အထွန်းတစ်ယောက် ကျော်မိုး အိမ်ဘက်သို့ မသွားသည်မှာ နှစ်ပတ်ပင်ပြည့်တော့မည်။
အထွန်းလည်း ကျော်မိုးအိမ်ဘက်မသွားသလို ကျော်မိုးကလည်း အထွန်းတို့ ဆိုင်ဘက်သို့ ရောက်မလာ။
ထိုရက်များတွင် အထွန်းသည် ငြိမ်ငြိမ်သက်သက်ရှိလွန်းလှသည်။
တစ်နေရာတွင်ထိုင်ကာ တွေးချင်ရာ တွေးနေမည် ။ လုပ်စရာရှိသည်များကို ဖြည်းဖြည်းအေးအေး လုပ်ကိုင်ပြီးလျှင် အိပ်ယာထဲတွင် ဝင်ခွေနေမည်။ အစားကိုလည်း မယ်မယ်ရရ မစားတော့သလို အလွန်အမင်း ကြိုက်လှပါရဲ့ ဟုဆိုသော မရမ်းသီးများ ကိုပင် လှည့်မကြည့်တော့ ။
"အထွန်းရေ ထမင်း စားကြမယ်လေ"
"အထွန်းမဆာသေးလို့ ခဏနေမှ စားလိုက်မယ်"
အမေက အထွန်းကို ထူးထူးဆန်းဆန်း ဟူသော အကြည့်မျိုးဖြင့်ကြည့်သည်။ အမှန်တကယ်ပင် အထွန်း မဆာ ။ ဗိုက်လည်းမဆာသလို အစားစားချင်စိတ်လည်းမရှိ ။ အထွန်းကိုယ် အထွန်းလည်း ကိုယ့်စိတ်ကိုပင် မသိ။
ပုံမှန်ရက်များတွင် တက်ကြွကာ လှုပ်လှုပ်ရွရွ နေတတ်သော အထွန်းသည် တစ်နေကုန် တွေးကာငေးကာဖြင့် ငြိမ်သက်နေတော့သည်။
"အထွန်း စိတ်ညစ်စရာရှိလို့လား"
အမေ့ အမေးကို အထွန်းက ခေါင်းသာ ခါပြသည်။
"အခုတလော တမှိုင်မှိုင်နဲ့ နေများမကောင်းလို့လား"
"နေကောင်းပါတယ် အမေရယ် ၊ အထွန်း ဘာမှ မဖြစ်ပါဘူး "
အမေ့ကိုတော့ စိတ်မပူစေချင်။ အထွန်း ဘဝ မှာ အခြားလူတွေထက် အမေက သာ အရေးအကြီးဆုံး ။ ကိုမိုး ဖြစ်နေခဲ့ရင်တောင် ..။
ကိုမိုး ဟု တွေးလိုက်ရုံဖြင့်ပင် အထွန်း သက်ပြင်းချမိပြန်သည်။
ဟင့်အင်း ဒီလို ဖြစ်စရာ အကြောင်းမှ မရှိတာ ။ အရင်တုန်းက ကိုမိုး အကြောင်းတွေးလိုက်တိုင်း အထွန်း ပျော်ခဲ့ရတာ ချည်းပါပဲ ။ အခုကျတော့မှ ဘယ်လိုဖြစ်ပြီး...။
"အထွန်း"
"ဟင် အမေ အထွန်း မျက်လုံးထဲ ပိုးကောင်ဝင်သွားလို့"
အထွန်း အိမ်အောက်သို့ ခပ်မြန်မြန်ဆင်းကာ စဉ့်အိုးထဲမှ ရေဖြင့် မျက်နှာသစ်ပစ်လိုက်သည်။ မသိလိုက်ခင်မှာပင် ဝဲတက်လာသော မျက်ရည်တို့ကို ရေဖြင့် သပ်ချရင်း မျက်လုံးကို ဆေးပစ်လိုက်သည်။
အထွန်း မျက်ရည်စတွေကို အမေ မမြင်ပါစေနဲ့ ။
*******
"ဟိတ် ပိုက်ဆံက ရှစ်ရာ ပြန်အမ်းရမှာမဟုတ်ဘူးလား"
"ဟင် ဟုတ် ၊ အထွန်း မှားသွားတာ"
အထွန်းက ခပ်မြန်မြန်ပင် ပြောရင်း ငါးရာတန်တစ်ရွက်ကို ထပ်ပေးလိုက်ရသည်။
"အားနာလိုက်တာ ၊ တကယ် တောင်းပန်.."
