_________My Cutest Little Boy _________
စားပွဲပေါ်မှောက်အိပ်ကာ ဗြောင်ဘတ်ဟျွန်းတစ်ယောက် ချန်းယောလ်ကို စောင့်နေမိသည်။ ကျောင်းပြန်တက်နေပြီဖြစ်တဲ့ ဆယ်ဟွန်းက ဂိမ်းဆော့ရင်း အလုပ်ရှုပ်နေသည်။
"ဘတ်ဟျွန်း ငါ့ကို အအေးသွားဝယ်ပေးစမ်းပါ"
သူ့ကိုမကြည့်ပဲ ဂိမ်းကိုသာ သည်းကြီးမည်းကြီးနှိပ်နေတဲ့ ဆယ်ဟွန်းကို ဘတ်ဟျွန်းက ဘောပင်နဲ့ ကောက်ပေါက်လိုက်သည်။
"အား ဘာလို့လုပ်တာလဲ"
"မင်းဘာသာ သွားဝယ်လေ ငါမအားဘူး"
ခုံပေါ်မှောက်အိပ်ကာ တံခါးပေါက်ကိုသာ ငေးကြည့်နေတဲ့ ဘတ်ဟျွန်းကို ဆယ်ဟွန်းက နှာခေါင်းရှုံ့ကာ
"အော် အေးပါ မအားရင်လည်း
ဂျုံအင် ငါ့ကို အအေးသွားဝယ်ပေးပါလား"
"ငါမအားဘူးလေ ဒီမှာ ဂယောင်ဆူးစာရှင်းပြနေတယ်"
ထိုအခါ ဆယ်ဟွန်း ဝမ်းနည်းသွားရလေသည်။
"မင်းတို့ကလည်းကွာ ဒါလေးတောင်မကူညီကြဘူး"
"ဆယ်ဟွန်း မင်းလူတစ်ယောက်ကို သဘောကျဘူးလား"
အစမရှိအဆုံးမရှိ မေးလာတဲ့ ဘတ်ဟျွန်းကို ဆယ်ဟွန်းက စိတ်မဝင်စားစွာ ပြန်ဖြေသည်။
"No"
"ငါလည်း No ခဲ့ပါတယ် ဒါပေမယ့်
သူ့ကိုတော့ သဘောကျနေမိသလို... အဟက် ဘာလို့လဲ ငါသူ့ကို မကောင်းကြံခဲ့ပေမယ့် ငါမဟုတ်တဲ့ အတိုင်း သူ့ကိုအားနာနေမိတယ်"
"ဘယ်သူမို့လို့လဲ"
ဆယ်ဟွန်းက ဂိမ်းဆော့နေရာမှ ဘတ်ဟျွန်း၏ စကားကို စိတ်ဝင်စားသွားသည်။
"ရှိတယ် လူတစ်ယောက်"
ထိုစဉ် အခန်းတံခါးဖွင့်ကာ ဝင်လာတဲ့ ချန်းယောလ်။ သူ့အမူအရာက မနေ့ကလိုပဲ။ တွန့်ဆုံ့စွာ သူ့နေရာကို လျှောက်လာနေသည်။ တစ်ချက်တစ်ချက် မျက်မှန်ကို ပင့်တင်လိုက်သေးသည်။
"အာညော် ချန်းယောလ် "
ဘတ်ဟျွန်း ပြုံးပြီး နှုတ်ဆက်လိုက်ပေမယ့် ချန်းယောလ်ရဲ့ ခပ်တည်တည် အကြည့်တေွကိုသာ ရရှိလိုက်သည်။ နှုတ်ခမ်းတွေကို တင်းတင်း စေ့ကာ သူက ဘာမှပြန်မပြော။
မနေ့က ချောက်တွန်းမိလို့ သူစိတ်ဆိုးသွားတာလား။
"စိတ်ဆိုးနေတာလား ချန်းယောလ်"
"ဟေ့ ကောင်လေး
ပြန်ကြည့်ပါဦး"
"ဟိတ် ချန်းယောလ်"
ချန်းယောလ်က ဘာမှပြန်တုံ့ပြန်ခြင်းမရှိ စာအုပ်ကိုသာ မျက်နှာမူထားသည်။ ထိုကောင်လေး၏ ပေကပ်ကပ် အမူအရာကို ကြည့်မရသူက ဆယ်ဟွန်းပင်။
