ရှန်းဝမ်ကျွမ်း ကြက်သေသေသွားသည်။ ထို့နောက်သူ့ခန္ဓာကိုယ်က သွေးကြောတွေထဲမှာ စီးဆင်းနေတဲ့သွေးတွေအားလုံး သူ့မျက်နှာကိုပို့လိုက်သလို သူ့မျက်နှာတစ်ခုလုံးနီရဲသွားသည်။
သူ့ပြောစကားတွေအဆုံးမှာ ရှဲ့ဟန်က ခေါင်းကို အသာငုံထားခဲ့မိသောကြောင့် ရှန်းဝမ်ကျွမ်းရဲ့ အကြည့်တွေကို မမြင်မိလိုက်ချေ။ သူ ဘာမှမဖြစ်ခဲ့သလိုပဲ ဆက်ပြီးစားနေခဲ့လိုက်၏။ ထိုအချိန်ခဏအတွင်း အခန်းထဲမှာ ကြားနိုင်သည့် တစ်ခုတည်းသော အသံမှာ ကြွေပန်းကန်ပြားနှင့် ဇွန်း ထိခတ်သည့် ညင်သာသည့်အသံ တိုးဖျော့ဖျော့သာရှိသည်။
တိတ်ဆိတ်မှုသည် မိနစ်ဝက်မျှကြာသွားချေသည်။
ရှန်းဝမ်ကျွမ်း သူ့နားတွေ တဝီဝီ အူလာသလို ခံစားလိုက်ရသည်။ ဤဝန်ခံချက်ကြီးက ရာဇဝတ်သားများ ရာဇဝတ်မှုအသေးစိတ်ကို ဝန်ခံနေသည်ထက် သူ့ကို ပိုထိတ်လန့်စေခဲ့သည်။
သူ တွေးခေါ်နိုင်စွမ်း လုံးဝ မဲ့နေခဲ့၏။
ရှန်းဝမ်ကျွမ်းရဲ့နှလုံးသားတစ်ခုလုံးဟာ ပုံမှန်မဟုတ်သလို ပြင်းပြင်းထန်ထန်ခုန်နေဆဲ။သူဟာ သံသယရှိသူများကို စစ်ဆေးမေးမြန်းနိုင်တဲ့ သူ့ရဲ့စွမ်းရည်အပေါ် အမြဲတမ်း အလွန်အမင်း ယုံကြည်မှုအပြည့်ရှိခဲ့သော်လည်း ယခုအချိန်တွင် မေးခွန်းတစ်ခုပင် မမေးနိုင်ခဲ့ချေ။
ရှဲ့ဟန်က သူ့ကို လက်ထပ်ဖို့ စီစဉ်ခဲ့တယ်?။ ဒါ...ဒါက အရမ်းထူးဆန်းတယ် မဟုတ်လား။ သူတို့က ကျောင်းကစားကွင်းမှာ ပြေးလွှားဆော့ကစားတဲ့ အရွယ်ကတည်းက သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့ကြတာလေ။ သူတို့က ညီအစ်ကိုတွေလိုပဲလေ။ သူတို့လက်ထပ်ရင်…သူတို့သာလက်ထပ်မယ်ဆိုရင်…
တကယ်တမ်း ဘာမှဖြစ်မလာသေးသော်လည်း ထိုအချိန်မှာတော့ ရှန်းဝမ်ကျွမ်း သူ့ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးဖြစ်သွားသလို ခံစားနေခဲ့ရသည်။
ရှဲ့ဟန်က ထပ်ကာ စကားစလာပြန်သည်။ ဒါပေမဲ့ သူ့စကားတွေက မရေရာမှုတွေနဲ့ ပြည့်နေခဲ့သည်။
"ငါ အစက တွေးခဲ့တယ်။ ငါတို့ အသက်သုံးဆယ်ရှိပြီ။ မင်းလည်း လက်မထပ်ရသေးဘူး၊ ငါလည်းပဲ လက်မထပ်ရသေးဘူးကွာ။ ငါတို့ အတူနေလာတဲ့တစ်လျှောက်လုံးလည်း ငြိမ်းငြိမ်းချမ်းချမ်းပဲလေ။ ဒါကြောင့် ဒီကိစ္စမှာ ငါတို့က တော်တော်လိုက်ဖက်ညီတယ်။ ငါတို့က တစ်ယောက်နဲ့တစ် လက်ထပ်ဖို့ သင့်တော်တဲ့ လက်တွဲဖော်တွေ ဖြစ်သင့်တယ်မလား?
