(၁)
ဆောင်းအကုန် နွေအကူးကာလ….
လေတွေက ခပ်စိပ်စိပ်တိုက်ခတ်နေတယ် ။သစ်ရွက်လေးတွေကလည်း လေနတ်သားကို ကျီစယ်ကာ ဆော့ကစားနေကြတယ် ။နွယ်တစ်ယောက်သစ်ပင်ရဲ့အရိပ်အောက်က ကွပ်ပျစ်ပေါ်မှာ ထိုင်နေရင်း သူနဲ့ကိုကို စတင်တွေ့ဆုံခဲ့တဲ့ နွေရာသီကို ပြန်လည် တမ်းတနေခဲ့တယ် ။နွေရာသီရဲ့လေပူတွေကြောင့် သူမရဲ့နှလုံးသားတစ်စုံလည်း ပူလောင်နေခဲ့တယ် ။
(၂)
တစ်ခါတုန်းက နွေရာသီ….
တပေါင်းလက အခြားသူတွေအတွက် သာယာပေမယ့် နွယ်ကတော့ တပေါင်းလကိုမကြိုက် ။ရာသီကပူသလို၊လေကလည်းတိုက်ပါဘိ ။စာမေးပွဲဖြေရမယ့် လလည်းဖြစ်သလို စာကျက်ရမှာပျင်းတဲ့ နွယ်ကတော့ တပေါင်းလကို အမုန်းကြီးမုန်းခဲ့တယ် ။
စာမေးပွဲဖြေဖို့ တပတ်အလိုမှာ နွယ် သူငယ်ချင်းတွေနဲ့ ကန်တင်းသွားထိုင်ခဲ့တယ် ။စာကျက်ရတာကို နွယ်ပျင်းပေမယ့် သူမစာကျက်ရင် ခဏပဲ အချိန်ပေးရတဲ့အတွက် ခြောက်ဘာသာလုံးကို သူမအလွတ်ရနေခဲ့ပြီ။
"ဟဲ့ နွယ် ငါ့ကိုဒီတစ်ပုဒ်ရှင်းပြပါလား၊ဆရာရှင်းပြတုန်းက ငါအိပ်ငိုက်နေလို့"
သူငယ်ချင်းဖြစ်သူက ကန်တင်းအထိစာရှင်းပြခိုင်းတဲ့အတွက် နွယ် သူမကိုဘုကြည့်ကြည့်နေခဲ့တယ် ။
"နင်ကလည်း နားချင်လို့ကန်တင်းလာပါတယ်ဆို စာလာရှင်းပြခိုင်းနေတယ် ။အဆောင်ရောက်ရင်ရှင်းပြမယ်ဟာ"
သူမတို့တစ်စု မှာထားတဲ့မုန့်တွေရောက်တဲ့အတွက် စကားပြောတာကိုရပ်ပြီး မုန့်ကိုသာ အားရပါးရစားနေကြတယ် ။စားသောက်ပြီးတော့ ဖျော်ရည်သောက်နေတဲ့ နွယ်က တခြားကန်တင်းကို မျက်စိရောက်သွားခဲ့တယ် ။သူမနဲ့ အကြည့်ချင်းဆုံမိတဲ့ ညိုဖျော့ဖျော့ မျက်ဝန်းတစ်စုံ ။ထိုသူရဲ့ အကြည့်စူးစူးအောက်က တွန့်သွားတဲ့နှုတ်ခမ်း ။တစ်မိနစ်ပင်မကြာလိုက် ထိုသူ ဆိုင်ထဲကနေထွက်သွားခဲ့တယ် ။
"ဟဲ့ ဘာကြည့်နေတာလဲ ၊ငါတို့မေးတာကိုလည်း ပြန်မဖြေဘူး"
"ဟင် နင်တို့ဘာမေးတာလဲ"
"စောကန ဟိုဘက် ကန်တင်းမှာ ထိုင်နေတဲ့သူကို မမြင်ဖူးလို့ ကြည့်နေတာ"
"နင်မြင်ဖူးတဲ့ လူကောရှိရဲ့လား၊ တစ်ကျောင်းလုံးက လူမပြောနဲ့ ကိုယ့်အခန်းထဲက လူကိုတောင် နင်ကမသိပဲနဲ့"
သူငယ်ချင်းတွေရဲ့ ပြောစကားကြောင့် နွယ်ဟက်ဟက်ပတ်ပတ်ရယ်လိုက်မိတယ် ။
"ဟုတ်တော့လည်း ဟုတ်သား ၊ဒါပေမယ့် စောနက လူက နည်းနည်းထူးဆန်းလို့ ၊သူ့အကြည့်ကတစ်မျိုးပဲ..."