ဘတ်ဟျွန်းက 'ဟိတ်' ဆိုတာနဲ့ တိတ်ကြတဲ့ ကျောင်းသားတွေပဲရှိတဲ့ သူ့ပိုင်တဲ့ကျောင်းမှာ ဘတ်ဟျွန်းကို ထိုသို့ မလေးမစားလုပ်တတ်တာ ချန်းယောလ်ဆိုတဲ့ ကောင်လေးသာရှိသည်။
ဘတ်ဟျွန်းကရော သူ့ကိုမှ ဘာလို့ စိတ်ရှည်ရှည်နဲ့ သွားရောနေတာလဲ။ ဆယ်ဟွန်းကတော့ အတွေးပေါင်းများစွာ။
"ဘတ်ဟျွန်း ငါ ကျောင်းမလာတုန်းသူနဲ့ခင်သွားတာလား"
"အင်း ဆယ်ဟွန်း သူနဲ့ငါက သူငယ်ချင်းလေ
ဟုတ်တယ်မလား"
ချန်းယောလ်ဘက်ကို တိုးကာ ကပ်ပြောလိုက်တော့ ချန်းယောလ်ထရပ်ပြီး ဘတ်ဟျွန်း
အကျီ ကော်လံကို ဆွဲကာ လက်သီးနဲ့ရွယ်သည်။
ဆယ်ဟွန်းက စိတ်မရှည်တော့တဲ့အဆုံးမှာတော့ ထလာပြီး ချန်းယောလ်ကို ထိုးဖို့ပြန်ရွယ်ထားသည်။
ဂျုံအင်ကတော့ အနေအထားက ဘာလဲ ဆိုတဲ့ အကြည့်နဲ့ ပြုံးတုံးတုံးလုပ်နေသေးသည်။
"နေ နေ ဆယ်ဟွန်း သူ့ငါ့ကို စိတ်ဆိုးနေလို့ပါ"
"သူငယ်ချင်းတွေဆို!!!
မင်းပြောခဲ့တယ်မလား!!! သူငယ်ချင်းဆိုပြီး ငါ့ကို ဘာလို့..."
ချန်းယောလ်က မျက်ရည်တွေ ကျနေသည်။ သေချာကြည့်မှ သူ့မျက်လုံးတွေ ဖောင်းအစ်နေကာ တစ်ညလုံး ငိုခဲ့ပုံရသည်။ ဘတ်ဟျွန်း ရင်တွေနာကျင်လာရသည်။
ငါ ဘာလို့ စိတ်မကောင်းဖြစ်နေတာလဲ
သူ့ကို အားနာနေမိတာလဲ...
ချန်းယောလ်က သူနဲ့စာရင်အားပျော့သည်။ အကျီစကို ဆွဲထားတဲ့ လက်တို့က အားမပါနေပါ။ ဘတ်ဟျွန်း သူ့ရဲ့လက်တွေကို ကိုင်ပြီး ဖြုတ်ချလိုက်သည်။ တစ်ချက်ပြုံးပြီး
"စနောက်လိုက်တာပါ ချန်းယောလ်
ငါတောင်းပန်တယ် ဟုတ်ပြီလား"
"ဘာ...."
"ဒီကောင်တွေဆိုလည်း ငါစ နေကျပဲလေ
ဟုတ်တယ်မလား ဆယ်ဟွန်း ငါ အစသန်တယ်ဆိုတာ ဟေ့ကောင်တွေ ပြောပြလိုက်ကြဦး"
"အင်း အင်း ဟုတ်တယ် ဘတ်ဟျွန်းက အရမ်းနောက်တတ်တာ"
ဂျုံအင်နဲ့ က ဝင်ပြီးပြောတော့ ချန်းယောလ် ဘတ်ဟျွန်းကို ထိုးဖို့ရွယ်ထားတဲ့ လက်တွေကို ပြန်ရုတ်သိမ်းသွားသည်။
ဘတ်ဟျွန်းက အဲ့ဒီ့ ပေကပ်ကပ်ကောင်ကို တောင်းပန်လိုက်တာလား။ ဆယ်ဟွန်း စိတ်တိုနေတာ ဘတ်ဟျွန်းမရိပ်မိ။ သူ့အာရုံနဲ့အကြည့်က ထို ချန်းယောလ်ဆီမှာပဲ ကျရောက်နေသည်။
ဂယောင်ဆူးက ထိုင်နေရာမှ ထလာပြီး
"မင်းတို့တွေ အတန်းထဲ ရန်မဖြစ်ရဘူးဆိုတာ
နားမလည်ဘူးလား!!!"
