ပြန်လမ်းကြယ်ဝေ စောင်းကြိုးပြေ...

By LeeSeungHan

32.4K 3.2K 609

Starting Date 11Apr 2021 - Ending Date 30Sep 2021 Unicode ရှောင်ရှင်းအာ ဆိုတာကတော့ လူတွေကြားထဲမှာ လူသားဟန်ဆော... More

Introduction
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Art 1
Chapter 34
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Art 2
Chapter 44
Chapter 45
Chapter 46
ပူဆာခြင်း
Chapter 47
Chapter 48
Chapter 49
Final Part 1
Final Part 2
Art 3
Final Part 3

Chapter 35

325 40 4
By LeeSeungHan

Unicode

ပြန်လမ်းကြယ်ဝေစောင်းကြိုးပြေ Chapter 35

ချင်းမင်တောင်သို့အဝင်လမ်း

တစ်ညလုံးအိပ်မောကျနေရာမှ နိုးလာသောရှောင်ရှင်းသည် သူဘေးတွင်ကပ်ကာအိပ်ပျော်နေသည့် ဝမ်ရှန်းကိုမြင်တော့ ရုတ်တရက်ကြောင်ကြည့်နေမိသည်။ ဝမ်ရှန်းတစ်ယောက် သူ့ဘေးတွင်ခန္ဓာကိုယ်ကိုကွေးလျက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်ကိုမြင်ပါမှ ရှောင်ရှင်းသည် အလယ်တွင်စုဆုံနေသော မျက်ခုံးတန်းတို့ကိုဖြေလျော့လိုက်သည်။ သူသည် ဝမ်ရှန်း၏ ကြည့်ကောင်းသောမျက်နှာကို မှင်သက်စွာကြည့်နေမိရင်း နှုတ်ခမ်းပါးလေးများကော့ညွတ်စေကာ အပြုံးတစ်ပွင့်ကိုဖန်ဆင်းလိုက်မိသည်။ ထို့နောက် အမည်နာမတစ်ခုကိုခပ်တိုးတိုးရေရွတ်လိုက်၏။

"ဝမ်ရှန်းကိုကို.... "

သူသည် သူ့မျက်စိရှေ့တွင်ရှိနေသည့် ဤလူသားကို တစ်ချိန်ကအလွန်အမင်းချစ်မြတ်နိုးခဲ့သည်။ ထို့နောက် ဤလူ့ကိုနာကျင်စေရန် ဒေါသတကြီးနှင့် ရိုင်းစိုင်းသောအပြုအမူများကိုလည်းကျူးလွန်ခဲ့ဖူး သည်။ ထို့နောက် ဤလူသား၏မှတ်ဥာဏ်အစိတ်အပိုင်းများကို ပျောက်ပြယ်စေရန်အတွက် မေ့လျောလွင့်ပြယ်ကိုလည်း တိုက်ခိုင်းခဲ့ဖူးသည်။ ဒါတောင် ဝမ်ရှန်းက သူ့အပေါ် ပြောင်းလဲခြင်းမရှိဘဲ ဂရုစိုက်ပေးနေသည်ကိုမြင်တော့ ရှောင်ရှင်း ၏စိတ်များသည် ကြိုးပြတ်ကာလေနှင်ရာလွင့်နေသော စွန်တစ်စင်းလို ဘာကိုတွေးလို့တွေးရမှန်းမသိဖြစ်နေသည်။ ဝမ်ရှန်းသည် အရာအားလုံးကိုမှတ်မိနေသည်လော.. ။ သို့တည်း မဟုတ် သူဖြစ်စေချင်သည့်အတိုင်း နာကျင်စရာများကိုမေ့ပျောက်သွားပြီး သူ့ကို ကျွင်းဟယ်လျန်အမှတ်နှင့်ဂရုစိုက်နေသည်လော... ။ သူမသိ။

သေချာသောအဖြေတစ်ခုကိုလည်းမထုတ်နိုင်သလို ဝမ်ရှန်းကိုတိုက်ရိုက်မေးမြန်းလိုက်ရန်လည်း မဖြစ်နိုင်သောကြောင့် ရှောင်ရှင်းသည် စိတ်ရှုပ်လာပြီး ဝမ်ရှန်းကိုကျောပေးကာတစ်ဖက်သို့လှည့်အိပ်လိုက်သည်။ အနောက်သို့အနည်းငယ်ဆုတ်လိုက်သောအခါ သူ၏ကျောပြင်နှင့် ဝမ်ရှန်း၏ပူနွေးသောရင်ဘတ်သည် မထင်မှတ်ဘဲထိကပ်သွားလေ၏။ သူ၏အေးစက်သောကျောပြင်ကိုလာရောက်ထိစင်နေသည့် နှလုံးခုန်သံက သူ၏ပါးလျသောနားရွက်ဖျားများအထိရောက်လာသောအခါ ရှောင်ရှင်းသည် သဘောတကျနှင့်ပြုံးလိုက်မိသည်။ ဝမ်ရှန်းအနားတွင်ဤကဲ့သို့နီးနီးကပ်ကပ်နေရခြင်းသည် ဤလောကတစ်ခွင်တွင် သူသဘောအကျဆုံးကိစ္စတစ်ခုဖြစ်သည်။ သူသည် သူ၏ ဝမ်ရှန်းကိုကို ကို ရတနာများစွာစီခြယ်ထားသည့် အဆောင်အယောင်များထက်လည်းသဘောကျသလို၊ သူနှစ်သက်သော အသားဖက်ထုပ်များထက်လည်းပိုပြီး သဘောကျလေသည်။ ထို့ကြောင့်လည်းသူသည် ဝမ်ရှန်းအနောက်ကို ဤကဲ့သို့ တကောက်ကောက် လိုက်ပါလာခြင်းဖြစ်၏။

သို့သော်လည်း မကြာခင်ချင်းမင်တောင်သို့လိုက်သွားရတော့မည့်အကြောင်းကိုတွေးမိသောအခါ ရှောင်ရှင်း၏ကြည်လင်နေသောစိတ်သည် ကြမ်းပြင်ပေါ်သို့လိမ့်ဆင်းသွားသည့်ချည်လုံးတစ်လုံးလိုရှုပ်ထွေးလာသည်။ ချင်းမင်တောင်သို့ရောက်လျှင် ချင်းမင်လည်းရှိသလို ချင်းမင်ကဲ့သို့အစွမ်းထက်သော အခြားဆရာသခင်များလည်းရှိသည်။ ထို့နောက် အခြားဘယ်ဂိုဏ်းမှာမှမရှိသော ပထမအဆင့်အစီအရင်ကြီးတစ်ခုကလည်းရှိနေသေးသည်။ သူ့လို မိစ္ဆာတစ်ကောင်အနေဖြင့် တစ်​ယောက်တည်း ချင်းမင်တောင်သို့လိုက်သွားခြင်းသည် သားရဲတွင်းထဲခုန်ချသည့်ယုန်သူငယ်လို မိုက်ရူးရဲဆန်ရာကျလွန်းသော်လည်း သူသည် ဝမ်ရှန်းနှင့်နေခွင့်ရရန်အတွက် ထိုသားရဲတွင်းထဲကို ပျော်ပျော်ကြီးလိုက်ပါသွားရပေဦးမည်။

ရှောင်ရှင်းသည် အတွေးများထဲတဝဲဝဲလည်နေရင်း ချင်းမင်သာ သူ၏ဘဝအမှန်ကိုသိလျှင် အနှေးနဲ့အမြန်ဒုက္ခရောက်နိုင်ကြောင်းကို တွေးမိသောအခါ အသံမထွက်ဘဲရယ်မောလိုက်သည်။ သူသည် ချင်းမင်သိသွားပါလျှင် ရင်ဆိုင်ရမည့်ပြသနာများကိုတော့ စိုးရိမ်မိ၏။ လူသားများအပေါ်ကြင်နာတတ်သော၊ ဆရာသခင်ကိုချစ်မြတ်နိုးသော ဝမ်ရှန်းကချင်းမင်ကိုသာ နောက်တစ်ကြိမ်ကာကွယ်ပေးပြီး မိစ္ဆာဖြစ်သော သူ့ကိုနောက်တစ်ကြိမ်စွန့်ပစ်မှာစိုးရိမ်မိသည်။ သို့သော်လည်း ကြောက်ရွံ့ခြင်းဆိုသည်မှာတော့ ရှောင်ရှင်းအာဆိုသောသူနှင့်လာလားမျှမသက်ဆိုင်သောအရာသာဖြစ်ချေ၏။ သူဆို သည်မှာကား အသက်ရှင်နေသမျှကာလပတ်လုံးတွင် ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ စိတ်ထဲရှိသမျှအရာအားလုံးကိုလုပ်လိုက်မည်။ အကျိူးဆက်က သူ့ကို နာကျင်စေမည်ဆိုပါက သူသည် နာကျင်မှုကိုကျေနပ်စွာခံယူလိုက်မည်ဖြစ်ပြီး သေဆုံးစေမည်ဆိုပါကလည်း နောင်တတရားမရှိဘဲ ခနဲ့ပြုံးတစ်ခုသာချန်ရစ်၍ သေဆုံးပေးလိုက်မည်ဖြစ်သည်။

ရှောင်ရှင်းသည် မျက်စိစုံမှိတ်ကာ အတွေးများကိုရပ်ပစ်လိုက်ပြီး ထထိုင်လိုက်သည်။ ထို့နောက် ဖရိုဖရဲပြေလျော့ကျနေသော ဆံနွယ်ရှည်များကိုဖြေချလိုက်ပြီး သေသေသပ်သပ်ပြန်လည်စည်းနှောင်လျက် အဝတ်အစားသစ်တစ်စုံကိုလဲလှယ်ကာ ဝမ်ရှန်းကိုထားရစ်၍ အခန်းထဲမှ ထွက်သွားပေတော့ သည်။

သူသည် တည်းခိုဆောင်ကိုထားရစ်၍ လက်နှစ်ဖက်ကိုအနောက်သို့ယှက်သွယ်ကာ ကျဆင်းနေသော နှင်းများကိုမမှုဘဲ ချည်ထည်မြို့၏အနောက်ဘက်ပိုင်းကို အေးအေးလူလူ လမ်းလျှောက်လာလေသည်။ လူသူနည်းပါးသည့် မြို့အ နောက်ဘက်သို့ရောက်သောအခါ ရှောင်ရှင်းသည် အဝေးတွင်ရှိနေသော အရိပ်သုံးရာကြာကန်များကို လှမ်းမြင်လိုက်ရသည်။ ဖျော့ဖျော့ကလေးပျံ့လွင့်နေသောကြာကန်တို့၏ရနံ့မှာ နှစ်လိုဖွယ်ကောင်းသောကြောင့် သူသည် ကြာကန်များရှိရာကိုဦးတည်ပြီးလျှောက်လာလိုက်၏။

အရိပ်သုံးရာကြာကန်များသည်ချည်ထည်မြို့တွင်ရှိသည့်ကြာကန်တစ်မျိုးဖြစ်ပြီး ကျယ်ပြန့်ရှည်လျားသောကြာကန်ပေါင်းသုံးရာတိတိ တစ်စုတစ်စည်းထဲတည်ရှိနေသောကြာကန်အစုအဝေးကြီးဖြစ်သည်။ ဧကရာဇ်တစ်ထောင်ဘုရင်မင်းမြတ်၏ပိုင်ဆိုင်မှုဖြစ်ပြီး ချည်ထည်မြို့တွင်ရှိသည့် ကြာ ချည်ထည်ထုတ်လုပ်သည့်လုပ်ငန်းများအတွက် အဓိကချည်မျှင်ရယူရာကြာကန်တစ်ခုလည်းဖြစ်သည်။ ကြာကန်တစ်ခုနှင့်တစ်ခုဆက်ထားသည့်ကန်သင်း ရိုးများထက်မှလျှောက်သွားလျှင် ငြိမ်သက်နေသောကန်ရေကန်ပြင်ထက် ၌ကြည် လင်သောအရိပ်များပေါ်လာသည်ကိုအစွဲပြု၍ အရိပ်သုံးရာကြာကန်ဟုခေါ်ဆိုကြသည်။ အခြားကန်များနှင့်မတူ တမူထူးခြားသောထိုကြာကန်များသည် နှစ်ဆယ့်လေးနာရီပတ်လုံး နှင်းနှင့်အပြိုင်ဖြူဆွတ်သောကြာပန်းဖြူများဖူးပွင့်လျက်ရှိပြီး ရံဖန်ရံခါ၌ ထိုကြာပန်းတို့၏မွှေးရနံ့သည် ဘေးပတ်လည်ရှိမြို့များအားလုံးကိုပင် ပျံ့နှံ့သွားစေတတ်သည်။

ရှောင်ရှင်းသည် မွှေးပျံ့ထုံသင်းသော ကန်သင်းရိုးတစ် လျှောက် လမ်းလျှောက်လာရင်း ညိုစိမ့်သောကန်သင်းရိုးထက်ရပ်ကာ အထက်သို့လွင့်ပျံလာသော ကြာပန်းရနံ့သင်းသင်းလေးကိုရှူရှိုက်နေမိသည်။ လေမတိုက်သော​ကြောင့် အဖြူရောင်ကြာပန်းများပွင့်ဖူးနေသော ကန်ရေပြင်သည် အိပ်မောကျနေသဖွယ်ငြိမ်သက်နေ၏။ သူ၏မည်းနက်သောမျက်တောင်ဖျားများအောက်မှတစ်ဆင့်မြင်နေရသော ကြာပန်းဖြူတို့မှေးပျော်ရာကန်ရေပြင်ကြီးသည် အဆုံးမရှိသည့်နှယ် ပြန့်ပြူးကျယ်ပြန့်လျက်ရှိပြီး နှင်းဖြူဖြူများက ထိုကြာပန်းများကြားကိုတိုးခွေ့နေရာယူရန်ပြင်ဆင်လို့နေသည်။ ကြာပွင့်ဖြူတို့၏အောက်ရှိရေပြင်သည် မကြာခင်အေးခဲလာတော့မလို နှင်းများကြားထဲ တုန်ခိုက်လာနေ၏။

ထိုစဥ် ငြိမ်သက်နေသော ကောင်းကင်ပြင်ကိုထိုးခွင်း၍ ထွက်ပေါ်လာသည့်အသံတစ်ခုကြောင့် ရှောင်ရှင်းသည် အသံထွက်ပေါ်လာရာကို လှမ်းမျှော်ကြည့်လိုက်သည်။ ထိုအခါ အဝေးတစ်နေရာဆီမှ မီးလျှံအနွယ်အခက်များကဲ့သို့ ပျံသန်းလာသော နဂါးတစ်ကောင်သည် ကြာကန်သုံးရာထက်ဝေ့ဝဲကာ လှည့်ပတ်ပျံသန်းနေရင်း သူရှိရာဘက်ကိုဦးတည်လာသည်။

"ယောင်း..... "

ယောင်းသည် ဖြူလွှလွှနှင်းငွေ့များဖုံးလွှမ်းသော ကြာကန်ထက်တွင် မီးလျှံတရဲရဲနဂါးအသွင်ဖြင့်တည်ရှိနေပြီး ပျံသန်းနေခြင်းကိုရပ်တန့်လိုက်ကာ ရှောင်ရှင်းရှိရာကို ချဥ်းကပ်လာသည်။ ထို့နောက် မျက်စိတမှိတ်အတွင်းလူအသွင်သို့ပြောင်းလဲလိုက်၏။

ထိုအခါ ရှောင်ရှင်းသည် သူ့အနားကိုလျှောက်လာသော ယောင်းကို မှုံကုတ်ကုတ်နှင့်မေးလိုက်သည်။

"ဘာလာလုပ်တာလဲ.... "

ယောင်းသည် ရှောင်ရှင်း၏ရှေ့တည့်တည့်တွင်ရပ်လိုက်ပြီး မဆိုင်းမတွပြန်ဖြေ၏။

"သားလေးကိုစိတ်ပူလို့ ဒီဖေဖေကလိုက်လာတာပေါ့.. "

"ချီးကိုသားလေးလား! "

အဆဲခံလိုက်ရသော်လည်း ယောင်းသည် မမှုသလိုနှင့် ကြာကန်များဘက်ကိုလှည့်ကာ မှင်သက်စရာကောင်းသော ရှူခင်း
ကိုကြည့်ရှူလိုက်သည်။ ထို့နောက်လေးနက်သော အဓိပ္ပာယ်များပါဝင်နေသည့်စကားတစ်ချို့ကိုပေါ့ပါးစွာပြောလိုက်၏။

"အဲဒီတောင်နဲ့ချင်းမင်က မင်းအတွက်အန္တရာယ်များလွန်းတယ်.. မင်းလိုက်မသွားသင့်ဘူး ....."

"......."

