"တကယ်လား"
"ဟုတ်"
လီယိုက ခေါင်းဆတ်ပြရင်း ဖြေလိုက်တော့ ရှောင်းကျန့်က သက်ပြင်းဖွဖွချသည်။
"မင်းဆန္ဒရော ပါရဲ့လား
တကယ်သွားတက်ချင်တာရော ဟုတ်ရဲ့လား"
"ကောသိပါတယ်
ကျွန်တော် ဘာငြင်းလို့ရမှာလဲ
ဒါပေမယ့်....."
မှန်သည်။ လီယို့မိဘများက လီယို့ဆန္ဒကို သိပ်ထည့်တွက်နေမည့်သူတွေမဟုတ်။ ကောင်းမည့်ထင်သည့်လမ်းကို ရှေ့ကနေ ရွေးချယ်ပေးသည်။ လီယို့အနေနှင့် စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဆက်လျှောက်လမ်းသွားရုံသာ။
"ကော လိုက်ပြောပေးရမလား"
"ရပါတယ် ကောရာ
ကျွန်တော်က အဝေးကိုမသွားချင်တာကလွဲရင် ဟိုမှာလည်း ကျွန်တော်စိတ်ဝင်စားတဲ့ မေဂျာကိုပဲ ရွေးမှာမို့ အဆင်ပြေမှာပါ"
"အင်းပါ"
"ကော ကျွန်တော့်ကို မတားတော့ဘူးလား"
"ဘာကိုလဲ"
"နိုင်ငံရပ်ခြားသွားတော့မှာကိုလေ..."
"သံယောဇဥ်ဆိုတဲ့ကြိုးတွေနဲ့ မင်းတို့တက်လမ်းတွေကို မပိတ်ပင်ချင်ပါဘူး
ကောပြောဖူးသလိုပဲ ပြီးရင် ကိုယ့်ဘဝနဲ့ကိုယ် ဆက်လျှောက်ကြရမှာပဲလား"
"....."
"ဒါပေမယ့်.....ဒါပေမယ့် နည်းနည်းတော့ ဝမ်းနည်းတာပေါ့ ၊ ငါတို့အတူရှိခဲ့တဲ့အချိန်တွေက မနည်းဘူးလေ"
"ကော....."
"ဘာပဲပြောပြော ငါ မင်းကိုတော့ စိတ်ချရပါတယ် ၊ ဟိုတစ်ယောက်သာဆိုရင်....."
"ကျွန်တော်လည်း စိတ်မချအဖြစ်ခံချင်ပါတယ်"
"အမ်..."
"ကော..."
လီယိုက ဆွဲဆွဲငင်ငင် ခေါ်သည်။
"ပြောလေ"
"နှစ်နှစ်ကျော်ဆိုတဲ့ အချိန်က ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချနိုင်ဖို့ လုံလောက်တဲ့အချိန်လို့ ကျွန်တော်ထင်တယ်"
"....."
"ကိုယ့်ဘဝနဲ့ကိုယ် လျှောက်လှမ်းကြရတော့မယ်ဆိုရင်တောင် အဲ့ဒီဘဝအစမှာ အဖော်တစ်ယောက်တော့ ဘေးမှာ ရှိနေရင် ပိုမကောင်းဘူးလား"
"လီယို"
"ကျွန်တော် မသွားခင် သိပါရစေ"
"ငါ....."
"ညကျမှ တစ်ခေါက် ထပ်လာခဲ့မယ်"
........................................................................