ထိုအခါမှ ဆယ်ဟွန်းကလည်း ချန်းယောလ်ကို ထိုးဖို့ရွယ်ထားတဲ့ လက်သီးကို ပြန်ရုတ်သိမ်းသွားသည်။
ဂယောင်ဆူး အသံကြောင့် ချန်းယောလ် လန့်သွားကာ ငြိမ်ငြိမ်လေး ပြန်ထိုင်နေသည်။
မျက်မှန်ကို ချွတ်ကာ မျက်ရည်တွေကို လက်နဲ့ သုပ်နေရှာသည်။ သူ့ကိုကြည့်ကာ ဘတ်ဟျွန်း စိတ်မကောင်း သော်လည်း ဘာမှမဖြစ်သလို ပြုံးနေမိသည်။
ချန်းယောလ် ချထားတဲ့ မျက်မှန်ကိုဆွဲယူလိုက်တော့ သူက
"ပြန်ပေး"
"မပေးချင်ဘူးဆိုရင်ကော"
လျှာထုတ်ပြကာ ဘတ်ဟျွန်း ထပ်စ လိုက်တော့ ချန်းယောလ်က စိတ်ဆိုးပြီး စူပုတ်နေလေသည်။
"ပြုံးပြ ငါ့ကိုပြုံးပြရင် ပြန်ပေးမယ်
သူငယ်ချင်းတွေလေ ပြုံးပြရမှာပေါ့"
ထိုအခါမှ သူက စိတ်ထဲကမပါသလို ခပ်ရေးရေးလေး ပြုံးပြသည်။
"အခု ပြန်ပေးလို့ရပြီလား"
"အင်း ငါ့ကို စိတ်မဆိုးတော့ဘူးမလား"
"ဘတ်ဟျွန်း ငါ့ကို နောက်တစ်ခါ ဒီလို ထပ်မလုပ်ပါနဲ့လား အိုမားက ငါ့ကို ညကတည်းက စကားမပြောတော့ဘူး"
"မင်း အိုမားကို သိပ်ချစ်တာပဲလား"
"ငါ့ရဲ့ အိုမားပဲလေ ချစ်တာပေါ့ ...
ဘာဖြစ်ဖြစ် ထပ်မစတော့ဘူးလို့ ကတိပေးပါ"
"အင်း ပေးတယ် ကတိ"
ချန်းယောလ် ပြုံးလိုက်သည်။ တကယ့်ကို စိတ်ထဲက ပါတဲ့အပြုံးနဲ့။ ဘတ်ဟျွန်းသိလိုက်ရသည်က ထိုကောင်လေးအပေါ်မှာ သူတစ်ခုခုကို ခံစားနေရပြီဆိုတာ။
ချန်းယောလ် မင်းကို ငါ ယောက်ျားချင်း သဘောကျနေမိတာလား ဆိုတာ သံသရဝင်နေမိပြီ
💌 ~
"ဂယောင်ဆူး"
ဆယ်ဟွန်း ဘောက်ဆက်ဆက်နဲ့ ဂယောင်ဆူးကို ခေါ်လိုက်သည်။ သူက ဂရုမစိုက်သလို။ 'အင်း' တစ်လုံးထူးပြီး စာရေးမပျက်ပါ။
"ဘတ်ဟျွန်းက ဟိုကောင် ကျောင်းသားသစ်နဲ့ ဘယ်တုန်းက ရင်းနှီးသွားတာလဲ"
"ဘယ်သူ..." ဆိုပြီး ဂယောင်ဆူးလှည့်မေးလိုက်တော့ ဆယ်ဟွန်းက နောက်ခုံကို မေးငေါ့ပြသည်။
ချန်းယောလ်နဲ့ ဘတ်ဟျွန်းက ရယ်မောလျက်စကားဖောင်ဖွဲ့နေကြခြင်းဖြစ်သည်။ ဘတ်ဟျွန်း ပေါက်ကရ ဟာသလုပ်ပြနေသည်ကို ချန်းယောလ်က ရယ်နေသည်။ တကယ့် ခင်ကြတဲ့ သူငယ်ချင်းတွေ ကဲ့သို့...။
"သူလား ဘတ်ဟျွန်းက ချစ်စရာလေးဆိုပြီး လိုက်စတယ်ဆိုလား"
"ဘာ!!!!"