ရှန်းဝမ်ကျွမ်း သူ့နှလုံးသားကို အထုံးလေးတွေ လာထုံးနေသလို ခံစားခဲ့ရသည်။ ရှဲ့ဟန်ရဲ့ယုတ္တိဗေဒကို ချေပဖို့ နည်းလမ်း မရှိခဲ့ပေ။ သူ့ရဲ့သွေးခုန်နှုန်းတွေက ပိုပိုပြီးမြန်လာခဲ့သည်သာ။
ရှဲ့ဟန်က ဆက်ပြောလာသည်။
"ဒါပေမယ့် ထျန်းရွိ ရုတ်တရက်ပေါ်လာလိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့ဘူး။ မင်း Alphas တွေကိုမကြိုက်ပေမယ့် ကံကြမ္မာ Alpha ကကျ မတူတဲ့ကိစ္စလေ။ ဟုတ်တယ်မလား?။ ကိစ္စတွေ ဒီလို ဖြစ်ပျက်ပြောင်းလဲကုန်တော့ ငါကို လက်ထပ်ဖို့ မင်းကို မေးလို့မရတော့ဘူး"
အဲဒါဘာကိုဆိုလိုတာလဲ။
ရှန်းဝမ်ကျွမ်း စိတ်ထဲ လုံးဝဗလာ ဖြစ်သွားရသည်။ သူပြောချင်တဲ့စကားတွေ အားလုံးကိုပင် သူမေ့သွားသည်။ သူ့စိတ်ထဲ မေးခွန်းတစ်ခုသာ ကျန်ခဲ့သည်။
ရှဲ့ဟန် ဒီကောင်က သူ့ကို လက်ထပ်ခွင့်တောင်းဖို့ အစီအစဉ်မရှိတော့ဘူးလို့ ပြောနေတာလား။
(T/N - ဒီနားလေးမှာ ရှဲ့ဟန်ကို ရိုက်ချင်သည်။)
ရှန်းဝမ်ကျွမ်း နောက်ဆုံးတော့ သူ့ပါးစပ်ကို ဖွင့်လိုက်သည်။
"မင်း…."
ရှဲ့ဟန်ရဲ့ဖုန်းက မြည်လာခဲ့တဲ့အချိန်မှာ သူစကားတစ်လုံးသာ ပြောရသေးသည်။
ရှဲ့ဟန်က ဖုန်းကိုင်လိုက်သည်။
"ဟယ်လို.. အိုး... ငါနားလည်ပြီ။ အမ်း ... ငါအခု ချက်ချင်းထွက်ခဲ့မယ်။ "
သူထလိုက်ပြီး ရှန်းဝမ်ကျွမ်းကို
"ငါကို စခန်းက ပြန်ခေါ်နေတယ်။ ငါ မြန်မြန်ပြန်သွားမှ ရမယ်"
သူတို့ရဲ့ တစ်ဝက်တစ်ပျက် စကားဝိုင်းကိုထားခဲ့ပြီး ရှဲ့ဟန်ထွက်သွားတာကိုသာ ရှန်းဝမ်ကျွမ်းကြည့်နေခဲ့ရသည်။
ဤကဲ့သို့ မပြီးဆုံးသေးပဲ ထားခဲ့ခံရသော လုပ်ရပ်မျိုးသည် သည်းခံနိုင်စရာ အကြောင်းပင် မရှိချေ။
ထို့ကြောင့်ပင် ရှန်းဝမ်ကျွမ်းသည် ထိုနေ့တစ်နေ့လုံး အလုပ်၌ အာရုံစူးစိုက်နိုင်ခြင်း မရှိခဲ့တော့ပေ။ ထျန်းရွိကို ပြစ်တင်ရှုတ်ချချင်စိတ်လည်း မရှိတော့။
သူ့စိတ်သူ ဘယ်လောက်ပဲ တည်ငြိမ်အောင်ထိန်းနိုင်ဖို့ ကြိုးစားပါစေ ရှဲ့ဟန်က ငါ့ကို လက်ထပ်ခွင့်တောင်းဖို့ ပြင်နေခဲ့တာလား? ဆိုသည့် မေးခွန်းရဲ့ အဖြေကို စဉ်းစားမရနိုင်ခဲ့။