ဝယ်သူက အထွန်း၏ စကားကို ဆုံးအောင်ပင် မထောင်ဘဲ လှည့်ထွက်သွားသည်။
စိတ်တိုသွားတယ်ထင်ပါရဲ့ ။ အထွန်းလည်း ဘာဖြစ်နေမှန်းကို မသိပါဘူး ။
"ဟဲ့ အထွန်း နင်ဘာဖြစ်နေတာလဲ"
လှကြည်၏ အမေးကို အထွန်း ခေါင်းခါရင်းသာ ပြန်ဖြေမိသည်။
"ဘာမှ မဖြစ်ပါဘူးဟာ"
"ဘာမှ မဖြစ်တာကလည်း စိတ်နဲ့လူနဲ့ကို ကပ်ပုံမရဘူး ၊ ဟဲ့ အထွန်း နင် တကယ် ဘာဖြစ်နေတာလဲ "
အထွန်းသက်ပြင်းချမိပါတော့သည်။
"ငါလေ"
"အင်း"
"ငါလည်း မသိဘူး"
အထွန်း စကားသံ အဆုံးတွင် လှကြည်က နှုတ်ခမ်းကိုမဲ့ကာ ခေါင်းကို တွင်တွင်ခါသည်။ ထို့နောက် အသံတိုးတိုးဖြင့်
"ရောဂါပဲ ဖြစ်မှာပါလေ"
"ဟင် ဘာလဲ"
"ဘာမှ မဟုတ်ဘူး ၊ အကြော်စားမလား"
"ဟင့်အင်း"
"ငါဝယ်ကျွေးမှာပါ အထွန်းရဲ့ "
"ဟင့်အင်း"
အထွန်း သက်ပြင်းဖွဖွ ချရင်း ငြင်းရပြန်သည်။
အရင်အချိန်တွေမှာ ချက်ချင်းစားမိမှာပေမယ့် အခုကတော့ စားချင်စိတ်မှ မရှိဘဲ။
******
ဘောလုံးကွင်းသည် တိတ်ဆိတ်ခြောက်ကပ်နေသည်။ ကစားသူများလည်း မရှိသလို ၊ ပွဲကြည့်သူများလည်းမရှိ။ အထွန်းကို စနောက်နေတတ်ကြသော ကောင်လေးများပင် မရှိ။
အထွန်းက ဖရဲသီး မရောင်းဖြစ်သော်လည်း ဘောလုံးကွင်းကိုတော့ နေ့တိုင်းရောက်ပါသည်။
ဘောလုံးကွင်းထိပ်တွင်ရှိသော ကုက္ကိုပင် အောက်တွင်ထိုင်ကာ ပွဲကြည့်စင်ကို လှမ်းကြည့်သည်။ ထို့နောက်တွင် ပွဲကြည့်စင်ပေါ်သို့တက်ကာ ကောင်းကင် ကို မော့ ကြည့်သည်။ ထို့နောက်တွင်တော့ ထုံးစံ အတိုင်းပင် တစ်ယောက်သောသူ လာရာလမ်းကို ထိုင်ငေးပါတော့သည်။
အထွန်းသည် ပွဲကြည့်စင်တွင်ထိုင်ရင်းက တောင်တောင်မြောက်မြောက်လည်း တွေးပြန်သည်။ ထိုသို့တွေးရာမှ နောက်ဆုံး အတွေးသည် မေးခွန်းတစ်ခု ဖြင့် အဆုံးသတ်သည်။
"ကိုမိုးက အထွန်းကို မတွေ့ချင်တော့လို့လား"
*******
" အထွန်း "
"ဟင် အကိုထက်အောင် ဘယ်ကရောက်လာတာလဲ"
"အထွန်း ထိုင်နေတာတွေ့လို့ ဝင်လာတာ "
"အော် "
"ဒါနဲ့ အထွန်း နေမကောင်းဘူးလား"
