"ကုန်ကြွေး လာကောက်တယ်ဟေ့"
ကုန်ကြွေးလာတောင်းသော ဦးလေးကြီးက ဘောက်ချာတစ်ရွက်ကို ပေးလာတော့ အထွန်း အသေအချာ ကြည့်လိုက်သည်။
"ခြောက်သောင်း သုံးထောင့် လေးရာ နော်"
အထွန်းက ပြောရင်းဖြင့်ပင် ပိုက်ဆံခြင်းထဲမှ ပိုက်ဆံတို့ကို ထုတ်ကာ ရေသည်။
ပိုက်ဆံပေးပြီးသော အခါတွင်တော့ အထွန်း သက်ပြင်းချရတော့သည် ။
ကုန်ဈေးတွေကလည်း ကြီးလာလိုက်တာ ၊ တစ်ခေါက်တစ်ခေါက် ပစ္စည်းရောက်ရင် ရှင်းရတဲ့ငွေကမနည်းဘူး ။ ပစ္စည်းအနာတွေ ပါလာလို့ လွှင့်ပစ်ရတာတွေများတဲ့ အခေါက်ဆိုရင် အထွန်းတို့ ထိုင်ပါငိုချင်ရဲ့။
လက်ကျန်ငွေလေးကို တယုတယ ကိုင်ရင်း တွေးမိပြန်သည် ။ အထွန်း ပိုက်ဆံစုရဦးမှာပဲ။ စုဘူးလေးထဲမှာ ပိုက်ဆံပြည့်ရင် အမေ့ကို လုပ်ပေးချင်တာတွေမှ အများကြီး ။
"ဟဲ့ အထွန်း ဒီနှစ်သင်္ကြန် ခရီးထွက်ကြမလို့တဲ့ ၊ နင် လိုက်ခဲ့ပါလား "
အထွန်း ခေါင်းသာခါပြလိုက်သည်။
"မလိုက်တော့ပါဘူး လှကြည်ရယ် ၊ အကုန်အကျတွေ များတယ် "
"အများကြီးမကုန်ပါဘူးဟယ် ၊ အခုလည်း လူစုပြီး သွားကြမှာ လူများရင် ပိုတောင် သက်သာသေး"
"ကုန်တာကတော့ ကုန်တာပဲလေ ၊ ပြီးတော့ ငါက ပိုက်ဆံစုနေရတာ "
ထိုအခါမှ လှကြည်က လက်လျှော့ဟန်ဖြင့် ခေါင်းညိတ်သည်။
"အေးပါ အထွန်းရယ် ၊ တကယ်ပဲ တစ်ရက်တစ်ရက် ဘာလို့ အဲလောက် စုနေမှန်းမသိဘူး "
မျက်စောင်းတထိုးထိုးဖြင့် ပြောနေသော လှကြည်ကို အထွန်း ရယ်သာ ပြလိုက်သည်။
ပိုက်ဆံစုတာ သုံးစရာရှိလို့ပေါ့ ။
စုထားတဲ့ ပိုက်ဆံပြည့်ရင် အထွန်း အိမ်လေးကို ပြန်ပြင်ရမှာ ။ ပြီးတော့ အထွန်းတို့ ခြံဝိုင်းလေးကိုလည်း ပြင်ရဆင်ရဦးမှာ။
အထွန်း တွေးရင်းဖြင့်ပင် လှိုက်ခနဲ ပျော်လာသည် ။
အတွေးထဲတွင်တော့ အမေက အိမ်အသစ်မှာ ပြုံးလို့ ၊ ပျော်လို့ ။
အထွန်းလေ အိမ်ပြန်ဆောက်ပြီးရင် ဒီလို မချွေတာတော့ဘူးသိလား ။ မုန့်တွေ အများကြီးလည်း ဝယ်စားပစ်မှာ ။
*****
သင်္ကြန်အကြိုနေ့
"အမေ ထမင်းချက်ပေးခဲ့တယ် ၊ အိုးထဲမှာ ဟင်းရှိတယ်နော်"
"ဟုတ်"
အထွန်းက မျက်လုံး နှစ်ဖက်ကို ပွတ်သပ်ရင်း တဝါးဝါး သန်းသည်။
"အမေ သွားတော့မှာလား"
"သီလပေးတာ စောစောပေးမှာဆိုတော့ နောက်ကျမှာစိုးလို့လေ"
"ဟုတ် "
"ဒါဆို အမေသွားပြီနော် ခြံတံခါးသေချာပိတ်ထား"
