အကိုသူရရဲ့ ကျေးဇူးကြောင့် ကျောင်းမှာ ကျွန်တော် လွတ်လွတ်လပ်လပ်မနေရ။ ဟိုလူကကြည့် ဒီလူကကြည့်နဲ့ နေရတာ တကယ်အဆင်မပြေ။
ရှက်လို့လားဆိုတော့ မဟုတ်ဘူး။ အကိုသူရက ကျွန်တော့်အမျိုးသားမို့ သူ ကျွန်တော့်ကို နမ်းတာက ရှက်စရာကောင်းတဲ့ အပြုအမူမဟုတ်ဘူး။ ကျွန်တော်က ဒီအတိုင်း လူတကာက လိုက်ကြည့်နေကြတော့ နေရထိုင်ရတာ ကျဉ်းကျပ်တာ။ အဲ့ဒါကြောင့် ကျွန်တော်က လူရှေ့သူရှေ့ဆို ဘယ်တော့မှ မနမ်းချင်။
အခုတော့ အကိုသူရကြောင့် ကျွန်တော့်မှာ ဘယ်မှမသွားချင်။ အခန်းထဲကနေ အခန်းအပြင်ကိုလည်း မထွက်ချင်။
🎶သူ့ရဲ့အပြုံးဟာ ရင်ခုန်သည်...
တစ်သက်လုံး ဒီအတိုင်း ချစ်ချင်သည်...
အကြင်နာ ချစ်စကား ပြောခွင့်ပေးပါအတည်...
အသည်းမှာလည်း စိုးရိမ်သည်...
သူများဦးမှာ တွေးကြောက်သည်...
အခုတော့ သိပြီ သူ့ကို ကိုယ်ချစ်သည်...🎶
ဖုန်း Ringtone က မိုက်လှပါလား။
🎶သူ့ရဲ့အပြုံးဟာ ရင်ခုန်သည်...
တစ်သက်လုံး ဒီအတိုင်း ချစ်ချင်သည်...
အကြင်နာ ချစ်စကား ပြောခွင့်ပေးပါအတည်...
အသည်းမှာလည်း စိုးရိမ်သည်...
သူများဦးမှာ တွေးကြောက်သည်...
အခုတော့သိပြီ သူ့ကို ကိုယ်ချစ်သည်...🎶
----------
🎶သူ့ရဲ့အပြုံးဟာ ရင်ခုန်သည်...
တစ်သက်လုံး ဒီအတိုင်း ချစ်ချင်သည်...
အကြင်နာ ချစ်စကား ပြောခွင့်ပေးပါအတည်...
အသည်းမှာလည်း စိုးရိမ်သည်...
သူများဦးမှာ တွေးကြောက်သည်...
အခုတော့သိပြီ သူ့ကို ကိုယ်ချစ်သည်...🎶
"....."
တစ်ဆိတ်။ လွန်ပြီလို့ မထင်ဘူးလား။ ဒီလောက်တောင် ဖုန်းမြည်နေတာကို မကိုင်ချင်ရင်လည်း စက်ကိုပိတ်လေ။
တိတ်တိတ်ဆိတ်ဆိတ်နေချင်ပါတယ်ဆိုမှ ဘယ်ငါယိုးကောင်က ဖုန်းကို မကိုင်ဘဲ ထား,ထားရတာလဲ။ ဘယ်ကောင်လဲဆိုပြီး ဘေးကိုကြည့်တော့လည်း သူတို့က ကျွန်တော့်ကို ပြန်ကြည့်နေကြတယ်။ ကြာတော့ စိတ်ကတိုလာပြီ။
"သီဟနိုင် မင်းအိတ်ထဲက အော်နေတာကွ"
ဟိုကြည့်၊ဒီကြည့်လုပ်နေတဲ့ ကျွန်တော့်ကို ငမိုးက လှမ်းပြောလိုက်ခြင်းဖြစ်တယ်။
"မဟုတ်ဘူး... ငါက လင်းလက်ပါကြယ်လို"
"ဟုတ်ပါတယ်ဆိုကွာ။ မင်းဆီက အသံထွက်နေတာ။ မယုံရင် ထုတ်ကြည့်"
ငမိုးရဲ့စကားကြောင့် ကျွန်တော် ဇဝေဇဝါနဲ့ ဖုန်းကို ထုတ်ကြည့်လိုက်တယ်။
ဟမ်!! တကယ်ကြီး ကျွန်တော့်ဆီက အသံထွက်နေတာပဲ။ ဒါပေမယ့် ကျွန်တော့်ဖုန်းမဟုတ်ဘူး။
ကျွန်တော့်ဖုန်းမဟုတ်ပေမယ့် အခု ပေါ်နေတဲ့ Contact name ရယ်။ နောက်ခံထည့်ထားတဲ့ အပုံရယ်ကြောင့် ဘယ်သူ့ဖုန်းဆိုတာကို ကျွန်တော် တွေးကြည့်စရာမလို။
