"Hello အကိုသူရ။ ပြော"
"အင်း ကလေး။ ဒီအပတ် ကိုယ်မကွေးသွားစရာရှိလို့။ အဲ့ဒါ ကလေးရော လိုက်ခဲ့မလား။ လှမ်းမေးတာ"
"မကွေး! ဘာလုပ်လဲ?"
"နှစ်ချုပ်အနေနဲ့ ခြံအငှါးချထားတာ။ အခုပြည့်ပြီမလို့"
"ခင်ဗျားတို့က အဲ့မှာလည်း ခြံတွေရှိတာပဲလား"
"အင်း။ ဘိုးဘွားပိုင်ခြံတွေ"
"မကွေးကို တစ်ခါမှမရောက်ဖူးတော့ လိုက်တော့လိုက်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ကျောင်းတစ်ဖက်နဲ့ဆိုတော့"
"ကလေးလိုက်မယ်ဆို သောကြာနေ့ကျမှ ညကားနဲ့သွားမယ်လေ။ တနင်္ဂနွေနေ့ညကျ ပြန်လာကြတာပေါ့။ ဘယ်လိုလဲ"
"ကားက ဘယ်နှစ်နာရီလောက် စီးရတာလဲ?"
"မန်းလေးကနေ ည(၇)နာရီလောက်စထွက်ရင် ဟိုကို မနက်(၂)နာရီ (၃)နာရီလောက်ရောက်တယ်"
"စကောစကအချိန်ကြီးနော်။ ဒီလိုလုပ်ရအောင်။ သောကြာနေ့ကို ညကားနဲ့လိုက်ပြီး တနင်္လာနေ့ကျမှ မနက်ကားနဲ့ပြန်ရအောင်"
"ကိုယ်က ဘယ်လိုနေနေ အဆင်ပြေပါတယ်။ ကလေးသာ ကျောင်းတစ်ဖက်နဲ့ဆိုတော့။ ကိုယ့်ကြောင့် ပညာရေးကိုလည်း မထိခိုက်စေချင်ဘူး။ ကိုယ်တစ်ယောက်တည်း မသွားချင်လို့ရယ်၊ ပြီးတော့ ကလေးများလိုက်ချင်နေမလားဆိုပြီး ခေါ်သာခေါ်ရတာ တကယ်တော့ ကိုယ်ကလေးကို အားနာတယ်ရယ်"
"အပိုတွေလာပြောမနေနဲ့။ ခင်ဗျားအဲ့လိုအားနားတယ်ပြောပြောပြီး ကျွန်တော့်ကိုဖင်ချနေတာ ဘယ်နှစ်ခါတောင်ရှိနေပြီလဲ"
သီဟနိုင်ရဲ့စကားကိုကြားတော့ ကျွန်တော်က ဟန်မဆောင်နိုင်အောင် အော်ရယ်မိတော့တယ်။ ဒီကောင်လေးကတော့ကွာ စကားကိုဘယ်လိုတောင် ပြောချ။
"ကလေးကလဲကွာ။ အဲ့ဒါက ချစ်လို့ဖြစ်သွားရတာပါ"
"အပိုတွေ။ ဒါပဲဗျာ။ ကျွန်တော်ဖုန်းချလိုက်တော့မယ်"
"အင်း အင်း ကလေး။ Good night"
ဆက်သွယ်မှုပြတ်တောက်သွားပြီဖြစ်တဲ့ ဖုန်းမျက်နှာပြင်ကိုကြည့်ပြီး ကျွန်တော်ပြုံးမိတယ်။ စကားပြောတာ ပွင့်လင်းလွန်းလို့ တစ်ချက်တစ်ချက်လန့်ပေမယ့် သီဟနိုင်က တကယ်ကို ချစ်စရာကောင်းတဲ့ကလေးလေးတစ်ယောက်။ အဲ့ဒါကြောင့်ပဲ ကျွန်တော်က ပိုပိုချစ်နေမိတာထင်တယ်။
----------***----------
သောကြာနေ့ရောက်တော့ ကျွန်တော်က မနက်စောစော သီဟတို့အိမ်ကို ထွက်လာခဲ့တယ်။ သီဟနိုင်က ကျောင်းသွားတာမို့ ကျွန်တော်က သူ့အစား အထုပ်အပိုးတွေပြင်ဆင်ပေးဖြစ်တယ်။
