"ကလေးလေး... ကိုယ်ပို့လိုက်တဲ့ အသီးတွေ ကြိုက်ရဲ့လား"
"အာ... အသီးဆိုမှ ခင်ဗျားကို ပြောပြရဦးမယ်။ အဲ့နေ့က ခင်ဗျားပို့လိုက်တဲ့အသီးတွေက အရမ်းများနေတော့ ကျွန်တော်တစ်ယောက်တည်း မကုန်တာနဲ့ ဟိုကောင်တွေကိုပါ ကျွေးလိုက်ရတယ်"
"ရပါတယ် ကလေးရဲ့... ကျွေးလိုက်ပေါ့"
"အင်း... ကျွန်တော်တစ်ယောက်တည်း အကုန်စားရင်လည်း ချောင်းကဆိုးဦးမယ်မလား။ သူတို့ကိုကျွေးတော့ အကိုသူရလည်း မျက်နှာရတာပေါ့... ဒါနဲ့ ဒီနေ့ အင်ဂျင်နီယာနဲ့ တွေ့ရမှာလား"
"ဟုတ်တယ် ကလေးလေး... ဒီနေ့တွေ့ဖို့ချိန်းထားတယ်။ ကလေးလည်း ကျောင်းပြီးတော့မှာဆိုတော့ အိမ်ကို အမြန်ဆောက်တော့မယ်။ ကလေးလာတာနဲ့ အဲ့အိမ်မှာ တန်းနေကြတာပေါ့"
"ကောင်းတယ်... ကောင်းတယ်... နောက်ဆုံးတော့ ကျွန်တော် ပြင်ဦးလွင်သားကြီး ဖြစ်ရတော့မယ်"
ဝမ်းသာအားရနဲ့ဆိုလာသော သီဟနိုင်ကြောင့် ကျွန်တော့်မှာ မပြုံးဘဲ မနေနိုင်ခဲ့ပါ။
"ပြင်ဦးလွင်ကို အဲ့လောက်တောင် သဘောကျတာလား"
"ကျတာပေါ့... အဲ့ထက်တောင် ပိုကျသေးတယ်"
"ကိုယ့်ကိုရော"
"ကျတာပဲ"
"ဘာကျတာတုန်း"
"သဘောလေ... အကိုသူရစိုး ကျွန်တော် ခင်ဗျားကို သဘောကျတယ်သိလား"
"ဟမ်! တကယ်လား ကလေးလေး"
ရုတ်တရက်ကြီး ထပြောလာသော ကလေးလေးကြောင့် ကျွန်တော်မှာ အယောင်ယောင်အမှားမှားတွေ ဖြစ်ရတယ်။
"တကယ်ပေါ့။ အကိုသူရစိုး ကျွန်တော် အခုကတည်းက တစ်ခါတည်းပြောထားမယ်နော်၊ ကျွန်တော်မပါဘဲနဲ့ ခြံဘက်ကို လုံးဝမသွားရဘူး"
"မသွားဘူး။ မသွားဘူး။ စိတ်ချ။ ကိုယ့်ကလေးလေးမကြိုက်တာ ဘာမှမလုပ်ဘူး"
"ပြီးတာပဲ"
----------***----------
"အိမ်ဒီဇိုင်းကလေ အကို ကောင်းမယ်ထင်သလိုပဲ ဆွဲလိုက်ပါနော်။ ကျွန်တော်က ဂျေးမများတတ်တော့ အဆင်ပြေပါတယ်"
ဂျေးမများတတ်ဘူးဆိုတဲ့ သီဟနိုင်ရဲ့ စကားကြောင့် စည်သူက ကျွန်တော့်ကို အထင်ကြီး လေးစားတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကြည့်လာတယ်။ သီဟနိုင်အကြောင်းကိုသိတဲ့ ကျွန်တော်ကတော့ သူ့အကြည့်ကို မသိချင်ယောင်ဆောင်ပြီး ရယ်ပဲရယ်နေလိုက်ရတယ်။
"ဒီကောင်ကြီးက ညီလေးသဘောကျဖြစ်အောင် ဒီဇိုင်းဆွဲပေးပါဆိုလို့လေ... ညီလေးလိုချင်တဲ့ပုံစံကို အကြမ်းဖျင်းလောက်ဖြစ်ဖြစ် အကို့ကို ပြောပြပေးလို့ရမလား"
"ကျွန်တော်က အဆင်ပြေပါတယ်။ ပြင်ဦးလွင်စတိုင်လ် ခေါင်မိုးလှလှလေးဖြစ်ရင်ရပြီ။ ဝရန်တာလေးရောဆိုရင်တော့ ပိုပြီးအဆင်ပြေတာပေါ့။ ပြီးတော့ အိမ်ကို မြင့်မြင့်လေးဆောက်ပေး။ မီးဖိုခန်းရော ထည့်ပေးနော်။ ကျွန်တော်က အကိုသူရစိုးကို ရှယ်ချက်ကျွေးမှာ။ အိပ်ခန်းကိုလည်း ကျယ်ကျယ်လေးလုပ်ပေး"
".........."