ရှောင်ရှင်းသည်ဘာမှမပြောဘဲ ယောင်းလိုပင် ကြာကန်များကိုပြန်လည်ကြည့်ရှူလိုက်၏။ ထို့နောက် ပေါ့ပါးစွာဖြင့်ပြန်ပြောသည်။

"ငါဆန္ဒရှိရင်ဒီနေ့ပဲသူ့ကိုသတ်လိုက်လို့ရတယ်လေ... သူကငါ့အတွက်အန္တရာယ်များတယ်ဆိုတာဖြစ်နိုင်လို့လား.. ဟက်....."

"ဒါပေမဲ့မင်းမသတ်ဘူးမလား..... ဝမ်ရှန်းဆိုတဲ့လူရှိနေသ၍မင်းသူ့ကိုသတ်မှာမဟုတ်ဘူးမလား.... "

"......."

ရှောင်ရှင်းဆီမှ ပြန်ဖြေသံမကြားရသောကြောင့် ယောင်းသည် သက်ပြင်းတစ်ခုကိုချလိုက်၏။ ထို့နောက် စိုးရိမ်မှုလေးများပါဝင်နေသောလေသံဖြင့်ပြောသည်။

"အခုအချိန်မှာမင်းဘယ်သူဆိုတာကိုဖုံးကွယ်ထားနိုင်ရင်တောင် ချင်းမင်ဆိုတဲ့ကျင့်ကြံသူကမင်းရဲ့အလိမ်အညာတွေကြားမှာ ကြာကြာပိတ်မိနေမယ့်သူမဟုတ်ဘူး ရှင်း... ။ မင်းဘယ်သူဆိုတာရိပ်မိသွားတဲ့တစ်နေ့ကျရင် မင်းကို ရေဆုံးမြေဆုံးလိုက်လိမ့်မယ်... ပြီးတော့ မင်းကသူ့ပိုင်နက်ဖြစ်တဲ့ချင်းမင်တောင်မှာရှိနေမယ်ဆိုရင်....."

"ငါသိပါတယ်... မင်းကအဘိုးကြီးကျနေတာပဲ ပွစိပွစိနဲ့.... "

ယောင်းသည် အားမလိုအားမရ ဖြစ်ဟန်ဖြင့် ရှောင်ရှင်းကိုလှည့်ကြည့်ပြီးလေသံကိုမြှင့်ကာပြောလိုက်သည်။

"အဲဒီမှာ ပထမအဆင့်အစီအရင်တစ်ခုလည်းရှိသေးတယ်လေ.. မင်းလိုမြေခွေးမပြောနဲ့ ငါတို့လိုနဂါးမျိုးနွယ်တစ်ခုလုံးကိုတောင်ပိတ်လှောင်ထားနိုင်တဲ့ ပထမအဆင့်အစီအရင်ကို
မင်းနည်းနည်းလေးမှမကြောက်ဘူးလား.... ဟမ်........ "

ရှောင်ရှင်းသည် ယောင်း၏စိတ်ပူနေသောပုံစံကိုကြည့်ကာ အသံမထွက်ဘဲသွားလေးများပေါ်သည်အထိ ရယ်မောလိုက်၏။ ထို့နောက် လက်ဖဝါးတစ်ဖက်ကိုဖြန့်ကာ အနီရောင်အင်းကွက်တစ်ချို့ကိုဖန်တီးလိုက်သည်။

ထို့နောက် အင်းကွက်ကိုငေးကြည့်နေရင်း ပြော၏။

"ငါက အဲဒီအစီအရင်ကိုကြောက်ရမှာတဲ့လား... ငါဘယ်ကလာခဲ့တယ်ဆိုတာမင်းမသိလို့လား.... ပထမအဆင့်အစီအရင်ဆိုတာက ငါ့ရဲ့မိတ်ဆွေဟောင်းကြီးပါ...."

ယောင်းသည် အင်းကွက်ကိုကြည့်ကာခေါင်းကိုညင်သာစွာယမ်းလိုက်သည်။

"မင်းသင်ယူခဲ့တဲ့ မြေခွေးစွယ်တောင်က ပထမအဆင့်အစီအရင်နဲ့ ချင်းမင်တောင်ကအစီအရင်က တစ်ထေရာတည်းတူညီနေမယ်လို့ မင်းထင်လို့လား.... တကယ်လို့မတူညီခဲ့ဘူးဆိုရင်ရော..... တကယ်လို့ ချင်းမင်တောင်ကအစီအရင်ကိုပါမင်း သင်ယူနိုင်ပါပြီတဲ့.....မင်းအမြူတေတွေအကုန်ဖျက်ဆီးခံရပြီးမှ အပိတ်လှောင်ခံရမယ်ဆိုရင်ရော..... "

မြေခွေးစွယ်တောင်ဟူသော အမည်နာမကိုကြားလိုက်သော အခါ ရှောင်ရှင်းသည်လက်ဖဝါးပေါ်မှအင်းကွက်ကို ပြန်ဖျောက်လိုက်သည်။ ထို့နောက် ခပ်ဝေးဝေးကိုငေးကြည့်လိုက်ပြီး သူမွေးဖွားကြီးပြင်းခဲ့သည့် မြေခွေးစွယ်တောင်အ ကြောင်း များကိုပြန်လည်စဥ်းစားလိုက်မိ၏။

မြေခွေးစွယ်တောင် သည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကျော်ခန့်က အရပ်လေးမျက်နှာမှ မြင့်မြတ်သောကျင့်ကြံသူ လေးဦး ဦးဆောင်၍ချိတ်ပိတ်ခဲ့သောတောင်ဖြစ်သည်။ တောင်ပတ်လည်တွင် အစီအရင်များစွာဖြင့် ချိတ်ပိတ်ထားပြီး ထိုတောင်ရှိ အမြီးကိုးချောင်းမြေခွေးမျိုးနွယ်စုတစ်ခုလုံးသည် နှစ်ပေါင်းရာချီအောင် ထိုအစီအရင်များကြားတွင် အကျဥ်းကျနေခဲ့ခြင်းဖြစ်သည်။ မည်သို့သောသက်ရှိမှ အဝင်အထွက်ပြုလုပ်၍မရပါသောထိုတောင်သည် ပြင်းထန်လှသော မိစ္ဆာအငွေ့အသက်များဖြင့်သာဖုံးလွှမ်းနေ၏။ ထိုတောင်၏ ဆိုးရွားလှသော မိစ္ဆာအငွေ့အသက်သည် မိုင်သုံးဆယ် ပတ်လည်ရှိ ရွာများအားလုံးကိုပင် နေထိုင်၍မရလောင်အောင် ဆုတ်ယုတ်ပျက်ဆီးစေခဲ့ပြီး ထိုတောင်တွင်နေထိုင်သည့် မြေခွေးမျိုးနွယ်စုသည် မည်သည့် မိစ္ဆာမျိုးနွယ်စုမှ ယှဥ်ပြိုင်နိုင်ခြင်းမရှိပါသော စွမ်းအားများကိုပိုင်ဆိုင်ထားကြသည်။ အကန့်အသတ်မရှိသော ထိုမြေခွေးမျိုးနွယ်စု၏စွမ်းအားသည် ကြောက် မက်ဖွယ်ရာ ဘေးကပ်ဆိုးများကို ဖန်တီးနိုင်ပါသောကြောင့် ကျင့်ကြံသူတို့သည် နတ်ဘုရားများ၏အကူအညီကိုပင်တောင်းခံကာ ထိုတောင်ကို ခဲယဥ်းစွာ ချိတ်ပိတ်ခဲ့ရသည်ဟုလည်း ဒဏ္ဍာရီများရှိခဲ့သည်။

ရှောင်ရှင်းသည် ထိုမြေခွေးမျိုးနွယ်စုတွင်နေထိုင်သည့်မြေ ခွေးနီနှစ်ကောင်မှ မွေးဖွားခဲ့သည့် အမြီးကိုးချောင်းမြေခွေးနီတစ်ကောင် ဖြစ်ပြီး လူသားတို့သာသင်ယူနိုင်သော အစီအရင်များကိုသင်ယူနိုင်သည့် တစ်ကောင်တည်းသော မြေခွေးနီဖြစ်သည်။ သူသည်​ ကလေးဘဝကတည်းက တောင်ပတ် လည်တွင်ကာရံထားသော အစီအရင်များကို တုပဖန်တီးနိုင်ခဲ့ပြီး မြေခွေးသက်ဆယ်နှစ်အရွယ်ရောက်သောအခါတွင်တော့ သိန်းချီသောအင်းကွက်များအားလုံးကို တတ်မြောက်သွားခဲ့ပြီး ထိုတောင်မှ တစ်ယောက်တည်းထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ လောကရှိလူအများက ရွံရှာမုန်းတီးစွာစွန့်ပစ်ထားသည့်၊ ခက်ခဲကြမ်းတမ်းပြီးနှစ်မြို့ဖွယ်ရာတစ်စက်မှမရှိသည့် ဖုန်းဆိုးမြေကဲ့သို့ညစ်ညမ်းသည့်တောင်ကိုအမှတ်ရမိသောအခါ ရှောင်ရှင်းသည် နှုတ်ခမ်းများကို ပင့်တင်ကာပြုံးလိုက်မိသည်။ ထို့နောက် ကြာပွင့်များကိုအကြည့်မပျက်ဘဲပြော၏။

သည်တစ်ခါတော့ ရှောင်ရှင်း၏လေသံသည် ညင်းပျောင်းစွာတိုက်ခတ်လာသော လေပြေလေးနှင့်အတူနူးညံ့စွာလွင့်ပျံလာသည်။

"အမြူတေတွေအထုတ်ခံရပြီးမှပိတ်လှောင်ခံရတော့လည်းဘာအရေးလဲ...ချင်းမင်လက်ထဲမှာသေရတော့ရော ဘာအရေးလဲ.. အနည်းဆုံးတော့ ငါသူနဲ့ဆုံဆည်းခဲ့ရသေးတာပဲ ......."

ယောင်းသည် စိတ်မသက်မသာဖြစ်စွာဖြင့် သက်ပြင်းတစ်ချက်မှုတ်ထုတ်ကာမေး၏။

"တန်လို့လား.....မင်းက သာမန်မိစ္ဆာတစ်ကောင်ထက်ပိုပြီးတန်ဖိုးရှိတဲ့ဖြစ်တည်မှုမျိုးပါ..  သူလိုလူတစ်ယောက်အတွက်နဲ့ မင်းရဲ့ဘဝကိုဒီလိုမျိုးအချည်းနှီးဖြုန်းတီးရမှာတန်နေလို့လား..... ။"

ရှောင်ရှင်းက တွေဝေခြင်းမရှိပြန်ဖြေသည်။

"တန်တာပေါ့..... ကိုကိုကဘယ်လောက်တောင် နူးညံ့ပြီး
ချစ်စရာကောင်းတဲ့သူလဲ... ။ အတ္တကြီးပြီး ကိုယ့်အတွက်ပဲကိုယ်သိတဲ့လူသားတွေထဲမှာ ဘယ်လောက်တောင် လောဘကင်းမဲ့ပြီးကြင်နာတတ်တဲ့သူလဲ....။ ကိုကို့ရဲ့စိတ်က စာရွက်ဖြူတစ်ရွက်ထက်တောင်ပိုပြီးဖြူစင်သေးတယ်။ မကောင်းတဲ့စိတ်ဆိုတာ မြူမှုန်လောက်တောင်ခိုအောင်းမနေတဲ့ ကိုကို့ရဲ့စိတ်က သန့်စင်လှပါတယ်ဆိုတဲ့ရေကန်တွေထက်လည်းပိုပြီးကြည်လင်သေးတယ်... အဲဒီလိုလူတစ်ယောက်ဘေးမှာနေရဖို့အတွက် ငါ့အသက်တွေအကုန်ရင်းရမယ်ဆိုရင်တောင်... တန်ပါတယ်.... ။ ငါဆိုတာက ကိုကိုနဲ့အရာရာတိုင်း ဆန့်ကျင်ဘက်နေရာမှာရှိနေတဲ့သူလေ... မကောင်းတာလုပ်မိရင်တောင် မကောင်းတာလုပ်မိတယ်လို့ မခံစားရတဲ့သူ...  လူတွေအပေါ်ကြင်နာတတ်ဖို့နေနေသာသာ ငါ့လက်နဲ့သတ်လိုက်ရရင်ကိုပိုပြီး နေသာထိုင်သာရှိနေတဲ့သူ...အဲဒီလိုငါ့အတွက်တော့ သူ့အနားမှာနေရတာက တကယ်ပျော်စရာအကောင်းအဆုံးအလုပ်တစ်ခုပါပဲ...... "

"သူကမင်းကိုထပ်ပြီးသတ်ပစ်မယ်ဆိုရင်တောင်လား..... "

ရှောင်ရှင်းသည် နှင်းမှုန်များလာကပ်နေသော နှုတ်ခမ်းပါးတစ်ဖက်ကိုပင့်တင်ကာပြုံးလိုက်ရင်းဖြေသည်။

"ဟုတ်တယ်... ငါက ကျွင်းဟယ်လျန်မဟုတ်ဘူးဆိုတာသူသိသွားရင်..... သူငါ့ကိုထပ်ပြီး....... "

"........"

"သူငါ့ကိုထပ်ပြီး သတ်ပစ်နိုင်ပါတယ်...ဒါပေမဲ့ ငါ့မှာက အခုလို သူ့အနောက်ကိုသာမလိုက်ရဘူးဆိုရင် တခြားလုပ်စရာကဘာရှိသေးလို့လဲ.. ငါ့ခေါင်းထဲမှာအချိန်တိုင်းသူပဲရှိနေတာကို..... "

ယောင်းသည် မျက်နှာကြီးမည်းလာကာ ဒေါသသံတရှူးရှူးဖြင့်ပြောလိုက်၏။

"မင်းရဲ့အစွမ်းနဲ့ဆို သူ့ကိုအမှုန့်ချေလိုက်လို့ရတာကို သူသတ်တိုင်းသေဦးမှာလား ရူးလိုက်တာ.... "

ရှောင်ရှင်းသည် ရယ်မောလိုက်၏။ ထို့နောက်ပြောသည်။

"သူငါ့ကိုအသိအမှတ်မပြုတဲ့အခြေအနေမျိုးမှာ ရှင်သန်နေရတာထက်စာရင် သူ့လက်ထဲမှာသေပေးလိုက်တာက ငါ့အတွက်ပိုလွယ်ပါတယ်...အဲဒါဆို လောကကြီးကို ဒုက္ခပေးမယ့် မိစ္ဆာတစ်ကောင်လည်းလျော့သွားတာပေါ့.... ငါလည်းအစာစားဖို့အတွက် လူတွေသတ်ပြီးလက်စဖျောက်နေစရာမလိုတော့ဘူးပေါ့... မဟုတ်ဘူးလား... "

ယောင်းသည်ခေါင်းကိုခါယမ်းပြီးသက်ပြင်းချလိုက်သည်။ သူသည် လက်မြှောက်အရှုံးပေးသွားသည့်လေသံဖြင့်ပြောလိုက်၏။

"မင်းရော လင်းလုံရောအတူတူပဲ။ အရူးတွေ ..။ တစ်ခြားတစ်ယောက်ကို ကိုယ့်အသက်ထက်ပိုချစ်တဲ့အရူးတွေ .....။"

".........."

ရှောင်ရှင်းသည် ဘာမှမပြောဘဲ ကြာပွင့်များကိုသာငေးစိုက် ၍ ဆိတ်ဆိတ်ငြိမ်နေ၏။ လွန်ခဲ့သည့် ဆယ့်သုံးနှစ်လုံးလုံးဝမ်ရှန်းတစ်ယောက်တည်းကိုသာကြည့်ရှူပြီးရှင်သန်နေခဲ့သည့် သူသည် ယောင်းပြောသလိုပင် ရူးသွပ်နေဟန်တူပါ၏။ 

ယောင်း သည် ခေါင်းမာသော ရှောင်ရှင်းကိုတားဆီးလို့ရနိုင်မည်မဟုတ်ကြောင်း သိရှိသွားပါသောကြောင့် တားဆီးရန်စကားလုံးများကိုထပ်မပြောတော့ဘဲ သူ့ဘေးတွင်ရပ်နေသည့် နှင်းပွင့်များလိုဝတ်ရုံအဖြူလွှလွှဝတ်ဆင်ထားသည့်
ကောင်စုတ်လေးအား မျက်စောင်းထိုးကာပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ်ပါ... သေခါနီးဖြစ်နေရင်ငါ့ကိုခေါ်လိုက်... ငါမင်းဆီလာခဲ့မယ် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်.. ရှင်း... ။ မင်းဘက်မှာငါရှိတယ်။ "

"..........."

