"သွားကဲကြမယ် ယေး!!"
ပြီးပါပြီ။
သူတို့ရဲ့ အထက်တန်းကျောင်းသားဘဝ
ဒီမှာတင် ပြီးပါပြီ။
ယခုအချိန်မှာ အောင်စာရင်းကိုတော့ ဘေးချိတ်ထားပါသည်။
လျှောက်သွားရန် တစ်ယောက်တစ်ပေါက် နေရာရွေးကာ ဆူညံနေသော သူငယ်ချင်းများကို နှုတ်ဆက်ပြီး ပြန်ရန် ရှောင်းကျန့်ဆုံးဖြတ်လိုက်သည်။ရိပေါ်ကို ပေးထားသော ကတိကို ဖျက်လို့မဖြစ်ပါ။
"ဟို...အဲ့တာဆို မင်းတို့ပဲ သွားလိုက်ကြပါ
ငါပြန်နှင့်လိုက်မယ်"
"ဟာ ရှောင်းကျန့်!"
တစ်ယောက်တစ်ပေါက် အသံများက ခုနကထက် ပိုဆူညံသွားသည်။
"ဘာလဲ မင်းက ခွဲခြားခွဲခြားနဲ့..."
"အေးလေ...ဒီနေ့နောက်ဆုံးနေ့ပါဆို
လူမစုံရင် ဘယ်ပျော်စရာကောင်းပါ့မလဲ"
"မရဘူး... ရှောင်းကျန့် မင်းလိုက်ခဲ့ရမယ်"
"နော်...ရှောင်းကျန့်...နော်လို့"
ရှောင်းကျန့် အစွမ်းကုန်ငြင်းသော်လည်း ကျိုးချန်ကပါ ဆွဲခေါ်နေသည်မို့ မတတ်နိုင်၊ နောက်ဆုံးတော့ လိုက်သွားရန်သာ ဆုံးဖြတ်လိုက်သည်။
ဘာပဲပြောပြော ဒီလို အထက်တန်းနောက်ဆုံးရက်မှာ သူငယ်ချင်းတွေနှင့် ကုန်ဆုံးရတာလည်း တမျိုးကောင်းတာပါပဲ။ ဒီလိုအချိန်တွေက ပြန်ရနိုင်ဖို့ မသေချာဘူးလေ။ ရိပေါ်ကိုတော့ သူ အသေအချာ တောင်းပန်ရပါဦးမည်။
အဖွဲ့လိုက် ကျောင်းတံခါးဆီသို့ထွက်လာရင်း
ရှောင်းကျန့် ရိပေါ်အရိပ်အယောင်လေးများ မြင်မိမလား ရှာသေးသည်။ မတွေ့ပါပေ။
မနက်က ပြောစကားအရ ရိပေါ်တစ်ယောက်
စက်ဘီးထားသည့် နေရာမှာသာ စောင့်နေမှာ အသေအချာ ။ထိုနေရာထိ သူသွားပြောလိုက်လျှင်လည်း ရိပေါ်က ပြန်လွှတ်ဖို့ မသေချာ။
သူ ဒီလိုနောက်ဆုံးနေ့မှာ ပျော်နေတဲ့ သူငယ်ချင်းတွေကို စိတ်မပျက်စေချင်ပါ။ ရှောင်းကျန့် စိတ်ဒုန်းဒုန်းချ၍ ကျောင်းတံခါးဆီကိုသာ ဦးတည်လိုက်ပါသည်။
ဘတ်စ်ကားဂိတ်မှာ ဘတ်စ်အလာထိုင်စောင့်တော့ ကျိုးချန်က ငြိမ်ချက်သားကောင်းနေသော ရှောင်းကျန့် အနား ကပ်လာသည်။
"ဘာလဲ..... ကိစ္စရှိလို့လား"
"အင်း ရိပေါ်နဲ့ချိန်းထားလို့"
"မင်းပါပါးနဲ့မင်းက အိမ်နီးချင်းတွေပဲ
ဘယ်ချိန်တွေ့တွေ့ရပါတယ်
ငါတို့တွေအတွက်က မသေချာဘူးလေ"
"အဲ့တာလည်း ဟုတ်ပါတယ်"
"သူ နားလည်မှာပါ"
"အင်း"
ကျိုးချန်နှင့် ပြောပြီး ရှောင်းကျန့်ဖုန်းထုတ်ကာ ရိပေါ်ဆီ မက်ဆေ့ ပို့လိုက်သည်။
ပြီးနောက် ကွက်တိရောက်လာသော ဘတ်စ်ကားပေါ် တက်လိုက်သည်။
သူ ဒီနေ့ စိတ်လွတ်ကိုယ်လွတ် ပျော်ပစ်လိုက်ချင်သည်။
........................................................................