"အဲ့တစ်ယောက်က ဘူမိကလေ ။သူကငါတို့ထက်အတန်းကြီးတယ် ။သူကမာစတာ တက်နေတာ ။သူ့နာမည်က ဘုန်းခန့်တဲ့ ။သူ့ရည်းစားနဲ့ပြတ်သွားတာတောင်မကြာသေးဘူးလို့ အခန်းထဲကလူတွေပြောကြတာပဲ"
"နင်တို့က မေဂျာမတူတာတောင် သူ့အကြောင်းသိတယ်နော် "
"သူက ဘူမိကမာစတာကင်းလေ ။အဲ့လောက်တော့သိတာပေါ့ ။အရင်ကဆို ရည်းစားအရမ်းများတာ၊အခုတစ်ယောက်နဲ့မှ သူတည်ငြိမ်သွားပေမယ့် ဟိုကောင်မလေးက သူ့ကိုဖြတ်လိုက်တာလေ "
"ဘာလို့ဖြတ်လိုက်တာလဲ"
"သိချင်သူ့ကို သွားမေးကြည့်ပေါ့ဟာ၊ငါတို့လည်း အဲ့တာတော့ မသိဘူး"
ထိုနေ့က ကန်တင်းကအပြန် နွယ်တစ်ယောက် စာမကျက်တော့ပဲ ထိုသူ့အကြည့်ကိုသာ စူးစမ်းနေခဲ့တယ် ။
(၃)
တက္ကသိုလ် စာမေးပွဲတွေပြီးလို့ နွယ်လည်း ဇာတိမြေကို ပြန်ရောက်ခဲ့ပြီ ။
တစ်နေ့ နွယ် မြို့ထဲမှာ အသစ်ဖွင့်ထားတဲ့ book & cafè ဆိုင်ကိုသွားခဲ့တယ် ။စာအုပ်တွေဖတ်ရတာ သဘောကျတဲ့ သူမက ကော်ဖီကိုလည်း တမ်းတမ်းစွဲ နှစ်သက်တဲ့သူ ။
ကောင်တာမှာ mocha တစ်ခွက်နဲ့ sandwich မှာပြီး စာအုပ်တန်းဘက်မှာ စာအုပ်တွေ ရွေးနေခဲ့တယ် ။ ဆရာမပုညခင်ရဲ့ တောင်တန်းတွေရဲ့အလွန် စာအုပ်ကိုတွေ့တော့ သူမလှမ်းယူလိုက်တယ် ။သူမ နဲ့အတူ ထိုစာအုပ်ကို အခြားတစ်ယောက်ကပါ လှမ်းယူလိုက်တယ် ။ထိုသူက သူမအတွေးထဲကို မကြာမကြာဝင်ရောက်လာတဲ့ ကိုဘုန်းခန့် ။သူက နွယ့်ကိုတစ်ချက်သာကြည့်ပြီး စာအုပ်ကိုဆွဲယူသွားတယ်။
"ဘယ်လိုလူလဲမသိဘူး ၊ငါယူထားတဲ့စာအုပ်ကို ဆွဲယူသွားတယ်"
နွယ်လည်း ကျန်နေတဲ့ နောက်တစ်အုပ်ကိုယူပြီး စာထိုင်ဖတ်နေခဲ့တယ် ။ကော်ဖီနဲ့မုန့်ရောက်လာတော့ ဖတ်လက်စစာအုပ်ကို ဘေးထားထားပြီး မုန့်နဲ့ ကော်ဖီကို သဘောကျစွာ သောက်နေခဲ့တယ် ။
ကောင်တာမှာငွေသွားရှင်းတော့ ကောင်တာက အစ်မက
"စောနက ကောင်လေးတစ်ယောက်ရှင်းသွားပြီ ညီမ"
"ဘယ်သူလဲ အစ်မ "
"အရပ်ရှည်ရှည်နဲ့ အင်္ကျီ အပြာရောင်နဲ့ကောင်လေး"
"ဟင်...."
အိမ်ပြန်ရောက်တဲ့အထိ ထိုအကြောင်းကို နွယ်စဉ်းစားလို့မရခဲ့ချေ ။သူငယ်ချင်းကို ဖုန်းဆက်ပြီး ကိုဘုန်းခန့်ရဲ့ ဇာတိကိုမေးဖြစ်ခဲ့တယ် ။သူနဲ့နွယ်က ဇာတိတူနေတာ နွယ်အခုမှသိခဲ့ရတယ် ။
ညနေခင်းအချိန်မှာ နွယ် ကိုင်းပင်တွေရှိရာလမ်းတစ်လျှောက်ကို စက်ဘီးတစ်စီးနဲ့ထွက်ခဲ့တယ် ။လေတဖြူးဖြူးတိုက်နေတဲ့အတွက် ကိုင်းပင်တွေက ဘယ်ညာယိမ်းနွဲ့နေခဲ့တယ် ။ရုတ်တရက် သူမစက်ဘီး ချိန်းကြိုးကျသွားခဲ့တယ် ။အရင်တုန်းက ချိန်းကြိုးကျရင် ဖေဖေက ပြန်လုပ်ပေးနေကျ ။အခုကသူမတစ်ယောက်တည်း ။အိမ်ကိုစက်ဘီးတွန်းပြန်ရမှာကိုတွေးပြီး နွယ် စိတ်ပျက်နေခဲ့တယ် ။
"စက်ဘီးက ဘာဖြစ်သွားတာလဲ"
နွယ်စကားသံလာရာကို ကြည့်လိုက်တော့ ကိုဘုန်းခန့်.....
