နေလင်းတို့နှစ်ဦး ရောက်လာတာကြောင့် ကျွန်တော်တို့စီစဥ်ထားတဲ့ လင်းခေးမြို့ကို ခရီးထွက်ကြဖို့အစီအစဥ်ဟာ ပျက်စီးသွားရတယ်။ သူတို့ကိုပါခေါ်ပြီး အတူသွားရင် ရတယ်ဆိုပေမဲ့ ကျွန်တော့်ကလေးလေးက သူတို့နဲ့ဆို ခရီးမထွက်ချင်ဘူးတဲ့။ အဲ့ဒါနဲ့ ခရီးမထွက်ဖြစ်တော့။
ခရီးမထွက်ဖြစ်တော့လို့ ကျွန်တော်နေချင်သလိုမျိုး ကလေးလေးနဲ့အတူ ပူးကပ်ပြီး နေရမလားဆိုတော့လည်း နေလင်းတို့က ဘေးမှာရှိနေတဲ့အတွက် အဲ့လိုနေလို့လည်းမရ။ အဲ့တော့ ဖြစ်ချင်သလို မဖြစ်ကြရတဲ့အတွက် သီဟနိုင်ရော ကျွန်တော်ရောက စိတ်မကြည်ပေ။
" ဒီမှာ ဟင်းချက်စရာတွေ ဝယ်လာတယ်။ အိမ်မှာတင် ချက်စားကြမယ်လေ။ မကောင်းဘူးလား"
အလိုက်ကန်းဆိုးမသိတဲ့ နေလင်းက သူတို့သယ်လာတဲ့အထုပ်တွေကို ညွှန်ပြပြီး ပြောလာခြင်းဖြစ်တယ်။ အစပိုင်းတော့ သီဟနိုင်က အင်တင်တင်လုပ်နေပြီး နောက်တော့လည်း အိမ်မှာပဲ ချက်ပြုတ်စားကြဖို့ကို ရွေးချယ်လိုက်တယ်။ အဲ့ဒါနဲ့ သီဟနိုင်နဲ့ နေလင်းက မီးဖိုချောင်ကို အတူတကွဝင်ကြပြီး ကျွန်တော်နဲ့ ဝဏ္ဏကိုတော့ မီးဖိုခန်းရဲ့အပြင်ဘက်မှာပဲ နေခဲ့စေတယ်။
"သီဟနိုင်က စစ်ကိုင်းကဆို မင်းတို့ဘယ်လိုများ တွေ့ကြတာတုန်း"
ဝဏ္ဏကစကားစတယ်။
"အဲ့ဒါ ခဏထားစမ်းပါ။ မင်းနဲ့ နေလင်းက ဘယ်လိုတွဲမိကြတာတုန်း"
ဝဏ္ဏရဲ့အမေးကို ပြန်မဖြေဘဲ ကျွန်တော်က ပြန်ပြီးမေးခွန်းထုတ်လိုက်တယ်။
"တွဲတာရယ်လို့လည်းမဟုတ်ပါဘူး။ ဒီလိုပဲ သူကမြောင်းဖောက်တယ်၊ ငါက ရေလွှတ်လိုက်တယ် အဲ့လိုပေါ့"
ဘာမှအရေးကြီးတဲ့ကိစ္စမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ ပခုံးနှစ်ဖက်ကိုတွန့်လျက် ဝဏ္ဏက ပြန်ဖြေတယ်။
"ဒါဆို မင်းတို့နှစ်ယောက်က တွဲနေကြတာမဟုတ်ဘူးပေါ့"
"မဟုတ်ဘူး။ ဘယ်လိုပြောရမလဲ ပါတနာတွေဆိုပါတော့"
"မသိပါဘူး ငါက မင်းတို့ကို အတွဲထင်နေတာ"
"တွဲစရာလားကွ။ ဒီလောက် ယောက်ျားတကာနဲ့ အိပ်နေတာကြီးကို ပြီးတော့ သူ့အကြောင်းတွေ ငါစုံစမ်းပြီးပြီ။ သူက ကောင်းတဲ့ကောင်မဟုတ်ဘူး။ အဲ့တော့ ငါလည်းသူ့အပေါ်ကောင်းစရာမလိုဘူးလေ။ အဲ့ဒါကြောင့် ဒီလိုပဲနေနေတာ"
"သြော်"
ဝဏ္ဏစကားကြောင့် ကျွန်တော့်မှာ 'သြော်'လို့ပဲပြောနိုင်တော့တယ်။ တကယ်ပါ သူကကောင်းတဲ့ကောင်မဟုတ်လို့ ကိုယ်ကလည်း သူ့အပေါ်ကို ကောင်းပေးစရာ မလိုဘူးဆိုတာကြီးကတော့...