ယောင်းသည် ထိုကဲ့သို့ပြောပြီး အဝေးတစ်နေရာမှ တဖြည်းဖြည်းနီးကပ်လာသည့် လူသံအချို့ကိုကြားသောအခါ သူ့ကိုယ်သူ ရေမြွေတစ်ကောင်အရွယ်အစားသို့ပြောင်းလဲလိုက်ပြီး ရေကန်ထဲလျောဆင်းကာ ကြာရွက်စိမ်းများကြားထဲတိုးဝင်ပျောက်ကွယ်သွားပေတော့သည်။

ထိုအခါ ရှောင်ရှင်းသည် လူသူထွက်ပေါ်လာရာကိုလှည့်ကြည့်လိုက်၏။ အိမ်ရှေ့မင်းသား ဟွားဖင်းရှဲ့နှင့်အတူ အစေခံတစ်ဦးကို မြင်လိုက်ရသောအခါ ရှောင်ရှင်း ၏မျက်နှာသည် အနည်းငယ်မှုန်ကုတ်သွားသည်။ သူသည် လူမရှိသည့်နေရာကိုလမ်းလျှောက်ထွက်လာတာတောင် ဟွားဖင်းရှဲ့ က လိုက်ပါလာသည်ကိုမြင်ရတော့ စိတ်တိုလာမိ၏။

နှင်းများကျဆင်းနေခြင်းကြောင့် ထီးဖြူတစ်လက်ဆောင်းကာ ရှောင်ရှင်းရှိရာကို လျှောက်လာသည့် ဟွားဖင်းရှဲ့ကတော့ ရှောင်ရှင်းကိုမြင်သောအခါ ခပ်သွက်သွက်လျှောက်လာပြီး ထီးမိုးပေးလိုက်သည်။ ရှောင်ရှင်းထက်အရပ်အနည်း ငယ်ပိုရှည်နေသောကြောင့် ဟွားဖင်းရှဲ့သည် မျက်လွှာကိုချလျက် ရှောင်ရှင်း ကိုကြည့်ပြီး နှစ်လိုဖွယ်ကောင်းလှသောအပြုံးတစ်ခုဖြင့်နှုတ်ဆတ်လိုက်သည်။ သို့သော် ရှောင်ရှင်းက မျက်စောင်းထိုးကာအကြည့်လွှဲလိုက်၏။

ထိုအခါ ဟွားဖင်းရှဲ့သည် ပျော့ပျောင်းချိုသာစွာမေးလာသည်။

"ကြာပန်းတွေကြည့်နေတာလား.... "

ရှောင်ရှင်းကမူ စကားပြန်ပြောလိုစိတ်မရှိသောလေသံဖြင့် ဝတ်ကျေတန်းကျေသာပြန်ဖြေလိုက်သည်။

"ဟုတ်တယ်လေ..ကြာကန်တွေရှိတဲ့နေရာလာမှတော့ ကြာပန်းတွေကြည့်ဖို့ပေါ့... တခြားဘာလုပ်ရမှာလဲ"

"ဟုတ်တာပေါ့ ဟုတ်တာပေါ့... ။ ဒီကြာကန်တွေက အလှဆုံးကြာကန်တွေထဲမှာပါတယ်နော်...နန်းမြို့တော်မှာရှိတဲ့ကြာကန်တွေထက်ကိုပိုလှတယ်... "

ဟွားဖင်းရှဲ့သည် ဒေါသအရိပ်အငွေ့ကလေးများ စွက်ဖက်လျက်ရှိသော ရှောင်ရှင်း၏ မျက်နှာလှလှကိုငေးကြည့်ပြီးမှဆက်ပြောသည်။

"အလှဆုံးပဲ... "

ဟွားဖင်းရှဲ့သည် လက်ထဲမှ ထီးဖြူလေးကို ရှောင်ရှင်းဘက်သို့ သာသာထိုးထိုး ယိမ်းလျက်မိုးပေးနေရင်း ဆီးနှင်းခဲများ၊ တိမ်တိုက်ဖြူများနှင့်အပြိုင် ကြွားကြွား ကြွကြွဝေဆာပွင့်ဖူးနေသည့်ကြာပွင့်ဖြူများကို ပြန်ကြည့်ကာမေးမြန်းလိုက်၏။

"မင်းကြာပန်းတွေလိုချင်သေးလား...."

"ဘာလဲ လိုချင်ရင်ခူးပေးမလို့လား ..."

"ဒါပေါ့... မင်းလိုချင်တဲ့အပွင့်ကိုသာလက်ညိုးထိုးလိုက်...မင်းလက်ထဲကိုရောက်လာစေရမယ်... "

ရှောင်ရှင်းသည် ဟွားဖင်းရှဲ့အား လူထူးလူဆန်းတစ်ယောက်အလား ကြည့်ရှူလိုက်ပြီးမှ ခဲလုံးတစ်လုံးကိုကောက်ယူကာ ရေကန်စပ်နှင့် ခပ်ဝေးဝေးတွင်ရှိသော ကြာပန်းတစ်ပွင့်ကိုချိန်ရွယ်၍ပစ်လိုက်သည်။

"အဲဒီအပွင့်... ပြီးတော့..... "

သူသည် နောက်ထပ်တစ်ပွင့်၊ နှစ်ပွင့်စသည်ဖြင့် လေးငါးဆယ်ပွင့်ကိုပြသလိုက်ပြီးပါမှ ဖုန်မှုန့်လေးများပေကျံသွားသောလက်နှစ်ဖက်ကိုခါလိုက်သည်။ ထို့နောက် အနည်းငယ်လေး ပြုံးရိပ်သမ်းလာလျက်ပြော၏။

"အဲဒါတွေအကုန်ပဲ.... အကုန်လိုချင်တယ်"

"ကောင်းပြီလေ....ဒီမှာခဏလေးစောင့်... "

ဟွားဖင်းရှဲ့သည် ထီးအား ရှောင်ရှင်းလက်ထဲကိုလွှဲပေးလိုက်ပြီး သူ၏ထူထဲရှည်လျားသော အပေါ်ယံဝတ်ရုံလွှာများကိုချွတ်လိုက်သည်။ ထိုအခါ မလှမ်းမကမ်းတွင်ရှိနေသော အစေခံသည် ထိုဝတ်ရုံများကို ပျာပျာသလဲလာယူကာ တရိုတသေကိုင်ဆောင်ပေးထား၏။ အပေါ်ယံရေကြည်လွှာအောက်တွင် ရွံ့နွံများရှိနေသည်ကို သိသော်ငြားလည်း ရှောင်ရှင်းအတွက် ရေကန်ထဲဆင်းရန် တက်ကြွလျက်ရှိသည့် ဟွားဖင်းရှဲ့ကတော့ ဆိုင်းငံ့ခြင်းမရှိဘဲ ခြေမျက်စိထိကျနေသော ဘောင်းဘီဖြူဖြူကို ဒူးထိမတင်၍ ရေကန်ထဲဆင်းသွာသည်။

မရပ်မနားကျဆင်းနေသော နှင်းမိုးများအလယ် အေးခဲလျက်ရှိသော ရေကန်ထဲဆင်းသွားသည့် မင်းသားကိုမြင်သောအခါ အစေခံသည် မျက်လုံးများပင်ပြူးကျယ်သွားချေ၏။ သို့ သော်လည်း သူ၏အိမ်ရှေ့မင်းသားမှာတော့ အေးခဲနေခြင်းကိုအံတုပြီး ကြာပွင့်များရှိရာနေရာကို သွားနေပြီဖြစ်သည်။

ရေကန်အလယ်နားသို့ရောက်သောအခါ ဟွားဖင်းရှဲ့သည် နောက်သို့လှည့်၍လှမ်းအော်၏။

"ဒီအပွင့်လား..... "

"မဟုတ်ဘူး.... ဘေးက... "

ဟွားဖင်းရှဲ့သည် ကြာပွင့်ကိုကိုင်မြှောက်၍ အိတ်ဆောင်ဓားတိုနှင့်ရိုးတံကိုဖြတ်ချလိုက်သည်။ ထို့နောက် တစ်ဖက်ကိုလှည့်လာ၍ ကြာပွင့်ကို ကိုင်မြှောက်ကာ ဝေ့ယမ်း၍ ပြသနေသည်။ သူ၏ မျက်နှာသည် ပြုံးရွှင်နေလေ၏။

ဤသို့နှင့် ဟွားဖင်းရှဲ့သည် ရှောင်ရှင်းပြောသမျှကြာပွင့်များအားလုံးကို ခူးယူပြီးပါမှ ကြာပွင့်များကိုပိုက်ကာ ရေကန်စပ်ကိုပြန်လျှောက်လာသည်။ သူ၏ကိုယ်တစ်ပိုင်းလုံးသည်လည်း ရွံဖြင့်လူးနေပြီဖြစ်သည်။

မြေပြင်ထက်သို့ပြန်ရောက်လာသောအခါ ဟွားဖင်းရှဲ့သည် အစေခံပေးသောဝတ်ရုံကိုပြန်ခြုံလိုက်ပြီး ရှောင်ရှင်းဆီကိုလျှောက်လာသည်။ အေးလျက်ရှိသောဆောင်းရာသီကြီးတွင် တစ်စုံတစ်ယောက်ကို ပန်းခူးပေးရန်အတွက် ရေကန်ထဲသို့ပထမဆုံးအကြိမ်ဆင်းဖူးသည်ဖြစ်သော ဟွားဖင်းရှဲ့သည် အေးနေသောလည်း ရင်ထဲတွင်တလှန်လှန်ခုန်နေသည်။ သူသည် ဒီလိုအလုပ်မျိုးကို ဘယ်တုန်းကမှ မလုပ်ဖူးခဲ့သလို လုပ်ပေးရန်လည်းစိတ်တောင်မကူးခဲ့။ တစ်ယောက်ယောက်ဆီတွင် မျက်နှာသာပေးခံရရန်ကြိုးစားခြင်း ဟူသောကိစ္စမျိုးသည် သူနှင့်ဘယ်တုန်းကမှမသက်ဆိုင်ခဲ့သောကိစ္စဖြစ်သော်လည်း ယခု ရှောင်ရှင်း နှင့် ရင်းနှီးခွင့်ရရန်ကြိုးစား နေမိသည်။

ထို့နောက် လက်ထဲမှကြာပွင့်များကို ရှောင်ရှင်းထံပေးလိုက်သည်။ ရှောင်ရှင်းကမူ ဖြူလွှသော ကြာပွင့်များကို လက်တစ်ဖက်ဖြင့်စုကိုင်လိုက်ပြီး ကြည့်ရှူနေသည်။

ဟွားဖင်းရှဲ့သည် ရှောင်ရှင်းကိုငေးစိုက်ကြည့်ကာပြောလိုက် ၏။

"မင်းကတကယ်ကံကောင်းတာပဲ... ငါ့ရဲ့ကြင်ယာတော်တွေကိုတောင် ဒီလိုရေကန်ထဲဆင်းပြီးပန်းမခူးပေးခဲ့ဖူးဘူး...."

"အပိုတွေ! "

ရှောင်ရှင်းသည် ဟွားဖင်းရှဲ့ကိုမျက်မှောက်ကုတ်ကာကြည့်ရှူလိုက်ပြီး ချာခနဲလှည့်ထွက်သွားသည်။ သူသည် ဘယ်ကိုမှမသွားလိုတော့သောကြောင့် နတ်ဘုံနတ်နန်းသဖွယ်လှပနေသည့် အရိပ်သုံးရာကြာကန်များကို ထားရစ်ကာ တည်းခိုဆောင်သို့ပြန်လာလမ်းကိုလျှောက်လာလိုက်သည်။

ဟွားဖင်းရှဲ့ကလည်း ရှောင်ရှင်းနောက်မှ လိုက်လာသည်။

တည်းခိုဆောင်သို့ရောက်သောအခါတွင်တော့ ရှောင်ရှင်းသည် သမားတော်မြို့မှ ပြန်ရောက်လာပြီဖြစ်သည့် ချင်းမင်ကို ဦးဦးဖျားဖျားမြင်လိုက်ရလေ၏။ ချင်းမင်၏နံဘေးတွင်တော့ ပြေလျော့လျော့ ဆံပင်ရှည်များကိုကျောပေါ်တွင်ဖြာချထားသည့် ချင်းမင်ထက်ငယ်ရွယ်ဟန်ပေါက်ကာ အနည်း ငယ်သွေးရောင်ဖျော့တော့နေသည့် ဆရာသခင်သုံး ဆိုသူကိုမြင်လိုက်ရသည်။ ထိုဆရာသခင်သုံးသည် ဒဏ်ရာပြင်းပြင်း ထန်ထန်ရထားသည်မှာ သိသာလျက်ရှိပြီး ထိုဆရာသခင်သုံးဆီသို့ သိဒ္ဓိစွမ်းအင်များလွှဲ​ပြောင်းကုသပေးထားသည့် ချင်းမင်၏ မျက်နှာအရောင်အသွေးမှာလည်းသိသာစွာ ဖျော့လျက်ရှိသည်။ ရှောင်ရှင်းသည် သာမန်ထက်မြန်နေသော ခရီးကိုကြည့်ပြီး ချင်းမင်နှင့် ထိုဆရာသခင်သည် မြင်းနှင့်ပြန်လာသည်မဟုတ်ဘဲ ဓားပျံစီး၍ပြန်လာသည်ဖြစ်ကြောင်း မှန်းဆလိုက်၏။ ထို့နောက်တွင်တော့ ဆေးကျိုထားသည့်အိုးငယ်တစ်ခုကိုသယ်ဆောင်လာသည့် ဝမ်ရှန်းနှင့် မျက်လုံးခြင်းဆုံဆည်းမိလိုက်သည်။

ဝမ်ရှန်းသည် ကြာပွင့်များကိုကိုင်ဆောင်ထားသည့် ရှောင်ရှင်းနှင့် ရှောင်ရှင်းနောက်တွင်ပါလာသည့် ဟွားဖင်းရှဲ့ ကိုကြည့်ပြီး ယူလာသောဆေးအိုးကိုပင်လွှတ်ချမိမလိုတုန်လှုပ်သွားသည်။

သူသည် ဆေးအိုးကိုစားပွဲပေါ်သို့အသာချရင်း မျက်လုံးထောင့်ဖျားများမှတဆင့် ရှောင်ရှင်းကို ငေးကြည့်လိုက်၏။ ဝမ်ရှန်းအတွက်တော့ ရှောင်ရှင်းနှင့် ထိုဟွားဖင်းရှဲ့ကို နှစ်ယောက်တည်းအတူတူတွဲမြင်ရခြင်းသည် ခါးသီးလှသောဆေးရည်များကို တစ်ကျိုက်တည်းမြိုချလိုက်ရသလို ခါးသက်လွန်းနေ၏။

ထို့နောက် ရှောင်ရှင်းသည် ချင်းမင်ကို ခေါင်းလေးတစ်ချက်ငြိမ့်၍နှုတ်ဆတ်ကာ ဟွားဖင်းရှဲ့၏ပေရေသွားသောဝတ်စုံအစား အသစ်တစ်ထည်ပြန်ပေးမည်ဟုဆိုကာ သူ၏အခန်းရှိရာသို့ ခေါ်ဆောင်သွားသည်ကို ဆက်၍ မြင်လိုက်ရတော့ သည်။

ထိုအခါ ဝမ်ရှန်းသည် ဆေးအိုးထဲမှဆေးရည်များကို ရေနွေးခွက်ထဲသို့ငှဲ့ပေးနေရင်း ချင်းမင်ကို ကြည့်ကာပြောလိုက်၏။

"ရှစ်ဖူ...... တောင်ပေါ်ကိုမြန်မြန်ပြန်ရအောင်...... "

"........."

xxx

ချည်ထည်မြို့တွင်ရက်ပိုင်းမျှအနားယူ၍ တောင်အရပ်ကို ဆယ်ရက်ခန့်ထပ်ပြီးခရီးဆက်လာသောအခါ ရှောင်ရှင်းတို့တစ်စုသည် ချင်းမင်တောင်ကိုရောက်လာကြ၏။ ချင်းမင်သည် တောင်ခြေတွင်ရှိနေသည့် အကာအရံကိုတစ်ချက်ကြည့်ရှူလိုက်ပြီး ဆရာသခင်သုံးနှင့်အတူ တောင်ပတ်လမ်းကို ဖြည်းဖြည်းချင်းတက်သွားသည်။

