"အစ်ကို"
ခုံတန်းတစ်ခုပေါ်ထိုင်ပြီးငေးငိုင်နေမိတာ
အချိန်ကာလအားဖြင့်ဘယ်လောက်ကြာသွားသလဲတောင် မသိလိုက်ဘူး။
တစ်စုံတစ်ယောက်က ကျွန်တော့်ကိုရည်ညွန်း
ခေါ်ဆိုနေသလို အသံကြားတော့မှ အတွေးစတစ်ချို့ဟာရိပ်ကနဲလွင့်ပါးရသွားတယ်။
"ဟမ်"
ယောင်ယောင်မှားမှားနဲ့ ဟမ် လို့ထူးပြီးမှ
ကျွန်တော့် စိတ်ထဲ အားနာသွားရသလိုပါပဲ။
လှည့်ကြည့်လိုက်တော့သူဖြစ်နေတယ်။
သူဟာ နှုတ်ခမ်းထောင့်စွန်းလေးတွေ
တွန့်ကွေးရုံပြုံးပြီး ကျွန်တော့်ရှေ့
တည့်တည့်ကို လျှောက်လှမ်းလာပါတယ်။
အဲ့ဒီအပြုံးကို ကျွန်တော် ငေးကြည့်မိတယ်။
အပြုံးကလေးတွေ ပြေလျော့သွားတာ
တောင်မှ ပြုံးနေတဲ့ အခိုက်အတန့်ကိုပဲ
မျက်လုံးထဲမှာ ကွက်မြင်နေရပါတယ်။
နာရီဒိုင်ခွက်ပေါ်ကလက်တံတွေဟာဒီနေရာမှာ
ခေတ္တရပ်တန့်သွားသလိုမျိုးပဲ။
"ညီ အလုပ်ဆင်းပြီနော် အစ်ကို"
နားထဲ စိမ့်ဝင်လာတဲ့လေသံကခွင့်တောင်းခြင်း
ထက်ဒီအတိုင်းအသိပေးခြင်းသက်သက်လိုမျိုး။
ဒါဟာသူပြန်နေကျအချိန်ဆိုပေမဲ့ ဒီနေ့လို
တနင်္ဂနွေနေ့မှာတော့ မဟုတ်ဘူးပေါ့။
"အင်းပါ ဒီနေ့အတွက်တာဝန်ကျေပါတယ်။
ဂရုစိုက်ပြီးလည်းပြန်"
"ဟုတ်ကဲ့၊ရောင်းရတဲ့ပိုက်ဆံနဲ့စာရင်းကို အံဆွဲထဲထည့်ခဲ့တာမို့လို့
အဲ့ဒါတစ်ချက်စစ်လိုက်ပါဦးနော်"
" ဟုတ်ပါပြီ ၊တစ်လက်စတည်း
နေ့လယ် စာစားသွားပါလားညီ"
"ဟင့်အင်း နေပါစေ၊ညီသွားစရာလေးတစ်ခု အချိန်ကပ်နေလို့အခု
မြန်မြန်သွားရတော့မှာ၊
ဒါနဲ့ အစ်ကို ကဘာတွေတွေးနေတာတုန်း၊
မိုးရေတွေ စိုနေပြီကို "
သူပြောမှ သတိထားမိပါရဲ့။
မနက်စောစောကတည်းက
ဆက်တိုက်ရွာထားတဲ့မိုးအရှိန်ကြောင့်
ကျွန်တော့ ဆံပင်တွေ စိုစွတ်နေတယ်။
ကျွန်တော်ထိုင်နေတဲ့ ခုံတန်းရဲ့ အပေါ်မှာ
နှစ်ရှည်သစ်ပင်ခပ်ကြီးကြီးတစ်ပင်
အုံ့ဆိုင်းနေပြီး တိုက်တိုက်ဆိုင်ဆိုင်
မိုးရေပေါက်လေးတစ်စက်ဟာ
သူ့မျက်နှာပေါ် ကျရောက်သွားတယ်။
ရုတ်တရက်မို့ထင် သူဟာ တုန်သွားသလားပဲ။
သစ်ပင်ပေါ်ကိုလည်း အလိုမကျသလို
မော့ကြည့်လိုက်သေးတယ်။
အဲ့ဒီပုံစံ သူ့အပြုအမူတွေက
ကလေးတစ်ယောက်လို
ပကတိအဖြူထည်ဆန်ဆန်ပါပဲ။
တစ်ခါတစ်လေ ကျွန်တော်မသိဖူးတဲ့
အခြားတစ်ယောက်လိုမျိုး
အသွင်ပြောင်းသွားတတ်တာတွေ
ကတော့ ချွင်းချွက်ပေါ့။
သူ့မျက်ခုံးပေါ် တိတိပပ နေရာယူထားတဲ့
ရေစက်ကလေးကို
ကျွန်တော့လက်နဲ့ဖယ်ရှားပေးတော့
"ကျေးဇူးပါ" လို့ သူပြောတယ်။
နောက်ပြီး
"ဆိုင်ထဲဝင်လေ မိုးရေထိရင်ဖျားတတ်တယ်"တဲ့။
" အစ်ကို့ သူငယ်ချင်းကိုစောင့်နေတာပါ။ပဲခေါက်ဆွဲကောင်းကောင်းဝယ်လာမယ်ဆိုလို့"
မုသားဆိုလိုက်ခြင်းမှာ သူ့မျက်ဝန်းတွေကို ကျွန်တော် ရင်မဆိုင်ရဲဘူး။
မုသားမဆိုမိတဲ့ အခိုက်တန့်တွေမှာလည်း
ထိုနည်း၎င်းပါပဲ။တကယ်က
နေရင်းထိုင်ရင်းမွန်းကြပ်လာလို့