'တောက်'
မက်ဆေ့ကို ဖတ်ပြီး ထောင်းခနဲထွက်လာသော ဒေါသနှင့်အတူ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူ ဒီလောက်မှာထားတာတောင် ရှောင်းကျန့်ဆိုသည့် အမျိုးသားဟာလေ.....
စက်ဘီးကိုဆွဲယူကာ သွားရန်ပြင်တော့ ခပ်လှမ်းလှမ်းတွင် ရပ်နေသော လီယိုက မေးသည်။
"ကောက ဘာတဲ့လဲ"
"ပြန်တော့"
နောက်လှည့်မကြည့်ပဲ ဖြေကာ စက်ဘီးကို နင်းထွက်လိုက်သည်။အိမ်ပြန်ပြီး ကတိမတည်သော တစ်စုံတစ်ယောက်ကိုသာ စောင့်နေရန် ဆုံးဖြတ်လိုက်သည်။
ရိပေါ် အိမ်ပြန်ရောက်၍ အဝတ်အစားလဲပြီးတာနှင့် တစ်ဖက်ခြံသို့ ကူးသည်။
ရှောင်မားကို အကျိုးအကြောင်းပြောကာ ဧည့်ခန်းထဲမှာသာ တီဗွီထိုင်ကြည့်နေလိုက်သည်။
ရိပေါ်စောင့်နေတာ တစ်နေ့လည်လုံးသာမက ညနေတောင် ရောက်လာပြီ။
တစ်စုံတစ်ယောက်ကတော့ ပြန်မရောက်သေး။ ငြိမ်နေသော စိတ်အစဉ်က ဒေါသအဖြစ်သို့ တရွေ့ရွေ့ ကူးပြောင်းသည်။
နံရံပေါ်က နာရီကို တကြည့်ကြည့်နှင့် ထိုင်မရ ၊ ထမရဖြစ်နေသော သူ့ကို ရှောင်မားက လေပြေလေးနှင့် နှစ်သိမ့်သည်။
ကြားထဲက ရှောင်မားကို အားနာလာတာနှင့်
သူ ငြိမ်ငြိမ်လေးထိုင်၍သာ စောင့်နေလိုက်သည်။
အချိန်အတန်ကြာသော်
"မား...မား...မာမား"
ရှောင်းကျန့် ပြန်လာပြီ။
ရိပေါ်က အသံကြားတာနှင့် အိမ်အပြင်ကို ပြေးထွက်သည်။ ကျိုးချန်တွဲထားသော ရှောင်းကျန့်က ဒယိမ်းဒယိုင်နှင့် ခြံထဲဝင်လာသည်။ ရိပေါ် မျက်မှောင်ကြုံ့လိုက်မိသည်။
ရှောင်းကျန့်က မူးလာတာလား။
အပြေးသွားကာ ကျိုးချန်လက်ထဲမှ ရှောင်းကျန့်ကို ဆွဲယူကာ လက်ပြောင်းတွဲလိုက်သည်။ရိပေါ်ရဲ့ အကြည့်စူးစူးတွေကို သတိထားမိသွားသည့် ကျိုးချန်က ဟီးခနဲ ရယ်ပြလာသည်။ကြည့်ရတာ သူလည်း မူးနေသည့်ပုံပေါ်ပေမယ့် ရှောင်းကျန့်လောက်တော့ အခြေအနေ မဆိုးသေး။
"ဘယ်လိုဖြစ်တာလဲ"
"နည်းနည်းကောင်းသွားတယ်... ညီလေး"
"ရပြီ ပြန်တော့"
ကျိုးချန်ကို ပြောပြီးတာနှင့် ရိပေါ်က ရှောင်းကျန့်ကိုတွဲကာ အိမ်ထဲဝင်သွားသည်။
ကျိုးချန်လည်း သူ့ကို အိမ်ထဲဝင်ဖို့တောင် ခေါ်မသွားသော ဝမ်ရိပေါ်ကို နောက်ကနေ ပြေးကန်ချင်စိတ် ပေါက်လာသည်။ သို့ပေသိ သူတကယ် မလုပ်ရဲပါ။ ရှောင်းကျန့်ပါပါးက ကြောက်စရာကောင်းသည်။ ခြံတံခါးကို အသာပိတ်ကာ အိမ်ပြန်ရန် တက်စီသာ ငှားလိုက်တော့သည်။
"ဟယ်... ဘယ်လိုဖြစ်လာတာလဲ"
"သူငယ်ချင်းတွေနဲ့ နည်းနည်းသောက်လာတယ်နဲ့တူပါတယ် ကျွန်တော် အပေါ်ခေါ်သွားလိုက်တော့မယ်"
"ရလား သား နိုင်လို့လား"
"ရတယ် မား"
