"အထွန်း လမ်းလျှောက်တာ သတိထားလေ"
လက်တစ်ဖက်မှ ကြာဇံကြော်ထုပ်ကိုကိုင်ကာ ၊ တစ်ဖက်ကလည်း ရေခွက်ကို ကိုင်ထားသော အထွန်း။
ခုန်ဆွ ခုန်ခွ ဖြင့် လမ်းလျှောက်နေသော အထွန်းကို ကိုမိုးက တားတော့မှ ဟုတ် ဟု တစ်ခွန်းဆိုကာ ငြိမ်သွားပြန်သည် ။
"ကိုမိုး မနက်ဖြန် မဏ္ဍပ်လာဦးမလား"
"မလာတော့ဘူး အိမ်မှာ အလှူရှိလို့လေ ၊ အထွန်း လာခဲ့ပါလား "
"ဟင့်အင်း ၊ မလာတော့ပါဘူး "
အထွန်း ခေါင်းခါပြလိုက်သည် ။ အထွန်း မလာရဲပါဘူး ။ ကိုမိုးတို့ အိမ်ကိုမပြောနဲ့ လမ်းထဲကိုတောင် မလာရဲဘူး ။
လေက တစ်ချက်ဝေ့ တိုက်လာတော့ အထွန်းတစ်ယောက် အေးလာတော့သည် ။
လမ်းတစ်လျှောက်လုံး မဏ္ဍပ်များကို ဖြတ်လာရသောကြောင့် နှစ်ယောက်လုံး၏ အဝတ်အစားများကလည်း စိုရွှဲနေသည် ။
အထွန်းချမ်းနေရင် ကိုမိုးလည်း အေးနေတော့မှာပဲ။
"ကိုမိုး အေးနေပြီလား ၊ အထွန်း ဒီနားကနေ တစ်ယောက်တည်း ပြန်လိုက်မယ်လေ"
"မဟုတ်တာပဲ ၊ အိမ်ထိရောက်အောင် လိုက်ပို့မှာပေါ့"
"အိမ်က အဝေးကြီး လိုသေးတာ ၊ ပြီးတော့ ကိုမိုးက အိ အထွန်းကို လိုက်ပို့ရင် အဝေးကြီး ပြန်လာနေရမှာ"
"ဘာဖြစ်လဲ အထွန်းရဲ့ ၊ ကဲပါ အိမ်အထိ လိုက်ပို့မယ်"
အထွန်း ခြေကို ဆောင့်ချလိုက်သည်။
မပို့ပါနဲ့ဆို၊ အထွန်းကို လိုက်ပို့ရင် ကိုမိုးတစ်ယောက်တည်း ပြန်နေရမှာ ။ အဝေးကြီးကို တစ်ယောက်တည်း ပြန်နေရတော့မှာ။
"ကဲ အထွန်း ခြေဆောင့်မနေနဲ့လေ ခြေထောက်နာမယ်"
"လိုက်မပို့ပါနဲ့ဆို "
အထွန်းက လက်နှစ်ဖက်ကို ပိုက်ကာ နှုတ်ခမ်းဆူရင်း အော်တော့သည်။
"ကဲပါ ဒါဆိုလည်း ကောင်းကောင်းပြန်နော် "
"ဟုတ်"
အထွန်း ခေါင်းသာ ညိတ်ပြလိုက်သည် ။
ကိုမိုးကို လက်ပြနှုတ်ဆက်ချင်ပေမယ့် လက်တစ်ဖက်မှာက မဏ္ဍပ်က ဝေထားတဲ့ ကြာဇံကြော် ၊ တစ်ဖက်မှာက ပိတောက်ပန်းနဲ့ ရေခွက် ဆိုတော့လည်း။
****
"ကိုမိုး ခူးပေးတဲ့ ပိတောက်ခက်လေး"
ပိတောက်ခက်ကို နမ်းလိုက် ကြည့်လိုက် ပြန်နမ်း လိုက်ပြုံးလိုက် ဖြင့် အလုပ်များနေသော အထွန်းကို အမေက မျက်စောင်းထိုးသည်။
"အထွန်းရေ အဲ့စကားကြားရတာ အခါ သုံးဆယ်မကတော့ဘူး "
"အမေကလည်း .."
