"ရတယ် ကိုမိုး ဒီနား အထိပဲ ပို့တော့ ၊ အထွန်း လမ်းလျှောက်ပြန်လိုက်မယ်"
"ဖြစ်ရဲ့လား "
"ဖြစ်ပါတယ် ကိုမိုးရဲ့ "
"ဒါဆို အကိုသွားတော့မယ်နော် "
အထွန်းက ကိုမိုးကို နှုတ်ဆက်ပြီး လမ်းလျှောက်ပြန်တော့သည်။
အမေက အထွန်းကို စိတ်ဆိုးရင် ဆိုးနေမှာ ။
အထွန်းက ပွဲကြည့်ချင်တာကို ကိုမိုးနဲ့တော့ မသွားစေချင်ဘူးတဲ့ ။
လှကြည်နဲ့ လို့ ပြောပြီး ကိုမိုးနဲ့ သွားတာကို အမေသိရင် စိတ်ဆိုးတော့မှာပဲ။
ဒါပေမယ့်လည်း မသိအောင်နေလို့ရပါတယ် ။
အထွန်းလေ အမေ့ကို မညာချင်ပါဘူး ။
ဒီတစ်ခါလေးပဲ ကိုမိုးနဲ့ သွားချင်လွန်းလို့ ညာမိတာ။
ခြံထဲသို့ ဝင်ဝင်ချင်းတွင် အထွန်း ခြေထောက်သို့ ရပ်လိုက်မိသည်။ ဒီနေ့ အထွန်း အိမ်ကို ဧည့်သည်တွေ ရောက်နေတာလား ။ ထူးထူးဆန်းဆန်း။
အိမ်ပေါ်သို့ ရောက်သောအခါတွင်တော့ အထွန်း အံ့ဩသွားရပြန်ပါသည်။
ဘကြီးလည်း ရောက်နေတယ် ၊ ကြီးမြလည်း ရောက်နေတယ် ။ ပြီးတော့ အိမ်နားက လူတွေရောပဲ ။
အထွန်းကို ဘာလို့ အဲလို ကြည့်နေကြတာလဲ ။ အထွန်းကို ကြည့်တဲ့ အကြည့်တွေက ထူးဆန်းလိုက်တာ။
ဘေးပတ်ပတ်လည်ကို ကြည့်နေဆဲမှာပင် အထွန်း ပစ်လဲသွားရသည်။
ကြီးမြက အထွန်းကို ဘာလို့ ရိုက်တာလဲ။
"နင် အိမ်ပြန်လာရဲသေးတာလား"
"ကြီးမြ"
"ဘာကိစ္စအိမ်ပြန်လာသေးတာလဲ ဟဲ့ "
နားမလည်သလို ကြည့်နေဆဲမှာပင် လက်ဝါးတစ်ချက်က ပါးပေါ်သို့ ကျလာပြန်သည်။
"နင်ဟာ ကောင်းကျိုးမပေးတဲ့ အကောင် ၊ နင့်ကြောင့်နဲ့ ငါ့ညီမက "
အထွန်း လန့်သွားမိသည် ။ အမေ ဘာများဖြစ်လို့လဲ။
"အမေ အမေ ဘာဖြစ်လို့လဲဟင်"
"ဘာဖြစ်မလဲ သေပြီ "
"ဟင်"
"နင့်ကြောင့် နင့်အမေ ငါ့ညီမ သေပြီဟဲ့ "
အထွန်း ကြက်သေသေကာ ထိုင်နေမိတော့သည်။ မဟုတ်တာ အမေက မနေ့က အကောင်းကြီးပါ။
အထွန်းက သတိရရချင်းပင် ထကာ ဟိုကြည့် သည်ကြည့်ဖြင့် အမေ့ကိုရှာသည်။
ခြင်ထောင်ထဲမှ အမေသည် ငြိမ်ငြိမ်သက်သက်။
"အမေ"
မဟုတ်ပါဘူး ။ အမေက အိပ်နေတာမလား ။ ကြီးမြတို့က ဘာလို့ သေပြီလို့ ပြောရတာလဲ ။