စည်သူက ကျွန်တော့်ဘက်ကို တစ်ချက် ပြန်လှည့်ကြည့်တယ်။ ပြီးတော့ သီဟနိုင်ဘက်ကို ပြန်လှည့်ပြီး...
"ဟုတ်ပါပြီ။ ညီလေးလိုချင်တဲ့ ပုံအတိုင်း ဖြစ်ရစေမယ်နော်"
"ဟုတ်ကဲ့ ကျေးဇူးပါဗျ။ ဒါနဲ့ အကိုသူရစိုးရဲ့ သူငယ်ချင်းလို့ သိရတယ်"
"အင်း... ဒီကောင်သူရနဲ့ကိုယ်နဲ့က ကျောင်းနေဘက်တွေပါ"
"ဒါဆို အတော်ပဲ။ သူ အရင်က ရည်းစားဘယ်နှစ်ယောက်ထားဖူးလဲ"
"ဟမ်!"
"တော်ပြီ တော်ပြီ ထားလိုက်တော့။ သိရလည်း ဘာမှကောင်းကျိုးမဖြစ်မဲ့ဟာတွေ။ အကိုက အကိုသူရရဲ့ သူငယ်ချင်းဆိုတော့ တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ။ ကျွန်တော် သီဟနိုင်ပါ။ အကိုသူရရဲ့ အမျိုးသား"
"ဒီကောင်ကြီး ပြောပြထားလို့ ညီလေးကိုတော့ သိပါတယ်။ အကိုက စည်သူပါ။ အစက ဒီကောင်ကြီး ယောက်ျားယူတယ်ဆိုလို့ အံ့သြနေခဲ့တာ။ အခု ညီလေးကို တွေ့လိုက်မှပဲ 'သြော်... ကွေးလည်းကွေးချင်စရာပါလား'လို့ တွေးမိတာ။ ညီလေးက တကယ်ကို ချစ်စရာလေးပဲ"
စည်သူက ကျွန်တော့်ကိုကြည့်ပြီး ပြုံးစစနဲ့ ဆိုတယ်။ အဲ့ဒီအပြုံးကို ကျွန်တော်သိတယ်။ မင်းဟာလေး ငါ့ဘက်ပါအောင် ဆွဲပြရမလာဆိုတဲ့အပြုံးမျိုး...
