"ဟိတ်! သီဟနိုင်၊ ဒီနေ့အားတယ်မလား"
ခြံထဲမှာ အပင်တွေရေဖျန်းနေတုန်း ဟိုဘက်အုတ်တံတိုင်းကနေ ခေါင်းထွက်လို့ နှုတ်ဆက်လာပြန်တဲ့ ကိုနေလင်းကြောင့် ကျွန်တော်လန့်သွားရတယ်။
"ဟာ ကိုနေလင်း ခင်ဗျားကို အဲ့ဘက်ကနေ ဒီလိုရုတ်တရက်မခေါ်ဖို့ ကျွန်တော် ပြောမထားဘူးလား"
"မင်းတို့အိမ်ဘက်လာရမှာ ဝေးလို့ကွ။ မင်း ဒီနေ့အားတယ်မလား။ ငါတို့ စကိတ်သွားစီးရအောင်"
"ဟာ မစီးချင်ပါဘူး"
"မစီးချင်လည်း အဖော်လိုက်ခဲ့ပေး။ အဲ့ကအကိုကြီးတွေက အလန်းကြီးတွေကွ"
"ခင်ဗျားဗျာ ပြီးရင် ဘာမှလည်းဟုတ်တာမဟုတ်ဘဲနဲ့ ဘာလို့ ကိုယ့်ကိုယ်ကိုယ် နာမည်အပျက်ခံပြီး ချဉ်ကောင်ဖြစ်အောင် လုပ်နေရတာတုန်း"
ကျွန်တော်ပြန်ပြောလိုက်တော့ ပြုံးစစဖြစ်နေတဲ့ ကိုနေလင်းရဲ့မျက်နှာက တည်သွားတယ်။ ပြီးတော့ "ကိုဝဏ္ဏလာသွားတာလား"တဲ့ ကျွန်တော့်ကို ပြန်ပြီးတော့မေးတာကြောင့် ကျွန်တော်က ခေါင်းညိတ်ပြလိုက်တယ်။
"သြော်..."
ကိုနေလင်းက သြော်ဟုဆိုကာ ဘာမှဆက်ပြောမလာတော့။ အဲ့ဒါနဲ့ ကျွန်တော်ကပဲ ဆက်ပြီး
"အကိုဝဏ္ဏကြီး သနားပါတယ်ဗျာ။ ခင်ဗျား ဘာလို့ သူ့ကိုဖြတ်ရတာတုန်း။ တကယ်ဆိုရင် သူမှားခဲ့တာမရှိဘူးလေ"
တကယ်ပါ။ ကျွန်တော် အကိုဝဏ္ဏကို တကယ်သနားတာ။ သူ့ခများ ကိုနေလင်းကို ဘယ်လောက်ချစ်လဲဆိုရင် ကိုနေလင်းက ယောက်ျားတကာနဲ့ အတူအိပ်ခဲ့တယ်ဆိုတာကိုတောင် ဂရုမစိုက်ခဲ့ဘူး။ ဟိုတစ်ခါ အိမ်လာတုန်းကလည်း ကိုနေလင်းက သူ့ကိုဖြတ်လို့တဲ့ ငိုတောင်ငိုတာ။
"အဲ့ဒါက..."
ဒီတစ်ခါလည်း ကိုနေလင်းက ဘာမှ ဆက်မပြောပြန်ဘူး။ ဒါပေမဲ့ သူတစ်ခုခုဖြစ်နေတာ သေချာတယ်။ ခါတိုင်း သူ့ပုံစံက ဒီလိုမှမဟုတ်ပဲလေ။
"ဘာလို့လဲ"
ကိုနေလင်းကို သေချာကြည့်ပြီး ကျွန်တော်ဆက်မေးလိုက်တယ်။ ကျွန်တော် စိတ်ထင်လို့ပဲလားတော့မသိဘူး၊ ကိုနေလင်းရဲ့မျက်နှာက ရဲနေသလိုလို။
"မဟုတ်မှ ကိုနေလင်း ခင်ဗျား ရှက်နေတာလား"
ကျွန်တော်မေးလိုက်မှ ကိုနေလင်းရဲ့မျက်နှာက ပိုရဲသွားတယ်ထင်။
"ကားသံကြားတယ်။ အမေတို့ပြန်ရောက်လာပြီထင်တယ်။ ငါသွားပြီသီဟ"
ပြောပြောဆိုဆိုနဲ့ ကိုနေလင်းက အမြန်လစ်တော့တယ်။ ရှက်ကိုးရှက်ကန်ဖြစ်နေတဲ့ သူ့ပုံစံကိုကြည့်ပြီး ကျွန်တော်က သဘောတကျရယ်မောမိတယ်။
သြော်... ကိုနေလင်း ကိုနေလင်း ခင်ဗျားလည်း ရှက်တတ်သေးတာကိုး။
ကိုနေလင်းမရှိတော့ ကျွန်တော်က ပန်းပင်တွေကို ရေဆက်ဖျန်းနေလိုက်တယ်။ အဲ့လို ရေဆက်ဖျန်းနေရင်းနဲ့ နှစ်မိနစ်လောက်ကြာတော့ ကိုနေလင်းတို့အိမ်ဘက်ကနေ ဒုန်းဒိုင်းဆိုတဲ့အသံတွေနဲ့အတူ လူနှစ်ဦးစကားများသံ၊ ဆဲသံဆိုသံတွေကို ကြားလာရတော့တယ်။
