အရှေ့သို့ရောက်လာသော ခြေဖမိုးတစ်စုံ၏ ပိုင်ရှင်ကို မော့ကြည့်မိတော့ အထွန်း မျက်နှာလေး မသိမသာပင် ညှိုးသွားရသည်။
အထွန်း မျှော်နေတာ ကိုမိုး ကိုလေ။ ကိုထက်အောင် မှ မဟုတ်တာ။
"ဪ အကို "
အထွန်း ပြုံးပြလိုက်ရင်းက ဂေါ်ဖီ တစ်လုံးကို အိတ်ထဲ ထည့်ပေးလိုက်သည်။
"အထွန်း ဟိုနေ့က ကျေးဇူးပဲနော် "
"ဟုတ် ရပါတယ် "
ကိုထက်အောင်က အထွန်းကို တစ်ထောင်တန် အသစ်တစ်ရွက်ကို ပေးပြီးနောက် အလျင်အမြန်ပင် ထွက်သွားတော့သည် ။
"ဟဲ့ အထွန်း ၊ အဲ့ဒါ သစ်တောရုံးနားက အကိုကြီး မလား"
" နင်မသိတာ ဘာရှိသေးလဲ"
အထွန်း မျက်စောင်းထိုးရင်း မေးလိုက်တော့ လှကြည်က ရယ်ပြရင်း
"ငါလည်း မသိတာ ရှိပါသေးတယ်ဟယ် ဒါနဲ့ ပြောရဦးမယ် "
"ဘာလဲ"
"ဟိုအိမ်က ကိုမိုး ပြန်ရောက်နေပြီတဲ့ သိလား "
"ကိုမိုး လား "
"အေး နင့်ကိုမိုး"
နင့် ကိုမိုး ဟူသော စကားကြောင့် အထွန်း နောက်တစ်ကြိမ် မျက်စောင်းထိုးမိပြန်သည်။ သို့သော်လည်း ထိုတစ်ကြိမ်တွင်တော့ အထွန်း ပြုံးမိသွားသည် ။
ပြန်ရောက်လာပြီပဲ ၊ ကိုမိုး ပြန်ရောက်လာပြီပဲ။
******
ပင်ယံထက်တွင် ကံ့ကော်ပွင့်တို့သည် တင့်တင့်တယ်တယ်ပင် လှနေသည်။ လေ တစ်ချက် တိုက်လိုက်တိုင်း ပန်းခက်တို့က ယိမ်းနွဲ့ကာပင် လှုပ်ယမ်းနေသည်။
ပွင့်ဖတ်ဖြူဖြူ ၊ ဝတ်ဆံ ဝါဝါ နှင့် ကံ့ကော်ပွင့်တို့က အစိမ်းရင့်ရောင် အရွက်များကြားတွင် ဟိုတစ်ပွင့် သည်တစ်ပွင့် ။
အထွန်းမခူးရက်လိုက်တာ ၊ ဒါပေမယ့် ကိုမိုးအတွက်ပဲ။
အထွန်းက ကံ့ကော်ပင်ကို ခွင့်တောင်းသလို တစ်ချက်ကြည့်သည်။
ထို့နောက်တွင်တော့ ဝါးလုံးရှည်ရှည်တစ်ချောင်းကို ယူကာ ကံ့ကော်ပင်ကို လှည့်ပတ်ကြည့်တော့သည်။
အလှဆုံးပန်း ၊ အလှဆုံး ကံ့ကော်ကိုမှ ကိုမိုးကို ပေးချင်သည် ။ အကြီးဆုံးနှင့် ရနံ့အသင်းဆုံး အပွင့်ကိုမှ အမြတ်တနိုး ပေးချင်သည် ။
အပင်အောက်တွင် နာရီဝက်ခန့်ပင်ရှိနေသော်လည်း ကံ့ကော်ပွင့်ကို ရွေး၍မပြီးနိုင်သေး ။
ဝါးလုံး၏ အရှည်သည် အထွန်းအရပ် နှစ်ဆပင် ဖြစ်လေတော့ ဝါးလုံး ကို မနိုင်မနင်းသယ်ထားရသော အထွန်း တစ်ယောက် လက်ပင် ညောင်းလာရသည်။
ခက်လိုက်တာ ၊ အထွန်း ရွေးရခက်လိုက်တာ။
