"သီဟနိုင်ရေ... သီဟ"
အိမ်အပြင်ဘက်ကခေါ်သံကြောင့် ကျွန်တော်ရော သီဟနိုင်ရော လန့်နိုးလာကြပြီး တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်မိကြတယ်။ ပြတင်းတံခါးကနေ မြင်နေရတဲ့ ကောင်းကင်ယံရဲ့ အလင်းရောင်ဟာလည်း မှောင်လျက်ပဲရှိသေးတာမို့ အိပ်ရာခုတင်ဘေးကဖုန်းကို ယူပြီး အချိန်ကိုကြည့်မိတော့ နံနက်လေးနာရီကိုမှ နှစ်မိနစ်ပဲစွန်းနေသေးတာကြောင့် ကျွန်တော်တို့မှာ ပိုပြီး အံ့သြရတယ်။ ဒီအချိန်ကြီး ဘယ်သူများပါလိမ့်။
"အကိုသူရစိုး ဓားပြတွေလားမသိဘူးနော်"
"မဖြစ်နိုင်ဘူး။ ဓားမြတွေဆို ကလေးနာမည်ကို သိနေစရာအကြောင်းမရှိဘူးလေ"
"ဟုတ်သားပဲ။ အဲ့ဒါဆို သရဲလားမသိဘူး"
"ဟမ်! မဟုတ်လောက်ပါဘူး"
"သီဟနိုင်ရေ..."
ကျွန်တော်တို့နှစ်ယောက် သုံးသပ်နေကြတုန်းမှာပဲ အပြင်ဘက်ကနေ သီဟနိုင်ရေဆိုတဲ့ခေါ်သံထပ်ထွက်လာပြန်တယ်။
"ကလေးလေး ဒီမှာနေခဲ့.. ကိုယ် သွားကြည့်လိုက်မယ်"
"ဟာ ခင်ဗျားတစ်ယောက်တည်း စိတ်မချပါဘူး။ ကျွန်တော်ပါလိုက်မယ်"
သီဟနိုင်က ပြောပြောဆိုဆိုနဲ့ ကျွန်တော့်နောက်လိုက်ဖို့ နေရာယူတယ်။ အဲ့ဒါနဲ့ သူ့ကိုပါခေါ်ပြီး ခြံထဲကို ဆင်းလာခဲ့လိုက်ကြတယ်။ အဲ့လိုနဲ့ ခြံဝန်းတံခါးနားရောက်တော့ တံခါးကို တန်းမဖွင့်သေးဘဲ ဘယ်သူလဲလို့ အရင်မေးကြည့်လိုက်တယ်။
"ကိုသူရစိုးလား... ကျွန်တော် နေလင်းပါ"
"ဟမ်... မင်းက ဘယ်လိုလုပ်"
"ဘေးမှာ သီဟနိုင်ပါတယ်မလား။ ကျွန်တော့်ကို တံခါးဖွင့်ပေးဦး"
ဖွင့်ပေးလိုက်ရမလားဆိုတဲ့သဘောနဲ့ ကျွန်တော် သီဟနိုင်ကို လှည့်ကြည့်လိုက်တော့ ခေါင်းညိတ်ပြတယ်။ အဲ့ဒါနဲ့ ကျွန်တော် တံခါးဖွင့်ပေးလိုက်တယ်ဆိုရင်ပဲ ခြံအပြင်ဘက်မှာ နေလင်းတစ်ယောက်တည်းမဟုတ်။ သူ့အပြင် တခြားတစ်ယောက်ကိုပါ တွေ့လိုက်ရတယ်။ မှောင်နေတာကြောင့် ဘယ်သူဘယ်ဝါရယ်လို့တော့ သဲကွဲစွာမမြင်ရ။
"ခင်ဗျားတို့ကလည်းဗျာ အိပ်ရင်းနဲ့များ အသက်ထွက်နေပြီလားအောက်မေ့ရတယ် ခေါ်လိုက်ရတာ ဒီမှာ လိပ်ခေါင်းထွက်တော့မယ်"
ပြောရင်းနဲ့ နေလင်းက အိမ်ထဲကို ဝင်လာတယ်။ သူနဲ့ပါလာတဲ့တစ်ယောက်ကတော့ ခြံရှေ့မှာ ငုတ်တုတ်ပဲ...