"ဟုတ်"
အထွန်းက အမေ့ကို လိုက်ပို့ပြီး ဝါးကပ် နှစ်ချပ်သာ ရှိသော ခြံတံခါးကို ပိတ်သည် ။
အထွန်း ဒီနေ့ အိမ်စောင့်ရမှာပဲ။ ဟင့်အင်း ဒီနေ့ အကြိုနေ့ ၊ အထွန်း ကိုမိုးနဲ့ တွေ့ရမယ့်နေ့ ။
အထွန်းက အိမ်ထဲ ပြန်ဝင်ပြီး အဝတ်အစားရွေးသည်။
ဒီနေ့ ပုဆိုးအနီလေးဝတ်မယ် ၊ ကိုမိုးပေးထားတဲ့ ဆွယ်တာလေး ဝတ်မယ် ။
ပြင်ဆင်ပြီးသောအခါတွင်တော့ အထွန်းက မှန်ရှေ့တွင် ဆယ့်ငါးခေါက်လောက် ပြန်ကြည့်သည်။
ကိုမိုးပေးတဲ့ ဆွယ်တာလေးနဲ့ လိုက်သွားအောင် သနပ်ခါးထပ်လိမ်းရမလား ။
တော်ပါပြီ ၊ သနပ်ခါးတွေ ပေကုန်မှာစိုးရတယ် ။
အထွန်းက အိမ်တံခါးကို သော့ခတ်သည် ၊ ခြံတံခါးကို အသာ ပိတ်ပြီး ခပ်သွက်သွက် ထွက်လာလိုက်သည်။
လမ်းတစ်လျှောက်တွင် ခုန်လိုက်ပေါက်လိုက်သွားနေရင်းက ဘေးဘီသို့ တစ်ချက်ကြည့်သည်။ လူသွားလူလာ မတွေ့ရသောအခါ အထွန်း က သွားများပေါ်သည်အထိ ပြုံးသည်။
ပုဆိုးစကို လက်တစ်ဖက်ဖြင့် ကိုင်ပြီး အခြားလက်တစ်ဖက်က ခါးကို ထောက်ပြီးသော အခါ ခြေချင်းလိမ်းကာ ခေါင်းကို မော့ရင်း တစ်လှမ်းချင်းလျှောက်တော့သည်။
လူတွေရှိရင် အထွန်း ဒီလို လွတ်လွတ်လပ်လပ်မှ မနေရတာ ။ လူတွေ ရှင်းတဲ့ အချိန်မှ အထွန်းတို့က ဟောဒီလို ဟောဒီလို နေရတာ ။
တွေးလည်းတွေး လျှောက်လည်းလျှောက်ရင်း လမ်းဘေးတွင် ရှိသော ရေကန်လေးကို သွားတွေ့သည်။ အထွန်း ကန်စပ်နားသို့ပင် သွားကာ အနီးကပ်ကြည့်လိုက်ပြန်သည်။
ဗေဒါပန်းတွေ ရှိမလားမသိဘူး ။
"ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ"
ဆိုသာ ဆိုရတာ ဘယ်ထဲက စာသားမှန်းတော့ အထွန်းမသိပါဘူး ။ ဒါပေမယ့် ဒီစာသားလေးကို အထွန်း သဘောကျလိုက်တာ။
**
"ကိုမိုး "
"ဟော အထွန်း ရောက်လာပြီလား "
"ကိုမိုး စောင့်နေတာ ကြာပြီလားဟင်"
အထွန်း အားနာသလို မေးကြည့်မိတော့ ကိုမိုးက ခေါင်းခါသည်။
"အင်း အထွန်း နောက်ကျနေလို့ စိတ်ပူနေတာ"
စိတ်ပူနေတာတဲ့လား ၊ ကိုမိုးက စိတ်ပူနေတာတဲ့လား ။ အထွန်း ရင်ထဲ လှိုက်ခနဲ ဝမ်းသာသွားရသည်။
"အထွန်း ဘာမှမဖြစ်ပါဘူး စိတ်မပူနဲ့တော့နော် အခု ဘုရားသွားကြတော့မလား "
"နေဦးလေ အထွန်းရဲ့ ၊ မနက် ဘာစားပြီးပြီလဲ"
အထွန်းခေါင်းသာ ခါပြလိုက်သည်။