ရှောင်ရှင်းကမူ ရေညှိစိမ်းများတွယ်ကပ်နေသည့် ချင်းမင်တောင်ကိုမော့ကြည့်လိုက်၏။ သူသည် ဝမ်ရှန်းကိုတွေ့ချင်သည့်အခါတိုင်း ဤတောင်ကို အကြိမ်ပေါင်းများစွာ လာရောက်ခဲ့ဖူးပြီး ရံဖန်ရံခါ တောင်ပေါ်သို့လည်းခိုးတက်ခဲ့ဖူးသည်။ ယခုတော့ သူသည် ယခင်နှင့်မတူညီသော အခြေအနေမျိုးနှင့်ရောက်လာရသည်မို့ စိတ်ထဲတွင်တစ်မျိုးတစ်မည်မြူးထူးနေ၏။ အနည်းဆုံးတော့ သူသည် ချင်းမင်သင်ပေးမည့်တေးသွားကိုတတ်မြောက်အောင်သင်ယူ ပြီးသည်အထိ ဤတောင်ပေါ်တွင် တရားဝင်နေထိုင်ခွင့်ရှိပြီဖြစ်သည်။

စိတ်ပျော်နေသောကြောင့် ရှောင်ရှင်း၏ခြေလှမ်းများသည် ပေါ့ပါးနေ၏။

နှံပြည်စုတ်ငှက်အသွင်ဖြင့်မလှမ်းမကမ်းမှလိုက်ပါလာသည့် တာ့စူးကတော့ တောင်ခြေတွင်သာကျန်ရစ်နေခဲ့သည်။

တောင်ပေါ်သို့ရောက်သောအခါ ချင်းမင်သည် ဝမ်ရှန်းအား ရှောင်ရှင်းကိုနေရာချပေးရန် မှာကြား၍ ဆရာသခင်သုံးနှင့်အတူ ဆေးကုသဆောင်ရှိရာသို့ထွက်ခွာသွားပေတော့သည်။

ရှောင်ရှင်းသည် ခြိုးခြံချွေတာမှု၊ တင်းတိမ်ရောင့်ရဲမှုအရာတွင် အထွတ်အခေါင်ဖြစ်သော ချင်းမင်ဂိုဏ်းကို မျက်လုံးတစ်ချက်ဝေ့ကာကြည့်ရှူလိုက်ပြီး ဝမ်ရှန်းနောက်သို့ စိတ်မပါတပါဖြင့်လိုက်လာသည်။ တောင်ပေါ်ကို ညနေစောင်းမှရောက်လာသည့်အတွက်ကြောင့် လမ်းတစ်လျောက်တွင်လှမ်းမြင်ရသော ဂိုဏ်းသားတို့၏အဆောင်ငယ်လေးများသည် မီးမှိန်မှိန်လေးများထွန်းထားသည်ကိုတွေ့မြင်ရသည်။ ကျင့်ကြံရေးဂိုဏ်းတစ်ခုပင်ဖြစ်သော်ငြားလည်း ချင်းမင်တောင်၏လူသွားလမ်းများသည် ကျောက်ပြားတစ်ချက်တောင်ခင်းထားခြင်းမရှိဘဲ ညိုမြသောမြေသားအတိသာပြီးနေ၏။ ထိုမြေသားမှုန်မှုန်လေးများသည် မိုးတွင်းဆိုရေဖြင့်ရောနှောနေပြီး ဆောင်း ရာသီဆိုနှင်းများဖြင့် အပြည့်ဖုံးလွှမ်းနေတတ်သည်။ လမ်းတစ်လျှောက်တွင်လည်း  မီးအိမ်များကို များများစားစားထွန်းညှိထားခြင်းမရှိဘဲ ဝမ်ရှန်းလက်ထဲတွင်ကိုင်ထားသည် အဝါရောင် လေးထောင့်မီးပုံးလေး၏ အလင်း ရောင်ဖျော့ဖျော့တစ်ခုသာရှိသည်။

ရှောင်ရှင်းသည် ဘုန်းကြီးကျောင်းတစ်ကျောင်းထက်ပင်ပိုပြီး အဆောင်အယောင်နည်းနေသေးသော ချင်းမင်တောင်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ သူသည် ဝမ်ရှန်းကြောင့်သာမဟုတ်လျင် ဘာဆိုဘာမှမရှိသော ဒီလိုနေရာမျိုးတွင် တစ်ရက်လေးတောင်နေထိုင်လိုစိတ်မရှိသူဖြစ်သည်။

"လာလေ.... ဝင်ခဲ့...."

ဝမ်ရှန်းသည် အခြားအဆောင်များနှင့်ကင်းကွာကာ သီးသန့်တည်ရှိနေသော အခန်းငယ်လေးတစ်ခုထဲကို တံခါးဖွင့်၍ဝင်သွားသည်။ ထို့နောက် မီးအိမ်တစ်လုံးကို ထွန်းညှိလိုက်ပြီး ရှောင်ရှင်းသယ်ဆောင်လာသည့် အဝတ်အစားထုပ်ကိုယူကာနေရာချလိုက်သည်။

ရှောင်ရှင်းကတော့ သပ်သပ်ရပ်ရပ်ရှိသော်လည်း သေးငယ်သော အခန်းလေးကိုကြည့်ကာ ခုံတစ်လုံးတွင်ဝင်ထိုင်လိုက်၏။

"ဒီမှာနေရမှာလား.... "

"အင်း.... ဟုတ်တယ်.... "

"နှစ်ပေါင်းများစွာအထီးကျန်နေပုံပေါက်တဲ့ကုတင်တစ်လုံး၊ စားပွဲနဲ့ထိုင်ခုံနှစ်လုံး၊ စာအုပ်စင်တစ်ခု... ပြီးတော့... နှုတ်ခမ်းမွှေးထက်ကျဲတဲ့ တံမြက်စည်းတစ်ချောင်း ... ဘိုးတော်ဘုရားခေတ်ကမီးအိမ်တစ်လုံး.. ဒါအကုန်ပဲလား... ပစ္စည်းတွေက မများလွန်းဘူးလား.. "

"......."

ဝမ်ရှန်းသည် ရှောင်ရှင်းပြောသောအရာများကို လိုက်လံကြည့်ရှူလိုက်၏။ ကျေနပ်ဟန်မရှိသော ရှောင်ရှင်းကတော့ စူပုတ်ပုတ်နှင့်ဆက်ပြောသည်။

"ပစ္စည်းတွေက ဒီလောက်များနေတာ ငါတစ်ယောက်တည်းသုံးလို့ဖြစ်ပါ့မလား ဆင်းရဲသားတွေကိုလှူလိုက်သင့်တယ်"

အရွဲ့တိုက်ကာပြောနေသော ရှောင်ရှင်း ကိုအသည်းယားကာရယ်ချင်နေသော်လည်း ဝမ်ရှန်းသည် အနှီဒေါသအိုး၏ အမျက်မီးလျှံများကို မခံယူလိုပါသောကြောင့် ရယ်ချင်စိတ်ကိုထိန်းသိမ်း၍ ရှောင်ရှင်းနှင့်မျက်လုံးခြင်းဆုံဆည်းကာ သိမ်သိမ်မွေ့မွေ့ ပြုံးပြလိုက်ပြီးလျှောက်လာ၏။ အေးချမ်းတိတ် ဆိတ်ပြီးပျင်းစရာ ကောင်းသည့် ချင်းမင်တောင်မှာ ရှောင်ရှင်း၏အကြိုက်နှင့်မကိုက်ညီကြောင်းကိုသိသောကြောင့် သူသည် တတ်နိုင်သ၍ ရှောင်ရှင်းကို စိတ်ကျေနပ်အောင်ကြိုးစားရန်ပြောဆိုလိုက်သည်။

"ဒီနေ့တစ်ရက်တော့ သည်းခံပြီးအိပ်လိုက်နော်....နောက်နေ့ကျရင် တောင်အောက်ဆင်းပြီးမင်းလိုတာအကုန်သွားဝယ်ပေးမယ် .. ဟုတ်ပြီလား....."

"........"

ဝမ်ရှန်းသည် သဘောတကျဖြင့်ခေါင်းကိုခါယမ်းနေမိပြီး အပြင်ထွက်သွားကာ ပြန်ဝင်လာ၏။ ထို့နောက် သယ်ဆောင်လာသော ဂွမ်းစောင်အဖြူထူထူကြီးကို ကုတင်ပေါ်တွင်ပြည့်နေအောင်ဖြန့်ခင်းပေးလိုက်သည်။ ထို့နောက် သူသည် နောက်တစ်ခါထပ်ထွက်သွားပြန်ကာ အမွှေးအိုးနှင့်အတူ အမွှေးခဲလေးများကိုပါသယ်ဆောင်လာပြီး ထွန်းညှိပေးလိုက်သည်။ ထိုမျှမက အခန်းတစ်ခုလုံးကိုလည်းပိုပြီး လင်းသွားအောင် မီးအိမ်များကိုထပ်မံယူလာပြီး ထွန်းပေးလိုက်သေး၏။ ဆယ်ရက်တာမျှခရီးဆက်လာရသော်လည်း ဝမ်ရှန်းသည် မနားနိုင်သေးဘဲ ရှောင်ရှင်းလိုအပ်မည်ထင်သည့် အရာမှန်သမျှကိုလုပ်ဆောင်ပေးနေမိသည်။

ထို့နောက် အပြင်တွင် တဖြောက်ဖြောက်ရွာကျလာသောမိုးသံကိုကြားတော့ ပြတင်းတံခါးကိုအသာစေ့လိုက်သည်။ မြောက်ဘက်ပိုင်းဒေသရှိချင်းရွှယ်ဂိုဏ်းသည် တစ်ချိန်လုံးနှင်းကျနေသော်လည်း ဤချင်းမင်တောင်မှာတော့ မိုးရွာစပြုလာလေပြီ။

ဝမ်ရှန်းသည် သူယူလာသော ရေနွေးအိုးထဲမှရေနွေးတစ်ခွက်ကိုငှဲ့ပြီး  ရှောင်ရှင်းလက်ထဲကိုထည့်ပေးရင်း ပြောလိုက်၏။

"ညစာအတွက်ထမင်းစားဆောင်ကိုသွားချင်လား... မသွားချင်ရင် ငါမင်းအတွက်ညစာယူလာခဲ့ပေးမယ်လေ... "

"တော်ပြီ...ယူမလာနဲ့တော့... မစားချင်ဘူး...တခါတည်းအိပ်တော့မယ်... "

"......."

ရှောင်ရှင်းက ပြောပြောနှင့် ကုတင်ပေါ်တက်ပြီးစောင်ထူထူကြားထဲ လှိမ့်ဝင်သွားသောအခါ ဝမ်ရှန်းသည် တံခါးကိုအသာပိတ်ပြီးပြန်ထွက်လာလိုက်၏။

ချင်းမင်တောင်ပေါ်တွင် ဤကဲ့သို့ရှောင်ရှင်းရှိနေသောအခါ သူ၏နှလုံးသားသည်လည်း ယခင်ထက်ပိုပြီးနွေးထွေးစိုပြည်လာသလိုခံစားရသည်။ ကောင်းကင်ပေါ်မှကျဆင်းလာသည့်မိုးပွင့်များကတောင် သူ့ရှေ့တွင်ကခုန်နေသလို အထင်မှားရ၏။

xxx

A/N

-ဒီအပိုင်းထဲက ရှောင်ရှင်းနဲ့ ယောင်း အရိပ်သုံးရာကြာကန် မှာစကားပြောတဲ့အခန်းက ကိုယ်အကြိုက်ဆုံးအခန်းတွေထဲက တစ်ခုပဲ။ အကြောက်အလန့်ဆိုတာမရှိဘဲ နှင်းပွင့်တွေထက် မာကျောအေးစက်တဲ့ ရှောင်ရှင်းအာရယ် သူငယ်ချင်းကိုစိတ်ပူလို့ လိုက်လာပြီးတားဖို့ကြိုးစားတဲ့ ဒေါသကြီးပေမယ့်နွေးထွေးတဲ့ ဒဏ္ဍာရီနဂါး ယောင်းရယ်။ နှင်းတွေဖုံးနေတဲ့ ကြာကန်သုံးရာရယ်ကအရမ်းကိုလှနေမှာပဲ။

နောက် ရှောင်ရှင်းနဲ့ယောင်းရဲ့ကြားက Friendship , ရှောင်ရှင်းနဲ့ကျွင်းဖေလျန်ကြားက ဆက်ဆံရေးကျ Bromance ပေါ့။ ရှောင်ရှင်းဘက်ကသံယောဇဥ်မရှိပေမယ့် ကျွင်းဖေလျန် ဘက်ကကြည့်ရင်တော့ တကယ် Bromance ပါပဲ။ Gay Fic ထဲမှာအဲဒီ bond လေးတွေထည့်ရေးရတာလည်းပျော်စရာကောင်းတယ်။

-ပြီးတော့ ချင်းမင်က အန္တရာယ်ရှိမှန်းသိရက်နဲ့လိုက်သွားတဲ့ ရှောင်ရှင်းရယ်၊ ရှောင်ရှင်းက အန္တရာယ်ရှိမှန်းသိရက်နဲ့ခေါ်သွားတဲ့ ချင်းမင်ရယ်... ဒီအပိုင်းကတော့ တကယ်ပါပဲ TvT

Zawgyi

ျပန္လမ္းၾကယ္ေဝေစာင္းႀကိဳးေျပ Chapter 35

ခ်င္းမင္ေတာင္သို႔အဝင္လမ္း

တစ္ညလုံးအိပ္ေမာက်ေနရာမွ ႏိုးလာေသာေရွာင္ရွင္းသည္ သူေဘးတြင္ကပ္ကာအိပ္ေပ်ာ္ေနသည့္ ဝမ္ရွန္းကိုျမင္ေတာ့ ႐ုတ္တရက္ေၾကာင္ၾကည့္ေနမိသည္။ ဝမ္ရွန္းတစ္ေယာက္ သူ႔ေဘးတြင္ခႏၶာကိုယ္ကိုေကြးလ်က္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနသည္ကိုျမင္ပါမွ ေရွာင္ရွင္းသည္ အလယ္တြင္စုဆုံေနေသာ မ်က္ခုံးတန္းတို႔ကိုေျဖေလ်ာ့လိုက္သည္။ သူသည္ ဝမ္ရွန္း၏ ၾကည့္ေကာင္းေသာမ်က္ႏွာကို မွင္သက္စြာၾကည့္ေနမိရင္း ႏႈတ္ခမ္းပါးေလးမ်ားေကာ့ၫြတ္ေစကာ အၿပဳံးတစ္ပြင့္ကိုဖန္ဆင္းလိုက္မိသည္။ ထို႔ေနာက္ အမည္နာမတစ္ခုကိုခပ္တိုးတိုးေရ႐ြတ္လိုက္၏။

"ဝမ္ရွန္းကိုကို.... "

သူသည္ သူ႔မ်က္စိေရွ႕တြင္ရွိေနသည့္ ဤလူသားကို တစ္ခ်ိန္ကအလြန္အမင္းခ်စ္ျမတ္ႏိုးခဲ့သည္။ ထို႔ေနာက္ ဤလူ႔ကိုနာက်င္ေစရန္ ေဒါသတႀကီးႏွင့္ ႐ိုင္းစိုင္းေသာအျပဳအမူမ်ားကိုလည္းက်ဴးလြန္ခဲ့ဖူး သည္။ ထို႔ေနာက္ ဤလူသား၏မွတ္ဥာဏ္အစိတ္အပိုင္းမ်ားကို ေပ်ာက္ျပယ္ေစရန္အတြက္ ေမ့ေလ်ာလြင့္ျပယ္ကိုလည္း တိုက္ခိုင္းခဲ့ဖူးသည္။ ဒါေတာင္ ဝမ္ရွန္းက သူ႔အေပၚ ေျပာင္းလဲျခင္းမရွိဘဲ ဂ႐ုစိုက္ေပးေနသည္ကိုျမင္ေတာ့ ေရွာင္ရွင္း ၏စိတ္မ်ားသည္ ႀကိဳးျပတ္ကာေလႏွင္ရာလြင့္ေနေသာ စြန္တစ္စင္းလို ဘာကိုေတြးလို႔ေတြးရမွန္းမသိျဖစ္ေနသည္။ ဝမ္ရွန္းသည္ အရာအားလုံးကိုမွတ္မိေနသည္ေလာ.. ။ သို႔တည္း မဟုတ္ သူျဖစ္ေစခ်င္သည့္အတိုင္း နာက်င္စရာမ်ားကိုေမ့ေပ်ာက္သြားၿပီး သူ႔ကို ကြၽင္းဟယ္လ်န္အမွတ္ႏွင့္ဂ႐ုစိုက္ေနသည္ေလာ... ။ သူမသိ။