အပြင်မှာထွက်ထိုင်မိလိုက်တာ။
ပဲခေါက်ဆွဲကိုစောင့်တာကတော့
သက်သက်တစ်ပိုင်းပေါ့။
"ဖြစ်ရလေဗျာ ပဲခေါက်ဆွဲ စားဖို့ကိုအအေးခံပြီးများ ထိုင်နေရတယ်လို့၊ခက်လိုက်တာ"
ခက်လိုက်တာတဲ့လား ။ သူ့ကြည့်တော့ဖြင့်
မိုးဖွဲကျနေတာကို ထီးမပါ ဘာမပါနဲ့။
အဖြူရောင် ရှပ်လက်ရှည်မှာ မိုးပေါက်လေးတွေ စိုနေသေး။ ကျွန်တော့ မေမေသာဆို
ကောင်းကောင်းဆူလိုက်မဲ့ဖြစ်ခြင်း။
အင်္ကျီအဖြူမို့လို့မိုးထင်းရင် ဖားဥ တွေစွဲထင်ကုန်တတ်တယ်လေ။
"ခင်ဗျားလေးကျ တော့ဘာထူးလဲ"လို့
ပြောဖို့ လုပ် ပြီးကာမှ မိုးက ထပ်သည်း
လာတာမို့ စကားစပြတ်သွားတယ်။
"ညီ အပြင်သွားမယ်ဆို ထီးယူသွားဦးနော်"
"မယူတော့ဘူး အစ်ကို၊
ဒီတိုင်းပဲ သွားလိုက်ပါ့မယ်"
"မဟုတ်တာ မိုးရွာနေတာကို ဒီတိုင်းသွားစရာလား။
ဒီလူနဲ့ဒီလူ အားနာစရာလည်းမဟုတ်ဘဲ"
" ဒီအတိုင်း မိုးရွာထဲ လမ်းလျှောက်ချင်လို့ပါ"
"ဪ အဲ့လိုလား"
သိလိုစိတ်နဲ့ မေးခွန်းပြန်ထုတ်မိတော့သူနှုတ်ခမ်းတွေဟာ ဖြေးဖြေးလေး ထပ်ပြီးလှုပ်ရှားသွား
လေရဲ့။ပါးပြင်လေးတွေလည်း
လုံးတက်သွားပါတယ်။
ကျွန်တော့ အမေးကိုသဘောကျလို့လား။
ဒါမှမဟုတ်
ကျွန်တော့ ကိုပဲလှောင်လိုက်လေသလား
တော့ကျွန်တော် မသဲကွဲဘူး။
သူ့အပြုံးတွေကို အဓိပ္ပာယ် မဖွင့်ဆိုတတ်ခဲ့တာဟိုအရင်ကတည်းကပဲ။
သူဟာ အမြဲလိုလိုပြုံး နေတတ်တယ်။
စိတ်ပင်ပန်းနေပုံရလည်း ခပ်ပြုံးပြုံးပဲ။
အဲ့ဒါကြောင့်သူ့မျက်နှာကိုကြည့်ပြီး
သူ့စိတ်အခြေအနေကို ခန့်မှန်းနိုင်ဖို့ဆိုတာ
သိပ်ခက်ခဲပါတယ်။
"သွားပြီ အစ်ကို"
အလျင်လိုနေတာကြောင့်လားမသိ
ကျောပြင်ငယ် ဟာ စက္ကန့်အပိုင်းအခြား
တစ်ခုနဲ့တင် မျက်လုံးအိမ်မှာ
မှုန်မှုန်ဝါးဝါးသာ ကျန်ရစ်ခဲ့တယ်။
အိတ်ကို ပိုက်ပြီး မပြေးရုံတမယ်ထွက်ခွာသွား
တဲ့ကောင်လေးက ကလေးမဟုတ်
ဘာမဟုတ်မိုးတောလေတောထဲမှာ။
ဒါဆိုရင် ကျွန်တော်ကရော။
ထားပါလေ ကျွန်တော်ကအရေးမှမကြီးတာ။
သတိထားမိသလောက်သူဟာကျောပိုးအိတ်ကို ဘယ်သောအခါမှလွယ်လေ့မရှိဘူး။
လက်နှစ်ဖက်နဲ့ပဲပွေ့ပိုက်ထားတတ်တာပါ။
အစပိုင်းတော့ထူးဆန်းသလိုလိုရှိခဲ့ဖူးပေမယ့်
အနေကြာလာလေလေ ဘယ်လိုအရာကိုမဆို
ရင်ဘက်ထဲမှာပဲ ထွေးပွေ့ထားတတ်တဲ့
သူ့အကျင့်တွေနဲ့ရင်းနီးလာလေလေပါပဲ။
ဘာပစ္စည်းလေးပဲ ဖြစ်ဖြစ်
လက်နှစ်ဖက်နဲ့သယ်ပြီးရင် ရင်ဘက်နဲ့
ထိကပ်ပစ်လိုက်တော့တာပဲ။
အခုလည်း မိုးရေတောထဲလမ်းလျှောက်ချင်တာကနည်းနည်း၊ ထီးမကိုင်ချင်တာက
များများမှန်း ကျွန်တော်သိနေသားပဲ။
ဒါ့အပြင် သူဟာ သူ့အပေါ် နှောင်တွယ်စေမဲ့
ဘယ်လိုအရာမျိုးကိုမဆို
လက်ခံဖို့အစီအစဉ်တွေရှိမနေဘူးထင်ပါရဲ့။
အနီးကပ်နေထိုင်ရင်းနဲ့
အနှောင်အဖွဲ့တွေကို မနှစ်မြို့ကြောင်း
လည်း ထပ်ဆောင်းပြီးသိခွင့်ရခဲ့ပါတယ်။
ဥပမာ-ခွေးချစ်ပေမဲ့ ကိုယ်တိုင် မမွေးဘဲ
