ခေါက်ဆွဲကြော်ဘူးကို လက်က ကိုင်၊ ကိုယ်ကို ဖော့ကာ လမ်းလျှောက်ရင်း ကိုမိုးထိုင်နေကျ ပြတင်းပေါက်ကို လှမ်းကြည့်မိသည် ။
"ကိုမိုးလည်း မရှိဘူး "
ခပ်တိုးတိုးရေရွတ်ရင်း ခြံထဲတစ်ဝိုက်ကို မသိမသာ ချောင်းကြည့်မိတော့လည်း အရိပ်အယောင်ကို ပင် မတွေ့ရ ။
တကယ်မရှိဘူးဘဲ။
သက်ပြင်းသဲ့သဲ့ ချကာ လှည့်ပြန်မည် အလုပ်တွင် ကားသံ ကြားလိုက်ရသောကြောင့် မျှော်လင့်တကြီး လှည့်ကြည့်မိပြန်သည်။
ကားပေါ်မှ ဆင်းလာသူက ကိုမိုး ၊ ထို့နောက် ဘယ်သူမှန်းမသိသည့် အစ်မတစ်ယောက်။
"အထွန်း"
ကိုမိုးက အထွန်းကို မြင်တော့ လှမ်းခေါ်သလို တစ်ဖက်မှ အစ်မကလည်း ကိုမိုးကို တစ်လှည့် အထွန်းဆီသို့ တစ်လှည့် ကြည့်လာသည်။
"အထွန်း ဒီဘက်ကို ကိစ္စရှိလို့လား"
ကိစ္စရှိလို့လားတဲ့ ၊ အထွန်းကလေ အခြားကိစ္စရှိရင်တောင် မလာပါဘူး ။ ကိုမိုးကို တွေ့ချင်လို့သာ လာရတာ ။
အထွန်းက ခေါင်းခါပြလိုက်ရင်း နောက်ဆုတ်သည်။
"ဟင့်အင်း မရှိပါဘူး"
"ကိုကျော်မိုးက သူနဲ့ သိတာလား "
ကိုမိုးဘေးမှ အစ်မက မေးလာတော့ အထွန်းခေါင်းကို ငုံ့ချလိုက်မိသည်။
"အင်း သိတယ်လေ"
ထိုအခါမှ "ဪ" ဟု တစ်ခွန်းဆိုကာ အထွန်းကို ခြေဆုံးခေါင်းဆုံးကြည့်လာပြန်သည်။
အထင်သေးရိပ်များလွှမ်းနေသော မျက်လုံးများကို အထွန်း ရင်မဆိုင်နိုင်တော့သောအခါ
အလျင်အမြန်ပင် ကျောခိုင်း ထွက်လာလိုက်သည်။
ဘာလို့မှန်းမသိ ၊ သိမ်ငယ်လိုက်တာ။
ကိုမိုးကို မိန်းကလေး တစ်ယောက်နဲ့ အတူ တွေ့တိုင်း အထွန်း သိမ်ငယ်လိုက်တာ ၊ ဝမ်းနည်းပြီးတော့ အားငယ်လိုက်တာ။
ဝဲလာသော မျက်ရည်တို့ကြောင့် ဝါးတားတား ဖြစ်နေသော အမြင်အာရုံကို မသိဟန်ဆောင်ကာ လမ်းဆက်လျှောက်နေလိုက်သည်။
အထွန်း စိုးရိမ်လိုက်တာ ၊ ကိုမိုးနဲ့ အခြား မိန်းကလေးတစ်ယောက် အတူရှိနေတိုင်းမှာ အထွန်း စိုးရိမ်လိုက်တာ ။
ဟင့်အင်း ၊ ချစ်မိတာ မဖြစ်ပါစေနဲ့ ။ဒီအတိုင်း သဘောကျမိတာပဲ ဖြစ်ပါစေ။
အထွန်း ကိုမိုးကို သဘောကျမိရုံပဲ ဖြစ်ပါစေ။
*******
အထွန်း တစ်ယောက် အိမ်လည်း မပြန်ချင်သောကြောင့် ခြေဦးတည့်ရာသာ ထွက်လာလိုက်တော့သည် ။
ကုက္ကိုပင်များ စီတန်းနေသော နေရာသည် အထွန်းအတွက်တော့ သဘောကျရသောနေရာပင် ။
အထွန်းက လမ်းအဆုံးထိသွားကာ အစွန်ဆုံးမှ ကုက္ကိုပင် အောက်တွင် ထိုင်ချလိုက်သည်။
ကွင်းပြင်တွင် ရောက်နေသောကြောင့် တိုက်လာသော လေတို့ကလည်း ခပ်အေးအေး။ တဖြူးဖြူး တိုက်နေသော လေက အေးနေသလို ၊ ကုက္ကိုရိပ်ကလည်း အေးနေသည် ။