ထားပါတော့လေ.. အဲ့ဒါက သူတို့ကိစ္စ... ကျွန်တော့်ကိစ္စက မီးဖိုခန်းထဲမှာ ကလေးလေးအဆင်ပြေရဲ့လားဆိုတာပဲ။ အဲ့ဒါနဲ့ မီးဖိုခန်းထဲက ကလေးလေးအသံကို နားစွင့်ကြည့်လိုက်တယ်။
"ကိုနေလင်း ငါးကိုင်တတ်လား"
"မကိုင်တတ်ဘူး"
"အဲ့ဒါဆို ဘယ်တောင်ပံအကိုကြီးကို သွားကိုင်ခိုင်းလိုက်"
သီဟနိုင်ရဲ့စကားဆုံးတာနဲ့ မကြာဘူး နေလင်းက မီးဖိုချောင်ထဲကနေ အပြင်ဘက်ကိုထွက်လာပြီး ကျွန်တော်တို့အနားကို ရောက်လာတယ်။
" သုံးမိနစ်တိုတိုလေး ငါးကိုင်တတ်လား"
ဝဏ္ဏကိုကြည့်ပြီး မချိုမချဥ်မျက်နှာပေးနဲ့ နေလင်းကဆိုလေတယ်။
"ကိုင်တတ်တယ်။ ဒါပေမဲ့ အဲ့လိုခေါ်ရင် မကိုင်ပေးဘူး"
"ကိုကိုဝဏ္ဏ ငါးကိုင်ပေးနော်"
"....."
နေလင်းရဲ့ ကိုကိုဝဏ္ဏဆိုတာနဲ့ ဘေးက ဝဏ္ဏမျက်နှာကြီးကတော့ ခွေးအမဲရိုးရသွားသလိုပဲ ဝင်ပသွားလိုက်တာများ။ နေလင်းနောက်ကို ကောက်ကောက်ပါအောင်ကို လိုက်သွားတော့တယ်။ တော်သေးတယ် ဝဏ္ဏမှာအမြီးမရှိလို့သာပေါ့။ နို့မို့ဆို ဘယ်လောက်တောင် လှုပ်ခါယမ်းနေလိုက်မလဲမသိ။
သြော်... ဝဏ္ဏ ဝဏ္ဏ မင်းမလည်း နေလင်းကို မချစ်ရှာလို့သာပဲနော်။ ချစ်များချစ်လို့ကတော့... အင်း... တော်ပါပြီ မပြောတော့ဘူး။ ကျွန်တော့်ကလေးလေး အဆင်ပြေရဲ့လားပဲ သွားကြည့်တော့မယ်။
ကျွန်တော် မီးဖိုခန်းထဲဝင်ပြီး ကျွန်တော့်ကလေးလေးကိုကြည့်လိုက်တော့ အထုပ်တွေထဲကို မွှေနှောက်လို့ ဘာရှာနေလဲမသိ။ နေလင်းကတော့ ငါးဖယ်ကြော်နေတယ်။ ဝဏ္ဏကိုကြည့်တော့လည်း ဓားတစ်လက်နဲ့ ငါးကိုင်နေလေရဲ့...