"ငါ နားတွေလည်း ပူလှပါပြီ အထွန်းရယ် ၊ မျက်စိတွေလည်း နောက်နေပြီ "
"အမေကလည်း စိတ်လျှော့ပါ ၊ ဥပုသ်ကြီးနဲ့ကို"
"နင်က ဥပုသ်သည်ရှေ့မှာ မျက်စိနောက်အောင် လုပ်ပြနေတာလေ"
ထိုအခါမှ အထွန်းက ရယ်ကျဲကျဲဖြင့် ပိတောက်ခက်ကို
အင်္ကျီအိတ်ထဲထည့်သည်။
အထွန်းက ပျော်လို့ပြောတာပါ ၊ ပြီးတော့ အကျယ်ကြီးလည်း မဟုတ်ပါဘူး။
ဒါပေမယ့်လည်း အမေ တရားမှတ်လို့ ရအောင် အထွန်း ငြိမ်ငြိမ်နေပေးပါ့မယ်လေ ။
အထွန်းက ပိတောက်ခက်ကို ဖျာအောက်ထဲသို့ ထည့်သိမ်းသည်။
ထို့နောက် အိပ်ယာပေါ်တွင် ခွေခွေလေး အိပ်ရင်းမှ ပိတောက်ခက် ရှိသော နေရာသို့ ကြည့်ကာ ပြုံးပြန်သည် ။
အထွန်းလေ ကိုမိုးကို အရမ်းသဘောကျတာပဲ ။ ဒီပိတောက်ခက်လေးလိုပဲ ကိုမိုးကို အိမ်ခေါ်ထားချင်လိုက်တာ။
****
"အထွန်း"
အတာအိုးကို ခေါင်းပေါ်ရွက်ထားသော အထွန်း တစ်ယောက် ခြေလှမ်းတို့ကို ရပ်ကာ လှည့်ကြည့်လိုက်သည် ။
"ဪ ကိုထက်အောင် "
"အတာအိုးလာပို့တာလား"
"ဟုတ်"
အထွန်း ခေါင်းညိတ်ပြလိုက်သည် ။ အကိုလည်း အတူအိုးကိုင်ထားတာ ဆိုတော့ ဘုန်းကြီးကျောင်း ကို လာတာပဲထင်ပါရဲ့။
" အတူတူ သွားမယ်လေ "
"ဟုတ်"
နှစ်ယောက်သား စကားပြောရင်း ဖြင့်ပင် ဘုန်းကြီးကျောင်း သို့ရောက်လာသည်။
ဝေဠုဝန်တောရ ကျောင်းသည် မြို့ အစွန်နားတွင်ရှိသောကြောင့် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အေးချမ်းနေသည်။
ရေတွင်းသို့ သောက်ရေလာခပ်ကြသော သူများလည်း အများအပြား ရှိနေသလို အတာအိုး လာပို့သော သူများလည်း မနည်းလှ။
သို့သော်လည်း ကျောင်းခြံဝန်းထဲတွင် ဆူညံမနေဘဲ တိတ်ဆိတ်နေသည်။
ညောင်ပင် အောက်တွင် အတာအိုးကို ထားပြီးသော အခါတွင်တော့ စေတီဘက်သို့ ထွက်ခဲ့တော့သည်။
"အကိုတို့က ဒီကျောင်းကိုလာတာ မဝေးဘူးလား"
အထွန်း ၏ အမေးကို ထက်အောင်က ပြုံးရင်းဖြင့်ပင် ဖြေသည်။
"အဖွားတို့ အဖိုးတို့ ရှိကတည်းက ဒီကျောင်းကိုပဲ လာကြတာလေ ၊ ဒါကြောင့် ဒီဘုန်းကြီးကျောင်းကိုပဲ အမြဲတမ်း လာဖြစ်တာ "
"ဪ .."