တလွင့်လွင့် ကျနေသော ကုက္ကိုရွက်တို့ကို ကြည့်ကာ အထွန်း ပြုံးမိပြန်သည်။
ကုက္ကိုရွက်တွေကို ဖမ်းပြီး ဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့ ။
အထွန်းက ချက်ချင်းပင် ထိုင်နေရာမှ ထ ကာ လေထဲမှ ကုက္ကိုရွက်တို့ကို ဖမ်းသည်။
အချိန်ကြာသည်အထိ ဖမ်းမမိသောအခါ အထွန်းက အပင် အောက်တွင် ထိုင်ပြန်သည်။
ဒီဆုတောင်းတော့ ပြည့်တော့မယ် မထင်ပါဘူးလေ။
"အထွန်း "
"ဟင် အစ်ကို ထက်အောင်"
အကို ထက်အောင်က အထွန်းဆီသို့ လမ်းလျှောက်လာရင်း
"ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ "
"ဒီလိုပါပဲ ပျင်းနေတာနဲ့ ဒီဘက် ထွက်လာခဲ့တာ ၊ ဒါနဲ့ အကိုကရော "
"အကိုက ကိစ္စလေးရှိလို့ ဒီဘက်လာရင်းနဲ့ အဝေးကနေ လှမ်းမြင်လို့ "
"ဪ ဟုတ် "
ဘေးနားလာထိုင်သောကြောင့် အထွန်း နေရာနည်းနည်းရွှေ့ပေးလိုက်သည်။
"ဒါက အထွန်းဟာလား"
ခြေထောက်နားသို့ပင်ရောက်နေသော ခေါက်ဆွဲကြော်ဘူးကို အကို ထက်အောင်က ကောက်ပေးတော့မှ အထွန်း သတိထားမိတော့သည်။
"ဟုတ်တယ် အထွန်း မေ့ပြီး ချထားမိတာ "
တကယ်တော့ စိတ်ပျက်လက်ပျက်နဲ့ ချထားမိတာပါ ။
အထွန်းက ကိုမိုးအတွက် ဝယ်လာပေမယ့် ၊ ကိုမိုးကို ကျွေးလို့မှ မရခဲ့တာ။
"ဒါနဲ့ အကို စားပါဦး"
"တော်ပါပြီ ၊ အထွန်း မစားရသေးဘူးမလား ၊ ဘူးက အလေးကြီးပဲ "
"အများကြီးပါတာကို ဘူးက လေးမှာပေါ့ ၊ စားပါ ဒီနေ့ အထွန်း မွေးနေ့ မလို့ ကျွေးတာ "
"အဟား မွေးနေ့ မဟုတ်ရင် မကျွေးဘူးပေါ့"
အကိုထက်အောင်က ရယ်ရင်း မောရင်း ပြောလာတော့ အထွန်း ခေါင်းခါပြလိုက်သည်။
"အဲလို မဟုတ်ပါဘူး ၊ စားပါ အထွန်း ချောင်းနား သွားလိုက်ဦးမယ် "
ခေါက်ဆွဲကြော်ဘူးကို လက်ထဲ ထည့်ပေးပြီး အထွန်း ချောင်းဘက် ဆီသို့ ထွက်လာခဲ့လိုက်သည်။
ကန်ဘောင်သို့ ရောက်သောအခါ ဖိနပ် နှစ်ဖက်ကို ခုထိုင်လိုက်ရင်း ချောင်းအစပ်နားမှ ရေ တို့ကို ကြည့်မိသည်။
ရေက မကြည်လင်လှသော်လည်း ၊ နောက်ကျိမနေ ။
ထို့နောက် မြင်လိုက်ရသည်က လှေနှစ်စီး။ မျက်နှာချင်းဆိုင်ကာ ဦးတိုက်ထားသော လှေနှစ်စီးသည် ဖြာကျနေသော ကုက္ကိုကိုင်း အောက်တွင် ငြိမ်လျက်သား ရှိနေသည်။
"အထွန်း မျက်နှာလည်း မကောင်းပါလား ၊ ဘာဖြစ်လာတာလဲ "
အကိုထက်အောင် လိုက်လာတယ်ထင်ပါရဲ့။
"ဘာမှမဖြစ်ပါဘူး "
အထွန်း ခေါင်းကိုသာယမ်းရင်း ပြုံးပြလိုက်သည်။
မပြောပြချင်ပါဘူး ၊ အထွန်း ခံစားနေရတာကို အကိုထက်အောင် ကိုလည်း မသိစေချင်ဘူး။