လမ်းဘေးခွေးလေးတွေကိုသာ
ဂရုတစိုက်ရှိပေးတာမျိူး ပေါ့။
တွေ့ဆုံကြုံခိုက်မှာ ကြင်နာပေးလိုက်မယ်၊
တကူးတက တာဝန်ယူရမှာမျိူးကိုတော့
မနှစ်မြို့တတ်ဘူး။
"သံယောဇဉ် တွေဖြစ်ပြီးမှ ခွဲခွာကြ
ရမှာကို ညီကြောက်တယ်" တဲ့။
သတ္တဝါတစ်ခု၊ကံတစ်ခုရယ်ဆိုပေမဲ့
သူက အဲ့ဒီလို အဆုံးထိ တွေးတတ်တဲ့သူမျိုးလေ။
***
အရိုးထဲထိအောင် အေးစိမ့်နေတာမို့
အုတ်ကျိုးရောင်အနွေးထည်လေးကို
ဝတ်ဆင်ရင်းကျွန်တော့် အတွေးတွေက
အတိတ်ဆီပြန်လည်ရောက်ရှိသွားပြန်တယ်။
ဒီအုတ်ကျိုးရောင်အနွေးထည်လေးဟာ
ကျွန်တော်နဲ့အတူရှိနေခဲ့တာ ၃နှစ်ရှိခဲ့ပြီ။
ဘယ်အချိန် ထိ ဆက်ရှိနေအုံးမလဲ
ကျွန်တော် ကိုယ်တိုင်လည်းမသိဘူး။
မကြာခဏထုတ်ဝတ်နေမိကြောင့် ဟောင်းလုနီးပါးတော့ဖြစ်နေပြီ။ ဒါပေမဲ့ ရိုရိုသေသေ ရှိခဲ့တယ်။ ဘယ်အချိန်မှာပဲဖြစ်ဖြစ်
သန့်ရှင်းမွှေးပျံ့လို့နေတဲ့အထိပဲ။
အတွေးထဲတင်မဟုတ်ဘဲ မျက်လုံးထဲပါ
ပြေးလွှားနေတဲ့ အတိတ်ကို မြင်ယောင်ရင်း
သက်ပြင်းချလိုက်မိတယ်။
အဲ့ဒါကြောင့် အလုပ်ပါးတဲ့နေ့ရက်တွေ
ကျွန်တော် မလိုလားဘူး။
ဈေးဝယ်သူတွေ များတဲ့နေ့တွေဆိုရင်
အရာအားလုံးကိုမေ့သွားလောက်တဲ့အထိ
အလုပ်ရှူပ်နေတတ်တယ်။
ကျွန်တော်ဟာ တကယ်ပဲ သေလုမျောပါး
အလုပ်ရှုပ်ချင်ခဲ့မိပါတယ်။
ကောင်းကင်တစ်ခုလုံး မှိုင်းညို့နေသလို
ကျွန်တော့် ဆိုင်ထဲကအလင်းရောင်ဟာလည်း
ခပ်ဖျော့ဖျော့ရယ်။နေ့လည်ခင်းဖြစ်တာ
တစ်ကြောင်း၊ တနင်္ဂနွေနေ့ဆို
တစ်မနက်ပဲဆိုင်ဖွင့်တာ တစ်ကြောင်းမို့
လျှပ်စစ်မီးကိုကျွန်တော်ပိတ်ထားမိတယ်။
ဆိုင်အပေါ်ထပ်ကို တက်သွားတဲ့ ကျွန်တော့် ခြေလှမ်းတွေဟာ နှေးနှေးကွေးကွေး
ဖြစ်နေသလားပဲ။
ဘာရယ်ကြောင့်မသိ လှေကားထစ်တွေကို
ရေတွက်မိလိုက်ပါတယ်။
လှေကားထစ်တွေရဲ့ အဆုံးကို
ခြေချမိတဲ့ အချိန် ကျွန်တော့် လှုပ်ရှားမှုတွေ
စက္ကန့်ပိုင်းလေး ရပ်တန့်သွားတယ်။
ခန့်မှန်းခြေအားဖြင့် သုံးစက္ကန့်လောက်ရှိမယ်။
ပြတင်းတံခါးဆီကလာတဲ့ လေပြေဟာခါတိုင်းထက်ပိုပြီးအေးစက်နေတယ်လို့ ထင်ရတယ်။
လေနဲ့အတူ ရောနှော နေတဲ့မိုးစက်မိုးမှုန်တွေက
အခန်းငယ်အထိ လွင့်စင်လာပါတယ်။
အုတ်ကျိုးရောင်အနွေးထည်လေးဟာ
ချမ်းအေးမှုကို မကာဆီးနိုင်ဘူး။
အဲ့ဒါကြောင့် ခေါင်းကိုခါယမ်းရင်း ပြတင်းပေါက်ပိတ်လိုက်တယ်။
အဲ့ဒီလို ခါယမ်းပစ်ရင် တွေးလက်စ
အတွေးတွေ လွင့်စင်သွားမယ်လို့
မရင့်ကျက်စွာယုံကြည်နေတုန်းပါပဲ။
****
သူကျွန်တော့်ဆိုင်မှာ အလုပ်ဝင်ခဲ့တာဟာ
အချိန်ကာလအားဖြင့် ၃နှစ်နီးပါးတော့ရှိခဲ့ပြီ။
မနက်ပိုင်းတွေဆို
လူပိုကျတတ်လို့ အချိန်ပိုင်းအလုပ်ခန့်ခဲ့တာ။
မနက်တစ်ပိုင်းကူရောင်းပေးပြီးတာနဲ့
သူဟာ အခြားသော
အလုပ်တွေဆီ ပြေးရတယ်။
ကော်ဖီဆိုင်၊စားသောက်ဆိုင် အစရှိသဖြင့်
