"ဟဲလို ကိုမိုး"
"အထွန်း ဖုန်းချလိုက်နော် ဒီဘက်က ပြန်ခေါ်လိုက်မယ်"
အထွန်းက ဖုန်းကိုအသာချသည်။
ကိုမိုးက အဲလိုပဲ ၊ အထွန်း ပိုက်ဆံကုန်မှာစိုးလို့တဲ့ ။
သူ့ဘက်ကပဲ အမြဲတမ်းပြန်ပြန်ခေါ်တယ်။
ဖုန်းလာသံကြားမှ အထွန်းက ဖုန်းကို ပြန်ကိုင်သည်။
"ဟဲလို"
"အထွန်း နေကောင်းလား"
"ဟုတ် ကောင်းပါတယ်၊ ကိုမိုးရော"
နေကောင်းလား ဟူသော စကားမှ အစချီကာ ဖုန်းပြောကြရာတွင် အထွန်း၏ တစ်နေ့တာ အကြောင်းပါသည်။ ကိုမိုး၏ တစ်ပတ်တာ အကြောင်းပါသည်။ ခြံထဲမှ အပင်များအကြောင်းပါသလို ပန်းတွေပွင့်သည့်အကြောင်းလည်းပါသည်။
"ဒီတစ်ယောက်က ဖုန်းပြောတာ မပြီးတော့ဘူးလား"
အထွန်းက စကားပြောခွက်ကို လက်ဖြင့်အသာပိတ်လိုက်ရင်း နောက်သို့လှည့်ကြည့်သည်။
ဘယ်တုန်းကတည်းက စောင့်နေတာပါလိမ့် ။
စိတ်မရှည်သည့် အမူအရာကို တွေ့လိုက်ရတော့ အထွန်း အားနာမိရတော့သည်။
အထွန်းက အသံတိုးတိုးဖြင့်
"ကိုမိုး အခြားသူတွေ စောင့်နေကြတယ် အထွန်း ဖုန်းချတော့မယ်နော်"
"အင်း ဘာမှာဦးမလဲ အကို နောက်တစ်ပတ်လောက်ဆို ပြန်လာတော့မယ် "
"မမှာတော့ပါဘူး"
အထွန်းက ကိုမိုးကိုပဲ တွေ့ချင်တာပါ ။ ကိုမိုးသာ ရှိနေရင် အထွန်းအတွက် ဘာလက်ဆောင်မှ မလိုပါဘူး။
"ဒါဆို ဒါပဲနော် ၊ အခြားလူတွေ စောင့်နေကြတယ်"
အထွန်းက ဖုန်းချပြီး ပိုက်ဆံရှင်းသည်။ ကိုမိုးဘက်က ခေါ်တော့လည်း အထွန်းရှင်းရသက်သာပါသည်။
ကိုမိုးပြန်ခေါ်ပေးနေတာ တော်ပါသေးရဲ့ ၊ မဟုတ်ရင် အထွန်းတော့ ဖုန်းခ နဲ့တင် မွဲမှာပဲ။
"ဟိတ် ဟိုအခြောက်လေး အဲလောက်အကြာကြီး ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ"
လှောင်ရယ်နေသော မျက်နှာပေးဖြင့် ပြောလိုက်သောစကားကို ဘယ်သူနဲ့ပြောပြောပေါ့ ဟု စိတ်ထဲမှ ပြန်ပြောရင်း အထွန်း မျက်နှာငုံ့ထားလိုက်မိသည်။ လူတွေက အရမ်းစပ်စုကြတာပဲ ။
*********
"အထွန်းရေ "
"ဟယ် လှကြည် လာလေ "
အထွန်းက ဝမ်းသာအားရပင် ခေါ်ရင်း ခြံဝသို့ ထွက်ကြိုသည်။
