တော်သလင်းနေ ပုဇွန်သေဆိုတဲ့ စကားအတိုင်းပဲ ရွာဘုရားပွဲရက်က အလွန်ကို ပူပြင်းလှတယ်။ ပူပေမယ့် လူကတော့ စည်နေတာပဲ။ တောင်၊မြောက်သွယ်တန်းထားတဲ့ ရွာလမ်းမကြီးရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ ဆယ့်နှစ်ပွဲဈေးသည်တွေက နေရာယူထားကြပြီး အဲ့ဈေးသည်တွေဆီမှာ လာရောက်ဝယ်ယူတဲ့သူတွေရော မဝယ်ဘဲ ဒီအတိုင်းလျှောက်ပတ်ကြည့်ကြတဲ့သူတွေရောနဲ့ လမ်းမကြီးက ပြည့်လျှံလို့နေတယ်။
ကျွန်တော်တို့ရွာက အတော်လေးကို လူဦးရေများတာကြောင့် တောင်သင်းနဲ့ မြောက်သင်းဆိုပြီး အသင်းနှစ်သင်းခွဲထားရတယ်။ ရွာသူရွာသားတွေက ကြိုက်တဲ့အသင်းထဲကို ဝင်ကြ။ များသောအားဖြင့်တော့ တောင်ပိုင်းမှာနေတဲ့သူတွေက တောင်သင်းထဲကိုဝင်ကြပြီး မြောက်ပိုင်းမှာနေတဲ့သူတွေက မြောက်သင်းထဲကို ဝင်ဖြစ်ကြတယ်။
မင်္ဂလာပွဲတို့ အလှူပွဲတို့ ကျင်းပမယ်ဆိုရင် ပစ္စည်း၊ပစ္စယာတွေကို ကိုယ်ဝင်ထားတဲ့အသင်းကနေ ငှါးပြီး ကျင်းပရတယ်။ ဥပမာ အလှူလုပ်မယ့်သူက တောင်သင်းသားဖြစ်တယ်ဆိုရင် အလှူအတွက်ကို တောင်သင်းက လူကြီးတွေက ဆောင်ရွတ်ပေးရတယ်။
အလှူမှာအလှည့်လိုက်ဖို့အတွက် တောင်သင်းအဖွဲ့ဝင်ထဲက အပျို၊လူပျိုတွေကို ဖိတ်ပေးရတယ်။ ထမင်းကျွေးဖို့ကျတော့ အိမ်ထောင်သည်ယောက်ျားတွေကို ဖိတ်ပေးရတယ်။ ဒီလိုမျိုး ဆောင်ရွတ်ဖို့ အသင်းခွဲထားပေမယ့် ထမင်းကိုတော့ တောင်သင်း၊မြောက်သင်းမခွဲဘဲ တစ်ရွာလုံးကို ကျွေးတာဖြစ်တယ်။ မင်္ဂလာပွဲကျင်းပရင်လည်း အဲ့လိုမျိုးပဲ အသင်းလူကြီးတွေက ဆောင်ရွတ်ပေးရတယ်။
ဘုရားပွဲအတွက် အလှူခံတဲ့အခါကြရင် တောင်သင်းထဲဝင်ထားတဲ့သူတွေက တောင်သင်းမှာ လှူရပြီး မြောက်သင်းထဲဝင်ထားတဲ့သူတွေက မြောက်သင်းမှာလှူကြရတယ်။ အဲ့လို အလှူခံပြီး ရလာတဲ့ပိုက်ဆံတွေနဲ့ အသင်းလူကြီးတွေက ဇာတ်ပွဲတစ်ခုစီ ငှါးကြတာကြောင့် ကျွန်တော်တို့ရွာ ဘုရားပွဲက နှစ်တိုင်းနှစ်တိုင်း ဇာတ်ပွဲနှစ်ခုပါတယ်။