"အမေ ထပါဦး ၊ အမေရယ် အထွန်း ပြန်ရောက်ပြီလေ"
မျက်ရည်စမ်းစမ်းဖြင့် အမေ့ကို ကိုင်ကြည့်မိတော့ တစ်ကိုယ်လုံးက အေးစက်ကာ တောင့်တင်းနေသည်။
"ဖယ် နင် မထိနဲ့ ၊ အနားကိုလည်း မလာနဲ့ "
ကြီးမြက အထွန်းကို တွန်းထုတ်သည်။
"နင့်ကြောင့် ငါ့ညီမ သေတာ "
အထွန်းကြောင့်တဲ့လား ၊ အထွန်း ဘာများလုပ်မိလို့လဲ။
အထွန်း အမေ့ကို ညာပြီး ပွဲသွားကြည့်မိလို့လား။
လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်နေသော ကြီးမြသည် ငိုလည်းငိုသည် ၊ အော်လည်း အော်သည်။
ရင်ဘတ်ကိုလည်း ထုကာ ငိုသည်။
"ထစမ်းပါဦး ရင်မေရယ် ၊ နင့်သား ပြန်လာပြီလေ ၊ နင့်ကို သတ်တဲ့သား ပြန်လာပြီလို့ ဟဲ့ ရင်မေ "
အိမ်နီးချင်းများက အထွန်းကို ကြည့်ရင်း ခေါင်းခါသည်။ အချို့ကလည်း သက်ပြင်းချသည်။ ဘကြီးကတော့ အံကို ကြိတ်ကာ မျက်နှာလွှဲနေသည်။
တစ်အိမ်လုံးတွင် အထွန်း မေးရမည့်သူလည်းမရှိ ။ အထွန်းကို စကားပြောမည့်သူလည်း မရှိ။
ကွပ်ပျစ်ပေါ်တွင် ကွမ်းသီးညှပ်နေသော အပျိုကြီးကို မြင်သောအခါ အထွန်းက အားကိုးတကြီးပင် ပြေးသွားသည်။
"ကြီးကြီး"
ခေါ်သံအဆုံးတွင် အထွန်းကို ကြည့်လာသည်။
"အမေကလေ အမေက ဘာဖြစ်တာလဲဟင်"
တုန်ယင်နေသော အသံဖြင့်မေးလာသော အထွန်းကို သက်ပြင်းချရင်း ဖြေသည်က
"မနေ့ညက လူတွေလာပြီး ရန်တွေ့သွားကြတယ်"
"လူတွေ ဘယ်က လူတွေလဲဟင်"
"ကျော်မိုးတို့ အိမ်ကလို့ ပြောတာပဲ ၊ ငါလည်း အသံအရမ်းကျယ်လာမှ သတိထားမိတာ ၊ မရင်မေ ကို ပြောဆိုသွားလိုက်ကြတာ"
ကိုမိုးအိမ်က ရောက်လာတာတဲ့လား ။ ဒါဆို အမေ့ကို ရန်တွေ့သွားကြတာပေါ့။
"ငါလည်း သိသိချင်း ပြေးလာတာပါပဲ ၊ ဟိုဘက်က မရင်မေကို ဆဲဆိုနေကြတာ ၊ သူတို့ အိမ်က သားကို ဖျက်ဆီးတယ် ဆိုလား ၊ ငါလည်း မနေနိုင်လို့ ဝင်ပြောရင်း ရန်ဖြစ်မိတယ်"
"........"
"နင်ကလည်း အိမ်မှာ မရှိဘူး ၊ သူတို့သားကိုလည်း ရှာမတွေ့ဘူး ဆိုတော့ အိမ်ကို လိုက်လာကြတာထင်တယ် ၊မထုတ်ပေးရင် တရားစွဲမယ် ဆိုပြီး အော်ကြီး ဟစ်ကျယ်တွေ ဖြစ်ကြသေးတာ "
"......."