"ဟိတ်ကောင် ဖြေးဖြေးအော်ပါ"
ဆယ်ဟွန်းက တွန့်ချိုးနေတဲ့ မျက်ခုံးနဲ့ပင်လျှင် စိတ်ဆိုးနေတဲ့ မျက်နှာဟာ ကြည့်ကောင်းနေဆဲ။
"ဘယ်သူပြောတာလဲ"
"သူကိုယ်တိုင်ပြောတာလေ ဘတ်ဟျွန်း
ချစ်ဖို့ကောင်းတယ်တဲ့ ကျောင်းသားသစ်က
မှန်နေတာပဲလေ ကြည့်ပါလား မအူမလည်လေး"
"ဘာက ချစ်ဖို့ကောင်းတာလဲ နားကားကားနဲ့ မျက်မှန်ကလည်းတပ်ထားသေးတယ် လူကောင်က သေးပြီး အလယ်တန်းကျောင်းနဲ့မှားလာသလားတောင်ထင်ရတယ်"
ဆယ်ဟွန်းက တတွတ်တွတ်လာရွတ်နေတော့ ဂယောင်ဆူး စိတ်မရှည်တော့။
"သွားစမ်းကွာ ငါအိမ်စာရေးနေတာ အနှောက်အယှက်လာမပေးနဲ့ "
ဆယ်ဟွန်းကို တွန်းထုတ်ပြီး ဂယောင်ဆူးကိုယ့်စာကို ဆက်ရေးနေလိုက်သည်။
ပြုံးရွှင်နေသော လူနှစ်ယောက်ကို စိတ်အလိုမကျစွာ စိုက်ကြည့်နေသော လူတစ်ယောက်လည်းရှိလေသည်။ အကြည့်က လူသတ်တော့မည့်အတိုင်း ကြောက်စရာကောင်းနေ၏။
💌 ~
မိုးတွေက သည်းကြီးမည်းကြီးရွာနေသည်။ အိမ်က အမြဲလာကြိုမည့်ကားရှိ သောကြောင့် ဘတ်ဟျွန်းက စိတ်ပူစရာမရှိပေမယ့် ချန်းယောလ်က စာထဲပင်စိတ်မရောက်။ လက်သည်းတွေကို ကုပ်ဖဲ့နေမိကာ ကြောက်နေမိသည်။
မိုးရွာတာပင် မသိတဲ့ ဘတ်ဟျွန်းက နှစ်ခြိုက်စွာ ခုံပေါ်မှောက်အိပ်နေသည်။ ကျောင်းဆင်းမှ အတန်းထဲ ထသွားသံတွေ ရုတ်ရုတ်သဲသဲ ဖြစ်တဲ့အချိန်မှ ဘတ်ဟျွန်းနိုးလာလေသည်။
အတန်းထဲတွင် ဘယ်သူမှမရှိတော့။ ဘေးက ချန်းယောလ်လည်း မရှိပေ။ ကျောပိုးအိတ်ကို တစ်ဖက်ထဲ လွယ်ကာ အခန်းထဲမှထွက်ခဲ့သည်။ အိမ်ကလာကြိုတဲ့ကားက အဆင်သင့်စောင့်နေ၍ ဘတ်ဟျွန်းပြန်ခဲ့လိုက်သည်။ ကျောင်းဝတ်စုံ တစ်ထည်ထဲကိုသာ ဝတ်ထားသည်မို့ မိုးအရှိန်နဲ့ လူကအေးနေသည်။
ကားမှန်ကနေ လမ်းပြင်ကို ငေးနေမိတုန်း ကျောပြင်သေးသေးလေးကို မြင်လိုက်ရသည်။ လွယ်အိတ်ကို ခေါင်းပေါ်ဆောင်းကာ ပြေးလွှားနေသော ကျောင်းသားတစ်ယောက်။
"ချန်းယောလ်?"