ေသခ်ာေသာအေျဖတစ္ခုကိုလည္းမထုတ္ႏိုင္သလို ဝမ္ရွန္းကိုတိုက္႐ိုက္ေမးျမန္းလိုက္ရန္လည္း မျဖစ္ႏိုင္ေသာေၾကာင့္ ေရွာင္ရွင္းသည္ စိတ္ရႈပ္လာၿပီး ဝမ္ရွန္းကိုေက်ာေပးကာတစ္ဖက္သို႔လွည့္အိပ္လိုက္သည္။ အေနာက္သို႔အနည္းငယ္ဆုတ္လိုက္ေသာအခါ သူ၏ေက်ာျပင္ႏွင့္ ဝမ္ရွန္း၏ပူေႏြးေသာရင္ဘတ္သည္ မထင္မွတ္ဘဲထိကပ္သြားေလ၏။ သူ၏ေအးစက္ေသာေက်ာျပင္ကိုလာေရာက္ထိစင္ေနသည့္ ႏွလုံးခုန္သံက သူ၏ပါးလ်ေသာနား႐ြက္ဖ်ားမ်ားအထိေရာက္လာေသာအခါ ေရွာင္ရွင္းသည္ သေဘာတက်ႏွင့္ၿပဳံးလိုက္မိသည္။ ဝမ္ရွန္းအနားတြင္ဤကဲ့သို႔နီးနီးကပ္ကပ္ေနရျခင္းသည္ ဤေလာကတစ္ခြင္တြင္ သူသေဘာအက်ဆုံးကိစၥတစ္ခုျဖစ္သည္။ သူသည္ သူ၏ ဝမ္ရွန္းကိုကို ကို ရတနာမ်ားစြာစီျခယ္ထားသည့္ အေဆာင္အေယာင္မ်ားထက္လည္းသေဘာက်သလို၊ သူႏွစ္သက္ေသာ အသားဖက္ထုပ္မ်ားထက္လည္းပိုၿပီး သေဘာက်ေလသည္။ ထို႔ေၾကာင့္လည္းသူသည္ ဝမ္ရွန္းအေနာက္ကို ဤကဲ့သို႔ တေကာက္ေကာက္ လိုက္ပါလာျခင္းျဖစ္၏။

သို႔ေသာ္လည္း မၾကာခင္ခ်င္းမင္ေတာင္သို႔လိုက္သြားရေတာ့မည့္အေၾကာင္းကိုေတြးမိေသာအခါ ေရွာင္ရွင္း၏ၾကည္လင္ေနေသာစိတ္သည္ ၾကမ္းျပင္ေပၚသို႔လိမ့္ဆင္းသြားသည့္ခ်ည္လုံးတစ္လုံးလိုရႈပ္ေထြးလာသည္။ ခ်င္းမင္ေတာင္သို႔ေရာက္လွ်င္ ခ်င္းမင္လည္းရွိသလို ခ်င္းမင္ကဲ့သို႔အစြမ္းထက္ေသာ အျခားဆရာသခင္မ်ားလည္းရွိသည္။ ထို႔ေနာက္ အျခားဘယ္ဂိုဏ္းမွာမွမရွိေသာ ပထမအဆင့္အစီအရင္ႀကီးတစ္ခုကလည္းရွိေနေသးသည္။ သူ႔လို မိစာၦတစ္ေကာင္အေနျဖင့္ တစ္​ေယာက္တည္း ခ်င္းမင္ေတာင္သို႔လိုက္သြားျခင္းသည္ သားရဲတြင္းထဲခုန္ခ်သည့္ယုန္သူငယ္လို မိုက္႐ူးရဲဆန္ရာက်လြန္းေသာ္လည္း သူသည္ ဝမ္ရွန္းႏွင့္ေနခြင့္ရရန္အတြက္ ထိုသားရဲတြင္းထဲကို ေပ်ာ္ေပ်ာ္ႀကီးလိုက္ပါသြားရေပဦးမည္။

ေရွာင္ရွင္းသည္ အေတြးမ်ားထဲတဝဲဝဲလည္ေနရင္း ခ်င္းမင္သာ သူ၏ဘဝအမွန္ကိုသိလွ်င္ အေႏွးနဲ႔အျမန္ဒုကၡေရာက္ႏိုင္ေၾကာင္းကို ေတြးမိေသာအခါ အသံမထြက္ဘဲရယ္ေမာလိုက္သည္။ သူသည္ ခ်င္းမင္သိသြားပါလွ်င္ ရင္ဆိုင္ရမည့္ျပသနာမ်ားကိုေတာ့ စိုးရိမ္မိ၏။ လူသားမ်ားအေပၚၾကင္နာတတ္ေသာ၊ ဆရာသခင္ကိုခ်စ္ျမတ္ႏိုးေသာ ဝမ္ရွန္းကခ်င္းမင္ကိုသာ ေနာက္တစ္ႀကိမ္ကာကြယ္ေပးၿပီး မိစာၦျဖစ္ေသာ သူ႔ကိုေနာက္တစ္ႀကိမ္စြန္႔ပစ္မွာစိုးရိမ္မိသည္။ သို႔ေသာ္လည္း ေၾကာက္႐ြံ႕ျခင္းဆိုသည္မွာေတာ့ ေရွာင္ရွင္းအာဆိုေသာသူႏွင့္လာလားမွ်မသက္ဆိုင္ေသာအရာသာျဖစ္ေခ်၏။ သူဆို သည္မွာကား အသက္ရွင္ေနသမွ်ကာလပတ္လုံးတြင္ ဘယ္သူ႔ကိုမွဂ႐ုမစိုက္ဘဲ စိတ္ထဲရွိသမွ်အရာအားလုံးကိုလုပ္လိုက္မည္။ အက်ိဴးဆက္က သူ႔ကို နာက်င္ေစမည္ဆိုပါက သူသည္ နာက်င္မႈကိုေက်နပ္စြာခံယူလိုက္မည္ျဖစ္ၿပီး ေသဆုံးေစမည္ဆိုပါကလည္း ေနာင္တတရားမရွိဘဲ ခနဲ႔ၿပဳံးတစ္ခုသာခ်န္ရစ္၍ ေသဆုံးေပးလိုက္မည္ျဖစ္သည္။

ေရွာင္ရွင္းသည္ မ်က္စိစုံမွိတ္ကာ အေတြးမ်ားကိုရပ္ပစ္လိုက္ၿပီး ထထိုင္လိုက္သည္။ ထို႔ေနာက္ ဖ႐ိုဖရဲေျပေလ်ာ့က်ေနေသာ ဆံႏြယ္ရွည္မ်ားကိုေျဖခ်လိုက္ၿပီး ေသေသသပ္သပ္ျပန္လည္စည္းေႏွာင္လ်က္ အဝတ္အစားသစ္တစ္စုံကိုလဲလွယ္ကာ ဝမ္ရွန္းကိုထားရစ္၍ အခန္းထဲမွ ထြက္သြားေပေတာ့ သည္။

သူသည္ တည္းခိုေဆာင္ကိုထားရစ္၍ လက္ႏွစ္ဖက္ကိုအေနာက္သို႔ယွက္သြယ္ကာ က်ဆင္းေနေသာ ႏွင္းမ်ားကိုမမႈဘဲ ခ်ည္ထည္ၿမိဳ႕၏အေနာက္ဘက္ပိုင္းကို ေအးေအးလူလူ လမ္းေလွ်ာက္လာေလသည္။ လူသူနည္းပါးသည့္ ၿမိဳ႕အ ေနာက္ဘက္သို႔ေရာက္ေသာအခါ ေရွာင္ရွင္းသည္ အေဝးတြင္ရွိေနေသာ အရိပ္သုံးရာၾကာကန္မ်ားကို လွမ္းျမင္လိုက္ရသည္။ ေဖ်ာ့ေဖ်ာ့ကေလးပ်ံ႕လြင့္ေနေသာၾကာကန္တို႔၏ရနံ႔မွာ ႏွစ္လိုဖြယ္ေကာင္းေသာေၾကာင့္ သူသည္ ၾကာကန္မ်ားရွိရာကိုဦးတည္ၿပီးေလွ်ာက္လာလိုက္၏။

အရိပ္သုံးရာၾကာကန္မ်ားသည္ခ်ည္ထည္ၿမိဳ႕တြင္ရွိသည့္ၾကာကန္တစ္မ်ိဳးျဖစ္ၿပီး က်ယ္ျပန္႔ရွည္လ်ားေသာၾကာကန္ေပါင္းသုံးရာတိတိ တစ္စုတစ္စည္းထဲတည္ရွိေနေသာၾကာကန္အစုအေဝးႀကီးျဖစ္သည္။ ဧကရာဇ္တစ္ေထာင္ဘုရင္မင္းျမတ္၏ပိုင္ဆိုင္မႈျဖစ္ၿပီး ခ်ည္ထည္ၿမိဳ႕တြင္ရွိသည့္ ၾကာ ခ်ည္ထည္ထုတ္လုပ္သည့္လုပ္ငန္းမ်ားအတြက္ အဓိကခ်ည္မွ်င္ရယူရာၾကာကန္တစ္ခုလည္းျဖစ္သည္။ ၾကာကန္တစ္ခုႏွင့္တစ္ခုဆက္ထားသည့္ကန္သင္း ႐ိုးမ်ားထက္မွေလွ်ာက္သြားလွ်င္ ၿငိမ္သက္ေနေသာကန္ေရကန္ျပင္ထက္ ၌ၾကည္ လင္ေသာအရိပ္မ်ားေပၚလာသည္ကိုအစြဲျပဳ၍ အရိပ္သုံးရာၾကာကန္ဟုေခၚဆိုၾကသည္။ အျခားကန္မ်ားႏွင့္မတူ တမူထူးျခားေသာထိုၾကာကန္မ်ားသည္ ႏွစ္ဆယ့္ေလးနာရီပတ္လုံး ႏွင္းႏွင့္အၿပိဳင္ျဖဴဆြတ္ေသာၾကာပန္းျဖဴမ်ားဖူးပြင့္လ်က္ရွိၿပီး ရံဖန္ရံခါ၌ ထိုၾကာပန္းတို႔၏ေမႊးရနံ႔သည္ ေဘးပတ္လည္ရွိၿမိဳ႕မ်ားအားလုံးကိုပင္ ပ်ံ႕ႏွံ႔သြားေစတတ္သည္။

ေရွာင္ရွင္းသည္ ေမႊးပ်ံ႕ထုံသင္းေသာ ကန္သင္း႐ိုးတစ္ ေလွ်ာက္ လမ္းေလွ်ာက္လာရင္း ညိဳစိမ့္ေသာကန္သင္း႐ိုးထက္ရပ္ကာ အထက္သို႔လြင့္ပ်ံလာေသာ ၾကာပန္းရနံ႔သင္းသင္းေလးကိုရႉရႈိက္ေနမိသည္။ ေလမတိုက္ေသာ​ေၾကာင့္ အျဖဴေရာင္ၾကာပန္းမ်ားပြင့္ဖူးေနေသာ ကန္ေရျပင္သည္ အိပ္ေမာက်ေနသဖြယ္ၿငိမ္သက္ေန၏။ သူ၏မည္းနက္ေသာမ်က္ေတာင္ဖ်ားမ်ားေအာက္မွတစ္ဆင့္ျမင္ေနရေသာ ၾကာပန္းျဖဴတို႔ေမွးေပ်ာ္ရာကန္ေရျပင္ႀကီးသည္ အဆုံးမရွိသည့္ႏွယ္ ျပန္႔ျပဴးက်ယ္ျပန္႔လ်က္ရွိၿပီး ႏွင္းျဖဴျဖဴမ်ားက ထိုၾကာပန္းမ်ားၾကားကိုတိုးေခြ႕ေနရာယူရန္ျပင္ဆင္လို႔ေနသည္။ ၾကာပြင့္ျဖဴတို႔၏ေအာက္ရွိေရျပင္သည္ မၾကာခင္ေအးခဲလာေတာ့မလို ႏွင္းမ်ားၾကားထဲ တုန္ခိုက္လာေန၏။

ထိုစဥ္ ၿငိမ္သက္ေနေသာ ေကာင္းကင္ျပင္ကိုထိုးခြင္း၍ ထြက္ေပၚလာသည့္အသံတစ္ခုေၾကာင့္ ေရွာင္ရွင္းသည္ အသံထြက္ေပၚလာရာကို လွမ္းေမွ်ာ္ၾကည့္လိုက္သည္။ ထိုအခါ အေဝးတစ္ေနရာဆီမွ မီးလွ်ံအႏြယ္အခက္မ်ားကဲ့သို႔ ပ်ံသန္းလာေသာ နဂါးတစ္ေကာင္သည္ ၾကာကန္သုံးရာထက္ေဝ့ဝဲကာ လွည့္ပတ္ပ်ံသန္းေနရင္း သူရွိရာဘက္ကိုဦးတည္လာသည္။

"ေယာင္း..... "

ေယာင္းသည္ ျဖဴလႊလႊႏွင္းေငြ႕မ်ားဖုံးလႊမ္းေသာ ၾကာကန္ထက္တြင္ မီးလွ်ံတရဲရဲနဂါးအသြင္ျဖင့္တည္ရွိေနၿပီး ပ်ံသန္းေနျခင္းကိုရပ္တန္႔လိုက္ကာ ေရွာင္ရွင္းရွိရာကို ခ်ဥ္းကပ္လာသည္။ ထို႔ေနာက္ မ်က္စိတမွိတ္အတြင္းလူအသြင္သို႔ေျပာင္းလဲလိုက္၏။

ထိုအခါ ေရွာင္ရွင္းသည္ သူ႔အနားကိုေလွ်ာက္လာေသာ ေယာင္းကို မႈံကုတ္ကုတ္ႏွင့္ေမးလိုက္သည္။

"ဘာလာလုပ္တာလဲ.... "

ေယာင္းသည္ ေရွာင္ရွင္း၏ေရွ႕တည့္တည့္တြင္ရပ္လိုက္ၿပီး မဆိုင္းမတြျပန္ေျဖ၏။

"သားေလးကိုစိတ္ပူလို႔ ဒီေဖေဖကလိုက္လာတာေပါ့.. "

"ခ်ီးကိုသားေလးလား! "

အဆဲခံလိုက္ရေသာ္လည္း ေယာင္းသည္ မမႈသလိုႏွင့္ ၾကာကန္မ်ားဘက္ကိုလွည့္ကာ မွင္သက္စရာေကာင္းေသာ ရႉခင္း
ကိုၾကည့္ရႉလိုက္သည္။ ထို႔ေနာက္ေလးနက္ေသာ အဓိပၸာယ္မ်ားပါဝင္ေနသည့္စကားတစ္ခ်ိဳ႕ကိုေပါ့ပါးစြာေျပာလိုက္၏။

"အဲဒီေတာင္နဲ႔ခ်င္းမင္က မင္းအတြက္အႏၲရာယ္မ်ားလြန္းတယ္.. မင္းလိုက္မသြားသင့္ဘူး ....."

"......."

ေရွာင္ရွင္းသည္ဘာမွမေျပာဘဲ ေယာင္းလိုပင္ ၾကာကန္မ်ားကိုျပန္လည္ၾကည့္ရႉလိုက္၏။ ထို႔ေနာက္ ေပါ့ပါးစြာျဖင့္ျပန္ေျပာသည္။

"ငါဆႏၵရွိရင္ဒီေန႔ပဲသူ႔ကိုသတ္လိုက္လို႔ရတယ္ေလ... သူကငါ့အတြက္အႏၲရာယ္မ်ားတယ္ဆိုတာျဖစ္ႏိုင္လို႔လား.. ဟက္....."

"ဒါေပမဲ့မင္းမသတ္ဘူးမလား..... ဝမ္ရွန္းဆိုတဲ့လူရွိေနသ၍မင္းသူ႔ကိုသတ္မွာမဟုတ္ဘူးမလား.... "

"......."

ေရွာင္ရွင္းဆီမွ ျပန္ေျဖသံမၾကားရေသာေၾကာင့္ ေယာင္းသည္ သက္ျပင္းတစ္ခုကိုခ်လိုက္၏။ ထို႔ေနာက္ စိုးရိမ္မႈေလးမ်ားပါဝင္ေနေသာေလသံျဖင့္ေျပာသည္။

"အခုအခ်ိန္မွာမင္းဘယ္သူဆိုတာကိုဖုံးကြယ္ထားႏိုင္ရင္ေတာင္ ခ်င္းမင္ဆိုတဲ့က်င့္ႀကံသူကမင္းရဲ႕အလိမ္အညာေတြၾကားမွာ ၾကာၾကာပိတ္မိေနမယ့္သူမဟုတ္ဘူး ရွင္း... ။ မင္းဘယ္သူဆိုတာရိပ္မိသြားတဲ့တစ္ေန႔က်ရင္ မင္းကို ေရဆုံးေျမဆုံးလိုက္လိမ့္မယ္... ၿပီးေတာ့ မင္းကသူ႔ပိုင္နက္ျဖစ္တဲ့ခ်င္းမင္ေတာင္မွာရွိေနမယ္ဆိုရင္....."