"သူတို့ ပြန်သွားတော့ မရင်မေ လဲကျသွားတာပဲ ၊ ဘယ်လိုခေါ်ခေါ် နိုးမလာတော့ဘူး"
အထွန်း စကားပင် မပြောနိုင်တော့ဘဲ ငြိမ်နေမိသည်။
ဒါဆို အမေက အထွန်းကြောင့် ။
အထွန်းက ချက်ချင်းပင် ထကာ အိမ်ပေါ်သို့ ပြေးပြန်သည်။
"အမေ အထွန်းလေ"
"ဟဲ့ ဖယ်စမ်း"
ကြီးမြက တွန်းလွှတ်သည် ။
"ဖယ်စမ်း မအေကို ပြန်သတ်တဲ့သား ၊ နင် ဟိုဘဝက ဝဋ်ကြွေးတောင် မကျေသေးဘူး အခု အမေကို ထပ်သတ်ပြန်ပြီ ၊ နင့်ကြောင့် သူသေရတာဟဲ့ "
ပြောပြီးပြီးချင်းပင် ထိုင်ချကာ ငိုနေသော ကြီးမြကို ဘကြီးက ဆွဲထူကာ တွဲခေါ်သည်။
"မြမေ တော်တော့ "
ဘကြီးက အထွန်းကို မြင်သော်လည်း စကားမပြောဘဲ ကြီးမြကိုသာ ခေါ်သွားသည်။
အထွန်းသည် အမေ့ အနားသို့ ကပ်ရင်း ငိုသည်။
"အထွန်းမိုက်တာပါ အမေရယ် "
"အမေ အထွန်းလေ ကိုမိုးနဲ့ မတွေ့တော့ဘူးနော် "
"အမေ ထပါဦး အမေရယ် "
အေးစက်နေသော လက်ကို ကိုင်ကာ အထွန်းက တဖွဖွ ပြောရင်း ငိုပြန်သည်။
"အထွန်း အိမ်ပြင်ဖို့ ပိုက်ဆံ စုထားတာ ပြည့်နေပြီလေ"
" အမေ့ ကို ကန်တော့ဖို့ နားကပ်လည်း ကြည့်ခဲ့ပြီးပြီလေ "
ဒူးတုပ်ထိုင်ကာ ငိုနေသော အထွန်းကို ချော့မည့်သူလည်း မရှိ နှစ်သိမ့်မည့် သူလည်းမရှိ။
"အထွန်းလေ အမေ့ကို မညာတော့ဘူး သိလား ၊ ထပါ အမေရယ် အထွန်း အမေ့စကား နားထောင်မယ်လေ"
အချိန်ကြာလာသော်လည်း အထွန်းတစ်ယောက် နေရာပင် မရွေ့မိ။ စကားပြောရင်း ငိုရင်းဖြင့်ပင် ညနေ စောင်းလာသည်။
"အထွန်း"
နောက်သို့ရောက်လာသော လှကြည်ကို ကြည့်ကာ အထွန်းက ရှုံးပွဲချ ငိုပြန်သည်။
"အထွန်း နင်ငိုတာလည်း ငိုတာပေါ့ ဒီလိုငိုနေရင် နင့်အမေ စိတ်ဖြောင့်မှာမဟုတ်ဘူးလေ"
"လှကြည်ရယ် နင်သိလား အမေက ငါ့ကြောင့်သေသွားတာ"
"အဲလိုလည်း မဟုတ်ပါဘူး အထွန်းရယ် ၊ လာ လာ အပြင်ခဏထွက်ဦး ကိုကျော်မိုးလည်းရောက်နေတယ် "
ကိုကျော်မိုး ဟူသော အသံကြားသည်နှင့် အထွန်း တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
"ဟင့်အင်း မတွေ့ချင်ဘူး"