ကားက ထိုကျောင်းသားကို ကျော်သွားမှ ချန်းယောလ်ဖြစ်မှန်း သေချာသွားခဲ့သည်။
ဒီကောင် ထီးလည်းမပါဘူး။
"ဦးလေးကြီး ကားခဏ ရပ်ပေး"
ဘတ်ဟျွန်း ပြောလိုက်ပေမယ့် ဒါရိုက်ဘာက တုပ်တုပ်ပင်မလှုပ်။
"ဦးလေးကြီး!!!! ခင်ဗျားမကြားဘူးလား
ကားရပ်ပေး"
"ဆရာကတော်က ချက်ချင်းခေါ်လာဖို့မှာလိုက်လို့ပါ"
"တောက်!!!"
ဘတ်ဟျွန်း ချန်းယောလ်အတွက် စိတ်တွေပူရတဲ့ကြားထဲက ဒေါသက ထွက်လာသည်။
ဒါက ဘာအဓိပ္ပာယ်လဲ။ ငါဘာလို့ သူ့ကို သေအောင်စိတ်ပူနေရတာလဲ။ သူငယ်ချင်း အချင်းချင်းလို့ မခံစားနေရဘူး။
အိမ်ပြန်ရောက်တော့ အခန်းထဲ မှောက်အိပ်ခဲ့သည်ကို ဆရာက အဖေ့ကို တိုင်ခဲ့ခြင်းကြောင့် ဘတ်ဟျွန်း နှစ်ပြားမတန်အောင် အဆူအဆဲ ခံလိုက်ရသည်။
သူများအမြင်မှာ 'ဘတ်ဟျွန်းအတွက်' လို့ခေါင်းစဉ်တပ်ပြောလို့ရပေမယ့် ဘတ်ဟျွန်းကိုယ်တိုင်က ထိုသို့မထင်။ ကျောင်းအုပ်ရဲ့သား ဆိုတဲ့ ဂုဏ်သိက္ခာတွေကြောင့်ပဲမလား။
"အရမ်း ပင်ပန်းလို့ တစ်ရေးအိပ်မိတာက အဖေ့အတွက် အဲ့ဒီလောက် စိတ်တိုစေတာလား!?"
ဘတ်ဟျွန်း သိပ်ပြီးပြန်ခံပြောလေ့မရှိပေမယ့် ထိုစကားကို ပြောပြီး အဖေ့အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
သူစိတ်ပူနေတဲ့ အရာက ချန်းယောလ် သူအိမ်ကောင်းကောင်း ပြန်ရောက်ပါ့မလားဆိုတာကိုပင်။
ချန်းယောလ်ရဲ့ အိမ်က ချမ်းသာရဲ့သားနဲ့ အိမ်နဲ့ကျောင်းကိုတောင်မကြိုပေးနိုင်ဘူး။ လမ်းမှာ သူ့လို ကလေးစိတ်နဲ့ တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။
အားးး
မတွေးနဲ့ မတွေးနဲ့
သူ့ဟာသူ ဘာဖြစ်ဖြစ်လေ ငါနဲ့ဘာဆိုင်လဲကွာ...
