စာမေးပွဲက တစ်ပတ် ၊ဆယ်ရက်ခန့်သာ လိုတော့သည့်အတွက် ကျောင်းတက်ချိန်တွေကို နားလိုက်ကာ Private study လုပ်ရန် ရက်သတ်မှတ်ပေးလိုက်သည်။ ဒီကြားထဲ ကျောင်းတက်စရာမလိုတော့သည့်အတွက် စာမေးပွဲမှသာ အားလုံးပြန်လည်ဆုံတွေ့ကြရမည်ဖြစ်သည်။ သူငယ်ချင်းတွေနဲ့ နှုတ်ဆက်ကြတော့ ကျိုးချန်က ရှောင်းကျန့်ကို ရိပေါ်နှင့် တပူးပူးတတွဲတွဲ မခွဲမခွာလုပ်မနေပဲ စာကိုဂရုတစိုက်လုပ်ဖို့ မှာသဖြင့် ရှောင်းကျန့်မှာ အော်ရယ်ရသေးသည်။
ထိုကာလအတွင်း ရှောင်းကျန့် ဘယ်ကိုမှ
မထွက်ဖြစ်ပါ။ ယုတ်စွအဆုံး လမ်းထိပ်က စျေးဆိုင်ကိုပင် မသွားဖြစ်ပါ။ မားကလည်းမခိုင်းတော့ပါ။ စာမှစာ ဖြစ်နေသည်။ အထက်တန်းအမှတ်ကောင်းမှသာ ကိုယ်နှစ်သက်ရာ တက္ကသိုလ်ကို ရွေးချယ်နိုင်မည်မလား။ နှစ်စကတည်းက စာမှန်မှန်လုပ်ခဲ့သည့်အတွက် စိုးရိမ်စရာတော့ မရှိပါ။ ကြားထဲ လီယိုနှင့် ကိစ္စကလည်း စာနှင့်ပတ်သတ်၍ သူ့ကို အဟန့်အတား မဖြစ်စေခဲ့ပါပေ။
"ရှောင်းကျန့်"
"ရိပေါ် လာပြီလား"
"အင်း"
"ညစာရော"
"စားခဲ့ပြီ"
"အင်း"
ရှောင်းကျန့်က ရိပေါ်ကိုပြောပြီးတာနှင့် သူ့စာသူ ဆက်ကြည့်နေသည်။ ရိပေါ်လည်း ရှောင်းကျန့်ကုတင်ပေါ် ဝင်ထိုင်ကာ အိမ်ကယူလာတဲ့ စာအုပ်တွေထုတ်၍ စာကြည့်နေလိုက်သည်။ ကိုယ့်စာကိုယ်သာ ဂရုတစိုက်ကြည့်နေကြသည်မို့ စကားလည်း မပြောဖြစ်။ အချိန်မည်မျှကြာသွားသည်တောင်မသိ၊နည်းနည်းညောင်းပြီး ပင်ပန်းလာတာမို့ ရိပေါ် နာရီကြည့်လိုက်တော့ သူ စာကြည့်နေတာ နှစ်နာရီခွဲလောက်ရှိပြီ။ဒါဆို သူမလာခင်ကတည်းက စာထိုင်ကြည့်နေတဲ့ ရှောင်းကျန့်ကရော? ရှောင်းကျန့်ကို ကြည့်လိုက်တော့ စာကြည့်စားပွဲမှာ တကုပ်ကုပ်နှင့် ခေါင်းမဖော်တမ်း စာကုန်းရေးနေသည်။ အချိန်ကိုတောင် သတိထားမိပုံမပေါ်ပေ။
ရိပေါ် ကုတင်ပေါ်မှဆင်းကာ ရှောင်းကျန့် ထိုင်ခုံနောက်ကို တိုးကပ်သွားလိုက်ပြီး စာကုန်းရေးနေတဲ့ ရှောင်းကျန့်ကို လက်နှစ်ဖက်ဖြင့် ဆွဲယူကာ နောက်သို့လှန်လိုက်သည်။
ရှောင်းကျန့်က ထိုင်ခုံနောက်မှီပေါ် မှီချကာ အပေါ်ကို မော့ကြည့်လာတော့ အောက်ကို ငုံ့ကြည့်နေသော ရိပေါ်နှင့် တည့်တည့်တိုးသည်။