"ချိန်းကြိုးကျသွားတာပါ"
"ကိုယ် ပြန်တပ်ပေးမယ်လေ "
"ဟုတ်ကဲ့၊ကျေးဇူးပါနော်"
"ကျေးဇူးတင်ရင် ကော်ဖီဝယ်တိုက်ပါလား"
"ဟို...ဟုတ်ကဲ့၊ နောက်နေ့မှရလားရှင့်။ဒီနေ့က မိုးချုပ်တော့မှာ မို့လို့ပါ "
"ရပါတယ် ။အားတဲ့အချိန်ပေါ့ "
နွယ်လည်း သူ့ကိုနှုတ်ဆက်ကာ အိမ်ပြန်လာခဲ့တယ်။ညနေစာ စားပြီးလို့ facebookဖွင့်လိုက်တော့ ကိုဘုန်းခန့်ရဲ့ friend request ကိုတွေ့လိုက်ရတယ် ။နွယ့်ရင်ထဲလည်း ကြူနူးခြင်းတစ်မျိုး ဝင်ရောက်ခဲ့တယ် ။
(၄)
ထိုနေ့က အစပြုပြီး နွယ်နဲ့ ကိုဘုန်းခန့် ခင်မင်ရင်းနှီးခဲ့ကြတယ် ။ကျောင်းတွေပြန်ဖွင့်တော့လည်း ကိုဘုန်းခန့်နဲ့ တတွဲတွဲ တွဲဖြစ်ခဲ့ကြတယ် ။သူငယ်ချင်းမကျ၊ရည်းစားမကျတဲ့ နွယ်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ နွယ်ကတော့ မျှော်လင့်ချက်ကြီးစွာနဲ့ သူဖွင့်ပြောလာမဲ့ အချိန်ကိုစောင့်နေခဲ့တယ် ။
နွယ့်သူငယ်ချင်းတွေကတော့ ကိုဘုန်းခန့်ကို သတိထားဖို့ အတန်တန်သတိပေးပေမယ့် နွယ်ကတော့ သူတို့စကားတွေကို လျစ်လျူရှုခဲ့တယ် ။
"နင်သူနဲ့သိပ်မတွဲနဲ့လေ ။အတန်းထဲက မေးနေကြတယ်။ နင်တို့နှစ်ယောက်တွဲနေတာလားတဲ့ "
"သူတို့ကဘာလို့ အဲ့လိုပြောရတာလဲ ။ယောက်ျားလေးတစ်ယောက်နဲ့ ခင်မိတာကို သူတို့တွေကလည်း အယူသည်းလိုက်ကြတာ"
" သူတို့မပြောနဲ့ နင့်သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ ငါတို့တောင် နင်တို့နှစ်ယောက်ကို တွဲနေတယ်ထင်တာ။ မနက်မိုးလင်းလည်းဖုန်းဆက်၊ညအိပ်ခါနီးလည်းဖုန်းဆက်၊ဖုန်းပြောရင်လည်း ဟိုလူက ခပ်ချွဲချွဲနဲ့ ။သတိတော့ထားပေါ့ နွယ်ရယ်၊သူကခပ်ရှုပ်ရှုပ်နဲ့ ။"
"အေးပါ သူငယ်ချင်းတို့ရယ်၊ငါသတိထားပါ့မယ်။"
နွယ့်နှလုံးသားထဲမှာတော့ ကိုဘုန်းခန့်က နေရာယူပြီးသားဖြစ်နေခဲ့ပြီ။သူငယ်ချင်းတွေရဲ့စကားကြောင့် နွယ်စိတ်တော့ရှုပ်သွားခဲ့တယ်။ကိုဘုန်းခန့်က သူမကိုအခုချိန်ထိ ဖွင့်မပြောသေး ။ဖုန်း ringtone သံကြောင့် သူမအတွေးစတို့ ပြတ်သွားခဲ့တယ် ။ Screenပေါ်မှာ ပေါ်လာတာကတော့ သူမချစ်ရတဲ့သူ။
"ညီမ စနေနေ့အားလား၊ Dream Cafèမှာ စနေနေ့ပြောစရာရှိလို့ "
"အားပါတယ် အစ်ကို၊ညီမ လာခဲ့ပါ့မယ်။"
(၅)