ဘတ်ဟျွန်း အတွေးပေါင်းစုံနဲ့ ခေါင်းဦးအောက်ကို ခေါင်းလျှိုကာ အိပ်ရာပေါ် လူးလိမ့်နေသည်။
မိုးက တစ်ညလုံး မရပ်သွား။
တဂျိမ်းဂျမ်း ခြိမ်းနေတဲ့ မိုးခြိမ်းသံတွေကို သူမကြောက်ပေမယ့် ကောင်လေးတစ်ယောက်များ ကြောက်နေခဲ့မလားဆိုတာ ဘတ်ဟျွန်းတွေးရင်း ညနက်ခဲ့ရသည်။
ပင်လယ်ပြင်မှာမိုးရွာရင်လှိုင်းတွေထန်တယ်။
ဆိုးလ်မှာ ရွာတဲ့မိုးကတော့ ဘတ်ဟျွန်းရဲ့ စိုးရိမ်စိတ်တွေကို ပြင်းထန်စေတယ်။
ချန်းယောလ် မင်းကြောင့် ငါစိတ်တွေဂယောက်ဂယက်ဖြစ်တတ်နေပြီ။
💌 ~
နောက်တစ်နေ့ ကျောင်းကို ချန်းယောလ် ရောက်မလာသေးပါ။ ဘေးကနေ တတွတ်တွတ်နဲ့ စာလုပ်နေတတ်သူ ချန်းယောလ်ကို ဘတ်ဟျွန်း သတိရနေမိသည်။ သူစနောက်တဲ့အချိန်တိုင်း စူပုပ်သွားခဲ့တဲ့ ချန်းယောလ်ပုံစံလေးကို ထပ်မြင်ချင်နေသည်။
ထိုသို့ အခုမှ တွေ့ဖူးတဲ့ တစိမ်းယောက်ျားလေးတစ်ယောက်ကို သတိရနေတဲ့ သူ့ကိုယ်သူလည်း မုန်းသည်။
အရမ်းနေမကောင်းဖြစ်နေတာများလား..။
"ဘယ်သူ့ကို အဲ့လောက်မျှော်နေတာလဲ
ဒီကျောင်းမှာ မင်းမျှော်ရမယ့်သူ ရှိလို့လား"
"မဟုတ်ပါဘူးကွာ ငါက"
"ဘတ်ဟျွန်း"
"ဘာလဲကွာ"
"မင်း ပြောင်းလဲနေသလိုပဲ"
ဆယ်ဟွန်းက သူ့ကို အထူးအဆန်း စကားလာများနေတာမလို့ ဘတ်ဟျွန်း စိတ်ထဲ ခုနေမိသည်။
"ဘာကပြောင်းလဲနေလို့လဲ"
"မင်းကို မကောင်းကြောင်းလျှောက်ပြောတဲ့ ဟိုကောင်တွေကို လက်ဆင် ပေးမယ့်ကိစ္စ
မင်းခြေငြိမ်နေသလိုပဲ..."
"ဪ အင်း ဟုတ်သားပဲ
ဒါနဲ့ ဆယ်ဟျွန်း ငါ့ကို ဖျားရင်ဘာစားရလဲ မင်းသိရင်ပြောပြစမ်းပါ"
"ကျစ် ဘာလဲထပ်ပြီး"
ဆယ်ဟွန်းက သူ့စကားကို အလေးမထားဘဲ စကားလမ်းကြောင်းလွဲလိုက်တဲ့ ဘတ်ဟျွန်းကို စိတ်ဆိုးသွားသည်။
"နေမကောင်းရင် ဘာစားရမလဲလို့"
"မင်း နေမကောင်းတာလား ဘယ်နေရာကလဲ"
ပြောရင်းဆိုရင်း ဘတ်ဟျွန်းနဖူးကို လက်နဲ့လာကိုင်ပြီး စမ်းလိုက်တဲ့ ဆယ်ဟွန်းကို ဘတ်ဟျွန်း ချက်ချင်း ဖယ်ချလိုက်သည်။
"ဘာလဲ ယောက်ျားချင်းကြီး မလုပ်စမ်းပါနဲ့ ဆယ်ဟွန်း ငါမဖျားပါဘူး"
ဆယ်ဟွန်းစိတ်မကောင်းဖြစ်သွားရသည်။
ဘတ်ဟျွန်းကသူ့လောက်တောင် ငါ့ကိုအလေးမထားတာ...။
"ငါစိတ်ပူလို့ပါ"
"ကျေးဇူးပဲ ဆယ်ဟွန်း
ချန်းယောလ် ဖျားနေတယ်ထင်လို့ သူကျောင်းမလာဘူးလေ ဒီနေ့