"ငါသိပါတယ္... မင္းကအဘိုးႀကီးက်ေနတာပဲ ပြစိပြစိနဲ႔.... "

ေယာင္းသည္ အားမလိုအားမရ ျဖစ္ဟန္ျဖင့္ ေရွာင္ရွင္းကိုလွည့္ၾကည့္ၿပီးေလသံကိုျမႇင့္ကာေျပာလိုက္သည္။

"အဲဒီမွာ ပထမအဆင့္အစီအရင္တစ္ခုလည္းရွိေသးတယ္ေလ.. မင္းလိုေျမေခြးမေျပာနဲ႔ ငါတို႔လိုနဂါးမ်ိဳးႏြယ္တစ္ခုလုံးကိုေတာင္ပိတ္ေလွာင္ထားႏိုင္တဲ့ ပထမအဆင့္အစီအရင္ကို
မင္းနည္းနည္းေလးမွမေၾကာက္ဘူးလား.... ဟမ္........ "

ေရွာင္ရွင္းသည္ ေယာင္း၏စိတ္ပူေနေသာပုံစံကိုၾကည့္ကာ အသံမထြက္ဘဲသြားေလးမ်ားေပၚသည္အထိ ရယ္ေမာလိုက္၏။ ထို႔ေနာက္ လက္ဖဝါးတစ္ဖက္ကိုျဖန္႔ကာ အနီေရာင္အင္းကြက္တစ္ခ်ိဳ႕ကိုဖန္တီးလိုက္သည္။

ထို႔ေနာက္ အင္းကြက္ကိုေငးၾကည့္ေနရင္း ေျပာ၏။

"ငါက အဲဒီအစီအရင္ကိုေၾကာက္ရမွာတဲ့လား... ငါဘယ္ကလာခဲ့တယ္ဆိုတာမင္းမသိလို႔လား.... ပထမအဆင့္အစီအရင္ဆိုတာက ငါ့ရဲ႕မိတ္ေဆြေဟာင္းႀကီးပါ...."

ေယာင္းသည္ အင္းကြက္ကိုၾကည့္ကာေခါင္းကိုညင္သာစြာယမ္းလိုက္သည္။

"မင္းသင္ယူခဲ့တဲ့ ေျမေခြးစြယ္ေတာင္က ပထမအဆင့္အစီအရင္နဲ႔ ခ်င္းမင္ေတာင္ကအစီအရင္က တစ္ေထရာတည္းတူညီေနမယ္လို႔ မင္းထင္လို႔လား.... တကယ္လို႔မတူညီခဲ့ဘူးဆိုရင္ေရာ..... တကယ္လို႔ ခ်င္းမင္ေတာင္ကအစီအရင္ကိုပါမင္း သင္ယူႏိုင္ပါၿပီတဲ့.....မင္းအျမဴေတေတြအကုန္ဖ်က္ဆီးခံရၿပီးမွ အပိတ္ေလွာင္ခံရမယ္ဆိုရင္ေရာ..... "

ေျမေခြးစြယ္ေတာင္ဟူေသာ အမည္နာမကိုၾကားလိုက္ေသာ အခါ ေရွာင္ရွင္းသည္လက္ဖဝါးေပၚမွအင္းကြက္ကို ျပန္ေဖ်ာက္လိုက္သည္။ ထို႔ေနာက္ ခပ္ေဝးေဝးကိုေငးၾကည့္လိုက္ၿပီး သူေမြးဖြားႀကီးျပင္းခဲ့သည့္ ေျမေခြးစြယ္ေတာင္အ ေၾကာင္း မ်ားကိုျပန္လည္စဥ္းစားလိုက္မိ၏။

ေျမေခြးစြယ္ေတာင္ သည္ လြန္ခဲ့ေသာ ႏွစ္ေပါင္းႏွစ္ရာေက်ာ္ခန္႔က အရပ္ေလးမ်က္ႏွာမွ ျမင့္ျမတ္ေသာက်င့္ႀကံသူ ေလးဦး ဦးေဆာင္၍ခ်ိတ္ပိတ္ခဲ့ေသာေတာင္ျဖစ္သည္။ ေတာင္ပတ္လည္တြင္ အစီအရင္မ်ားစြာျဖင့္ ခ်ိတ္ပိတ္ထားၿပီး ထိုေတာင္ရွိ အၿမီးကိုးေခ်ာင္းေျမေခြးမ်ိဳးႏြယ္စုတစ္ခုလုံးသည္ ႏွစ္ေပါင္းရာခ်ီေအာင္ ထိုအစီအရင္မ်ားၾကားတြင္ အက်ဥ္းက်ေနခဲ့ျခင္းျဖစ္သည္။ မည္သို႔ေသာသက္ရွိမွ အဝင္အထြက္ျပဳလုပ္၍မရပါေသာထိုေတာင္သည္ ျပင္းထန္လွေသာ မိစာၦအေငြ႕အသက္မ်ားျဖင့္သာဖုံးလႊမ္းေန၏။ ထိုေတာင္၏ ဆိုး႐ြားလွေသာ မိစာၦအေငြ႕အသက္သည္ မိုင္သုံးဆယ္ ပတ္လည္ရွိ ႐ြာမ်ားအားလုံးကိုပင္ ေနထိုင္၍မရေလာင္ေအာင္ ဆုတ္ယုတ္ပ်က္ဆီးေစခဲ့ၿပီး ထိုေတာင္တြင္ေနထိုင္သည့္ ေျမေခြးမ်ိဳးႏြယ္စုသည္ မည္သည့္ မိစာၦမ်ိဳးႏြယ္စုမွ ယွဥ္ၿပိဳင္ႏိုင္ျခင္းမရွိပါေသာ စြမ္းအားမ်ားကိုပိုင္ဆိုင္ထားၾကသည္။ အကန္႔အသတ္မရွိေသာ ထိုေျမေခြးမ်ိဳးႏြယ္စု၏စြမ္းအားသည္ ေၾကာက္ မက္ဖြယ္ရာ ေဘးကပ္ဆိုးမ်ားကို ဖန္တီးႏိုင္ပါေသာေၾကာင့္ က်င့္ႀကံသူတို႔သည္ နတ္ဘုရားမ်ား၏အကူအညီကိုပင္ေတာင္းခံကာ ထိုေတာင္ကို ခဲယဥ္းစြာ ခ်ိတ္ပိတ္ခဲ့ရသည္ဟုလည္း ဒ႑ာရီမ်ားရွိခဲ့သည္။

ေရွာင္ရွင္းသည္ ထိုေျမေခြးမ်ိဳးႏြယ္စုတြင္ေနထိုင္သည့္ေျမ ေခြးနီႏွစ္ေကာင္မွ ေမြးဖြားခဲ့သည့္ အၿမီးကိုးေခ်ာင္းေျမေခြးနီတစ္ေကာင္ ျဖစ္ၿပီး လူသားတို႔သာသင္ယူႏိုင္ေသာ အစီအရင္မ်ားကိုသင္ယူႏိုင္သည့္ တစ္ေကာင္တည္းေသာ ေျမေခြးနီျဖစ္သည္။ သူသည္​ ကေလးဘဝကတည္းက ေတာင္ပတ္ လည္တြင္ကာရံထားေသာ အစီအရင္မ်ားကို တုပဖန္တီးႏိုင္ခဲ့ၿပီး ေျမေခြးသက္ဆယ္ႏွစ္အ႐ြယ္ေရာက္ေသာအခါတြင္ေတာ့ သိန္းခ်ီေသာအင္းကြက္မ်ားအားလုံးကို တတ္ေျမာက္သြားခဲ့ၿပီး ထိုေတာင္မွ တစ္ေယာက္တည္းထြက္ေျပးလြတ္ေျမာက္လာခဲ့ျခင္းျဖစ္သည္။

ထိုကဲ့သို႔ ေလာကရွိလူအမ်ားက ႐ြံရွာမုန္းတီးစြာစြန္႔ပစ္ထားသည့္၊ ခက္ခဲၾကမ္းတမ္းၿပီးႏွစ္ၿမိဳ႕ဖြယ္ရာတစ္စက္မွမရွိသည့္ ဖုန္းဆိုးေျမကဲ့သို႔ညစ္ညမ္းသည့္ေတာင္ကိုအမွတ္ရမိေသာအခါ ေရွာင္ရွင္းသည္ ႏႈတ္ခမ္းမ်ားကို ပင့္တင္ကာၿပဳံးလိုက္မိသည္။ ထို႔ေနာက္ ၾကာပြင့္မ်ားကိုအၾကည့္မပ်က္ဘဲေျပာ၏။

သည္တစ္ခါေတာ့ ေရွာင္ရွင္း၏ေလသံသည္ ညင္းေပ်ာင္းစြာတိုက္ခတ္လာေသာ ေလေျပေလးႏွင့္အတူႏူးညံ့စြာလြင့္ပ်ံလာသည္။

"အျမဴေတေတြအထုတ္ခံရၿပီးမွပိတ္ေလွာင္ခံရေတာ့လည္းဘာအေရးလဲ...ခ်င္းမင္လက္ထဲမွာေသရေတာ့ေရာ ဘာအေရးလဲ.. အနည္းဆုံးေတာ့ ငါသူနဲ႔ဆုံဆည္းခဲ့ရေသးတာပဲ ......."

ေယာင္းသည္ စိတ္မသက္မသာျဖစ္စြာျဖင့္ သက္ျပင္းတစ္ခ်က္မႈတ္ထုတ္ကာေမး၏။

"တန္လို႔လား.....မင္းက သာမန္မိစာၦတစ္ေကာင္ထက္ပိုၿပီးတန္ဖိုးရွိတဲ့ျဖစ္တည္မႈမ်ိဳးပါ..  သူလိုလူတစ္ေယာက္အတြက္နဲ႔ မင္းရဲ႕ဘဝကိုဒီလိုမ်ိဳးအခ်ည္းႏွီးျဖဳန္းတီးရမွာတန္ေနလို႔လား..... ။"

ေရွာင္ရွင္းက ေတြေဝျခင္းမရွိျပန္ေျဖသည္။

"တန္တာေပါ့..... ကိုကိုကဘယ္ေလာက္ေတာင္ ႏူးညံ့ၿပီး
ခ်စ္စရာေကာင္းတဲ့သူလဲ... ။ အတၱႀကီးၿပီး ကိုယ့္အတြက္ပဲကိုယ္သိတဲ့လူသားေတြထဲမွာ ဘယ္ေလာက္ေတာင္ ေလာဘကင္းမဲ့ၿပီးၾကင္နာတတ္တဲ့သူလဲ....။ ကိုကို႔ရဲ႕စိတ္က စာ႐ြက္ျဖဴတစ္႐ြက္ထက္ေတာင္ပိုၿပီးျဖဴစင္ေသးတယ္။ မေကာင္းတဲ့စိတ္ဆိုတာ ျမဴမႈန္ေလာက္ေတာင္ခိုေအာင္းမေနတဲ့ ကိုကို႔ရဲ႕စိတ္က သန္႔စင္လွပါတယ္ဆိုတဲ့ေရကန္ေတြထက္လည္းပိုၿပီးၾကည္လင္ေသးတယ္... အဲဒီလိုလူတစ္ေယာက္ေဘးမွာေနရဖို႔အတြက္ ငါ့အသက္ေတြအကုန္ရင္းရမယ္ဆိုရင္ေတာင္... တန္ပါတယ္.... ။ ငါဆိုတာက ကိုကိုနဲ႔အရာရာတိုင္း ဆန္႔က်င္ဘက္ေနရာမွာရွိေနတဲ့သူေလ... မေကာင္းတာလုပ္မိရင္ေတာင္ မေကာင္းတာလုပ္မိတယ္လို႔ မခံစားရတဲ့သူ...  လူေတြအေပၚၾကင္နာတတ္ဖို႔ေနေနသာသာ ငါ့လက္နဲ႔သတ္လိုက္ရရင္ကိုပိုၿပီး ေနသာထိုင္သာရွိေနတဲ့သူ...အဲဒီလိုငါ့အတြက္ေတာ့ သူ႔အနားမွာေနရတာက တကယ္ေပ်ာ္စရာအေကာင္းအဆုံးအလုပ္တစ္ခုပါပဲ...... "

"သူကမင္းကိုထပ္ၿပီးသတ္ပစ္မယ္ဆိုရင္ေတာင္လား..... "

ေရွာင္ရွင္းသည္ ႏွင္းမႈန္မ်ားလာကပ္ေနေသာ ႏႈတ္ခမ္းပါးတစ္ဖက္ကိုပင့္တင္ကာၿပဳံးလိုက္ရင္းေျဖသည္။

"ဟုတ္တယ္... ငါက ကြၽင္းဟယ္လ်န္မဟုတ္ဘူးဆိုတာသူသိသြားရင္..... သူငါ့ကိုထပ္ၿပီး....... "

"........"

"သူငါ့ကိုထပ္ၿပီး သတ္ပစ္ႏိုင္ပါတယ္...ဒါေပမဲ့ ငါ့မွာက အခုလို သူ႔အေနာက္ကိုသာမလိုက္ရဘူးဆိုရင္ တျခားလုပ္စရာကဘာရွိေသးလို႔လဲ.. ငါ့ေခါင္းထဲမွာအခ်ိန္တိုင္းသူပဲရွိေနတာကို..... "

ေယာင္းသည္ မ်က္ႏွာႀကီးမည္းလာကာ ေဒါသသံတရႉးရႉးျဖင့္ေျပာလိုက္၏။

"မင္းရဲ႕အစြမ္းနဲ႔ဆို သူ႔ကိုအမႈန္႔ေခ်လိုက္လို႔ရတာကို သူသတ္တိုင္းေသဦးမွာလား ႐ူးလိုက္တာ.... "

ေရွာင္ရွင္းသည္ ရယ္ေမာလိုက္၏။ ထို႔ေနာက္ေျပာသည္။

"သူငါ့ကိုအသိအမွတ္မျပဳတဲ့အေျခအေနမ်ိဳးမွာ ရွင္သန္ေနရတာထက္စာရင္ သူ႔လက္ထဲမွာေသေပးလိုက္တာက ငါ့အတြက္ပိုလြယ္ပါတယ္...အဲဒါဆို ေလာကႀကီးကို ဒုကၡေပးမယ့္ မိစာၦတစ္ေကာင္လည္းေလ်ာ့သြားတာေပါ့.... ငါလည္းအစာစားဖို႔အတြက္ လူေတြသတ္ၿပီးလက္စေဖ်ာက္ေနစရာမလိုေတာ့ဘူးေပါ့... မဟုတ္ဘူးလား... "

ေယာင္းသည္ေခါင္းကိုခါယမ္းၿပီးသက္ျပင္းခ်လိုက္သည္။ သူသည္ လက္ေျမႇာက္အရႈံးေပးသြားသည့္ေလသံျဖင့္ေျပာလိုက္၏။

"မင္းေရာ လင္းလုံေရာအတူတူပဲ။ အ႐ူးေတြ ..။ တစ္ျခားတစ္ေယာက္ကို ကိုယ့္အသက္ထက္ပိုခ်စ္တဲ့အ႐ူးေတြ .....။"

".........."

ေရွာင္ရွင္းသည္ ဘာမွမေျပာဘဲ ၾကာပြင့္မ်ားကိုသာေငးစိုက္ ၍ ဆိတ္ဆိတ္ၿငိမ္ေန၏။ လြန္ခဲ့သည့္ ဆယ့္သုံးႏွစ္လုံးလုံးဝမ္ရွန္းတစ္ေယာက္တည္းကိုသာၾကည့္ရႉၿပီးရွင္သန္ေနခဲ့သည့္ သူသည္ ေယာင္းေျပာသလိုပင္ ႐ူးသြပ္ေနဟန္တူပါ၏။ 

ေယာင္း သည္ ေခါင္းမာေသာ ေရွာင္ရွင္းကိုတားဆီးလို႔ရႏိုင္မည္မဟုတ္ေၾကာင္း သိရွိသြားပါေသာေၾကာင့္ တားဆီးရန္စကားလုံးမ်ားကိုထပ္မေျပာေတာ့ဘဲ သူ႔ေဘးတြင္ရပ္ေနသည့္ ႏွင္းပြင့္မ်ားလိုဝတ္႐ုံအျဖဴလႊလႊဝတ္ဆင္ထားသည့္
ေကာင္စုတ္ေလးအား မ်က္ေစာင္းထိုးကာေျပာလိုက္သည္။

"ဘယ္လိုပဲျဖစ္ျဖစ္ပါ... ေသခါနီးျဖစ္ေနရင္ငါ့ကိုေခၚလိုက္... ငါမင္းဆီလာခဲ့မယ္ ဘယ္လိုအေျခအေနပဲျဖစ္ျဖစ္.. ရွင္း... ။ မင္းဘက္မွာငါရွိတယ္။ "

"..........."