တောင်သင်းကငှါးတဲ့ ဇာတ်ပွဲက ရွာတောင်ထိပ်မှာကရပြီး မြောက်သင်းကငှါးတဲ့ ဇာတ်ပွဲကတော့ ရွာမြောက်ထိပ်မှာ ကကြရတယ်။ အဲ့လို အပြိုင်အဆိုင်ကရတဲ့ ဇာတ်ပွဲမို့ ဇာတ်သဘင်တွေကလည်း ကျွန်တော်တို့ရွာဆို လိုက်ချင်ကြတယ်။ ဇာတ်ပွဲက ရုံသွင်းတာမဟုတ်တဲ့အတွက် ပိုက်ဆံမပေးရဘဲ အလကားကြည့်ရတာမို့ ကြည့်တဲ့လူတွေကလည်း ကျိတ်ကျိတ်တိုးပဲ။
ဘုရားပွဲလာတဲ့ ဧည့်သည်တွေကို ဧည့်ခံကြဖို့အတွက် ရွာမှာရှိတဲ့ အိမ်တိုင်းအိမ်တိုင်းက မြန်မာမုန့်တွေ လုပ်ထားကြတယ်။ အများဆုံးကတော့ ထိုးမုန့်၊ ဆနွင်းမကင်း၊ ကျောက်ကျော၊ ငှက်ပျောပူတင်း ဒါမှမဟုတ် အာလူးပူတင်း၊ သာကူပြင်၊ လက်ဖက်နဲ့ ပဲကြော် စတဲ့မုန့်တွေကို လုပ်ဖြစ်ကြတယ်။
မုန့်တွေတင်မဟုတ်သေး။ ထမင်း၊ဟင်းတွေကိုလည်း ရှယ်ချက်ထားကြတယ်။ ဘုရားပွဲရက်ဆိုရင်တော့ ဘယ်အိမ်မဆို ကြက်သား၊ ဝက်သား၊ ငါးကတော့ မပါမဖြစ်ပဲ။ အကျွေးအမွေးက တကယ်ကို ရက်ရောကြတာ။ အဲ့ဒါကြောင်းမို့လည်း လူအရမ်းစည်တာ ထင်ပါရဲ့။
ကျွန်တော်တို့အိမ်ရောက်တော့ ခန့်စည်သူက ဆီးလို့ကြိုတယ်။ ကျွန်တော် သူ့ကို နည်းနည်းလေးမှ ကြည့်လို့မရတာကြောင့် အဖက်ပြန်လုပ်မနေတော့။
မိုးလည်းချုပ်တော့မှာမို့ ပြည်သျှင်မင်းတို့ကို အိမ်မှာတစ်ညအိပ်ဖို့ အကြံပေးလိုက်တယ်။ ကျွန်တော့်အကြံပေးချက်ကို သူတို့ကလည်း လက်ခံခဲ့တယ်။
ညဘက်ရောက်တော့ သူတို့ကို ပွဲခင်းထဲလိုက်ပို့ဖြစ်တယ်။ မြို့ကလူတွေက ဒါမျိုးတွေ သိပ်ကြည့်ဖူးကြမှာမဟုတ်တာကြောင့်။
မောင်ထူးကတော့ ပွဲတွေဘာတွေ သိပ်ပြီးတော့ ဝါသနာမပါလှဘူး။ ကျွန်တော်သွားလို့သာ နောက်ကလိုက်လာရှာတာ။ တကယ်တော့ သူက ဒါမျိုးတွေမကြိုက်...ကျွန်တော့်ကိုပဲ ကြိုက်တာ ဟိဟိ...
ကျွန်တော်တို့လေးယောက်က ဇာတ်ခုံဒေါင့်မှာ မတ်တပ်ရပ်ပြီး ကြည့်ဖြစ်ကြတယ်။ ပွဲခင်းအလယ်က လူတွေက ကျွန်တော်တို့ရှိတဲ့ဘက်ကို လည်ပြန်တကြည့်ကြည့်။ ကြည့်ကြမှာပေါ့ ဆံရှည်လေးက အရမ်းကို ထင်းရှားပေါ်လွင်နေတာကိုး။ ဇာတ်မင်းသားတွေ ချောတယ်ဆိုတာ သူ့ကိုဘယ်မှီလိမ့်မလဲလေ။ သူက တအားချောပြီး ကြည့်ကောင်းနေတာ...