မနေ့က မိုးရေထဲ ပြေးပြန်နေတာ ဒီကောင် အိမ်ကလည်းလာမကြိုဘူး"
"ချန်းယောလ်လား
မင်း သူ့ကိုဘယ်လောက်ထိ ရင်းနှီးနေပြီလဲ ဘတ်ဟျွန်း"
"အရမ်းကြီးမဟုတ်ပါဘူး
သူငယ်ချင်းလို စိတ်ပူတာပဲ ဘာလဲမရဘူးလား"
"တကယ် သူငယ်ချင်းလိုလား"
"အင်းလေ"
"ပြီးတာပါပဲ"
တကယ် သူငယ်ချင်းဆိုလား ဆိုတဲ့ ဆယ်ဟွန်းရဲ့ မေးခွန်းကိုဖြေဖို့ ဘတ်ဟျွန်း တိကျတဲ့ အဖြေမရှိနေပါ။ သူငယ်ချင်းဆိုတာ ဒီလို ရင်ထဲက တစ်ခုခု ခံစားရပါ့မလား။
တစ်ဖက်သက် ခံစားချက်တို့ကို ကိုယ်စီပုံဖော်နေကြတဲ့ ကောင်လေးနှစ်ယောက်ရှိကြသည်။
ဆယ်ဟွန်း အရင်ကတည်းက ဘယ်မိန်းကလေးကိုမှ မတွဲဘဲ ဘတ်ဟျွန်း ခေါ်ရာလိုက်ခဲ့သည်။ Club တက်မလား ဘားသွားမလား နေရာတိုင်းကို ဆယ်ဟွန်းလိုက်ခဲ့သည်။ ပထမဆုံး ဘတ်ဟျွန်း အရက်စသောက်တဲ့ နေ့က ဆယ်ဟွန်းနဲ့ဖြစ်သည်။
ဘတ်ဟျွန်းကို ရွဲ့စောင်းပြောတတ်တဲ့ ကောင်တွေကို ဘတ်ဟျွန်းရှေ့မှာနဲ့ နောက်ကွယ်ပါမကျန် ထိုးကြိတ်ကာ ကိုယ်ထိလက်ရောက်လက်စားပြန်ချေတတ်လို့ ရုံးခန်းအခါခါရောက်ခဲ့ရဖူးသည်။
ဘတ်ဟျွန်းကို ကာကွယ်ပေးခဲ့တာ ၊သူခေါ်သမျှနေရာ မညီးမညူ လိုက်ပေးခဲ့တာ ၊သူနဲ့ပက်သက်ရင် ဆက်ဆက်ထိမခံဖြစ်တာတွေဟာ ဘတ်ဟျွန်းကို သူ တကယ်သဘောကျသည်မလို့။ တခြားအကြောင်းအရင်းမရှိ။
ဘတ်ဟျွန်းကို ဆယ်ဟွန်းက တိတ်တခိုးသဘောကျသည်။
သို့သော် ဘတ်ဟျွန်းကရော
တစ်ယောက်ယောက်ကို သဘောကျနေတာလား အဲ့တာက မိန်းကလေး မဟုတ်။ ယောက်ျားလေးတစ်ယောက်ဖြစ်နေသည်။
တစ်ဖက်သက်အချစ််ကို ကြုံဖူးသူတွေသာ အသိဆုံး။ ဘတ်ဟျွန်း ထိုကောင်လေးကို ကြည့်တဲ့အကြည့်တွေ၊ ပြောတဲ့စကားတွေနဲ့ ဘယ်လိုသဘောထားလဲဆိုတာ ဆယ်ဟွန်းရိပ်မိပါသည်။
ဘတ်ဟျွန်းက ချန်းယောလ်ကို သဘောကျနေတယ်...။
အချစ်နဲ့ စစ်မှာ မတရားတာမရှိ။
သို့သော် ဒါဟာ စစ်မမည်သော စစ်၊
အချစ်မမည်သော ရင်နာစရာ တစ်ဖက်သက်အချစ်။
ဆယ်ဟွန်း ဝမ်းနည်းစွာ စိတ်ထဲကနေ ရေရွတ်မိသော စကား....
"သူ့ကို အဲ့လိုအကြည့်တွေနဲ့မကြည့်ပါနဲ့လား ဘတ်ဟျွန်းရယ်
ငါလည်းမင်းကို တစ်ချိန်က အဲ့လိုကြည့်ခဲ့ဖူးတယ်လေ
မင်းမှမမြင်နိုင်ခဲ့တာ..."
အချစ်ခံရသူကို အားကျမိခြင်းဟာလည်း အရှုံးတစ်ခုပဲလား။
💌 ~