ရှောင်းကျန့် က ကောင်းကင်ကို မော့ကြည့်ကာ ကြယ်တွေကို တစ်လုံးပြီး တစ်လုံး ရေတွက်သည်။ ရောသွားလိုက် ၊ မျက်စိလည်သွားလိုက်ဖြစ်သွားတဲ့အခါ မျက်မှောင်ကုတ်၍ နှုတ်ခမ်းရဲရဲလေးက အလိုမကျစွာ စုချွန်သွားတတ်သည်။ ထိုအခိုက်အတန့်မျိုးကို ရိပေါ်က လွတ်မသွားအောင် ဖမ်းသည်။ ရှောင်းကျန့်ရဲ့အမူအရာတွေအပါအဝင် မျက်နှာပေါ် ဖြတ်ပြေးသွားတဲ့ အရိပ်တွေ၊ အပြောင်းအလဲတွေကို ငေးကြည့်ရတဲ့ အရသာက မည်သည်နှင့်မျှ မတူပေ။ ပြီးလျှင် ချစ်စိတ်က တရိပ်ရိပ်တိုးကာ အပိုင်သိမ်းပြီး ဖွက်ထားချင်လာပြန်သည်။ ရှောင်းကျန့်က ရိပေါ်ရဲ့ ဒုက္ခအိုးလေးဖြစ်သည်။
"ကော..."
"လာပြီလား ၊ လာ ထိုင်"
ရှောင်းကျန့်က ခြံထဲဝင်လာသော လီယို့ကို တစ်ချက်လှမ်းပြောကာ သူ့ကြယ်တွေကို ဆက်ရေတွက်သည်။ထိုအခါ ထိုသက်ရှိပန်းချီကားချပ်ကို ငေးရသည့် လူတစ်ယောက် တိုးလာပြန်သည်။ ကြာလျှင် ခက်ချေတော့မည်။ ယခုလည်း ခက်နေပါသည်။
"ကော..."
"မင်းတို့က ငါ့ရဲ့ညီငယ်လေးတွေပါပဲ
ငါ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး"
"....."
"ဒီလိုလေးပဲ ဆက်သွားလို့ မဖြစ်ဘူးလား"
"....."
"ကိုယ့်ခံစားချက်တွေကိုယ် မျိုသိပ်ပြီးတော့လေ....."
"ကျွန်တော့်တို့ ခံစားချက်တွေကို ကောသိပေမယ့် ကောခံစားချက်တွေကို ကျွန်တော်မသိဘူးလေ၊ တကယ်ပဲ သိချင်မိပါတယ်"
"....."
"ကော ဘယ်သူ့ကို ရွေး....."
"လီယို!!! မင်းတို့က အရွေးချယ်ခံရဖို့ ယှဥ်ပြိုင်ရမယ့် လူသားတွေလည်း မဟုတ်သလို ငါကလည်း ဘုရင့်သားတော်လေး မဟုတ်ဘူး"
"ဒါပေမယ့်.....ရိပေါ် မင်း ဝင်ပြောဦးလေ"
"ပြောစရာမရှိဘူး ၊
အဆုံးအစွန်ထိတွေးထားပြီး ငါဘာလုပ်မလဲဆိုတာ မင်းတို့နှစ်ယောက်လုံးကို ပြောဖူးပြီးသားပါ"
သက်ပြင်းချသံတွေပေါ်လာပြီးနောက် တိတ်ဆိတ်သွားပြန်သည်။
"အဲ့တော့ ဒီလိုပဲ ဆက်သွားရတော့မယ်ပေါ့
ကော ၊ ဒါ ကောရဲ့ဆုံးဖြတ်ချက်လား ကျွန်တော် ရှင်းရှင်းလင်းလင်းသိချင်တယ်"
"....."
"ကော...ကောရဲ့စိတ်၊ ခံစားချက် ဘယ်လိုရှိတယ်ဆိုတာကို တကယ်ပဲ မပြောပြတော့ဘူးလား"
"အမှန်တော့ ငါလည်း သိချင်တယ်
ရှောင်းကျန့်"
"မပြောချင်ဘူး"
"....."