"မှိတ်ထား"
"ဟင်"
"မျက်လုံးမှိတ်ထားလို့"
ရိပေါ်အပြောကို နာခံစွာနှင့်ပဲ ရှောင်းကျန့်က မျက်လုံးတွေကို မှိတ်ချလိုက်သည်။
ပြီးနောက် ရိပေါ်၏လက်သွယ်သွယ်တွေက ရှောင်းကျန့် မျက်ရိုးတလျှောက် ခပ်ဖွဖွပြေးသည်။ မျက်လုံးမှိတ်ထားသော ရှောင်းကျန့်က မသိပေမယ့် ရိပေါ် ရှောင်းကျန့်ကို အပေါ်ကမိုး၍ စိုက်ကြည့်နေသည်မှာ မျက်တောင်တစ်ချက် မခတ်။ လက်ကလှုပ်ရှားမှုကိုလည်း မရပ်တန့်စေရ။
"မျက်လုံးညောင်းမယ်"
"အင်း"
"ဝရံတာ ထွက်ထိုင်မလား"
"သွားလေ"
ရိပေါ်က ဦးဆောင်၍ ဝရံတာဘက်ထွက်သွားသည်။ ရှောင်းကျန့်ကလည်း နောက်မှ ထလိုက်သွားသည်။တိတ်ဆိတ်တဲ့ရပ်ကွက်မို့ လမ်းသွားလမ်းလာမရှိလှ။ ခြံထဲရှိ သစ်ပင်မှ သစ်ရွက်အချင်းချင်း ပွတ်တိုက်သံနှင့် လေတိုးသံသာ ကြားရသည်။
"ရှောင်းကျန့်"
"ဟင်"
"မင်းပြောတဲ့ စဥ်းစားဖို့ အချိန်ယူမယ်ဆိုတာလေ"
"အင်း"
"သူ့ဆီကို ပြန်သွားဖြစ်မယ်ထင်လား"
"ငါ မသိဘူး
တစ်နေ့နေ့မှာ ငါ့စိတ်ကိုငါ သေချာဆန်းစစ်ပြီးရင် ပြန်သွားဖြစ်ချင်လည်း သွားဖြစ်မှာပေါ့"
ရှောင်းကျန့်စကားအဆုံးမှာ ရိပေါ်ခန္ဓာကိုယ်က တောင့်သွားသယောင်ယောင်။
"ဒါမှမဟုတ်"
"ဒါမှမဟုတ်?"
"ဒါမှမဟုတ် ပြန်မသွားတော့တာလည်း ဖြစ်နိုင်တာပဲလေ"
"အင်း"
"တစ်ခါတလေကျတော့လည်း ငါ့စိတ်ကို
ငါတောင် နားမလည်နိုင်ဘူး"
"..."
"အချစ်က ဆန်းကြယ်တယ်နော်
မင်းရော ဘယ်လိုထင်လဲ ရိပေါ်"
"အဲ့ဒီလူ"
"ဟင်"
"အဲ့ဒီလူလို့...
အချစ်က ဘာလဲ ငါမသိဘူး
ငါ့ကို လာမေးရင်တော့ ငါ အဲ့ဒီလူကိုပဲ လက်ညှိုးထိုးပြလိုက်မှာ"
"..."
"..."
"ငါတို့ရိပေါ်လေးတောင် အရွယ်ရောက်လာပြီပဲ"
"နားစမ်းပါ မင်းနဲ့ငါ နှစ်နှစ်ပဲကွာတာကို
မင်းကိုယ်မင်း လူကြီးစတိုင်လ်မဖမ်းစမ်းနဲ့"
ရိပေါ် ထိုသို့ပြောလိုက်တော့ ရှောင်းကျန့်က ဟက်ဟက်ပက်ပက်ရယ်သည်။
"ရိပေါ် မင်းကလေ ကလေးလိုဆက်ဆံခံရတာ မကြိုက်ပေမယ့် မင်းရဲ့အဲ့ပုံစံကပဲ ကလေးလိုဖြစ်နေတာ သိလား"
"တော်တော့"
"ကလေးလေးရိပေါ်"
"ကလိထိုးမှာနော်"
"စတာ စတာ"
"..."
