【 Unicode 】
(101)
ငါ နေမကောင်းဖြစ်ပြီး အားနည်းနေတဲ့ခန္ဓာကို
တရွတ်တိုက်သယ်ရင်း ညီလေးနဲ့ညီမလေးကို
သွားခေါ်ကာ အဆင်သင့်မုန့်တွေ စားဖို့ပြင်တယ်။
ညီလေးနဲ့ညီမလေးက ခံနိုင်ရည်ရှိသားပဲ။
ညီလေးက coke တစ်ဘူးမှာယူတော့၊
ညီမလေးက သူ့ကို ချက်ချင်းပြောလိုက်တယ်။
"နင် ကိုကာကိုလာသောက်ချင်ရင်၊
supermarket သွားပြီးဝယ်လိုက်၊ ဒါဆို
ပိုသက်သာလိမ့်မယ်၊ ကိုကြီး...ညီမလေးက
diet လုပ်နေတာမို့ ပန်းလက်ဖက်ရည်ဝယ်ထား
တယ်၊ သောက်မလားဟင်"
ငါ့ကိုပြောစမ်း၊ ဒီလို အံ့သြစရာကောင်းတဲ့
ညီမလေးကို ဘယ်မှာ ရှာတွေ့နိုင်မလဲ?
ဆိုပေမယ့် တစ်ခါတလေတော့လည်း
အသင့်စားမုန့်တွေကို ငါတို့အလိုရှိသလို
စားလို့အဆင်ပြေပါတယ်။
"ဘာမှမဖြစ်ဘူး၊ မှာလိုက်၊ ကိုကြီး အလုပ်ကနေ
bonus ရထားတယ်"
ရင်နာဖို့ကောင်းလိုက်တာ၊ ဒါ ဘယ်လိုခေတ်လဲ။
ငါ bonus ရမှပဲ ဒီလိုမုန့်ကို စားနိုင်ရှာတယ်။ ဇာတ်ကားတွေထဲမှာတောင် ဒီလို plot မျိုး
မရှိတော့ဘူး။ ပိုပြီး စိတ်မကောင်းဖြစ်စရာက
ငါ တကယ် bonus မရဘူးဆိုတဲ့အချက်ပဲ။
ညီလေးက ညီမလေးကိုကြည့်လိုက်တယ်။
ငါ့ညီမလေးက ပြောတယ်။
"ညီမလေးတို့ ဘေးအိမ်ကိုသွားပြီး စားရင်
ပိုသက်သာမှာ"
ငါတို့သုံးယောက်လုံး လှည့်ပတ်ကြည့်ပြီးနောက်ဖက်ထုပ်ကြော်စားဖို့ ဘေးအိမ်ကိုသွားလိုက်ကြတယ်။
(102)
ညီလေးက ဖက်ထုပ်ကြော်တချို့ကို ညီမလေးရဲ့
ခွက်ထဲ ထည့်ပေးနေပြီး၊ ညီမလေးက ငါ့အတွက်
ပန်းလက်ဖက်ရည်ငှဲ့ပေးတာကိုကြည့်ရင်း
ငါ ကျေနပ်ပျော်ရွှင်နေမိပြီ။ တော်တော်ကြာတွေးတောပြီးမှ ငါ ပြောလိုက်တယ်။
"အဘိုး ပြန်လာတော့မယ်၊ သူက မင်းတို့ကို
တွေ့ချင်နေတာ၊ ဒီတစ်ပတ်အတွင်း..ပင်မ,အိမ်ကို ပြန်သွားရအောင်"
ငါ့ညီမလေးက သတိထားပြီးပြောလိုက်တယ်။
"ညီမလေးတော့ နိုင်ငံခြားကို မသွားချင်ဘူးနော်၊
တစ်ယောက်ယောက် သွားမှဖြစ်မယ်ဆိုရင်
'ယိစန်'ကို ခေါ်သွားလိုက်ပါ"
ညီလေးက ကျေနပ်ပုံမပေါ်ဘူး။
"နင် ငါ့ကို အဲ့လိုရောင်းစားတယ်ပေါ့?"
