"မောင်ထူး ငါ လုပ်ချင်တာလေး တစ်ခုရှိတယ်"
"အင်း ပြောလေ။ အထူးလေး ဘာလုပ်ချင်လို့တုန်း"
"ပိုက်ဆံတော့ အတော်လေးကုန်မှာ ၊ ဒါပေမဲ့ ငါ အရမ်းအရမ်းကို လုပ်ချင်နေတာ"
"ပိုက်ဆံက အရေးမကြီးပါဘူး။ မင်း လုပ်ချင်တာပဲပြော"
ကျွန်တော်ပြောတော့ အားရဝမ်းသာနဲ့ ကျွန်တော့်ရှေ့မှာ ဝင်ထိုင်တယ်။
"ဒီလိုကွာ ၊ ငါ ဒါကို စဥ်းစားမိနေတာကြာပြီ။ ပိုက်ဆံလည်း အတော်လေးကုန်မှာဆိုတော့ လုပ်ရင်ကောင်းမလား မလုပ်ရင်ကောင်းမလားဆိုပြီး တွေဝေနေခဲ့တာ ၊ အခုကျ အရမ်းအရမ်းလုပ်ချင်လာမိလို့"
"အထူးလေးလုပ်ချင်တာမှန်သမျှကို ဖြည့်ဆည်းပေးဖို့က ကိုယ့်တာဝန်ပဲမို့ လုပ်ချင်တာရှိရင် တွေဝေမနေဘဲ ကိုယ့်ကိုပြောပါ"
"ငါတို့ ရေရှည် ပရဟိတလုပ်ကြမလား"
"ဘယ်လိုမျိုးလဲ"
"ဆေးကုသမှု မခံယူနိုင်တဲ့လူတွေကို ဆေးရုံစရိတ် ထောက်ပံ့ပေးတာမျိုး"
"အင်း ကောင်းသားပဲ။ လုပ်လေ အထူးလေးရဲ့"
"တစ်ယောက် နှစ်ယောက်တင် မဟုတ်ဘူးနော်။ ငါက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဆေးကုသမှုမခံယူနိုင်တဲ့ လူနာမှန်သမျှကို ထောက်ပံ့ချင်တာ။ အဲ့ဒါ မင်း ဘယ်လိုသဘောရလဲ"
"တစ်နိုင်ငံလုံးအတိုင်းအတာဆိုရင် လွယ်တော့မလွယ်ဘူး။ ဒါပေမဲ့ မင်းမှာ အစီစဥ်ရှိတယ်မလား။ ငါ့ကိုပြောပြ"
"အင်း။ အမှန်တော့ ငါက LGBT တွေချည်းပဲစုပြီး အဖွဲ့အစည်းကြီးတစ်ခု တည်ထောင်ချင်တာ။ LGBT မဟုတ်လည်း ရပါတယ်။ LGBT တွေဆိုရင်တော့ ပိုကြိုက်တာပေါ့။ ငါက ငါတို့လိုမျိုး LGBT တွေထဲကနေ ဒီကိစ္စကို စိတ်ဝင်စားတဲ့ လူတွေကို ရှာပြီး ပရဟိတအဖွဲ့ ဖွဲ့ချင်တယ်။ အဲ့ဒီအဖွဲ့ဝင်တွေက အဓိကအလှူရှင်တွေပေါ့ကွာ။ ပြီးတော့ ဘေးကနေ လှူချင်တဲ့လူတွေကိုလည်း လှူလို့ရအောင် လုပ်ပေးထားမယ်။
အဲ့လိုမျိုး အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သွားပြီဆိုတာနဲ့ ငါတို့က မြန်မာပြည် အနှံ့အပြားက ဆေးရုံတွေနဲ့ အချိတ်အဆက်လုပ်ပြီး ဆေးကုသမှု မတတ်နိုင်ကြတဲ့ လူနာတွေကို ထောက်ပံ့မယ်။ ဒါမှမဟုတ် ငါတို့ကပဲ ဆရာဝန်တွေငှားရမ်းပြီး နယ်တကာလှည့်လည်လို့ ဆေးအလကားကုသပေးမယ်ကွာ။ အဲ့လိုမျိုး စဥ်းစားထားတယ်။ မင်းရော ဘယ်လိုသဘောရလဲ"
မျှော်လင့်ချက်အပြည့်နဲ့ ရှင်းပြနေတဲ့ ကျွန်တော့် အထူးလေးက တကယ်ကိုချစ်စရာ။
"အဲ့ဒါဆို ငါတို့က မ,တည်ဖို့အတွက် အလှူရှင်အရင်ရှာရမှာပေါ့"
"အင်း။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုတော့ ငါတို့ချည်းပဲဆို မနိုင်လောက်ဘူး"