ဟုတ်ပါတယ်။ အကိုသူရစိုးပါပဲ။ ဘယ်လိုလုပ် သူ့ဖုန်းက ကျွန်တော့်ဆီ ရောက်နေမှန်းမသိဘူး။
"အကိုသူရစိုး ဘာကိစ္စ ကျွန်တော့်နံပါတ်ကို ချစ်ဇနီးလေးလို့ မှတ်ထားရတာလဲ"
ဖုန်းကိုင်,ကိုင်ချင်း ကျွန်တော် ပြောထည့်လိုက်တယ်။
"ဘာဖြစ်လို့လဲ။ ကလေးလေးက ကိုယ့်ဇနီးလေးပဲလေ"
"ကျွန်တော်က ယောက်ျားကြီးလေဗျာ။ ဘယ်လိုလုပ် ဇနီးဖြစ်မှာတုန်း"
"အဲ့ဒါဆို ချစ်ယောက်ျားလေးလို့ ပြောင်းမှတ်လိုက်မယ်"
"ဟာဗျာ... ဒါနဲ့ ဖုန်းတွေက ဘာလို့ပြောင်းပြန်ဖြစ်နေရတာလဲ။ ခင်ဗျား လဲသွားတာလား"
"မဟုတ်ဘူး။ မနေ့က လောလောနဲ့ဆိုတော့ မှားသွားတာထင်တယ်။ ကိုယ်လည်း အခုမှသိတာ။ ကလေးလေး အပြင်ခဏထွက်လိုက်ဦး"
"မထွက်ချင်ဘူး။ ဘာထွက်လုပ်ရမှာလဲ"
"ထွက်လိုက်ပါ ကလေးလေးရဲ့။ အပြင်မှာ ကလေးလေးကို စောင့်နေတဲ့လူရှိတယ်"
"အကိုသူရစိုး ခင်ဗျား ရောက်လာပြန်ပြီလား"
"မဟုတ်ဘူး။ ကိုယ်မဟုတ်ဘူး။ ကိုယ်မအားလို့ ကလေးလေးဆီကို လူတစ်ယောက်လွှတ်ပြီး စားစရာပို့ခိုင်းလိုက်တာ"
"ခင်ဗျားဗျာ အလကားအလုပ်ရှုပ်အောင်။ ဘာတွေ ပို့လိုက်တာလဲ"
"သစ်သီးရေခဲလုံးလေးတွေ။ ကလေးစားချင်တယ်ဆိုလို့"
"ခင်ဗျားဗျာ..."
"ကြိုက်တယ်မလား"
"အင်း"
ကျွန်တော့်အဖြေကိုကြားတော့ အကိုသူရက ရယ်တယ်။
"ခေါ်ပါဦး ကိုယ့်ကို ကိုကိုလို့"
"ကိုကို"
"ချစ်လိုက်တာကွာ... ကိုယ့်ကလေးလေး ကျောင်းထွက်လိုက်ပါတော့လား"
"ဟမ်..."
"စတာ... စတာ... စနေနေ့ကျရင် ကိုကိုတို့ အိမ်ဒီဇိုင်းဆွဲဖို့ အင်ဂျင်နီယာနဲ့ ချိန်းထားတယ်သိလား။ ကဲ ကလေးလေး အပြင်ထွက်ပြီး သွားယူလိုက်ဦးနော်။ ကိုကို ဖုန်းချလိုက်တော့မယ်"
"ဟုတ်ကဲ့"
"လဒကောင် လင်နဲ့ဖုန်းပြောရတော့ကျ မျက်နှာက တစ်မျိုး"
ကျွန်တော် ဖုန်းချပြီးချင်း ငမိုးက ဆီးကြိုလို့ ပြောလိုက်ခြင်းဖြစ်တယ်။
"အေး။ မင်း ငါနဲ့ ကျောင်းအပြင်ကို ခဏလိုက်ခဲ့ဦး"
"ဘာလဲ မင်းလင်ကြီး ရောက်လာပြန်ပြီလား"
"မဟုတ်ဘူး။ သူ ငါ့ဆီကို မုန့်ပို့လိုက်တာတဲ့"
ငမိုးက စိတ်လေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ထိုင်ရာမှ ထတယ်။ ပြီးတော့ ကျွန်တော်နဲ့အတူတူ ကျောင်းအပြင်ကို လိုက်လာပေးတယ်။
"ငါကြည့်သလောက်တော့ မင်းက ဒီလောက်ကြီး ချစ်စရာလည်း မကောင်းပါဘူး။ အကိုသူရစိုးက ဘာဖြစ်လို့ မင်းကို ဒီလောက်တောင် ချစ်နေရတာလဲ"
လမ်းလျှောက်နေရင်းနဲ့မှ ငမိုးက မေးလာခြင်း ဖြစ်တယ်။
"ဘယ်သိမလဲကွ။ ငါ သူ့ကို တစ်ခါမှ အဲ့လို မမေးကြည့်ဖူးဘူး"
"မင်းကရော..."
