"သူ့သားက ခြောက်နေတာတဲ့"
"ကုသိုလ်ကံ အကြောင်းတရားပေါ့ဟယ်"
"အေးလေ ဝဋ်ကြွေးတွေ"
အထွန်း မကြားချင်သော စကားများဖြစ်သော်လည်း ပီပီသသ ပင် ကြားလိုက်ရပါသည်။
စေတီဘက်သို့ မျက်နှာမူကာ ဘုရားရှိခိုးနေသော
အမေကတော့ ကြားဟန်မတူ ။
အမေ ဘုရားရှိခိုးပြီးသည် နှင့် အထွန်း အမေ့ အနားသို့ ကပ်သွားလိုက်သည်။
"အမေ အထွန်းတို့ ပြန်ကြမယ်လေ"
အထွန်း အသံတိုးတိုးဖြင့် ပြောလိုက်တော့ အမေက ခေါင်းညိတ်သည်။
"ကြီးကြီးတို့ အအေးသောက်ပါဦး"
ထမည့် ဆဲဆဲမှာပင် ရင်းနှီးနေသော အသံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက်တွင်တော့ အထွန်းဆီသို့ ကမ်းပေးလာသော အအေးခွက် တစ်ခွက်။
"အကိုထက်အောင် "
အအေးခွက်ဗန်း ကို ကိုင်ထားသော အကိုထက်အောင်က ရင်းရင်းနှီးနှီးပင် ပြုံးပြလာတော့ အထွန်းလည်း ပြန်ပြုံးပြရင်း အအေးကို လှမ်းယူလိုက်သည်။
ပြန်ဖို့လုပ်နေပေမယ့် လက်ထဲရောက်လာပြီပဲ၊ သောက်ရတော့မှာပေါ့ ၊ ပြီးတော့ မသောက်ရင် အလှူရှင်က စိတ်မကောင်းဖြစ်ရမှာ ။
အလှူရှင် ဒါနမြောက်အောင် သောက်လိုက်ပါ့မယ်လေ။
အထွန်းက မတ်ခွက် ဖြင့် အပြည့်ထည့်ထားသော သံပုရာရည်ကို တစ်ကြိမ်တည်းပင် မော့သောက်လိုက်သည်။
"အကို "
"ဪ အထွန်း ထပ်ထည့်ပါဦးလား"
"ဟုတ်"
မငြင်းပါဘူး ၊ အလှူရှင်က စေတနာနဲ့ တိုက်တာပဲ ။ ကိုမိုးက လွဲရင် အခြားသူတွေဆီက မစားမသောက် ချင်ပေမယ့် ဒါက အလှူပဲ။
ဒုတိယအကြိမ်ရောက်လာသော သံပုရာရည်ကို သောက်အပြီးတွင်တော့ အထွန်း ဗိုက်ပင်ပြည့်သွားပြီ။
"အထွန်း ပြန်ချင်နေပြီဆို"
"ဟုတ်"
အမေ ပြောသံကြားမှ အထွန်းလည်း ခွက်ကို သေချာ ပြန်ပေးလိုက်ပြီး ထွက်လာခဲ့တော့သည်။
တကယ်တော့ အထွန်းက အရေးတကြီး မပြန်ချင်ပါဘူး ။ ပွဲထဲက လူတွေကို ကြောက်လို့သာ ။
အထွန်းတို့ကို ကြည့်တဲ့ မျက်လုံးတွေကြောင့်သာ အိမ်ပြန်ချင်တာပါ ။ ပြီးတော့ အထွန်းတို့ အကြောင်း မကြားတကြား ပြောနေကြတဲ့ စကားတွေကြောင့် ဆက်မနေချင်တော့တာပါ။
လမ်းရောက်သည်အထိ အထွန်းစိတ်ထဲ မကောင်းသလို ရင်ထဲတွင်လည်း မကောင်း။
"အမေ ဘုန်းကြီးကျောင်းမှာ အတင်းပြောလို့ရလားဟင် "
"ဘုန်းကြီးကျောင်းကို သီလယူဖို့ ၊ ကုသိုလ်ယူဖို့လာကြတာလေ ၊ အတင်းပြောဖို့ လာကြတာမှ မဟုတ်တာ အထွန်းရဲ့ "
"ဒါဆို ဘာဖြစ်လို့ .."