အလှပြင်နေရတာနဲ့ စားဖို့တောင် မေ့လာခဲ့တာ။
" အထွန်းမစားရသေးရင် တစ်ခုခုသွားစားကြမယ်လေ"
"ဟုတ် ဒါပေမယ့် ဒီတစ်ခါ အထွန်း ကျွေးမယ်နော်"
"အကိုက အကြီးလေကွာ ၊ အကို ကျွေးမှာပေါ့"
"ဟင့်အင်း ဒါဆို အထွန်းမစားတော့ဘူး"
အထွန်း နှုတ်ခမ်းဆူပစ်လိုက်သည်။ ဒီလိုလုပ်လို့ရရိုးလား ၊ အကြီးဆိုပြီးတော့ အထွန်းကျွေးတာ မစားရင် အထွန်း စိတ်ဆိုးပစ်လိုက်မှာ ။
အထွန်း၏ ဆူပုတ်ပုတ်မျက်နှာကို မြင်တော့ ကိုမိုးက ရယ်တော့သည်။
"လူကြီးက ကလေးဆီက စားရင် ကောင်းပါ့မလား အထွန်းရဲ့"
"ဟင့်အင်း ကိုမိုးက အထွန်းကျွေးတာကို မစားချင်လို့မလား "
အထွန်း မျက်နှာလေးကို ငယ် ပြလိုက်တော့ ကိုမိုးက ခေါင်းခါရင်း ပြုံးပြန်သည်။
"ကဲပါ အထွန်းရယ် ၊ လာပါ ဟိုဘက်က ဆိုင်မှာ ခေါက်ဆွဲ သွားစားရအောင် "
"ဟုတ်"
ဒါပါပဲ ၊ ကိုမိုးနဲ့ ရင်းနှီးလာလေလေ ကိုမိုး အကြောင်းကို ပိုသိလာရလေလေပါပဲ ။
အထွန်း မျက်နှာ ဆူပုတ်နေရင် ကိုမိုးက ချော့သည်။
အထွန်းမျက်နှာ ညှိုးနေလျှင် ကိုမိုးက အလိုလိုက်တော့သည်။
"ခေါက်ဆွဲသုပ် ပဲကြော်နဲ့တစ်ပွဲ အလွတ်တစ်ပွဲ"
အကြော်ပါသော ပန်းကန်ကို ကိုမိုးရှေ့ချပေးတော့
"အထွန်း အကြော်နဲ့ မစားဘူးလား"
"ဟင့်အင်း အထွန်း အကြော်မကြိုက်ဘူး"
အထွန်း၏ အဖြေကို ကိုမိုးက မယုံသလို ကြည့်ပြန်သည်။
"တကယ် အထွန်း မကြိုက်လို့ပါ "
ထိုအခါမှ ခေါက်ဆွဲကို ဆက်စားတော့သည်။
အထွန်းသိတာပေါ့ ကိုမိုးက အထွန်း ပိုက်ဆံကုန်မှာစိုးလို့ ဈေးသက်သာတဲ့ ဆိုင်မှာစားတာ။
ဒါပေမယ့်လည်း အထွန်းက တစ်ခါတလေလေး ကျွေးရတာလေ ။ ကိုမိုးကို စားစေချင်တာပေါ့ ။
ဆိုင်ထဲက ထွက်လာတော့ မနက် ကိုးနာရီ ။
"အထွန်း ဘုရားသွားကြတော့မလား"
"ဟုတ်"
အထွန်းက ကိုမိုးဘေးက ကပ်ကာ လျှောက်သည်။ ကိုမိုးကတော့ အထွန်းကို တစ်ခါ ငုံ့ကြည့်ရင်း ၊ တစ်ခါပြုံးရင်း ။
ကိုမိုးနဲ့ အတူ နံ့သာသွေးပွဲ သွားရတော့မယ်။
ဒီနှစ် နံ့သာသွေးပွဲ က အထွန်းအတွက် တကယ် ပျော်စရာကောင်းမှာပဲ ။
*********
AN
အထွန်းလေးကို ချစ်ပေးကြတာ တကယ်ကျေးဇူးတင်ပါတယ်
အရည်အချင်းဆိုတာ မရှိသေးပေမယ့် ပိုပို ကြိုးစားပါ့မယ်လို့ 😍😍
လိုအပ်ချက်တွေအများကြီးကိုလည်း သေချာပြင်ဆင်ပါ့မယ်လို့ 😍
ဒါနဲ့ ဆရာဇော်ဂျီရဲ့ ကဗျာလေး