"မပြောပြချင်ဘူးလို့
သုံးပွင့်ဆိုင်လာရင် တစ်စုံတစ်ယောက်က နာကျင်ရစမြဲပဲမလား၊ ငါ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး"
"မင်းမပြောပြတော့လည်း နာကျင်ရတာက နာကျင်ရတာပဲလေ"
"....."
ရိပေါ်စကားက ရှောင်းကျန့်အရှိုက်ကို တည့်တည့်ထိသည်။ တကယ်ပဲ ဒီကလေးနှစ်ယောက်လုံးအတွက် အဆင်ပြေစေမည့်လမ်းလို့ သူထင်ခဲ့တာ မှားသလား။ သူကိုယ်တိုင်လည်း သူ့ခံစားချက်တွေကို ဖုံးကွယ်ပြီးနေသွားတော့မှာကိုလေ။ သူ့ဆုံးဖြတ်ချက်ဟာ မှားလေသလား။
"တကယ်တော့ ငါတို့တွေဟာ ဘဝတစ်သက်စာလုံးအတွက် ဆုံးဖြတ်ချက်ချဖို့ ငယ်ပါသေးတယ်၊ တစ်ချိန်ချိန်မှာ မင်းတို့လည်း ငါ့ထက် ပို....."
"အဲ့လို မရှိဘူး"
"ဘယ်တော့မှပဲ"
နှစ်ယောက်လုံးစီမှ ပြိုင်တူအသံထွက်လာတဲ့အခါ ရှောင်းကျန့်က ငိုင်ကျသွားသည်။
တကယ်ပဲ ဘာလို့ နှစ်ယောက်လုံးကများ သူ့ကို...။ ခေါင်းကို လေးတွဲ့စွာ ယမ်းလိုက်သည်။
သူ မသိတော့ဘူး။ သူကိုယ်တိုင်လည်း သူရွေးချယ်လိုက်တဲ့ လမ်းအတွက် ခံစားရတာပါပဲ။
"ဒါမှမဟုတ် ကော... တခြားတစ်ယောက်ကိုများ..."
လီယို့စကားအဆုံးမှာ ရိပေါ်ကလည်း ခါးမတ်သွားကာ ရှောင်းကျန့်ကို စိုက်ကြည့်လာသည်။
"အဲ့လိုသဘော မဟုတ်ပါဘူး"
"ဒါဆို ကော ဘာလို့ မရွေး...
မဆုံးဖြတ်နိုင်ရတာလဲ"
"....."
"ကောလည်း နှလုံးသားရှိတဲ့လူပဲလေ
ဘာလဲ... တစ်သက်လုံး ဒီလိုနေသွားနိုင်လို့လား၊ ကိုယ်ချစ်တဲ့သူနဲ့ဝေးနေပြီးတော့လေ..."
"ငါတို့အားလုံး အတူတူရှိနေကြမှာပဲလေ"
"မသနားတော့ဘူးလား"
"ဟမ်"
"ကျွန်တော်စိတ်ပြတ်သွားချင်တယ်၊
ကျွန်တော့်အတွက် တိတိကျကျအဖြေကိုမသိရရင် ကျောင်းသွားတက်ဖို့ ကိစ္စကို ဖျက်လိုက်တော့မယ်"
"လီယို!!!ရူးနေလား"
အဲ့ဒီညက လီယိုက ခေါင်းမာတဲ့ကလေးတစ်ယောက်ဖြစ်ခဲ့သလို ရှောင်းကျန့်ကလည်း လီယို့ကို မအော်စဖူး အော်ခဲ့ပါသေးသည်။
"ကောသိပါတယ် ၊ ခံစားချက်တွေက ကလေးတုန်းကလို ဖြူဖြူစင်စင်မဟုတ်တော့တဲ့အခါ ဒီလို ဆက်သွားနေလို့ မဖြစ်ဘူးလေ"
"....."