"..."
"မမေ့နဲ့နော်"
"ဘာကိုလဲ"
"စာမေးပွဲ နောက်ဆုံးရက်"
"အင်းပါ"
"အဲ့တာဆို ငါပြန်တော့မယ်
မင်းလည်း စာအကြာကြီးဆက်ကြည့်မနေနဲ့
ခဏနေရင် နားလိုက်တော့"
"ပြန်တော့မှာလား
ဒီမှာ မအိပ်ဘူးလား"
"အင်း ပြန်လိုက်မယ်
မင်း လွတ်လွတ်လပ်လပ် စာကြည့်ပါ"
"ငါက..."
"အင်း ရတယ် ပြန်လိုက်တော့မယ်"
ရိပေါ်က စာအုပ်တွေ သိမ်းပြီး အခန်းထဲက ထွက်သွားသည်။အိမ်ထဲကနေ ခြံပြင်ထွက်လာသော ရိပေါ်ကို ရှောင်းကျန့်က ဝရံတာမှ ငုံ့ကြည့်သည်။ ရိပေါ်က ခြံတံခါးဆီကို ရောက်တာနှင့် သူ့ကို လှည့်ကြည့်ပြီး လက်ဟန်ခြေဟန်နှင့် အထဲဝင်ရန်ပြောသည်။
ရှောင်းကျန့်က ခေါင်းငြိမ့်ပြလိုက်သော်လည်း
ရိပေါ်က မသွားသေးပဲ သူဝင်သည်အထိ စောင့်ကြည့်မည့်ပုံပင်။ထို့ကြောင့် ရှောင်းကျန့် လည်း အခန်းထဲကိုသာ ပြန်ဝင်ခဲ့သည်။
ရှောင်းကျန့် အထဲဝင်သွားမှ ရိပေါ်လည်း သူတို့ခြံဘက် ပြန်ကူးသွားသည်။
......................................................................
စာမေးပွဲရက်တိုင်းမှာ ရိပေါ်က ရှောင်းကျန့်ကို စက်ဘီးနောက်ခုံမှာ ထိုင်စေကာ သူ ရှေ့က နင်းသည်။ ပြီးလျှင် ရှောင်းကျန့်ကို သူလုပ်နေကျအတိုင်း သူ့ခါးပေါ် လက်တင်ကာ ဖက်စေသေးသည်။ စက်ဘီးနင်းရင်းလည်း
သေချာဖြေဖို့၊ စိတ်ငြိမ်ငြိမ်ထားဖို့ အစရှိသည်ဖြင့် လူကြီးတစ်ယောက်နှယ် မှာတမ်းခြွေတတ်သည်။ထိုအခါမျိုးမှာ ရှောင်းကျန့် ကိုယ့်ကိုယ်ကိုယ် ကလေးလို့တောင် ထင်မိလောက်အောင်ထိ ရိပေါ်က ရင့်ကျက်သည်။
ရှောင်းကျန့် စာမေးပွဲခန်းထဲက ထွက်လာပြီး စက်ဘီးထားသည့်နေရာကို ရောက်တာနှင့်
ရိပေါ်က ဖြေနိုင်လား၊ မေးခွန်းလွယ်လား၊ အခြေအနေ စသည်ဖြင့် စုံစိနေအောင် မေးခွန်းထုတ်တတ်ပါသေးသည်။ရိပေါ်တစ်ယောက်တည်းတော့ မဟုတ်ပါပေ။ လီယိုကလည်း ကျောင်းတူတူမသွားဖြစ်ပေမယ့် အပြန်မှာ နေ့တိုင်း ရှောင်းကျန့်ကို စောင့်နေလေ့ရှိသည်။