ရိပေါ်က အမူးသမားလေး ရှောင်းကျန့်ကို အပေါ်ထပ်ရှိ အခန်းဆီသို့ တွဲခေါ်သွားသည်။
အခန်းထဲကို ရောက်တာနှင့် ကုတင်ပေါ်ပစ်ချလိုက်တော့ ရှောင်းကျန့်က မျက်နှာတစ်ချက်မဲ့သွားသေးသည်။ပြီးတာနှင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။
အိပ်ပျော်နေသော ရှောင်းကျန့်ကို ကြည့်ကာ မောင်းတင်ထားသော ရိပေါ်ဒေါသတွေက ကြက်ပျောက်ငှက်ပျောက်။သူကသာ အိမ်ကနေ ရတတ်မအေးဖြစ်နေတာ၊ ရှောင်းကျန့်က သောက်ပြီး မူးတောင်မူးလာသေးသည်။
သူ ဒီ ကတိမတည်တဲ့ အမူးသမားလေးကို ဘယ်လိုအပြစ်ပေးသင့်သလဲ။
........................................................................
ရှောင်းကျန့် နိုးလာတော့ ခေါင်းထဲမှာ တရိပ်ရိပ်နှင့် ရီဝေဝေ ဖြစ်နေသေးသည်။ ဘယ်အချိန် ဘယ်လို အိပ်ပျော်သွားမှန်းမသိတော့ နေ့လား ၊ ညလားတောင် မသဲကွဲ။
ရေချိုးခန်းထဲဝင်ကာ အားပါးတရ ရေချိုးပစ်လိုက်မှ အနည်းငယ် လန်းဆန်းလာသည်။
အောက်ထပ်ကို ဆင်းလာတော့ မားနှင့် တန်းတိုးသည်။
"နိုးပြီလား အမူးသမားလေး "
"အာ... မား"
"သံပရာရည်ဖျော်ထားတယ် သောက်လိုက်ဦး"
"မားကအကောင်းဆုံးပဲ"
"လုပ်ချင်တာ လုပ်ပြီးရင် ချွဲပြီ"
ရှောင်းကျန့်လည်း မားကို သွားဖြဲကာ မျက်နှာချိုသွေးလိုက်သည်။
"မား ခုက မနက်လား ၊ ညလား"
"အမလေးလေး ဒီလောက်တောင် အခြေအနေဆိုးလား ကျန့်ကျန့်ရယ်"
"ဟီး"
"အပြင်ကို သေချာကြည့်ဦး
မှောင်ရိပ်စသန်းနေပြီဆိုတော့ ညပေါ့ ကျန့်ကျန့်ရဲ့ ၊ ညနေစောင်းမှ ပြန်လာပြီး အိပ်ပျော်နေတာ နှစ်နာရီခွဲလောက်ရှိပြီ"
"ဟုတ်လား"
"ဟုတ်ပါ့ ရိပေါ်တောင် ခုနကမှ ပြန်သွားတာ"
"ရိပေါ်..."
ဟုတ်သည်။ ရိပေါ်ကို သူမေ့နေသည်။
နေ့လည်က ရိပေါ်ကို မက်ဆေ့ပို့ပြီးတာနှင့် သူ ဖုန်းကို လွယ်အိတ်ထဲမှာ ထည့်ပစ်ထားတာ ထုတ်မကြည့်မိ။ ကျိုးချန်တို့ သူငယ်ချင်းတသိုက်နှင့် ကာရာအိုကေဆိုလိုက်၊ သောက်လိုက်စားလိုက် ပျော်ပါးနေသဖြင့် စောစောပြန်မည်ဟူသော အတွေးလည်း လေထဲမှာ
လွင့်ပါသွားသည်။
သူ ငြင်းသော်လည်း သူငယ်ချင်းတွေ ဝိုင်းတိုက်သော အပျော့စား အယ်ကိုလ်ဟောပါသည်ဆိုရုံတင်ဟူသော အရည်တွေကို ဘယ်နှခွက်တောင် သောက်မိမှန်းမသိ။ အိမ်ကို ဘယ်လိုဘယ်ပုံပြန်ရောက်လာသည်ပင် မသိပေ။
မားပြောမှပင် သူ ရိပေါ်ကို သတိရသည်။
ရိပေါ်! ရိပေါ် သူ့ကို ဘယ်လောက်တောင်စိတ်ဆိုးနေမည်မသိ။ အိမ်ထဲကနေ ပြေးထွက်ကာ ရိပေါ်ရှိရာဆီကို ဦးတည်လိုက်သည်။
........................................................................