ရှဲ့ဟန်က သူတို့နှစ်ယောက်ဟာ အသက်အရွယ်တူ၊ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးတာကြောင့်တစ်ခုတည်းနဲ့ လက်ထပ်ခွင့်တောင်းဖို့ ရည်ရွယ်ခဲ့တာလား?။ ဒါက လူမှုရေးနှင့်ငွေကြေးအဆင်ပြေဖို့အတွက်ပဲလား?။ ဒါမှမဟုတ် ဒီနေရာမှာ ငုပ်လျှိုးနေတဲ့ စိတ်ခံစားမှုနဲ့လှုံ့ဆော်မှုတွေကော ရှိခဲ့လား။
ရှဲ့ဟန်က သူ့ကို အဖြေမပေးပါပဲ သူ့ဘာသာဖြေရှင်းဖို့ ပြသာနာတွေထဲ ဆွဲသွင်းခဲ့ပြီး ထိုစကားအနည်းငယ်နဲ့သာ သူ့ကိုထားခဲ့သည်။
သူ နေ့လည်စာကို ကော်ဖီဆိုင်မှာ စားခဲ့သည်။
သူရဲ့လုပ်ဖော်ကိုင်ဖက်များသည် မကြာသေးမီက ဖြစ်ပွားခဲ့သောလူသတ်မှုကိစ္စနှင့် ပတ်သက်၍ ဘယ်ဥပဒေက ထိုအမှုနဲ့ ကိုက်ညီလဲဆိုတာကို ထျန်းရွိအား ရယ်ရယ်မောမောမေးမြန်းနေကြသည်။
ထျန်းရွိက စိတ်အားထက်သန်စွာ ဖြေကြားခဲ့ပြီး ပထမဆုံးအနေနဲ့ အဖြေမှန်ပြောနိုင်ခဲ့သည်။ ထို့ကြောင့်သူသည် လက်ခုပ်သံများ တစ်လှည့်စီရရှိခဲ့သည်။ သူအနည်းငယ်ရှက်သွားသလိုခံစားလိုက်ပြီး ရှန်းဝမ်ကျွမ်းရဲ့အမူအယာကို လှမ်းကြည့်လိုက်သည်။
ရှန်းဝမ်ကျွမ်းက သူတို့ ပြောနေ၊လုပ်နေကြတာတွေကို လုံးဝသတိမပြုမိခဲ့ချေ။ သူက လုံးဝစိတ်လွတ်နေသလို ငေးငိုင်နေသည်။ ထို့ကြောင့် တစ်ယောက်က သူနေမကောင်းဖြစ်နေတာလားလို့ မေးလာသည်။
“မဟုတ်ဘူး” ရှန်းဝမ်ကျွမ်း ခပ်ပြတ်ပြတ်ဖြေလိုက်သည်။
သူ့ အလုပ်မှာ အနိမ့်ဆုံးအနေအထားနှင့်သာရှိသော်လည်း ပြီးခဲ့သည့်ရက်တွေ အတွင်း ရှန်းဝမ်ကျွမ်း အစ်ကိုနဲ့ အဆက်သွယ်မပြတ်ရှိခဲ့ပြီး ရှန်းဝမ်ကျွမ်းနဲ့ပိုနီးစပ်နိုင်ဖို့ ကြိုးစားနေခဲ့သည်။
သူ ရှန်းဝမ်ဟောက်ထံသို့ မက်ဆေ့ခ်ျတစ်ခုအား မသိမသာရိုက်လိုက်ပြီး ပို့လိုက်သည်။
ပါမောက္ခရှန်းဒီနေ့ စိတ်အခြေအနေကောင်းပုံ မပေါ်ဘူး။ သူ့ကို အားပေးဖို့ ကျွန်တော် ဘာလုပ်ရမလဲ?။ သူကြိုက်တဲ့ မုန့်တစ်ခုခု ဝယ်ပေးလိုက်ရင် ကောင်းမလား? သူဘယ်လို မုန့်မျိုးကြိုက်လဲ သိလားဟင်?