"ဘာဖြစ်တာတုန်း။ ကိုနေလင်း မိဘတွေ ရန်ဖြစ်ကြတာများလား။ မဟုတ်သေးဘူး၊ ကြားနေရတာက ယောက်ျားနှစ်ယောက်အသံပါ။ မဟုတ်မှ ကိုနေလင်းနဲ့ သူ့အဖေ စကားများနေကြတာလား"
သိချင်စိတ်နဲ့ ခြံစည်းရိုးအုတ်တံတိုင်းအနားကို တိုးကပ်ပြီး ကျွန်တော် နားထောင်ကြည့်လိုက်တယ်။
"မင်းကလေ အတော်ကိုရွံစရာကောင်းတာသိလား"
"အဲ့လိုရွံစရာကောင်းအောင် ဘယ်သူလုပ်ခဲ့တာတုန်း၊ ခင်ဗျားပဲ လုပ်ခဲ့တာမဟုတ်ဘူးလား"
"ငါ့ကို ဘာမှ အပြစ်လာလွှဲချမနေနဲ့နေလင်း၊ အဲ့အချိန်တုန်းကလည်း မင်းကိုကခံချင်နေတာ၊ မင်းကိုကခံချင်နေလို့ ငါကလုပ်ပေးရတာမဟုတ်ဘူးလား။ အဲ့တော့ လုပ်ပေးတဲ့ငါ့ကိုတောင် ကျေးဇူးတင်ရဦးမှာ"
"ဟုတ်တာပေါ့။ (၁၂)နှစ်သားကျွန်တော်က လိင်စိတ်တွေဘာတွေရှိနေပြီဆိုတော့လေ"
ဒါဘာလဲ။ ကိုနေလင်းက ဘယ်သူကြီးနဲ့ စကားများနေတာတုန်း။
"အတိတ်ကအကြောင်းတွေ လာပြောမနေနဲ့နေလင်း၊ ဝဏ္ဏက ငါ့ယောက်ဖမှန်းသိလို့ မင်းသေချာကပ်တာမလား"
"ထင်ချင်သလိုထင်... အ့"
ဘာလဲ။ ရိုက်လိုက်တာလား။ မဖြစ်။ ကျွန်တော် ဒီအတိုင်းနေလို့မဖြစ်တော့။ ကျွန်တော် အရင်က ကိုနေလင်းကို ကြည့်မရဘူးဆိုတာက အကိုသူရနဲ့ မရှင်းမရှင်းလေးတွေမို့၊ အခု အဲ့ကိစ္စကလည်း အမှန်မဟုတ်ဘူးဆိုတော့ ကျွန်တော်အနေနဲ့ ကိုနေလင်းကို ကြည့်မရစရာအကြောင်းမရှိတော့ဘူး။ အဲ့တော့ သူ အနှိပ်စက်ခံနေရတာကို ကျွန်တော်က ဘေးကနေ လက်ပိုက်ပြီး ကြည့်မနေနိုင်။ အဲ့ဒါနဲ့ လက်ထဲကပိုက်ကို အမြန်ချပြီး ကိုနေလင်းတို့အိမ်ဘက်ကို အပြေးသွားလိုက်တယ်။
"ငါသတိပေးထားမယ်နေလင်း။ အေး မင်းကြောင့် ငါတို့မိသားစု ပြိုကွဲလို့ကတော့ မင်းကိုငါ အရှင်မထားဘူး"
ကျွန်တော် ကိုနေလင်းတို့အိမ်ရှေ့ရောက်တော့ အိမ်ထဲကနေ အသက်(၃၀)ကွောအြရှယြ အမျိုးသားတစ်ယောက် ပြန်ထွက်လာတာကို တွေ့လိုက်ရတယ်။ သူက ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး ခြံရှေ့မှာရပ်ထားတဲ့ ကားပေါ်ကိုတက်လို့ ဝူးကနဲမောင်းထွက်သွားတော့တယ်။
ကျွန်တော် အိမ်ထဲကို ဝင်လိုက်တော့ ကြမ်းပြင်ပေါ်မှာ ငူငူကြီး ငုတ်တုတ်ထိုင်နေတဲ့ ကိုနေလင်းကို တွေ့လိုက်ရတယ်။ သူ့ဘေးမှာလည်း ပစ္စည်းပစ္စယာတွေက ပြန့်ကျဲလို့။
"ကိုနေလင်း ခင်ဗျား အဆင်ပြေရဲ့လား"
ကျွန်တော်မေးလိုက်တော့ ကိုနေလင်းက ကျွန်တော့်ကို ကြောင်တောင်တောင်နဲ့ ပြန်မော့ကြည့်တယ်။ ဘာမှတော့ ပြန်ဖြေမလာခဲ့။
"ခုနက ဘယ်သူကြီးတုန်း"
ကျွန်တော် ထပ်မေးလိုက်တယ်။
"ခုနက... သြော် ငါ့အကိုပါ"
"ဟမ်... ခင်ဗျားအကို"
"အင်း... အရင်းတော့မဟုတ်ဘူး။ သူ့အဖေနဲ့ ငါ့အမေက ယူထားကြတာ"
"သြော်"
"ဒါနဲ့ မင်း..."