ရွေးရင်းရွေးရင်းဖြင့် နောက်ဆုံးတွင်တော့ အမြင့်ဆုံးမှ ကံ့ကော်တစ်ပွင့်ကို လှမ်းမြင်သည်။
အဝေးက ကြည့်ရုံဖြင့်ပင် ဝင့်ကြွားကာ လှနေသော ထိုကံ့ကော်ပွင့်ကို ဝါးလုံးဖြင့် အသာချူချလိုက်တော့ ကံ့ကော်ပန်းနှင့် အခက်က ဝါးလုံးတွင် ပါလာသည်။
ရပြီ ၊ ကိုမိုးကို ပေးလို့ရပြီ။
မြေပေါ်မကျစေရန် ဂရုတစိုက် ယူရင်း အထွန်း သွားများပေါ်သည်အထိ ပြုံးလိုက်သည် ။
ထို့နောက် ကံ့ကော်ပင်ကို မော့ကြည့်ရင်း
"ကျေးဇူးပဲနော်"
အထွန်းက ကံ့ကော်ပင်ကို ပြုံးပြပြီးသည်နှင့် အိမ်ထဲသို့ ပြေးဝင်တော့သည်။
အိမ်ထဲရောက်သည်နှင့် မှန်ရှေ့တွင်ထိုင်ကာ သနပ်ခါးသွေးသည်။ သနပ်ခါးသွေးနေသော အထွန်းသည် ဝတ်သွားမည့် အဝတ်အစားကိုပါ တစ်ဆက်တည်း တွေးပြန်သည် ။
ပါးကွက် နှစ်ဖက်ကို ညီညီညာညာ ကွက်ပြီးသော အခါ ဆံပင်ကို အုန်းဆီလိမ်းကာ ခေါင်းဖြီးသည် ။
ရှပ်အင်္ကျီအဖြူ လက်တို နှင့် ပုဆိုး အစိမ်းရောင်ကို ဝတ်ပြီးသော အခါတွင်တော့ မှန်ကို နောက်တစ်ခေါက်ကြည့်ရင်း မျက်တောင်ရှည်ရှည်လေးများ ကွေးညွတ်သည်အထိ ပြုံးလိုက်သည်။
အထွန်း ကိုမိုးကို သွားတွေ့လို့ရပြီ။
"အမေ အထွန်း ဒီနေ့ နောက်ကျမယ်နော်"
အမေက မီးပူတိုက်ရင်းက ခေါင်းညိတ်ပြရင်း
"အရမ်းမမှောင်စေနဲ့နော် "
"ဟုတ် "
ဖရဲသီးဗန်းကို ခေါင်းပေါ်ရွက်ထားသော အထွန်း ခြေလှမ်းတို့က သွက်လက်ကာ ပေါ့ပါးနေသည် ။
"ဖရဲသီး" ဟူသော အသံကလည်း အရင်ရက်များထက်ပင် ကျယ်ကျယ်လောင်လောင် ။
"ဖရဲသီး"
အထွန်း တစ်ယောက် ခြေလှမ်း သွက်သွက်လှမ်းရင်းက ဗန်းပြုတ်မကျအောင်လည်း ဂရုစိုက်ရသေးသည်။
မတော်လို့ ဗန်းပြုတ်ကျရင် အထွန်း အရင်းပြုတ်ရချည်ရဲ့ ။
ကိုမိုးတို့လမ်းထိပ်ရောက်တော့ အထွန်းက ခြေလှမ်းတို့ကို အရှိန်လျှော့သည် ။ ထို့နောက် ရင်ဘတ်ကို လက်ဖြင့် အသာဖိကာ လေပူတစ်ချက်ကို မှုတ်ထုတ်သည်။
ခေါင်းပေါ်မှ ဗန်းကို လက်တစ်ဖက်ဖြင့် အသာထိန်း ကိုင်ကာ အင်္ကျီ အိတ်ကပ်ထဲတွင် သေချာထည့်လာသော ကံ့ကော်ပွင့်ကို လက်တစ်ဖက်ဖြင့် ထုတ်ကြည့်ရင်း နှစ်နှစ်ခြိုက်ခြိုက်ပင် ပြုံးပြန်သည်။
ကိုမိုးအတွက် အထွန်းရဲ့ လက်ဆောင်လေး ။ ကိုမိုး သဘောကျမှာပါ ။
