(၁)
အချစ်ကိုစတင်တွေ့ခဲ့တဲ့အရွယ်....
ဆယ်ကျော်သက်အရွယ်...
အဖြူအစိမ်းဝတ်တွေနဲ့ ဖြူစင်တဲ့အရွယ်မှာပေါ့...။
ကျွန်မတို့ပညာသင်ခဲ့တဲ့ကျောင်းတော်ကြီးမှာက ၈တန်းအထိဘဲရှိတဲ့အတွက် ၉တန်းကို အ.ထ.က(၁)မှာသွားတက်ခဲ့ရတယ် ။ကိုယ့်ကျောင်းမဟုတ်တဲ့အတွက် ကျွန်မတို့သူငယ်ချင်းတစ်စု မျက်နှာငယ်လေးတွေနဲ့ပေါ့ ။
ကိုကိုက ဆယ်တန်းကျောင်းသား၊အတန်းခေါင်းဆောင်တစ်ယောက် ။အမြဲတမ်းတည်တည်ကြည်ကြည်နေတတ်တဲ့ကိုကို့ ကိုသူငယ်ချင်းတွေရဲ့အပြောတွေကြောင့် သတိထားမိလာခဲ့တယ် ။ကိုကိုနဲ့ ကျွန်မတို့က တက်တဲ့ဘော်ဒါဆောင်ကလည်းအတူတူပဲ ။
(၂)
ကျောင်းပိတ်ရက်ဘော်ဒါဆောင်မှာ စာသင်ပြီးလို့ အိမ်ပြန်မဲ့အချိန် ဆရာက ကိုကို့နာမည်ကိုပြောပြီး သူ့ဆီကို စာအုပ်သွားပို့ပေးဖို့ ကျွန်မကိုတာဝန်ပေးခဲ့တယ် ။ကိုကိုတို့က စာသင်နေတဲ့အတွက် အခန်းအပြင်မှာ ကျွန်မရပ်စောင့် နေခဲ့တယ် ။
ကိုကိုထွက်လာတော့ ကိုကို့နာမည်ကို ကိုတပ်ခေါ်ပြီးဆရာပေးခိုင်းတဲ့စာအုပ်ကိုပေးလိုက်တယ်။ကိုကိုကကျေးဇူးလို့ အမှတ်မထင်ပြောလိုက်ပေမယ့် ကျွန်မရဲ့နှလုံးခုန်သံတွေကတော့ ကျယ်လောင်နေခဲ့တယ် ။
တနင်္ဂနွေနေ့ အတန်းတက်ပြီးတဲ့အချိန် သူငယ်ချင်းတွေနဲ့ မုန့်သွားစားခဲ့ကြတယ် ။ဆိုင်မှာကိုကို့ကို မမချောချောတစ်ယောက်နဲ့ တွေ့ခဲ့တယ်။သူတို့နှစ်ယောက်ကတော့ စကားတွေကိုဖောင်ဖွဲ့ပြီးပြောနေခဲ့ကြတယ် ။ဘာကြောင့်မှန်းမသိ ကျွန်မမပျော်ခဲ့ဘူး ။ရုတ်တရက်တိတ်ဆိတ်သွားတဲ့ ကျွန်မကို သူငယ်ချင်းတွေကလည်း အံ့ဩနေခဲ့ကြတယ် ။
(၃)
သီတင်းကျွတ်ကျောင်းပိတ်ခါနီး ဘော်ဒါဆောင်မှာစာမေးပွဲတွေဖြေရတယ် ။အတန်းငယ်တွေနဲ့အတန်းကြီးတွေကို ခုံနံပါတ်နဲ့ရောထိုင်ခိုင်းတဲ့အတွက် ကိုကိုက ကျွန်မဘေးမှာ ။ကိုကိုကျွန်မဘေးမှာရှိနေပေမယ့် စာမေးပွဲဖြေနေတဲ့အချိန်မှာတော့ ကိုကို့ကိုမေ့နေခဲ့ပြီး စာမေးပွဲကိုသာအာရုံစိုက်ပြီးဖြေခဲ့တယ်။
ကျွန်မစာဖြေပြီးလို့ စာစစ်နေချိန် ကိုကိုက "ချာတိတ် correction Pen ခဏလောက်"ဆိုပြီး ကျွန်မဆီကနေ correction penငှားခဲ့တယ် ။ Correction penပေါ်မှာရေးထိုးထားတဲ့ ကျွန်မနာမည်အတိုကောက်လေးတွေကို ကိုကိုအတန်ကြာငေးမောကြည့်နေခဲ့တာကို ကျွန်မသတိပြုမိခဲ့တယ်။