နေ့ခင်းရောက်တော့ ကားဂိတ်ကို ဖုန်းဆက်ပြီး လက်မှတ်နှစ်စောင်ဖြတ်လိုက်တယ်။ စစ်ကိုင်းကနေ ကျွဲဆယ်ကန်ကို သွားစီးရမှာဝေးတာမို့ စစ်ကိုင်းလမ်းခွဲကနေ စောင့်စီးမယ့်အကြောင်းကိုပါ တစ်ခါတည်း ပြောထားလိုက်တယ်။
ညနေ သီဟနိုင်ပြန်လာတော့ ကျွန်တော်တို့ ရေမိုးချိုး၊ ရှိုးထုတ်၊ ညနေစာစားပြီး ည(၇)နာရီထိုးတော့ အိမ်ကနေထွက်လာလိုက်ကြတယ်။ ကားက ၇နာရီထိုးမှ ကားဂိတ်ကထွက်လာမှာမို့ ကျွန်တော်တို့က အိမ်ကနေ (၇)နာရီလောက်ထွက်မှ သိပ်ပြီးကြာကြာမစောင့်ရမှာ။
ကားပေါ်ရောက်တော့ သီဟနိုင်ကို မှန်ဘက်မှာနေရာချပေးပြီး ကျွန်တော်ကတော့ သူ့ဘေးကပ်လျက် အတွင်းဘက်မှာ ဝင်ထိုင်လိုက်တယ်။
"ကားပေါ်မှာ ကလေးပျင်းရင်ကြည့်ရအောင်လို့ ကိုယ်ဇာတ်ကားတွေ ဒေါင်းလာတယ်"
"ကျွန်တော်က ကားစီးရင်းနဲ့ ဖုန်းကြည့်လို့မရဘူးဗျ"
"ဟမ်!"
"ကျွန်တော်က ကားမူးတတ်လို့။ ကားတံခါးတွေဖွင့်စီးရင် အဆင်ပြေပေမယ့် ဒီလိုအလုံပိတ်ကားတွေကျတော့ ကားစီးရင်းနဲ့ ဖုန်းနှိုက်ရင် ပိုပြီးတော့မူးတာ"
"ဟာ... အဲ့ဒါကို ဘာလို့ကိုယ့်ကိုကြိုမပြောတာလဲကလေးရာ။ နို့မို့ဆို အမူးပြေဆေးတွေဘာတွေ ဝယ်ခဲ့မှာပေါ့"
"ရတယ်။ ကျွန်တော့်မှာပါတယ်"
သီဟဆီက စကားကိုကြားတော့ ကျွန်တော် တကယ်စိတ်မကောင်း။ ကျွန်တော် သူ့အကြောင်းကို ဘာမှသိပ်မသိသေးပါလားနော်။
"ဒါဆို ကလေး ကိုယ့်ကိုမှီပြီး အိပ်လိုက်ခဲ့နော်"
"ရတယ်။ ကျွန်တော်အပြင်ကိုငေးနေလိုက်ရင် အဆင်ပြေတယ်"
သီဟနိုင်ကတော့ ပေါ့ပေါ့လေးပြောလိုက်တာပဲ။ ဒါပေမဲ့ ကျွန်တော်စိတ်မကောင်း။ ညဘက်ဖြစ်တာမို့ ကားအပြင်ဘက်ရှု ့ခင်းက လှမှာမဟုတ်ဘူးလေ။ ဒီလိုမှန်းသိရင် ကျွန်တော် နေ့ခင်းဘက်လာပါတယ်။
လမ်းမှာခရီးတထောက်နားတော့ သီဟနိုင်က အန်တယ်။ အစာမရှိရင် ပိုဆိုးမှာစိုးလို့ ကျွန်တော်က သူ့ကို တစ်ခုခုစားခိုင်းပေမယ့် သူကမစား။ ဆီပါတဲ့ဘယ်ဟာမဆို မစားချင်ဘူးတဲ့။ သူကငြင်းတယ်။ နောက်တော့ ခေါင်းကြည်သွားအောင်ဆိုပြီး လိမ္မော်ရည်တော့သောက်တယ်။ ကျန်တာတော့ ဘာမှမစား။
သူမစားတော့ ကျွန်တော်လည်း ဘာမှမစားချင်တော့။ အဲ့ဒါနဲ့ တကယ်လို့ ကားပေါ်မှာ ဗိုက်ဆာလာရင် စားဖို့ဆိုပြီး မြေပဲပြုတ်သည်တွေ့တာနဲ့ ဝယ်လာလိုက်တယ်။