"ပြောပြလို့ရတယ်လေ အထွန်းရဲ့ ၊ မွေးနေ့မှာ ပျော်ပျော် နေရတယ်တဲ့ "
အထွန်း မှ မပျော်နိုင်တာ။ အထွန်း ပျော်ချင်ပေမယ့် စိတ်ထဲကမှ မပျော်တာ။
"ကဲ စိတ်ညစ်စရာတွေ ရှိရင်လည်း မတွေးနဲ့တော့ ၊ ဒါနဲ့ မွေးနေ့က ဘယ်နှစ်ပြည့်တာလဲ"
"၁၇"
"၁၇ ကလည်း သေးသေးလေး "
အထွန်း မျက်စောင်းထိုးရင်း ကြည့်လိုက်တော့မှ ရယ်ပြလာသည်။
အထွန်းက မသေးပါဘူး ၊ ငါးပေ ငါးလက်မ တောင်ရှိတာ။
"မျက်စောင်းမထိုးနဲ့လေ ၊လူကောင် သေးနေရင် များများ စား ၊ ရော့ ဒီခေါက်ဆွဲ နှစ်ယောက်အတူတူ စားမယ် "
"ဟင့်အင်း ၊ အကို ပဲ စားပါ အထွန်း မဆာလို့ "
"စားပြီးရင် လှေသွားစီးကြမယ်လေ "
လှေ ဟူသော စကားကြောင့် အထွန်း မျက်လုံးတို့က ဝိုင်း လာသည်။
"ဒီလှေတွေက အကို့ဟာလား "
"ဘယ်ဟုတ်မလဲ ၊ အကို့ အသိရဲ့ လှေတွေ "
"ဪ.."
"စားပြီးရင် လှေသွားစီးမယ်လေ "
"ဟုတ်"
အထွန်း ခေါင်းကို ဆက်တိုက်ညိတ်ကာ သဘောတးလိုက်သည်။
အထွန်းက လှေစီးရတာ အရမ်းကြိုက်တာ။
ခေါက်ဆွဲကြော် တစ်ဘူးကုန်သွားသော အခါ အထွန်းက မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် လှေကို ကြည့်သည်။
ထို့နောက် ထက်အောင် ကို တစ်ချက်ကြည့်သည်။
"ကဲ ခဏစောင့် ၊ အကို လှေပိုင်ရှင် ကို သွားပြောလိုက်မယ် "
"ဟုတ်"
ခဏအကြာ ပြန်ရောက်လာသော အခါတွင်တော့ အထွန်းက မတ်တပ်ရပ်လိုက်သည်။
"အထွန်း ရေထဲဆင်းလိုက်မယ်"
"ရတယ် ရတယ် အထွန်း အပေါ်တက်ထိုင်နေ ၊ ရော့ ဒီ လှော်တက်ပါယူ "
ပြောပြောဆိုဆို လှော်တက်ကိုပါ ကမ်းပေးလာတော့ အထွန်း လှေပေါ်တွင် ထိုင်လိုက်သည်။
ထက်အောင်က ပုဆိုးကို တိုတို ပြင်ဝတ်ကာ လှေကို ကမ်းဘက်မှ တွန်းသည်။
ထို့နောက် လှေပေါ်သို့ တက်ထိုင်ရင်း
"လှော်တက်ပေးတော့ အထွန်း "
"ဟုတ်"
အထွန်းက လှော်တက်ကို ကမ်းပေးလိုက်တော့ ထက်အောင်က ရေလယ်သို့ ရောက်အောင် လှော်တော့သည်။
ရေအလယ်သို့ရောက်လာလေလေ အထွန်း စိတ်တို့ ကြည်လင်လာလေလေ။
အထွန်းက ပြုံးပြုံးရယ်ရယ် ဖြစ်လာတော့ ထက်အောင်က လှော်တက်ကို အသာချရင်း
"ကဲ အခု စိတ်မညစ်တော့ဘူးမလား"
"ဟုတ်"
"ဆိုစမ်းပါဦး ကုက္ကိုပင်အောက်မှာ တမှိုင်မှိုင် တတွေတွေနဲ့ ငိုင်နေရတဲ့ အကြောင်းကို "
"အာ"
အထွန်းက ခေါင်းငုံ့ကာ ရယ်လိုက်တော့ ထက်အောင်က ပြုံးကြည့်လာသည်။
"ဘာလဲ ရည်းစားကို လွမ်းလို့လား"
"ရည်းစားမရှိပါဘူး"
ချက်ချင်းဆိုသလိုပင် ဖြေလာသော အထွန်းကြောင့်
ထက်အောင် က မျက်ခုံးတို့ကို ပင့်ကာကြည့်ရင်း ရယ်သည်။