"ဟင် ကောင်းပါတယ်"
"ဟုတ်ရဲ့လား မျက်နှာက ညှိုးနေသလိုပဲ "
အထွန်း မညာချင်ပါ။ သို့သော် အထွန်းလည်း အကြောင်းရင်းကို မသိ ။
"ဒါနဲ့ အထွန်း "
"ဟုတ်"
"အကို့ကို အကိုထက်အောင် လို့ မခေါ်ပါနဲ့တော့လား"
"ဘာလို့လဲဟင် "
"ကြားရတာ တစ်မျိုးပဲ ၊ နားထဲ ထောက်နေသလိုမျိုး"
အထွန်း စိတ်ရှုပ်သွားရသည်။ အကိုထက်အောင် မလို့ အကို ထက်အောင် လို့ ခေါ်တာကို အကိုထက်အောင်ကို မခေါ်နဲ့ ဆိုတော့ အထွန်းက ဘယ်လိုခေါ်ရမှာလဲ။
"မဖြစ်ပါဘူး ၊ ထက်အောင် လို့ခေါ်ရင် ငရဲကြီးမှာပေါ့"
အထွန်း အပြောကြောင့် အကိုထက်အောင်က ထ ရယ်သည်။ ဘာလို့ရယ်မှန်း အထွန်းလည်းမသိ။
"မဟုတ်ဘူးလေကွာ ၊ အဲလို ပြောတာမဟုတ်ပါဘူး အကို တပ်တာက တပ်ပါ ၊ နာမည်ကတော့ တစ်လုံးပဲ ခေါ်လေ"
ထိုအခါမှ အထွန်း သဘောပေါက်တော့သည်။
"အကိုထက် တို့ ၊ အကိုအောင် တို့ အဲလိုမျိုးလား"
"အင်း ဟုတ်တယ် ၊ ဒါမှမဟုတ် အကို့ အိမ်နားက ကလေးတွေ ခေါ်သလို ကိုထက်လို့ပဲ ခေါ်လေ"
"ကိုထက် လို့လား"
"အင်း"
ဟင့်အင်း ။ အဲလို မခေါ်ချင်ပါဘူး ။
အထွန်း ကပျာကယာပင် ခေါင်းယမ်းပစ်လိုက်သည်။
အဲလိုမျိုးက ကိုမိုး ကိုပဲ ခေါ်ချင်တာ။ ကိုမိုး ၊ ဒါပေမယ့် ကိုမိုးက ..။
"အထွန်း ဘာဖြစ်တာလဲ"
မျက်ရည်များဝဲကာ မျက်နှာမဲ့နေသော အထွန်းကို ထက်အောင်က စိုးရိမ်တကြီးပင် ကြည့်လာသည်။
"ဟင့်အင်း"
"ဟင့်အင်း ဆိုရင် ဘာလို့ ငိုတာလဲ"
"အထွန်း မငိုပါဘူး"
မငိုပါဘူးဟု ငြင်းနေသော အထွန်းသည် ရှိုက်သံပင်ထွက်နေပြီ။
"အထွန်းကို ဘယ်သူလုပ်တာလဲ"
"ဟင့်အင်း"
"ဘယ်သူက ဘာပြောလို့လဲ အထွန်း"
"ဟင့်အင်း"
ခေါင်းကို တွင်တွင်ယမ်းကာ ရှိုက်ကြီးတငင် ငို နေသော အထွန်းကို ထက်အောင် တစ်ယောက် ကြည့်မနေနိုင် ။ ပခုံးကို ကိုင်ကာ မျက်ရည်တို့ကို သုတ်ပေးရင်းက သက်ပြင်းသဲ့သဲ့ ချမိသည်။ ဒီကောင်လေး ဘာလို့ ဒီလောက်ဝမ်းနည်းနေရတာလဲ။
"အထွန်း ဘာပဲဖြစ်ဖြစ် အကို့ကိုပြောပြလို့ရတယ်လေ"
"........"