စာမေးပွဲနောက်ဆုံးနေ့ဖြစ်သဖြင့် ရှောင်းကျန့် တစ်ယောက် ခါတိုင်းထက် ပိုတက်ကြွနေသည်။ဒီနေ့ပြီးလျှင်သူ၏အထက်တန်းကျောင်းသားဘဝ ကုန်ဆုံးတော့မည်။ နောက်ဆုံးပိတ် အိတ်နှင့်လွယ်ဆိုသလို ဒီတစ်ဘာသာမှာလည်း အမှတ်များများရအောင် ဖြေနိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်ပါသည်။
မနက်စာစားကာ ပစ္စည်းမေ့မကျန်စေရန် လွယ်အိတ်ကို တစ်ချက်ပြန်စစ်လိုက်သည်။
အကုန်လုံးစုံပါမှ စက်ဘီးစီးကာထွက်တော့
မားက သေချာဖြေခဲ့ဟု နောက်ကနေလှမ်းအော်ပြောသည်။ရိပေါ်တို့ခြံရှေ့မှာ ရိပေါ်က လက်ပိုက်၍ရပ်စောင့်နေသည်။ ရှောင်းကျန့် ရိပေါ်ရှေ့မှာ စက်ဘီးကို ရပ်ကာ ဆင်းလိုက်တော့ ရိပေါ်က ရှေ့မှာ နေရာယူသည်။
ရှောင်းကျန့်က ကယ်ရီယာခုံမှာပြောင်းထိုင်ပြီး ရိပေါ်ခါးတွေကို ဖက်တွယ်လာသည်။
ထိုအခါ ရိပေါ်က လက်တစ်ဖက်ဖြင့် ရှောင်းကျန့်လက်တွေအပေါ် အုပ်မိုး၍ကိုင်လာသည်။
"ကောင်းကောင်းစီး"
"စိတ်ချလို့ရပါတယ်"
"ယုံရတာမဟုတ်ဘူး"
"..."
ကျောင်းရောက်၍ စက်ဘီးရပ်နေကျနေရာမှာ
စက်ဘီးထားရင်း ဝေ့ဝဲကြည့်တော့ လီယို့စက်ဘီးကို မမြင်သေး။ ကြည့်ရတာ ရောက်ဦးမည့်ပုံမပေါ်။
" ငါသွားတော့မယ် ရိပေါ်
မင်းလည်း သေချာဖြေခဲ့ ကြားလား"
"အပြန် ဒီမှာပဲ စောင့်မယ်"
"အင်း"
ကျောခိုင်းကာ ထွက်သွားသော ရှောင်းကျန့်ကို မျက်လုံးအောက်မှ ပျောက်သွားသည်အထိ ရိပေါ်က ရပ်ကြည့်နေခဲ့သည်။
"ဒီနေ့တစ်ရက်ပါပဲ... ဒီနေ့ပြီးရင်တော့..."
........................................................................
AN/
Finalထိရေးပြီးမှ အကုန်upတော့မယ် စိတ်ကူးမိသွားလို့ ကြားထဲ update မလာဖြစ်လိုက်တာပါ။အခု ဒီဘက်မှာ အခြေအနေတွေက ကျီလန့်ကစားနဲ့ ဘာတွေဆက်ဖြစ်ဦးမလဲ မသိပြန်ဘူး။အရမ်းကြာသွားမှာစိုးလို့ ရေးပြီးသားလေး အရင် upနှင့်လိုက်ပါတယ်။
မျှော်နေတဲ့သူတွေကို စောင့်ဆိုင်းစေမိလို့ အားနာပါတယ်။ ဒါလေးအရင်ဖတ်ထားပေးကြပါဦးနော်။ I do apologize to you all!
မနေ့ညအစောပိုင်းကတည်းက ထိုင်တင်နေတာ ဘယ်လိုမှမရဘူး
အင်တာနက်လိုင်းကတော့ ရှယ်ကောင်း။