ငါးမိနစ်အကြာတွင် ရှန်းဝမ်ဟောက်ဆီမှ ပြန်စာရလာခဲ့ပြီး ရှန်းဝမ်ကျွမ်း ကြိုက်တတ်တဲ့ပေါင်မုန့်အမျိုးအစားနဲ့တံဆိပ်ကို ပြောပြထားခဲ့သည်။
ရှန်းဝမ်ဟောက်က ထပ်ပို့လာသည်။
"ဘယ်လိုလဲ။ နောက်ဆုံးတော့ ရှောင်ကျွမ်းကို ရဖို့ နီးလာပြီလား?
ထျန်းရွိ ကူကယ်ရာမဲ့စွာပဲ စိတ်ပျက်လက်ပျက်ခံစားလိုက်ရသည်။ ရှဲ့ဟန် သူတို့ရုံးမှာ ရက်အနည်းငယ်ကြာအောင် မပေါ်မလာခဲ့ပေမဲ့ သူ့အခြေအနေက တိုးတက်မှုမရှိခဲ့ကြောင်းပြောနိုင်ပါတယ်။ ဒါက အရမ်းစိတ်ရှုပ်စရာကောင်းသည်…ပြီးတော့ ရှန်းဝမ်ကျွမ်းနဲ့ ရှဲ့ဟန် တစ်ယောက်နဲ့တစ်ယောက်အရမ်းကြီးမရင်းနှီးဘူးလားလို့လည်း ထျန်းရွိတွေးမိသည်။
ရှန်းဝမ်ဟောက်က မက်ဆေ့ခ်ျပို့လာပြန်သည်။
ပုံမှန်သမီးရည်းစား ပိုးပန်းတဲ့နည်းလမ်းတွေက သူ့အတွက်အလုပ်မလုပ်ဘူး။ Alphaတွေအများကြီး သူ့ကိုလိုက်နေကြတာ။ သူ့နှလုံးသားကို အနိုင်ရနိုင်ဖို့ ကြိုးစားခဲ့တဲ့ သူ့ရုံးကလူတွေကို ငါမှတ်မိသေးတယ်။ အငြင်းခံရပြီးတဲ့နောက် သူတို့ထဲက တစ်ယောက် အလုပ်ကတောင် ထွက်သွားတယ် ထင်တယ်။
ရှန်းဝမ်ဟောက်ရဲ့အတင်းအဖျင်းက ထျန်းရွိရဲ့ နှလုံးသားထဲကို ဓားထက်ထက်နှင့်ထိုးလိုက်သလိုပင်။ ဒီရုံးက ထူးချွန်လှပါတယ်ဆိုတဲ့ အစိုးရရှေ့နေတွေတောင် ရှန်းဝမ်ကျွမ်းကို အရမလိုက်နိုင်ခဲ့ဘူး။ သူ ... သူတို့ကိုဘယ်လိုလုပ် အနိုင်ယူနိုင်ပါ့မလဲ?။
အလုပ်ဆင်းတဲ့နောက်။
ထျန်းရွိက သူ့သတ္တိကိုစုပြီး မေးလိုက်သည်။
"လောင်ရှီး ကျွန်တော် ခင်ဗျားကို ညစာလိုက်ကျွေးလို့ရမလား။ စုံထောက်ရှဲ့ ဒီရက်ပိုင်းတွေမှာ တော်တော်အလုပ်ရှုပ်ပုံရတယ်။ ခင်ဗျား အပြင်ထွက်တာ မတွေ့တာကြာပြီ"
ရှန်းဝမ်ကျွမ်းက သူ့ကို ချက်ချင်းပြန် မငြင်းခဲ့ချေ။ အဲဒီအစား သူက မေးလာသည်။
"မင်း အခု အားလပ်ချိန်များများ ရှိလား?