ေယာင္းသည္ ထိုကဲ့သို႔ေျပာၿပီး အေဝးတစ္ေနရာမွ တျဖည္းျဖည္းနီးကပ္လာသည့္ လူသံအခ်ိဳ႕ကိုၾကားေသာအခါ သူ႔ကိုယ္သူ ေရေႁမြတစ္ေကာင္အ႐ြယ္အစားသို႔ေျပာင္းလဲလိုက္ၿပီး ေရကန္ထဲေလ်ာဆင္းကာ ၾကာ႐ြက္စိမ္းမ်ားၾကားထဲတိုးဝင္ေပ်ာက္ကြယ္သြားေပေတာ့သည္။

ထိုအခါ ေရွာင္ရွင္းသည္ လူသူထြက္ေပၚလာရာကိုလွည့္ၾကည့္လိုက္၏။ အိမ္ေရွ႕မင္းသား ဟြားဖင္းရွဲ႕ႏွင့္အတူ အေစခံတစ္ဦးကို ျမင္လိုက္ရေသာအခါ ေရွာင္ရွင္း ၏မ်က္ႏွာသည္ အနည္းငယ္မႈန္ကုတ္သြားသည္။ သူသည္ လူမရွိသည့္ေနရာကိုလမ္းေလွ်ာက္ထြက္လာတာေတာင္ ဟြားဖင္းရွဲ႕ က လိုက္ပါလာသည္ကိုျမင္ရေတာ့ စိတ္တိုလာမိ၏။

ႏွင္းမ်ားက်ဆင္းေနျခင္းေၾကာင့္ ထီးျဖဴတစ္လက္ေဆာင္းကာ ေရွာင္ရွင္းရွိရာကို ေလွ်ာက္လာသည့္ ဟြားဖင္းရွဲ႕ကေတာ့ ေရွာင္ရွင္းကိုျမင္ေသာအခါ ခပ္သြက္သြက္ေလွ်ာက္လာၿပီး ထီးမိုးေပးလိုက္သည္။ ေရွာင္ရွင္းထက္အရပ္အနည္း ငယ္ပိုရွည္ေနေသာေၾကာင့္ ဟြားဖင္းရွဲ႕သည္ မ်က္လႊာကိုခ်လ်က္ ေရွာင္ရွင္း ကိုၾကည့္ၿပီး ႏွစ္လိုဖြယ္ေကာင္းလွေသာအၿပဳံးတစ္ခုျဖင့္ႏႈတ္ဆတ္လိုက္သည္။ သို႔ေသာ္ ေရွာင္ရွင္းက မ်က္ေစာင္းထိုးကာအၾကည့္လႊဲလိုက္၏။

ထိုအခါ ဟြားဖင္းရွဲ႕သည္ ေပ်ာ့ေပ်ာင္းခ်ိဳသာစြာေမးလာသည္။

"ၾကာပန္းေတြၾကည့္ေနတာလား.... "

ေရွာင္ရွင္းကမူ စကားျပန္ေျပာလိုစိတ္မရွိေသာေလသံျဖင့္ ဝတ္ေက်တန္းေက်သာျပန္ေျဖလိုက္သည္။

"ဟုတ္တယ္ေလ..ၾကာကန္ေတြရွိတဲ့ေနရာလာမွေတာ့ ၾကာပန္းေတြၾကည့္ဖို႔ေပါ့... တျခားဘာလုပ္ရမွာလဲ"

"ဟုတ္တာေပါ့ ဟုတ္တာေပါ့... ။ ဒီၾကာကန္ေတြက အလွဆုံးၾကာကန္ေတြထဲမွာပါတယ္ေနာ္...နန္းၿမိဳ႕ေတာ္မွာရွိတဲ့ၾကာကန္ေတြထက္ကိုပိုလွတယ္... "

ဟြားဖင္းရွဲ႕သည္ ေဒါသအရိပ္အေငြ႕ကေလးမ်ား စြက္ဖက္လ်က္ရွိေသာ ေရွာင္ရွင္း၏ မ်က္ႏွာလွလွကိုေငးၾကည့္ၿပီးမွဆက္ေျပာသည္။

"အလွဆုံးပဲ... "

ဟြားဖင္းရွဲ႕သည္ လက္ထဲမွ ထီးျဖဴေလးကို ေရွာင္ရွင္းဘက္သို႔ သာသာထိုးထိုး ယိမ္းလ်က္မိုးေပးေနရင္း ဆီးႏွင္းခဲမ်ား၊ တိမ္တိုက္ျဖဴမ်ားႏွင့္အၿပိဳင္ ႂကြားႂကြား ႂကြႂကြေဝဆာပြင့္ဖူးေနသည့္ၾကာပြင့္ျဖဴမ်ားကို ျပန္ၾကည့္ကာေမးျမန္းလိုက္၏။

"မင္းၾကာပန္းေတြလိုခ်င္ေသးလား...."

"ဘာလဲ လိုခ်င္ရင္ခူးေပးမလို႔လား ..."

"ဒါေပါ့... မင္းလိုခ်င္တဲ့အပြင့္ကိုသာလက္ညိဳးထိုးလိုက္...မင္းလက္ထဲကိုေရာက္လာေစရမယ္... "

ေရွာင္ရွင္းသည္ ဟြားဖင္းရွဲ႕အား လူထူးလူဆန္းတစ္ေယာက္အလား ၾကည့္ရႉလိုက္ၿပီးမွ ခဲလုံးတစ္လုံးကိုေကာက္ယူကာ ေရကန္စပ္ႏွင့္ ခပ္ေဝးေဝးတြင္ရွိေသာ ၾကာပန္းတစ္ပြင့္ကိုခ်ိန္႐ြယ္၍ပစ္လိုက္သည္။

"အဲဒီအပြင့္... ၿပီးေတာ့..... "

သူသည္ ေနာက္ထပ္တစ္ပြင့္၊ ႏွစ္ပြင့္စသည္ျဖင့္ ေလးငါးဆယ္ပြင့္ကိုျပသလိုက္ၿပီးပါမွ ဖုန္မႈန္႔ေလးမ်ားေပက်ံသြားေသာလက္ႏွစ္ဖက္ကိုခါလိုက္သည္။ ထို႔ေနာက္ အနည္းငယ္ေလး ၿပဳံးရိပ္သမ္းလာလ်က္ေျပာ၏။

"အဲဒါေတြအကုန္ပဲ.... အကုန္လိုခ်င္တယ္"

"ေကာင္းၿပီေလ....ဒီမွာခဏေလးေစာင့္... "

ဟြားဖင္းရွဲ႕သည္ ထီးအား ေရွာင္ရွင္းလက္ထဲကိုလႊဲေပးလိုက္ၿပီး သူ၏ထူထဲရွည္လ်ားေသာ အေပၚယံဝတ္႐ုံလႊာမ်ားကိုခြၽတ္လိုက္သည္။ ထိုအခါ မလွမ္းမကမ္းတြင္ရွိေနေသာ အေစခံသည္ ထိုဝတ္႐ုံမ်ားကို ပ်ာပ်ာသလဲလာယူကာ တ႐ိုတေသကိုင္ေဆာင္ေပးထား၏။ အေပၚယံေရၾကည္လႊာေအာက္တြင္ ႐ြံ႕ႏြံမ်ားရွိေနသည္ကို သိေသာ္ျငားလည္း ေရွာင္ရွင္းအတြက္ ေရကန္ထဲဆင္းရန္ တက္ႂကြလ်က္ရွိသည့္ ဟြားဖင္းရွဲ႕ကေတာ့ ဆိုင္းငံ့ျခင္းမရွိဘဲ ေျခမ်က္စိထိက်ေနေသာ ေဘာင္းဘီျဖဴျဖဴကို ဒူးထိမတင္၍ ေရကန္ထဲဆင္းသြာသည္။

မရပ္မနားက်ဆင္းေနေသာ ႏွင္းမိုးမ်ားအလယ္ ေအးခဲလ်က္ရွိေသာ ေရကန္ထဲဆင္းသြားသည့္ မင္းသားကိုျမင္ေသာအခါ အေစခံသည္ မ်က္လုံးမ်ားပင္ျပဴးက်ယ္သြားေခ်၏။ သို႔ ေသာ္လည္း သူ၏အိမ္ေရွ႕မင္းသားမွာေတာ့ ေအးခဲေနျခင္းကိုအံတုၿပီး ၾကာပြင့္မ်ားရွိရာေနရာကို သြားေနၿပီျဖစ္သည္။

ေရကန္အလယ္နားသို႔ေရာက္ေသာအခါ ဟြားဖင္းရွဲ႕သည္ ေနာက္သို႔လွည့္၍လွမ္းေအာ္၏။

"ဒီအပြင့္လား..... "

"မဟုတ္ဘူး.... ေဘးက... "

ဟြားဖင္းရွဲ႕သည္ ၾကာပြင့္ကိုကိုင္ေျမႇာက္၍ အိတ္ေဆာင္ဓားတိုႏွင့္႐ိုးတံကိုျဖတ္ခ်လိုက္သည္။ ထို႔ေနာက္ တစ္ဖက္ကိုလွည့္လာ၍ ၾကာပြင့္ကို ကိုင္ေျမႇာက္ကာ ေဝ့ယမ္း၍ ျပသေနသည္။ သူ၏ မ်က္ႏွာသည္ ၿပဳံး႐ႊင္ေနေလ၏။

ဤသို႔ႏွင့္ ဟြားဖင္းရွဲ႕သည္ ေရွာင္ရွင္းေျပာသမွ်ၾကာပြင့္မ်ားအားလုံးကို ခူးယူၿပီးပါမွ ၾကာပြင့္မ်ားကိုပိုက္ကာ ေရကန္စပ္ကိုျပန္ေလွ်ာက္လာသည္။ သူ၏ကိုယ္တစ္ပိုင္းလုံးသည္လည္း ႐ြံျဖင့္လူးေနၿပီျဖစ္သည္။

ေျမျပင္ထက္သို႔ျပန္ေရာက္လာေသာအခါ ဟြားဖင္းရွဲ႕သည္ အေစခံေပးေသာဝတ္႐ုံကိုျပန္ၿခဳံလိုက္ၿပီး ေရွာင္ရွင္းဆီကိုေလွ်ာက္လာသည္။ ေအးလ်က္ရွိေသာေဆာင္းရာသီႀကီးတြင္ တစ္စုံတစ္ေယာက္ကို ပန္းခူးေပးရန္အတြက္ ေရကန္ထဲသို႔ပထမဆုံးအႀကိမ္ဆင္းဖူးသည္ျဖစ္ေသာ ဟြားဖင္းရွဲ႕သည္ ေအးေနေသာလည္း ရင္ထဲတြင္တလွန္လွန္ခုန္ေနသည္။ သူသည္ ဒီလိုအလုပ္မ်ိဳးကို ဘယ္တုန္းကမွ မလုပ္ဖူးခဲ့သလို လုပ္ေပးရန္လည္းစိတ္ေတာင္မကူးခဲ့။ တစ္ေယာက္ေယာက္ဆီတြင္ မ်က္ႏွာသာေပးခံရရန္ႀကိဳးစားျခင္း ဟူေသာကိစၥမ်ိဳးသည္ သူႏွင့္ဘယ္တုန္းကမွမသက္ဆိုင္ခဲ့ေသာကိစၥျဖစ္ေသာ္လည္း ယခု ေရွာင္ရွင္း ႏွင့္ ရင္းႏွီးခြင့္ရရန္ႀကိဳးစား ေနမိသည္။

ထို႔ေနာက္ လက္ထဲမွၾကာပြင့္မ်ားကို ေရွာင္ရွင္းထံေပးလိုက္သည္။ ေရွာင္ရွင္းကမူ ျဖဴလႊေသာ ၾကာပြင့္မ်ားကို လက္တစ္ဖက္ျဖင့္စုကိုင္လိုက္ၿပီး ၾကည့္ရႉေနသည္။

ဟြားဖင္းရွဲ႕သည္ ေရွာင္ရွင္းကိုေငးစိုက္ၾကည့္ကာေျပာလိုက္ ၏။

"မင္းကတကယ္ကံေကာင္းတာပဲ... ငါ့ရဲ႕ၾကင္ယာေတာ္ေတြကိုေတာင္ ဒီလိုေရကန္ထဲဆင္းၿပီးပန္းမခူးေပးခဲ့ဖူးဘူး...."

"အပိုေတြ! "

ေရွာင္ရွင္းသည္ ဟြားဖင္းရွဲ႕ကိုမ်က္ေမွာက္ကုတ္ကာၾကည့္ရႉလိုက္ၿပီး ခ်ာခနဲလွည့္ထြက္သြားသည္။ သူသည္ ဘယ္ကိုမွမသြားလိုေတာ့ေသာေၾကာင့္ နတ္ဘုံနတ္နန္းသဖြယ္လွပေနသည့္ အရိပ္သုံးရာၾကာကန္မ်ားကို ထားရစ္ကာ တည္းခိုေဆာင္သို႔ျပန္လာလမ္းကိုေလွ်ာက္လာလိုက္သည္။

ဟြားဖင္းရွဲ႕ကလည္း ေရွာင္ရွင္းေနာက္မွ လိုက္လာသည္။

တည္းခိုေဆာင္သို႔ေရာက္ေသာအခါတြင္ေတာ့ ေရွာင္ရွင္းသည္ သမားေတာ္ၿမိဳ႕မွ ျပန္ေရာက္လာၿပီျဖစ္သည့္ ခ်င္းမင္ကို ဦးဦးဖ်ားဖ်ားျမင္လိုက္ရေလ၏။ ခ်င္းမင္၏နံေဘးတြင္ေတာ့ ေျပေလ်ာ့ေလ်ာ့ ဆံပင္ရွည္မ်ားကိုေက်ာေပၚတြင္ျဖာခ်ထားသည့္ ခ်င္းမင္ထက္ငယ္႐ြယ္ဟန္ေပါက္ကာ အနည္း ငယ္ေသြးေရာင္ေဖ်ာ့ေတာ့ေနသည့္ ဆရာသခင္သုံး ဆိုသူကိုျမင္လိုက္ရသည္။ ထိုဆရာသခင္သုံးသည္ ဒဏ္ရာျပင္းျပင္း ထန္ထန္ရထားသည္မွာ သိသာလ်က္ရွိၿပီး ထိုဆရာသခင္သုံးဆီသို႔ သိဒၶိစြမ္းအင္မ်ားလႊဲ​ေျပာင္းကုသေပးထားသည့္ ခ်င္းမင္၏ မ်က္ႏွာအေရာင္အေသြးမွာလည္းသိသာစြာ ေဖ်ာ့လ်က္ရွိသည္။ ေရွာင္ရွင္းသည္ သာမန္ထက္ျမန္ေနေသာ ခရီးကိုၾကည့္ၿပီး ခ်င္းမင္ႏွင့္ ထိုဆရာသခင္သည္ ျမင္းႏွင့္ျပန္လာသည္မဟုတ္ဘဲ ဓားပ်ံစီး၍ျပန္လာသည္ျဖစ္ေၾကာင္း မွန္းဆလိုက္၏။ ထို႔ေနာက္တြင္ေတာ့ ေဆးက်ိဳထားသည့္အိုးငယ္တစ္ခုကိုသယ္ေဆာင္လာသည့္ ဝမ္ရွန္းႏွင့္ မ်က္လုံးျခင္းဆုံဆည္းမိလိုက္သည္။

ဝမ္ရွန္းသည္ ၾကာပြင့္မ်ားကိုကိုင္ေဆာင္ထားသည့္ ေရွာင္ရွင္းႏွင့္ ေရွာင္ရွင္းေနာက္တြင္ပါလာသည့္ ဟြားဖင္းရွဲ႕ ကိုၾကည့္ၿပီး ယူလာေသာေဆးအိုးကိုပင္လႊတ္ခ်မိမလိုတုန္လႈပ္သြားသည္။

သူသည္ ေဆးအိုးကိုစားပြဲေပၚသို႔အသာခ်ရင္း မ်က္လုံးေထာင့္ဖ်ားမ်ားမွတဆင့္ ေရွာင္ရွင္းကို ေငးၾကည့္လိုက္၏။ ဝမ္ရွန္းအတြက္ေတာ့ ေရွာင္ရွင္းႏွင့္ ထိုဟြားဖင္းရွဲ႕ကို ႏွစ္ေယာက္တည္းအတူတူတြဲျမင္ရျခင္းသည္ ခါးသီးလွေသာေဆးရည္မ်ားကို တစ္က်ိဳက္တည္းၿမိဳခ်လိုက္ရသလို ခါးသက္လြန္းေန၏။

ထို႔ေနာက္ ေရွာင္ရွင္းသည္ ခ်င္းမင္ကို ေခါင္းေလးတစ္ခ်က္ၿငိမ့္၍ႏႈတ္ဆတ္ကာ ဟြားဖင္းရွဲ႕၏ေပေရသြားေသာဝတ္စုံအစား အသစ္တစ္ထည္ျပန္ေပးမည္ဟုဆိုကာ သူ၏အခန္းရွိရာသို႔ ေခၚေဆာင္သြားသည္ကို ဆက္၍ ျမင္လိုက္ရေတာ့ သည္။