သူ့တစ်နေတာလုံး
အချိန်ပိုင်းအလုပ်တွေနဲ့ပြည့်နေခဲ့တယ်။
သူအလုပ်ဆင်းသွားပြီဆို ဆိုင်မှာ
ကျွန်တော် တစ်ယောက်တည်း ။
ရံဖန်ရံခါ အလုပ်ချိန်မဟုတ်လည်းသူ
ကျွန်တော့်ကို ဝင်ကူညီတက်ပါတယ်။
ဆိုင်ရှင်ရယ် ဝန်ထမ်းရယ်ဆိုပြီး လည်း
ခွဲခွဲခြားခြားတွေ မရှိခဲ့ဘူး။
ယောကျာ်းသားနှစ်ယောက်ရဲ့
သုံးနှစ်တာ ရင်းနှီးမှုဟာ ရိုးရှင်းခဲ့ဖူးပါတယ်။
သူ့ကို အလုပ်ခန့်တုန်းက ထမင်းကျွေးပါမယ်
လို့မပြောခဲ့မိပါဘူး။
ဒါပေမဲ့ ကြုံကြိုက် ရင် ညစာ၊နေ့လည်စာ အတူတူစားလေ့ရှိတယ်။
ကျွန်တော်နေထိုင်ရာထပ်ခိုးလေးမှာသူ့လက်နဲ့ကင်းတဲ့ အရာတွေဟာ မရှိသလောက်ပဲ။
စားပွဲခုံလေးတွေ၊ ဖိနပ်စင်လေးတွေ
အင်္ကျီ ချိတ်ဖို့ တန်းကလေးတွေအစရှိသဖြင့်
သူကိုယ်တိုင်လုပ်ပေးတဲ့
ပရိဘောဂတွေအများအပြားရှိနေတယ်။
အဲ့ဒါတွေဟာ ထမင်းတစ်နပ်ကျွေးတိုင်း
သူ့ဆီက ပြန်ရတဲ့
မေတ္တာလက်ဆောင်တွေလို့ပြောရမယ်။
ဟိုနည်းနည်းဒီနည်းနည်း၊
ဟိုစပ်စပ်ဒီစပ်စပ်နဲ့ နေရာစုံမှာ
သူမသိ၊သူမတက်တာလည်း သိပ်ရှားတယ်။
ဆိုင်မှာမီးသီးလဲတာကအစပြတင်းတံခါးတွေ လှေကားထစ်တွေအဆုံး သူမပါမပြီး
ပြုပြင်ဖာတေး ပေးခဲ့ဖူးပါတယ်။
သူ့လက်နဲ့ တယုတယ ပြုလုပ်ပေးထားတဲ့
လှေကားထစ်တွေမို့ကျွန်တော့် ခြေထောက်နဲ့
ထိတွေ့ဖို့တောင် ချိတုံချတုံလည်း
ဖြစ်ခဲ့ရသေးတယ်။
ဒီလှေကားထစ်တွေကို ချနင်းဖို့ မဝံ့မရဲ
ဖြစ်နေတာတွေကို
သူလည်းသိနေလိမ့်မယ်ထင်တာပါပဲ။
ဒီလိုနဲ့ပဲ ခပ်တည်တည်ကျော်သွားခဲ့တဲ့
ဖြစ်ရပ်သေးသေးလေးတွေ
အများကြီးစုစည်းလာမိခဲ့တယ်။နောက်တော့
ကျွန်တော့် နှလုံးသားမှာ တစ်စုံတစ်ရာဟာ
တိတိပပအချက်ပြခဲ့လာတယ်။
ဒါပေမဲ့လည်းမသိချင်ယောင်ဆောင်ပြီး
ကျော်ချလိုက်ရပါတယ်။တစ်ချက်ချက်တော့ရင်ဘက်ထဲမှာဆူးဆူးအောင့်အောင့်တွေပါပဲ။
****
နောက်တစ်ရက် တနင်္လာနေ့မနက်ခင်း။
ပုံမှန်လိုပဲ သူအလုပ်လာတယ်။
သူ့အလုပ်သူလုပ် ၊
ကိုယ့်အလုပ်ကိုယ်လုပ်ပြီး
မနက်တစ်ပိုင်း ကုန်ဆုံးသွားတယ်။
လူသုံးကုန်ပစ္စည်းအမျိုးမျိုးအပြင်
စာရေးကရိယာတွေ ရရှိနိုင်တာမို့ ဒီလို
အချိန်ဆို
ကျောင်းသားကျောင်းသူတွေတစ်ဖွဲဖွဲနဲ့
အလုပ်များလေ့ရှိတယ်။
လူရှင်းလောက်တဲ့အချိန်ကျနှစ်ယောက်အတူတူ
ထပ်ဖြည့်ရမဲ့စာရင်းတွေရေးတယ်။
လစ်လပ်သွားတဲ့ ပစ္စည်းတွေ
နေရာမှာ
ပစ္စည်းအသစ်တွေအစားထိုးကြတယ်။
တစ်မနက်လုံး မသိမသာ အကဲခတ်မိသလောက်
ဒီကောင်လေးဟာ မျက်နှာမကောင်းသလိုပဲ။
ခါတိုင်းလည်း သူပုံစံအတိုင်းဂျစ်တစ်တစ် ၊မှုန်မှုန်မှိုင်းမှိုင်းနေတတ်ပေမဲ့ဒီနေ့မှာတော့ သာမန်ထက်ပိုထူးခြားနေပါတယ်။
ဒါကြောင့်မနေနိုင်တဲ့ ကျွန်တော်ကပဲ
"မင်းနေမကောင်းဖြစ်နေသလား ညီ"ဆိုပြီးမေးခွန်းထုတ်ခဲ့တယ်။
စတိုးဆိုင်ထဲက တစ်ချို့သော ပစ္စည်းတွေကို