ကားပြန်ထွက်တော့ သီဟနိုင်က ကျွန်တော့်ပခုံးကို လာမှီတယ်။ ကျွန်တော်က သူ့ဆံပင်လေးတွေထဲကို လက်နဲ့အသာအယာထိုးမွရင်း သူအိပ်ပျော်သွားအောင် ချော့မြူနေမိတယ်။
'အမြန်လို အနှေးဖြစ်'ဆိုသလိုပဲ ခရီးက တော်တော်နဲ့မရောက်နိုင်။ ဘေးက ကျွန်တော့်ကလေးရဲ့မျက်နှာကလည်း အတော်လေးကို နွမ်းလျနေရှာပြီ။
နောက်တော့ ကျွန်တော်သူ့ကိုမကြည့်ရက်တာနဲ့ သူအာရုံပြောင်းအောင် စကားစကြည့်လိုက်တယ်။
"ဒီတစ်ခေါက်ကျောင်းပိတ်ရင် ဘယ်တွေသွားချင်လဲ"
"တိမ်ပင်လယ်"
"ပြီးတော့ရော"
"ပြင်ဦးလွင်ဆိုပြီးတာပဲ ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေတယ်"
"ကလေးကျောင်းပြီးရင် နောင်ချိုမှာမဟုတ်ဘဲ ပြင်ဦးလွင်မြို့ထဲမှာ အိမ်ခွဲနေကြဖို့ ကိုယ်တွေးထားတယ်။ ကလေးရော ဘယ်လိုသဘောရလဲ"
"ခင်ဗျား ကျွန်တော့်ကို ခြံတစ်ခြံလည်း ဝယ်ပေးထားသေးတာကို ပိုက်ဆံရှိသေးလို့လား"
"အင်း။ အခု မကွေးမှာရှိတဲ့ လယ်တွေကို အပြီးရောင်းတော့မလို့"
"ဘိုးဘွားပိုင်တွေဆို ခင်ဗျားဟာတွေလား"
"အင်း အဲ့ဒါကိုယ့်ဟာတွေ။ ဘွားဘွားက ကိုယ့်ကိုအမွေပေးသွားတာ"
"တကယ်! အကိုသူရစိုး... ခင်ဗျားကဘောစိပဲဗျ"
"မပူနဲ့။ ကလေးလည်း မကြာခင်ဘောစိဖြစ်တော့မှာ"
ကျွန်တော်ပြောတော့ ကျွန်တော့်ပေါင်ကို လက်သီးနဲ့ပိတ်ထိုးတယ်။ ပြီးတော့ ကျွန်တော်နေမကောင်းဘူးနော်တဲ့ ပြောပြီး ကျွန်တော့်ဆီကနေ ခွာသွားတယ်။ သူ့ပုံစံကြောင့် ကျွန်တော်က မရယ်ဘဲမနေနိုင်ခဲ့။
"မြေပဲပြုတ်တွေ ဝယ်လာတာလား။ ကျွန်တော်ကြိုက်တယ် ကျွေးအုံး"
ကျွန်တော့်ရှေ့က မြေပဲထုပ်ကိုကြည့်ပြီး ပြောလာတဲ့သီဟစကားကြောင့် ကျွန်တော်အတော်လေးကို ပျော်သွားမိတယ်။ သူ့ဗိုက်ထဲ ဘာမှမရှိသေးလို့ စိတ်ညစ်နေခဲ့တာ အခုတော့ သူက လိုလိုလားလားစားချင်တယ်ဆိုတော့ ကျွန်တော်အတော်လေးဝမ်းသာမိတယ်။
အဲ့ဒါနဲ့ အခွံပါတစ်ခါတည်း ခွာကျွေးလိုက်တယ်...
ကိုယ့်ကလေးလေး အလုပ်မရှုပ်ဘဲ အေးအေးဆေးဆေး စားပါစေတော့...
----------***----------
ကဲ ဆန့်ဆန့်ကြီးမြို့ကို အလည်တစ်ခေါက်လောက်သွားကြရအောင်။
15.10.2021