ကိုနေလင်းက တစ်ခုခုပြောဖို့ပြင်ပြီးကာမှ ထားလိုက်ပါတော့ကွာဆိုပြီး ဘာမှဆက်ပြောမလာတော့။ နောက်တော့ သက်ပြင်းတစ်ချက်ချပြီး ကြမ်းပြင်ပေါ်ကို ပက်လက်လှဲချလိုက်လေတော့တယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်တော့်ဖုန်းက ထမြည်လာပါရော။
ကိုယ်တိုင်က~~ တိမ်တွေလို~~ ဖြူစင်ပေမဲ့လည်း~~ ကြုံလာတဲ့~~ လူတွေက~~ ပင်လယ်လိုမာယာများတဲ့အခါ~~ ထားခဲ့ကွာ~~~ ဝမ်းနည်းမနေပါနဲ့~~~ ဘာလို့ရှုံးပွဲချငိုမှာလဲ~~~
သီချင်းစာသားနဲ့ အခုလက်ရှိ ကိုနေလင်းရဲ့အဖြစ်နဲ့က သိပ်မလိုက်တာကြောင့် ကျွန်တော် ဖုန်းကို အဆုံးထိအမြည်မခံဘဲ အမြန်ကိုင်လိုက်တယ်။
"Hello အကိုသူရစိုး၊ ပြန်ရောက်နေပြီလား"
"အင်းကလေးလေး၊ ခြံတံခါးကြီးလည်းပွင့်နေပြီး ကလေးလေးကို မတွေ့လို့လေ။ အပြင်သွားတာလား"
"ကျွန်တော် ကိုနေလင်းတို့အိမ်ကို ရောက်နေတာရယ်၊ အခုပြန်လာတော့မှာ"
"အင်း အင်း ကလေးလေး။ ကိုယ် ထောပတ်သီးဖျော်ထားလိုက်မယ်"
"ဟုတ် ဟုတ်"
ထောပတ်သီးဖျော်ရည်ဆိုတာနဲ့ ကျွန်တော်က ဖုန်းကိုအမြန်ချပြီး အိမ်ပြန်ဖို့ပြင်လိုက်တယ်။
"မင်းတို့ပဲကောင်းတယ်"
အပြန်လမ်းကို ခြေသုံးလှမ်းလောက် လှမ်းပြီးပြီဖြစ်တဲ့ကျွန်တော့်ကို ကိုနေလင်းက လှမ်းပြောလိုက်ခြင်းဖြစ်တယ်။ အဲ့ဒါနဲ့ ကျွန်တော်က လှမ်းနေတဲ့ ခြေလှမ်းတွေကို ရပ်ပြီး ကိုနေလင်းဘက်ကို ပြန်လှည့်လိုက်တယ်။
"ကိုနေလင်း ခင်ဗျား ဟိုသီချင်းကိုကြားဖူးလား၊ 'မင်းမကြည့်လို့မသိတာပါ အချစ်က မင်းအနားမှာ'ဆိုတဲ့သီချင်းလေ၊ တကယ်တော့ ခင်ဗျားက မကြည့်လို့ပါ။ ခင်ဗျားသာ တစ်ချက်လောက်လှည့်ကြည့်လိုက် ခင်ဗျားတကယ်ပျော်ရမယ်ဆိုတာကို ကျွန်တော်လောင်းရဲတယ်"
ကျွန်တော်ပြောတော့ ကိုနေလင်းက တောက်တောက်ပပပြုံးလာပြီး "မင်းမသိပါဘူးကွာ"ဟု ဆိုကာ သက်ပြင်းချတယ်။ ပြီးတာနဲ့ တစ်ဖက်ကို လှည့်သွားတာကြောင့် ကျွန်တော်လည်း ဘာမှဆက်ပြောမနေတော့ဘဲ ပြန်လာခဲ့လိုက်တော့တယ်။
25.2.2022