"ကိုနေလင်း ခင်ဗျား ယောက်ျားခိုးလာတာလား"
ခြံရှေ့က ငုတ်တုတ်ကိုကြည့်ပြီး သီဟနိုင်က မေးလိုက်ခြင်းဖြစ်တယ်။ သီဟနိုင်ရဲ့အမေးကြောင့် နေလင်းက အခုမှသတိရတဲ့ပုံစံမျိုးနဲ့ လျှောက်လှမ်းနေတဲ့ သူ့ခြေလှမ်းတွေကို ရပ်လိုက်ပြီး အနောက်ကို ပြန်လှည့်လာတယ်။
" သုံးမိနစ်တိုတိုလေး အဲ့မှာတစ်သက်လုံးထိုင်နေတော့မှာလား ? လာလေ... အိမ်ထဲဝင်"
"နေလင်း... မင်း"
နေလင်းရဲ့စကားကြောင့် ငုတ်တုတ်ကောင်က ဒေါသထွက်သွားတယ်ထင်။ ရှူးရှူးရှဲရှဲနဲ့ မတ်တတ်ထရပ်လာတယ်။ သို့သော် သူ့ဒေါသတွေကို ပြန်လည်မျိုသိပ်လိုက်ပြီး ဘေးမှာချထားတဲ့ အထုပ်တွေကို ဆွဲလို့ အိမ်ထဲကို ဝင်လာလေတယ်။
အပြင်ကနေ သူ့အိမ်သူ့ယာကို ပြန်လာသလိုမျိုးပဲ နေလင်းက အိမ်ထဲကို တည့်တည့်မတ်မတ်ဝင်ပြီး ငုတ်တုတ်ကောင်ကတော့ သူ့ရဲ့နောက်ကနေ ထက်ကြပ်မကွာလိုက်ဝင်လေတယ်။ နေစမ်းပါဦး။ သူကအိမ်ရှင်လား။ ကျွန်တော်တို့က အိမ်ရှင်တွေလား။ နှစ်ယောက်သား ဝင်သွားလိုက်ကြတာ ကျွန်တော်တို့ကိုလည်း ဂရုမစိုက်ကြ။
" သုံးမိနစ်တိုတိုလေး အဲ့အထုပ်တွေကို ဒီနားမှာချ"
အိမ်ထဲရောက်တော့ ဧည့်ခန်းက စားပွဲခုံကို လက်ညှိုးညွှန်လို့ ငုတ်တုတ်ကောင်လက်ထဲက အထုပ်တွေကို နေလင်းက နေရာချတယ်။ အဲ့တော့ အဲ့ငုတ်တုတ်ကောင်ကလည်း စူစူအောင့်အောင့်နဲ့ နေလင်းညွှန်တဲ့နေရာမှာ လက်ထဲကအထုပ်တွေကို ပစ်ချလိုက်တယ်။ ပြီးတာနဲ့ နေလင်းဘက်ကို ချက်ချင်းလှည့်လာပြီး ဒေါသတကြီးနဲ့ အော်လေတော့တယ်။
"ငါ့ကို အဲ့လိုမခေါ်... ဟမ် သူရစိုး"
နေလင်းကို အော်ရင်းနဲ့မှ ကျွန်တော့်ကိုမြင်ပြီး တအံ့တသြနဲ့ ရေရွတ်လာသော ငုတ်တုတ်ကောင်ကြောင့် ကျွန်တော့်မှာကြောင်သွားရတယ်။
"ဟိတ်ကောင် ငါဝဏ္ဏလေ... 'ဝဏ္ဏ'မမှတ်မိဘူးလား"
ကြောင်တက်တက်ဖြစ်နေတဲ့ ကျွန်တော့်ပုံစံကြောင်ထင်တယ် ငုတ်တုတ်ကောင်က သူ့ကိုယ်သူထုတ်ဖော်လို့ ကျွန်တော့်ကို မိတ်ဆက်လေတယ်။ အဲ့ဒါနဲ့ ဝဏ္ဏဆိုတဲ့နာမည်ကို ကျွန်တော်အသည်းအသန် ပြန်စဥ်းစားယူရတယ်။
"ဝဏ္ဏ... ဝဏ္ဏ... ဟာ ဝဏ္ဏစိုး။ မင်း မန္တလေးမှာမဟုတ်ဘူးလား။ ဘယ်လိုလုပ် မေမြို့ရောက်နေတာတုန်း"