"အထွန်းရယ် "
လှကြည်က သက်ပြင်းချသည်။
"သူက နင့်ဆီကို လာတာ ၊ နင့်ကို တွေ့ရမှာ အားနာလို့ ခြံထဲမှာ စောင့်နေတာ အကြာကြီးပဲ"
"အခု ဘယ်မှာလဲဟင်"
"နင်တို့ ခြံထဲက ကံ့ကော်ပင် အောက်မှာ"
အထွန်းက ဖြည်းဖြည်းချင်းထကာ အိမ်အောက်သို့ ဆင်းသည်။
ကံ့ကော်ပင်အောက်တွင် ရပ်နေသော ကိုမိုးသည် မျက်လုံးများလည်းရဲနေသလို မျက်နှာကလည်း နွမ်းနေသည်။
"အထွန်း"
"အမေဆုံးပြီ"
"အကို တောင်းပန်ပါတယ် "
"ဟင့်အင်း မတောင်းပန်ပါနဲ့ ၊ အမေက အထွန်းကြောင့် ဆုံးသွားတာပါ ၊ ကိုမိုးကြောင့် မဟုတ်ပါဘူး"
"မဟုတ်တာ အထွန်းရယ်"
ကိုမိုးက အနားသို့ကပ်လာသော အခါ အထွန်းခြေလှမ်းကို နောက်ဆုတ်ပစ်လိုက်သည်။
"ကိုမိုး"
"ပြောလေ အထွန်း "
"ပြန်ပါတော့နော်"
အထွန်း မျက်ရည်ကျရင်းပင် နှင်မိသည်။
အထွန်း နောက်တစ်ခါ ထပ်မမိုက်ချင်တော့ဘူး ကိုမိုးရယ်။
"ကိုမိုး အထွန်းဆီ မလာပါနဲ့တော့နော် "
"အထွန်း"
ကြေကြေကွဲကွဲ ငိုရင်းက အထွန်းသည် စံပယ်အိုးကို ပြေးယူသည်။
" ကိုမိုးကို ဒီစံပယ်အိုး ပြန်ပေးတာ ၊ အထွန်းလေ ကိုမိုးနဲ့ မတွေ့တော့ဘူး"
အထွန်းက ချက်ချင်းပင် အိမ်ပေါ်သို့ ပြန်တက်ပြီး အမေ့အနားတွင်ထိုင်သည်။
"အမေ အထွန်း ကိုမိုးနဲ့ မတွေ့တော့ဘူးနော်"
စကားဆုံးသည်နှင့် အထွန်းသည် ငိုပြန်သည်။
လှကြည်လည်း ကြည့်နေရုံသာ တတ်နိုင်တော့သည်။
***********
မီးခိုးခေါင်းတိုင်ကို ကြည့်ရင်း အထွန်း ဖြေမဆည်နိုင်။
"အထွန်း"
အနားရောက်လာသော ခြေသံကို ကြားမှ လှည့်ကြည့်လိုက်မိသည်။
"ကိုထက်"
"အကို ခရီးက အခုမှ ပြန်ရောက်တာ ၊ သတင်းကြားကြားချင်း ပြေးလာတာ "
အထွန်းက ထက်အောင်ကို ပြေးဖက်သည်။
"ဘယ်လိုဖြစ်ရတာလဲ အထွန်းရယ်"
"ကိုထက် အထွန်းလေ "
"အင်း "
"အထွန်း အမေ့ကို သတ်မိပြီ"
ထက်အောင်သည် အထွန်းကို တင်းတင်းကျပ်ကျပ်ပင် ပြန် ဖက်ထားသည်။
"မဟုတ်ဘူး အထွန်း ၊ အထွန်းကြောင့်မဟုတ်ဘူး "
အထွန်းကတော့ ငိုရင်းမှ ခေါင်းခါသည်။
"အထွန်းကြောင့်ပါ"