ကျွန်မလည်းဖြေထားတာ စိတ်ကျေနပ်တဲ့အထိစစ်ပြီးတော့ စာမေးပွဲအခန်းထဲကနေထွက်ခဲ့တယ်။ကျွန်မရဲ့ correction penကတော့ ကိုကို့ဆီမှာ ။စာမေးပွဲဖြေနေတဲ့သူငယ်ချင်းတွေကို အခန်းရှေ့နားမှာပဲ ဆက်စောင့်နေတဲ့အချိန် ကိုကို ကျွန်မကိုcorrection penလာပေးခဲ့တယ် ။"ကျေးဇူးနော် ချာတိတ်။မင်းနာမည် ဘယ်လိုခေါ်လဲ"ဆိုပြီး ကျွန်မနာမည်ကို ကိုကိုမေးခဲ့တယ် ။"နာမည်လေးကလှသားပဲ၊လူနဲ့နာမည်နဲ့လိုက်တယ်"လို့ကိုကိုပြောတော့ ကျွန်မဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံး လူသားဆိုပြီး ကိုယ့်ကိုကိုယ်ထင်မိခဲ့တယ်။
(၄)
သူငယ်ချင်းတွေရဲ့ ကိုကို့မှာရည်းစားမရှိဘူးဆိုတဲ့အကြောင်း၊မုန့်ဆိုင်မှာတွေ့ခဲ့တာက ကိုကို့အစ်မဝမ်းကွဲဖြစ်ကြောင်းပြောတဲ့အချိန်က စပြီး တစ်နေ့လုံးကျွန်မစိတ်ကြည်လင်နေခဲ့တယ် ။ကျောင်းမှာအဆင့်ကျတာတောင် သီချင်းဆိုနေတဲ့ကျွန်မကို သူငယ်ချင်းတွေက အံ့ဩနေခဲ့ကြတယ်။
အဲ့နေ့ကစပြီး ကိုကိုက ကျွန်မရဲ့ပျော်ရွှင်မှု ဆိုတာ ကျွန်မသိလိုက်ရတယ် ။
ဒီဇင်ဘာကျောင်းပိတ်ရက်တွေ....
ကျောင်းပိတ်တဲ့အတွက် လမ်းထိပ်မှာ စာအုပ်အငှားဆိုင်ကိုသွားပြီး စာအုပ်ငှားပြီးအပြန် ကိုကို့ကို မထင်မှတ်ပဲတွေ့ခဲ့တယ်။ ကိုကိုကစက်ဘီးနဲ့ ကိုကို့အနောက်မှာတော့ ဆံပင်ကုပ်ဝဲနဲ့ကျွန်မတို့နဲ့ရွယ်တူ အရွယ်လောက်ရှိတဲ့ ကောင်မလေးတစ်ယောက် ။သူမရဲ့လက်တွေက ကိုကို့ခါးကို ဖက်တွယ်ထားတယ် ။
အိမ်ပြန်ရောက်တော့ အခန်းထဲဝင်ပြီး ရည်ရွယ်ချက်မရှိပဲ ငိုခဲ့မိတယ် ။ကိုယ်ပိုင်ဆိုင်တဲ့ အရာတစ်ခုကို သူတစ်ပါးရဲ့လုယူတာခံလိုက်ရတဲ့ ခံစားချက်မျိုးဖြစ်နေခဲ့တယ် ။
အခန်းထဲကမှန်ကိုကြည့်လိုက်တော့ ဆံပင်ကိုခပ်တိုတိုညှပ်ထားတဲ့ ကိုယ့်ပုံကိုယ်ကြည့်ပြီး စိတ်ဓာတ်တွေကျခဲ့တယ် ။မိန်းမမဆန်တဲ့ ကျွန်မပုံစံက ကိုကို့အတွက်တော့ ကလေးတစ်ယောက်ထက်မပို ။
(၅)
ကျောင်းတွေပြန်ဖွင့်တဲ့အချိန်...