"ဒီလိုလုပ်ရအောင်။ အိမ်ရောက်လို့ ညစာစားတဲ့အခါကျရင် အခု မင်းပြောတဲ့အကြောင်းအရာတွေကို အဖေ့ကိုပြောပြ။ အဖေက အဲ့လိုမျိုးတွေ စိတ်ဝင်စားတော့ သူလည်း အဖွဲ့ဝင်ဖြစ်လာနိုင်တယ်"
"အင်း။ အဲ့ဒါဆို ညကျပြောရအောင်လေ။ အန်ကယ်က အဆက်အသွယ်ကောင်းတော့ ငါတို့အတွက် ပိုပြီးကောင်းတယ်"
ထူးအောင်က ဒီနေ့ တစ်နေကုန် ကျွန်တော့်ရုံးခန်းထဲမှာပဲ ထိုင်ပြီး သူလုပ်ချင်တဲ့ အစီအစဥ်ကို အသေးစိတ် ပလန်ချတယ်။ အားကြိုမာန်တက်နဲ့ လုပ်နေတဲ့ သူ့ပုံစံကိုကြည့်ပြီး သူဘယ်လောက် စိတ်အားထက်သန်နေလဲဆိုတာကို ခန့်မှန်းလို့တောင်ရတယ်။
"အဲ့လိုမျိုး အရမ်းလုပ်ချင်နေခဲ့တာလား"
ထူးအောင်ဘေးမှာ ဝင်ထိုင်လိုက်ရင်း ကျွန်တော် မေးလိုက်တော့ အင်းဆိုပြီး သူက ခေါင်းညိတ်ပြတယ်။ တစ်ဆက်တည်းမှာပဲ ကျွန်တော့်ဘက်လှည့် ၊ အားရပါးရပြုံးပြလာပြီး
"ငါလေ ဟိုးငယ်ငယ်လေးကတည်းက ဆေးရုံစရိတ် မတတ်နိုင်တဲ့ ရောဂါသည်တွေကို ထောက်ပံ့ပေးချင်ခဲ့တာ"
ပြောရင်းနဲ့မှ ထူးအောင်က ကျွန်တော့်လက်မောင်းကို သူ့ရဲ့ လက်တွေနဲ့ လာချိတ်ပြီး ကျွန်တော့်ပခုံးပေါ်ကို ခေါင်းတင်လာတယ်။
"မောင်ထူး... မင်းကလေ ငါ့ရဲ့ တကယ့်ပါရမီဖြည့်ဘက်ပဲ"
ပြောပြီး ကျွန်တော့်မျက်နှာကို မော့ကြည့်တယ်။ ပြီးတော့ တစ်ခါ ပြုံးပြပြန်ပြီး
"ချစ်တယ် ၊ မောင်ထူး"ဟု ဆိုကာ ရွှတ်ကနဲ ပါးကိုလာနမ်းပြီး တခစ်ခစ်ရယ်နေပြန်တယ်။
ကျွန်တော့်မှာလည်း အခုလို ရယ်ရွှင်မြူးနေတဲ့ ကျွန်တော့်အထူးလေးကြောင့် တကယ်ကို ပျော်ရွှင်ရပါတယ်။ ကြည်လည်းကြည်နူးရပြီး စိတ်ချမ်းလည်း အလွန်သာရတယ်။
"အိုက်ယား... အားတွေအရမ်းပြည့်သွားလို့ ဘယ်လိုလုပ်ရပ"
သူနမ်းလိုက်တဲ့ ပါးပြင်ကို ကိုင်ပြီး ကျွန်တော်ကပြောတော့ သူက သဘောတကျနဲ့ကို အော်ရယ်လေတယ်။
"အထူးလေး"
ကျွန်တော်ခေါ်တော့ ရယ်နေရင်းနဲ့ ပြောလေဆိုတဲ့သဘော ခေါင်းတစ်ချက် ညိတ်ပြတယ်။
"ရယ်နေတာ အရမ်းချစ်ဖို့ကောင်းတယ်"
ကျွန်တော်ပြောတော့ အရယ်ရပ်သွားတယ်။ ပြီးတော့ မကြာဘူး ပြန်ရယ်လာပြီး မောင်ထူး ၊ မင်းနော်။ ဖောက်ဖောက်မလာနဲ့တဲ့ ပြောပြီး ကျွန်တော့်ရင်ဘတ်ကို လက်သီးနဲ့ ဖွဖွထိုးတယ်။
"တကယ်ပြောတာ အထူးလေးရဲ့"
"အင်းပါ အင်းပါ ဟုတ်ပါပြီ။ အဘမှ နတ်ပြည်မရောက်ဖူးဘဲ အဲ့တော့ ငါ့မြေးပြောသမျှပေါ့"
"ဟမ် ရန်ကုန်မဟုတ်ဘူးလား"
"ရန်ကုန်က ငါရောက်ဖူးတယ်လေ။ နတ်ပြည့်က ရောက်မှမရောက်ဖူးဘဲ"
"သြော် အဲ့လို။ ဒါနဲ့ အထူးလေး... အလှူရှင်ကို ဘယ်လိုရှာကြမလဲ"