********
သတင်းစကားများသည် တစ်မြို့လုံးသို့ ပြန့်ကုန်သည်။
အထွန်းကိုလည်း သဘောမကျသူပိုများလာသလို ၊ လမ်းမှာ တွေ့လျှင်ပင် နှုတ်ခမ်းမဲ့ သွားကြသည်။
"သူလေ အမေကို ပစ်ထားပြီး ဟိုတစ်ယောက်နဲ့ တစ်ညလုံးပျောက်နေတာ"
"တစ်ညလုံး ဘာတွေလုပ်နေလဲမှ မသိတာ"
"ဇာတ်ပွဲကြည့်တယ်လို့သာ ပြောတာ ၊ ဟုတ်ပါ့မလားဟဲ့"
"အခြောက်ကိုပဲ ဘယ်သူက အတည်ယူမှာလဲ "
"အေး သူမလို့ တန်ရာတန်ရာ မနေဘူး"
စကားသံတို့သည် အထွန်းရင်ထဲသို့ သံနှင့် စိုက်နေသလိုပင်။
အထွန်း ဈေးလည်း မသွားတော့သလို ၊ ဖရဲသီးလည်း မရောင်းဖြစ်တော့။
နေ့နေ့ညည အိမ်မှာနေရင်းသာ ငိုနေမိသည်။
"အထွန်း "
"ကိုထက်လား"
"အင်း ဒီည အထွန်း အိမ်မှာ လာအိပ်မလို့"
"မအိပ်ပါနဲ့လား ကိုထက်ရယ် ၊ လူတွေ ပြောနေလိမ့်မယ်"
အထွန်းက ကိုမိုးကို မရလို့ ၊ ကိုထက်ကို ကပ်တယ် လို့ ပြောကြတော့မှာ ။ အထွန်းလေ လူတွေကို အရမ်းကြောက်တာပဲ။
"အိမ်ပေါ်မှာ မအိပ်ရရင်လည်း ကွပ်ပျစ်ပေါ်မှာ အိပ်မယ်လေ "
"အဲလိုတော့ မအိပ်ပါနဲ့ "
ညနက်လာသော်လည်း အထွန်းတစ်ယောက် အိပ်မပျော်။
အထွန်းက အိမ်အောက်သို့ဆင်းကာ ကွပ်ပျစ်ပေါ်တွက် ထိုင်ရင်း ကောင်းကင်ကို မော့ကြည့်သည်။
လရောင်ဖျော့ဖျော့ ၊ ကြယ်ရောင်တို့က ခပ်မှိန်မှိန်။
"အထွန်း မအိပ်သေးဘူးလား"
"ဟုတ် အိပ်မပျော်လို့"
ကိုထက်က ကွပ်ပျစ်ပေါ်လာထိုင်သည်။
အထွန်းကလည်း ထိုင်နေရာမှ မထမိ။
"အထွန်း ဒီည ကြယ်ကြွေမယ်တဲ့ ၊ ကြယ်ကြွေရင် ဆုတောင်းပြည့်တယ်တဲ့ "
"ဟုတ်လား"
ထက်အောင်သည် အထွန်းကို ကြည့်ကာ သက်ပြင်းချမိသည်။ သွက်လက်လွန်းသော ၊ ပျော်ပျော်နေတတ်သော အထွန်းသည် အပြုံးအရယ်ပင် နည်းလာသည်။
တစ်ခုခုကို တွေးကာငေးကာဖြင့် အမြဲလိုလို အချိန်ကုန်နေသော အထွန်းကို စိတ်မချသောကြောင့် လာအိပ်ရသော နေ့များသည်လည်း မနည်းမနောပင်။
ရုတ်တရက် ကြယ်ကြွေသည်ကို မြင်လိုက်သော အထွန်းသည် အသံတိုးတိုးဖြင့် ဆုတောင်းသည်။
"ကိုမိုး ပျော်ပါစေ"
