ဘုရားရင်ပြင်သည် နံ့သာသွေးသူ ၊ အားပေးသူများဖြင့် စည်စည်ကားကားရှိနေသလို မြို့လုံးကျွတ်လိုလို လာရောက်ကြသောကြောင့် နံ့သာသွေးပွဲ သည် မြိုင်မြိုင်ဆိုင်ဆိုင် ။
သင်္ကြန်အကြိုနေ့တိုင်း နံ့သာသွေးပွဲ ကျင်းပခြင်းသည် အထွန်းတို့ မြို့လေး၏ ဓလေ့ပင် ။
နံ့သာသွေးမည့် သူများသည် ကိုယ်လက်သန့်စင် ထားရသည် ။ တန်းစီကာ လှည့်လည်ပြီး ဘုရားရောက်သောအခါတွင် ကျောက်ပျဉ် တစ်ခု စီဖြင့် နံ့သာဖြူ ၊ နံ့သာနီတို့ကို သွေးကြသည်။
ကျောက်ပျဉ်ဘေးကို လျှံမကျစေဘဲ သွေးထားသော နံ့သာတို့ကို ငွေဖလားဖြင့်ထည့်ကာ ဗုဒ္ဓမြတ်စွာဘုရား ကို နံ့သာရေဖြင့် သပ္ပာယ်ကြသည် ။
****
နံ့သာသွေးပွဲ အပြီးတွင်တော့ ကိုမိုးက အထွန်းကို အသေအချာပင် စိုက်ကြည့်လာသည်။
"အထွန်း ဒီနေ့ ပါးကွက်မကွက်လာဘူးလား"
"ဟင့်အင်း"
"ဪ.."
"ဘာဖြစ်လို့လဲဟင်"
အထွန်းက ကိုယ့်ပါးကိုယ် ကိုင်ရင်း မေးတော့ ကိုမိုးက ခေါင်းခါပြသည်။
"ဘာမှ မဖြစ်ပါဘူး ၊ ဒါနဲ့ မဏ္ဍပ်နားကို သွားကြတော့မလား "
"အစောကြီး ရှိသေးတာကို ၊ မဏ္ဍပ်ဖွင့်မှာက ညနေမှလေ"
"အင်း ဒါဆို ဝါးတံတားဘက်သွားကြမလား "
"ဟုတ်"
အထွန်း ချက်ချင်းပင် မတ်တပ်ထရပ်လိုက်သည်။
ကိုမိုးသိလား ၊ အထွန်းကလေ ကိုမိုး ခေါ်တဲ့ နေရာတိုင်းကို အမြဲတမ်းလိုက်ခဲ့မှာ ။
ဝါးတံတားထိပ် ကူးတို့ခ ကောက်သည့် နေရာ ရောက်တော့ ကိုမိုးက ပိုက်ဆံအိတ်ထဲမှ တစ်ထောင်တန်တစ်ရွက်ကို ထုတ်သည်။
"နှစ်ရာနော်"
"အကြွေမပါဘူးလား အစ်ကို"
" အကြွေတော့ မပါလာဘူး "
"အထွန်းမှာ ပါတယ်လေ ၊ အထွန်း ပေးလိုက်မယ်"
အထွန်းက ဝင်ပြောလိုက်တော့ ကိုမိုးက ခေါင်းခါပြသည်။
"မပေးရပါဘူး"
"ကိုမိုးမှာမှ အကြွေမပါတာ ၊ အထွန်းမှာပါတယ်လေ"
"မပါလည်း ပါအောင်လုပ်မှာပေါ့ ကဲ ဟိုနားလေးမှာ သွားစောင့်နေ နောက်က လိုက်လာခဲ့မယ်"
မျက်ခုံးနှစ်ခုကို ထိလုမတတ် တွန့်ချိုးကာ တံတားအလယ်နားကို လက်ညှိုးထိုးပြတော့ အထွန်း ခေါင်းညိတ်ပြီးသာ ထွက်လာလိုက်သည်။
ကိုမိုးဟာ အဲလိုပဲ ၊ အထွန်းပေးလိုက်မယ်ဆိုလည်း မရဘူး ၊ အထွန်းဆီက ဆိုရင် ဘာဆို ဘာမှ မယူချင်ဘူး ။
မသိမသာ လှုပ်ယမ်းနေသော ဝါးတံတားသည် လမ်းလျှောက်လိုက်တိုင်း အသံမြည်နေသည်။ ခြေကို ဆောင့်ကာ လမ်းလျှောက်မိတော့ ပိုလို့ပင် လှုပ်ယမ်းနေသလို ။
ကိုမိုးကို လှည့်ကြည့်လိုက်တော့ တံတားထိပ် အကျော်က အိမ်ဆိုင်လေးတွင် ဈေးဝယ်နေသည်။ ဆိုင်က အစ်မနှင့် ပြုံးပြ နှုတ်ဆက်နေသော ကိုမိုးကို အထွန်း မျက်စောင်းထိုးပြီး မျက်နှာလွှဲပစ်လိုက်သည်။
ခြားနားလိုက်တာများ ၊ အထွန်း ပိုက်ဆံပေးမယ် လို့ပြောတော့ မျက်နှာက တစ်မျိုး ၊ အခု ဟိုက အမနဲ့ စကားပြောတော့ မျက်နှာက တစ်မျိုး ။