ညီမလေးက ညီလေးကို ကျွမ်းကျင်ရင်းနှီးစွာ
နှစ်သိမ့်လိုက်တယ်။
"နင် တစ်ယောက်တည်းမသွားဘူးဆိုတာ
သိပါတယ်၊ ဒါကြောင့်လည်း ငါ ဒီလိုပြောတာပေါ့၊
ကဲ ဆက်စားတော့"
(103)
ငါ ညီမလေးကို ပြောလိုက်တယ်။
"နိုင်ငံခြားသွားတာ ကောင်းပါတယ်"
ညီမလေးက ပြန်ပြောတယ်။
"ဒါဆို ကိုကြီးလည်း လိုက်ခဲ့လေ"
အင်း၊ ငါလည်း သွားချင်မိသား။ ငါ နိုင်ငံခြား
ရောက်သွားရင် စိတ်ဝေဒနာ သက်သာလာနိုင်
တယ်။ ဒါမှမဟုတ် အနည်းဆုံးတော့
ငါ့ရန်သူတွေနဲ့ ဝေးသွားမယ်လေ။ တကယ်လို့
ထင်သလိုမဖြစ်ခဲ့ရင်၊ ငါ နိုင်ငံခြားမှာ ရန်သူ
အသစ်တွေနဲ့ တွေ့နိုင်သေးတယ်။ တခြားနိုင်ငံ
တွေမှာ သေဆုံးခြင်းအပြစ်ဒဏ်မရှိတော့၊
သူတို့ရဲ့ပြစ်မှုက ပိုပြီးဆိုးရွားနိုင်သလား?
ဒါ့အပြင် ကိစ္စတစ်ခုရှိသေးတယ်။ အဘိုးက
ငါ့ကို ငွေကြေးပိုင်း ထောက်ပံ့မှာမဟုတ်ဘူး။
အဘိုးက ငါ့ကို မမြင်ချင်တဲ့အပြင်၊ ငါနဲ့
အမြွှာနှစ်ယောက်ကြား ချည်နှောင်မှုကိုပါ
ဖြတ်တောက်ချင်နေတာ။ အဘိုး ဘာတွေ
တွေးနေလဲဆိုတာကို ငါလည်း မသိဘူး။
ငါတို့ရဲ့သွေးသားတော်စပ်မှုကို ထောက်ထားပြီး၊
အဘိုးက ငါ့ဆီ လုပ်ကြံသူမလွှတ်ဖို့ပဲ မျှော်လင့်
ရမယ်။ ငါ ဒီထက်ပိုပြီး မလိုချင်ပါဘူး။
ငါ ရိုးသားစွာ၊ စိတ်ရှည်လက်ရှည်ထားပြီး
ညီလေးနဲ့ညီမလေးကို ဖျောင်းဖျကြည့်တယ်။
"ကိုကြီး မကြာမကြာလာတွေ့မယ်လေ၊ နောက်ပြီး မင်းတို့ ကိုကြီးနဲ့နေတာထက်စာရင် အဘိုးဆီမှာ
ပိုအဆင်ပြေလိမ့်မယ်"
ညီမလေးက ပြောတယ်။
"ဟင့်အင်း၊ အဘိုးက လူကောင်းနဲ့မတူဘူး"
ငါ သတိထားပြီး မေးလိုက်တယ်။
"အဘိုးက ဘာဖြစ်လို့လဲ"
"အွန်း...ဘာမှတော့ မဟုတ်ပါဘူး၊ အဘိုးက
ကပ်စေးနည်းမယ့်ပုံစံမို့"
ငါ စိတ်သက်သာရာရသွားကာ သက်ပြင်းချ
လိုက်တယ်။
တကယ်တော့ ဒါက ပြဿနာမဟုတ်ပါဘူး။
ငါ့အဘိုးက ကပ်စေးမနည်းဘူးလေ။ အဘိုးက
ညီလေးနဲ့ညီမလေးအပေါ် သဘောထားကြီးတယ်။
အဘိုးက သဘောမကျတဲ့လူတွေကို လျစ်လျူရှု
ထားရုံ။ ဥပမာပြောရရင် ငါနဲ့ အစ်ကိုကြီးကိုပေါ့။
(104)
ဆွေးနွေးခန်းပြီးသွားပေမယ့် ရလဒ်က တူတူပဲ။