အရင်ဆို ကိုကိုနဲ့ကျောင်းမှာတွေ့ရင် ပြုံးပြတတ်တဲ့ကျွန်မက အခုဆို ကိုကို့ ကိုမမြင်ချင်ယောင်ဆောင်နေတတ်ခဲ့ပြီ ။
စာရေးကိရိယာပစ္စည်းတွေရောင်းတဲ့ဆိုင်မှာ ကိုကိုနဲ့တွေ့တော့ ကိုကို့ကိုမသိချင်ယောင်ဆောင်ပြီး ဆိုင်ထဲကနေထွက်လာခဲ့တယ် ။ကိုကိုကတော့ အနောက်ကနေ "ချာတိတ် နေမကောင်းဘူးလား၊မျက်နှာမှိုင်တွေ နေတာပဲ"ဆိုပြီး ကျွန်မနဖူးကိုအပူလာတိုင်းခဲ့တယ် ။ကျွန်မလည်းကိုကို့လက်ကို ဖယ်ထုတ်ပြီး ရှောင်ထွက်လာခဲ့တယ် ။
ကိုကိုအနောက်ကနေလိုက်လာပြီး ကျွန်မကိုအိမ်ပြန်လိုက်ပို့ပေးမယ်ဆိုပြီး သူ့စက်ဘီးပေါ်အတင်းတက်ခိုင်းတယ် ။ကျွန်မက ကိုကိုကတွေ့တဲ့မိန်းကလေးတိုင်းကို စက်ဘီးပေါ်တင်ခေါ်တာလားလို့မေးလိုက်တယ် ။ကိုကိုက ဘယ်တုန်းကလဲဆိုတဲ့အကြည့်နဲ့ ကျွန်မကိုကြည့်နေခဲ့တယ်။ကျွန်မလည်း စကားဆက်မပြောချင်တာနဲ့ ရှောင်ထွက်ခဲ့ပေမယ့် ကိုကိုက သူ့စက်ဘီးကိုတွန်းပြီး ကျွန်မနဲ့အတူလမ်းလျှောက်ခဲ့တယ် ။
"ဘာလို့လိုက်လာတာလဲ"လို့ကျွန်မမေးတော့ "စိတ်ပူလို့"တဲ့"နေမကောင်းဖြစ်နေတာ လမ်းမှာတစ်ခုခုဖြစ်မှာစိုးလို့"တဲ့ ။အရင်ကကိုကို့ ကိုအေးစက်စက်နဲ့စကားနည်းမယ်လို့ ထင်ခဲ့ပေမယ့် ကိုကိုက စကားအရမ်းများတယ် ။ကျွန်မကိုလည်းမေးခွန်းတွေဇယ်ဆက်သလို မေးနေခဲ့တယ် ။ကျွန်မလည်း သူမေးတာတွေကို"အင်း"လို့သာပြန်ဖြေခဲ့တယ် ။
(၆)
"အစ်ကို့ကို သဘောကျလား"
"အင်း"
ကျွန်မဖြေပြီးတော့မှ မေးခွန်းရဲ့အနက်ကို သေချာပြန်စဉ်းစားမိပြီး "မဟုတ်ဘူး၊မှားလို့ ။မှားဖြေမိတာပါ"လို့ပြောတော့ ကိုကို မျက်နှာပျက်သွားခဲ့တယ် ။
"အစ်ကို့ မျက်လုံးတွေကို ကြည့်ပြီး အစ်ကို့ကိုသဘောမကျဘူးလို့ ပြောပါလား"လို့ကိုကိုမေးတော့ ကျွန်မနှုတ်ဆိတ်နေခဲ့တယ် ။ဖြေဖို့လိုသေးလို့လားကိုကိုရယ် ။ကျွန်မ မျက်လုံးတွေက ကိုကို့ကိုသဘောကျနေကြောင်းဝန်ခံနေတာကို...။
ကိုကို့မှာ ကောင်မလေးရှိနေတာ ကျွန်မကိုဘာလို့ဒီလိုမေးခွန်းတွေမေးတာလဲ လို့ကျွန်မပြောတော့ ကိုကိုက အံ့အားသင့်ပြီး "ဘယ်သူပြောတာလဲ"လို့ ကျွန်မကိုမေးတော့ ကျွန်မကိုယ်တိုင်တွေ့တာလို့ ပြောလိုက်တယ်။
ကိုကို့ကို ကောင်မလေးတစ်ယောက်နဲ့တွေ့ခဲ့ကြောင်းပြောတော့ ကိုကိုက"အဲ့တာ ကိုယ့်တူမ ချာတိတ်ရဲ့ အစ်ကို့အစ်မအကြီးဆုံးနဲ့ ကိုယ်နဲ့က အသက်ကွာတော့ အစ်ကို့အစ်မသမီးက ချာတိတ်ထက်တစ်နှစ်လောက်ပဲ ငယ်တာ၊ငရဲတွေတော့ကြီးတော့မယ် ချာတိတ်ရယ်"ဆိုပြီး ငြီးငြူနေခဲ့တယ် ။
ကိုကိုကတော့ သူ့ကိုသဘောကျလားဆိုတဲ့ မေးခွန်းကို ဆက်မေးခဲ့ပြန်တယ် ။
ကျွန်မလည်း ခေါင်းညိတ်ပြီး အိမ်ကို အမြန်ပြန်ပြေးခဲ့တယ် ။
အခုတော့လည်းကျွန်မရဲ့ကိုကိုက ကလေးတစ်ယောက်လိုနှစ်နှစ်ခြိုက်ခြိုက်နဲ့ ကျွန်မဘေးမှာ အိပ်ပျော်ကာနေတယ် ။