နီးကပ်လာသောခြေသံက ညင်သာတိုးလျသော်လည်း အထွန်း ရင်ကတော့ ဆောက်တည်ရာမရပင် ခုန်နေလေသည်။ ကိုမိုး ဖြစ်စေချင်လိုက်တာ ဒါပေမယ့်လည်း ဟင့်အင်း မျက်လုံးဖွင့်မကြည့်ချင်ဘူး။
"အထွန်း"
ခေါ်သံကြားသော အခါမှ မျက်လုံးကို ဖြည်းဖြည်းဖွင့်သည်။ ပျော်ရွှင်မည်ဟု ထင်ထားသော်လည်း ကိုမိုးကို မြင်ရသော အခါတွင် ဝမ်းနည်းစိတ်က လှိုက်၍တက်လာလေသည်။
"အထွန်း မတွေ့တာကြာပြီ "
တကယ်မတွေ့ရတာ ကြာပါပြီ ။ အထွန်းသည် ကိုမိုးကို အချိန်အတော်ကြာစိုက်ကြည့်နေသည်မှာ မျက်တောင်ပင် မခတ်မိ။
"အထွန်း"
ခေါ်သံဆုံးသည်နှင့် ချက်ချင်းပင် မတ်တပ်ထကာ ပြေးဖက်လာသော အထွန်း။
ကျော်မိုးက အထွန်းကို အလိုက်သင့်ဖမ်းထားသော်လည်း အရှိန်ဖြင့် ဖက်လိုက်သောကြောင့် လူက နောက်သို့ပင် အနည်းငယ် ယိုင်သွားလေသည်။
ဒီကလေးက ဒီလောက်တောင် သတိရနေတာလား ။
"အထွန်းရေ "
တင်းတင်းကျပ်ကျပ်ပင် ဖက်ထားသော အထွန်းသည် ထူးသံပင်မပြုနိုင်ဘဲ ငြိမ်သက်နေလေသည် ။ ကျော်မိုးက အထွန်း နောက်ကျောကို အသာအယာပုတ်ရင်း ပြုံးသည်။
"ဒီလောက်တောင် သတိရနေတာလား အထွန်းရဲ့"
စကားအဆုံးတွင် သတိထားမိသည်မှာ သူ၏ အင်္ကျီသည် အနည်းငယ် စိုစွတ်နေသည်ဟု။
"အထွန်း ငိုနေတာလား"
မေးမိမှပင် ပို၍သာငိုလာတော့သည် ။ တသိမ့်သိမ့် ရှိုက်ကာ ငိုနေသော အထွန်းကို ပြန်ဖက်ထားရင်းမှပင် ပျာပျာသလဲ မေးမိပြန်သည်။
"အထွန်း ဘာဖြစ်လို့လဲ"
"ဟင့်အင်း"
ရှိုက်သံတစ်ဝက်ဖြင့်ဖြေလာသော အထွန်းသည် ဖက်ထားသော လက်တို့ကိုမူ မဖယ်သေး။ ပို၍သာ တင်းတင်းကျပ်ကျပ်ဖက်လေသည်။
"အထွန်း ဘာလို့ငိုတာလဲ ၊ ဘာဖြစ်လာလို့လဲ"
"......."
"အထွန်း တစ်ခုခုဖြစ်လို့လား"
အချိန်အတော်ကြာ ငိုနေပြီးသော အခါတွင် အထွန်းသည် ဖက်ထားသော လက်တို့ကို ဖယ်ကာ ကိုယ်မှ ခွာသည်။
ထို့နောက် မျက်ရည်တို့ကို လက်ခုံဖြင့် သုတ်သည်။ သနပ်ခါးထူထူပေါ်တွင် မျက်ရည်စီးကြောင်းတို့က ဟိုတစ်ကွက် သည်တစ်ကွက်။ မျက်တောင်ရှည်ရှည်တို့သည် မျက်ရည်များဖြင့်စိုစွတ်နေကာ မျက်လုံးတို့မှာလည်း နီရဲနေလေသည်။ အုန်းဆီနံ့သင်းနေသော ဆံပင်တို့မှာ ချွေးကြောင့်ပင် အနည်းငယ် စိုနေသည်။
အငိုဝ သွားဟန်တူသော အထွန်းသည် မျက်တောင်ကို ပုတ်ကာ ပုတ်ကာဖြင့် မျက်ရည်စများကို ဖယ်ထုတ်သည်။
ကျော်မိုးကတော့ အထွန်းလုပ်သမျှကို ကြည့်ကာ သက်ပြင်းတချချ။
"အထွန်း ဘာဖြစ်လာလို့လဲ"
အထွန်းက ခေါင်းခါသည်။
"ဘာမှ မဖြစ်ဘဲ ဘာလို့ဒီလောက်ငိုရတာလဲ အထွန်းရဲ့ ၊ ဘာကိစ္စပဲ ရှိရှိ အကို့ကို ပြောပြလို့ရတယ်လေ"
စိတ်ပူသော အသံဖြင့်မေးမိသောအခါတွင်တော့ အထွန်းက သက်ပြင်းချရင်း။