ယနေ့ခေတ်မှာ ကလေးတွေကလည်း ကိုယ်တိုင်
ဆုံးဖြတ်ချက်ချနိုင်တာဆိုတော့၊ ငါ့စကားကို
နားထောင်မှာမဟုတ်ဘူး။ ပြီးတော့ ငါ
ညီမလေးကို တွန်းအားမပေးချင်ဘူး။
ညီလေးကလည်း ငါ့စကားကိုနားထောင်ပေမယ့်၊ ညီမလေးရဲ့စကားကို ပိုလိုက်နာတယ်လေ။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့က နဂါး-မီးလျှံငှက်လို အမြွှာတွေဆိုတော့ ဒီလိုပေါ့။ ငါ နည်းနည်း
မနာလိုဖြစ်မိသား။
(105)
ငါ ညီလေးနဲ့ညီမလေးကိုခေါ်ပြီး ပင်မ,အိမ်ကို
သွားခဲ့တယ်။ အဘိုးက မနက်ဖြန်ရောက်မှာတဲ့။
ညီလေးနဲ့ညီမလေးက အိမ်စာလုပ်ဖို့ အခန်းထဲကို
ဝင်သွားချိန်၊ ငါကတော့ အစ်ကိုကြီးနဲ့အတူ
ဧည့်ခန်းထဲမှာ ကိုးရိုးကားရားကျန်ခဲ့တယ်။
တကယ်တော့ ငါပဲ ကသိကအောက်ဖြစ်နေတာပါ၊
အစ်ကိုကြီးက မက်ဆေ့ချ်ပို့ရင်း အလုပ်ရှုပ်နေ
တယ်လေ။
မက်ဆေ့ချ်တွေကို reply ပြန်ပြီးနောက်၊
အစ်ကိုကြီးက ခေါင်းမော့လာကာ ငါ့ကို
ကြည့်လိုက်တယ်။ အစ်ကိုကြီးက သူ့အကျင့်
အတိုင်း မျက်မှောင်ကြုတ်ရင်း မေးတယ်။
"ဘာလဲ"
"ဘာမှမဟုတ်ပါဘူး၊ ထိုင်နေတာ"
ဒါကြောင့် အစ်ကိုကြီးက မတ်တတ်ရပ်လိုက်ကာ
အပေါ်ထပ်ကို တက်သွားတော့တယ်။
(106)
အစ်ကိုကြီးက လှေကားတစ်ဝက်ကိုရောက်ချိန်မှာ
ရပ်တန့်ပြီး ပြောလိုက်တယ်။
"အမြွှာနှစ်ယောက်ကို အဘိုးနဲ့နေခိုင်းလိုက်တာ
အကောင်းဆုံးပဲ၊ မင်းဆီမှာ နေတာထက်စာရင်
ပိုအဆင်ပြေလိမ့်မယ်"
ငါလည်း ဒီလိုယူဆတာပဲ၊ ဒါပေမယ့်
ကလေးနှစ်ယောက်က စကားမှ နားမထောင်တာ!
"မင်း ညီလေးနဲ့ညီမလေးကို ဆိုးဆိုးရွားရွား
မကြီးပြင်းစေနဲ့"
ငါလည်း အဲ့လိုတွေးမိတယ်။
"အမြွှာနှစ်ယောက်က ကလေးအရွယ်ပဲ
ရှိသေးတာ၊ မင်း သူတို့ကိုမလိုချင်တော့ဘူးဆိုရင်
အဘိုးနဲ့ နေခိုင်းရမှာ၊ မင်း ဒီနည်းလမ်းကို
အစကတည်းက တွေးမိပြီးသားပဲ၊ မင်း မသိသလိုဟန်ဆောင်နေခဲ့တယ် မဟုတ်လား"
ငါ သိတယ်။ ဒါပေမယ့် ငါ ဆက်ပြီး
မသိချင်ယောင်ဆောင်ဦးမှာ။ ဘာကြောင့်လဲ
ဆိုတော့ ငါက ကလေးတွေကိုဖိအားပေးတဲ့
လူကြီးတစ်ယောက် မဖြစ်ချင်လို့ပဲ။
အစ်ကိုကြီးက အရှိုက်ထိအောင် ပြောလိုက်တယ်။
