ် ညီ အားလုံးပြီးပြီ "
သူ့ဟာအိပ်ယာထဲဝင်လာပြီး တစ်ခုတည်း
သော ခေါင်းအုံးကိုနေရာယူ ဝင်အုံးတယ်။
ကျွန်တော်ကိုယ်တိုင်လည်း အစကတည်းက ဧည့်သည်ကို ဦးစားပေးမယ်လို့
စဉ်းစားထားပြီးသားပဲ။
ဒါကြောင့်စောင်အပါးလေးကို လေးခေါက်ခေါက်ပြီးခေါင်းအုံးအနေနဲ့သုံးဖို့ ကြံရွယ်လိုက်ပါတယ်။
"ညီ့ လက်မောင်းပေါ်အိပ် "
အမိန့်မဆန်တဲ့ အမိန့်စကားဟာနှလုံးအိမ်ကို လှုပ်ခတ်သွားတာပြင်းပြင်းထန်ထန်ပါပဲ။
စောင်ခေါက်နေတဲ့ ကျွန်တော့လက်တွေ
တိကနဲ ရပ်ဆိုင်းသွားတယ်။
ဘယ်လိုပဲကြည်နူးရတယ်ပြောပြော
တစ်ညလုံးနီးပါးတော့မဖြစ်သေးဘူးလေ။
သူ့လက်တွေ ကျဥ်နေမှာပေါ့။
"အစ်ကို "
မတိုးမကျယ် ဖိခေါ်လိုက်တဲ့အသံမှာ
ကျွန်တော် အလံဖြူပြလိုက်ရပါတယ်။
ဒါသူစိတ်မရှည်ကြောင်းပြတဲ့
အမူအယာတွေလေ...။
ကျွန်တော့်မှာ ဘယ်လိုလုပ်ပြီး
လွန်ဆန်နိုင်ပါတော့မလဲ။
သူ့လက်မောင်းဆီ ဝင်ခိုနားရင်း သူ့ဆီက
သံပုရာနံသင်းသင်းလေးကို ခစားမိတယ်။
သူ့ရင်ငွေ့ဟာ ကျွန်တော့ အသွေးအသားတွေနဲ့
ထိရိုက်ထိတွေ့နေခဲ့ပါတယ်။
နောက်တော့ စောစောကရခဲ့တဲ့ဒါဏ်ရာအပေါ်
သူ့နှုတ်ခမ်းတွေ
ရောက်ချလာတယ်။ဆိုင်းမဆင့်ဗုံမဆင့်နဲ့။
ဖြေးဖြေးလေးထိကပ်ပြီးပြန်ခွာသွားတာ။
ဆိုတော့ အဲ့ဒါကို
အနမ်းလို့ ခေါ်ဆိုမလား။
အခုကျွန်တော် အနမ်းခံလိုက်ရတာလား။
"အိပ်တော့အစ်ကို Good night"
ပြတင်းတံခါးဖွင့်ထားတာကြောင့်
လရောင်ဟာ အခန်းထဲ မှာ ဖြာကျနေတယ်။
သူ့လက်တစ်ဖက်က ကျွန်တော့ကျောပြင်ကို
ညင်ညင်သာသာပွတ်သပ်ပေးနေတယ်။
ရင်မခုန်ချင်ပေမယ့် ရင်ခုန်နေမိသလိုပဲ။
ဒီပုံစံအတိုင်းဆို ကျွန်တော်တို့နှစ်ယောက်စလုံးဟာ တားဆီးကာရံထားတဲ့ စည်းတွေကို
တတိတိနဲ့သွေးအေးစွာ
ချိုးဖောက်မိတော့မယ်ထင်ပါရဲ့။