"လာ လာ မတွေ့ရတာ ကြာလို့ နင့်ကို မျှော်နေတာ"
အထွန်းစကားကို ကြားသောအခါ လှကြည်က နှုတ်ခမ်းမဲ့ပြသည်။
"နင်မျှော်တာ ငါမဟုတ်မှန်းသိပါတယ် အထွန်းရယ်"
"ဟဲ့ ဒီတစ်ခါ ငါတကယ်မျှော်တာ"
"ဆိုစမ်းပါဦး ဘာကိစ္စငါ့ကို မျှော်တာလဲ"
အထူးအဆန်းဟူသော အကြည့်ဖြင့် ကြည့်လာတော့ အထွန်း ရယ်ပြလိုက်မိသည်။
"ဟဲ့ လှကြည် နင် ပန်းထိုးတတ်တယ်မလား"
"အေး ထိုးတတ်တယ်လေ"
"ငါ့ကို သင်ပေးပါလား"
"ဟဲ့ နင်က မလုပ်ဖူးတာတွေတောင် လုပ်လို့ပါလား "
"ဒီလိုပဲပေါ့ဟယ် ငါက နင်လာရင် အဆင်သင့် သင်ရအောင် အပ်တွေ ၊ ချည်တွေပါ ဝယ်ထားပြီးပြီ "
လှကြည်က ဗုဒ္ဓေါ ဟုဆိုရင်း ရင်ဘတ်ကို လက်ဖြင့်ဖိသည်။
"ပန်းထိုးခွေ ရော "
"ဒီမှာ ကြိမ်ခွေဝယ်ရမလား ပလတ်စတစ်ဝယ်ရမလားမသိတာနဲ့ ၊ ကြိမ်ခွေပဲ ဝယ်လာတယ် ၊ ပလတ်စဆစ်ခွေမှာ အရစ်တွေနဲ့ ဆိုတော့ ငါလည်း မလုပ်တတ်တာနဲ့ "
အထွန်းက ကြိမ်ခွေ ခြောက်လက်မ ဆိုဒ်ကို ယူပြသည်။
"အေး ဒါလည်း ကောင်းတာပဲ ၊ ပန်းထိုးရင် နှစ်ခုထပ်ပြီး ဖိချလိုက်ရုံပဲ"
လှကြည်က အထွန်းဝယ်လာသော ပစ္စည်းများကို တစ်ခုချင်းကြည့်သည်။ ထို့နောက် စိတ်ရှည်လက်ရှည်ဖြင့်ပင် သင်တော့သည်။
"အခု ရိုးတံကို ထိုးမယ်ဆိုရင် ဒီဘက်ကနေ အပ်ကိုယူ ပြီးရင် ချည်နဲ့ ဒီလိုလေးပတ် ၊ ပြီးတော့မှ ပြန်ဆွဲ "
"ဒီလိုလား "
"အင်း ပြီးတော့ နင်က အခုမှ စပြီးထိုးတာဆိုတော့ ချည်အပွနဲ့ပဲ လုပ်ဦး ၊ ချည် အကျစ်တွေ မသုံးနဲ့ဦး"
"ငါဝယ်လာတာက အပွတွေမလား"
"အေး ဟုတ်တယ် "
"တော်သေးတာပေါ့"
" ဒါနဲ့ နင်က ပန်းထိုးပြီး ဘာလုပ်မလို့လဲ"
"ပေးချင်တဲ့သူရှိလို့"
"ဟဲ့ဟဲ့ နင့်ကိုမိုးကိုလား"
မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် အနားကပ်လာသော လှကြည်ကို အထွန်း မျက်စောင်းထိုးပစ်လိုက်သည်။
"အေး တိုးတိုးနေ ၊ အမေ မသိဘူး"
"အမယ် နင်က ခိုးတောင် လုပ်တတ်နေပြီ "
"ဟဲ့ တိတ်တိတ်နေ ၊ ငါ့မှာ တစ်ပတ်ပဲ အချိန်ရတာ ကြိုးကြိုးစားစား လုပ်မှ ဖြစ်မှာ၊ ဒီတော့ .."