"အတုအယောင်ကြင်နာမှုပဲ၊ သူတို့အတွက်
ဘယ်အရာက သင့်တော်လဲဆိုတာ သိပေမယ့်
မင်း ဗီလိန်တော့ မဖြစ်ချင်ဘူးလေ"
အစ်ကိုကြီးပြောတာ မှန်ပါတယ်။
(107)
ဒါပေမယ့် မှန်တယ်ဆိုတိုင်း ငါ မလိုက်နာဘူး။
ငါ အကျိုးဆက်ကို ရိုးရိုးသားသားခံယူပြီး၊
ငါ သေရင်တောင် ဆုံးဖြတ်ချက်ကို
ပြင်မှာမဟုတ်သလို နောင်တလည်း မရဘူး။
(108)
အခန်းထဲမှာရှိနေတဲ့ သော့အားလုံးကို
ငါ ဖွင့်နေမိတယ်။
ငါ အိမ်မပြောင်းခင်ကတည်းက စိတ်ရောဂါလက္ခဏာ စတင်နေခဲ့ပြီ။ ငါ့အိပ်ခန်းတွင်းမှာ
သော့မျိုးစုံကို ထည့်ထားပြီး၊ သော့ပါတဲ့သေတ္တာ
အများကြီးဝယ်ထားကာ မသယ်နိုင်လောက်တဲ့
အရာတွေနဲ့ ငါ ယူသွားဖို့ပျင်းတဲ့ပစ္စည်းမှန်သမျှကို
သော့ခတ်သိမ်းထားတယ်။
ငါ သေချာသိတယ်။ အစ်ကိုကြီးက ကိစ္စတစ်ခုခု
ရှိရင်တောင် ငါ့အခန်းထဲကိုဝင်ပြီး မွှေနှောက်
ရှာဖွေမယ့်သူမျိုးမဟုတ်ဘူး။ ငါ့ကို အန္တရာယ်ပေး
မှာလည်း မဟုတ်ဘူး။ ပြီးတော့ ဒီရပ်ကွက်မှာ
သူခိုးဝင်ဖူးတဲ့ရာဇဝင် မရှိပေ။
ဒါပေမယ့် ငါ့ခေါင်းထဲမှအသံက ဆက်တိုက်
brainwash နေတယ် : ဒီလိုဖြစ်လာခဲ့ရင်
ဘယ်လိုလုပ်မလဲ? ဖြစ်လာခဲ့ရင်ရော? တကယ် ဖြစ်လာရင်? လူတွေအားလုံး ရုတ်တရက်
စိတ်ရူးဖောက်သွားရင် ဘာလုပ်ရပါ့မလဲ။
(109)
ငါ ကျောင်းတုန်းက ရိုက်ထားတဲ့ Photo album
ကို သွားရှာတွေ့ခဲ့ပြီ။ အယ်လ်ဘမ်ထဲမှာ
အလယ်တန်းတုန်းက ရွှယ်ယောင်ကျူ့ရဲ့ပုံလည်း
ပါတယ်။ အမှန်ပြောရရင် ငါ ဘယ်လောက်ပဲ
ကြည့်ကြည့်၊ ပုံကို ဘယ်လိုပဲ လှန်ကြည့်ပါစေ၊
ရွှယ်ယောင်ကျူ့ရဲ့ လက်ရှိရုပ်နဲ့ နည်းနည်းမှ
မဆင်ဘူး။ ပုံထဲမှမျက်နှာက စိတ္တဇဆန်နေပြီး
ဝါးထားသလိုလို၊ ဆင်ဆာဖြတ်ထားသလိုလို
ထင်မှတ်ရလောက်တယ်။
ငါ ဖုန်းကို ခဏတဖြုတ် မွှေနှောက်ပြီးတဲ့အခါ
ရွှယ်ယောင်ကျူ့ရဲ့ဖုန်းလို့ ယူဆရတဲ့နံပါတ်
တစ်ခုကို တွေ့တယ်။ ငါလည်း ခေါ်ကြည့်ရော၊
ဖုန်းက တရားမဝင်နံပါတ်တဲ့။
ဟား၊ ငါ ဘာတွေစဥ်းစားနေမိပါလိမ့်။
(110)
ညဘက်မှာ ငါ အိပ်ဖို့ကြံတော့ စတင်ကြောက်ရွံ့
လာခဲ့တယ်။ ငါ လုံခြုံရေးကင်မရာကို ယူလာဖို့