ထက်အောင် သက်ပြင်းချမိပြန်သည်။ သက်ပြင်းချသံ ကြားတော့ အထွန်းက ထက်အောင်ကို ကြည့်သည်။
"ကိုထက် "
"အင်း"
"ကိုမိုးက မင်္ဂလာဆောင်တော့မှာဆို"
တစ်မြို့လုံးသိနေသော သတင်းကို ပြောရင်း အထွန်းက မျက်ရည်ကျသည်။
ထို့နောက် လရောင်ခပ်မှိန်အောက်တွင် လှုပ်ရှားနေသော ကံ့ကော်ရွက်တို့ကို ကြည့်ကာ ပြုံးပြန်သည်။
ကံ့ကော်ပွင့်တွေ တွေ့တဲ့အခါ အထွန်းကို သတိရနေ ပေးပါလားဟင်။
အထွန်းကလေ ကိုမိုးကို တကယ်သဘောကျတာပါ။
ဒါပေမယ့်လေ အထွန်းက လမ်းဘေးကပန်းပါ။ တယုတယ ခူးဖို့မတန်တဲ့ လမ်းဘေးက ပန်းပါ။
*********
မနက်စောစော လေးနာရီခန့်တွင် အထွန်းသည် အိပ်ယာမှ ဖြည်းဖြည်းချင်းထသည်။
အိပ်ယာသိမ်း၊ မျက်နှာသစ်ပြီးသည်နှင့် ကျောပိုးအိတ်တစ်လုံးကို ယူကာ သေတ္တာကိုဖွင့်သည်။
သေတ္တာထဲတွင်တော့ စုထားသည့် ပိုက်ဆံတို့က အထပ်လိုက်။
အထွန်းက အမေ့ အင်္ကျီတစ်ထည်နှင့် အမေသုံးခဲ့သည့် ဘီးကို ယူကာ အိတ်ထဲသို့ထည့်သည်။
ထို့နောက်တွင်တော့ ဆွယ်တာအဖြူ ၊ လက်ပတ်နာရီ ။
အထွန်းက နာရီကို ဆွေးဆွေးမြေ့မြေ့ကြည့်ရင်း ပြုံးပြန်သည်။
ကိုမိုး အထွန်းလေ အချိန်တိုင်းသတိရနေတော့မှာ။
ခြောက်သွေ့နေသော ပိတောက်ခက်ကို ဖျာအောက်မှ ယူပြီးသောအခါတွင်တော့ စာအုပ်တစ်အုပ်ကြား ညှပ်ကာ ကျောပိုးအိတ်ထဲသို့ ထည့်ပြန်သည်။
ကိုမိုး အထွန်းလေ သင်္ကြန်ရောက်တိုင်း လွမ်းနေတော့မှာ။
နေရောင်မမြင်ရခင်မှာပင် အထွန်းက ခြံထဲမှ တိတ်တိတ်ဆိတ်ဆိတ်ထွက်လာသည်။
အထွန်းမျက်နှာတွင် သနပ်ခါးမရှိ ၊ အထွန်းဆံပင်တွင် အုန်းဆီလည်းမရှိ။
အထွန်းတောင်းပန်ပါတယ် အမေရယ် ၊ အထွန်း ဒီမှာ နေနိုင်တော့မယ်မထင်ဘူး။
ခွဲရတာ ဘယ်လောက်ထိ ဝမ်းနည်းဖို့ကောင်းလဲ သိတာမလို့ အထွန်း ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ သွားပါ့မယ်။
နှုတ်ဆက်မိရင် အထွန်း ထပ်ပြီးငိုမိတော့မှာ။
*********
အုန်းမောင်းခေါက်သံကြောင့် နိုးလာချိန်တွင် ထက်အောင်က နာရီကို ကြည့်မိသည်။ ခြောက်နာရီ ထိုးသည်အထိ အထွန်းအသံကို မကြားရသေး။