"ဆက်ပြောလေ ဒီတော့ ဘာဖြစ်လဲ"
"နင်ပြန်လို့ရပြီ "
"ဟယ် အထွန်း၊ ငါ ထုထည့်လိုက်ရ "
လက်ဖြင့်ရွယ်လာသော လှကြည်ကို ကြည့်ရင်း အထွန်းက ရယ်သည်။
"နောက်တာပါဟဲ့ ၊ ကဲ ဒီကို လာတာ ဘာကိစ္စ"
"ဒီလိုပါပဲဟယ် အပြင်ထွက်လာရင်း နင့်ကို သတိရမိသွားလို့ "
အထွန်းက ပန်းထိုးနေသော အပ်နှင့်ချည်ကို ဘေးသို့ချသည်။
"နင်တို့ရော အဆင်ပြေကြရဲ့လား"
"အင်း မပြေလည်း ပြေအောင်နေရတာပေါ့ ၊ ဘယ်တတ်နိုင်မလဲ ၊ ဒါနဲ့ ငါ့ဆိုင်ခန်းလေးရော ပြိုပျက်နေပြီလား"
"အကောင်းအတိုင်းပါပဲ ၊ ငါ သန့်ရှင်းရေးတော့ နေ့တိုင်းလုပ်ထားပေးတယ် ၊ ဘာလို့လဲ "
"ငါ အလုပ်တစ်ခုခု လုပ်ချင်လို့ ၊ အခုက ငါ့မှာ ဝင်ငွေမရှိဘူးလေ"
"အမလေး ဝတ်လာတဲ့ စိန်ဆွဲသီးမှ အားမနာ ၊ နင်က ဒီလောက် ချမ်းသာနေပြီကို"
လှကြည်က ခေါင်းခါသည်။
"မတူဘူးဟ ၊ ဘယ်လောက်ပိုက်ဆံရှိရှိ သူ့ပိုက်ဆံလေ ၊ ပိုဆိုးတာက သူက ပိုက်ဆံကို ငါ့ဆီ အကုန်မအပ်ဘူး၊ ငါက လိုရင် သူ့ဆီက တောင်းရရော ၊ ကြာတော့ငါလည်း မတောင်းချင်တော့ဘူး "
"နင် အလုပ်လုပ်ရင်ရော အဲ့လူက သဘောတူမှာမလို့လား "
"ဘယ်တူမလဲ ၊ ငါလည်း ငါ့နည်း ငါ့ဟန်နဲ့ ခိုးလုပ်ရမှာပေါ့ ၊ နင့်ဘေးက ဆိုင်ခန်းမှာ တစ်ခုခုရောင်းရမလားလို့ ၊ ငါတော့ မရောင်းဘူးပေါ့ဟာ အခြားတစ်ယောက်ကိုရောင်းခိုင်းရမလားမသိဘူး ၊ ငါလည်း ဆိုင်ခန်းကို သံယောဇဉ်တွယ်တယ်ဟယ် ၊ မရောင်းပစ်ရက်ဘူး"
"လူငှားတင်ထားရင်ရော "
"အေး အဲဒါ ပိုအဆင်ပြေမယ်ထင်တယ် ၊ လကုန်ရင် လစာယူလိုက်ရုံပဲ ငါမလာနိုင်ရင်လည်း နင့်ဆီမှာ ပေးထားလို့ရတာပေါ့ ၊ မဟုတ်ရင်လည်း ငါ့မှာဝင်ငွေမရှိတော့ အဆင်မပြေဘူး"
"အေး ငှားချင်တဲ့သူရှိရင် အဆင်ပြေပြီ ၊ နင့်နေရာလည်း နေရာကောင်းပါပဲဟ ငှားချင်တဲ့သူတွေ ရှိမှာပါ"
လှကြည်ပြန်သွားသောအခါ အထွန်းသည် ပန်းထိုး ဆက်ကျင့်သည်။
အထွန်းမှာ တစ်ပတ်ပဲ အချိန်ရှိတော့တာ။ ကိုမိုးပြန်လာရင် အဆင်သင့်ဖြစ်နေရမှာ။
တစ်ပတ်ကြာသည်အထိ အထွန်းသည် ပန်းထိုးခွေ၊ အပ် ၊ ချည်နှင့် ပိတ်စတို့ကို နေရာတကာသို့ သယ်သွားသည်။ ဈေးရောင်းရင်းလည်း ပန်းထိုးသလို ၊ ထမင်းစားရင်းလည်း ပန်းထိုးသည်။ ညဘက်များတွင်လည်း ဖယောင်းတိုင်မီးဖြင့် တစ်ညလုံးလိုလိုပင် အချိန်ကုန်နေသည်။
ပန်းထိုးရာတွင် မကျွမ်းကျင်သေးသော အထွန်းသည် နေ့နေ့ညညပန်းထိုးရင်း အပ်စူးသည်မှာလည်း အခါခါ။
လက်ချောင်းသေးသေးတို့သည် အပ်ရာများဖြင့် ပြည့်လာသော်လည်း အထွန်းကတော့ ပြုံးရယ်နေပါသည်။
ဘယ်လောက်ခက်ခက် အထွန်းကြိုးစားရမှာပေါ့ ။
ကိုမိုးအတွက်ပဲ။
**********