မေ့သွားတာကိုး။ ပြီးတော့ ဒီလိုညဘက်ကြီးမှာ
ငါ ဒါကိုဝယ်ချင်တယ်ဆိုရင်လည်း
ဆိုင်တစ်ဆိုင်မှ မဖွင့်လောက်ဘူးလေ။
လတ်တလောမှာ ရွှယ်ယောင်ကျူ့က ငါ့ကို
ဘာကိစ္စပဲရှိရှိ လုံခြုံရေးကင်မရာနဲ့
စောင့်ကြည့်ပစ္စည်းတွေ မသုံးဖို့ပြောထားတယ်။
ပြီးတော့ ငါလည်း သေဖို့ရှိရင် သေကိုသေမှာလို့
တွေးမိသား။ ငါ့ခေါင်းထဲမှာတော့ H နဲ့ Rated
R လို အရာမျိုးတွေချည်းပဲ။ ဒါပေမယ့်
ရွှယ်ယောင်ကျူ့က အခု ဒီမှာမရှိဘူး။
ဒါက အလေးအနက်ထားရမယ့်ပြဿနာပဲ။
ငါ အိပ်ပျော်နေတုန်း လမ်းလျှောက်မိမှာကို
စိုးရိမ်နေရပြီ။ ဒီလိုစကားရှိတယ်မလား :
နေ့ခင်းဘက် တွေးတောနေတဲ့အရာတွေက
ညဘက်မှာ အိပ်မက်အဖြစ်ထွက်ပေါ်လာတယ်တဲ့။
ညလယ်ခေါင်ကြီး ငါ ထလာပြီး ဖုန်းကိုအသုံးပြု
ရင်း၊ ငါ ပြစ်မှုတစ်ခုခုကျူးလွန်ဖူးပါတယ်လို့
ဝန်ခံမိရင် ဘယ်လိုလုပ်မလဲ။ ဒါမှမဟုတ်
ငါ ပေးဖို့မလိုတဲ့ ငွေပမာဏအများကြီးကို
ဆပ်မိရင်ရော?
ဒါတွေအားလုံးက အထောက်အထားဖြစ်လာနိုင်တယ်!
ဒီလိုအကြောင်းတွေကြောင့် ငါ လုံခြုံရေးကင်မရာ
ကို လိုအပ်တာ။ ဒါမှ ငါ တစ်ညလုံး အိပ်ရာပေါ်မှာ
ရှိနေပြီး မနိုးကြောင်း သက်သေပြနိုင်မှာလေ။
အဲ့လိုမှမဟုတ်ရင် ငါ စိုးရိမ်ကြောင့်ကြလွန်ပြီး
ဒုက္ခရောက်နိုင်တယ်။
(111)
ငါ စောင်ခြုံထားရင်း ရွှယ်ယောင်ကျူ့ဆီကို
video call ခေါ်လိုက်တယ်။ မမျှော်လင့်ဘဲ
သူက စာဖတ်နေတာမို့ မျက်မှန်တပ်ထားလေရဲ့။
မျက်မှန်တပ်ထားရတဲ့အကြောင်းရင်းကို
ငါ မေးလိုက်တယ်။ သူ ခွဲစိတ်မှုခံယူပြီးပေမယ့် အနီးမှုန်တာ မသက်သာသေးဘူးလား?
ရွှယ်ယောင်ကျူ့က ပြန်ဖြေတယ်။
"အပြည့်အဝ ကောင်း-ကောင်းသွားတာမျိုး
မဟုတ်ဘူး၊ ဒါပေမယ့်၊ ငါ့နေ့စဥ်ဘဝကို၊
မထိခိုက်ပါဘူး"
ငါ တွေးမိတယ်။ သူ လုံးဝ မျက်စိကွယ်သွားရင်
တောင်၊ နေ့စဥ်လှုပ်ရှားမှုကို အကျိုးသက်ရောက်မှာ မဟုတ်ဘူးလို့။
ရွှယ်ယောင်ကျူ့က ရယ်မောလိုက်ပြီး-
"နှာဘူးလေး"
ဘယ်သူက နှာဘူးလဲကွ!
ရွှယ်ယောင်ကျူ့ရဲ့ခေါင်းထဲမှာ တစ်ချိန်လုံး
ဘာတွေတွေးနေပါလိမ့်?!