"အထွန်းရေ "
"အထွန်း"
ပြန်ထူးသံကို မကြားရသောအခါ ထက်အောင်သည် တစ်အိမ်လုံးကို လှည့်ပတ်ရှာသည်။
အမြဲသော့ခတ်ထားသော သေတ္တာသည် ခပ်ဟဟ ပွင့်နေသည်။
သေတ္တာပေါ်တွင်တော့ စာတစ်စောင်။
"ကိုထက် အထွန်းစုထားတဲ့ ပိုက်ဆံတွေ သေတ္တာထဲမှာ သိမ်းထားတယ်
အမေ့ အတွက် အလှူလုပ်ပေးပါနော် "
စာတစ်စောင်သာ ထားခဲ့သော အထွန်းကို ထက်အောင်မှာ စိတ်လည်းမဆိုးနိုင်။
ချန်ထားခဲ့သော စာကို ကိုင်ကာ ပထမဆုံးအကြိမ် မျက်ရည်ကျမိသည်။
"အထွန်း ပြန်လာခဲ့ပါ "
*****
ကံ့ကော်ပွင့်တို့ ဝေနေအောင်ပွင့်နေသလို လေတိုက်လိုက်တိုင်း အကိုင်းအခက်တို့က လှုပ်ရှားနေသည်။
ခြေတံရှည်အိမ်သည် သပ်သပ်ရပ်ရပ် ၊ ခြံစည်းရိုးသည်လည်း ခိုင်ခိုင်ခံ့ခံ့ လှလှပပ။
ခြံဝန်းတစ်လျှောက်တွင် စနစ်တကျ စိုက်ပျိုးထားသော ကံ့ကော်ပင်တို့က စီစီရီရီ ။
အလုပ်မှ ပြန်လာသော ထက်အောင်သည် စက်ဘီးပေါ်မှ ဆင်းကာ ခြံထဲသို့ဝင်သည်။
"ပြန်ရောက်ပြီလား"
"ပြန်လာပြီ ကြီးကြီးရေ"
ဘေးအိမ်မှ အိမ်နီးချင်းကို နှုတ်ဆက်ရင်း စက်ဘီးဒေါက်ထောက်သည်။
"ဝေးဝေးလံလံနေရတယ်လို့ကွယ် ၊ ပိုက်ဆံရှိရဲ့သားနဲ့ မြို့ထဲမှာ မနေဘူး"
"ကြီးကြီးကလည်း ကျွန်တော်က ဒီမှာ ပိုပျော်လို့လေ"
ပြုံးပြုံးရွှင်ရွှင်ပင် စကားပြောတော့ ငါသိပါတယ် ဟူသော အကြည့်က ချက်ချင်းရောက်လာသည်။
မြို့ထဲရှိ အိမ်ကို ပိတ်ကာ မြို့အစွန်ရပ်ကွက်တွင် လာနေသော ထက်အောင် ကို အထူးအဆန်းလို ကြည့်သူများကလည်း ခပ်များများ။
အိမ်နီးချင်းကို နှုတ်ဆက်ကာ အိမ်ပေါ်သို့ တက်သွားသော ထက်အောင်သည် ခဏ အကြာတွင် ရေနွေးအိုး ဖြင့် ပြန်ဆင်းလာကာ ကွပ်ပျစ်ပေါ်တွင် ထိုင်သည်။
"အထွန်းရေ ကံ့ကော်တွေပွင့်နေပြီလေ ၊ ပြန်မလာသေးဘူးလား "
ကံ့ကော်ရွက်တို့က တလွင့်လွင့် ။ ကံ့ကော်ပန်းတို့ကလည်း တယိမ်းယိမ်း။
***************************
ချစ်ခြင်းများစွာဖြင့်
HayMarn Thway ♥️