ထျန်းရွိက မဝံ့မရဲ ခေါင်းညိမ့်လိုက်သည်။
"ကျွန်တော် ... ခင်ဗျား ကျွန်တော့်ကိုငြင်းရင် စာလုပ်ဖို့ အဆောင်ကိုပြန်မလို့ စီစဉ်ထားခဲ့တာ။ "
"ဒါဆို အခု ငါနဲ့ တစ်နေရာကို လိုက်ခဲ့ပေး"
ရှန်းဝမ်ကျွမ်းက ထပ်ပြောလာသည်။
ထျန်းရွိ အရမ်းစိတ်လှုပ်ရှားနေမိသလို တစ်ချိန်တည်းမှာပဲ ထိတ်လန့်နေမိခဲ့သည်။ ဒါပေမယ့် သူ့ရဲ့ချစ်လှစွာသော လောင်ရှီးက သူ့ကို ဆိုးရွားတဲ့ အခင်းနေရာကို နောက်တစ်ခေါက်ထပ်ခေါ်သွားမယ်ဆိုရင်တောင် သူကတော့ ဒီအခွင့်အရေးကို လက်အလွှတ်မခံနိုင်ပေ။ သူက အေးဆေးဆေးနဲ့ သက်သေတွေ စုဆောင်းကာ ရင့်ကျက်ပြီး စိတ်ချရသည့် Alpha တစ်ယောက်လို့ ပြုမူရလိမ့်မည်ဖြစ်သည်။
ဒါပေမယ့် ရှန်းဝမ်ကျွမ်းက သူ့ကို အနီးနားက ကျေးလက် ရွငယ်ကလေးခေါ်သွားခဲ့သည်။ ထိုရွာကလေးကို ရောက်ရန် နှစ်နာရီခွဲလောက်ကြာအောင် ကားကို မောင်းခဲ့ရပြီး သူတို့ကားကို ရွာထဲက အိမ်ကလေးတစ်လုံးအပြင်မှာ ရပ်လိုက်သည်။
ရှန်းဝမ်ကျွမ်းက အရင်ကားထဲမှဆင်းလိုက်ပြီး သူ့ကို အမိန့်ပေးလာသည်။
"ကားနောက်ဖုံးကို ဖွင့်လိုက်"
ကားရဲ့ပစ္စည်းတင်သည့် နောက်ခန်းထဲတွင် ဆန်အိတ်အနည်းငယ်နဲ့ ဆီထည့်ထားသော ပုံး အနည်းငယ်ကိုတွေ့လိုက်ရသည်။ ဘာမှ သိပ်အဖိုးမတန်သလိုဖြစ်နေပေမယ့် အတော်လေးကို လေးလှပေသည်။
ထျန်းရွိ ပြန်စဉ်းစားကြည့်လိုက်တော့ သူဖိုင်တွဲတွေစီရင်း ဖျတ်ခနဲ မြင်လိုက်တဲ့ အလုပ်သမားတစ်ဦးရဲ့ လုပ်ငန်းခွင်တွင်း ထိခိုက်သည့် အမှုကိစ္စကို သတိရလိုက်သည်။အဲ့ဒီအမှုက ရှန်းဝမ်ကျွမ်း သိပ်မကြာခင်က ကိုင်တွယ်ခဲ့သည့် အမှုဖြစ်သည်။ လုပ်ငန်းကပေးသည့် လျော်ကြေးမှာ ယွမ်၂၀၀၀၀သာဖြစ်ပြီး သင့်တော်သော ပမာဏမဟုတ်ခဲ့ပေ။
ရှန်းဝမ်ကျွမ်း ကိုင်ခဲ့သော အခြားအမှုကြီးများနှင့်ယှဉ်လျှင် ထိုပမာဏသည် ပင်လယ်ထဲက ရေတစ်စက်ကဲ့သိုသာဖြစ်သည်။
ဤရွာလေးတွင်ရှိနေသော ရှန်းဝမ်ကျွမ်းသည် H ဥပဒေတက္ကသိုလ်တွင် သင်ကြားပို့ချခဲ့သော ပါမောက္ခရှန်းဝမ်ကျွမ်းနှင့် လုံးဝမတူခဲ့ပါချေ။ သူက သက်ကြီးရွယ်အိုတွေနှင့်ကလေးလေးတွေကို နှိုင်းယှဉ်မရအောင်ပင် ကြင်နာနွေးထွေးစွာ စကားပြောနေခဲ့သည်။ သူက ထူးဆန်းသောကျေးလက်ဒေသိယစကားဖြင့်ပင် သူတို့နှင့်စကားပြောခဲ့သည်။
ရှန်းဝမ်ကျွမ်းကိုကြည့်ရတာ ဤပတ်ဝန်းကျင်တွင်အလွန်စိတ်သက်သာရာရနေသည်မှာ သိသာထင်ရှားသော်လည်း ထျန်းရွိ သူ့ဆီမှာ ဖော်ပြရခက်သော တည်ကြည်လေးနက်နေမှု့တစ်ခုကို ခံစားမိနေသည်။
ပြီးတော့…