ရွှယ်ယောင်ကျူ့က ငါ့ရဲ့မသိစိတ်တစ်ပိုင်း
ဆိုတော့ တချို့ကိစ္စတွေအရ၊ ငါ မသိလိုက်ပါဘဲ နှာဘူးဖြစ်နေတာများလား။
အဲဒီနောက် ငါ သူ့ကို ဘာစာအုပ်ဖတ်နေတာလဲလို့
မေးမိတယ်။ ရွှယ်ယောင်ကျူ့က ကြုံရာစာအုပ်
ဖတ်နေတာတဲ့။
ငါ ချောင်းဟန့်ရင်း၊ ဟမ်းခနဲ အသံပြုရင်း
ခဏအကြာမှာ ပြောလိုက်တယ်။ လုံခြုံရေး
ကင်မရာမရှိတော့ ငါ ကြောက်ရွံ့နေတာကိုပေါ့။
"ဒါ-ဒါဆို မင်းရဲ့ဖုန်းကို၊ ညီ-ညီမလေးဆီ၊
အပ်ထားပြီး၊ ဝှက်-ဝှက်ခိုင်းလိုက်"
ရွှယ်ယောင်ကျူ့က တွေးတတ်လွန်းတယ်!
ငါ့မသိစိတ်က သိပ်ကို စမတ်ကျတာပဲ!
ရွှယ်ယောင်ကျူ့ အကြံပေးတဲ့အတိုင်း
ငါ လုပ်ဖို့ပြင်ချိန်၊ ညီမလေးက တံခါးဖွင့်ပြီး
အခန်းထဲဝင်လာကာ အိပ်ရာပေါ်ကို တွယ်တက်
လိုက်တယ်။ သူမရဲ့လက်ထဲမှာတော့ ခေါင်းအုံးတစ်လုံးကို ပိုက်ထားရင်း မေးတယ်။
"ဘယ်သူနဲ့ video call ပြောနေတာလဲ"
ငါ call ကိုအမြန်ချလိုက်ကာ-
"ဘာမှမဟုတ်ဘူး၊ ကိုကြီး ရယ်စရာကောင်းတဲ့
ဗီဒီယိုတွေကြည့်နေတာ၊ ဘာဖြစ်လို့လဲ"
"ညီမလေး ကိုကြီးနဲ့အတူအိပ်ချင်လို့"
ငါ မသင့်တော်ကြောင်း အလေးအနက်ရှင်းပြလိုက်
ရတယ်။
"ဘာမှမဖြစ်ပါဘူး၊ ခဏနေရင် ယိစန်လည်း
လာမှာ၊ သူက ညီမလေးရဲ့စောင်ကို သယ်လာ
လိမ့်မယ်၊ ကိုကြီးနဲ့ယိစန်က အတူတူအိပ်ပြီး
ညီမလေးက ကိုယ့်စောင်နဲ့ကိုယ်အိပ်မှာ၊
ဘာပဲဖြစ်ဖြစ် ညီမလေးက မူလတန်းအရွယ်
ရှိသေးတာ"
ပြဿနာကတော့လေ။ ငါ့အမြင်မှာ ညီမလေးကို မူလတန်းကျောင်းသူလို့ မခံစားရတာပဲ။
(112)
ညီလေးနဲ့ညီမလေးက စောင်တွေသွားယူတာကို
အခွင့်ယူပြီး၊ ငါ ရွှယ်ယောင်ကျူ့ဆီကို အမြန်
စာပို့လိုက်တယ်။ ငါ့ညီလေးနဲ့ညီမလေးက
အဖော်ပြုပေးမှာမို့ အိပ်တော့မယ့်အကြောင်း
ရေးလိုက်တာ။ ရွှယ်ယောင်ကျူ့က 'အိုကေ'လို့
ပြန်ပို့ပြီး၊ အနမ်းပေးတဲ့အီမိုဂျီလေး ထည့်ထား
သေးတယ်။
ငါက ဒီလိုကောင်ဆိုးလေး။
ငါ အမြွှာနှစ်ယောက်နဲ့ မအိပ်ချင်ဘူး။
ငါ ရွှယ်ယောင်ကျူ့နဲ့အတူ အိပ်မောကျချင်တယ်။
(113)
ငါ ညီလေးနဲ့ညီမလေးကို ဘယ်လိုရှင်းပြရမလဲ
မသိဘူး။ ဒါကြောင့် ငါ ဖုန်းသုံးပြီးအိပ်မပျော်
နိုင်မှာကို စိုးရိမ်တယ်လို့ပြောလိုက်တယ်။
အဲဒီနောက် ငါ ဖုန်းပိတ်ပြီး သူတို့ဆီအပ်ကာ
ဝှက်ခိုင်းထားလိုက်တယ်။
ညီမလေးက ညီလေးကို ဖုန်းသွားဝှက်ခိုင်းကာ
မေးလေရဲ့။
"လတ်တလောမှာ ကိုကြီး ရည်းစားရနေပြီလား"
ငါ : ".........."