ခေါင်းကို ချာကနဲ လှည့်ကာ ခြေကို ဆောင့်ချလိုက်တော့ ဝါးကပ်ခင်းထားသော တံတားက ငြိမ့်ခနဲ ။
မဖြစ်သေးပါဘူး ၊ ပြုတ်ကျရင် အထွန်းက ရေကူးတတ်တာမဟုတ်ဘူး ။
ပုဆိုးစကို အသာကိုင်၊ တစ်လှမ်းချင်း ဖြည်းဖြည်း လျှောက်ရင်းက အလယ်နားသို့ရောက်သော အခါတွင်တော့ ခြေလွှဲထိုင်ချလိုက်သည်။
တံတားအောက်မှ ချောင်းရေသည် နေရောင်ကြောင့် တလက်လက်ပင် ထနေသည်။ အထွန်း တံတားပေါ်တွင် ထိုင်နေရင်းက ခြေကိုလွှဲကာ ဆော့နေလိုက်သည်။
လှမ်းမြင်ရသော တောင်တန်းတို့က စိမ်းမှောင်နေသလို တိမ်တိုက်တို့ကလည်း တလွင့်လွင့် ။
"အထွန်း ပြုတ်ကျမယ်လေ "
ခြေကို ငြိမ်ငြိမ်ထားလိုက်ပြီး မော့ကြည့်လိုက်တော့ ကိုမိုးက အထွန်းဘေးတွင် တင်ပျဉ်ခွေ ထိုင်သည်။
"ကဲ မျက်နှာကြီး ဆူပုတ်မနေနဲ့လေ သင်္ကြန်အကြိုနေ့မှာ "
သင်္ကြန်အကြိုနေ့ဆိုတော့ စိတ်မကောက်ရတော့ဘူးလား ။ ဘာနေ့ ဖြစ်ဖြစ် အထွန်းကတော့ ကောက်မှာပဲ ။
"အထွန်း ဒီဘက်လှည့်ကြည့်"
လှည့်ကြည့်လိုက်တော့ ကိုမိုးက သနပ်ခါးဘူး တစ်ဘူးကို ကိုင်မြှောက်ပြသည်။
"အဲဒါက .."
"သနပ်ခါးလေ အထွန်းအတွက် "
"ဟင်"
အထွန်းက နားမလည်သလို ကြည့်မိတော့ ကိုမိုးက နှုတ်ခမ်းကို စေ့ကာ ပြုံးသည်။
"အထွန်းကို လိမ်းပေးချင်လို့ ဟိုဆိုင်က ဝယ်လာတာ ၊ ရေနဲ့ပါ တစ်ခါတည်းဖျော်လာရတယ်"
ကိုမိုးက ပြောပြောဆိုဆိုပင် အထွန်း ၏ ဘယ်ဘက်ပါးပေါ်သို့ ပါးကွက် သေးသေးကို တင်တော့သည်။
ပါးပေါ်သို့ ရောက်လာသော လက်ညှိုးတစ်ချောင်း ၊ ထို အခိုက်အတံ့တွင် အထွန်းတစ်ယောက် အသက်ပင် မရှူမိဘဲ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ပင် ငြိမ်နေမိသည်။
ရင်တွင်းမှ တဒုန်းဒုန်း အသံကြောင့် တံတွေးမျိုချမိတော့ ကိုမိုးက ပြုံးရင်း ကြည့်လာသည်။
ကိုမိုးကြားသွားတာများလား ။ အထွန်း ရင်တွေ ခုန်နေတာကို ကိုမိုးကြားသွားပြီလား ။
"အထွန်း ဘာဖြစ်လို့လဲ"
မလှုပ်မယက် ငြိမ်သက်ကာ အသက်ကို လုရှူနေရသော အထွန်းက ခေါင်းကိုသာ ခါပြလိုက်သည်။
"ဟင့်အင်း အထွန်း မောနေလို့ "
"မောနေလို့လား ၊ နေမကောင်းဘူးလား အထွန်း"
စိုးရိမ်သော လေသံ ပြောင်းသွားကာ နဖူးပေါ်လက်တင်လာတော့ အထွန်း ခေါင်းကို အလျင်အမြန်ခါရပြန်သည်။
"မဟုတ်ပါဘူး အထွန်း နေကောင်းပါတယ်"
ထိုအခါမှ ကိုမိုးကာ လက်ကို ရုတ်ကာ သက်ပြင်းချသည်။
"နားနားနေနေလည်း နေပါဦး ၊ ဒီလောက်ထိ အပင်ပန်းမခံနဲ့လေ "
"အထွန်း မပင်ပန်းပါဘူး"
"ဟုတ်လို့လား အထွန်းရဲ့ ၊ လူကဖြင့်သေးသေးလေ"
အထွန်းက ခေါင်းကို အသာညိတ်သည်။
"တကယ် မပင်ပန်းပါဘူး ၊ အမေ့ကိုလုပ်ကျွေးတာပဲ ပင်ပန်းစရာလား "
"အင်း .."