Dream Cafè ကိုနွယ်ရောက်တော့ ကိုဘုန်းခန့်ဘေးမှာ နွယ်တို့အဆောင်က သရဖီ ထိုင်နေခဲ့တယ်။နွယ် ကိုဘုန်းခန့်တို့ စားပွဲကိုရောက်တော့ ကိုဘုန်းခန့်က
"နွယ် ထိုင်လေ" လို့ပြောပြီး သရဖီနဲ့ မိတ်ဆက်ပေးခဲ့တယ် ။
"ညီမ သရဖီကိုတော့ သိမှာပါ၊တစ်ဆောင်တည်းဆိုတော့လေ၊ အစ်ကိုချစ်ရတဲ့သူကတော့သရဖီပါ။သရဖီက ညီမနဲ့မိတ်ဆက်ပေးဆိုလို့လေ။"
နွယ် ဝဲတက်လာတဲ့မျက်ရည်စတို့ကိုလျစ်လျူရှုလိုက်ရင်း အပြုံးဖြင့် သရဖီကို နှုတ်ဆက်လိုက်တယ်။
"ကိုဘုန်းခန့်က အရင်ကတည်းက ကြိုလည်းမပြောဘူး ။ကြိုပြောခဲ့ရင် အခုလောက်ဆို သရဖီနဲ့ ရင်းနှီးနေလောက်ပြီ။"
"သရဖီ့ဆီက အဖြေပြန်ရတာ မကြာသေးလို့ပါ၊အခုတောင် သရဖီက နွယ်နဲ့ခင်ချင်တယ်ပြောလို့။"
"ဟုတ်တယ် မမရဲ့ ကိုကိုကလေ သူ့ညီမ၊သူ့ညီမနဲ့ပြောနေလို့ မမနဲ့ခင်ချင်နေတာကြာပြီ။"
ထိုနေ့က စကားဝိုင်းက ဟန်ဆောင်မှုတွေနဲ့ခြောက်ကပ်ကပ်။မိန်းမအချင်းချင်းဆိုတာ တစ်ယောက်ခံစားချက်ကို တစ်ယောက်က သိနေတဲ့အတွက် သရဖီလည်း နွယ့်ခံစားချက်တွေကို သိနေခဲ့မှာပေါ့ ။နွယ်လည်း သူနောက်ဆုတ်ပေးဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ။
အဆောင်ပြန်ရောက်တော့ ဖြစ်ကြောင်းကုန်စင်ကို နွယ် သူငယ်ချင်းတွေကို ပြောပြခဲ့တယ် ။သူငယ်ချင်းတွေကတော့ ကိုဘုန်းခန့်ကိုမေ့ပစ်ဖို့ ပြောခဲ့ကြတယ်။နွယ်လည်း မေ့ပစ်ဖို့ဆုံးဖြတ်ထားပေမယ့် အချိန်တော့ယူရအုန်းမယ်။
(၆)
ကိုဘုန်းခန့်နဲ့ အဆက်အသွယ်မလုပ်တာ တောင်အတော်ကြာခဲ့ပြီ။ နွယ့်ခံစားချင်တွေကတော့ အရင်အတိုင်းပါပဲ ။အချိန်တွေကုန်လွန်သွားပေမယ့် ကိုဘုန်းခန့်ကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာတွေကတော့ အနာမကျက်သေး ။မေ့ဖို့ကြိုးစားပေမယ့်လည်း အခုချိန်ထိ မမေ့နိုင် ။
တပေါင်းလရောက်တိုင်း နွယ်ရဲ့ ခံစားချက်တို့ကလည်း လွန်ခဲ့သောနှစ်တွေဆီ ပြန်လည်ရောက်ရှိသွားခဲ့ပြီး ခံစားချက်တွေလည်း အသစ်တစ်ဖန်ဖြစ်ခဲ့ရတယ် ။
နွေလေကတဖြူးဖြူ တိုက်ခတ်နေပေမယ့် နွယ့်ရင်ထဲကဘအပူမီးကတော့ အရှိန်ယူတောက်လောင်နေဆဲ....။
တစ်ခါတုန်ကနွေမှာ ကိုကိုနှင့်ဆုံဆည်းခဲ့ရပေမယ့်၊ထိုနွေတို့သည် အတိတ်မျှသာ....နွေကတော့လှမြဲလှဆဲ၊သာယာမြဲ သာယာဆဲပါပဲ။
#SueKhattNwe