"ဒီလိုစိတ်၊ ဒီလိုခံစားချက်တွေနဲ့ မရေရာပဲ ကောဘေးမှာ ဒီအတိုင်း ဆက်နေမသွားချင်တော့ဘူး၊ အဲ့တော့ ကောဘက်က ပြတ်သားတဲ့အဖြေပဲပေးပါ"
ရှောင်းကျန့်က မည့်သည့်စကားမှ ပြန်မဆို။
အချိန်အတော်ကြာ စဥ်းစားတွေဝေပြီးတဲ့နောက်မှာ ရှောင်းကျန့်က ရိပေါ်နှင့်လီယို၏ မျှော်လင့်ချက်တွေပြည့်နှက်နေသော မျက်ဝန်းနှစ်စုံကို စူးစိုက်ကြည့်ကာ စကားတစ်ခွန်း ပြောလာသည်။
"ငါ့ခံစားချက်တွေကို မင်းတို့ နှစ်ယောက်လုံး နားလည်ပေးမှာလား၊ ဘယ်သူမှ စိတ်မဆိုးရဘူးနော်"
ထိုအခါ ရှောင်းကျန့်၏အမေးစကားကို နှစ်ယောက်လုံးက ပြိုင်တူ ခေါင်းငြိမ့်ပြသည်။
"ဒါဆို သဘက်ခါ မနက် 10နာရီမှာ မင်းတို့နှစ်ယောက် ထဲက တစ်ယောက်ကို ငါ messageပို့လိုက်မယ် ၊ message ရတဲ့လူက ငါခေါ်တဲ့နေရာကိုလာခဲ့၊ မရတဲ့သူက လိုက်ချောင်းတာမျိုးတွေ ဘာတွေ မရဘူးနော်၊ နေခဲ့ ၊ငါခေါ်တဲ့သူ တစ်ယောက်တည်းပဲ လာရမှာ"
"ဒါဆိုရင် messageရတဲ့ သူက ကောကို..."
"အဲ့ဒီနေ့ကျ သိရမှာပေါ့
ကြားထဲနှစ်ယောက်လုံး ငါ့ဆီ မလာခဲ့နဲ့"
ရှောင်းကျန့်က သူပြောချင်ရာ ပြောပြီး အိမ်ထဲဝင်သွားသည်။ ခြံထဲမှာ ရိပေါ်နှင့် လီယို နှစ်ယောက်သာ ကျန်တော့သည်။
ရိပေါ်က ခုနက ရှောင်းကျန့် လုပ်သလိုမျိုး ကြယ်တွေကို ရေတွက်ကြည့်နေသည်။ လီယိုကတော့ တစ်ယောက်တည်း အတွေးများနေသည်။
"မင်း တကယ်ပဲ သွားတော့မှာလား"
"အင်း ၊ ပါးနဲ့မားကို စိတ်မပျက်စေချင်ဘူး"
"....."
"ရိပေါ် ကော ဘယ်လိုပဲ ဆုံးဖြတ်၊ဆုံးဖြတ် မင်းလက်ခံမယ်မလား"
"သူ့ခံစားချက်တွေ ဘယ်လိုနေနေ ငါ လက်ခံပေးနိုင်တယ်၊ ငါ့ခံစားချက်တွေအတွက်လည်း ငါ လုပ်သင့်တာရှိရင် ဆက်လုပ်မှာ၊ ငါ သူနဲ့မခွဲနိုင်ဘူး"
ရိပေါ်စကားအဆုံးမှာ လီယို့အသံက တိုးညှင်းစွာ ထွက်လာသည်။
"ငါလည်း ကောနဲ့မခွဲနိုင်ပါဘူး"
"....."
"ရိပေါ် မင်းနဲ့ငါက အမူအကျင့် ၊စရိုက်တွေ ဘာမှ မတူပေမယ့်..... "
"....."
"တစ်စုံတစ်ယောက်ကို ချစ်တာခြင်းတော့ ထပ်တူကျခဲ့တယ် ထင်တယ်"
........................................................................