အထွန်း စကားဆုံးအောင် မပြောဘဲ ရပ်ထားလိုက်သည်။
အမေ သိရင် စိတ်မကောင်းဖြစ်မှာ ။
"ဘာဖြစ်လို့လဲ အထွန်း"
"မဟုတ်ပါဘူး အထွန်း ဒီအတိုင်း တွေးမိလို့ပါ"
အမေက အထွန်းကို အသေအချာပင် ကြည့်လာတော့ အထွန်း မျက်နှာကို ငုံ့ထားလိုက်သည်။
အမေ မမေးပါစေနဲ့ ။ နောက်တစ်ခေါက် ထပ်မေးရင် အထွန်း သီလ ကျိုးတော့မှာ ။
*****
အထွန်းက စောစောစီးစီးပင် ဈေးထွက်သည် ။
ဒီနေ့ မြန်မာ နှစ်ဆန်း နှစ်ရက် နေ့ ၊ အထွန်းရဲ့ မွေးနေ့ ။
အင်္ဂလိပ်ပြက္ခဒိန်နှင့် ရင်းရင်း နှီးနှီးမရှိလှသော အမေက အထွန်း၏ မွေးနေ့ကို နှစ်ဆန်း နှစ်ရက်နေ့ဟု ဆိုသည်။
ထို့ကြောင့် နှစ်ဆန်း နှစ်ရက် နေ့တိုင်း အထွန်းက ဈေးစောစော သွားကာ ၊ စောစောပြန်လာသည်။ နေ့လည်တွင် ဘုရားသွားသည်။
အမေကတော့ စောစောထဆွမ်းချက်ကာ ဘုန်းကြီးကျောင်းသို့ ဆွမ်းပို့သည်။
******
ဆိုင်ခင်းပြီး သည်အထိ လှကြည်က မရောက်သေး။
မုန့်ကျွေးမလို့ပါဆို ။
အထွန်းက ဘိန်းမုန့် ဆိုင်သို့သွားကာ ဘိန်းမုန့် တစ်ရာဖိုးနှစ်ထုပ်ဝယ်သည်။ ထို့နောက် တစ်ထုပ်ကို သံတိုင်တွင် ချိတ်ကာ တစ်ထုပ်ကို ဖြည်စားရင်း ဈေးဝယ်သူက်ူ စောင့်သည်။
"ဟယ် အထွန်း အစောကြီး ရောက်နေတာလား"
လာပါပြီ ၊ နောက်ဆုံးတော့ ရောက်လာပါပြီ။
အထွန်းက သံတိုင်တွင် ချိတ်ထားသော ဘိန်းမုန့် ကို ယူကာ လှကြည်ကို ပေးသည်။
"ရော့ ငါ့မွေးနေ့ မုန့်ကျွေးတာ"
"ဟယ် အတော်ပဲ ငါ ဗိုက်ဆာနေတာနဲ့ "
လှကြည်က ဘိန်းမုန့်ကို လှမ်းယူရင်း ဆုတောင်းသလိုပြောပြန်သည်။
"အသက်ရှည်ပါစေ ၊ အနာကင်းပါစေဟယ် "
"အေးအေး ပေးတဲ့ဆုနဲ့ ပြည့်ပါစေ"
လှကြည်က အထွန်းဘက်သို့လှည့်ရင်း ခပ်တိုးတိုးဆိုလာသည်။
"ဟဲ့ စောစောစီးစီး အတင်းပြောရဦးမယ် "
"ဘာတုန်း"
" ကိုမိုးအိမ်မှာလေ အလှူလုပ်တယ် တဲ့"
"အေး သိတယ်လေ သြင်္ကန်တုန်းက "
"အေး အဲဒါလေ ပိုက်ဆံရှိတဲ့ လူတွေကိုပဲ ရွေးဖိတ်တာတဲ့ ၊ ပိုက်ဆံမရှိရင် အိမ်နီးချင်းကိုတောင် မဖိတ်ဘူးတဲ့ "