"အထွန်း လည်းမသိပါဘူး ၊ ဒီအတိုင်း ကိုမိုးကို တွေ့တော့ ငိုချင်လာတာ "
"ဟောဗျာ"
ထိုအခါမှ စိတ်အေးသွားဟန်တူသော ကျော်မိုးသည် အင်္ကျီအိတ်ကပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်သည်။
"ရော့ အထွန်း အတွက် ဝယ်လာခဲ့တာ"
ရွှေရောင်များဖြင့် အနားကွပ်ထားသော အဖြူရောင် ဒိုင်ခွက်သည် အညိုရောင်သားရေ ကြိုးဖြင့်လိုက်ဖက်နေသည်။ ဒိုင်ခွက်အတွင်းရှိ ဂဏန်းများကို အဖြူရောင် ကျောက်လေးများဖြင့် အလှဆင်ထားသောကြောင့် အလင်းရောင်အောက်တွင် တဖျပ်ဖျပ်ပင်လက်နေတော့သည်။
ကျော်မိုးက အထွန်းလက်ကို ကိုင်ကာ နာရီကို ပတ်ပေးသည်။ ထိုအခိုက်အတန့်တွင် အထွန်းသည် မမြင်ရ မတွေ့ရသည်မှာ ကြာလှပြီဖြစ်သောသူကို တစိမ့်စိမ့် ကြည့်သည်။
အထွန်းလွမ်းနေရသော ကိုမိုးသည် ဆံပင်အနည်းငယ် ရှည်လာသော်လည်း ကြည့်ကောင်းနေဆဲပင်။ ရှပ်အင်္ကျီအပြာနှင့် ပုဆိုး နက်ပြာကို တွဲဖက်ဝတ်ဆင်ထားသော ကိုမိုးသည် လူငယ်ဆန်ဆန် ခန့်ညားနေသည်။ ကတ္တီပါဖိနပ် အညိုရောင်သည် ဖြေဖမိုး ဖြူဖြူလေးများနှင့် လိုက်ဖက်နေပြန်သည် ။ အနီရောင် ပတ္တမြား လက်စွပ်တစ်ကွင်း က ဖြူသွယ်နေသော လက်ချောင်းပေါ်တွင် ပေါ်ပေါ်ထင်ထင်ရှိနေပြန်သည်။
နာရီပတ်ပေးပြီးသည့် အချိန်အထိ ကိုမိုးကို ကြည့်၍ မပြီးနိုင်သေး။ ကိုမိုးကို ကြည့်မိလိုက်တိုင်း အကြည့်တို့ မလွှဲနိုင်တော့သော အထွန်းကိုယ် အထွန်းလည်း အံ့ဩရပါသည်။
"အထွန်း ကြိုက်ရဲ့လား"
ထိုအခါမှ အထွန်းက နာရီကို ငုံ့ကြည့်မိသည်။ ကိုမိုးပေးသမျှကို အထွန်းကြိုက်ပါသော်လည်း တန်ဖိုးကြီးပုံရသော ထိုနာရီကိုတော့ လက်ခံရန် ခက်ခဲနေလေသည်။
"ကိုမိုး ဒီနာရီက .."
"မကြိုက်လို့လား အထွန်းရဲ့"
"ဟင့်အင်း မဟုတ်ပါဘူး ကြိုက်ပါတယ် ဒါပေမယ့် .."
"အင်း"
"ဈေးကြီးမယ့်ပုံပဲ"
အသံတိုးတိုးဖြင့် ပြောလာသော အထွန်းကို ကျော်မိုးက ခေါင်းခါပြသည်။
"မကြီးပါဘူး အထွန်းရဲ့ ၊ ပြီးတော့ အထွန်းကို ပေးချင်လို့ ဝယ်လာတာပဲ ၊ လက်မခံရင် စိတ်မကောင်းဖြစ်နေရမှာ"
အထွန်းက သက်ပြင်းခိုးချရင်း ခေါင်းညိတ်သည်။
ကိုမိုးရဲ့ စေတနာပဲ ၊ အထွန်းလက်ခံလိုက်ပါ့မယ်လေ။
အထွန်းက လက်တွင်ပတ်ထားသော နာရီကို ကြည့်ရင်း ပြုံးသည်။ လှကြည်၏ မင်္ဂလာဆောင်တွင် ဝတ်သွားရန်လည်း တစ်ခါတည်း ဆုံးဖြတ်ချက်ချသည်။
"ဒါနဲ့ ကိုမိုး အကြာကြီး ဘယ်သွားနေတာလဲဟင်"
"အိမ်က ခရီးထွက်သွားကြတော့ လိုက်သွားရတာ ၊ ဟိုဘက်က အမျိုးတွေကလည်း တွေ့ချင်တယ် ဆိုတာနဲ့ "