စီနေရင်း သူ့လက်တွေတုံ့ကနဲ။
သူဟာ ကျွန်တော့်စကားကြောင့် ထိတ်ပြာသွား
တယ်။တစ်ခုခုကို တွေးမိသလိုလည်း
မျက်မှောင်ကြုံ့လိုက်သေးတယ်။ပြီးခါမှ
ဂျစ်ကန်ကန် အမူယာကို မျက်နှာထက်ဆင်မြန်းရင်း၊လုပ်လက်စ အလုပ်ကို ဆက်လုပ်ရင်း
"ဟုတ်တယ် အစ်ကို... ညီ
နည်းနည်းဖျားနေတာ "တဲ့။
ကျွန်တော်တောင် သတိမထားမိခင်
ကျွန်တော့် လက်တွေက သူ့နဖူးပြင်ဆီ
ရောက်ရှိသွားတယ်။
ပူခြစ်နေတဲ့ ထိတွေ့မူ့ကြောင့် စိုးထိတ်ခြင်း ဟာကျွန်တော့စိတ်မှာ တရိပ်ရိပ်ပဲ။
"ဆေးမသောက်ဘူးလား ငါ့ညီရာ
ဒီလောက်ပူနေတာကို ဘယ့်နှယ့်ကြောင့်"
ကျွန်တော့်စကားတွေဟာ လမ်းတစ်ဝက်မှာ
ရပ်တန့်သွားတယ်။
သူ့အကြည့်တွေမှာ ကျွန်တော့်အင်အားတွေ
စုပ်ယူခံလိုက်ရသလိုပါပဲ။ပြုံးနေကျဆိုပေမဲ့
လောလောလတ်လတ်အခြေအနေမှာတော့
ဖျော့တော့တော့ နှုတ်ခမ်းတွေထက်
ပြုံးချင်ချင် ပုံစံမျိုး တွေတစ်စက်ကလေးမှ
ထင်ဟပ် မနေခဲ့ဘူး။
ဒါပေမဲ့ သူပြုံးပြပါတယ်။
ဘယ်လို အပြုံးမျိူးလဲဆိုရင် တစ်ခါတစ်လေ ရှိုက်ကြီးတငင်ငိုကြွေးရင်းကအရာအားလုံးကို စိတ်ပျက်စွာပြုံးသလိုမျိုးပေါ့။
"ခဏနေ အလုပ်ဆင်းရင် အိမ်ပြန်နားမှာမို့
အရမ်းကြီး စိတ်မပူပါနဲ့ ၊
ညီ အဆင်ပြေပါတယ် "
စကားပြောတိုင်းပင့်တက်သွားတတ်တဲ့
မျက်ခုံးတွေက သူ့ကိုယ်ပိုင် သင်္ကေတ
တစ်ခုလိုပဲ။မျက်တောင်တိုတိုစိပ်စိပ်လေး
တွေဖြေးဖြေးလှုပ်ခတ်သွားတိုင်း
တမေ့တမော ငေးကြည့်ရပါတယ်။
သူ့ကတော့သူ့ဘာသာ ဖွဖွကလေးရယ်နေ
တာပါပဲ။ဒါပေမဲ့ သူ့နှုတ်ခမ်းတွေကတဖက်သားကို ခနဲ့နေသလို
နားလည်ရခက်တဲ့ထူထူပြည့်ပြည့်တွေ။
ခပ်မြန်မြန်ပဲ အကြည့်လွဲလိုက်ရပါတယ်။
တကယ်လို့များ ပန်းချီကားတစ်ချပ်နဲ့
နှိုင်းယှဉ်ရမယ်ဆို သူဟာ
နှစ်နဲ့ချီလေ့လာခဲ့တာတောင်မှ
ပန်းချီရဲ့ အနက်အဓိပ္ပါယ်ကိုမသိနိုင်သေးတဲ့
ရှားပါး လက်ရာမြောက်
ပန်းချီကားတစ်ချပ်လို့ဆိုရမယ်။
"တစ်ခုခုစားမလား ။
အစ်ကို ဘာလုပ်ပေးရမလဲ "
"အလုပ်ပိုလို့အစ်ကိုရယ်။
ခါတိုင်းလည်း ဒီလိုပဲ ဖျားနေကျ။ပြီးရင်
သူ့အလိုလို ပျောက်သွားမှာ"
ရယ်သံစွတ်ပြီးပြောတဲ့စကားတွေဟာ
တစ်စက်ကလေးမှ ရယ်စရာမကောင်းခဲ့သလို
တစ်နှစ်အတွင်း ပြောင်းလဲလာတဲ့
ဒီကောင်လေးရဲ့ ပုံပန်းသဏ္ဌန်ကို လည်းနည်းနည်းလေးမှ အားမရဘူး။
ပါးဖောင်းဖောင်းလေးတွေ ရှိခဲ့ဖူးတယ်လို့များ
မသိတဲ့သူ့ကိုသွားပြောရင်
ကျွန်တော် နောက်နေတယ်ပဲထင်ကြမှာ။
အလုပ်ချည်းပဲဖိလုပ်နေလို့ မဖြစ်သေးဘူးလေ။ကျန်းမားရေးကိုဂရုစိုက်ပြီးအစားကိုလည်း စနစ်တကျစားမှ အဆင်ပြေမှာပေါ့။
ကျွန်တော့် စိတ်ထဲက အကြောင်းအရာတွေ
စကားလုံးအဖြစ် ထွက်ကျလာတဲ့အခါမှာတော့ အရာရာဟာ
အတွင်းနဲ့အပြင်ဆန့်ကျင်ဘက်တွေဖြစ်ခဲ့တယ်။
ကျွန်တော်တို့ဟာ အဲ့ဒီလို အမြဲတမ်း အံချော်
နေကျပါပဲ။