ညီမလေးက လူကြီးပုံစံနဲ့ ဆိုတယ်။
"ကိုကြီး အဲဒီသူကို အဆင်ပြေတယ်လို့ထင်ရင်
အိမ်ခေါ်လာခဲ့လေ၊ ဘယ်လိုနေလဲဆိုတာကို
ညီမလေးတို့ ကြည့်ကြည့်မယ်"
တကယ်ပါပဲ၊ ညီမလေးက အသက်ဘယ်လောက်
ရှိပြီလဲဟေ?!
ညီမလေးက ဆက်ပြောတယ်။
"ကိုကြီးတွဲနေတဲ့သူ မရှိဘူးဆိုရင်လည်း
တစ်ယောက်ယောက်နဲ့ စမ်း date ကြည့်ပေါ့၊
ဒီအရွယ်တောင် ရောက်နေပြီ၊ ရည်းစားမရှိရင်
သိပ်ပျင်းစရာကောင်းမှာ၊ ဟုတ်တယ်ဟုတ်"
လက်ရှိ မူလတန်းကလေးတွေအားလုံး
ငါ့ညီမလေးအတိုင်းပဲလား?
(114)
ညီမလေးလည်း တစ်ခုခုတွေးနေပုံရတယ်။
ညီမလေးက ဒီလိုစကားတွေပြောရင်း
သူမရဲ့ပူပန်မှုတွေကို ဟန်ဆောင်ဖုံးကွယ်နေတာ။
ညီလေးက ငါ့ဖုန်းကိုဝှက်ပြီးတော့ ပြန်လာပြီ။
ငါ ညီလေးကို ရေနှစ်ခွက် ခပ်ခိုင်းလိုက်ကာ
ညီမလေးကို မေးမိတယ်။
"ကိုကြီးကို တစ်ခုခုပြောချင်တာရှိလား"
သူမက ရုပ်တည်လေးနဲ့ ခေါင်းညိတ်ပြီး
အသက်ပြင်းပြင်းရှူလိုက်ရင်း သိပ်အရေးကြီးတဲ့
မေးခွန်းကို မေးတယ် : 'ဘယ်သူက အချောဆုံး
လဲ၊ ဒီကောင်လေးလား၊ ဟိုကောင်လေးလား၊
ဒါမှမဟုတ် နာမည်ကြီး boy band တစ်ခုမှ
ကောင်လေးလား' တဲ့။
ငါ : "........"
ငါ မေးလိုက်တယ်။
"ဒီမေးခွန်းကို သိချင်နေတာ သေချာလား
ညီမလေး"
သူမက ဖြေတယ်။
"အွန်း"
ဒီမေးခွန်းက လွယ်တာလား၊ အသက်ဆုံးရှုံးဖို့
လွယ်တာလားဆိုတာ ငါ မသိတော့ဘူး။
ငါ သတိလက်လွတ် မေးလိုက်မိတယ်။
သူမ ဘယ်သူ့ကိုကြိုက်လဲဆိုပြီးပေါ့။
ညီမလေးက ဆိုတယ်။
"ကိုကြီး အရင်ဖြေပါ၊ ညီမလေးပြောတာကို
ခိုးချဖို့မကြံနဲ့"
ကိုကြီးက အသက်ရှင်ဖို့ ရုန်းကန်နေတာလေကွာ။
ဘာလို့ ဒီလိုခက်ခဲတဲ့မေးခွန်းတွေ မေးနေတာလဲ?