ကိုမိုးတို့ အိမ်ရှေ့ရောက်တော့ အထွန်း ပြတင်းပေါက်သို့ အသာချောင်းကြည့်လိုက်သည် ။
ပြတင်းပေါက်တံခါးက ဖွင့်ထားသော်လည်း လူကို မတွေ့ရ ။
ဖရဲသီး ဟု အသံကျယ်ကျယ်ဖြင့် ထပ်အော်လိုက်တော့မှ ခြံထဲမှ ထွက်လာသော လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။
"အထွန်း "
"ကိုမိုး ပြန်ရောက်နေပြီလား"
မသိသလို မေးလိုက်တော့ ကိုမိုးက ခေါင်းညိတ်ပြသည်။
"ဖရဲသီး နှစ်စိတ် ယူမယ်နော်"
"ဟုတ်"
အထွန်း ဖရဲသီးနှစ်စိတ်ကို အိတ်ထဲထည့်တော့ ကိုမိုးက ငါးရာတန် တစ်ရွက်နှင့် တစ်ရာတန် တစ်ရွက်ကို ပေးလာသည်။
ထို့နောက် အိမ်ထဲသို့ အသာလှည့်ကြည့်ရင်း
"အထွန်း ညနေ ဘောလုံးကွင်းထဲ လာခဲ့နော် ကြားလား "
အသံတိုးတိုးဖြင့် ကပ်ပြောလာတော့ အထွန်းခေါင်းညိတ်လိုက်မိသည်။
"ဟုတ် ပွဲကြည့်စင် ကိုပဲလား"
"အင်း ဟုတ်တယ် ၊ အထွန်းကို ပေးစရာရှိတယ်"
အထွန်း ပုတ်သင်ညိုခေါင်းလို တဆတ်ဆတ် ညိတ်လိုက်သည်။
ကိုမိုးက အထွန်းကို ပေးစရာ ရှိတယ်တဲ့ ၊ အထွန်းလည်း ကိုမိုးကို ပေးစရာရှိတယ် သိလား ။
********
အထွန်း ဘောလုံးကွင်းကိုရောက်တော့ နေပင် စောင်းနေလေပြီ။ ပွဲကြည့်စင် ပေါ်သို့ မော့ကြည့်လိုက်တော့ ကိုမိုးကို မတွေ့ရ ။
မရောက်သေးဘူးထင်ပါရဲ့ ။
သစ်သားဖြင့်ဆောက်ထားသောစင် သည် အနည်းငယ်ပင် အိုဟောင်း နေသည်။
အထွန်းက လှေကားကို တစ်ထစ်ချင်းနင်းကာ စင်ပေါ်သို့ တက်သည်။ တစ်လှမ်း တက်လိုက်တိုင်း လှေကား ခြေနင်းဆီမှ အသံက ကျွီခနဲ ။
ဖြည်းဖြည်းချင်း တက်လာပြီး စင်ပေါ် ရောက်သော အခါ အထွန်းက ဗလာဖြစ်နေသော ဖရဲသီးဗန်းကို ခေါင်းပေါ်မှ ချသည်။ အိတ်ကပ်ထဲမှ ကံ့ကော်ပွင့်ကို ထုတ်ပြီး ပေါင်ပေါ်တင်သည် ။ ထို့နောက် ရောင်းရသမျှ ပိုက်ဆံကို အင်္ကျီ အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။
ပြန်ရောက်ရင် အမေ့ကိုပေးရမယ် ။
အထွန်း ထိုင်နေစဉ် ဟိုဟို သည်သည် ငေးကြည့်မိသာ်။
ပွဲကြည့်စင်ပေါ်မှ ကြည့်လျှင် စိမ်းစိုနေသောတောင်တန်းများကို မြင်ရသည် ။ တောင်ပေါ်ဘုရားကိုလည်း တွေ့ရသည်။
ပြာလွင်နေသော ကောင်းကင်တွင် လွင့်မျောနေသော တိမ် တို့ကလည်း လိုက်ဖက်စွာပင် ရှိနေသည်။
ဒီနေ့ ရာသီဥတုသာယာလိုက်တာ ။