"ပြီးတော့ ဒီကျောင်းက အရမ်းအေးချမ်းတယ် ၊ တိတ်ဆိတ်ပြီးတော့ အသံတွေလည်း ဆူဆူ ညံညံတွေလည်း မ ကြားရဘူးလေ"
အထွန်းက ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်ရင်း ဆရာ ကန်တော့ပွဲ ကို သတိရသွားပြန်သည်။
နှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပသော ဆရာ ကန်တော့ပွဲသည် ဘုန်းကြီးကျောင်း၏ အစဉ်အလာ ပင်။
သံဃာတို့ကို လှူဖွယ်ပစ္စည်းများဖြင့် ကန်တော့ကြသလို ၊ ဝတ္ထုငွေများဖြင့်လည်း ကန်တော့ကြသည်။
"ဒါနဲ့ အကိုက မနက်ဖြန် ဆရာကန်တော့ပွဲ လာမှာလား"
"အင်း လာမှာလေ ၊ ဖျော်ရည်တောင် လှူမလို့ပဲ ၊ အထွန်းလည်း လာမယ်မလား "
"ဟုတ်"
" မနက်ဖြန် တွေ့မယ်လေ ၊ ဒါနဲ့ ပြန်ကြတော့မလား "
"ဟင့်အင်း အထွန်း ခရေပန်း ကောက်ဦးမယ် "
"ခရေပန်း"
ကိုထက်အောင်က မေးခွန်းထုတ်သလို မေးလာတော့ အထွန်း ခေါင်းကို ညိတ်ပြလိုက်ရင်း
"အမေက ခရေပန်းကြိုက်တယ်လေ ၊ အမေ့ အတွက် သီပေးချင်လို့"
"ဒါဆို အကိုလည်း ကူပေးမယ် "
"ဟုတ်"
အထွန်း မငြင်းဘဲ အလွယ်တကူပင် လက်ခံလိုက်သည် ။
အထွန်း သူများအကူအညီကိုတော့ အများကြီး မလိုချင်ပေမယ့် ခရေပန်း များများရ မှ အမေ့အတွက် ပန်းကုံး ကြီးကြီးရမှာ ။
ပန်းကောက်ပြီးသော အခါတွင်တော့ အထွန်းက ကျေးဇူးတင်စကားဆိုရင်း နှုတ်ဆက်သည်။
"ဒါဆို အထွန်းသွားတော့မယ်နော် "
"ဟုတ်ပြီ ဂရုစိုက်နော် ၊ မနက်ဖြန် တွေ့မယ်"
"ဟုတ်"
အထွန်း အလျှင်အမြန်ပင် ပန်းများကို သိမ်းကာ အိမ်သို့ ပြန်လာသည် ။
မခွဲချင်ဘဲ နှုတ်ဆက်နေရအောင် ကိုမိုးလည်းမဟုတ်။
လက်ပြ နှုတ်ဆက်ရင်း အချိန်ဆွဲနေရအောင်လည်း ကိုမိုးမှ မဟုတ်တာ။
******
AN/
ဖုန်းက အရောင် တလက်လက်ထနေပြန်ပါပြီ
အပေါ် တစ်ဝက်က တစ်ရောင် ၊ အောက် တစ်ဝက်က တစ်ရောင်။
Keyboard သေချာ မမြင်ရတော့ ခဏခဏ မှား type တော့တာပဲ
အများကြီး တိုသွားတယ်မလားဟင်
စာလုံးရေ များလာရင် စက်က ကြောင်နေရော မို့
မနက်ဖြန် ပြန်လာခဲ့ပါ့မယ် 😍🙈