ထိုအခါ ဝမ္ရွန္းသည္ ေဆးအိုးထဲမွေဆးရည္မ်ားကို ေရေႏြးခြက္ထဲသို႔ငွဲ႔ေပးေနရင္း ခ်င္းမင္ကို ၾကည့္ကာေျပာလိုက္၏။

"ရွစ္ဖူ...... ေတာင္ေပၚကိုျမန္ျမန္ျပန္ရေအာင္...... "

"........."

xxx

ခ်ည္ထည္ၿမိဳ႕တြင္ရက္ပိုင္းမွ်အနားယူ၍ ေတာင္အရပ္ကို ဆယ္ရက္ခန္႔ထပ္ၿပီးခရီးဆက္လာေသာအခါ ေရွာင္ရွင္းတို႔တစ္စုသည္ ခ်င္းမင္ေတာင္ကိုေရာက္လာၾက၏။ ခ်င္းမင္သည္ ေတာင္ေျခတြင္ရွိေနသည့္ အကာအရံကိုတစ္ခ်က္ၾကည့္ရႉလိုက္ၿပီး ဆရာသခင္သုံးႏွင့္အတူ ေတာင္ပတ္လမ္းကို ျဖည္းျဖည္းခ်င္းတက္သြားသည္။

ေရွာင္ရွင္းကမူ ေရညႇိစိမ္းမ်ားတြယ္ကပ္ေနသည့္ ခ်င္းမင္ေတာင္ကိုေမာ့ၾကည့္လိုက္၏။ သူသည္ ဝမ္ရွန္းကိုေတြ႕ခ်င္သည့္အခါတိုင္း ဤေတာင္ကို အႀကိမ္ေပါင္းမ်ားစြာ လာေရာက္ခဲ့ဖူးၿပီး ရံဖန္ရံခါ ေတာင္ေပၚသို႔လည္းခိုးတက္ခဲ့ဖူးသည္။ ယခုေတာ့ သူသည္ ယခင္ႏွင့္မတူညီေသာ အေျခအေနမ်ိဳးႏွင့္ေရာက္လာရသည္မို႔ စိတ္ထဲတြင္တစ္မ်ိဳးတစ္မည္ျမဴးထူးေန၏။ အနည္းဆုံးေတာ့ သူသည္ ခ်င္းမင္သင္ေပးမည့္ေတးသြားကိုတတ္ေျမာက္ေအာင္သင္ယူ ၿပီးသည္အထိ ဤေတာင္ေပၚတြင္ တရားဝင္ေနထိုင္ခြင့္ရွိၿပီျဖစ္သည္။

စိတ္ေပ်ာ္ေနေသာေၾကာင့္ ေရွာင္ရွင္း၏ေျခလွမ္းမ်ားသည္ ေပါ့ပါးေန၏။

ႏွံျပည္စုတ္ငွက္အသြင္ျဖင့္မလွမ္းမကမ္းမွလိုက္ပါလာသည့္ တာ့စူးကေတာ့ ေတာင္ေျခတြင္သာက်န္ရစ္ေနခဲ့သည္။

ေတာင္ေပၚသို႔ေရာက္ေသာအခါ ခ်င္းမင္သည္ ဝမ္ရွန္းအား ေရွာင္ရွင္းကိုေနရာခ်ေပးရန္ မွာၾကား၍ ဆရာသခင္သုံးႏွင့္အတူ ေဆးကုသေဆာင္ရွိရာသို႔ထြက္ခြာသြားေပေတာ့သည္။

ေရွာင္ရွင္းသည္ ၿခိဳးၿခံေခြၽတာမႈ၊ တင္းတိမ္ေရာင့္ရဲမႈအရာတြင္ အထြတ္အေခါင္ျဖစ္ေသာ ခ်င္းမင္ဂိုဏ္းကို မ်က္လုံးတစ္ခ်က္ေဝ့ကာၾကည့္ရႉလိုက္ၿပီး ဝမ္ရွန္းေနာက္သို႔ စိတ္မပါတပါျဖင့္လိုက္လာသည္။ ေတာင္ေပၚကို ညေနေစာင္းမွေရာက္လာသည့္အတြက္ေၾကာင့္ လမ္းတစ္ေလ်ာက္တြင္လွမ္းျမင္ရေသာ ဂိုဏ္းသားတို႔၏အေဆာင္ငယ္ေလးမ်ားသည္ မီးမွိန္မွိန္ေလးမ်ားထြန္းထားသည္ကိုေတြ႕ျမင္ရသည္။ က်င့္ႀကံေရးဂိုဏ္းတစ္ခုပင္ျဖစ္ေသာ္ျငားလည္း ခ်င္းမင္ေတာင္၏လူသြားလမ္းမ်ားသည္ ေက်ာက္ျပားတစ္ခ်က္ေတာင္ခင္းထားျခင္းမရွိဘဲ ညိဳျမေသာေျမသားအတိသာၿပီးေန၏။ ထိုေျမသားမႈန္မႈန္ေလးမ်ားသည္ မိုးတြင္းဆိုေရျဖင့္ေရာေႏွာေနၿပီး ေဆာင္း ရာသီဆိုႏွင္းမ်ားျဖင့္ အျပည့္ဖုံးလႊမ္းေနတတ္သည္။ လမ္းတစ္ေလွ်ာက္တြင္လည္း  မီးအိမ္မ်ားကို မ်ားမ်ားစားစားထြန္းညႇိထားျခင္းမရွိဘဲ ဝမ္ရွန္းလက္ထဲတြင္ကိုင္ထားသည္ အဝါေရာင္ ေလးေထာင့္မီးပုံးေလး၏ အလင္း ေရာင္ေဖ်ာ့ေဖ်ာ့တစ္ခုသာရွိသည္။

ေရွာင္ရွင္းသည္ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းထက္ပင္ပိုၿပီး အေဆာင္အေယာင္နည္းေနေသးေသာ ခ်င္းမင္ေတာင္ကိုၾကည့္ၿပီး သက္ျပင္းခ်လိုက္သည္။ သူသည္ ဝမ္ရွန္းေၾကာင့္သာမဟုတ္လ်င္ ဘာဆိုဘာမွမရွိေသာ ဒီလိုေနရာမ်ိဳးတြင္ တစ္ရက္ေလးေတာင္ေနထိုင္လိုစိတ္မရွိသူျဖစ္သည္။

"လာေလ.... ဝင္ခဲ့...."

ဝမ္ရွန္းသည္ အျခားအေဆာင္မ်ားႏွင့္ကင္းကြာကာ သီးသန္႔တည္ရွိေနေသာ အခန္းငယ္ေလးတစ္ခုထဲကို တံခါးဖြင့္၍ဝင္သြားသည္။ ထို႔ေနာက္ မီးအိမ္တစ္လုံးကို ထြန္းညႇိလိုက္ၿပီး ေရွာင္ရွင္းသယ္ေဆာင္လာသည့္ အဝတ္အစားထုပ္ကိုယူကာေနရာခ်လိုက္သည္။

ေရွာင္ရွင္းကေတာ့ သပ္သပ္ရပ္ရပ္ရွိေသာ္လည္း ေသးငယ္ေသာ အခန္းေလးကိုၾကည့္ကာ ခုံတစ္လုံးတြင္ဝင္ထိုင္လိုက္၏။

"ဒီမွာေနရမွာလား.... "

"အင္း.... ဟုတ္တယ္.... "

"ႏွစ္ေပါင္းမ်ားစြာအထီးက်န္ေနပုံေပါက္တဲ့ကုတင္တစ္လုံး၊ စားပြဲနဲ႔ထိုင္ခုံႏွစ္လုံး၊ စာအုပ္စင္တစ္ခု... ၿပီးေတာ့... ႏႈတ္ခမ္းေမႊးထက္က်ဲတဲ့ တံျမက္စည္းတစ္ေခ်ာင္း ... ဘိုးေတာ္ဘုရားေခတ္ကမီးအိမ္တစ္လုံး.. ဒါအကုန္ပဲလား... ပစၥည္းေတြက မမ်ားလြန္းဘူးလား.. "

"......."

ဝမ္ရွန္းသည္ ေရွာင္ရွင္းေျပာေသာအရာမ်ားကို လိုက္လံၾကည့္ရႉလိုက္၏။ ေက်နပ္ဟန္မရွိေသာ ေရွာင္ရွင္းကေတာ့ စူပုတ္ပုတ္ႏွင့္ဆက္ေျပာသည္။

"ပစၥည္းေတြက ဒီေလာက္မ်ားေနတာ ငါတစ္ေယာက္တည္းသုံးလို႔ျဖစ္ပါ့မလား ဆင္းရဲသားေတြကိုလႉလိုက္သင့္တယ္"

အ႐ြဲ႕တိုက္ကာေျပာေနေသာ ေရွာင္ရွင္း ကိုအသည္းယားကာရယ္ခ်င္ေနေသာ္လည္း ဝမ္ရွန္းသည္ အႏွီေဒါသအိုး၏ အမ်က္မီးလွ်ံမ်ားကို မခံယူလိုပါေသာေၾကာင့္ ရယ္ခ်င္စိတ္ကိုထိန္းသိမ္း၍ ေရွာင္ရွင္းႏွင့္မ်က္လုံးျခင္းဆုံဆည္းကာ သိမ္သိမ္ေမြ႕ေမြ႕ ၿပဳံးျပလိုက္ၿပီးေလွ်ာက္လာ၏။ ေအးခ်မ္းတိတ္ ဆိတ္ၿပီးပ်င္းစရာ ေကာင္းသည့္ ခ်င္းမင္ေတာင္မွာ ေရွာင္ရွင္း၏အႀကိဳက္ႏွင့္မကိုက္ညီေၾကာင္းကိုသိေသာေၾကာင့္ သူသည္ တတ္ႏိုင္သ၍ ေရွာင္ရွင္းကို စိတ္ေက်နပ္ေအာင္ႀကိဳးစားရန္ေျပာဆိုလိုက္သည္။

"ဒီေန႔တစ္ရက္ေတာ့ သည္းခံၿပီးအိပ္လိုက္ေနာ္....ေနာက္ေန႔က်ရင္ ေတာင္ေအာက္ဆင္းၿပီးမင္းလိုတာအကုန္သြားဝယ္ေပးမယ္ .. ဟုတ္ၿပီလား....."

"........"

ဝမ္ရွန္းသည္ သေဘာတက်ျဖင့္ေခါင္းကိုခါယမ္းေနမိၿပီး အျပင္ထြက္သြားကာ ျပန္ဝင္လာ၏။ ထို႔ေနာက္ သယ္ေဆာင္လာေသာ ဂြမ္းေစာင္အျဖဴထူထူႀကီးကို ကုတင္ေပၚတြင္ျပည့္ေနေအာင္ျဖန္႔ခင္းေပးလိုက္သည္။ ထို႔ေနာက္ သူသည္ ေနာက္တစ္ခါထပ္ထြက္သြားျပန္ကာ အေမႊးအိုးႏွင့္အတူ အေမႊးခဲေလးမ်ားကိုပါသယ္ေဆာင္လာၿပီး ထြန္းညႇိေပးလိုက္သည္။ ထိုမွ်မက အခန္းတစ္ခုလုံးကိုလည္းပိုၿပီး လင္းသြားေအာင္ မီးအိမ္မ်ားကိုထပ္မံယူလာၿပီး ထြန္းေပးလိုက္ေသး၏။ ဆယ္ရက္တာမွ်ခရီးဆက္လာရေသာ္လည္း ဝမ္ရွန္းသည္ မနားႏိုင္ေသးဘဲ ေရွာင္ရွင္းလိုအပ္မည္ထင္သည့္ အရာမွန္သမွ်ကိုလုပ္ေဆာင္ေပးေနမိသည္။

ထို႔ေနာက္ အျပင္တြင္ တေျဖာက္ေျဖာက္႐ြာက်လာေသာမိုးသံကိုၾကားေတာ့ ျပတင္းတံခါးကိုအသာေစ့လိုက္သည္။ ေျမာက္ဘက္ပိုင္းေဒသရွိခ်င္း႐ႊယ္ဂိုဏ္းသည္ တစ္ခ်ိန္လုံးႏွင္းက်ေနေသာ္လည္း ဤခ်င္းမင္ေတာင္မွာေတာ့ မိုး႐ြာစျပဳလာေလၿပီ။

ဝမ္ရွန္းသည္ သူယူလာေသာ ေရေႏြးအိုးထဲမွေရေႏြးတစ္ခြက္ကိုငွဲ႔ၿပီး  ေရွာင္ရွင္းလက္ထဲကိုထည့္ေပးရင္း ေျပာလိုက္၏။

"ညစာအတြက္ထမင္းစားေဆာင္ကိုသြားခ်င္လား... မသြားခ်င္ရင္ ငါမင္းအတြက္ညစာယူလာခဲ့ေပးမယ္ေလ... "

"ေတာ္ၿပီ...ယူမလာနဲ႔ေတာ့... မစားခ်င္ဘူး...တခါတည္းအိပ္ေတာ့မယ္... "

"......."

ေရွာင္ရွင္းက ေျပာေျပာႏွင့္ ကုတင္ေပၚတက္ၿပီးေစာင္ထူထူၾကားထဲ လွိမ့္ဝင္သြားေသာအခါ ဝမ္ရွန္းသည္ တံခါးကိုအသာပိတ္ၿပီးျပန္ထြက္လာလိုက္၏။

ခ်င္းမင္ေတာင္ေပၚတြင္ ဤကဲ့သို႔ေရွာင္ရွင္းရွိေနေသာအခါ သူ၏ႏွလုံးသားသည္လည္း ယခင္ထက္ပိုၿပီးေႏြးေထြးစိုျပည္လာသလိုခံစားရသည္။ ေကာင္းကင္ေပၚမွက်ဆင္းလာသည့္မိုးပြင့္မ်ားကေတာင္ သူ႔ေရွ႕တြင္ကခုန္ေနသလို အထင္မွားရ၏။

xxx

A/N

-ဒီအပိုင္းထဲက ေရွာင္ရွင္းနဲ႔ ေယာင္း အရိပ္သုံးရာၾကာကန္ မွာစကားေျပာတဲ့အခန္းက ကိုယ္အႀကိဳက္ဆုံးအခန္းေတြထဲက တစ္ခုပဲ။ အေၾကာက္အလန္႔ဆိုတာမရွိဘဲ ႏွင္းပြင့္ေတြထက္ မာေက်ာေအးစက္တဲ့ ေရွာင္ရွင္းအာရယ္ သူငယ္ခ်င္းကိုစိတ္ပူလို႔ လိုက္လာၿပီးတားဖို႔ႀကိဳးစားတဲ့ ေဒါသႀကီးေပမယ့္ေႏြးေထြးတဲ့ ဒ႑ာရီနဂါး ေယာင္းရယ္။ ႏွင္းေတြဖုံးေနတဲ့ ၾကာကန္သုံးရာရယ္ကအရမ္းကိုလွေနမွာပဲ။

ေနာက္ ေရွာင္ရွင္းနဲ႔ေယာင္းရဲ႕ၾကားက Friendship , ေရွာင္ရွင္းနဲ႔ကြၽင္းေဖလ်န္ၾကားက ဆက္ဆံေရးက် Bromance ေပါ့။ ေရွာင္ရွင္းဘက္ကသံေယာဇဥ္မရွိေပမယ့္ ကြၽင္းေဖလ်န္ ဘက္ကၾကည့္ရင္ေတာ့ တကယ္ Bromance ပါပဲ။ Gay Fic ထဲမွာအဲဒီ bond ေလးေတြထည့္ေရးရတာလည္းေပ်ာ္စရာေကာင္းတယ္။

-ၿပီးေတာ့ ခ်င္းမင္က အႏၲရာယ္ရွိမွန္းသိရက္နဲ႔လိုက္သြားတဲ့ ေရွာင္ရွင္းရယ္၊ ေရွာင္ရွင္းက အႏၲရာယ္ရွိမွန္းသိရက္နဲ႔ေခၚသြားတဲ့ ခ်င္းမင္ရယ္... ဒီအပိုင္းကေတာ့ တကယ္ပါပဲ TvT

Continue Reading

You'll Also Like

106K 5.5K 28
Hooked onto drugs, no family, no guidance or sanity until she met HIM. Cover Creds: @Triceynexttdoor ❤️ -BLICKY.
90.6K 14K 29
He is like a bird~ [EDITED] Chanyeol×Baekhyun
316K 11.3K 53
Anhay Sharma:- Cold business tycoon who is only sweet for his family. He is handsome as hell but loves to stay away from love life. His female employ...
37.9K 5.2K 44
Love story through flowers' language Available both Zawgyi & Unicode