"ဖြစ်နေကျဆိုတိုင်း ပေါ့ပေါ့ မနေနဲ့
ညီ ။အနာရှိရင်ဆေးသိနေတာပဲ။
ဖျားတတ်နာတတ်ရင်
ကိုယ့်ကိုကိုယ် ဂရုစိုက်မှပေါ့။
မနေ့ကလည်း ထီးကိုယူမသွားဘူး "
ဒေါသ သံနည်းနည်းပါတဲ့
ကျွန်တော့် စကားကို သူ့ဘက်က
မချိူမချဥ်မျက်နှာနဲ့ပခုံးတွန့်ပြတာကြောင့် ပိုပြီးအာရုံနောက်သွားရတယ် တကယ်။
သူ့ကြည့်လိုက်တော့ ဆိုင်ထဲက ပစ္စည်းတွေနေရာချဖို့ သာ အဓိကကျနေတဲ့အတိုင်းပဲ။ဖျားနေရင်း
တန်းလန်းအလုပ်ဆက်လုပ်နေခဲ့ပါတယ်။
သက်ပြင်းတစ်ချက်ကို ဖွဖွ ရှိုက်မိပါတယ်။
ဒီကောင်လေးဟာ သိပ်ခက်တယ်။
"အိမ်ပြန်နားလိုက်တော့ ညီ။အစ်ကို့ဘာသာ
ဆက်လုပ်ပါ့မယ် "
ကျွန်တော့်စကားဆုံးတော့
သူ့အလုပ်တွေလက်စသတ်နေခဲ့ပြီ။
သူဟာလက်နှစ်ဖက်မှာ ပေနေတဲ့ဖှုန်တွေ သုတ်ခါရင်း
ကျောပိုးအိတ်ကိုယူပြီးအိမ်ပြန်ဖို့
ပြင်ဆင်တယ်။
အိမ်ပြန်မပြန်တော့ ကျွန်တော်အတိအကျမသိဘူး။ကျွန်တော့ ဆိုင်မှာဆက်ရှိမနေတာတော့
သေချာတယ်။ဘာလို့ဆို
သူ့အလုပ်ဆင်းချိန်လည်းနီးပြီးကိုး။
"အာ့ "
ရုတ်တရက် ဗိုက်ကို ဖိလို့ ထိုင်ကျသွားတဲ့
ပုံရိပ်ဟာ ကျွန်တော့် ရင်ဘက်မှာစစ်ကနဲ။
"ညီ ဘာဖြစ်တာလဲ ရရဲ့လား "
အပြေးအလွှားဆွဲထူပေးတော့ သူ့မျက်နှာမှာ
ချွေးစလေးတွေ ဟိုတစ်စ၊ဒီတစ်စ။
သူ ပြန်မထနိုင်ပါဘူး။နံရံကိုမှီလို့
လဲကျသွားတဲ့နေရာမှာခွေခွေလေး။
ကျွန်တော့် လက်ကိုဆုပ်ကိုင်ထားတဲ့
သူ့လက်တွေဟာ
ရေခဲတမျှအေးစက်နေတယ်။
" ခဏလေးစောင့်နော် ဟိုဘက်လမ်းမှာ
ဆရာဝန်လေးတစ်ယောက်ဆေးခန်းထိုင်တယ်။ အစ်ကိုအခုပဲသွားခေါ်ပေးမယ်"
"ရပြီ အစ်ကို သက်သာပြီ မခေါ်နဲ့တော့"
"ဟုတ်လို့လားကွာ မင်းပုံစံက တော်တော်လေးနာနေတာ "
"ညီ မနက်စာ မစားခဲ့မိလို့ပါ
ဘာမှမဖြစ်ဘူးအေးဆေး "
"ဒါပေမယ့် ဖျားနေတယ်လေ
ဆရာဝန်နဲ့ပြမှပေါ့"
"အာ မလုပ်နဲ့ အစ်ကို ရတယ်ရတယ်
ညီ နေကောင်းတယ်"
လူပေလူတေလေး ကိုကြည့်ပြီး ကျွန်တော်မှာ
စိတ်မသက်သာဖြစ်ရတယ်။
ဆေးခန်းပြဖို့ကို ကလေးတစ်ယောက်လို
ကြောက်ရသလားပဲ။
"ညီ "
"ဟုတ်ကဲ့ "
အားတင်းပြီးထူးတဲ့အသံကခပ်တိုးတိုးလေး။
နာကျင်မှု အရိပ်အယောင်တွေဟာ
သူ့မျက်နှာထက်မှာ ယိုးတိုးယိတ်တိတ်
ထင်ကျန်နေတုန်းပဲ။အောက်နှုတ်ခမ်းကိုလည်း မသိမသာလေးကြိတ်ထားတယ်။
"အခုတလော ဘာတွေဖြစ်နေသလဲ "
မေးခွန်းအဆုံးမှာ သူ့မျက်နှာလေးကွက်ခနဲ
ပျက်သွားတယ်။ဒါပေမယ့်
ခဏလေးအတွင်း ထိန်းလိုက်နိုင်ခဲ့တယ်။
သူဟာ သိပ်ကိုတော်ပါတယ်။
လေပူတစ်ချက်ကိုမှုတ်ထုတ်ရင်း
"မသိတာပဲကောင်းပါတယ်အစ်ကိုရယ်။ ညီ
ဖြင့်
တစ်ခါတစ်လေ ဘာမှမသိရင်ကောင်းမှာပဲလို့ ခဏခဏတွေးမိတယ်"တဲ့။
သူဘာကိုဆိုလိုသလဲဆိုတာမသိပေ
မဲ့ဘာမှပြန်မမေးဖြစ်ဘူး။
နားမလည်လို့ထပ်မေးရင်လည်းပိုရှုပ်ထွေး
ပြီးနက်နဲတဲ့အဖြေတွေပဲကြားရအုံးမှာ။
အခုတလော ကျွန်တော်နဲ့