အဲ့ဒါနဲ့ အလုပ်ရှုပ်နေတဲ့ ကျွန်တော့်ကလေးလေးအနားပဲ သွားပြီး ကိုယ်ဘာဝိုင်းကူရမလဲလို့ မေးကြည့်လိုက်တယ်။
"ရပါတယ်၊ ခင်ဗျားက အပြင်မှာပဲ သွားထိုင်နေ.. ဒီမှာက ကိုနေလင်းတို့နဲ့တင် အဆင်ပြေတယ်"
"ကိုယ်တစ်ယောက်တည်း အားနေတော့ မနေတတ်လို့"
ကျွန်တော်ပြောလိုက်တော့ သီဟနိုင်က ဘာခိုင်းရင်ကောင်းမလဲဆိုပြီး စဥ်းစားနေတယ်ထင်၊ ဟိုကြည့်ဒီကြည့်နဲ့ စားပွဲပေါ်ကို မျက်စိကစားနေလေတယ်။
"အဲ့ဒါဆို နံနံပင်ကို အမြစ်တွေဖြတ်ပေး"
"……" > သူရစိုး၊ နေလင်း၊ ဝဏ္ဏတို့သုံးယောက်။
"ဘာလဲ အဲ့ဒါကခက်လို့လား။ အဲ့ဒါဆို ကြက်သွန်ဖြူနဲ့ဂျင်းကို အခွံသင်ပေး"
ဆွံ့အ,နေတဲ့ ကျွန်တော့်ပုံစံကိုကြည့်ပြီး သီဟနိုင်က ထပ်ပြောလာတယ်။
"အမလေးနော်.. သီဟနိုင်တို့များ မျက်နှာလိုက်ချက်။ ငါ့ကိုကျတော့ ငါးဖယ်ကြော်ခိုင်းရတာနဲ့ ငှက်ရုပ်သီးထောင်းခိုင်းရတာနဲ့... ကိုဝဏ္ဏကိုကျတော့လည်း ငါးကိုင်ခိုင်းတယ်တဲ့။ သူ့လင်ကိုကျ ဘာတဲ့ နံနံပင်အမြစ်လေးတွေဖြတ်ပေးဆိုပဲ။ အဲ့ဒါကိုတောင် ခက်နေရင် ကြက်သွန်ဖြူလေး အခွံခွာပေးဟုတ်လား။ သိတတ်ချက်... သိတတ်ချက်"
" မကျေနပ်ရင် အိမ်ပြန်လေ။ ဘယ်သူက ခင်ဗျားကို အတင်းခေါ်နေလို့တုန်း"
နေလင်းရဲ့ခပ်ရွဲ့ရွဲ့အပြောကို သီဟနိုင်ကလည်း ခပ်စောင်းစောင်းနဲ့ ပြန်ငေါ့လေတယ်။ အဲ့တော့ နေလင်းတစ်ယောက် ဘာမှဆက်မပြောနိုင်တော့။
"အကိုဝဏ္ဏ ပြီးရင် ဝက်ဂုတ်သားကို ပါးပါးလေးတွေလှီးပေးဦး"
"……" > ဝဏ္ဏ၊ သူရ၊ နေလင်းတို့သုံးယောက်။
အခုပဲ သူတို့ကို အရမ်းခိုင်းတယ်ဆိုပြီး နေလင်းက ပြောနေတုန်းရှိသေးတာကို မကျေနပ်ရင်အိမ်ပြန်ဆိုပြီး ထပ်ခိုင်းနေပုံက နည်းတဲ့စကေးမဟုတ်။ ဒါပေမဲ့ ကျွန်တော် စိတ်မကောင်းမဖြစ်ပါဘူး။ သူတို့ဘာလို့ ဒီလိုရက်မှာ အိမ်လာလည်ရသလဲလေ။ အဲ့တော့ ခံပေါ့။ သူတို့ကမှ အလိုက်ကန်းဆိုးမသိကြတာကို။
"အေးပေါ့ကွာ... မိုးကောင်းတုန်း ရွာထားဦးပေါ့။ ပြီးရင်တော့ ငါ့အလှည့်ပဲ"
အံကြိတ်ကာရေရွတ်လိုက်တဲ့ နေလင်းရဲ့စကားကို သီဟနိုင်က ဂရုမစိုက် 'ကျွန်တော်မကျေနပ်ရင်တော့ ဘာမှချက်ကျွေးတော့မှာ မဟုတ်ဘူးနော်'တဲ့ ပခုံးတွန့်ပြီး ပြန်ပြောလိုက်တယ်။ အဲ့တော့ ကျွန်တော်ကလည်း သူတို့ စိတ်ဆိုးပြီး အမြန်ပြန်သွားကြပါစေဆိုပြီး စိတ်ထဲကနေ ဆုတောင်းနေလိုက်တယ်။