စည်သူက အမျိုးသားနှစ်ယောက်ရဲ့ အချစ်ဆိုတာကို အယုံအကြည်မရှိတဲ့ကောင်။ ကျွန်တော့်အကြောင်း စပြောပြတော့ သူ ကျွန်တော့်ကို မယုံကြည်ခဲ့ဘူး။ မင်း အထန်ကောင်တဲ့၊ အဲ့လိုမျိုးပဲပြန်ပြောတယ်။ သူက အမျိုးသားတွေ ဂေးကြတယ်ဆိုတာ အထန်လွန်လို့ ဂေးကြတာတဲ့။ အဲ့လိုမျိုးပဲ အမြဲပြောတယ်။
နောက်တော့ ကျွန်တော်နဲ့သူနဲ့က ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ကောင်တွေဆိုတော့ ကျွန်တော့်အပြုအမူတွေကိုကြည့်ပြီး သူက ကျွန်တော် သီဟနိုင်အပေါ် ထားတဲ့အချစ်ကို ယုံကြည်လက်ခံလာခဲ့တယ်။ ဒါပေမဲ့ သီဟနိုင်ကိုတော့ မယုံကြည်ဘူးတဲ့။ မင်းက သူ့အပေါ် အရမ်းကောင်းလို့ သူ မင်းကို ကပ်နေတာတဲ့။ မင်းထက် သာတဲ့လူတွေ့ရင် မင်းကိုပစ်သွားမှာ သေချာတယ်တဲ့။ အဲ့စကားကို ကျွန်တော် မကြိုက်ပေမဲ့ ဘာမှတော့ ပြန်မပြောဖြစ်ခဲ့ဘူး။ တကယ်လည်း သီဟနိုင်ရဲ့စိတ်ကို ကျွန်တော်မှ မသိဘဲလေ။
"အော်ဟော... ခင်ဗျား သူငယ်ချင်းက ကျွန်တော်နဲ့မတွေ့ခင်ကတည်းက ကွေးနေတာပါနော်"
"ဟမ်... ဟုတ်လား။ မသိခဲ့ဘူးကြည့်စမ်း"
"အင်း... ကျွန်တော်တောင် ဟိုတလောကမှသိတာ။ ခင်ဗျားသူငယ်ချင်းက ကျိတ်ကွေးနေတာလေ"
"ဟားဟား... ဟုတ်မယ် ဟုတ်မယ်... ဒါနဲ့ ညီလေးကရော အရင်ကတည်းက gay လား"
"မသိဘူး။ ကျွန်တော် ရည်းစားလည်း တစ်ခါမှ မထားဖူးဘူး"
"ဟာ ကိုယ့်ကောင်ကြီးက သန့်သန့်လေးကို ရထားတာပဲ"
"ဗျာ..."
"သြော်... ကိုယ်ပြောတာက ဒီလိုပါ။ ညီလေးက ရည်းစားတောင် တစ်ခါမှ မထားဖူးတော့ လူပျိုစစ်စစ်ကလေး... အဲ့လိုမျိုးပြောတာပါ"
"သြော်... အဲ့ဒါတော့ ဟုတ်တယ်ဗျာ။ အကိုသူရက လူပျိုမစစ်ပေမဲ့ ကျွန်တော်က စစ်တယ်"
"အယ်... ကလေးလေး... အဲ့ဒါတွေ လျှောက်မပြောနဲ့လေ"
သူတို့ပြောနေကြတာတွေကို နားထောင်ပြီး ကျွန်တော့်မှာမနေနိုင်တော့။ သီဟနိုင်ရဲ့ ပါးစပ်ကို ကျွန်တော်သိတယ်။ ဒီကလေး ကြာရင် ဟိုကိစ္စတွေပါ ပါလာတော့မှာ။
"ဟမ်! ဒီကောင်ကြီးက လူပျိုမစစ်ဘူးလား"
စည်သူက ကျွန်တော့်ကို အရေးမစိုက်။ သူသိချင်တာကိုပဲ စကားရအောင်ဆက်တယ်။
"မစစ်ဘူးဆို... ခင်ဗျားမသိဘူးလား။ သူက အကောင်တစ်ကောင်နဲ့ အတူအိပ်ဖူးတယ်"
"ဒါတော့ မမိုက်ပါဘူး။ ညီလေးက သန့်သန့်ကလေးကို၊ ဒီလို မသန့်တဲ့ကောင်ကို ဘာလို့ယူထားတာတုန်း သူကို ကွာပစ်လိုက်တော့"
"ဒါကတော့ ကျွန်တော်က ချစ်တာကိုးဗျ... "
"........"
သီဟနိုင်... သူ အခု ဘာပြောလိုက်တာလဲ။ သူ ကျွန်တော့်ကို ချစ်တယ်တဲ့လား။ ကျွန်တော့်ကလေးလေးက ကျွန်တော့်ကို ချစ်တယ်တဲ့လား....
15.12.2021