"ငါက ဒီလိုတွေးထားတယ်။ အရင်ဦးဆုံး သတင်းစာထဲမှာ ထည့်မယ်ကွာ။ ပြီးရင် ရုပ်သံလိုင်းကနေပြီးတော့လည်း ကြော်ငြာမယ်။ အဲ့လိုကြော်ငြာမယ်ဆိုရင် စိတ်ပါတဲ့သူကတော့ ဆက်သွယ်မယ်လို့ ထင်တာပဲ။ အဲလိုမဟုတ်လည်း ငါတို့က အရင်ဆုံး မ,တည်လိုက်မယ်ကွာ။ အဲ့လို အရင်မ,တည်လိုက်ပြီး တတ်နိုင်သလောက်ကို အရင်ကုသပေးမယ်။ ပြီးရင် ငါတို့ရဲ့ ပရဟိတအကြောင်းကို လူတွေသိအောင် ရုပ်သံလိုင်းကနေ ပရိုဂရမ်တစ်ခုလုပ်ပြီး တင်ဆက်မယ်။ ဘယ်လိုလဲ"
"ကိုယ့်အထူးလေးက အကုန်လုံးကို သေချာတွေးထားတာပဲ"
"ငါက အလုပ်တစ်ခုလုပ်မယ်ဆို စိတ်ကူးထဲမှာ အကုန်လုံး အစီအစဥ်ဆွဲထားတတ်တာကို သိရဲ့သားနဲ့"
----------***----------
အိမ်ပြန်ရောက်လို့ ညနေခင်း ထမင်းစားကြတော့ ထူးအောင်က သူ့အစီအစဥ်ကို ကျွန်တော့်အဖေကို ပြောပြတယ်။ သူ ဘယ်အတိုင်းအတာအထိ သွားချင်တဲ့အကြောင်း ဘယ်လိုအလှူရှင်တွေ လိုအပ်တယ်ဆိုတဲ့အကြောင်း ၊ အကုန်လုံးကို စုံအောင်ရှင်းပြတယ်။ အဲ့လို ထူးအောင်ရဲ့ ရှင်းပြချက်ကို နားထောင်ပြီးတော့ အံ့သြစရာကောင်းလောက်အောင် ကျွန်တော့်အိမ်က လူတွေအကုန် ကျွန်တော့်အဖေနဲ့ အမေပါမက မှူးမှူးကပါ စိတ်ဝင်စားတဲ့အကြောင်း ကြားရတော့ ထူးအောင်က အတော်လေးကို ကျေနပ်နေတယ်။
နောက်တော့ အဖေက သူလည်း ပါဝင်မယ်လို့ စာရင်းပေးပြီး ဒီပရောဂျက်ကို ဘယ်ကနေ ဘယ်လို အကောင်အထည်ဖော်ကြမယ်ဆိုတာကို ဆက်ပြီး ဆွေးနွေးကြတယ်။ သုံး ၊ လေးနာရီလောက် ဆွေးနွေးပြီးတဲ့အခါမှာတော့ ဘယ်လိုကနေ ဘယ်လိုစမယ်ဆိုတာကို အသေးစိတ် အစီအစဥ်ချနိုင်ခဲ့တယ်။
" ပျော်လား အထူးလေး"
အိပ်ခန်းထဲရောက်တာနဲ့ ကျွန်တော်က မေးလိုက်တယ်။
"အင်း အရမ်းပျော်တယ်"
ပြောပြီး ကျွန်တော့်ရင်ခွင်ထဲကို တိုးဝင်လာတယ်။
"မောင်ထူး... မင်းက ငါ့ရဲ့ အိပ်မက်ဗိသုကာဆရာကြီးပဲ သိလား"
"အိပ်မက်ဗိသုကာဆရာကြီး... ဘာကိုဆိုလိုတာတုန်း"
ဘာကိုဆိုလိုမှန်းမသိတာနဲ့ ကျွန်တော်က ပြန်မေးကြည့်ရတယ်။
"ငါ့ရဲ့အိပ်မက်တွေက ဘယ်လောက်ခက်ခဲနေပါစေ မင်းက ရအောင်ပုံဖော်ပေးနိုင်တယ်လေ။ အဲ့တော့ မင်းက ငါ့ရဲ့ အိပ်မက်ဗိသုကာဆရာကြီးပဲပေါ့"
"အထူးလေးကတော့ကွာ ပြောလည်းပြောတတ်ပ"
တကယ်ပါ။ သူ အရမ်း စကားပြောတတ်လာတယ်။ ကျွန်တော့်မှာ အူယားလွန်းလို့ စိတ်ကိုမထိန်းနိုင်။
"မှန်းစမ်း... ငါ့အမျိုးသားလေး ရင်တွေအရမ်းခုန်နေပြီဟုတ်"
ကျွန်တော့်ရင်ဘတ်ကို လက်ဖဝါးကပ်လို့ ပြုံးစစနဲ့ ပြောလာတဲ့ ကျွန်တော့်အထူးလေးကြောင့် ကျွန်တော် မနေနိုင်တော့တာနဲ့ သူ့မျက်နှာကို ဆွဲမော့ပြီး တအားနမ်းပစ်မိတော့တယ်။
28.3.2022