ကျွန်တော့်ပတ်ဝန်းကျင်ဟာ
သိပ်အဆင်မပြေသလိုပါပဲ။
"အိမ်မပြန်နဲ့ တော့ အစ်ကို့ အိပ်ယာမှာ သွားအိပ်ချေ။ စားဖို့ တစ်ခုခုပြင်ဆင်ပေးမယ်"
"အစ်ကို့ဆိုင်က "
"ပိတ်လိုက်ပါ့မယ် "
"မဟုတ်တာဘဲ "
"ကဲ စကားတွေများလိုက်တာ ၊ထထ အစ်ကိုထူမယ် ထနိုင်ရဲ့လား "
ကျွန်တော့် လက်ဖဝါး တစ်ဖက်ကို အားပြုလို့
သူထရပ်ခဲ့ပါတယ်။
ထနိုင်သွားတဲ့အခါ ဖြေးဖြေးချင်းတွဲပြီး
ထပ်ခိုးငယ်ဆီ ဦးတည်လိုက်တယ်။
လှေကား ရောက်တော့ ကျွန်တော်တို့
နှစ်ယောက်အကြည့်ချင်းဆုံမိသွားတယ်။
မရည်ရွယ်ပါဘဲ ဆုံဆည်းခဲ့ခြင်းတွေအတွက်
နှစ်ဦးသားစလုံး အနေရခက်သွားသလိုပါပဲ။
အပေါ်ထပ်ဆီ ရောက်ရောက်ချင်း
အခန်းမီးဖွင့်ဖို့ အလုပ် အေးစက်စက် သူ့လက်ဖျားတွေက ခလုတ်နှိပ်မဲ့ ကျွန်တော့လက်ချောင်းတွေကိုတားဆီးလိုက်တယ်။
ပြီးတော့သူက
"ညီ တို့ပြတင်းပေါက်ပဲ
ဖွင့်ရအောင် "လို့တောင်းဆိုတယ်။
"အင်း ဖွင့်လေ"
ရာသီဥတုဟာ မနေ့ကအတိုင်းတစ်ပုံစံတည်း။
အပြင်ဘက်ဆီကလေပြေဟာအခန်းထဲ
ဖြူးကနဲ ဝင်ရောက်လာပါတယ်။
" အေးရတဲ့ကြားထဲ
ပြန်ပိတ်လိုက်စမ်းပါ ကောင်စုတ်လေးရဲ့"
ဘောက်ဆက်ဆက်ကျွန်တော့် စကားကြောင့်
ရှေ့သွားကလေးတွေပေါ်အောင် သူရယ်ပြီး ပြတင်းတံခါးကိုပြန်ပိတ်လိုက်တယ်။
အခန်းငယ်ဟာ တဖန်ပြန်မှောင်သွားပြီမို့
မီးခလုတ်ကို ကျွန်တော် ဖွင့်လိုက်တယ်။
မီးရောင်အောက်မှာ
သူ့ပုံစံက ထင်းလို့ လင်းလို့။
မျက်ကွင်းတွေဟာသိသိသာသာညိုမဲပြီး
အမြဲလိုလိုနီဆွေးနေဖူးတဲ့ နှုတ်ခမ်း
အစုံကလည်းအက်အက်ကွဲကွဲ။
အသက်ရှူနေရုံအသက်ရှင်နေတဲ့သူ့ပုံစံက
ဘေးလူကိုပါ မွန်းကြပ်စေတယ်။
ထူးခြားချက်တစ်ခုကအခုလိုအနေအထားမှာ တောင် သူ့ထည်ဝါမှုနဲ့ ဆွဲဆောင်မှုတွေဟာ
ကျဆင်းမသွားခဲ့ဘူး။
ကောင်ငယ်လေးဟာ
ဆုတောင်းတွေကောင်းခဲ့ပုံပေါ်ပါတယ်။
"ငေးလိုက်တာဗျာ"
ကိုယ့်အတွေးနဲ့ ကိုယ်လွင့်နေတုန်းသူ့ဆီက
ကြားလိုက်ရတဲ့စကားကြောင့်
ကျွန်တော့် နားရွက်ဖျားတွေပူကနဲ။
"ဆေးခန်းဘယ်လိုခေါ်သွားရမလဲတွေးနေတာ"
အဲ့ဒီစကားနဲ့ ကျွန်တော်ချေပလိုက်တယ်။
ဆိုလိုတာက သူ့ကိုငေးတာမဟုတ်ဘူးပေါ့။
ဒီလိုပဲ ကိုယ့်ကိုကိုယ်ကရောသူ့ကိုပါ
လိမ်ညာထားလိုက်ပါမယ်။ဒါဟာအကောင်းဆုံးဆင်ခြေလည်းဖြစ်နိုင်ပါတယ်။
"မသွားဘူးလို့ဆိုနေ "
ရန်စောင်သလို ပေကပ်ကပ်အပြော
က ရာသီဥတုနဲ့ ဆန့်ကျင်ပြီးပူရှနေတဲ့
ကျွန်တော့်ရင်ဘက်ကို ငြိမ်းအေးသွားစေတယ်။
နောက်တော့သူဟာ ပြတင်းတံခါးကို
ပြန်ဖွင့်ပြီး အပြင်ကိုငေးကြည့်တယ်။
ပြတင်းတံခါးကနေ ကြည့်လိုက်ရင်မိုးစက်တွေနဲ့ သစ်ရွက်၊သစ်ကိုင်း
တွေလှုပ်ရမ်းနေတာကိုမြင်နေရလိမ့်မယ်။
ကလေးတွေ မိုးရေထွက်ချိူးနေတဲ့
မြင်ကွင်းအပြင်
ထီးရောင်စုံလေးတွေကိုလည်းမြင်နေရပါတယ်။
သူ့ပုံစံကအမြင်အာရုံထက်
အတွေးအာရုံမှာနစ်မြောနေတဲ့အတိုင်းပဲ။