သူက လှသည်။ ရှန်း လောင်ရှီး ပြုံးလိုက်ရင် သိပ်ကို လှပေသည်။ ထျန်းရွိ လုံးလုံးလျားလျားကို ပြုစားခံခဲ့ရသည်။ ဒါပေမယ့် အခုချိန်မှာတော့ ရှန်းဝမ်ကျွမ်းရဲ့ရုပ်ရည်သွင်ပြင်ထက် သူ့ရဲ့ရိုးသားမှုနဲ့ ကြင်နာမှုတွေက သူ့နှလုံးသားလေးကို ပိုခါရမ်းစေခဲ့သည်။
ရှန်းဝမ်ကျွမ်းက သူ့ရဲ့ အကြည့်ကို သတိထားမိပုံရသည်။ သူက သတိပေးသလို တစ်ချက်စိုက်ကြည့်လိုက်ပြီး ထျန်းရွိရဲ့နားရွက်ဖျားလေးတွေကို နီရဲစေခဲ့သည်။
ထို့နောက် မြို့ကို့ ပြန်ရမယ့်အချိန်ရောက်လာခဲ့သည်။
"ကျွန်တော် ကိုယ့်ဘာသာ ပြန်လိုက်မယ်!"
ထျန်းရွိက သူ့ဆန္ဒနဲ့သူ စပြောလိုက်သည်။
"ငါတို့ အခု အရမ်းအဝေးကြီးကိုရောက်နေတာ။ မင်းကို မြို့ထဲထိ လိုက်ပို့ပေးမယ်။ မင်း မြေအောက်ရထားဘူတာရုံမှာ ဆင်းပြီး ကျောင်းကို ကိုယ့်ဘာသာဆက်ပြန်လိုက်"
ညချမ်းအချိန်က တိတ်ဆိတ်စွာ ကျရောက်လာခဲ့သည်။
လမ်းဘေးရှိမီးများက လမ်းနှစ်ဘက်ကို ထွန်းလင်းတောက်ပစေခဲ့သည်။
ရှန်းဝမ်ကျွမ်း ဒီခရီးကို နောက်ဆုံးရောက်ခဲ့ချိန်ကို ပြန်စဉ်းစားမိသည်။ သူ ရှဲ့ဟန်နှင့် အတူသွားခဲ့သည်။
သူရဲ့အကြည့်ကို နောက်ကြည့်မှန်သို့ပို့လိုက်သည်။ ထျန်းရွိက နောက်ခုံမှာ ဘုန်းကြီးတစ်ပါးလို့ တောင့်တောင့်ကြီး ထိုင်နေသည်။ သူ့ပုံကြည့်ရတာ သူ့ဟန်ပန်က ရှန်းဝမ်ကျွမ်းအမြင်မှာ မပြည့်စုံသလို ဖြစ်နေမှာကို ကြောက်နေပုံရသည်။
Alphaတစ်ဦးရဲ့ pheromone ရနံ့က ကားထဲမှာ ပြည့်နေခဲ့သည်။
တကယ်ကို နှစ်သက်ဖွယ်ရနံ့ ဖြစ်ပေသည်။ ကမ္ဘာပေါ်ရှိ မည်သည့်ရေမွှေးထက်မဆို ရှန်းဝမ်ကျွမ်းရဲ့အနံ့ခံအာရုံကို ပိုကျေနပ်စေသည်။
ရှန်းဝမ်ကျွမ်းက စကားစပြောလာသည်။
"ခုနောက်ပိုင်းတော့ မင်းက ငါတို့ရုံးရဲ့ ပြီးပြည့်စုံတဲ့ ဘေးအန္တာရယ် မဟုတ်တော့ဘူးပဲ။ ပြီးတော့ မင်း ကိုယ့်ကိုကိုယ် ဇွတ်အတင်းတွန်းအားပေးပြီး စာတွေ လေ့လာနေတာလည်း ငါတွေ့တယ်။ မင်းဆက်ကြိုးစားပြီး ငါ့အတွက် မဟုတ်ပဲ ဥပဒေလောကအတွက် အရည်အချင်းရှိတဲ့ ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာဖို့ ငါမျှော်လင့်ပါတယ်။"
"အမ်း ... "
ထျန်းရွိ စိတ်လှုပ်ရှားသွားသည်။ ဒါက သူပထမဆုံးအကြိမ်အဖြစ် ရှန်းဝမ်ကျွမ်းရဲ့ အသိအမှတ်ပြုမှု ရဖူးတာဖြစ်သည်။ သူ အလွန် ဝမ်းသာသွားခဲ့သည်။ သူရဲ့ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်တွေ ထွက်လာတုန်းကပင် သူ ဒီလောက် မပျော်ခဲ့ပေ။
သူ့ရဲ့ပထမဆုံး တုံ့ပြန်မှုက ဖုန်းကိုဆွဲပြီး ရှန်းဝမ်ဟောက်ဆီ စာပို့တာပဲ ဖြစ်သည်။
ရှန်း လောင်ရှီးက ကျွန်တော့်ကို ချီးကျူးတယ်။ ဒါက ကျွန်တော် အခွင့်အလမ်းရလာပြီဆိုတဲ့သဘောလား?