ကိုမိုးက သက်ပြင်းကို အသာချတော့ အထွန်း ဆက်မပြောဘဲ အသံတိတ်နေလိုက်သည်။
အထွန်း ဆယ့်ငါးနှစ်အထိ အမေက နေပူစပ်ခါး မရှောင်ဘဲ ဈေးရောင်းသည် ။ တစ်နေ့ထက်တစ်နေ့ အသက်အရွယ် ရလာသော အမေသည် ပင်ပန်းဒဏ်ကို မခံနိုင်ရှာတော့ အထွန်းကပင် တားရတော့သည်။
အထွန်းကို စိတ်မချသော အမေသည် သုံးလေးလ လောက်အထိ ဈေးသို့ လိုက်ကာ ဆိုင်ကူခင်းသည် ။ ဈေးသိမ်းချိန်တွင် ဆိုက်ကားတစ်စီးဖြင့် ရောက်လာကာ ဆိုင်ကူသိမ်းတတ်သည် ။
ထိုသို့သော နေ့များတွင်တော့ အထွန်း အကြီးအကျယ် စိတ်ကောက်ပြတော့သည် ။ အမေ့ကို စိတ်မဆိုးသော်လည်း စိတ်ကောက်ဟန်ဆောင်ကာ ထမင်းမစား၊ ဟင်းမစား ဘဲနေပြသည်။
ထိုအခါမှ အမေက ဈေးမလိုက်တော့ဘဲ အိမ်တွင်နေတော့သည်။
အထွန်းက သက်ပြင်းချမိတော့ ကိုမိုးက ပခုံးကို လှမ်းကိုင်ရင်း
"ဘာလို့ သက်ပြင်းတွေ ချနေတာလဲ ၊ နှစ်သစ်မှာ ပြုံးပြုံးရွှင်ရွှင်နေပါဦး"
"ဟုတ်"
အထွန်း ခေါင်းကိုအသာညိတ်ပြတော့ ကိုမိုးက အုန်းဆီရွှဲနေသော ဆံပင်ကို အသာအုပ်ကိုင်ရင်း
"ကဲ ပါးကွက် တစ်ဖက်ကျန်သေးတယ် ၊ ငြိမ်ငြိမ်လေးနေနော်"
ကိုမိုးက ပြောလည်းပြော လက်ကလည်း သနပ်ခါးကို ယူသည် ။ ထို့နောက် ပါးပေါ်တွင် ဖြည်းဖြည်းချင်းလိမ်းသည် ။
အထွန်းကတော့ အသက်ပင်မရှူနိုင်ဘဲ မျက်လုံးကို မှိတ်ထားမိတော့သည် ။
"ကဲ ရပြီ ၊ နှစ်ဖက် ညီနေလို့ တော်ပါသေးရဲ့ "
"ကိုမိုး မှန်ရှိလားဟင်"
မျက်လုံးဖွင့်ဖွင့် ချင်း မှန်ရှိလား ဟု မေးလိုက်တော့ ကိုမိုးက ခေါင်းခါရင်း
"မှန်မပါဘူးလေ အထွန်းရဲ့ ၊ ဒီ အတိုင်းလေး လှနေတာပဲ အိမ်ရောက်မှ သေချာကြည့် "
"ဟုတ် ဒါဆို အထွန်း အိမ်ပြန်တော့မယ်"
"ပြန်တော့မလို့လား ၊ ဘာလို့လဲ "
"ဟင့်အင်း ဘာမှ မဖြစ်ပါဘူး ၊ ဟို အမေ ပြန်လာတော့မှာမလို့"
"ဒါဆိုလည်း လမ်းဘေးက သေချာပြန်နော်"
"ဟုတ် "
အထွန်း အပြေးတပိုင်းသာ ထွက်လာခဲ့တော့သည်။
အမေက ညနေမှ ပြန်လာမှာ ကိုမိုးရဲ့ ။ အမှန်ကလေ အထွန်း ရင်တွေ ခုန်လွန်းလို့ပါ ၊ ကိုမိုး အနားမှာ ထိုင်နေရတာ ရင်တွေ အရမ်းခုန်လွန်းလို့ပါ ။
အရင်တုန်းက ကိုမိုးအနားရှိနေရင် ပျော်မိပေမယ့် ဒီတစ်ခါတော့ အထွန်းလေ အသက်တောင် ရှူလို့မရဘူးသိလား ။
*******
ဒီနေ့ စောစောလေး update လိုက်ပါတယ်
ဝါးတံတားပုံလေးကို ပြချင်တာ ပုံတွေ ပျက်သွားလို့ 😢
ရရင် ထပ် ထည့်ပါ့မယ်နော် 😍😍😁