"ငါ့အစ်မက ဒီမှာအိမ်ထောင်ကျတာ။ ငါတို့မှာ မိဘတွေလည်းမရှိကြတော့ ငါက ငါ့အစ်မနဲ့ပဲ လိုက်နေရတာ။ ဒါနဲ့ မင်းကရော နောင်ချိုကနေ ဘယ်လိုဖြစ်လို့ ဒီရောက်... မဟုတ်မှ သီဟနိုင်နဲ့မင်းက"
"အင်း။ သီဟနိုင်က ငါ့အမျိုးသား။ ငါတို့လက်ထပ်ထားတာ နှစ်နှစ်လောက်တော့ရှိပြီ"
"ဟိုးးး တကယ်ကြီးလား။ ငါက မင်းကို အဖြောင့်ထင်နေတာ"
"အေး အစကတော့ အဖြောင့်ပဲ... သူ့ကိုတွေ့မှာ သံချောင်းကိုအပူပေးသလိုပဲ ကွေးသွားတော့တာ"
သီဟနိုင်ရဲ့ ပါးတစ်ဖက်ကို ယုယုယယကိုင်ပြီး ကျွန်တော်ပြန်ဖြေလိုက်တယ်။
"ဒါနဲ့ မင်းက ဘယ်လိုလုပ် သီဟနိုင်ကို သိနေရတာတုန်း"
ဟုတ်တယ်လေ... ကျွန်တော့်ကလေးက စစ်ကိုင်းက အဲ့တော့ သူနဲ့သိစရာအကြောင်းမှမရှိတာကို။
"သြော် အဲ့ဒါက ငါအရင်က သူနဲ့တစ်ခါဆုံဖူးတယ်။ ပြီးတော့ နေလင်းက တစ်နေ့တစ်နေ့ သီဟနိုင်အကြောင်းပဲပြောနေတော့ ငါက မသိဘဲဘယ်နေတော့မလဲ"
"သြော် အဲ့လိုလား... ဒါနဲ့ မင်းနဲ့နေလင်းက"
"ဟိုး ဟိုး ကျွန်တော်တို့က ဘာမှမဆိုင်ဘူးနော်။ ဒီလိုပဲ"
ကျွန်တော့်ရဲ့အမေးကို နေလင်းက ကြားဝင်ဖြေလိုက်ခြင်းဖြစ်တယ်။ နေလင်းရဲ့အဖြေကြောင့် ကျွန်တော်က နားမလည်သလိုမျိုး ဝဏ္ဏကိုကြည့်တော့
"အင်း။ သူပြောသလိုပဲ။ ငါတို့နှစ်ယောက်က ဒီလိုပါပဲ"
ဝဏ္ဏက ပြန်ဖြေတယ်။
ဝဏ္ဏက မန္တလေးသား။ သူနဲ့ကျွန်တော်က မန္တလေးမှာ တက္ကသိုလ်တက်ရင်းနဲ့ စခင်ကြတာ။ နောက် ကျောင်းတွေပြီးသွားကြတော့ အဆက်သွယ်တွေလည်းပြတ်ပြီး မတွေ့ဖြစ်ကြတော့တာ ယခုအချိန်ထိပဲဆိုပါတော့။
"ဒါနဲ့ နေပါဦး... ခင်ဗျားတို့က ဘာကိစ္စ ကျွန်တော်တို့အိမ်ကို မနက်အစောကြီး လာရတာတုန်း"
ရှုပ်လိုက်တာဆိုတဲ့လေသံမျိုးနဲ့ သီဟနိုင်က မေးလိုက်ခြင်းဖြစ်တယ်။ သီဟနိုင်ရဲ့အမေးကို နေလင်းက
"ဒီနေ့က V-Day လေကွာ။ အဲ့တော့ ဘာလာလုပ်ရမှာတုန်း.. မင်းတို့အတွဲနဲ့အတူ အချိန်လာဖြုန်းတာပေါ့.."
"ဟာ ကျွန်တော်တို့က ခရီးထွက်မှာ"
"ခရီး.. ဘယ်တုန်း... ငါတို့ရောလိုက်မယ်"
"......"
13.2.2022