ဘောလုံးကွင်းထဲသို့ စက်ဘီးနင်းရင်း ဝင်လာသည့် ကို မြင်တော့ အထွန်း လက်လှမ်းပြလိုက်သည်။
ခဏအကြာတွင်တော့ ကိုမိုးက အိတ်တစ်အိတ်ကို ကိုင်ကာ ပွဲကြည့်စင်ပေါ်သို့ တက်လာသည်။
"အထွန်း ရောက်နေတာကြာပြီလား"
"မကြာသေးပါဘူး ခုနလေးကမှ ရောက်တာ"
"ရော့ အထွန်းအတွက် ရန်ကုန်ကဝယ်လာတာ"
အထွန်းကို ကမ်းပေးလာသော အိတ်ကို ဖွင့်ကြည့်လိုက်တော့ ဆွယ်တာတစ်ထည်။ လက်ရှည် ဆွယ်တာ ကို အထွန်း သဘောကျစွာဖြင့် ကြည့်နေမိသည်။
အင်္ကျီလေးက ဒီလောက်လှတာ ၊ ဈေးလည်းကြီးမှာပဲ ။ အထွန်း မျှော်လင့်တာက ဒီလို လက်ဆောင် အကြီးကြီးမှ မဟုတ်တာ ။
"ကိုမိုး ဒါဘယ်လောက်တောင်ပေးခဲ့ရလဲဟင်"
အထွန်းက အားနာသလိုမေးမိတော့ ကိုမိုးက ခေါင်းခါသည်။
"အများကြီးမပေးရပါဘူး အထွန်းရဲ့ ၊ ဘာလို့လဲ မကြိုက်လို့လား"
"ဟင့်အင်း မဟုတ်ပါဘူး ၊ ကြိုက်ပါတယ် "
အထွန်း အလျှင်အမြန်ပင် ဖြေလိုက်ရသည် ။ မကြိုက်ဘူးလို့ထင်ပြီး စိတ်မကောင်းဖြစ်သွားရင် ခက်ရချည်ရဲ့ ။
အထွန်းက ဆွယ်တာကို တစ်လှည့် ၊ လက် ကို တစ်လှည့်ကြည့်သည် ။
အထွန်းက ဒီအင်္ကျီနဲ့ လိုက်ပါ့မလား ။ ဒါပေမယ့် ကိုမိုးပေးတာပဲလေ ၊ အထွန်းကြိုက်ပါတယ် ။ လိုက်လည်း ဝတ်မယ် ၊ မလိုက်လည်း ဝတ်မယ် ။
ဟင့်အင်း ဝတ်တောင်မဝတ်ချင်ပါဘူးလေ၊ အထွန်းကို အမှတ်တရ ပေးထားတာ ။ သေတ္တာထဲ ထည့်ပြီး သော့ခတ် သိမ်းထားရမယ် ။
"အထွန်း ဘာတွေ တွေးနေတာလဲ "
"ဟင် မဟုတ်ပါဘူး "
အထွန်းက ပေါင်ပေါ်တင်ထားသော ကံ့ကော်ခက်ကို တယုတယ ယူသည် ။
"ကိုမိုး အတွက်"
"ဟေ"
ကိုမိုးက ကံ့ကော်ကို ယူရင်း အံ့ဩသလို ကြည့်တော့ အထွန်း ရယ်ပြလိုက်မိသည်။
"အထွန်း ခြံထဲက ခူးလာတာပါ ၊ ကိုမိုး ကို ပေးချင်လို့"
ထိုအခါမှ ကိုမိုးက ပြုံးသည်။
"အထွန်းက ကိုမိုးကို ဘာလို့ ပန်းပေးတာလဲ"
အထွန်း ခေါင်းသာခါပြလိုက်သည် ။
"ဒီအတိုင်း ပေးချင်လို့ပါ"
ကိုမိုးက ပန်းကို အင်္ကျီအိတ်ကပ်ထဲ ထည့်တော့ အထွန်း ပြုံးလိုက်မိသည်။
ကိုမိုးသိလား ။ အထွန်းကြားဖူးတာ တစ်ခုရှိတယ် ။ ကံ့ကော်ပန်း ရဲ့ အဓိပ္ပာယ်က မပြောင်းလဲတဲ့ ထာဝရ အချစ် တဲ့ ။
******
အူးဝါး ဒီနေ့ အစောကြီး တင်လိုက်ပါတယ် 😍😍🙈
၂၁.၁..၂၁