"စက်ဘီးသွားယူ"
ရိပေါ်တို့ခြံဘက်ကို အပြေးသွားကာ ဧည့်ခန်းထဲမှာထိုင်နေသော ရိပေါ်ကို မြင်မြင်ချင်း တောင်းပန်ရန်ပြင်တော့ အေးစက်စက်ထွက်လာသော ရိပေါ်စကားက တစ်ခွန်းတည်း။
"ဒီအချိန်ကြီး..."
"သွားယူ"
ရိပေါ်စကားအဆုံး ရှောင်းကျန့်က ခြံဘက်ကို ပြန်ပြေးကာ စက်ဘီးဆွဲထုတ်၍ပြန်လာသည်။
"ရော့"
"ရှေ့ကနင်း"
ရိပေါ်က ကယ်ရီယာခုံပေါ် တက်ခွသည်။
ရှောင်းကျန့်လည်း ရိပေါ်ပြောသည့်တိုင်း ရှေ့ခုံပေါ်ထိုင်ကာ စနင်းထွက်လိုက်သည်။
"ဘယ်ကို..."
"ညဈေးတန်း"
တစ်ခွန်းတင်ပြောသွားသော ရိပေါ်က ဈေးတန်းကို ရောက်သည်အထိ မည်သည့်စကားမျှ မဆိုတော့။
လေထုက ငြိမ်ငြိမ်သက်သက်။
မျက်စိရှေ့ရောက်လာသော
ခေါက်ဆွဲနှစ်ပွဲက ပူပူနွေးနွေး။
ရိပေါ်မျက်နှာက အေးစက်စက်။
ရှောင်းကျန့် နေရခက်လာသည်။
ခေါက်ဆွဲကို တူနှင့် ဟိုမွှေဒီမွှေလုပ်နေသော ရှောင်းကျန့်ကို ရိပေါ်က မျက်လုံးလှန်ကြည့်သည်။
"စားလေ"
"အင်း"
နှစ်ယောက်ကြား ပြောစရာမရှိသည့်အလား ပြန်လည်တိတ်ဆိတ်သွားသည်။ မနေနိုင်သည့် ရှောင်းကျန့်ကပဲ စကားစရသည်။
"ဟို... ရိပေါ်...မနက်က..."
"စားစရာရှိတာသာ စား"
"အင်း"
ဘာလဲ၊ ရိပေါ်က သူပြောတာကို နည်းနည်းလေးတောင် နားမထောင်ချင်ဘူးလား။
ခေါက်ဆွဲက အဲ့လောက် အရေးကြီးလို့လား။
"စားပြီးရင် ပြောစရာရှိတယ်
မဟုတ်ဘူး ခုပြောမယ်"
"ပြောလေ ရိပေါ်"
ရိပေါ်က မပြောသေးပဲ တိတ်ဆိတ်သွားသည်။ရှောင်းကျန့်က ခေါက်ဆွဲကို တူနှင့်ညှပ်ကာ ပါးစပ်ထဲသို့ထည့်သည်။
"ရှောင်းကျန့် မင်းက အဲ့ဒီလူပဲ"
"..."
ခေါက်ဆွဲဝါးစားနေသော ရှောင်းကျန့်က သူ့ကို ပြန်မဖြေနိုင်သေး၊ ကြည့်ရုံသာကြည့်နေသည်။
"အချစ်ဆိုတာသာ တကယ်ရှိရင်....."
"..."
"ငါ မင်းကို ချစ်တယ်"
ရှောင်းကျန့်လက်ထဲမှ တူတစ်စုံက လျှောကျသွားသည်။ပါးစပ်ထဲမှာ ခေါက်ဆွဲတွေ အပြည့်အသိပ်ထည့်ဝါးနေသောကြောင့် ပါးဖောင်းဖောင်းနှင့် ရှောင်းကျန့်က ရိပေါ်ကို မျက်လုံးအဝိုင်းသားဖြင့် တအံ့တသြကြည့်နေသည်။ ရိပေါ်ကတော့ ရှောင်းကျန့်ကို နှုတ်ခမ်းတွန့်ရုံလေး ပြုံးပြနေခဲ့ပါသည်။
........................................................................