ပွဲကြည့်ရင်းနဲ့မှ ကျွန်တော်တစ်ခုစဉ်းစားမိတယ်။ အဲ့ဆံရှည်လေး ပေါက်တဲ့သေးကရော မွှေးနေမလားလို့။ မွှေးရင်တော့ မိုက်ပြီပဲ။ ပြည်သျှင်မင်းတစ်ယောက် ရေမွှေးကို တကုတကဝယ်နေစရာမလိုတော့ဘူး။ သူပေါက်တဲ့သေးကို ခံထားပြီးတော့ လူကိုဖြန်းရုံပဲ။ သူတစ်ယောက်တည်း သုံးလို့မနိုင်ရင်လည်း ပြန်ရောင်းစားလို့ရသေးတယ်။
အလယ်မှာထိုင်ကြည့်နေတဲ့လူတွေက အုံးအုံးကျွတ်ကျွတ်နဲ့ မတ်တပ်ရပ်လာကြတော့ ပြည်သျှင်မင်းက အထိတ်တလန့်နဲ့ ကျွန်တော့်ကိုမေးတယ်။ ဘာဖြစ်တာလဲတဲ့။ အဲ့ဒါ ရန်ဖြစ်တဲ့ လက္ခဏာမို့ ကျွန်တော်တို့က အိမ်ပြန်ဖို့ပြင်လိုက်ကြတယ်။
အိမ်ပြန်မယ်ဆိုတော့ လူအုပ်ကြီးကိုဖြတ်ပြီးတော့ ပြန်ကြရတယ်။ မောင်ထူးကတော့ ကျွန်တော့်ပုခုံးနှစ်ဖက်ကို ကိုင်ပြီး ကာကွယ်ပေးထားတာမို့ ကျွန်တော်က အဆင်ပြေတယ်။ နောက်က ပြည်သျှင်မင်းတို့ကတော့ ပြေရဲ့လားမသိ။
လူအုပ်ကြီးရဲ့အပြင်ဘက်ကို ရောက်ရောက်ချင်း မြင်လိုက်ရတာက ဓားထိုးမှုတစ်ခု။ အထိုးခံလိုက်ရတဲ့ကလေးကို သေချာကြည့်လိုက်တော့ ခန့်စည်သူရဲ့အသိကောင်လေးဖြစ်နေတယ်။
ကျွန်တော်က အထိတ်တလန့်နဲ့ အဲ့ကောင်လေးအနားကိုသွားတော့ မောင်ထူးတို့လည်း ကျွန်တော့်နောက်ကနေ ပါလာကြတယ်။
အဲ့ကောင်လေးရဲ့ အခြေအနေက အရေးပေါ်ဆေးရုံတင်ဖို့ လိုအပ်တာမို့ ဘေးမှာရပ်ကြည့်နေတဲ့လူတွေကို နာရေးကူညီမှုအသင်းဆီ ဖုန်းဆက်ပေးကြဖို့ အကူအညီတောင်းလိုက်ရတယ်။ အဲ့အချိန်မှာပဲ ဆံရှည်လေးက ရုတ်တရက်ကြီး ဒဏ်ရာရနေတဲ့ကောင်လေးအနားကို ဝင်ထိုင်လိုက်တယ်။ ပြီးတော့ သူ့လက်ကိုကိုက်ပြီး ဒဏ်ရာပေါ်ကို သွေးတစ်စက်ချလိုက်တယ်။ သူ့သွေးစက် ဝင်သွားပြီးတော့မကြာဘူး ဓားထိုးဒဏ်ရာက အကောင်းပကဓိအတိုင်း ပြန်ဖြစ်သွားတာကို တွေ့လိုက်ရတယ်။
ကျွန်တော်က အံ့သြမဆုံး။ ကျွန်တော်တင်မဟုတ်။ ဘေးနားကလူတွေအကုန်လုံးက ပါးစပ်အဟောင်းသားနဲ့ ကြောင်ကြည့်နေမိကြတယ်။
----------***----------
အလှလေးဖတ်ထားတဲ့သူတွေကတော့ ဒီအပိုင်းက သိပြီးသားကြီး ဖြစ်နေမှာရယ်။ ကဲ အလှလေးတို့ကို ဒီမှာတင် နှုတ်ဆက်ပါပြီနော်...
S1 က မောင်ထူးရဲ့ ချစ်တတ်မှုဆိုရင်
S2 ကတော့ ထူးအောင်ရဲ့ ချစ်တတ်မှုတွေလာပါမယ်
27.9.2021