"အမယ် အထွန်းရဲ့ ဖြည်းဖြည်းပြောလည်းရပါတယ်"
အထွန်းခေါင်းသာ ငုံ့ထားလိုက်သည်။
အထွန်းလည်း ဖြည်းဖြည်းပြောတာပါ ။ အထွန်းမှာ ရည်းစား မှမရှိတာ ။ ပြီးတော့ အထွန်းက ကိုမိုးကိုပဲ သဘောကျတာ ။ ဒါပေမယ့် ချစ်တယ် ဆိုတာကရော သဘောကျတာနဲ့ အတူတူပဲလား ။
"အကိုထက်အောင် "
"အင်း"
"အကို့မှာ ရည်းစားရှိလားဟင်"
"မရှိပါဘူး ဘာဖြစ်လို့လဲ"
"ချစ်တယ် ဆိုတာ ဘယ်လိုမျိုးလဲ လို့ သိချင်လို့ပါ "
အထွန်းက အသံတိုးတိုးဖြင့် ပြောလိုက်တော့ ထက်အောင်က ခေါင်းညိတ်သည်။
"ချစ်တယ် ဆိုတာမျိုးက ဘယ်လိုမျိုးပါလို့ တိုက်ရိုက်ပြောဖို့ ခက်တယ်ကွ "
"ဟုတ်"
"ဒီလိုကွာ ကိုယ်က လူတစ်ယောက်ကို ချစ်မိရင် သူ့အကြောင်းကိုပဲ ခဏခဏ တွေးမိနေမယ် ၊ ပြီးတာ့ အဲလိုမျိုး သူ့အကြောင်း တွေးလိုက်မိတာနဲ့ ကိုယ်ပါပြုံးမိသွားတာမျိုး ပေါ့ "
"ဪ .."
"နောက်တစ်ခုက ဘယ်အချိန်မှာ မဆို သူ့ကို ပျော်စေချင်တာမျိုး "
"ဟုတ်"
"ဘာပဲဖြစ်ဖြစ် အချစ်ဆိုတာ ကြည်နူးစရာကောင်းပါတယ် "
အထွန်း နားထောင်ရင်း ခေါင်းညိတ်လိုက်မိသည်။
အထွန်းလည်း ကိုမိုးအကြောင်း ခဏခဏတွေးမိပါတယ် ၊ ပြီးတော့ ကိုမိုးအကြောင်းတွေးမိရသ် အထွန်ရင်ထဲ အေးချမ်းသွားတာပဲ ။
နောက်တစ်ခုက ပျော်စေချင်တာတဲ့ ၊ အထွန်းလည်း ကိုမိုးကို ပျော်စေချင်တယ်လေ ။
ဒါဆို အထွန်းက ကိုမိုးကို သဘောကျတာမဟုတ်ဘဲ ချစ်မိနေတာလား ။
ဟင့်အင်း မဖြစ်ရပါဘူး။ ကိုမိုး သိသွားရင် ကြိုက်မှာမဟုတ်ဘူး ။
"ဟော ဘာလို့ ခေါင်းက ခါနေရတာတုန်း"
ထက်အောင်က မေးလာတော့ အထွန်း မျက်နှာလေးကို ငုံ့ပစ်လိုက်သည် ။ ထို့နောက် ရေပြင်ကို ငေးကာ သက်ပြင်းချမိသည်။
အထွန်း ကိုမိုးကို မချစ်ရဲလိုက်တာ ။ အထွန်း ချစ်မိရင်တောင် ကိုမိုးက သဘောကျမှာမှမဟုတ်တာ ။
ပြီးတော့ အထွန်းက မိန်းကလေးမှ မဟုတ်ဘဲ ။
တည်ငြိမ်နေသော ရေပြင်ကိုကြည့်ကာ သက်ပြင်းသဲ့သဲ့ကို ဒုတိယ အကြိမ်ချမိပြန်တော့ မျက်ရည်တော့က မသိမသာ ဝဲလာရသည်။
အချစ်ဆိုတာ ကြည်နူးစရာကောင်းတယ်တဲ့ ၊ အထွန်းအတွက်တော့လေ အချစ်ဆိုတာ ဝမ်းနည်းစရာပါပဲ။
AN/
အထွန်းတို့ထိုင်ခဲ့တဲ့ အပင်လေး
ဒုတိယပုံလေးက လှေစီးခဲ့တဲ့ နေရာလေး
ပုံတွေက size ကြီးနေတော့ screenshot ပြန်လုပ်ထားရတယ်ရယ် 😢
နိုင်ငံရေးက မငြိမ်မသက်ဖြစ်နေတော့ အပြင်သိပ်မထွက်ကြပါနဲ့နော်
တကယ် စိတ်ပူပါတယ်
ကျန်းမာရေးဂရုစိုက်ပြီး လုံလုံခြုံခြုံနေကြပါနော်
1.2.21 (Mon)