အထွန်းက ခေါင်းညိတ်သည်။ ဒါကြောင့်ကိုမိုးပျောက်နေတာပဲ ။ အထွန်းကို မတွေ့ချင်လို့ ပျောက်နေတယ်လို့ ထင်ခဲ့တာ ။ တော်ပါသေးရဲ့ ။
အထွန်း၏ အချိန်တို့သည် ထိုနာရီနှင့်အတူ ပုံမှန်အတိုင်း ပြန်လည်ကာ လည်ပတ်တော့သည်။ အထွန်း၏ ရင်ခုန်သံတို့သည် နာရီသံနှင့်အတူ စည်းထျက်ညီညီ ပြန်ခုန်တော့သည်။
အထွန်း၏ အပြုံးတို့သည်လည်း နာရီမှန်ပေါ်တွင် ပြန်လည်ကာ အသက်ဝင်လာတော့လေသည်။
ချက်ချင်းဆိုသလိုပင် အုံ့မှိုင်းလာသော ကောင်းကင်ကို မြင်ရသော အခါ အထွန်းက မတ်တပ်ထရပ်သည်။
"ကိုမိုး မိုးရွာတော့မလားမသိဘူး"
"အင်း ပြန်ကြရအောင်လေ ၊ ထီးရောပါရဲ့လား "
"ဟင့်အင်း ၊ မိုးရာသီမှမရောက်သေးတာ အထွန်း ထီးမယူခဲ့မိဘူး ကိုမိုးမှာရော "
"မယူလာခဲ့မိဘူး ၊ ကဲပါ ဒါဆိုလည်း မြန်မြန်ပြန်ရအောင်"
ပွဲကြည့်စင်မှ ဆင်းလာစဉ်မှာပင် မိုးက ရွာတော့သည်။
ကျော်မိုးသည် ကောင်းကင်ကို မော့ကြည့်မိသည်။ မိုးကလည်း တော်တော်နှင့် စဲမည့်ပုံမပေါ်။
"အထွန်း မိုးခိုပြီးမှ သွားမလား "
"ဟင့်အင်း အမေ စိတ်ပူနေလိမ့်မယ်"
"ကဲ ဒါဆိုလည်း သွားကြမယ် လာ "
"ဘယ်ကိုလဲဟင်"
"ဒီနားမှာ ထီးရောင်းတဲ့ ဆိုင်ရှိတယ် အတူတူသွားကြမယ်"
ကျော်မိုးက လက်ကို ဆန့်တန်းပေးသောအခါ အထွန်းကလည်း အလိုက်တသင့်ပင် လက်ကို ကိုင်သည်။
"အထွန်း လက်တွေအေးစက်နေပါလား"
အထွန်းက ခေါင်းကို ငုံ့ကာရယ်သည်။ ရှက်လို့ ဟူသော စကားကိုတော့ စိတ်ထဲမှပင် ပြောဖြစ်လေသည်။
မိုးထဲရေထဲတင် ပြေးလွှားနေသော လူနှစ်ဦးသည် တစ်ယောက်လက်ကို တစ်ယောက်တွဲကာ ပြုံးရယ်နေသည်။ လျှပ်စီးတို့ကိုလည်း မမှု ၊ မိုးခြိမ်းသံတို့ကိုလည်း ဂရုပင်မထားဘဲ ရယ်မောနေကြပြန်သည် ။
အေးစက်နေသော မိုးရေတို့သည် အထွန်းရင်ထဲမှ နွေးထွေးခြင်းကို မထိုးဖောက်နိုင် ။
ထီးဆိုင်ရောက်သောအခါ ကျော်မိုးက ထီးနှစ်ချောင်းဝယ်သည်။
"ရော့ အထွန်း "
အထွန်းက ထီးကို ယူရင်း
"နောက်နေ့မှ ပြန်ပေးမယ်နော် "
"ပြန်ပေးစရာ မလိုပါဘူး အထွန်းရာ ၊ ကဲ မြန်မြန် ပြန်တော့ မိုးက ဒီထက်သည်းလာမှာ "
"ဟုတ်"
အထွန်းက ထီးဆောင်းကာ အပြေးတစ်ပိုင်း ထွက်သွားသည်။ ခပ်လှမ်းလှမ်းသို့ ရောက်သောအခါ ခဏ ရပ်ပြန်သည်။ ထို့နောက် ရေစိုနေသော နာရီကို ချွတ်ပြီး ပုဆိုး ဖြင့် အသေအချာ သုတ်သည်။
ဒီနာရီလေးက ကိုမိုး ပေးထားတာ ။ တယုတယ သိမ်းထားမှ ဖြစ်မှာ ။
မစဲသေးသော မိုးသည် ပို၍ပင်သည်းလာသည် ။
မိုးခြိမ်းသံကလည်း တဂျိန်းဂျိန်း မြည်နေသလို ၊ အထွန်း၏ ရင်ခုန်သံကလည်း တဒိန်းဒိန်း ။
*******
အသွေး ဖိုက်တာ ပြန်လုပ်လိုက်ပါဦးမယ်
အားလုံးပဲ ဂရုစိုက်ကြပါဦးနော်
ချစ်ခြင်းများစွာဖြင့်
HayMarn Thway ♥️