သူ စာကိုပို့လိုက်တဲ့အချိန်ပဲ ရှန်းဝမ်းကျွမ်း ထပ်ပြောလာတာကိုကြားလိုက်ရသည်။
"အမှန်အတိုင်းပြောရရင် မင်းက အဲ့လောက်တော့ မဆိုးပါဘူး။ မင်းက နည်းနည်းလေး မှေးမှိန်နေတာ။ ဒါပေမယ့် လူတိုင်း တစ်ချိန်တုန်းကတော့ ငယ်ခဲ့ဖူးတာပဲလေ။ ... ငါ မင်းကို အမြဲဆူကြိမ်းမောင်းတယ်၊ မင်းကို အမြဲစော်ကားပြောဆိုတယ်။ မင်း ဒီလောက်အကြာကြီးကပ်တွယ်ထားနိုင်မယ်လို့ ငါမမျှော်လင့်ခဲ့ဘူး။ ပြီးတော့ မင်း ဒီရက်ပိုင်းတွေမှာ အမှားတွေ အများကြီး မလုပ်ခဲ့ပါဘူး။"
ထျန်းရွိရဲ့ပျော်ရွှင်မှုတွေ စတင်ပွင့်အံလာသည်။
"ဒါပေမဲ့" ရှန်းဝမ်ကျွမ်းက ဆက်ပြောလာသည်။
"ငါ မင်းကို ရာထူးက နုတ်ထွက်စေချင်တုန်းပဲ။ မနက်ဖြန်ကစပြီး ရုံးကို မလာနဲ့တော့။ "
မူလက ရှန်းဝမ်ကျွမ်းသည် ထျန်းရွိရဲ့တည်ရှိမှုကို လျစ်လျူရှုရန် စီစဉ်ခဲ့သည်။ ဒါပေမယ့် အခုတော့ ထျန်းရွိသူ့ဘဝထဲမှာ ရှိနေခြင်းက သူနဲ့ ရှဲ့ဟန်ကြားက တည်ငြိမ်မှုကိုပျက်ပြားစေတယ်ဆိုတာ သိသာထင်ရှားလာသည်။
ရှန်းဝမ်ကျွမ်း သူရဲ့ရွေးချယ်မှုများကို တွေးတော ချိန်ဆနေရန်ပင် မလိုအပ်ခဲ့။
ထျန်းရွိရဲ့ pheromonesရနံ့က တစ်ခြားသူတွေထက် ပိုကောင်းရင်တောင် ရှဲ့ဟန်က သူ့အတွက် ပိုအရေးကြီးသည်။
(T/N - ဒီစာသားလေးက ဝတ္ထုတစ်ခုလုံးရဲ့ အနှစ်သာရလေး။ ဒီအပိုင်းလေးကို အရမ်းသဘောကျတာပဲ။ သူ့ခံစားချက်တွေ တဖြည်းဖြည်းပေါ်လွင်လာလေးကို သေချာတွေ့ရတယ်။ ရှန်းကောရဲ့ ပြတ်သားမှုကို အစကနေ အဆုံးထိ ကြွေနေရတာပဲကွယ်)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia 🦋
Oct 8 ,2021