ကျွန်တော့လိုမျိုး နှစ်တိုင်း၊နွေဦးရောက်တိုင်း
ဘာကြောင့်မိုးတွေသည်းသည်းမဲမဲရွာနေပါလိမ့်လို့တွေးနေသလား။
တစ်ခုခုကိုပြောဖို့ ချင့်ချိန်စဉ်းစားနေသလား။
ဒါမှမဟုတ်သူ့မှာ ပြောစရာတွေ ရောရှိရဲ့လားဆိုတာသူကိုယ်တိုင်ပဲသိလိမ့်မယ်။
သူ့အတွေးတွေကို ကျွန်တော်
လိုက်မမှီဘူး။
ဒီထက်ပိုပြီးလည်း
အဖြေမရှာချင်တော့ပါဘူး။
***
ဆန်ပြုတ်ပန်းကန်ကို ယူပြီး အပေါ်ထပ်တက်လာ
တဲ့အချိန် သူဟာအိပ်ပျော်နေခဲ့ပြီ။
လက်ထဲမှာ စာအုပ်တစ်အုပ်နဲ့။
ဖတ်လက်စနေရာကို
လက်ညိုးနဲ့ညှပ်ထားတယ်။
ကျောပိုးအိတ်ဇစ်ဟာ ခပ်ဟဟဖြစ်နေတာမို့
လက်ထဲက စာအုပ်ကို အသာလေးဆွဲယူပြီး
အိတ်ထဲ ပြန်ထည့်ပေးမယ်ကြံတော့သူ့အိတ်ထဲမှာအပြင်းစားအရက်တစ်လုံး။
ကြုံထောင့်ကြုံခဲ ကိစ္စမဟုတ်ပေမယ့်
ကျစ်ကနဲ စုတ်သပ်မိတယ်။
အပြင်းတကာ့အပြင်းဆုံးအမျိုးအစားကိုမှရွေးချယ်သောက်သုံးတက်တဲ့ဒီလူသားဟာ
အဆုံးထိကို ဆန်းကြယ်ပါတယ်။
တစ်ချက်တစ်ချက် တင်းကနဲ ဖြစ်သွားတဲ့
မေးရိုးတွေကအတွင်းပိုင်းရဲ့
ဝေဒနာတွေကိုဖော်ပြနေသလိုပါပဲ။
အိပ်ပျော်နေတဲ့ အချိန်မှာတောင် သူ့မျက်နှာဟာ မော်မော်ချီချီအနေအထားမျိုးဖြစ်နေတယ်။
သက်တောင့်သက်တာ အိပ်စက်ခြင်းမျိုးမဟုတ်ဘဲ မိဘကို ဂလန်ဂဆန်လုပ်ချင်နေတဲ့
ခပ်ဆိုးဆိုးလူပျိူပေါက်လေးတစ်ချို့ရဲ့
မျက်နှာပေး မျိုးနဲ့တူပါတယ်။
မှတ်မှတ်ရရ
လွန်ခဲ့တဲ့ နှစ်တွေတုန်းက
"ညီ တို့ နှစ်ယောက် သဘာဝကို ကန့်လန့်တိုက်ရအောင်" လို့သူ ပြောဖူးတယ်။
သူ့စကားကို ကျွန်တော် ရယ်မောလိုက်
တော့သူပေါက်ကွဲတယ်။
"မလှောင်စမ်းနဲ့"ဆိုပြီး တော့ပေါ့။
ရှိရှိသမျှ နတ်ဘုရားတွေကို
ကိုတိုင်တည်ပြီးပြောရရင် သူ့ကိုလှောင်ဖို့
စိတ်ကူးလေးတောင်မရှိခဲ့ဘူး။
ကျွန်တော် ကိုယ်တိုင် နာကျင်အောင့်မျက်
နေတာများ
ရင်တစ်ခုလုံးဟာအထိမခံနိုင်တဲ့အထိပဲ။
"ပေးခဲ့တဲ့အနမ်းတွေကဘာလဲ....ရယူခဲ့တဲ့ အထိတွေ့တွေကဘာလဲ...ညီတို့ကြားက
ပက်သက်မှုတွေကဘာလဲ "တဲ့။
စသဖြင့်မေးခွန်းပေါင်းများစွာနဲ့
ဒေါသတကြီးသူငိုကြွေးခဲ့တယ်။
အဲ့ဒီတုန်းကကျွန်တော့ မှာနှစ်သိမ့်ပေးစရာစကားလုံးတွေပျောက်ရှဆွံ့အခဲ့ရတယ်။
သူနာကျင်နေတာကို ငုတ်တုတ်ထိုင်ကြည့်နေခဲ့ရုံအပြင်သူ့အပေါ်ဖေးမဖို့
ကျွန်တော်ဘာမှမတက်နိုင်ခဲ့ဘူး။
အခုအချိန်မှာတော့ ပြောစရာတွေ
အများကြီးရှိနေတယ်။ဒါပေမဲ့
ဘာစကားမှ မဖွင့်ဟ ဖြစ်ပြန်ဘူး။
သူ့လက်ဖောင်းဖောင်းလေးကိုကိုင်ထားပြီးသူ့
အသက်ရှူသံကိုနားထောင်နေလိုက်တယ် ။
ပြန်တွေးကြည့်မှကျွန်တော် တို့ကြားထဲ
အဲ့ဒီလို ဘာစကားမှမပြောဖြစ်ဘဲ ငြိမ်သက်ခဲ့ကြတဲ့အခိုက်အတန့်တွေသိပ်ကိုများခဲ့တယ်။
ဆုံမှတ်တွေဟာ အမြဲတမ်းလိုလို
တေ့လွဲလေးလွဲနေတော့တယ်။
တကယ့်ကို ဝဋ်နာကံနာတွေပါပဲ။