"ထင်သားပဲ အဲ့အိမ်က အမြဲ အဲလိုပဲကို"
အထွန်းက နှုတ်ခမ်းကို မသိမသာမဲ့ရင်း ပြောလိုက်တော့ လှကြည်က စကားဆက်ပြန်သည်။
"သူတို့ အလှူကလည်း ပိုက်ဆံရှိရင် တစ်မျိုး မရှိရင်တစ်မျိုး ၊ ငါ တော့ သဘောမကျပါဘူး"
"ငါလည်း သဘောမကျပါဘူးဟာ"
"ဟဲ့ နင်က အလှူကို သဘောမကျပေမယ့် အဲ့အိမ်က လူကိုတော့ သဘောကျတယ်မလား "
ကိုမိုးကို ပြောမှန်း သိသိချင်းပင် အထွန်းတစ်ယောက် စကား လွှဲတော့သည်။
"ကဲပါ လှကြည်ရယ် သူများအလှူမှာ အကုသိုလ် ဝင်မယူစမ်းပါနဲ့ ၊ ဒီနေ့ ငါ့မွေးနေ့ စိတ်ကို ဖြူဖြူစင်စင်ထား တာကောင်းတယ် "
အထွန်းစကားဆုံးသည်နှင့် လှကြည်က ငါသိတယ် ဟူသော အကြည့်ဖြင့် ကြည့်လာသည်။
သိရင်လည်းသိပေါ့။ အထွန်းက ကိုမိုးတစ်ယောက်တည်းကိုပဲ သဘောကျတာ ၊ အထွန်းသဘောကျတဲ့ ကိုမိုးက အဲလို အဆင့်အတန်းတွေ မခွဲတတ်တာ ယုံပြီးသား။
ဒီနေ့ ကိုမိုးနဲ့ တွေ့ချင်လိုက်တာ ။ အထွန်း မွေးနေ့မှာ ကိုမိုးကို တစ်ခုခု ဝယ်ကျွေးချင်လိုက်တာ။
ဒီနေ့ ဘုရား သွားတဲ့အခါ ကိုမိုးပါရင်သိပ်ကောင်းမှာပဲ။
*****
"အမေ အထွန်း သွားပြီ "
"အေးအေး မမှောင်စေနဲ့နော် "
"ဟုတ်"
ဘုရားသွားမည့် အထွန်းက တက်တက်ကြွကြွ။ ကိုမိုးအိမ်ဘက်က မသွားရဲပေမယ့် ဒီနေ့ အထွန်း အရဲစွန့်ရမယ် ၊ ဒါမှ ကိုမိုးကို မုန့်ကျွေးလို့ရမှာ။
ပြတင်းပေါက်နားမှာ ကိုမိုးရှိပါစေ ။
အထွန်းက ပိုက်ဆံ တစ်ထောင်တန် နှစ်ရွက်ကို ဂရုတစိုက်ပင် အင်္ကျီအိတ် ထဲ ထည့်သည်။
ကိုမိုး အတွက် ခေါက်ဆွဲကြော် ဝယ်သွားရမယ် ။
လမ်းဆုံ ရောက်တော့ "ပေါက်ကြီး" မှ ခေါက်ဆွဲကြော် တစ်ပွဲကို ဝင်ဝယ်လိုက်သည်။
အထွန်းတို့ မြို့မှာ ပေါက်ကြီး ခေါက်ဆွဲ ဆိုတာ နာမည်ကြီးပဲ ၊ ဈေးကလည်း ကြီးသလို အရမ်းလည်းကောင်းတာတဲ့ ။
တစ်ပွဲ ၁၂၀၀ ဆိုပေမယ့် ဝယ်စားနိုင်တဲ့ သူတွေကျတော့လည်း မနက်ခေါက်ဆွဲ ၊ ည ခေါက်ဆွဲဆိုပြီး ဝယ်ကြလေရဲ့ ။
အထွန်းကတော့ မစားဖူးသေးပါဘူး။ ၁၂၀၀ ဆိုတာ လွယ်တာ မှတ်လို့ ။ အထွန်းတို့ ဝယ်နေကျ ဆိုင်မှာဆို တစ်ပွဲ မှ ၂၀၀ ပဲ ။