"ဘာကိုမေးတာလဲ"
"သူနဲ့နေရတာ ဘယ်လိုလဲ။ ပျော်လား"
" ပျော်တယ်ပဲ ထားပါတော့"
"ဘာလဲ ပျော်တယ်ပဲ ထားပါတော့က။ ပျော်ရင် ပျော်တယ်။ မပျော်ရင် မပျော်ဘူးပေါ့ကွ။ သီဟနိုင် မင်း သူ့ကို တကယ်ချစ်တာရော ဟုတ်ရဲ့လား။ မေမြို့ကဆိုတာနဲ့ ယူလိုက်တာမလား။ ငါ မင်းကို မယုံချင်ဘူးနော်"
ဘာလဲ... ဒီကောင်။ ဒီနေ့ ဘာဖြစ်နေတာလဲ။ တစ်ခါမှ မမေးဖူးတာတွေ လာမေးနေတယ်။
"ငမိုး မင်း ဆေးမှားသောက်ခဲ့တာလား"
ကျွန်တော်မေးတော့ နားမလည်သလိုမျိုး ကြောင်နေတယ်။
"တစ်ခါမှ မမေးဖူးတာတွေ လာမေးနေလို့"
"လဒ... ငါက အကောင်းမေးနေတာကို။ တော်ပြီကွာ... နောက်တစ်ခါ လုံးဝ မမေးတော့ဘူး"
"မဟုတ်ပါဘူးကွာ။ မင်းက ငါ့အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး တစ်ခါမှ မမေးဖူးတော့ ငါ့စိတ်ထဲ တစ်မျိုးဖြစ်သွားလို့ပါ"
"ငါက မင်းပျော်နေရဲ့လား သိချင်ရုံပါပဲ။ ငါတို့ ငယ်ငယ်လေးကတည်းက ပေါင်းလာကြတာ မင်းက ယောက်ျားလေးချင်း စိတ်ဝင်စားတယ်လို့ တစ်ခါမှ မကြားဖူးခဲ့ဘူးလေ။ အဲ့ဒါကြောင့် မင်း အကိုသူရစိုးကို တကယ်ချစ်တာရော ဟုတ်ရဲ့လားလို့ ငါတို့ကောင်တွေက တွေးမိလာလို့... တကယ်မချစ်ရင်တော့ မင်း အကိုသူရစိုးကို..."
"ငါ သူ့ကို ချစ်ပါတယ်..."
ကျွန်တော် သူ့စကားကို ဖြတ်ပြောလိုက်တော့ ငမိုးက လမ်းလျှောက်နေတာကို ရပ်လိုက်ပြီး ကျွန်တော့်ကိုကြည့်လာတယ်။ ကျွန်တော်သိပါတယ်။ ကျွန်တော်ပြောတာ အမှန်တွေလားဆိုတာကို သူက အကဲခတ်နေတာ။
"သူ ငါ့ကို ကလေးလေးလို့ခေါ်တိုင်း ရင်ထဲမှာ ကြည်နူးပြီး ယားကျိကျိဖြစ်မိတာ။ သူ့ဆီကနေ ခွဲပြီးမနေချင်တော့ဘူးကွာလို့ကြားတိုင်း ငါပျော်တယ်။ ငါ သူနဲ့ နေ့တိုင်းနေ့တိုင်း အတူတူအိပ်ချင်တယ်"
"မင်း တကယ်ပြောနေတာလား သီဟနိုင်"
"အင်း။ ငါ တကယ်ပြောနေတာ။ ငါ တကယ် သူ့ကို ချစ်တယ်"
3.12.2021