"အထွန်း ဘာလို့လဲ အကို့ကို ပြောမပြချင်ဘူးလား"
"ပြောမပြချင်တာမဟုတ်ပါဘူး"
"ဒါဆို ပြောပြလေ ၊ ဒါမှ အကိုက ကူညီပေးလို့ရမှာပေါ့ "
အထွန်းက ရုတ်တရက် အငိုရပ်ကာ ခေါင်းမော့လာသည်။
"ကဲ ဘာလို့ အဲလောက် ဝမ်းနည်းပြီးငိုနေရတာလဲ"
"အထွန်း မသိဘူး "
စကားဆုံးသည်နှင့် ရှိုက်ကြီးတငင် ပြန်ငိုသွားသော အထွန်း။
အထွန်းမှ မသိတာ ၊ ဘာလို့ ငိုချင်လာမှန်း အထွန်းမှ မသိတာ။
ပါးပေါ်မှ သနပ်ခါးကုန်သည် အထိ ငိုနေသော အထွန်းကို ထက်အောင် တစ်ယောက် ချော့ရန်ကြိုးစားရတော့သည်။
"အထွန်း တိတ်တော့လေ ၊ အကို မုန့်လိုက်ကျွေးမယ်"
"အထွန်း သနပ်ခါးတွေ ပျက်ကုန်ပြီလေ"
"အထွန်း ရုပ်ရှင်သွားကြည့်မလား"
"အထွန်း လှေသွားစီးမလား"
အချော့မတတ်သောသူ နှင့် အငိုမတိတ်နိုင်သောသူ တို့သည် နေဝင်ခါနီး အချိန်အထိ ပွဲကြည့်စင်ပေါ်တွင် ဆူဆူညံညံ။
"အထွန်း မှောင်လာပြီ ၊ အိမ်ပြန်ရမယ်လေ"
အထွန်းက ချက်ချင်းပင် အငိုတိတ်ကာ မတ်တပ်ရပ်သည်။
"အထွန်းသွားတော့မယ်နော် အမေစိတ်ပူနေလိမ့်မယ်"
"ဟင်"
"အကိုထက်အောင် အဲ ကိုထက် လည်း ပြန်တော့နော်"
"ဟေ"
ချက်ချင်းပင် ကောက်ကာငင်ကာ အငိုတိတ်သွားသော အထွန်းကို ထက်အောင်က နားမလည်နိုင်သလို ကြည့်ရင်း ကျန်ခဲ့သည်။
အထွန်းကတော့ သူမဟုတ်သလိုပင် ခါးကို လှုပ်ကာလှုပ်ကာလျှောက်ရင်း ခပ်တည်တည်ထွက်သွားလေပြီ။
******
6.5.21 ( Thu)
ပထမဆုံး အနေနဲ့ အကြာကြီးပျောက်နေမိခဲ့လို့ တကယ် အားနာမိပါတယ်
တော်လှန်ရေးကာလမှာ ဘယ်လိုမှ ဒီဘက်မလှည့်နိုင်ဖြစ်နေတာမလို့ ပါ။
Daily updated လို့ပြောပြီး ပျောက်နေမိခဲ့တာကိုတောင်မှ RL တွေရော ၊ vote တွေ cmt တွေ ရော ၊ viewer တွေရော အများကြီးတွေ့လာရတာ တကယ် အံ့ဩမိပါတယ်
မျှော်နေပေးတဲ့ သူတွေကိုလည်း တကယ် ကျေးဇူးတင်ပါတယ်လို့ 🙆😍
ပြီးတော့ ဂရုစိုက်ကြပါနော်
အသွေးကတော့ ဘယ်ကျောင်းမှ မတက်ဖို့ ဆုံးဖြတ်ထားပါတယ်
ဒီတိုက်ပွဲနိုင်ကို နိုင်ရမှာပါ
Love you ❤️🙆