"ခေါက်ဆွဲကြော် တစ်ပွဲ"
"ကြက်သားနဲ့လား ဝက်သားနဲ့လား"
"ကြက်သားနဲ့"
"ခဏလေးစောင့်နော်"
ခဏလေးစောင့်နော် ဆိုတာ နာရီဝက်မှန်း အထွန်းသိတာပေါ့ ၊ ဒီဆိုင်က အမြဲတမ်း လူများနေတာ ။
ညနေဘက်တွေဆို ပိုဆိုး ။ ညနေဘက်တွေမှာ ဘီယာ လာသောက်တဲ့ သူတွေနဲ့ ၊ ခေါက်ဆွဲကြော်လာဝယ်တဲ့ သူတွေနဲ့ ဆိုတာ မစောင့်နိုင်လို့ ရန်တောင် ဖြစ်ကြတယ်ဆိုပဲ။
အထွန်းကတော့ စောင့်နိုင်ပါတယ် ၊ ကိုမိုး အတွက်ပဲ။
နာရီဝက်ခန့် စောင့်နေရသော အချိန်တွင် ဆိုင်ထဲမှ လူအချို့က အထွန်းကို လှည့်ကြည့်လှည့်ကြည့်။
"ဖရဲသီးရောင်းတဲ့ အခြောက်လေးလေ " ဟု ပြောသံကိုလည်း မသဲမကွဲ ကြားရသည် ။
အထွန်းကတော့ မသိဟန်ဆောင်ကာ မတ်တပ်ရပ်နေ လိုက်သည်။
အထွန်း ဖရဲသီးရောင်းတာ ဘာဖြစ်လဲ ။ ခြောက်တော့ရော ဘာဖြစ်လဲ ။
အနည်းဆုံးတော့ သူတို့လို နေ့လည်နေ့ခင်းမှာ ဘီယာပုလင်းနဲ့ သောက်စားနေတာမှမဟုတ်တာ။
"ခေါက်ဆွဲကြော် ရပြီ "
အထွန်းက တစ်ထောင်တန် နှစ်ချပ်ကို ပေးလိုက်တော့ အကြွေ ရှစ်ရာကို ပြန်အမ်းသည် ။
ခေါက်ဆွဲလေးက မွှေးနေတာပဲ ။ အထွန်းလည်း အမေ့ အတွက် ဝယ်ပေးဦးမှပါ ။
အခုတော့ ဆိုင်ပြင်မြန်မြန်ထွက်ရမယ် ၊ ဟိုဘက် ဝိုင်းက အရက်နံ့တွေများ နံ့ဟောင်နေတာပဲ ။
***
ကိုမိုးတို့ လမ်းနားသို့ရောက်လာလေလေ အထွန်း လက်တို့ အေးလာလေလေ။
ကိုမိုး ရှိပါစေ ဟု တွေးရင်း လမ်းထဲသို့ မရဲ တရဲ ဝင်လာလိုက်သည်။
စိတ်ကူးထဲတွင်တော့ အစီအစဉ်က အပြည့်။
ကိုမိုး ထိုင်နေကျ ပြတင်းပေါက်ကို ချောင်းကြည့်မည် ။
ကိုမိုးကို တွေ့လျှင် လက်ပြ နှုတ်ဆက်ကာ ခြံပြင်သို့ ထွက်လာခိုင်းမည် ။ ခေါက်ဆွဲကြော် ပူပူလေးကို ပေးရင်း ဘုရားအတူ သွားဖို့ ခေါ်မည်။
မလိုက်ရင်ရော ၊ ဟင့်အင်း လိုက်မှာပါ ။
ကိုမိုးက အထွန်း မွေးနေ့လို့ ပြောရင် အထွန်းနဲ့ အတူတူ လိုက်မှာပါ ။
********
AN /
ပေါက်ကြီးခေါက်ဆွဲက အခု ၃၀၀၀ ဆိုလားပဲ
ဘီယာ ဆိုင်နဲ့ တွဲဖွင့်ထားတော့