ဒါပေမဲ့ ကျွန်တော့်ဆုတောင်းမပြည့်... သီဟနိုင် ဘယ်လိုပြောပြော နေလင်းက လုံးဝမပြန်။ ဒီလိုနဲ့ပဲ နေလင်းနဲ့သီဟက စကားများလိုက်၊ ရန်ဖြစ်လိုက်နဲ့ စားစရာတွေအကုန် ချက်လို့ပြီးသွားတော့တယ်။
"ကဲ အကုန်တော့ကျက်ပြီ။ ဒီနေ့က V-Day ဆိုတော့ ချောကလက်ကိတ်လေးဘာလေးနဲ့ဆို ပိုမကောင်းဘူးလား"
နေလင်းရဲ့ အကြံပြုချက်ဖြစ်တယ်။ သူ့ရဲ့အကြံပြုချက်ကို ကျွန်တော်ရော၊ သီဟနိုင်ရောက ခေါင်းညိတ်လို့ ထောက်ခံလိုက်ကြတယ်။ ဝဏ္ဏကတော့ ငါသိတယ်နော်ဆိုတဲ့အကြည့်နဲ့ နေလင်းကို ကြည်နေတော့တယ်။ ဒါပေမဲ့ နေလင်းက သူ့ကိုဂရုမစိုက်။
"အဲ့ဒါဆို လေး၊ငါး၊ခြောက်အိမ်ကျော်က ကိတ်မုန့်ဆိုင်မှာ ငါသွားဝယ်လိုက်မယ်"
ပြောပြောဆိုဆိုနဲ့ နေလင်းက ပြုံးရွှင်တောက်ပစွာနဲ့ အပြင်ကို အမြန်ထွက်ခွာတယ်။ အဲ့လို ပြုံးရွှင်တောက်ပစွာ ထွက်ခွာသွားတဲ့ နေလင်းကိုကြည့်ပြီး ဝဏ္ဏက အံကိုကြိတ်တယ်။ ပြီးတာနဲ့မကြာဘူး
"ခဏလေးနေလင်း... ငါရော လိုက်မယ်"ဆိုပြီး နောက်ကနေလိုက်ဖို့ပြင်တယ်။
"ကိတ်မုန့်ဆိုင်က လမ်းလျှောက်သွားတောင် ခဏနဲ့ရောက်တယ်ဝဏ္ဏ"
အပြင်ထွက်ဖို့ပြင်နေတဲ့ ဝဏ္ဏရဲ့လက်ကောက်ဝတ်ကိုဆွဲပြီး ကျွန်တော်အမြန်ပြောလိုက်တယ်။
"ငါသိတယ်"
"အဲ့ဒါဆို ဘာလို့လိုက်မှာတုန်း။ မင်းလူကိုစိတ်ချ ဒီလမ်းက သူသွားနေကျလမ်း"
"မဟုတ်ဘူး။ အဲ့ဆိုင်ကကောင်က ဖြောင့်တယ်ကွ"
"ဟမ်... မင်းက..."
"ကဲ မင်းကိုပြောနေရတာနဲ့ ကြာနေပြီ။ အဲ့ကောင်ကဖြောင့်တော့ နေလင်းက မြောင်းဖောက်နေရင် ဘယ်လိုလုပ်မလဲ..."
ပြောပြီး ဝဏ္ဏက အပြင်ကိုပြေးထွက်လေတယ်။ သူ့ကိုကြည့်ပြီး ကျွန်တော်နဲ့သီဟနိုင်က ဘာပြောရမှန်းမသိ။
အကိုလေးဝဏ္ဏ အကိုလေးပြောတော့ နေလင်းကို နည်းနည်းလေးတောင်မကြိုက်ပါဘူးဆို၊ ဒါက ဘယ်လိုဖြစ်ရတာတုန်း...
14.2.2022
----------***---------
V-Day မှာ တစ်ပိုင်းတင်ချင်တာမို့ ဖြတ်ချလိုက်တယ်နော်။ သူတို့ရဲ့ ချစ်သူများနေ့ကတော့ အခုထိမကုန်ဆုံးသေး
ဒါနဲ့ (27)ရောက်နေပြီနော် အချစ်တို့...