"ညီမလေးရဲ့ကိုကြီးနဲ့မောင်လေးက အချောဆုံးပဲ"
"မဟုတ်ဘူး၊ ဒီထဲက တစ်ယောက်ရွေးပါဆို"
ညီလေးက ရေခွက်တွေနဲ့အတူ ပြန်ရောက်လာပြီး
မကြည်သလိုပြောတယ်။
"သူတို့အကုန်လုံး ရုပ်ဆိုးတယ်"
မှန်လိုက်တာ။ ပင်ကိုစွမ်းရည်ရှိတဲ့လူတွေက
ကိုယ့်ကိုယ်ကိုယ်,ယုံကြည်မှုရှိကာ၊ အသိဥာဏ်နည်းပါးသူတွေနဲ့ ငယ်ရွယ်သူတွေက
အကြောက်တရားကင်းမဲ့ကြတယ်လို့ ဆိုရိုးရှိ
တယ်။ ညီလေးက ပြီးပြည့်စုံတဲ့ဖွင့်ဆိုချက်ပဲ။
ညီမလေးက ညီလေးကို လျစ်လျူရှုလိုက်ပြီး
ငါ့ကို တိုက်တွန်းတယ်။
"မြန်မြန်ရွေးပါ"
ငါ အခိုင်အမာ ဆိုလိုက်တယ်။
"ဒီသုံးယောက်လုံး တော်တော်လေး ချောတာ"
ညီမလေးက ငါ့အဖြေကို ကျေနပ်ပုံမပေါ်ဘူး။
ငါ ညီလေးကို တိုးတိုးတိတ်တိတ်ကြည့်လိုက်တော့၊ သူက စိတ်မပါဘဲ လက်ချောင်းတွေ မြှောက်ပြ
တယ်။ ဒါကြောင့် ငါ အဲဒီတစ်ယောက်ကို
ရွေးလိုက်ရော။
ညီမလေးက အလွန်အမင်း အံ့သြသွားကာ၊
ငါ့ပါးတစ်ဖက်ကို ရွှတ်ခနဲမြည်အောင်
နမ်းလိုက်တယ်။
"ညီမလေးလည်း သူ့ကို အချောဆုံးလို့ထင်တာ!"
'အဲဒီတစ်ယောက်ကို အိမ်ထဲ ဝင်ခွင့်မပြုဘူး'
ဆိုတဲ့စကားလုံးတွေက ညီလေးရဲ့မျက်နှာပေါ်မှာ
ရှိနေတယ်။
ဒီအမြွှာနှစ်ယောက်က ကောင်လေးတစ်ဦးကြောင့်
ရန်ဖြစ်ပြီး သဘောထားကွဲလွဲလိမ့်မယ်လို့
ငါ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။
(115)
ညီလေးနဲ့ညီမလေးက အိပ်ပျော်သွားတာ
တကယ်မြန်တယ်။
ငါ သူတို့ကို ခဏလောက် ငေးကြည့်နေမိတယ်။
နှစ်ယောက်လုံးက တော်တော်ငယ်သေးတာ။
ငါ သူတို့ကို မစွန့်လွှတ်နိုင်သလို၊
ဖမ်းဆွဲထားဖို့လည်း အဆင်မပြေဘူး။
ငါ နေပြန်ကောင်းမှဖြစ်မယ်။
(116)
နောက်တစ်နေ့ ငါ နိုးလာပြီး ဖုန်းယူလိုက်ကာ
ရွှယ်ယောင်ကျူ့ဆီ စာပို့ရင်း အနေအထားကို
ရှင်းပြလိုက်တယ်။
ရွှယ်ယောင်ကျူ့က ပြန်ပို့တယ် :
ငါ့သူငယ်ချင်းတစ်ယောက်က ပွဲလက်မှတ်တွေ
ဝယ်တတ်တယ်၊ မင်းရဲ့ညီမလေးကို စာကြိုးစားဖို့
ပြောထား၊ ဒီလိုဆို အနားယူချိန်မှာ ငါတို့
ညီမလေးကို ပွဲဆီ ခေါ်သွားလို့ရတယ်။
(117)
ငါ ထင်တယ်။ ညီလေးက ရွှယ်ယောင်ကျူ့ကို
အိမ်ထဲ ပေးဝင်မှာမဟုတ်တော့ဘူး။
(118)
ရွှယ်ယောင်ကျူ့က အမှန်တကယ် မတည်ရှိလို့
တော်သေးတယ်။
✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